အမေ့လက်ဆောင်

>> Sunday, August 10, 2008


မဇနိ ဒီရက်ပိုင်း ဘလော့ဂ်မလည်နိုင် ဖြစ်နေရပါတယ်။ မောင်ငယ်အလည်လာမှာဆိုတော့ သွားကြိုရတာလည်း (၁)ရက် ကုန်တယ်။ ခုလည်း လျှောက်လည်နေတာ ပြန်လာလိုက် ပင်ပန်းပြီး အိပ်သွားလိုက်နဲ့ ပျောက်ချက်သား ကောင်းနေရတယ်။ ဘလော့ဂ်တွေကိုလည်း ရသလောက်တော့ ခိုးလည်လိုက်သေးတယ်။ ဒါပေမယ့် အတော်လည်း ပျော်နေပါတယ်။ မြန်မာပြည်က အမေပေးလိုက်တဲ့ ဟင်းတွေရလို့ ဟင်းမချက်ရပါ။ ကိုယ်စားချင်တာတွေ စားနေရတော့ အမြဲဗိုက်ဆာနေတယ်။ အိမ်မှာလည်း တယောက်ထဲမဟုတ်တော့ ပျော်စရာကောင်းလာတယ်။ တယောက်ထဲဆို ထမင်းတွေ ဘယ်တော့မှ မကုန်ဘူး။ ဗိုက်လဲ မဆာပါဘူး။ အညာသူထဲက အညာသူပိုစစ်နေတော့ ပိုဆိုးတယ်။ အညာဟင်းမပါရင် ထမင်းမစားချင်ဘူး။ အမေလည်း ကျောင်းတက်စဉ်ကတည်းက ပို့လိုက်ရတဲ့ ဟင်းတွေ၊ ကြော်လိုက်ရတာလဲ မနားမနေ။ အခုထိလည်း မနေရဘူး ပို့နေရတုန်း။ မန္တလေးမှာ ကျောင်းတက်တုန်းကလည်း ခြင်းကြီး၊ ခြင်းငယ်အသွယ်သွယ်နဲ့ လာပို့ရရှာတယ်။


ကျောင်းက တနှစ်တခါ အိမ်ပြန်ရတော့လည်း နေရတာမှ (၁၄) ရက်ပါ။ (၁၀) ရက်လောက်နေပြီးရင် အမေ့မှာ ဟင်းကြော်ဖို့ စီစဉ်နေရပြီ။ အရွက်တွေ အခြောက်လှမ်းနေရပြီ။ ပဲပုပ်ပြားတွေဆိုလည်း အများကြီး ကြော်ပေးလိုက်တာပါပဲ။ ကျောင်းရောက်ရင်လည်း သူငယ်ချင်းတွေက များတော့ ခဏနေကုန်သွားရော။ တခါက မှတ်မိတယ် အမေ ကျွန်မကို စိတ်ကောက်ပြီး “ငါ့လည်း အမေမခေါ်နဲ့ ညည်းလည်း သမီးမခေါ်ဘူး“ ဆိုပြီး အိမ်အပြင်ထွက်သွားတယ်။ ကျွန်မလည်း စိတ်ညစ်ပြီး ဘာလုပ်ရမှန်းမသိပါဘူး။ ခဏနေ အမေက အမဲသားတွဲဆွဲပြီး ပြန်ချလာတယ်။ ကျွန်မကို ကြော်ပေးဖို့ သွားဝယ်လာတာ။ ဟဲ ဟဲ အမေက ကြာကြာစိတ်မကောက်ဘူးရယ်။ ကျွန်မကလည်း အမေ့ကို စချင်နေတာ၊ အမေကလည်း သူ့ကို စရင် စိတ်ကောက်တတ်တယ်။ အမဲသားတွေ ဝယ်လာပြီး ဆားဆနွင်း၊ ကြက်သွန်ဖြူနယ်ပြီး ပြုတ်တယ်။ အသားနူးလာရင် အဖေက ပါးပါးလေးတွေ လှီးပေးတယ်။ စိတ်ရှည်လက်ရှည်လှီးပြီး ပြန်ကြော်ပေးတဲ့ အမဲကြော်က စားလို့ သိပ်အရသာရှိပါတယ်။ အခုလည်း အမေကြော်ပေးလိုက်တဲ့ အမဲသားပါးပါးကြော်တွေ တစ်ပုလင်းပါလာလို့ ပျော်လိုက်တဲ့ဖြစ်ခြင်း။ ကျွန်မငယ်ငယ်က အစ်ကိုဝမ်းကွဲတွေ အိမ်မှာ တက္ကသိုလ်လာတက်တော့ အမေက အမဲသားကြော်မပြတ်ကြော်ကျွေးတယ်တဲ့။ အခု သူတို့တွေ အသက်ကြီးလည်း အိမ်လာရင် အမေ့ကို အမဲသားကြော်ခိုင်းတတ်တယ်။ အသဲစွဲပေါ့နော်။


ဂျပန်က အမဲသားတွေ စားရတာ အရသာမကြိုက်လို့ အိမ်က အမဲသားအခြောက် (၄) ပိသာ ပို့လိုက်သေးတယ်။ အခု စည်းစိမ်ယစ်နေတာ။


“ခါးတက်ချဉ်နဲ့ မန်းကျည်းချဉ်တော့ ပါအောင်သယ်ပေးနော်“ လို့ မှာထားတော့ နည်းနည်းဆီ ထည့်ပေးလိုက်တယ်။ မန်ကျည်းရွက်ကလည်း ပေါ်ချိန်မဟုတ်တော့ အိမ်ကအပင်ပေါ် မောင်လေးကို စိတ်ရှည်လက်ရှည်ခူးခိုင်းရသေးဆိုပဲ။ ခါးတက်ချဉ်က ငံပြာရည်ဖျော်လေးနဲ့ တို့စားလိုက်တာ အခုတော့ နည်းနည်းကျန်တော့တယ်။ မန်ကျည်းရွက်ချဉ်ကို ကြက်သွန်ဖြူလေးနဲ့ သုပ်လိုက်တော့ ပဲဟင်းလေးချက်၊ ငါးရံ့ခြောက်လေးကြော်နဲ့ ထမင်းတနပ်မြိန်သွာပြန်ရော။ မောင်ငယ်လေးက အဲဒီအိမ်ကပါတဲ့ဟင်းတွေ စားချင်နေတာ သူ့ကို မကျွေးဘူး။ “မင်းက ဒီမှာပေါတဲ့အစားတွေ စားရမယ်“ လို့ ပြောထားရတယ်။ ကျွန်မက ခါးတက်ချဉ်တို့စားနေချိန်မှာ သူ့အတွက် မုန်လာဥနီတွေ လှီးပေးထားလိုက်တယ်။ ဟဲ ဟဲ။ ကျွန်မက “ကြူကြူဝါးလား“ စားကလေးပဲခွေစားနေချိန်မှာ သူ့ကို ချောကလက်ကိုက်ခိုင်းထားရတယ်။ သူလည်း ကျေနပ်လို့ပါ။ မတရားမလုပ်ပါဘူး။




အရွက်စိမ်း ချဉ်ပေါင်၊ ငရုပ်သီးစိမ်းနဲ့ ဒညင်းသီးလည်း နဲနဲသယ်လာခိုင်းလို့ ပါလာတယ်။





ငါးရံ့ခြောက်ဖုတ်ဆီဆမ်းလေးကလည်း စားချင်စရာပါနော်။


ငါးသလဲထိုးလို့ခေါ်တဲ့ ငါးခြောက်သေးသေးလေးတွေကို ခေါင်းဖြုတ်ပြီး ရေစင်အောင်ဆေး နေလှမ်းပေးတာက အဖေပါ။ အဖေက စိတ်ရှည်လက်ရှည် ငါးခြောက်သေးသေးလေးတွေကို ကြော်လည်း ပေးလိုက်သေးတယ်။


မန်းကျည်းသီးစိမ်းထောင်းပြီး ပုဇွန်ကွေးနဲ့ကြော်ပေးလိုက်တာကလည်း စားလို့အကောင်းသား။ နောက်တမျိုးက အိမ်အပင်ကရတဲ့ ကင်မွန်းရွက်ကြော်။ ဒါလည်း ကျွန်မစားချင်ပါတယ်ဆိုလို့ အမေကြော်ထည့်ပေးလိုက်တာပါ။




ဒါကတော့ ချဉ်ပေါင်ရွက်နဲ့မျှစ် ရောကြော်ထားတာပါ။


မျှစ်နုနုလေးတွေကို အခြောက်လှမ်းပေးလိုက်တယ်


ငါးခြောက်ပြားတွေလည်း သပ်သပ်ထည့်ပေးလိုက်ပါတယ်။


မန္တလေးဒေါ်မြရင်ကြိုက်တတ်လို့ မှာလိုက်မိသေး။ နောက်မစားရ မနေနိုင်တာက ငါးမုန့်ကြော်။ ဒါကြောင့် ငါးမုန့် ၁၀ ထုပ်သယ်လာပေးတယ်နော်။ “ကြူကြူဝါးလား“ က မြင်းခြံကနေ ကိုဇနိအမေမှာပေးလိုက်တာ။ အထုပ်ကြီး (၃) ထုပ်။


ဒါတွေဒါတွေရောက်နေတော့ မဇနိ စည်းစိမ်ယစ်ပြီး ဘလော့ဂ်မလည်နိုင်တာလို့ မထင်လိုက်ပါနဲ့။ မောင်ကလေးတယောက်နဲ့ ကျောင်းနဲ့ လုံးလည်ချပ်ပြားလိုက်နေလို့ မဘလော့ဂ်နိုင်တာပါ။

နှစ်ပေါင်းများစွာ မမောနိုင်၊ မပမ်းနိုင် လက်ဆောင်တွေ ပို့ပေးနေတဲ့ အမေအတွက် မောင်လေးပြန်ရင် ကျွန်မကရော ဘာလက်ဆောင်ပို့ပေးရပါ့။ “အမေ့အတွက် ဘာတွေဝယ်ပေးရမလဲ“ စဉ်းစားရင် ကျွန်မကတော့ ရင်မောတတ်နေပြီထင်တယ်။ အမေကို “ဘာလိုချင်သလဲ“ မေးရင် “သမီးနေကောင်းရင် အမေစိတ်ချမ်းသာတယ်“ လို့ အမြဲပြောပါတယ်။ အခုမောင်လေးရောက်နေတော့ ဖုန်းဆက်ရင် “သားပျော်သလား“ လို့ အမေက မေးပါတယ်။ “အမေက သမီးနေကောင်းလာလည်း မမေးတော့ဘူး“ လို့ ကျွန်မဂျီကျတာ။ “မောင်လေးက အငယ်မလို့ပါ သမီးနေကောင်းအောင် အမေအမြဲဆုတောင်းပါတယ်“ လို့ အမေပြန်ပြောရင် ကျွန်မမျက်ရည်ဝဲမိပါတယ်။ အမေက သမီးတယောက်မွေးထားရပြီး ဘယ်တော့မှ အတူမနေရလို့ သူအမြဲစိတ်မကောင်းတာလည်း ကျွန်မသိနေတယ်။ အမေ့ကို ခွဲခဲ့ရတဲ့နှစ်တွေလည်း မနည်းတော့ဘူးလေ။ ကျွန်မထားခဲ့တဲ့ ကျောင်းတက်တုန်းက အဝတ်အစားတွေ၊ အသုံးအဆောင်တွေကို ဘယ်သူ့မှလည်း အကိုင်မခံဘဲ သော့ခတ်ထားပြီး သူ့သမီးပြန်လာမည့်အချိန်ကို အမေမျှော်နေတယ်လို့ မောင်ကလေးကပြောလို့ ဒီပို့စ်လေးနဲ့အတူ အမေ့ကို လွမ်းမိပါတယ် အမေရယ်။

မဇနိ

11 comments:

မောင်ဖြူ August 10, 2008 at 4:40 PM  

အား မဇနိကတော့
စည်းစိမ်ယစ်နေတယ်ပေါ့လေ။ အားကျပဗျာ။ ကျွန်တော်တို့လဲ မကြာခင်ပြန်ပြီးစားရတော့မှာပါဗျ။ :D

မြရွက်ဝေ August 11, 2008 at 6:29 AM  

ဧည့်သည်လာလုပ်ပြီး လုစားလိုက်မှာနော်။ :D အမျိုးသားက ညက အဲဒါတွေကြည့်ပြီး စားချင်လိုက်တာ ဖြစ်နေတယ်။ ချဉ်ပေါင်ရွက်တွေ ဓညင်းသီးတွေပါ သယ်လာတယ်။ စံဘဲ။

စကားမစပ် မနိက အညာက ဆိုလို့ မနှစ် ဧပြီက ဒီကိုလာတာလား။ လေယာဉ်အတူစီးခဲ့တဲ့ အမများဖြစ်နေလားလို့ပါ။ အဲဒီအမက အညာသူလို့ ထင်တယ်။ သူငယ်ချင်းနှစ်ယောက်အတူလာတာ၊ အသားညိုညိုနဲ့အမက ဖျားနေတယ်လေ။ လူမှားသွားရင် ချောတီးနော်။

တားမြစ် ထားသော... August 11, 2008 at 9:04 AM  

ပို့စ်လေးကို ဖတ်ရတာ အမေ့ကို လွမ်းသွားတယ်။
ဒါပေမဲ့ စဉ်းစားမိတာလည်း ရှိတယ်။ မဇနိနဲ့ ဟင်းလဲစားရင် ကောင်းမလားလို့လေ။ ကျွန်တော်ကတော့ အဲဒါတွေပဲစားနေရလို့ စိတ်ကိုညစ်ရောပဲ။ ချောကလက်လေး ကိုက်နေရရင်တော့ ကောင်းသား... :P
************
အမေချစ်ရတဲ့ သမီး၊ အမေကိုချစ်တဲ့ သမီး ဘဝမှာ ပျော်ရွှင်အောင်မြင်ပါစေဗျာ။

မောင်မျိုး August 11, 2008 at 9:30 AM  

စားစရာတွေမြင်ရလို့ သွားရည်ကျတယ် အမဲကြော်ဆို အရမ်းကြိုက် ကျနော့် အမေ့လည်းကြော်ကျွေးတယ် ဒါပေမယ့် အငယ်ဆုံးဆိုတော့ အမေက အချစ်လွန်ပြီးချိုချိုတွေ အချိန်လွန်တဲ့ထိ တိုက်တော့ သွားပိုးတွေကစား အမဲကြော်လေးများစားမိလို့  သွားကြားညှပ်သွားရင် ခံလိုက်ရတာပြောမနေနဲ့ တော့း) ..........
နောက်ဆုံးစာပိုဒ်လေးဖတ်ပြီးပြန်တော့ စိတ်မကောင်းဘူး အစ်မရေ့ တစ်နေ့တော့ အမေ့သေတ္တာထဲက အ၀တ်စားတွေကို သားမိ ၂ယောက်တူတူပြန်ခေါက်နိုင်ပါစေဗျာ ။

tmn August 11, 2008 at 10:12 AM  

မဇနိအမေပေးလိုက်တဲ့ လက်ဆောင်တွေက အများကြီးပလား....ကိုဇနိလဲ မျှလိုက်ဦး....ကိုဇနိက ကြက်ဥကြော်စားနေတယ်ဆိုပဲ...:P

nu-san August 11, 2008 at 4:54 PM  

မဇနိရေ.. ပို့စ်အစတုန်းကတော့ အစားအစာတွေငေးရင်း သွားရည်လည်းကျရင်းကနေ ပို့စ်လည်းဆုံးရော ငိုချင်လာတယ်.. အစားအစာတွေနဲ့ ပျော်နေမယ့် မဇနိကိုလည်း ကိုယ်ချင်းစာတယ်.. ဒီနေရာမှာနေရတာ ကောင်းပါတယ်.. ဒါပေမယ့် အစားအသောက်နဲ့ ပတ်သက်လို့ကတော့ အတော်လေး ဒုက္ခရောက်တယ်... တခါတလေများဆို ဟိုဟာစားချင်ရတာနဲ့ ဒါစားချင်ရတာနဲ့.. အခုတော့ မဇနိ ဓာတ်ပုံထဲက ဟင်းတွေပဲ သွားရည်ကျပြီး ပြန်တော့မယ်နော်.. :(

khin oo may August 11, 2008 at 7:10 PM  

မြင်သာမြင်ရ. မကြင်ရ. ဂလု ဂလု.

Republic August 12, 2008 at 4:43 AM  

မဇနိကြီး ..ဗိုက်ဆာတယ် ..ဗိုက်ဆာတယ် ၊၊
ရိက္ခာတွေ နောက်တန်းက အများကြီးရထားတယ်ပေါ့လေ ၊၊ ပျော်ရွှင်ပါစေနော်၊၊

လင်း August 12, 2008 at 12:19 PM  

အားပါးပါး နည်းတာမဟုတ်ပါလား။ အားကျစရာ စားချင်လိုက်တာ

သက်ဝေ August 14, 2008 at 4:11 PM  

စားစရာတွေကို သွားရည်ကျလိုက် စာဖတ်လိုက် မဇနိကို နာမလိုဖြစ်လိုက်နဲ့  ဟုတ်နေတာ.. အဆုံးသတ်ကျမှ သမီးပြန်အလာကို မျှော်နေတဲ့ အမေကို မြင်ယောင်မိတော့...။
အင်း... ဟုတ်ပါတယ်... အမေတွေ အဖေတွေက.. အားလုံးတူတူဘဲနော်..။

တာတူး August 15, 2008 at 9:55 PM  

မဇနိရေ ကျနော်လည်း အစားအသောက်တွေ ငေးရင်း ရွာက ကျနော့် အမေကို သတိရသွားတယ် ။ အားလုံး အဆင်ပြေ ပျော်ရွှင်ကြပါစေခင်ဗျာ ။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP