တမူထူးကာရယ် ပျော်မြူးကြလေတယ်

>> Saturday, August 9, 2008


နိပွန်ပြည်ရဲ့ နွေရာသီကိုရောက်လာပြီ။ ကျောင်းတွေမှာ semester တခုကို နှုတ်ဆက်ဖို့ ခြေလှမ်းပြင်နေကြတယ်ဆိုပါတော့။ ပူပြင်းလှသည့် နွေရာသီကို ကျွန်မက သိပ်စိတ်မဝင်စားမိပါ။ စိတ်မဝင်စားချင်ယောင်ဆောင်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်ချိန် presentation ရှိမလဲ ရင်တမမဖြစ်နေရလို့ မပျော်နိုင်ဘူး။ အခုထိတော့ ဘာမှအကြောင်းမကြားသေး။ နဲနဲသက်သာသလိုရှိနေပါတယ်။ ဂျပန်မလေးတွေကတော့ အတို၊ အပြတ်အကုန်ဝတ်နေကြပြီဆိုတော့ တချို့ယောက်ျားလေးတွေက ဒီလိုအချိန်ကို သဘောကျတယ်လို့ သူငယ်ချင်းများ ပြောဖူးကြတယ်။ ကျောင်းပိတ်ရင် အပန်းဖြေခရီးသွားဖို့ အစီအစဉ်တွေဆွဲနေကြပြီ။ အများအားဖြင့်က တခြားနိုင်ငံကို အလည်သွားကြတယ်။ ကျောင်းမှာလဲ ဆရာတချို့ရဲ့အခန်းရှေ့ ကော်ရစ်ဒါမီးတွေတောင် မလင်းတော့ပါဘူး။ ခရီးသွားကုန်ကြပြီ။


ဒီနေ့တော့ ကျွန်မတို့ lab ခန်းက နွေရာသီရောက်ရင် အမြဲစီစဉ်လေ့ရှိတဲ့ ပါတီတခုလုပ်ကြပြန်ပါတယ်။ ပြီးခဲ့တဲ့နှစ်နွေရာသီမှာတော့ ဆရာ့အိမ်မှာ ပါတီလုပ်ဖြစ်တယ်။ ဒီနှစ်လည်း ထုံးစံအတိုင်း သိပ်ချစ်စရာကောင်းတဲ့ ကျောင်းသားတို့ပါပါ ဆရာကြီးအကြိုက် yokohama မှာရှိတဲ့ beach ကို ပျော်ပွဲစားထွက်ကြတယ်ပေါ့။ မနေ့က မိုးရွာထားတော့ ဒီနေ့ မိုးများရွာမလား စိုးရိမ်ပြီး သတ်မှတ်တဲ့အချိန်ထက် စောသွားကြဖို့ ညကမှ အီးမေးလ်ရတယ်။ စောသွားမယ်ဆိုတော့ စောစောအိပ်ယာထရတာပေါ့နော်။ မနက် (၇)နာရီမှာ yokohama station ကို အားလုံးရောက်နေကြပြီ။ နာရီဝက်လောက်ရထားစီးလိုက်ရင် tsujido ကိုရောက်၊ ဘတ်(စ်) ကားလေး ၅ မီနစ်စီးတာနဲ့ ကမ်းခြေကိုရောက်တယ်။ နွေနေပူမှာ ရွက်ဖျင်တဲ့တွေ ကြိုစီစဉ်ခိုင်းထားတော့ အရိပ်ခိုစရာနေရာလေးတွေနဲ့ တော်သေးတာပေါ့။ အဲရွက်ဖျင်တဲ့ပြာပြာတွေအောက်အဝင်မှာ “ဒီရွက်ဖျင်တဲလေးတွေ ငါတို့ဆီက နာဂစ်ဖြစ်တဲ့နေရာတွေဆို သိပ်အသုံးဝင်မယ်“ လို့ စိတ်က ဖြတ်ကနဲ သတိရ၊ စိတ်မကောင်းဖြစ်လိုက်မိသေးတယ်။

အရိပ်မှာ ခဏနားကြပြီး ပင်လယ်ကမ်းစပ်ကို ဆင်းကြတော့ နေပူကြောက်လို့ တော်တော်နဲ့ မသွားမိပါဘူး။ သူတို့ရဲ့ ဖြူဖွေးလှတဲ့ အသားတွေက နေရောင်ခြည်ကို ဖိတ်ခေါ်ချင်တာ မထူးဆန်းပေမယ့် ကျွန်မလို အညာသူအတွက်တော့ မကြာခင် ကြေးနီရောင်ကို ရင်ဆိုင်ရတော့မယ်။ နောက်တော့လည်း သူငယ်ချင်းတွေ ဆွဲခေါ်လို့ အလိုလိုရောက်သွားတယ်။ ပူလိုက်တဲ့နေ၊ တိုက်လိုက်တဲ့လေပူ။ ပါလာတဲ့ဖိနပ်တွေကို ဒီလိုဖိနပ်လေးတွေ လဲလှယ်လိုက်တော့ ခြေသလုံးဖြူဖြူတွေက တမျိုးကြည့်ကောင်းနေတာနဲ့ ဓါတ်ပုံရိုက်မိတယ်။ စီးလာတဲ့ ဒေါက်ဖိနပ်တွေကို ဒီဓါတ်ပုံထဲက ဖိနပ်လေးတွေနဲ့ လဲစီးလိုက်ကြတော့ ကိုယ့်မှာ ဘာဖိနပ်အပိုမှ မပါလာဘူး။ နောက်တခါဆိုရင် ကျွန်မလည်း အပိုသယ်သွားရမယ်လို့ စိတ်ကူးထားလိုက်တယ်။ ဖိနပ်မပါရင်လည်း နေပူ၊ သဲပူမှာ ဘယ်လိုမှ သွားမရဘူး။ ခဏသွားကြည့်တာ ခြေထောက်တွေ ကျက်သွားလား အောက်မေ့ရလို့ ပြေးလိုက်ရတာ။

ခဏနေတော့ သူငယ်ချင်းက ကင်မရာကို ဆွဲလုတယ်။ “ဘာလဲ“ မေးမိတော့မှ ညာသံပေးဆွဲတင်နေတဲ့ ကြိုးကြီးတွေ၊ ရေလုပ်သားတွေကို သတိထားမိတယ်။ ကျွန်မတို့တွေ ဒီနေ့လာမယ်ဆိုတာ ရေလုပ်သားတွေဆီ အရင်တပတ်က ကြိုတင်ပြောထားရတယ်တဲ့။ ဒါမှ သူတို့တွေ ညကတည်းက ပိုက်ချထားနိုင်မယ်။ နားစရာတဲလေးတွေ ပြင်ဆင်ပေးနိုင်မယ်။ ညကချထားတဲ့ ငါးပိုက်တွေကို စက်သီးနဲ့ ဆွဲတင်တော့ အားလုံးညာသံပေးပြီး ဝိုင်းကူကြတယ်။ ကျွန်မဆရာက “သွားဆွဲကူပြီး ဓါတ်ပုံရိုက်ပါ“ ဆိုလို့ ကိုယ်ပါ အကုသိုလ် ဝင်ယူခဲ့ရတယ်။

ဒါကတော့ ဆင်းရဲလှတဲ့ ရေလုပ်သားတွေပုံပါ။

ချမ်းသာလှတဲ့ ဂျပန်လူမျိုးတွေကြားမှာ ဒီလို ပင်ပန်းဆင်းရဲပြီး ကြေးနီရောင်ပေါက်နေတဲ့ ရေလုပ်သားတွေလဲ ရှိနေပါသေးတယ်။

တဖြည်းဖြည်းနဲ့ ဖျတ်ဖျတ်လူးနေတဲ့ ငါးတွေ ကုန်းပေါ်ရောက်လာတယ်။ လက်ခုပ်သံဆူညံစွာ စားရတော့မယ်ဆိုပြီး ပျော်ပါးမိတယ်။


ငါးတွေကို ငြိမ်သွားအောင် ခဏစောင့်ပြီး ရေဇလားတွေ အဆင့်ဆင့်နဲ့ ဆေးကြောလိုက်တော့ သန့်သွားတာပေါ့နော။ ရေလုပ်သားတွေခမျာ ချွေးပြိုက်ပြိုက်ကျနေရှာတာ မြင်ရတော့ စိတ်မကောင်းမိဘူး။
ငါးတွေကြားထဲမှာ ဂျယ်လီငါးလည်း ပါလာတယ်။ သူ့ကိုတော့ ဒုတ်နဲ့ ဇိမ်ပြေနပြေ ဝိုင်းထိုးကြတာ အူးယားပါဘိ။



ဒီလိုနဲ့ပဲ တဲဆီပြန်လာ ခဏနေတော့ မွှေးပျံ့လှတဲ့ ငါးကြော်ပန်းကန်တွေ စားရပြီ။ အားလူး၊ ကြက်သွန်၊ ကြက်သွန်မြိတ်၊ ငါးသေးသေးလေးတွေ အပေါင်းကြော်အစုံကို စားရတာ နွေနေပူမှာ အရသာတော့ အရှိသား။ ထမင်းလိတ်နဲ့ အပေါင်းကြော်ကို စားရတာ ဆာလောင်နေလို့လားမသိဘူး စားလို့ သိပ်ကောင်းပါတယ်။ တယောက်ကို ထမင်းလိတ် (၂) လိတ် ဝေစုရပေမယ့် ကျွန်မက ဆရာ့နားကပ်ပြီး အပိုထပ်ရခဲ့သေးတယ်။ ဒါမှ ဆာနေတဲ့ ဗိုက်က နေသာထိုင်သာရှိသွားတော့မပေါ့။ ရေလုပ်သားမိသားစုတွေက အကြော်ဗန်းတွေ လာပို့ပေးတယ်။ ငါးအစိမ်းတွေလည်း လာပို့ပေးတော့ ဂျပန်တွေက သိပ်ကြိုက်ကြတယ်တဲ့။ ကျွန်မတော့ မစားနိုင်လို့ မစားခဲ့ရပါဘူး။



ငါးသေးသေးလေးတွေကို ဆားနဲ့နယ်ပြီး နေပူလှမ်းထားတယ်။ မခြောက်တခြောက်ကို ဒီတိုင်းစားကြတယ်။ အပြင်မှာ ဝယ်ရင် ဈေးကြီးတယ်ပြောပါတယ်။ စားကြည့်လိုက်တဲ့အခါ မညှီဘဲ စားလို့ကောင်းပါတယ်။


ဆရာက ပစ္စည်းအစုံ အိမ်က သယ်လာပေးပြီး ငါးတွေကိုလည်း ရေဆေး၊ လှီးတယ်။ ပါပါကြီးက ဂတ်(စ်) မီးဖို၊ ဓါး၊ ထိုင်ခုံ အစုံစုံ ကားတစီးနဲ့ သယ်ချလာတယ်။ သူသယ်လာတဲ့မီးဖိုနဲ့ သူ့ဟာသူ ငါးတွေလှီးပြီး ကျောင်းသားတွေကို ချက်ကျွေးတယ်။ သိပ်ချစ်စရာကောင်းတဲ့ ဆရာနော်။ အဆင်သင့် မီးကင်ဖို့ သူတယောက်ပဲ ထိုင်လှီးနေတယ်။
ဆရာလှီးပေးတာတွေကို ဒီလိုလေးတွေ မီးကင်စားကြတယ်။
ဆရာက ဟင်းချက်လဲ သိပ်ကောင်းဆိုပဲ။ သူချက်ကျွေးတဲ့ ငါးချက်ကို စားလိုက်ရတော့ အံ့သြလောက်အောင် လက်ရာကောင်းလှတယ်။ မဇနိငါးမကြိုက်တာတောင် မောင်ကြံတတို့ ဖြစ်ခဲ့ရတယ်။
“သိပ်အရသာရှိတာ စားကြည့်ပါ“လို့ ဆရာက ပြောတော့ စားရတယ်ပေါ့။ မဇနိငါးမကြိုက်တာ ဆရာသိတယ်။ ဒါပေမယ့် သူကအဲလိုပဲ အရာရာကို ကြိုးစားကြည့်ဖို့ ခိုင်းတတ်တယ်။ သူသယ်လာတဲ့ ဂတ်(စ်) မီးဖိုလေးမှာ သူ့ပြင်ဆင်ချက်ပြုတ်နေတယ်။ သူ့ဇနီး သူ့ကိုကူညီနေတော့ “လူမျိုးတွေ ကွဲပြားပေမယ့် အိမ်ထောင်ဖက်ဆိုတာ ပါရမီဖြည့်ဖက်ပဲ“ လို့ တွေးပြီး ပြုံးမိသေးတယ်။



ပါလာတဲ့ ဖရဲသီးတွေကို ပျော်စရာဖြစ်အောင် ကစားရင်း ခွဲကြတာပေါ့။ မျက်နှာကို တယောက်က ပဝါနဲ့ စီးပေးပြီး ဖရဲသီးကို ထုရတယ်။ ထိသွားရင် လက်ခုပ်တွေတီး ပြီးရင် လုစားကြနဲ့ ပျော်စရာကောင်းလှပါတယ်။




စားသောက်ပြီးကြရင် ရေဆော့ကြပြီ။ ယောက်ျားလေးတွေက ရေမစိုသေးတဲ့ သူငယ်ချင်းမတွေကို ရေထဲဝိုင်းမ၊ ပစ်ချကြတာပေါ့။ လွတ်လပ်ပွင့်လင်းတော့ ပျော်စရာကောင်းတယ်။


ကျွန်မစိတ်ထဲမှာတော့ ဖျတ်ဖျတ်လူးနေတဲ့ ငါးတွေကိုပဲ မြင်ယောင်နေတယ်။ ကြံဖန်ပျော်စရာတွေ ဖန်တီးကြတာကို ကြုံတွေ့ပြီး နောက်ဆုံးတော့ တံတားပေါ်က လှပတဲ့ ရှုခင်းလေးနဲ့ ကမ်းခြေကို နှုတ်ဆက်ခဲ့တယ်။

ကြေးနီရောင်ပြောင်းလာတဲ့ အသားကိုတော့ သနပ်ခါးထူထူလိမ်းပြီး ကုစားရမယ်လို့လဲ တဆက်တည်း အတွေးကပ်ပါလာခဲ့တော့တယ်။

မဇနိ

12 comments:

tmn August 9, 2008 at 2:58 PM  

မဇနိပျော်တာတွေ ကူးစက်သွားတယ်ဗျို့... အခုလို ဝေမျှပေးတာ ကျေးဇူးပဲ... နောက်ထပ်လဲ အပန်းဖြေထွက်ဦးနော်...ဒါမှ ပို့စ်မှာ ဖတ်ရမှာ...ဓာတ်ပုံလေးတွေလဲ ကြည့်ရတာပေါ့...အဟီး

မြရွက်ဝေ August 9, 2008 at 4:36 PM  

မနိရော ရေထဲ ပစ်ချခံရသေးလား။ :P
ပျော်စရာကောင်းတယ်နော်။
ကိုယ့်ရှေ့မှာ သတ်ထားတဲ့ငါးတော့ စားရတာ စိတ်ထဲ တမျိုးကြီးနေမှာ။
မနိတို့ သွားတဲ့အချိန် လူတွေ အရမ်းမများသေးတာထင်တယ်နော်။
TVမှာကြည့်လိုက်ရတုန်းက ကမ်းခြေမှာ လူတွေပြွတ်နေတာဘဲ။
ဘယ်ကမ်းခြေလဲတော့ သိလိုက်ဘူး။

တားမြစ် ထားသော... August 9, 2008 at 5:59 PM  

ပျော်စရာ အတွေ့အကြုံလေးကို ဝေမျှတော့ စိတ်မှာ လန်းဆန်းရပါတယ်။
အင်း.. အားကျမိပါဘိတော့....

Republic August 9, 2008 at 6:24 PM  

မမနိ တို့ sem break ဆိုတော့ ပျော်နေပီပေါ့လေ ၊၊ မမနိ ကို ပုံထဲမှာတွေ့လိုက်တယ်ဂျ ၊၊ ဖရဲသီးကို အ၀တ်စည်းပြီး တုတ်နဲ့ ရိုက်မလို့ပေါ့လေ ၊၊ ဟီး ..
စတာနော် ၊၊ မဟုတ်မှန်းသိပါတယ်၊၊ ပျော်ရွင်ပါစေ ဗျာ ၊၊

- August 9, 2008 at 6:34 PM  

ရပ်ဝေးမြေခြားအတွေ့အကြုံတွေ သိခွင့်၊ ဖတ်ခွင့်၊ မြင်ခွင့် ရတဲ့ အတွက် ကျေးဇူးပါအစ်မ၊ နောက်လည်း မျှဝေ နိုင်ပါစေ...
လေးစားလျက်
ဝင်းဇော်

khin oo may August 9, 2008 at 7:07 PM  

good

Taungoo August 9, 2008 at 8:10 PM  

အမဇနိကဗျာ
ခြေသလုံးတွေ ဓါတ်ပုံရိုက်ထားတာ လှလှပပလေးတွေလဲပါဘူး။ တုတ်တုတ်ကြီးတွေ။
အကြော်လေးတွေကတော့ အချဉ်ရည်ကောင်းကောင်းနဲ့တို့စားရင် အတော်မြိန်မှာသေချာတယ်။

မေတ္တာဖြင့်

Yu Wa Yi August 9, 2008 at 8:38 PM  

အဟီး ဒို့ ပြောချင်တဲ့ကော်မန့် ကို အပေါ်ကတစ်ယောက်ပြောသွားပြီ။ ဂျပန်မလေး
တွေက အဆီမရှိတဲ့ သေးသေးလေးတွေလို့ ပဲကြားဖူးလို့ ပါ။ ဒါကတော့ တကယ့်
ကျောင်းသူကျောင်းသားစတိုင်လ်နေမှာပေါ့နော်။ အခုလိုကြည်နူးပျော်ရွှင်စရာလေ့
လာမှုလေးတွေက ကျောင်းသားအဖြစ်နဲ့ သွားရတုန်းရတာ ညီမလေးရေ။ အလုပ်
နဲ့ နေခဲ့ရတဲ့လူတွေဆိုဒီလိုပျော်နိုင်ဖို့ အခွင့်နည်းသွားပြီ။ လူအများနဲ့ သွားရတဲ့ခရီး
မျိုးလေ။

pandora August 10, 2008 at 11:54 AM  

ပျော်စရာကြီး မဇနိရယ် ဖတ်သူကိုပါ ဓာတ်ကူးသွားစေပါတယ်။

ဇနိ August 10, 2008 at 2:12 PM  

ကို tmn အတွက် ဓါတ်ပုံတွေ တင်နိုင်အောင် ကြိုးစားမယ်နော် :P
ညီမမြရွက်ဝေရေ ကမ်းခြေမှာ လူတွေက များတယ် မဇနိတို့က ခပ်ဝေးဝေးမှာ ရောက်နေလို့။ ရေထဲတော့ ပစ်ချခံရဘူး ပြေးနေတာ။
တားမြစ်ထားသော က အားကျတယ်ဆို လာခဲ့လေ ရေထဲပစ်ချမယ်။
မဇနိက ကြေးနီရောင်ပေါက်နေတာ ကိုကြီး ၀ီ ရ။ ဓါတ်ပုံထဲမှာ မပါဘူး။
နောင်လဲ မျှဝေနိုင်အောင် ကြိုးစားပါ့မယ် ကိုဝင်းဇော်ရေ။
မမ ကေအိုအမ် လာလည်တာ ကျေးဇူး။
ကိုတောင်ငူရေ မဇနိ မလှတာ ရှာရိုက်လာတာ မဟုတ်ပါဘူး။ ဒါ ဂျပန်မတွေရဲ့ တကယ့်ခြေသလုံးပါ။
မမယုဝရီ သူတို့တွေက ဗိုက်မှာတော့ အဆီမရှိကြဘူးထင်တာပဲ။ ခြေထောက်တွေကတော့ မသေးဘူးဗျ။ လမ်းလျှောက်ရလို့ထင်တယ် ခြေသလုံးတုတ်တယ်။ ခြေသလုံးကိုကြည့်ပြီး ဂျပန်မလား တခြားနိုင်ငံကလားဆိုတာ သိသာတယ်ပြောတယ်ဗျ။ ခြေထောက်တွေလည်း ခွင်တယ် လမ်းသွားရင်။ စတိုင်လ်နေမှာပေါ့နော်။ မမကျောင်းသူဘ၀က အတွေ့အကြုံလေးတွေလည်း ရေးပါအုံးနော်။
မမပန် လာလည်တာ ကျေးဇူးပါနော်။

nu-san August 11, 2008 at 4:47 PM  

မဇနိရေ... အလုပ်တွေရှုတ်နေလို့ အခုမှ လာလည်ရတယ်.. သူများတွေ လည်ပြီးလို့ပြန်တောင်သွားကြပေါ့.. :P

ပင်လယ်ဘက်ဆိုတော့ ပျော်စရာကြီးနော်.. ကျောင်းသားတွေရော ဆရာတွေရော အတူတူသွားတာဆိုတော့ ဓာတ်ပုံထဲကြည့်ရတာတင် အပျော်ကူးလာတယ်.. ညီမရေ.. ဂျပန်မှာလည်း အများနည်းတူ ၀မ်းတထွာအတွက် ပင်ပင်ပန်းပန်း ရှာစားနေရတဲ့သူတွေတွေ့ရင် အမလည်း သနားမိတယ်.. :(

မဇနိက အလွမ်းပင်လယ်မှာတင် လက်ပစ်ကူးတာမဟုတ်ပဲ Yokohama က ပင်လယ်မှာပါ တကယ်သွားကူးနေတာကိုး.. ဒီကတော့ သူငြိမ်နေပါတယ်ထင်တာ.. :P

သက်ဝေ August 14, 2008 at 4:21 PM  

ဟိုဓါတ်ပုံထဲက ပိုက်ကွန်ထဲက ရှည်ရှည်တွေက ဘာတွေလဲဟင်... ငါးတွေဘဲလား..

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP