နိပွန်ပြည်မှာ ခရီးသွားမယ်

>> Thursday, August 21, 2008


ဒီနေ့တော့ Immigration office ကို သွားစရာ ပေါ်လာပါတယ်။ တခါမှ မသွားဖူးသေးတော့ အင်တာနက်မှာ လိပ်စာရှာတယ်၊ သူများကိုလည်း ဖုန်းဆက်မေးပြီး တစ်ယောက်ထဲပဲ သွားဖြစ်ပါတယ်။ ဒီမှာက အင်္ဂလိပ်လို သိပ်ပြောလို့မရပါဘူး။ ဂျပန်လိုကလည်း ကိုယ်ကသိပ်မပြောတတ်ပါဘူး။ ဒါပေမယ့် ဒီမှာ ခရီးသွားရတာ တော်တော် အဆင်ပြေအောင်လုပ်ထားတာ တွေ့ရပါတယ်။


ဂျပန်မှာရှိတဲ့ရထားတွေက JR line လို့ခေါ်တဲ့ Japan railways group, Subway, Streetcar, Monorail, Bullet train or Shinkansen ဆိုပြီး ရှိပါတယ်။ JR Line တွေကတော့ နေရာအနှံ့မှာ ရှိပါတယ်။ အရင်အိမ်နဲ့ကျောင်းကတော့ မြေအောက်လိုင်းပဲ သုံးခဲ့တာပါ။ မြေအောက်လိုင်းက ရထားလက်မှတ် ဈေးပိုကြီးပါတယ်။ မြေအောက်မှာ ဆောက်လုပ်ရတဲ့ အရင်းအနှီးက များတာကြောင့် အခုချိန်ထိ ဈေးမသက်သာသေးပါဘူးလို့ Transportation အတန်းတက်တုန်းက ဆရာကပြောပြဖူးပါတယ်။ ကျွန်မထင်တာက မြေအောက်ရထားဆို ဈေးချိုမယ် ထင်ခဲ့တာပါ။ ကျွန်မအိမ်နဲ့ ကျောင်းနဲ့ကို ၁၀ ဘူတာစီးရပါတယ်။ ရထားလက်မှတ်ခက ယန်း၂၉၀ ပါ။ ကျောင်းတက်ရက် ၂၂ ရက်အတွက်ဆို ယန်း၁၂၇၆၀ ကုန်ပါတယ်။ ကျောင်းသားကဒ်နဲ့ ရထားလက်မှတ်လုပ်ထားမယ်ဆိုရင်တော့ ၁ လ စာမှ ၆၂၄၀ယန်းပဲ ပေးရပြီး ၁ လ အတွင်း ကြိုက်သလောက် စီးနိုင်ပါတယ်။ အခေါက်ခေါက် အခါခါ စီးလို့ရပြီး ကျောင်းပိတ်ရက်တွေမှာ ကြားဘူတာတွေကို ဈေးဝယ်သွားနိုင်ပါတယ်။ ဒီလက်မှတ်က နိုင်ငံခြားသားတွေနေတဲ့ အဆောင်ရှိတဲ့ ဘူတာ ၁၂ ကနေ ကျောင်းဘူတာ ၂၂ အတွင်းပဲ သုံးလို့ရပါတယ်။ ကျောင်းသားတွေအတွက်တော့ အဆင်ပြေပါတယ်။ မြန်မာတွေက ပိုက်ဆံဆင်းရဲတယ်။ ကပ်စေးနှဲတယ်လို့သာ ပြောတာ အဆောင်မှာဆို ကိုယ့်ဆီကနေ သိရိလင်္ကာ၊ ဘူတန်၊ မွန်ဂိုလီးယားစတဲ့နိုင်ငံက သူငယ်ချင်းတွေက အဲဒီလက်မှတ်ကဒ် လာလာငှားပါတယ်။ တချို့ဆို အမျိုးသမီးခေါ်ထားပြီး သူတို့အပြင်သွားချင်ရင် ကိုယ့်ဆီက လာငှားပါတယ်။ ၀ယ်မထားပဲ ခြွေတာရေးတဲ့။ ငှားရတာမနှမြောပေမယ့် ခဏခဏဆိုတော့ ကိုယ့်မှာ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ကိုယ်ကလည်း စိတ်ကူးပေါက်ရင် ဈေးဝယ်သွားချင်သွားတတ်တာကိုး။
JR train - ရထားဘူတာအတွင်းပုံ

မြေအောက်ရထားနဲ့ ကျောင်းလာခဲ့ရတဲ့ အချိန်တွေတုန်းကတော့ မနက်ခင်းဆို စိတ်အတော်ညစ်ရပါတယ်။ အဲဒီပုံ ကိုRepublic ရဲ့ဘလော့မှာ ဗွီဒီယိုလေးတင်ထားတာ တွေ့နိုင်ပါတယ်။ နံရံနားကပ်နေတဲ့ ထောင့်တနေရာရမယ်ဆိုမှ သက်သာပါတယ်။ မဟုတ်လို့ကတော့ တခါတလေ ခြေတစ်ချောင်းပဲချရပါတယ်။ ရုံးဖွင့်ရက်တွေမှာ မနက် ၅ နာရီကနေ ၉ နာရီအတွင်း မနက်ရုံးသွား၊ ကျောင်းသွားတွေအတွက် အမျိုးသမီးသီးသန့်သတ်မှတ်ပေးထားလို့ အဲဒီအတွဲမှာ တိုးစီးဖြစ်ပါတယ်။ အဲဒီမှာ တံခါးပိတ်လို့မရအောင် ပြည့်သွားရင်တော့ တခြားအတွဲကို သွားစီးရပြီပေါ့။

တချို့လူတွေက သူတို့ကိုထိမှာ ကြောက်ပါတယ်။ သူတို့ကလည်း သူများကို မထိခိုက်အောင် ခြေထောက်ဆို စုထိုင်တာများပါတယ်။ “ဟိုဖက်နဲနဲလောက် တိုးပေးလို့ရမလား“ အဲလိုတော့ သွားမပြောမိစေနဲ့။ တိုးပေးမယ့် သဘောကောင်းတဲ့သူက ခပ်ရှားရှားပါ။ အမျိုးသားတွေက ပိုဆိုးတယ်တဲ့။ အဲလိုပြောမိရင် စိတ်ဆိုးကြတယ်။ တချို့ဆို ရန်လုပ်ခံရပါတယ်။ အခုတော့ လူတိုးမခံရနိုင်မယ့်နေရာကို ရှာပြီး ရထားစီးတတ်နေပြီ။

Seishun 18 Kippu
ဂျူးဟချိခိပု(Seishun 18 Kippu) လို့ခေါ်တဲ့ discount လက်မှတ်ကို နွေရာသီပိတ်ရက်ရှည်တွေမှာ ရောင်းချပေးပါတယ်။ သူကတော့ JR line အားလုံးကို စီးလို့ရတော့ ဘယ်ကိုပဲသွားသွား ၂၄ နာရီအတွင်းသုံးလို့ရပါတယ်။ ၅ စောင်အတွဲလိုက်ကို ယန်း ၁၁၅၀၀ ပေးရပါတယ်။
shinkansen နဲ့သွားမယ်ဆိုရင် တိုကျို၊ အိုဆာကာခရီးကို ၂ နာရီ ၅၀ မိနစ်လောက်ပဲကြာပေမယ့် JR Line နဲ့ သွားမယ်ဆိုရင်တော့ အနည်းဆုံး ၈ နာရီလောက် ကြာပါတယ်။ ကြားထဲမှာလည်း အနည်းဆုံး ၃၊ ၄ ကြိမ် ရထားပြောင်းစီးရပါတယ်။ အေးအေးဆေးဆေး သွားချင်တဲ့သူတွေအတွက် ဒီလက်မှတ်နဲ့သွားရင် အဆင်ပြေပါတယ်။ ၅ စောင်တွဲဝယ်ပြီး ၅ ယောက်လည်း ရှယ်သုံးလို့ရပါတယ်။ ၈ နာရီလောက်ကြာပေမယ့် မပင်ပန်းပါဘူး။ ရထားတွေက ကောင်းတာရယ်၊ လူပါနည်းတာရယ်ကြောင့် သက်တောင့်သက်သာနဲ့ ရှုခင်းကြည့်ရင်း စာဖတ်ရင်းသွားနိုင်ပါတယ်။ တခါတလေ ရထားတွဲတတွဲလုံးမှာမှ လူ ၂ယောက်လောက်ပါတဲ့အတွဲတွေ ရှိပါတယ်။ ရထားပြောင်းစီးတဲ့အခါမှာလည်း ဝေးဝေးမသွားရပါဘူး။ အလွန်ဆုံး Platform ပြောင်းစီးရုံပါပဲ။ အရောင်တွေနဲ့ လိုင်းတွေခွဲထားပေမယ့် JR ဆို အားလုံးစီးလို့ရပါတယ်။ 24 နာရီအတွင်း ကိုယ်သွားနိုင်သလောက် သွားလို့ရပါတယ်။ တိုကျိုကနေမနက် ၆ နာရီကသုံးခဲ့တဲ့လက်မှတ်တစ်စောင်ဟာ အိုဆာကာကို ညနေ ၆ နာရီလောက်ရောက်တယ်ဆိုရင် အိုဆာကာမြို့ထဲက JR တွေ ဆက်သုံးနေလို့ရပါသေးတယ်။ တရက်အတွင်းမှာ သုံးလို့ရပါတယ်။ ဘတ်စ်ကားနဲ့သွားမယ်ဆိုရင် ယန်း ၈၄၀၀ လောက်ပေးရပါတယ်။ ခုလိုမျိုးလက်မှတ်ကိုဝယ်သွားမယ်ဆိုရင် ယန်း ၂၃၀၀ နဲ့ရောက်သွားမှာပါ။ မသွားခင် အင်တာနက်မှာ train timetable ရှာပြီး print ထုတ်ယူသွားမယ်ဆို အချိန်ရော ရထားပါ အလွယ်တကူမှန်းလို့ရပါတယ်။ ကျောင်းသားအများစုက အဲဒီအချိန်မှာပဲ အပမ်းဖြေ ခရီးသွားကြပါတယ်။ ပိုက်ဆံပေါတဲ့သူတွေအတွက်တော့ ဒီလက်မှတ်မလိုပါဘူး။ shinkansen တို့ လေယာဉ်တို့စီးကြမှာပေါ့နော်။ (ဒီနေရာမှာ ဘယ်အချိန်ဝယ်လို့ရတယ် ဘယ်အချိန်အတွင်းမှာ ခရီးသွားလို့ ရတယ်ဆိုတာကို ဖတ်နိုင်ပါတယ်။)

Streetcar
Matsuyama မြို့မှာ ဒီကားလေးနဲ့ လျှောက်လည်ခဲ့တယ်။

Streetcar ကိုတော့ Matsuyama မြို့ကို ခရီးသွားခါမှ စီးဖူးခဲ့တာပါ။ စီးရတာ တမျိုးစိတ်ဝင်စားစရာ ကောင်းပါတယ်။ အဲဒီမြို့ကလည်း ခရီးသွားတွေ ကြည့်ရှုစရာနေရာ ပေါများတဲ့အတွက် one day ticket ကို ယန်း ၅၀၀ နဲ့ ၀ယ်ထားမယ်ဆိုရင် နာမည်ကြီးနေရာတွေ တနေကုန်လည်စီးနေလို့ ရပါတယ်။ ယန် ၅၀၀ လားဆိုတာ ဈေးကတော့ သေချာမမှတ်မိတော့ပါဘူး။ ကားပေါ်မှာလည်း ဘယ်ရေပူစမ်းကို ရောက်ပါပြီ ဘယ်လိုနာမည်ကြီးပါတယ်ဆိုတာ ကြေငြာပေးနေတော့ တခါမှမရောက်ဖူးတဲ့သူတွေအတွက် လည်ပတ်ရတာ အဆင်ကိုပြေလို့။ သူတို့တွေက မြေပုံတခုနဲ့ဆို ဘယ်ဖြစ်ဖြစ်သွားလို့အဆင်ပြေနေတော့ တစ်ယောက်ထဲလည်း သွားလာနေကြပါတယ်။ ခရီးသွားတုန်းကဆို စိတ်ညစ်ခဲ့ရပါသေးတယ်။ တံတားတွေ လေ့လာရင်းသွားတာဆိုတော့ နောက်ဆုံးပြန်မယ့်နေ့မှာ ဆရာတွေက ကိုယ်သွားချင်ရာ သွားလည်လို့ရပြီတဲ့။ လေဆိပ်မှာ ပြန်ဆုံမယ်လို့ လုပ်ပါလေရော။ သူတို့ကတော့ လွတ်လပ်ပါစေဆိုပြီး ပြောတာပေမယ့် ကိုယ်က မသွားတတ်ပါဘူး။ မြေပုံလည်း ဆောင်ထားရမှန်းမသိသေးတော့ ငါတော့ ဘယ်လိုလုပ်ရပါ့ပေါ့။ ဆရာက သဘောပေါက်လို့တော်သေးတယ်။ သူတို့နဲ့လိုက်မလားတဲ့။ လိုက်သွားမိပါတယ် ဆရာ ၄ ယောက်၊ ဗီယက်နမ်ကောင်လေး ၁ယောက်နဲ့ ကျွန်မတော့ ရယ်ချင်နေမိတယ်။ အုပ်စုလိုက်ခွဲသွားကြတော့လည်း ဆရာတွေနဲ့မှ မလိုက်ရင် လိုက်စရာက မရှိဘူး။ တခြားအဖွဲ့တွေကလည်း ကောင်လေးတွေဆိုတော့ ကိုယ့်ဘယ်ခေါ်ချင်မလဲနော်။ သူတို့က ရေပူစမ်းလည်း တမေ့တမော ၀င်နေကြတာဆိုတော့ ကျွန်မလည်း ဆရာတွေနဲ့ပဲ လျှောက်လည်ခဲ့ရတာပေါ့။ ဆရာတွေနဲ့လည်တော့ မုန့်စားရတယ်။ သူတို့က ဟိုဟာဒီဟာသောက် ကိုယ်က အမြည်းစားပေါ့နော်။

JR train

ရထားစီးရတာလည်း အင်မတန်အဆင်ပြေလှပါတယ်။ ကိုယ်သွားချင်တဲ့ နေရာသိရင် အင်တာနက်မှာရှာပြီး အဲဒီစာရွက်ကိုင်သွားရင် ရထားစီးရတာလည်း လွယ်ကူပါတယ်။ ဘူတာတွေမှာလည်း အားလုံးကို ညွှန်ပြထားပါတယ်။ စာတန်းကို ကြည့်စီးရင် မှားစရာမရှိပါဘူး။ ဘူတာစဉ် အနီးအဝေးကို လိုက်ပြီး လက်မှတ်ခကွာပါတယ်။ လက်မှတ်ကို မဝင်ခင်မှာပဲ စက်ထဲမှာ ၀ယ်ရပါတယ်။ လက်မှတ်ရောင်းတဲ့ စက်တွေရဲ့အပေါ်မှာ ဘူတာနာမည်တွေ၊ ဈေးနှုန်းတွေရေးပြထားတဲ့ ဆိုင်းဘုတ်ရှိပါတယ်။ ဘူတာအသေးတွေမှာတော့ အများအားဖြင့် ဂျပန်လို ရေးထားတယ်။ ဂျပန်စာ သိပ်အဆင်မပြေတဲ့ နိုင်ငံခြားသားတွေအတွက်တော့ နည်းနည်း ဒုက္ခရောက်ပါတယ်။ ကိုယ်သွားချင်တဲ့ဘူတာကို ဘယ်လောက်တန်လက်မှတ်ဖြတ်ရမလဲပေါ့။ အဲဒါက ခဏလာလည်တဲ့ နိုင်ငံခြားသားများ ကြုံတွေ့ရတာပါ။ ကိုယ်က ယန်း၂၃၀ တန်ခရီးကို ၁၉၀ ဖြတ်မိရင် ဟိုရောက်တဲ့အခါ ထွက်လို့မရပါဘူး။ သူငယ်ချင်းတစ်ယောက်က မသိလို့အတင်းတိုးထွက်ခဲ့ရင်တော့ တစ်မျိုးပေါ့နော်။ တကယ်တော့ အတင်းတိုးထွက်လည်း ဘူတာရဲကခေါ်မှာပါ။ ဒါကလဲ ဖြေရှင်းစရာနည်းလမ်းရှိပါတယ်။ ဘူတာတာဝန်ကျရဲကို သွားပြောရင် သူတို့ကို လိုတဲ့ပိုက်ဆံပေးလိုက်ရင် ထွက်လို့ရပါတယ်။ ဒါမှမဟုတ်ရင် Fair Adjustment Machine မှာသွားပြီး ကိုယ်ဝယ်လာတဲ့လက်မှတ်လေးထည့်လိုက်၊ လိုတဲ့ပိုက်ဆံကို စက်ကပြပါတယ်။

အဲဒီလိုတာထည့်လိုက်ရင် လက်မှတ်အသစ်တစ်စောင်ထပ်ထွက်လာပြီး အဆင်ပြေသွားပါပြီ။ ဒါတွေမှမလုပ်ချင်ဘူးဆိုရင် Suica၊ Pasmo၊ စတဲ့ ကဒ်တွေ ၀ယ်ထားမယ်ဆိုရင် ပိုကောင်းပါတယ်။ ကဒ်စစ၀ယ်ရင် ယန်း၅၀၀ ကဒ်ဖိုးပေးထားပြီး ကိုယ်ကြိုက်သလောက် ပိုက်ဆံထည့်ထည့်သုံးရပါတယ်။ ယန်း ၂၀၀၀ လောက်ထည့်ထားရင် ကုန်တဲ့အခါမှ ထပ်ဖြည့်သုံးတော့ ဘယ်ဘူတာဆို ဘယ်လောက်ပါလိမ့်ဆိုတာ ရှာစရာမလိုတော့ပါဘူး။ အချိန်ကုန်လည်း သက်သာလှပါတယ်။ လက်မှတ်ဝယ်ဖို့ လူစောင့်စရာအချိန်လျော့သလို၊ အ၀င်အထွက်မှာလည်း ပိုက်ဆံအိတ်ထဲက ထုတ်စရာမလိုတော့ စက်မှာပြပြီး ပြေးလို့ရပါတယ်။ auto recharge machine တွေမှာ ပိုက်ဆံထည့်ထည့်ထားလိုက်ရင် အဆင်ပြေသွားပါပြီ။ ကိုယ်သွားချင်တဲ့ဘူတာမှာ ကျသင့်သလောက် သူ့ဟာသူနှုတ်သွားတာမလို့ပါ။

ရထားမှာ လိုကယ်လား၊ အမြန်လား၊ ဘယ်ချိန်လာမလဲဆိုတာတွေက အမြဲစာတန်းထိုးနေတာဆိုတော့ စိတ်ပူစရာမလိုတော့ဘူးပေါ့။ လိုကယ်ကတော့ ဘူတာတိုင်းရပ်တယ်။ အမြန်ကတော့ ၃၊ ၄ ဘူတာကျော်မှ တစ်ခါရပါတာမျိုးပါ။ ကြားဘူတာကို သွားချင်တဲ့သူကတော့ လိုကယ်ကို စောင့်စီးမှကိုရပါတယ်။ ၂ခုလုံးရပ်တယ်လို့ သတ်မှတ်ထားတဲ့ဘူတာကို သွားချင်ရင်တော့ ကြိုက်ရာစီးလို့ရတာပေါ့နော်။ အချိန်ကို တွက်စရာမလိုဘူးဆိုရင်တော့ လိုကယ်ရော အမြန်ရော ခွဲနေစရာမလိုတော့ဘူးပေါ့။ ရထားချိန်တွေအတွက်ကလည်း LCD machine တွေရော ဆိုင်းဘုတ်တွေပါရှိပါတယ်။ ရထားစောင့်ရင်တော့ အတော်စည်းကမ်းရှိတယ်။ ၂ ယောက်ယှဉ်ရပ်စောင့်တယ်။ ရထားရပ်ပြီဆိုရင် တဖက်တယောက်စီ ခွဲရပ်လိုက်တယ်။ ရထားပေါ်က ဆင်းလာမည့်သူတွေက အလယ်ကနေ အလွယ်တကူဆင်းနိုင်အောင်လို့ပါ။ ဆင်းတဲ့သူကုန်အောင်လည်း စောင့်ပြီးမှ တက်ပါတယ်။

ဘူတာထဲမှာ ရထားပေါ်မှာ အမှိုက်မတွေ့ရပါဘူး။ အများအားဖြင့်လည်း ရထားပေါ်မှာ စားစရာစားတာ မတွေ့ရတတ်ပါဘူး။ ပလက်ဖောင်းလှေကားတွေကအစ အမြဲလိုလို သန့်ရှင်းရေးလုပ်နေတဲ့သူ ရှိတတ်ပါတယ်။ အမှိုက်ကိစ္စကတော့ အတော်လေးစည်းကမ်းရှိပါတယ်။ တွေ့ရာမှာချတယ်ဆိုတာ မရှိပါဘူး။ အိမ်တွေမှာလည်း အမှိုက်ကို အမျိုးအစားခွဲထားပြီး သူ့သတ်မှတ်တဲ့နေ့မှာမှ ပစ်ရပါတယ်။ ရထားတွေကလည်း အတော်ကျယ်ဝန်းပါတယ်။ ရောက်စက အံ့သြမိတာတစ်ခုက ရထားပေါ်မှာ တော်တော်များများက အိပ်ငိုက်နေကြတယ်။ နောက်ပိုင်းတော့ ကိုယ်လည်း အတူတူငိုက်မိတော့တယ်။ သူများကို စိတ်မ၀င်စား၊ မကြည့်ချင်တဲ့စိတ်လည်းပါမယ်လို့ ထင်မိတယ်။ သူတို့က အိပ်ရင်အိပ်၊ မအိပ်ရင် ဖုန်း ကလိနေတယ်။ စာလည်းအတော်ဖတ်ကြပါတယ်။ ကျွန်မဘယ်လိုမှမမှတ်မိတဲ့ ခန်းဂျိတွေကို ဂျပန်ကလေး ၁၀ နှစ်ပတ်ဝန်းကျင်တွေကလည်း ရထားပေါ်မှာ စာအုပ်ကိုယ်စီနဲ့ဖတ်နေကြပါတယ်။

လက်ကိုင်ဖုန်းတွေကတော့ ရထားပေါ်ဆို အသံပိတ်ထားရပါတယ်။ ဖုန်းမပြောရပါဘူး။ တချို့နိုင်ငံခြားသားက ဖုန်းခိုးပြောရင် အသက်ကြီးတဲ့သူတွေက စိတ်ဆိုးလို့အော်တတ်ပါတယ်။ ရထားပေါ်မှာလည်း ဖုန်းပိတ်ထားဖို့ အသံရောစာတမ်းတွေပါ သတိပေးထားပါတယ်။ အဲခက်တာက တခါတလေ ဂျပန်မလေးတွေ အုပ်စုလိုက်တက်လာရင် ကုလားသိုက်ကျားဝင်ကိုက်ရင်တော့ ဘယ်လိုနေလဲမသိပါဘူး။ ဂျပန်သိုက်ဆူရင်တော့ အတော်နားမခံသာအောင် ရယ်ကြတယ်။ အံ့သြကြတယ်။

ဒီလိုင်းကတော့ ဒီနေ့မှ စီးဖူးတာပါ။ ရထားပေါ်က signal ပြတာလေးတွေက တခြားရထားနဲ့မတူတော့ သဘောကျလို့ ဓါတ်ပုံရိုက်လာတယ်။ တချို့ရထားတွေက signal မပြတဲ့အပြင် ဂျပန်လိုပဲအော်နေတော့ ဂျပန်စာနားမလည်တဲ့ နိုင်ငံခြားသားဆို မလွယ်ဘူးပေါ့။ immigration office က ဘူတာကနေ ၁၅၀ မီတာဆိုတော့ china town က ၂၅၀ မီတာဆို သိပ်မဝေးဘူးဆိုပြီး သွားခဲ့တာပါ။ အရင်က တခြား မြေအောက်ရထားလိုင်းနဲ့ရောက်ဖူးတာဆိုတော့ ဒီဘူတာနဲ့ဆို နီးလား ဝေးလား သိချင်တာကြောင့် သွားလိုက်တယ်။ တိုကျိုဖက်က မြန်မာက သူငယ်ချင်းတွေလာတာများတော့ လိုက်ပို့ဖို့တာဝန်ကျရင် ကိုယ်ကလဲသိပ်မသွားထားတော့ မလွယ်ပါဘူး။ သူများတွေနဲ့လိုက်ရင်လည်း နေရာမှတ်မထားတော့ ကိုယ့်တယောက်ထဲဆို မပို့တတ်တော့ဘူး။ ခုနောက်ပိုင်းတော့ နေရာတွေမှတ်ရတယ်။ သွားတတ်အောင် အကျင့်လုပ်နေရတယ်။ မလုပ်လို့လည်း မရပါဘူး။ အားလုံးက ကိုယ့်အချိန်သူများပေးဖို့ အတော်ခက်နေကြတာဆိုတော့ သူများကိုအဖော်ခေါ်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။



China town မှာတော့ တရုတ်အစားအစာတွေ ဝယ်လို့ရပါတယ်။ ဆီတို့ဟူး၊ ငံပြာရည်၊ ပေါက်စီ၊ ၀က်သား၊ ငရုတ်သီးကြော်ဘူးစတာတွေက အဲဒီမှာမှ ဝယ်လို့ရတော့ ရောက်ရင် မနည်းသယ်ရပါတယ်။ ဂျပန်တွေကတော့ အမြဲလိုလိုလာပြီး တရုတ်စာ လှည့်လည်စားသောက်ကြပါတယ်။ အများအားဖြင့်တော့ နိုင်ငံခြားသားတွေ လာရောက်လည်ပတ်တဲ့နေရာ ဖြစ်ပါတယ်။

ကိုယ်လိုသူလို မြေပုံလေးတွေ ကိုင်ပြီးလာလည်တဲ့သူတွေ အများကြီးတွေ့နိုင်ပါတယ်။ အဲဒီက ဆက်ပြီး လမ်းနည်းနည်းလျှောက်ရင် Yokohama port ကိုရောက်တဲ့အတွက်လည်း လူပိုစည်ကားပါတယ်။ China town မှာလျှောက်လည်၊ စားသောက်၊ မောရင် ကမ်းခြေမှာ အနားသွားယူနဲ့ အတော်ဇိမ်ကျပါတယ်။ ဂျပန်ရုပ်ရှင်ကားတော်တော်များများမှာ ယိုကိုဟားမားကမ်းခြေကို အသားပေးတတ်ပါတယ်။ ညနေခင်းဆို အတော် သာယာလှပါတယ်။ ကလေးကစားကွင်းတွေ၊ Roller Coasterတွေအစုံနဲ့ ကလေးတွေလည်း ပျော်ပါးနိုင်ပါတယ်။ မြက်ခင်းပြင်မှာ လေလေးတဟူးဟူးနဲ့ ပင်လယ်ကြီးကို ကြည့်ပြီး အရသာရှိရှိလည်း အိမ်ကို လွမ်းနိုင်ပါတယ်။ ကျောင်းပြီးသွားတဲ့ အစ်မတစ်ယောက်ကတော့ စာတွေစိတ်ညစ်လာရင် အဲဒီမှာ သွားပြီး စိတ်အပမ်းဖြေတယ်တဲ့။ ကျွန်မကတော့ တကူးတက မသွားဖြစ်ပါဘူး။ မရောက်ဖူးသေးတဲ့သူတွေ၊ လာလည်တဲ့သူဆိုရင်တော့ အတော်လှပတဲ့နေရာလေးပါ။

သြဂုတ်လ (၃၁) မရောက်ခင် အချိန်မှီသေးတယ်ဆိုတော့ အိုဆာကာဖက်က ယိုကိုဟားမား၊ တိုကျိုကို လာလည်ကြမလား၊ တိုကျိုဖက်က အိုဆာကာကို သွားကြမလား။ စိတ်ရှည်ရှည် အပျင်းပြေသွားမယ်ဆိုရင် ဂျူးဟချခိပုနဲ့ သွားလည်လို့ ဒီအချိန်က အခါကောင်းဆိုတာ သတင်းကောင်းပါး လက်တို့လိုက်ပါတယ်။ နွေရာသီမှာ JR ရထားလိုင်းနဲ့ ခရီးတွေသွားပြီး ပျော်ရွှင်ကြပါစေ။

ရထားချိန်နဲ့ ရထားလိုင်းများကို ဒီ linkမှာ အလွယ်တကူ check လုပ်နိုင်ပါတယ်။

မဇနိ

12 comments:

nu-san August 21, 2008 at 4:54 PM  

မဇနိရေ... တခါတည်း အများကြီးရှင်းပြလိုက်တာ ဖတ်ရတာတော့ မောသွားတာပဲ.. ရေးတဲ့သူတော့ မသိဘူး။ ဟုတ်တယ် ဂျပန်မှာ သွားလာရေးအတော်လေး အဆင်ပြေပါတယ်။ အမ ရထားလက်မှတ်ကို အဲဒီလောက် အများကြီးတော့ မ၀ယ်သုံးဖူးဘူး။ မှတ်ထားရမယ်။ :)

အရင်တုန်းကဆို နည်းနည်းဝေးဝေးသွားမှသာ subway ရယ် JR ရယ်သုံးရတာ။ များသောအားဖြင့် ရုံးနဲ့ အိမ်က စက်ဘီးပဲ။ အခုမှ ယန်း ၂၀၀၀ ထည့်ထားရင် ၁၂ ခါစီးလို့ရတဲ့ လက်မှတ် ၀ယ်ထားတယ်။ တခါစီးရင် ၂၀၀ ဖြတ်တယ်။ ၂ ခါက အပိုပေးတာ။ အမတို့ဆီမှာက အနည်းဆုံး ယန်း ၂၀၀ ကစတယ်။ ၄ ဘူတာလောက်အထိက ၂၀၀ ပေါ့။ အဲဒါဆိုတော့ ရုံးနဲ့ အိမ်ဆိုရင် ၃ ဘူတာပဲမို့ ၁၂ ခါ စီးရတယ်.. တခြားဟာတွေတော့ ရှိတယ် Pitapa ကတော့ ကြိုက်သလောက် စီးပြီး လကုန်မှ ပိုက်ဆံရှင်းရတာမျိုးလည်းရှိတယ်။ တခါမှ ၀ယ်မစီးဖူးဘူးတော့ သိပ်နားမလည်ဖူးရယ်။ အမက monorail ရထားစီးရင် အသည်းယားတယ်။ မောင်းတဲ့သူမရှိဘဲ ကွန်ပျူတာက အလုပ်လုပ်နေတာ။ ယိုကိုဟားမား sea paradise ကိုသွားတုန်းက စီးရတာ မှတ်မိနေသေးတယ်။ :)

Republic August 21, 2008 at 6:05 PM  

မမနိ ပို့စ်လေးဖတ်တော့ မှ ဂျပန် railway တွေအကြောင်းတော် တော်သိလိုက်ရတယ် ၊၊ ခုလိုပြည့်ပြည့်စုံစုံ ပြောပြပေးတာကျေးဇူးပါ မနိ၊၊
အသက်ကြီး သူတွေဆို မလွယ်ဘူးပေါ့နော် ၊၊

Taungoo August 21, 2008 at 8:30 PM  

အမဇနိရေ
ဂျပန်မသွားခင် ဒါကိုဖတ်ပါ လို့ပဲ ညွှန်းလိုက်ချင်တော့တယ်
ဘလော့တွေရဲ့ ကျေးဇူးကြောင့် နိုင်ငံအသီးသီးကရတဲ့ အတွေ့အကြုံတွေ ဖလှယ်ခွင့်ရတာ တန်ဖိုးရှိလှပါတယ်
ဆက်လက်မျှဝေပါဗျာ

မေတ္တာဖြင့်
(စကားမစပ်ဗျာ ကိုဇနိရေးတဲ့ ကွန်မန့်တစ်ခုမှာ စာသားလေးကို ကလစ်ထောက်ညွှန်းထားတာလေး တွေ့လိုက်ရတယ်။ ဘယ်လိုလုပ်ရလဲမေးပေးပါဦး အမရေ)

ဇနိ August 21, 2008 at 9:48 PM  

ကိုတောင်ငူအတွက် Link ထည့်နည်း

**************************

(a href="http://o-way.blogspot.com/")အိုးဝေသို့(/a)

**************************

အပေါ်ကပြထားတဲ့ နမူနာမှာ
( ) (လက်သည်းဂွင်း အဖွင့် အပိတ်တွေ) ကို (greater than နှင့် less than sign ) < > တွေနဲ့ အစားထိုးလိုက်ပါ ။ အောက်ကလို ဖြစ်သွားပါမယ်။

**************************
အိုးဝေသို့

myatnoe August 22, 2008 at 1:04 AM  

ရထားစီးခ အတော်များများက တိုကျိုမှာ အတန်ဆုံး

အစဉ်သဖြင့်ခရီးသွားနေသူ..

အခုတော့ လည်စရာကုန်လို့ ဘယ်မှမသွားချင်ပေမဲ့
တာဝန်အရ သွားနေရသူ
ဟီးဟီး

မြရွက်ဝေ August 22, 2008 at 5:00 AM  

စုံနေတာဘဲ မဇနိရေ။ ညီမကို ဒီမလာခင်ကတည်းက pasmo ကဒ် ကြိုလုပ်ပေးထားလို့ လေယာဉ်ကွင်းကနေ အိမ်ကိုအလာကတည်းက pasmo လေးနဲ့လေ။ ညီမက အဲဒီတုန်းက တောသူမြို့တက် အူကြောင်ကြားပေါ့။ ဘာကြီးလဲမသိ နာမည်လဲ ရိုက်ထားတဲ့ ကဒ်ကြီးလို့။ ခုတော့ ဘယ်သွားသွား အတော် အဆင်ပြေပါတယ်။ တချို့ taxi တွေမှာ pasmo သုံးလို့ ရတယ်နော်။ ဟိုတရက် အပြင်သွားမှ သိတာ။ ကြုံလို့ ပြောရဦးမယ်။ pasmo မှာ နာမည်ရိုက်ထားတော့ ဟိုရက်က ပိုက်ပိုက်အိပ်ပျောက်သွားလို့ pasmo ကဒ်ကို သွားပိတ်တာ အဆင်ပြေသွားတယ်။ မီတာဖြစ်ဖြစ် အခွန်ဆောင်ထားတဲ့ စာရွက်ပြပြီး ယန်း ၁၀၀၀တော့ ထပ်ပေးပြီး ပိတ်၊ ပြီးတော့ အသစ်လုပ်ရတယ်။ နာမည်မရိုက်ထားရင်တော့ စာရင်းရှာလို့မရမို့ ပိတ်လို့လဲမရနဲ့ အားလုံးရှုံးပြီ။ ခု ၁၀၀၀ထပ်ပေးပြီး အရင်ကဒ်ထဲက အတိုင်း ကဒ်အသစ်ထဲ ပြောင်းထည့်လို့ရသွားတယ်။ မဟုတ်ရင်တော့ အဲဒီထဲက ယန်း ငါးထောင်ဖိုးပါ ပလုံ... စွပ်! ဖြစ်ပြီ။ အမျိုးသားရဲ့ pasmo ကဒ်ထဲမှာ မနိလိုဘဲ teikiken ပေါင်းထည့်ထားတယ်။ အလုပ်သွားရတဲ့ ဘူတာအထိပေါ့။ ရက် ၂၀စာဖိုးလောက် ကျတယ်ပြောတယ်။ တစ်လအတွင်း အခေါက်ခေါက်စီးပေါ့။

တားမြစ် ထားသော... August 22, 2008 at 8:02 AM  

ကိုယ်တိုင်မသွားနိုင်သော်လည်း ရထားတစ်ကယ်စီးလိုက်ရသလိုပါပဲ။
ဗဟုသုတအတွက် ကျေးဇူးဗျ။

မောင်ဖြူ August 22, 2008 at 10:59 AM  

မဇနိရေ ဒီပို့စ်ဖတ်ပြီးရင်တော့ နီပွန်ကိုလာလည်ဖို့မကြောက်တော့ဘူး။ ကိုဇနိလာရင်တော့ လိုက်လာဦးမှ။

ီDr. Nyan August 22, 2008 at 6:14 PM  

Teikiken (လပေးကဒ်) ကို ၆လစာဝယ်ရင် ၁လချင်းစီ ၆ကြိမ်ဝယ်တာထက်တစ်လစာနီးပါးပိုက်ဆံပိုသက်သာပါ
တယ်။ Suica/Pasmo ကို မြန်မာပြည်အပြီးပြန်တဲ့အခါ လက်မှတ်ကောင်တာမှာပြန်အပ်ပြီး ကိုယ်ပိုင်ဖြစ်ကြောင်းအထောက်အထားပြနိုင်ရင် ၅၀၀ယန်းပြန်အမ်းပါတယ်ခင်ဗျား။ Seishun 18 Kippu
နဲ့မနှစ်ကနွေခရီးသွားလိုက်တာ၊ ကျိုတို၊အိုဆာကာ၊ဂိဖု၊ ကိုဘေး၊နရ၊ဟာမာမတဆု၊ နဂိုယာ အထိသွားပြီးအပြန်စောနေသေးလို့ ကမာကူရ၊အဲနိုရှီမားအထိဒိုးခဲ့ကြပါတယ်။ အလွန်တန်တဲ့လက်မှတ်ပါ။

မဇနိ August 22, 2008 at 7:33 PM  

အစ်မနုစံ မောသွားလားဗျ။ Monorail စီးရတာ အသည်းယားပေမယ့် အိမ်ကလူကြီးနဲ့ မဟုတ်လား :P

ကိုကြီး ၀ီ ရေ အသက်ကြီးတဲ့သူတွေကျ အဆင်ပြေအောင်လုပ်ပေးတယ် လူငယ်တွေက နေရာပေးတယ်ဗျ။ သူတို့ဆင်းပြီးအောင် သေချာစောင့်ပေးတယ်။

ကွန်းမန့်အတွက် တောင်ငူသားလေးကို ကျေးဇူးနော်

မြတ်နိုးက လည်စရာတွေ ကုန်နေပြီပေါ့ :P

ညီမမြရွက်ဝေ pasmo လေးနဲ့ လာသပေါ့။ ချစ်လိုက်တာနော်။ အားကျပါ့။

ဂျပန်လာမည့် ကိုတားမြစ်ထားသော အတွက်ရေးထားတာနော် ဘယ်တော့လာမှာလဲ

ကိုဇနိနဲ့သာ လိုက်ခဲ့တော့ ကိုမောင်ဖြူ

မြန်မာကိုပြန်ရင် အဲလိုလက်မှတ်ပြန်အပ်လို့ရတာ ခုမှသိတယ် ဒေါက်တာ။ ကျေးဇူးပါ။ သမီးလေးနဲ့တူတူလည်တာဆိုတော့ ပိုပျော်စရာကောင်းမယ်နော်။

khin oo may August 24, 2008 at 4:42 AM  

လည်နိုင်သလောက်လည်ပါ ညီမရေ. အခွင်.ရှိတုံး။

မဇနိ August 24, 2008 at 9:53 AM  

ဟုတ်ကဲ့ မမခင်ဦးမေ ။ မမတို့ဆီလည်း လာလည်မယ် ကွယ် ကွယ် ကွယ်

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP