အရက်သောက်ခြင်းနှင့် ကျနော်

>> Sunday, August 31, 2008



ကျနော် သေရည်သေရက်တွေနဲ့ ဘယ်အချိန်ကစပြီး ပတ်သတ်ခဲ့တာလဲဆိုတာကို မှတ်မိသလောက်စပြောပါဦးမယ်။ စပြီးရင်းနှီးချိန်ဟာ သိပ်လည်းမစောသလို အရမ်းလည်း နောက်မကျပါဘူး။ ၁၀ တန်းက စတာပါ။ ကျနော့်မှာ ကလေးကတည်းက အတူတူနေပြီး ရန်တခါမှ မဖြစ်ဘဲ ပေါင်းလာတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ ၁၀-တန်းမှာ သူရဲ့ ဦးလေးအိမ်မှာ စာသွားကျက်တာက စတာပါ။ ကျနော်တို့မြို့က အရင်ကတည်းက လျှပ်စစ်မီးပြတ်တာကိုး။ မီးက ရက်ခြားမှလာတော့ ရက်မခြားနေ့တိုင်းလာအောင် လုပ်ထားတဲ့ သူငယ်ချင်းရဲ့ ဦးလေးအိမ်ကို သွားရတာပေါ့။ သူ့ဦးလေးက ကားဂိုထောင်ထဲမှာ စာကြည့်ကြဆိုပြီး နေရာပေးပါတယ်။ သူငယ်ချင်းနှစ်ယောက် စာကြည့်လိုက်၊ စကားပြောလိုက်၊ ပျင်းရင် ဂိုထောင်ထဲက ပစ္စည်းတွေ ဟိုရှာကြည့်လိုက်၊ ဒီနှိုက်လိုက်လုပ်ကြတာပေါ့။ အဲဒီမှာ သူ့ဦးလေး ခွက်ပုန်းချတဲ့ ရမ်ပုလင်းကြီးတွေ့တော့တာပဲ။ တွေ့တော့ နှစ်ယောက်သား ခွက်ပုန်းသူခိုးလုပ်ကြတာပေါ့။ ရမ်ပုလင်းအဖုံးခွံလေးနဲ့ တစ်ယောက်တမော့။ နည်းနည်းလျော့သွားတော့မှ သောက်ရေတွေကို ရောတောရှိလုပ်ရတာပေါ့။ ဘယ်သူကမှ အသောက်သင်မပေးသလို၊ သောက်ကြည့်စမ်း အရမ်းကောင်းတာပဲလို့လည်း ဘယ်သူကမှ မတိုက်တွန်းခဲ့ပါဘူး။ ပါရမီဓာတ်ခံရှိတော့ သူ့အလိုလို တတ်သွားတာပါ။ ဆယ်တန်းပြီး အားနေတဲ့အချိန်တွေမှာ မြို့အရှေ့ထိပ်အနောက်ထိပ်က ထန်းတောတွေထဲလည်း ကျနော်တို့သူငယ်ချင်းတစ်သိုက် ရောက်တော့တာပါပဲ။ ပဲကြီးလှော်နဲ့ အမြည်းလုပ်ရင်း ထန်းရည်သောက်လိုက်နဲ့ အသောက်ပညာကို ရင့်သန်စေခဲ့တာပါ။

Read more...

တချိန်တုန်းက တက္ကသိုလ်မှာ

>> Friday, August 29, 2008



ပြန်တွေးကြည့်တိုင်း ဘယ်တော့မှမရိုးနိုင်ပဲ အမြဲကြည်နူးမှုတွေပေးနေတာက ကျောင်းတက်ခဲ့စဉ် အတိတ်ပန်းချီနေ့ရက်တွေပါပဲ။ အချိန်ကာလကြာလာပေမယ့် ပြန်တွေးလိုက်ရင် မနေ့တနေ့ကလို ရင်မှာလွမ်းဆွတ်သွားရတာလဲ ဒီနေ့ရက်တွေပဲလေ။ အဲဒီနေ့ရက်တွေမှာ အခုခေတ် နိုင်ငံတကာ ကျောင်းတော်ကြီးတွေလို အင်တာနက်တွေမရှိပါဘူး။ ဒါပေမယ့် ကနောင်ဆောင်ရယ်၊ မန်းချယ်ရီဆောင်ရယ်ကို ဆက်သွယ်ပေးနေတဲ့ သူငယ်ချင်းတွေ၊ ချစ်သူစုံတွဲတွေရှိတယ်။ အဲဒီကျောင်းတော်မှာ အဆင့်မှီအဲယားကွန်းတပ် ကင်တင်းမရှိခဲ့ဘူး။ ဒါပေမယ့် သဘာဝအရသာကိုပေးတဲ့ စွယ်တော်ပင်ရိပ်တွေနဲ့ ကင်တင်းလေးရှိခဲ့ဖူးတယ်။ ပရိုဂျက်တာနဲ့ လက်ချာတွေမရှိခဲ့ပေမယ့် မြေဖြူကိုင်သင်ပေးခဲ့တဲ့ စေတနာဆရာတွေ အများကြီးကြုံဆုံခဲ့ရဖူးတယ်။ အိမ်နဲ့ဝေးကွာနေချိန်မှာ အဆိုး၊ အကောင်းတွေ မျှဝေပေးခဲ့တဲ့ သူငယ်ချင်းများစွာ ပိုင်ဆိုင်စေခဲ့တယ်။ ကျွန်မဘဝရဲ့နေ့ရက်တော်တော်များကို ခံစားမှုမျိုးစုံပုံပေါ်စေခဲ့တဲ့ အဲဒီနေ့ရက်တွေကို သတိတရ ရှိနေတတ်ခဲ့တယ်။ ဘယ်တော့မှလည်း မေ့သွားတော့မှာမဟုတ်ပါဘူး။

Read more...

အော်ခေါ်တော့ သူရှိမနေဘူး



အော်ခေါ်တော့ သူရှိမနေဘူး

လွမ်းတမ်းတမ်းရှိတာနဲ့ အတိတ်ခလုတ်ကို အသာနှိပ်
အိပ်ယာပေါ်မှာ တိတ်တိတ်လေးလုပ်နေ
အတူသွား၊ အတူလာ
ငွေရောင်ပိတ်ကားပေါ်က အပြုံးပန်းနှစ်ပွင့်
အားပါး…"ဖတ်"
ခြင်ကိုက်လို့ရိုက်လိုက်တာ
ဇာတ်လမ်းကောင်းရင် သူလာလာနှောက်ယှက်တတ်တယ်။
ဘယ်သူ့မှကိုကြိုပြောမထားဘူး
ကိုယ်ဟာကို ရင်ဘတ်ကြီးကို မွမ်းမံ
တကယ်တမ်းတော့ ကြည့်လို့မလှဘူးရယ်၊
ဒါပေမယ့် မျက်စိမှိတ်လို့ စိတ်ကူးယဉ်လိုက်တာနဲ့
ရိုမီယို ဂျူးလိယက် သူတို့ထက်သာတယ်
ခွင့်ပြုပေးပါ၊
ဒီတခါတင်မဟုတ်ဘူးနော်
လိုသလိုထပ်မက်မှာ ဒီအလွမ်းဇာတ်က
ယောင်ယောင်ဖက်၊ အော်အော်ခေါ်
အရူးတစ်ယောက်လိုပါပဲနော်
ဒါပေမယ့်လေ ငါ့ဘေးမှာ သူရှိမနေ
သူနေတာက ငါ့အသည်းထဲ
ကဲ အော်ခေါ်တော့လည်း သူရှိမနေဘူးရယ်လို့ ပြောဦးမလား။


အမီနာ

>> Wednesday, August 27, 2008


ဆရာသာဓုရေးတဲ့ "အမီနာ"ဆိုတဲ့ ဝတ္ထုတိုတပုဒ်ကို ဝေမျှလိုက်ပါတယ်။
သီဟရတနာ အုပ် ၁၀၀ ပြည့်အထူးထုတ် "၂၀ ရာစု မြန်မာဝတ္ထုတို ၁၀၀၊ စာရေးဆရာ ၁၀၀" ဆိုတဲ့ စာအုပ်ထဲကပါ။
ဆရာသာဓုကို ကျနော် ငယ်ငယ်ကလေးကတည်းက ရင်းနှီးပါတယ်။ ဆရာရေးတဲ့ "အတာ" ဆိုတဲ့ ဝတ္ထုစာအုပ်ကို စဖတ်ဖူးတာပါ။ ဦးသုမောင်ရေးတဲ့ မျိုးရိုးထဲမှ ဆိုးပေကြီးများထဲမှာ ဆရာသာဓုကို ပိုပြီးသိခဲ့ပါတယ်။
အခုဝတ္ထုတိုထဲမှာ ဆရာက လူ့သဘော၊ လူ့မနောတွေကို ပေါ်လွင်အောင် ရေးသားထားပါတယ်။ ကျနော် အကြိုက်ဆုံးထဲက တပုဒ်ပါ။
ဒီနေရာမှာ ဒေါင်းလုပ်လုပ်ယူပြီး ဖတ်နိုင်ပါတယ်။

မျက်မှန်နှင့် ကျနော်

>> Monday, August 25, 2008



မျက်မှန်လို့ ပြောလိုက်ရင် ခင်ဗျား မျက်မှန်ကို ဘယ်လိုပုံစံဆိုတာ ချက်ချင်းတန်းပြီး မျက်စိထဲမြင်လိုက်တယ် မဟုတ်လား။ မျက်မှန်ဆိုတာကို ဘာလို့ မျက်မှန်လို့ ခေါ်သလဲဆိုတာကို တွေးဖူးလား။ မျက်လုံးက အမြင်မှားမြင်နေတာကို မှန်အောင် ပြင်ပေးတဲ့အရာ ဒါမှမဟုတ်ရင် မျက်လုံးတွေရှေ့က မှန်ပေါ့။ ဘယ်လို အဓိပ္ပါယ်တွေနဲ့ မျက်မှန်လို့ ခေါ်ခေါ် မျက်မှန်ဆိုတာကို မျက်စိ အမြင် ဝေဝါးတဲ့သူတွေက အမြင် ရှင်းလင်းအောင် တပ်ကြသလို၊ မျက်စိအမြင် မဝေဝါးတဲ့ သူတွေကလည်း အလှအဖြစ်တပ်ကြပါတယ်၊ အဲ နေကာမျက်မှန်ဆိုပြီး မျက်လုံးကို နေပူပူထဲမှာ မျက်စိအေးအောင် နေကာမျက်မှန်တပ်တဲ့ သူတွေရှိသလို၊ နေမပူလဲ မျက်မှန်အမဲကြီးတွေကို အသုံးဝင်လို့ တပ်ကြတာတွေလည်း ရှိပါတယ်။

Read more...

one million kiss

တနေ့သ၌ ကျွန်ုပ်တို့၏ ပွဲတိုင်းကျော်ဇာတ်လိုက်ကြီး ကိုဇနိနှင့်မဇနိတို့ online ပေါ်တွင် microphone နှင့်စကားပြောနေကြရာ….
မနိ။ ။ ကိုနိ ရှင် ကျွန်မကိုတကယ်ချစ်ရဲ့လား၊ ဟလိုကြားရဲ့လား။
ကိုနိ။ ။ အမ်၊ နိနိကလဲ တကယ်ချစ်တာပေါ့ကွာ။
မနိ။ ။ ဟုတ်လို့လား၊ ဟွန်း။ ကဲ ဒါဆိုပြောပါဦး ဘယ်လောက်ချစ်လဲ ကွန်မကို။
ကိုနိ။ ။ မိုးလောက်ကြီးဂျစ်၊ မြေလောက်ကြီးဂျစ်၊ ဂေါ်ဇီလာလောက်ကြီးဂျစ်၊ များကြီးများကြီးဂျစ်။
မနိ။ ။ ဟလို၊ ကိုနိကြားလား။ တဂျစ်ဂျစ်နဲ့ဘယ်လိုဖြစ်။ လိုင်းမကောင်းလို့လား။
ကိုနိ။ ။ ဟုတ်ဘူး၊ ဟုတ်ဘူး။ ဂျစ်တယ်လို့ပြောတာ။
မနိ။ ။ အော်၊ ဒါဆိုလဲပြီးရော ဟွန့်။ အနမ်းလေးတွေရောပေးချင်ရဲ့လား ပြောပါဦး။
ကိုနိ။ ။ ပေးချင်တာပေါ့၊ အရမ်းပေးချင်တယ်။
မနိ။ ။ ဒါဆို ဘယ်လောက်များများကြီး ပေးချင်လဲဟင်…။
ကိုနိ။ ။ one million လောက်ကြီးပေးချင်တာပေါ့ နိနိရယ်။
မနိ။ ။ ဒါဆို ခု phone ထဲကနေ မနားတမ်း one million kiss ပေး။
ကိုနိ။ ။ အမ်၊ ဒါ…ဒါကတော့။
မနိ။ ။ မဒါကတော့နဲ့။ ဟွန်း… ဒါတောင် :* ကို one million ရေးခိုင်းမလို့။ ရှင် copy and paste လုပ်ပြီး လူလယ်ကျမှာကျွန်မသိလို့။
နောက်ဆုံးကြားသိရသောသတင်းအတင်းများအရ၊ ကိုဇနိ၏ one million kiss mission ကြီး၊ မပြီးဆုံးသေးပဲ၊ ကစ်မြဲကစ်လျက်ရှိပါကြောင်း…

ချွဲခြင်း အနုပညာ

>> Saturday, August 23, 2008



အချေးလစ်
မို့ကင်
အမြစ်ကြီးချား။

Read more...

နှစ်ကိုယ်တူ

>> Friday, August 22, 2008



မနေ့က ကျောင်းသွားတော့ နွေရာသီ အနားယူနေကြလို့ ကျောင်းသားတွေ သိပ်မလာပါဘူး။ ဒါနဲ့ပဲ တခြားအိမ်ထောင်ကျပြီးသား သူငယ်ချင်းရယ် ဂျပန်မလေးတယောက်ရယ်နဲ့ စကားပြောဖြစ်ကြတယ်။ လက်ဖက်ရည်သောက်ရင်း မုန့်စားရင်း ပြောကြတဲ့ အကြောင်းက တူနှစ်ကိုယ်နဲ့ ပတ်သက်ကြတဲ့ အကြောင်းတွေပါ။ သူ့နိုင်ငံ ကိုယ့်နိုင်ငံ အလေ့တွေ တူသလား၊ မတူလား မေးကြတာပါ။ လူတယောက်ရဲ့ အယူအဆပေါ်မှာ မူတည်ပြီးတော့ နိုင်ငံတခုလုံးကို သုံးသပ်လို့တော့ မရပါဘူး။ သူတို့နဲ့ အပျော်သဘော ပြောကြဆိုကြတာက ဗဟုသုတတော့ ရတာပေါ့။ သူတို့ သဘောထားက ဘယ်လိုဆိုတာ သိရတာပေါ့။

Read more...

နိပွန်ပြည်မှာ ခရီးသွားမယ်

>> Thursday, August 21, 2008


ဒီနေ့တော့ Immigration office ကို သွားစရာ ပေါ်လာပါတယ်။ တခါမှ မသွားဖူးသေးတော့ အင်တာနက်မှာ လိပ်စာရှာတယ်၊ သူများကိုလည်း ဖုန်းဆက်မေးပြီး တစ်ယောက်ထဲပဲ သွားဖြစ်ပါတယ်။ ဒီမှာက အင်္ဂလိပ်လို သိပ်ပြောလို့မရပါဘူး။ ဂျပန်လိုကလည်း ကိုယ်ကသိပ်မပြောတတ်ပါဘူး။ ဒါပေမယ့် ဒီမှာ ခရီးသွားရတာ တော်တော် အဆင်ပြေအောင်လုပ်ထားတာ တွေ့ရပါတယ်။

Read more...

ပင်လယ်ကြီး



ကျနော်ဘယ်အချိန်မှာ စပြီး လမ်းလျှောက်တတ်တယ်ဆိုတာကို အမှတ်မိပေမယ့်၊ ရေးကူးကို ဘယ်အချိန်မှာ တတ်သွားတယ်ဆိုတာတော့ မှတ်မိပါတယ်။ ရေးကူတာတော့ ကိုယ်တိုင်သင်ယူတတ်မြောက်တာဖြစ်ပြီး လမ်းလျှောက်ကိုတော့ ဘယ်သူ သင်ပေးခဲ့တယ်မသိပါဘူး။ ကျနော်တို့အိမ်မှာ အလွန်ရင်းနှီးတဲ့သူတွေရော၊ သိပ်မခင်တဲ့သူတွေရောနဲ့ အမြဲပြည့်နေတတ်ပါတယ်။ ဧည့်သည်တွေက တောင်ပေါ်ဒေသတွေကနေ ရောက်လာတတ်ကြသလို၊ တောရွာဖက်တွေကနေလည်း ရောက်လာတတ်ကြပါတယ်။ သူတို့က တက္ကသိုလ်တွေတက်မယ်၊ စက်မှုသိပ္ပံကျောင်းတွေတက်မယ်။ ကျောင်းသားတွေဖြစ်သွားမယ်။ ပြောရရင် ကျနော်တို့အိမ်ကို တူးမြောင်းတခုကို ဖြတ်သွားသလို ဖြတ်သွားကြတာပါ။ လူတွေက စိတ်ဝင်စားစရာကောင်းပြီး ကျနော်က သူတို့ကို ချစ်ခင်ပါတယ်၊ ဒါပေမယ့် ကျနော်ကတော့ ပင်လယ်ကို သိပ်သဘောကျတော့ အခါအခွင့်သင့်ရင် ပင်လယ်ဆီကိုပဲ ပြေးတော့တာပါပဲ။

Read more...

တအူတုံဆင်း မောင်နှမရင်းတွေ

>> Tuesday, August 19, 2008



တစ်ဦးတည်းသော သားသမီတွေရဲ့ ခံစားချက်ကိုတော့ မခံစားဖူးလို့ နားမလည်မိဘူး။ မောင်နှမသားချင်း အရင်းအချာရှိတာကတော့ နွေးထွေးတယ်၊ ပျော်စရာကောင်းပါတယ်။ မနေ့က အစ်မတယောက်က သူ့သားလေးအတွက် အဖော်ရှိလာအောင် ကလေးယူမယ်လို့ ပြောလာပါတယ်။ သူက တစ်ဦးတည်းသောသမီးမိုလို့ အထီးကျန်ဆန်တာ ခံစားဖူးတယ်တဲ့။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ဘဝမှ အကောင်းတွေ၊ အဆိုးတွေကို မျှဝေခံစားပေးတာ ဒီမောင်နှမအရင်းတွေပဲလေ။ အနစ်နာခံကြေးဆို မောင်နှမအရင်းကမှ အနစ်နာခံပေးတာပါ။

Read more...

အိပ်စက်ခြင်းနှင့် အသက်ရှုရပ်ခြင်းပြဿနာ (Obstructive Sleep Apnoea)

>> Monday, August 18, 2008


ကျွန်မ Sleep Disorder Unit မှာ အလုပ်သင်မဆင်းခင်တုန်းက ရထားထဲမှာ အဝလွန်တဲ့သူတွေ ရထားစီးရင်း အလွန်အမင်းအိပ်ငိုက်တာ လေးဖင့်ပြီး ပျင်းရိနေတာတွေမြင်တိုင်း အလွန်စိတ်ပျက်တတ်ပါတယ်။ သူတို့တွေ ဘာကြောင့် အချိန်ပြည့် အပျင်းကြီးပြီး အိပ်ချင်နေကြတာလဲ လို့လည်း အမြဲစဉ်းစားမိတယ်။ ပြီးတော့ ကျွန်မရဲ့ အတန်းဖေါ်တရုတ်လေးတွေ ကျေင်းခန်းထဲရောက်တာနဲ့ စားပွဲပေါ်မှာ မှောက်အိပ်တတ်တယ်။ အဲဒီ ကျောင်းသူ/သားတွေကရော ဘာကြောင့် အဲလောက်ထိ အိပ်ချင်နေရတာလဲ။ ကျွန်မမေးခွန်းတွေရဲ့ နီးစပ်တဲ့ အဖြေကတော့ Obstructive Sleep Apnoea (OSA) ပါပဲ။ မြန်မာလို သာမန်ဘာသာပြန်ရရင်တော့ အိပ်တဲ့အခါမှာ အသက်ရှူရပ်ခြင်းလို့ပဲ ဘာသာပြန်ရမယ်ထင်တယ်။ အဲဒီ OSA ရှိတဲ့လူတွေဟာ အိပ်နေတဲ့ အခါမှာ အသက်ရှူနှုန်းနဲသွားတာ ဒါမှမဟုတ် အချိန်ခဏတာမျှ အသက်မရှူတော့တာတွေ ဖြစ်တတ်ပါတယ်။

Read more...

ယနေ့စားစရာ

>> Sunday, August 17, 2008


အစားအစာတွေကို ချက်ပြုတ်စားသောက်ရတာ ဘယ်လိုပင်ပန်းတယ်ဆိုတာ ငယ်ငယ်တုန်းကတော့ မသိပါဘူး။ ဒီထက်ပင်ပန်းတာက ဒီနေ့ဘာနဲ့ဘာနဲ့ စားရပါ့ဆိုပြီး စီစဉ်ရတာပါ။ အိမ်မှာနေတုန်းကတော့ အမေချက်တာကို အသာလေး ဝင်စားယုံပါပဲ။ အမေတို့ ချက်ရပြုတ်ရလို့ ပင်ပန်းတာတွေကို စာလည်းမစာနာတတ်ပါဘူး။ အခုလို ကျောင်းတွေတက်တော့ ကိုယ်တိုင် ချက်ပြုတ်စားသောက်ရတာတွေ ကြုံရတော့တာပါပဲ။

Read more...

Intuition of space: Sculpture

>> Friday, August 15, 2008


Сергей Борисов
Интуиция пространства: скульптура

Sergei Borisov
Intuition of space: Sculpture

St. Petersburg မြို့ရဲ့ Михайловский замок (Mikhailovsky Castle) ထဲမှာ Сергей Борисов(Sergei Borisov)ရဲ့ Интуиция пространства: скульптура (Intuition of space: Sculpture) ဆိုတဲ့ အမည်နဲ့ ပြပွဲတခုကို ကြည့်ခဲ့ရပါတယ်။ Sergei Borisov က 1966 ခုနှစ်မှာ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။ အင်တာနက်မှာ ရှာကြည့်တော့ သူ့လက်ရာတွေတင်ထားတဲ့ နေရာတခုကို ဒီမှာတွေ့ပါတယ်။ Mikhailovsky Castle အဝင်ဝမှာ ရေးထားတဲ့ စာတွေရဲ့ ပထမအပိုဒ်ကို ဘာသာပြန်လိုက်ပါတယ်။



Пространство само по себе пустота, но только помещенный в него предмет придет ему качество. Тем более человек в пространстве. Все ассоциации, напряжения и провалы, аллюзии – всё суть ощущения пространства, интуиции человека, зрителя. Чем богаче, многослойнее этот процесс, тем более насыщен художественный образ.

ဟင်းလင်းပြင်ဆိုတာ သူချည်းသက်သက်ဆို အနှစ်သာရမရှိသလိုပဲ၊ အဲ သူ့ထဲကို အရာဝတ္ထုတစ်ခုခု ပေါင်းစပ်ဖြည့်စည်းလိုက်မှ သူ့ဂုဏ်သတ္တိက ပေါ်ထွက်လာတယ်။ သိသာတာတခုက ဟင်းလင်းပြင်ထဲမှာ လူသားတွေရှိနေတယ်လေ။ ပေါင်းစပ်မှုတွေ၊ အားစိုက်မှုတွေ၊ ကျဆုံးမှုတွေ၊ ရင်းနှီးမှုတွေ..စတဲ့အရာအားလုံးဟာ ဟင်းလင်းပြင် ခံစားမှုရဲ့ အနှစ်သာရ၊ လူသားတွေ၊ ပရိတ်သတ်တွေရဲ့ ဖြတ်ခနဲစေ့ဆော်မှုရဲ့ အနှစ်သာရဖြစ်ပါတယ်။ အဲဒီဖြစ်စဉ် ပိုမိုရှုပ်ထွေးလာလေလေ၊ တနည်း ကြွယ်ဝလာလေလေ၊ အနုပညာလက်ရာဟာ ပိုပြီး ရသပြည့်ဝလေလေပါပဲ။




Read more...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP