Treatment for Obstructive Sleep Apnoea

>> Saturday, September 6, 2008


အိပ်ရင်းနှင့် အသက်ရှူရပ်ခြင်း ပြဿနာအတွက် ကုထုံး
(Treatment for Obstructive Sleep Apnoea)



ပုံ (၁)


ပုံ (၂)





'စားတာအသား၊ အိပ်တာအား' တဲ့ အဖွားခဏခဏ ပြောဖူးတဲ့ စကားပါ။ အိပ်ခြင်းဟာ ကျွန်မတို့ အမိဝမ်းထဲကနေ ခုချိန်ထို လုပ်မြဲလုပ်နေတဲ့ အလုပ်တစ်ခုပါ။ အိပ်ခြင်းကို ဘယ်သူမှာ ဥပေက္ခာပြုလို့ မရပါဘူး။ နှစ်ချိုက်စွားအိပ်ပျော်ပြီးလို့ နိုးလာတဲ့ အခါမှာ လန်းဆန်းတတ်ကြွတဲ့ ခံစားချက်မျိုးကို အားလုံးခံစားဖူးမှာပါ။ အဲဒီလိုပဲ ညဖက်ကောင်းစွားအိပ်မပျော်လို့ အိပ်ရေးမဝ မလန်းဆန်း မတတ်ကြွဘဲ နုံးချိတဲ့ ခံစားချက်မျိုးကိုလည်း အားလုံးခံစားဖူးမှာပါ။ ကျွန်မတို့လို ကျောင်းသူကျောင်းသားတွေအတွက်ကတော့ အိပ်ရေးမဝတဲ့ ခံစားချက်ဟာ စာမေးပွဲနီးလေ ပိုဖြစ်တတ်လေပါပဲ။


Obstructive Sleep Apnoea(OSA) ရှိတဲ့လူတွေဟာ အခုလို အိပ်ရေးမဝတဲ့ ခံစားချက်မျိုးကို နေ့စဉ်နဲ့ အမျှ ခံစားနေရတာပါ။ အဲဒါကြောင့် သူတို့အနေနဲ့ ကုသမှုကို အမြန်ဆုံးယူသင့်ပါတယ်။ (OSAန) ရှိတဲ့လူတွေ အတွက် ကုသမှုကို အရေတကြီးယူသင့်တဲ့ အခြားအကြောင်းတွေကတော့ (OSA) ကြောင့်ဖြစ်တတ်တဲ့ ရောဂါတွေကြောင့်ပါပဲ။ (OSA)ကို မကုသဘဲ ထားမယ်ဆိုရင် ...
၁) သွေးတိုးခြင်း (High Blood Pressure/ Hypertension)
၂) လေဖြတ်ခြင်း (Stroke)
၃) နှလုံးရောဂါများ (Heart Diseases)
၎) ဒေါသထွက်လွယ်ခြင်း (Short Temper)
၅) လိင်ကိစ္စစိတ်မပါခြင်း (Loss of Interest in Sex)
၆) စိတ်ကျခြင်း (Depression)နှင့်
၇) ကားမောင်းစဉ်အိပ်ပျော်ခြင်း (Sleep Driving)ကြောင့် ယာဉ်တိုက်မှုပြဿနာများလည်း ဖြစ်ပွားတတ်ပါတယ်။

(OSA)ရှိတဲ့လူတွေကလည်း ဘဝမှာ ကျန်းကျန်းမာမာ နေလိုတာကြောင့် ကုသမှုကို ခံယူချင်ကြပါတယ်။ သူတို့တွေအတွက် စိတ်မကောင်စရာ အကြောင်းတစ်ခုကတော့ ခုချိန်ထိ (OSA)ကို ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါးသမဟုတ်၊ နည်းလမ်းမရှိသေးတာပါပဲ။ အိပ်စက်တဲ့အခါ အသက်ရှူရပ်ခြင်းကို ကုသတဲ့နည်းဟာ မျက်စိမှုန်သူတွေ မျက်မှန်တပ်သလိုပါပဲ။ မျက်မှန်ကို တစ်နေ့တာတပ်လိုက်လို့ မျက်စိမှုန်တာ ပြန်မကောင်းနိုင်ဘူးဆိုတာကို လူတိုင်းသိပါတယ်။ မျက်စိမြင်ချင်ရင် မျက်မှန်ကို အမြဲတပ်ရပါတယ်။ အဲဒီလိုပါပဲ အိပ်ရေးဝဝ အိပ်ရပြီး အားအင်ပြည့်ဝလာဖို့အတွက် (OSA)ကိုကုသရေးဟာ ညစဉ်တသက်တာလုံး လုပ်ရတဲ့ အလုပ်တစ်ခုပါ။

(OSA)ဟာဆေးထိုးဆေးသောက်လုပ်ပြီး ပျောက်အောင်ကုသလို့ ရတဲ့ ပြဿနာမဟုတ်ပါဘူး။ သက်သာအောင်ပဲ လုပ်လို့ရပါတယ်။ လည်ချောင်းခွဲစိတ်ပြီး အာခေါင်နု(Soft Palate)နဲ့ အာသီး(Tonsil)ကို ဖြတ်ထုတ်တာတွေကလည်း အလွန်အမင်းနာကျင်ပြီး အကျိုးသက်ရောက်မှု မရှိပါဘူး။ သက်သာအောင် ကုသနည်းကတော့ ပြဿနာရဲ့ ဆိုးရွားမှုပေါ်မူတည်ပြီး ပြောင်းလဲတတ်ပါတယ်။

(OSA)ပြဿနာအလွန်မဆိုးရွားတဲ့ လူတွေအတွက်ကတော့ ဝိတ်ချခြင်းဟာအဓိကကျပြီး အရေးပါတဲ့ ကုထုံးတစ်ခုပါ။ တချို့တွေက ပက်လက်အိပ်မှ (OSA) ဖြစ်တာတွေရှိပါတယ်။ အဲဒီလူတွေအတွက် ပက်လက်မအိပ်နိုင်အောင် ကျောမှာ တန်းနစ် ဘောလုံကို ကြိုးနဲ့ချည်ပြီး၊ အိပ်တာတွေလည်း လုပ်နိုင်ပါတယ်။ (OSA)ပြဿနာဆိုးရွားတဲ့ လူတွေအတွက်ကတော့ အထိရောက်ဆုံးကုသနည်းဟာ (CPAP)ဆိုတဲ့ စက်ကလေးကို အသုံးပြုပြီး အိပ်ခြင်းပါပဲ။ CPAP ဆိုတာ Continuous Positive Airway Pressure ပါ။ မြန်မာလိုအနီးစပ်ဆုံး ဘာသာပြန်ရရင်တော့ တစ်လမ်းတည်း အဆက်မပြတ် သွားနေတဲ့ လေနှုံးပေးစက်လို့ ပြန်ရမယ်ထင်ပါတယ်။ အဲဒီစက်ကလေးရဲ့ လုပ်ဆောင်ချက်ကတော့ အခန်းထဲမှာရှိတဲ့လေ (Room Air)ကိုယူပြီး လေပိုက်ကတဆင့် လူရဲ့နှာခေါင်းမှာ တပ်ထားတဲ့ နှာခေါင်းဖုံး (Nasal Mask)မှနေ အသက်ရှူလမ်းကြောင်း အထက်ပိုင်းနေရာကို လေအဆက်မပြတ်သွင်းပေးပါတယ်။ လေဟာ လည်ချောင်းထဲကို အဆက်မပြတ်ဝင်နေတာကြောင့် လည်ချောင်းကြွက်သားတွေ ပြိုကျပြီး လည်ချောင်းမှာ ပိတ်ဆို့မနေအောင် တွန်းကန်ပေးထားပါတယ်။

အဲဒီစက်ကလေးကို အိပ်ရာဝင်တဲ့ အချိန်မှာပဲ သုံးရတာပါ။ အသုံးပြုတဲ့လူ အိပ်ရာဝင်ပြီဆိတာနဲ့ နှာခေါင်းဖုန်းကိုတပ် စက်ကိုဖွင့်ပြီး အိပ်ရာဝင်ရပါတယ်။ မျက်နှာပေါ်မှာ ခုလို နှာခေါင်းဖုံး(Mask)ကြီး ရှိနေတာကြောင့် အစပိုင်းမှာတော့ သက်တောင့်သက်သာ မရှိသလို ခံစားရတတ်ပါတယ်။ Nasal Mask ခေါ် နှာခေါင်းဖုံး အသုံးပြုပုံကိုတော့ ပုံ(၁)မှာ မြင်နိုင်ပါတယ်။ ပုံ (၂) ကတော့ (CPAP)မှာပါတဲ့ ပစ္စည်းတွေပါ။ အဲဒါတွေကတော့ Nasal Mask ခေါ် နှာခေါင်းဖုံး၊ လေပိုက်နဲ့ လေပေးစက် ဆိုပြီး (၃)ခုရှိပါတယ်။ လေးပေးစက်က သယ်ဆောင်ရလွယ်ကူအောင် သေးသေးလေးတွေလည်းရှိပါတယ်။ အသက်ရှူလမ်းကြောင်းထဲကို သွင်းပေးတဲ့လေနှုံးဟာ လူတစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။ (OSA) ရှိတဲ့လူတစ်ဦးချင်းစီအတွက် လိုအပ်တဲ့လေနှုံးကို ရရှိဖို့ရာ 'Sleep Disorder Unit' မှာ တစ်ညတာအိပ်ပြီး စစ်ဆေးမှု ခံယူရပါတယ်။ သင့်တော်တဲ့ လေနှုံးကိုရရှိပြီး အသုံးပြုမည့်စက်မှာ ချိန်ပြီး အိပ်မယ်ဆိုရင် အဲဒီစက်ကလေးရဲ့ ပထမဆုံး အစွမ်းကတော့ ဟောက်ခြင်းကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဟောက်သံမကြားရတဲ့အတွက် မိမိအမျိုးသမီး(သို့မဟုတ်) အမျိုးသားလည်းပဲ နှစ်ချိုက်စွာ အိပ်ပျော်နိုင်တယ်။ စက်ကိုအသုံးပြုသူမှာလည်း ညဖက်မှာ အိပ်ရေးဝအောင် အိပ်ရတာကြောင့် နေ့ဖက်မှာလည်း လမ်းဆန်းနေပါတယ်။ တချို့ဆိုရင် ခုလိုအိပ်ရေး အိပ်ရေးဝဝမအိပ်ရတာ နှစ်နဲ့ချီပြီဆိုပြီး ပြောကြပါတယ်။ 'အိပ်တာအား' ဆိုတဲ့အတိုင်း ညဖက်မှာ အိပ်ရေးဝဝအိပ်နိုင်တာကြောင့် အိပ်ရာနိုးလာရင် တစ်နေ့တာအလုပ်တွေကို အားအင်အပြည့်နဲ့ ပြန်လည်လုပ်နိုင်လာကြပါတယ်။ တချို့ကျတော့ အခုလို နှာခေါင်းဖုံးကြီးတပ်ပြီး အိပ်ရာဝင်ရတာကို ဘယ်တော့မှအကျင့်မရဘဲ စိတ်ပျက်တဲ့ လူတွေလည်းရှိပါတယ်။ "အရင်ကဆို အိပ်ချင်ပြီဆိုတာနဲ့ အိပ်ရာထဲဝင်ပြီး အိပ်လိုက်ရုံပဲ၊ ခုဆိုအိပ်ရာဝင်ချိန်ရောက်ရင် အလုပ်ကများပြီး သက်တောင့်သက်သာမရှိဘဲ အိပ်ရာဝင်ရတယ်" လို့ညည်းညူကြပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ အဲဒီစက်ကလေးကို မသုံးဘဲ အိပ်ရာဝင်မယ်ဆိုရင် ဆိုးရွားတဲ့ ပြဿနာတွေ ဖြစ်နိုင်တာကြောင့် စက်ကို မသုံးချင်ပဲလည်းသုံးကြရပါတယ်။ (OSA)ကို အရှင်းပျောက်အောင် ကုသနိုင်တဲ့နည်း မပေါ်သေးခင်မှာတော့ CPAP စက်လေးကို အသုံးပြုခြင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀) ကျော်ကတည်းကနေ အခုချိန်ထိ အထိရောက်ဆုံးသော ကုထုံးတစ်ခုအဖြစ် နာမည်ကျော်ဆဲပါ။

OSA အကြောင်းရေးခဲ့တဲ့ ပို့စ်အဟောင်းကို ဒီမှာဖတ်ပါ။

(မေစနိုး)

9 comments:

khin oo may September 6, 2008 at 4:46 PM  

very interesting post.
thank you.

dear...where is C box , missing

Anonymous September 6, 2008 at 6:12 PM  

ဒီပို့ စ်လေးအတွက် ကျေးဇူး မမေစနိုးရေ့ အသက်ရှူရတာမဆိုးပေမယ့် အိပ်ရေးမ၀တာတော့ တော်တော်ခံရခက်တာပဲ နေရတာ ထိုင်းမှိုင်းပြီး ခေါင်းကိုက် ၊အစားလည်းကောင်းကောင်းစားမရ အကျိုးပြုပို့ စ်လေးအတွက်ထပ်မံကျေးဇူးး :)

khin oo may September 7, 2008 at 6:03 AM  

ကိုကြီးဂီ ကို ခင်တယ် ခင်တယ်နဲ. တို.လောက် မခင်ပါဘူး။ တို့ဆို မနက် အစောကြီး ထပြီး comment သွားရေးပြီးပြီ။ c box မထည့်ရင်တော့ comment ကို စီဘောက် လုပ်ပစိလ်ုက်မှာဘဲ.ဘာဖြစ်လို.လဲ. အစ်မတို့ ကို မခင်တော့ဘူးလား။

Anonymous September 7, 2008 at 6:34 AM  

ကိုကိုနိ..မမနိ..... မKOM ကြီးများပီဂျာ များပီ .. :D

Anonymous September 7, 2008 at 10:20 AM  

ဗဟုသုတရတယ်ဗျို့။ အရင်က ဝလာရင် ဘာကြောင့် ဟောက်တတ်ကြတယ်ဆိုတာ မသိဘူး။ ခုတော့ နားလည်သလိုလိုရှိသွားပြီ။ ဆက်ရေးပါဦး။

pandora September 7, 2008 at 10:47 AM  

မှတ်သွားပါတယ်။ ကျေးဇူးပဲ။

Anonymous September 7, 2008 at 12:05 PM  

Very nice informative post May Snow! CPAP is currently the most effective treatment for OSA. If the OSA is mild to moderate from sleep study, it can also be helped with dental devices. There are a couple of dental devices but basically they all are made to protrude the lower jaw. As a result the tongue is pulled forward and cannot obstruct the airway. They are very useful for patient with mild to moderate OSA who cannot tolerate the CPAP machine.

စိုးထက် - Soe Htet ! September 8, 2008 at 5:07 PM  

ထပ် ဖိတ်ပါတယ် ခင်ဗျာ မေးလေး မစပေးပါ :P

ဖိုးသောကြာ September 10, 2008 at 6:03 AM  

ဒီပို့စ်လေးကို အားပေးတဲ့အတွက်အားလုံးကိုကျေးဇူးပါ။

ကိုမောင်မျိုးရေ… အကိုကြီးက အိပ်ရေးမ၀ရင်ခံစားရတဲ့ဝေဒနာကို ကောင်းကောင်းသိတော (OSA)
ရှိတဲ့လူတွေနေ့စဉ်ခံစားကြရတာကို ကိုယ်ချင်းစာနိုင်တာပေါ့။ သနားစရာပါ။
အဲ့ဒါကြောင့် ကျန်းမာခြင်းသည်လာဒ်တပါးလို့ ရှေးပညာရှိတွေမိန့်ခဲ့တာဖြစ်မယ်နော်။

ကိုမောင်ဖြူရေ… ကျွန်မသိသလောက်တော့ ၀တဲ့လူအတော်များများ ဟောက်တတ်ကြတယ်။ ၀ိတ်လျော့လိုက်ရင်လည်း ဟောက်တာသက်သာတတ်ပါတယ်။ ပို့စ်ကိုအားပေးတာ ကျေးဇူးပါ။ ကိုမောင်ဖြူရဲ့ကဗျာတွေကိုလည်း အားပေးဖို့စောင့်နေပါတယ်။

Ma Phuu Pwint Han…
Thanks for the comment. I read about the dental devices and met a few patients who were using it. As I was stilling learning about them I did not have enough confidence to include in my post. My main focus in the post was about CPAP and its usefulness. Your comment helped me learn more. Thank you again for the comment. Really appreciate it. 

ကိုစိုးထက်ရေ…
ကို့ကိုယ်ကိုသမီးလို့ ပြောနေကြ အကျင့်ရနေလို့ သမီးလို့ပဲပြောပါရစေ။
သမီးကခုမှ ဘွဲ့ကြိုတက်နေတဲ့ ကျောင်းသူတယောက်ပါ။ အကိုကြီးဖိတ်တဲ့ ဘလော့ကိုသမီးရောက်ဖူးပါတယ်။ အတော်ဗဟုသုတရနိုင်တဲ့ဆေးပညာတွေကို ၀ါရင့်ဆရာဝန်တွေရေးနေတဲ့ကြားထဲမှာ
သမီးကရေးရမှာမရဲသေးပါဘူးရှင်။ သမီးတကယ်လုပ်နိုင်ပြီဆိုတဲ့အခါကြရင် အကိုကြီးဖိတ်တဲ့ဘလော့မှာ
ကိုယ့်လူမျိုးအကျိုးပြုစာတွေလာရေးပါ့မယ်။ သမီးကိုအထူးဖိတ်တဲ့အတွက် ကျေးဇူးလည်းတင်ပါတယ် ဂုဏ်လည်းယူပါတယ်ရှင်။ ရေးပြီးသားပိုစ့်ကိုလည်း အကိုကြီးရဲ့’Public heath in Myanmar’ ဘလော့မှာတင်ဖို့ခွင့်ပြုပါတယ်။ နောက်ပိုစ့်ရေးဖြစ်ခဲ့လို့ အကိုကြီးစိတ်ဝင်စားရင်လည်း အကိုကြီးရဲ့ဘလော့မှာတင်နိုင်ပါတယ်။

(မေစနိုး)

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP