မြင်းဖြူကလေး…

>> Wednesday, September 3, 2008



တခါတုန်းက အဘွားက ကျနော့်ကို "တောထဲကို သူငယ်ချင်းတွေနဲ့ အတူ ဘယ်ရီသီးသွားခူးချေ။ ခြင်းတောင်နဲ့ အပြည့်ရလာရင် အဘွားက မြို့ပေါ်ယူသွားရောင်းပြီးတော့ မြေးလေးကို ကိတ်မုန့်ဝယ်ပေးမယ်။" လို့ပြောတာ့ ကျနော်က "အဘွား ဒါဆို မြင်းရုပ်ကိတ်မုန့်ဝယ်ပေးနော်" "ဟေး မြင်းကလေးကွ၊ မြင်းကလေး"


မြင်းရုပ်ကိတ်မုန့်ဆိုတာက ရွာက ကလေးတွေအားလုံးရဲ့ အိပ်မက်မဟုတ်လား။ မြင်းရုပ်ကလေးက တကယ့်မှ အဖြူဆွတ်ဆွတ်လေး၊ အဲ မျက်လုံးလေးတွေကကြတော့ ပန်းရောင်လေး။ မြင်းရုပ်ကိတ်မုန့်လေးလိုချင်တော့ ကျနော်လည်း အိမ်နီးနားချင်း သူငယ်ချင်းတွေနဲ့အတူ တောထဲကို ပြေးကြတာပေါ့။ ကျနော်တို့ စတော်ဘယ်ရီသီးတွေ၊ ဘယ်ရီသီးတွေ ပျော်ပျော်ပါးပါးနဲ့ လိုက်ရှာပြီး ခူးကြတယ်။

အသီးတွေ ခြင်းတောင်းအပြည့်ရဖို့ဆိုရင် တောထဲမှာ တစ်နာရီတောင် လျှောက်ပြီး ရှာစရာမလိုပါဘူး။ ခဏနေတော့ သူငယ်ချင်းတွေက ပင်ပန်းတယ်ဆိုပြီး မြစ်ထဲကို ပြေးဆင်းပြီး ရေကစားပေမယ့်၊ ကျနော်ကတော့ ခြင်းတောင်းပြည့်အောင် ရှာဦးမှာဆိုပြီး ဆက်ထွက်ပါတယ်။
"ဟေ့ တို့နဲ့ အတူတူရေလာကူးစမ်းပါကွာ"လို့ သူငယ်ချင်းတွေက ပြောတော့ ကျနော်ကလည်း
"ခြင်းတောင်းအပြည့်ရရင် မြင်းရုပ်ကိတ်မုန့်လေး ဝယ်ပေးမယ်လို့ အဘွားကပြောလို့ကွ ငါ အသီးတွေ အပြည့်ရအောင် ထပ်ရှာလိုက်ဦးမယ်။" လို့ ပြန်ပြောလိုက်ပါတယ်။
"မင်းက ကြောက်တယ်ဆိုရင်လည်း ကြောက်တယ်လို့ပဲ ပြောစမ်းပါကွာ"
"ငကြောက်ကြီးကွ၊ ဟေ့ ငကြောက်ကြီး၊ လောဘကလည်း ကြီးသေးတယ်"

ကျနော်လောဘကြီးတာ တကယ်မဟုတ်ကြောင်း ပြန်ပြီး သက်သေပြဖို့ လိုလာပြီလေ။
"ဟေ့ ကောင်တွေစားကြဦးမလားကွ။ ငါ ဘယ်ရီသီးတွေကို စားပစ်လိုက်တော့မယ်ကွ" ဆိုပြီး မြက်ခင်းပြင်ပေါ်ကို ခြင်းတောင်းကြီး မှောက်ချလိုက်တယ်။
"ငါနဲ့အတူလာစားကြလေကွာ" ဆိုတော့ ခြင်းတောင်းထဲက ဘယ်ရီသီးတွေလည်း ဖြုတ်ကနဲ့ ကုန်သွားတော့တာပေါ့။ ကျနော်က သိပ်မကောင်းတဲ့ဟာတွေ၊ ခပ်စိမ်းစိမ်းအလုံးတွေကိုပဲ စားတာပါ။ ဝမ်းလဲနည်းတာပဲ။ အဖွားက မြင်းရုပ်ကိတ်မုန့်လေး ဝယ်ပေးမယ်ဆိုတာ တခြင်းလုံးအပြည့် အသီးတွေပါမှ ဖြစ်မှာကို။ အခုတော့ မရှိတော့ဘူး။ အခုမှတော့ မထူးတော့ပါဘူးလေဆိုပြီး သူငယ်ချင်းတွေနဲ့အတူ ရေထဲပြေးဆင်းပြီး ကစားလိုက်တော့လည်း ဘယ်ရီသီးတွေ အကြောင်းက မေ့သွားတာပါပဲ။

အိမ်ပြန်ဖို့ အချိန်တန်ပြီဆိုတော့မှ ခြင်းတောင်းထဲမှာ ဘာမှ မပါဘူးဆိုတာကို သတိရတော့တယ်။ "ခြင်းတောင်းအောက်ခြေမှာ မြက်တွေခံထားလိုက်ကွာ၊ အပေါ်က ဘယ်ရီသီးနည်းနည်းလေးကို တင်ထားလိုက်၊ မင့်အဖွားက အောက်ခြေကို လှန်ကြည့်မှာ မဟုတ်ပါဘူးကွ" လို့ သူငယ်ချင်းတွေက အကြံပေးပြီး ပြေးသွားကြတယ်။ ကျနော်တစ်ယောက်တည်း ကျန်ခဲ့ပြီးတော့ ဘာလုပ်ရမလဲ စဉ်းစားတယ်။ အဖွားက ကျနော့်ကို သိပ်ချစ်တာလေ။ ကျနော်က အဘွားကို တခါမှလည်း ညာဖူးတာမဟုတ်ဘူး။ ဒါပေမယ့် မြင်းရုပ်ကိတ်မုန့်လေးကလည်း လိုချင်သေးတာပဲ။ မြင်းရုပ်ကလေးရမယ်ဆိုရင်တော့ ကျနော် ဘာမဆိုလုပ်မှာပဲဗျာ။ ခြင်းတောင်းအောက်ခြေမှာ မြက်တွေထည့်လိုက်တယ်၊ အပေါ်ယံလေးမှာ ဘယ်ရီသီးနည်းနည်းလေးအုပ်လိုက်တော့ ခြင်းတောင်းထဲမှာ ဘယ်ရီသီးတွေ အပြည့်လိုလို ဖြစ်သွားရော။ "ငါ့ မြေးလေးက တော်လိုက်တာကွာ။ ခြင်းတောင်းနဲ့ အပြည့်ရလာတယ်။ ကဲ အဖွား မနက်ဖြန် မြို့ကိုသွားရင် ဒီခြင်းတောင်းကို ယူသွားပြီး ရောင်းလိုက်မယ်နော်။ ပြီး မြေးလေးဖို့ မြင်းရုပ်ကိတ်မုန့်လေး ဝယ်ခဲ့မယ်။" ကျနော် အဖွားကို အမှန်အတိုင်းပြောမယ်လို့ စိတ်ကူးပေမယ့် အဖွားက ကျနော့်ကို ထပ်ချီးကျူးနေတာနဲ့ နောက်မှပဲ အမှန်အတိုင်းပြောတော့မယ်လို့ ဆုံးဖြတ်လိုက်တော့တယ်။

သူငယ်ချင်းတွေနဲ့ လမ်းမပေါ် ကစားပြီးတော့ အိမ်ကို ပြန်လာတော့၊ အဖွားက အိပ်ပျော်နေပြီ။ မနက်အစောကျတော့ အဖွားက မြို့ကို ဘယ်ရီသီးတွေရောင်းဖို့ ထွက်သွားတယ်။ "မင့်အဖွားတော့ လှေကြီးနဲ့ ပြန်လာပါပြီ၊ မင်းတော့ အဆော်ခံရတော့မယ်။" လို့ သူငယ်ချင်းတွေက အော်ပြီး စကြပါတယ်။ ဟုတ်ပါ့ လိမ်ညာထားတာကြီး ပေါ်သွားရင် ဘာဖြစ်မလဲ။ အရင်တုန်းကဆို နေရတာ သိပ်ပျော်ဖို့ ကောင်းပါတယ်။ သွားတယ်၊ ကစားတယ်၊ စားတယ်၊ ဘာအကြောင်းမှ တွေးစရာမရှိဘူး။ ဘာကြောင့်များ သူငယ်ချင်းတွေ ပြောတာကို နားထောင်ခဲ့မိပါလိမ့်။ အဖွားက ခွင့်လွှတ်အောင် ကောင်းမွန်တဲ့ဟာ တခုခု ဘာများလုပ်ရပါ့မလဲ။ ကျနော် ဝမ်းနည်းလာပြီးတော့ ငိုမိပါတယ်။
"ဘာလို့ ငိုနေတာလဲကွ။ အဖွားလာတော့ မင်း ပုန်းနေပေါ့။ တို့က မင်းရေနစ်သွားပြီလို့ ပြောလိုက်မယ်လေ။ အဲဒါဆို မင်းကို အဖွားက ချက်ခြင်း ခွင့်လွှတ်သွားမှာပါ" - လို့ သူငယ်ချင်းတွေက ဝိုင်းပြီးအကြံပေးကြတယ်။
"အဲသလို မလုပ်ဘူးကွာ။ မင်းတို့ပြောတာကို နားမထောင်ဘူး" ပြောရင်း ငိုတယ်။

ပြောနေတုန်းမှာပဲ မြစ်ထဲမှာ လှေတစင်းပေါ်လာတယ်။ လှေပေါ်မှာ အဝတ်အစားလှလှပပဝတ်ထားတဲ့ အဖွားလည်း ပါလာတယ်။ အဖွားက မြို့ပေါ်ကို သွားရင် အဲဒီ အဝတ်လှလှဝတ်လေ့ရှိတယ်။ အဖွားကိုလည်းမြင်ရော ကျနော်လည်း တချိုးတည်း ထွက်ပြေးတော့တာ။
"ဟဲ့ ကလေး၊ မပြေးနဲ့လေ၊ ရပ်ဟဲ့။ ငါပြောနေတာလေ"- လို့ အဖွားကအော်ပါတယ်။ ကျနော်ကလည်း မရပ်ပါဘူး။ "လူလိမ်လေး ရပ်စမ်း"
ရွာအစွန်ရောက်မှပဲ ပြေးတာရပ်တော့တယ်။ အဲဒီနားမှာ ကျနော့်ဦးလေးအိမ်ရှိတော့ တညနေခင်းလုံး အဲဒီမှာ နေလိုက်တယ်။ အိမ်ပြန်ချိန်ရောက်နေပါပြီ။ ကျနော် အိမ်ကို အဖွားမမြင်အောင် တိတ်တိတ်လေးပြန်ပြီး အခန်းသေးသေးလေးထဲမှာ ငြိမ်ငြိမ်လေးအိပ်နေတာပေါ့။

ကျနော် အိပ်ယာကနိုးတော့ နေတောင် အတော်မြင့်နေပါပြီ။ အဲ အဖွားအသံကိုလည်း ကြားလိုက်ရတယ်။ "ယဉ်ကျေးသိမ်မွေ့တဲ့ အမျိုးသမီးကြီးတစ်ယောက် အဖွားဆီကိုလာပြီး၊ ဘယ်ရီသီးတွေကို အကုန်ဝယ်မယ်လို့ ပြောတော့ အဖွားကလည်း ပျော်သွားတာပေါ့။" အဖွားပြောနေတာတွေကို ဆက်မကြားနိုင်တော့လို့ ကျနော် ခေါင်းကို စောင်နဲ့အုပ်ထားမိတယ်။ ရှက်တာလည်း အတော့်ကို ရှက်နေပါပြီ။ အဖွားထွက်သွားပါတော့လို့ ဆုတောင်းနေမိတယ်။ အဖွားက မြို့ပေါ်က သတင်းတွေကို ပြောဖို့နဲ့ သူမရှိတုန်း ဘာတွေ သတင်းထူးသလဲဆိုတာကို မေးမြန်းဖို့ အခန်းကနေ ထွက်သွားပါပြီ။

အဲဒီအချိန်မှာပဲ အခန်းထဲကျနော့်ဆီကို အဖိုးဝင်လာပါတယ်။
"ဗိုက်ဆာနေတာကြီးကို ဘာလို့ အိပ်နေရတာလဲမြေးရ။ အိပ်ယာထတော့၊ ပြီး သွားပြီး တောင်းပန်လိုက်။ သွား သွား။"
ကျနော်ထွက်သွားလိုက်တယ်။
"အဖွား ကျနော် နောက်ကျရင် …." ဆိုပြီး ကျနော် စကားကို ဆက်မပြောနိုင်ပါဘူး။
"အေး ထိုင်ထိုင် စားတော့" ဆိုပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ပြောပါတယ်။
အဲသလိုနဲ့ ပြီးမသွားသေးပါဘူး။ အရှက်ရစရာတွေ ဆက်ပြောပါတယ်။ ကျနော်လုပ်လိုက်တာ သိပ်ကို မှားတဲ့အကြောင်း ပြောပြတာပါ။ ကျနော် ပါးစပ်လေးပိတ်ပြီး နားထောင်ပါတယ်၊ ပြီးတော့ ငါ့ကိုတော့ ဘယ်လိုမှ ခွင့်လွှတ်မှာ မဟုတ်ဘူး၊ ငါဘာဆက်လုပ်ရမလဲ၊ ငါဘယ်လို နေရမှာလဲ ဆိုပြီးတွေးမိတယ်။ ပြီးတော့ စားပွဲပေါ်ကို ကြည့်လိုက်တော့ မြင်ရလိုက်တယ်…

စားပွဲပေါ်မှာ မြင်းဖြူဖြူလေး… မြေပြင်ပေါ်မှာ ပြေးနေသလားထင်ရတယ်…
"သွားယူလေ…ဘာကြည့်နေတာလဲ" အဖွားက ခပ်မာမာလေး ပြောလိုက်တယ်…

နှစ်တွေလည်း ကြာခဲ့ပါပြီ။ အဖိုးနဲ့ အဖွားလည်း မရှိတော့သလို ကျနော်လည်း အဖိုးကြီးအရွယ်ကို ရောက်နေပါပြီ။ အဖွားဝယ်ပေးတဲ့ သိပ်ကိုလှတဲ့ မြင်းဖြူကိတ်မုန့်ရုပ်လေးကို ဘယ်လိုမှ မေ့မရပါဘူး။

По В. Астафьеву

4 comments:

khin oo may September 3, 2008 at 7:12 PM  

ဘယ် အဖွား မှ မြေးကို မဆူရက်ပါဘူး။

Anonymous September 3, 2008 at 8:40 PM  

သားအချစ်၊ မြေးအနှစ်တဲ့။ ဒီပို့စ်လေးကောင်းတယ်။

တန်ခူး September 4, 2008 at 11:39 AM  

သားကို ပြောပြစရာ ပုံပြင်လေးတခုတိုးသွားပြီ… ကျေးဇူးပါ…

RePublic September 4, 2008 at 7:03 PM  

ကလေးဘ၀ အရွှယ်မှာ မခံချင်စိတ် လေးတွေ ကြောင့် ဖြစ်တတ်တဲ့ နောက်ဆက်တွဲ အမှားတွေပါ၊၊ မကြံရွှယ်ဘဲ ဖြစ်သွားရတဲ့ တစ်ချို့ အမှားတွေဟာ အခြေအနေ တခုခုကြောင့် တခါတရံ ပိုရှုပ်ထွေးသွားတတ်ပါတယ်၊၊ အမှားဆိုတာ အမြဲရှိတတ်ပါတယ် ၊၊ နောက်ထပ်မဖြစ်ရအောင် သင်ခန်းစာယူတတ်ဖို့ နဲ့ ၀န်ခံရဲတဲ့ စိတ်ဓါတ် တွေကိုတော့ အမြဲသွင်းထားဖို့တော့လိုမယ်၊၊ သင့်၏ မသင့်၏ ၊ မှန်၏ မမှန်၏ ကိုလည်း စိတ်ရှည်ရှည် ရှင်းပြပေးတတ်ဖို့လည်းအရေးကြီးပါတယ်၊၊

ဘ၀ အရောင်စွန်းမယ့် အမှားမျိုးမှ ကင်းလွတ်ကြပါစေဗျာ ၊၊

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP