အညာကရွာ...(၂)

>> Friday, September 5, 2008

အပိုင်း (၁) ကို ဒီမှာဖတ်ပါ။

ရွာအကြောင်းကို ပြောတော့ စိတ်ထဲမှာ ကုလားပဲဟင်းချို၊ ဗူးရွက်ဟင်းချိုတွေကို ပြေးမြင်ပါတယ်။ ကုလားပဲရွက်ကို ကြော်ပြီးတော့လည်း စားပါတယ်။ ခရမ်းချဉ်သီးငပိချက် ခပ်စပ်စပ်လေးကိုလည်း စိတ်ကူးလိုက်တာနဲ့ သွားရေတွေ ကျလာတတ်ပါတယ်။ အမဲသားကို ငရုတ်သီးစိမ်းတောင့်ရယ်၊ ခရမ်းချဉ်သီးရယ်နဲ့ချက်ထားတဲ့ အမဲသားဟင်း ခပ်စပ်စပ်ဟင်းလေးကိုလည်း သတိရမိပါတယ်။ ကျနော်တို့ရွာတွေမှာက အသားပေါ်တဲ့သူတွေ မရှိပါဘူး။ ကုန်းပေါ်က ရွာတစ်ရွာကတော့ အမဲပေါ်တတ်လို့ သူတို့ လာလာရောင်းတာကို ဝယ်ပြီး စားရပါတယ်။ အဲ ရွာမှာက စီးပွားဖြစ် တံငါလည်း မရှိပါဘူး။ ကျနော် သိသလောက်ကတော့ လှေပေါ်မှာ ပေါင်းမိုးတပ်ပြီး အိပ်လိုလုပ်ကာ တံငါးလုပ်နေတဲ့သူတွေ ရှိပါတယ်။ သူတို့တွေ ရွာထဲကို ဝင်ရောင်းမှသာ စားကြရတာပါ။ သူတို့တွေမှာ အခြေတကျ ကိုယ်ပိုင်ရွာလည်း ရှိတယ်မထင်ပါဘူး။ သူတို့တွေက ရွာထဲကိုလာ ငါးတွေရောင်းလိုက်၊ ရွာထဲ အိမ်ဆိုင်က ဆန်၊ ဆီ၊ ဆား လိုအပ်တာတွေကို ဝယ်သွားတတ်ကြပါတယ်။


နောက်တခု ပြောပြချင်တာက ကျနော်တို့ရွာက ရွာအကြီးကြီး မဟုတ်တော့ ရွာဈေးမရှိပါဘူး။ ရွာမှာ အိမ်ဆိုင်တွေပဲ ရှိတာပါ။ အိမ်ဆိုင်တွေကလည်း မြင်းခြံ၊ ပခုက္ကူမြို့တွေကို သွားပြီး ရောင်းစရာတွေကို ဝယ်ပြီး ပြန်ရောင်းကြတာပါ။ ဒီတော့ ကုန်းဖက်နဲ့လည်းနီး၊ ကျွန်းထဲကနေလည်းမဝေး၊ ရွာလည်းကြီးတဲ့ ကိုရင့်ရွာမှာ ငါးရက်တပတ် ရွာဈေးလေးရှိပါတယ်။ အနီးအနား ရွာပေါင်းစုံက ဈေးသည်တွေ လာကြသလို၊ ကိုယ့်စိုက်ခင်းထွက်ကုန်တွေကို ရောင်းချမယ့် အမြဲတမ်းဈေးသည် မဟုတ်တဲ့ တောင်သူတွေလည်း လာရောင်းတတ်ပါတယ်။ ကုန်းပေါ်ဖက်က ဘာတွေလာရောင်းတတ်သလဲဆိုတော့ ရေပုံးတွေ၊ ကြိုးအမျိုးမျိုးတွေ ရောင်းသလို၊ ထင်းလှည်းတွေလည်း လာရောင်းကြပါတယ်။ ဝါတွေစိုက်ပြီး ယက္ကန်းယက်ကြတဲ့ ရွာတွေဖက်က ချည်ထည်လုံချည်၊ အင်္ကျီ၊ အဝတ်အထည်အမျိုးမျိုးတွေလည်း လာရောင်းကြပါတယ်။ မြို့ပေါ်ကနေပြီး ဝယ်လာပြီး တဆင့်ပြန်ရောင်းတဲ့ ချည်အချောအလှအပ အဝတ်အထည်ရောင်းဆိုင်တွေလည်း ရှိတာပါပဲ။ အဲဒီ ရွာဈေးလေးက အတော်စည်းကားလှပါတယ်။ အခုအသက်ကြီးလာတော့ ဈေးဝိုင်းလေးက သေးတယ်လို့ ထင်မိပေမယ့်၊ ငယ်ငယ်တုန်းကဆို အဲဒီဈေးထဲမှာ မျက်စိလည်ပြီး၊ လမ်းတွေလည်း ပျောက်ခဲ့ဖူးပါတယ်။ ကျနော့်အဒေါ်အပျိုကြီးက ဈေးသည်ဆိုတော့ကာ သူငါးရက်တပတ်ဈေးကို သွားတဲ့နေ့ဆို သူပြန်အလာကို မာလကာပင်ပေါ်ကနေ တက်ပြီး မျှော်ရပါတယ်။ အဒေါ်က ကျနော်တို့ အတွက် စားစရာသွားရေစာ မျိုးစုံကို ဝယ်လာတတ်တာကိုး။ အခုတော့ အဒေါ်ကြီးလည်း အသက် ၈၀-ကျော်လို့ ဘာမှ မလုပ်နိုင်ရှာတော့ဘူး။

ရွာက အိမ်ဝိုင်းထဲမှာက မာလကပင် အကြီးကြီး - ၄ ပင်ရှိပါတယ်။ ကျနော်တို့ မျောက်လောင်းတွေကတော့ ပျင်းနေရင် မာလကာပင်တွေပေါ်တက်ပြီး မာလကာသီးတွေကို ခူးစားကြတာပါပဲ။ အဲ မာလကာပင် တပင်က အတော်ကို မြင့်တော့ ထိပ်ဆုံးထိတပ်ပြီး မျှော်စင်ကြီးလိုပါပဲ။ သူ့ထိပ်ဆုံးကိုတက်ပြီး အဝေးကို ငေးတဲ့အခါငေး၊ အဒေါ်ကို မျှော်တဲ့အခါ မျှော်ပေါ့။ မာလကာပင်က အူနီပင်၊ အူဖြူပင်ဆိုပြီးရှိတာပါ။ အူဖြူပင်က ကိုက်လိုက်ရင် ခပ်ကြွတ်ကြွတ်လေးနဲ့ စားလို့ကောင်းသလို၊ အူနီသီးကကြတော့ မကြွတ်ဆတ်ပေမယ့် ချိုရွဲရွဲလေးစားလို့ကောင်းပါတယ်။ နောက်ပိုင်းကျတော့ အိမ်ဝိုင်းထဲမှာ အဖေက မာလကာပင် ပုပုလေးတွေ ထပ်စိုက်ပါတယ်။ အပင်တွေကသာ ပုတာပါ၊ သူကသီးတဲ့ အသီးက အလုံးကြီးပြီး ခပ်ကြွတ်ကြွတ်စားလို့ အတော်ကောင်းပါတယ်။ အဲ အိမ်းဝိုင်းထဲမှာ သရက်ပင်တွေလည်း ရှိတာပါပဲ။ သရက်သီးများကတော့ အပွင့်ကနေစပြီးတောင် စားကြပါတယ်။ ငံပြာရည်ဖျော်နဲ့ တို့စားတာပါ။ သရက်ကင်းအရွယ်ကျလည်း ဆားရည်စိမ်ရင် စိမ်တယ်၊ မဟုတ်လည်း သူ့အတိုင်းကို အတို့လုပ်စားပါတယ်။ သရက်သီး နည်းနည်းကြီးလာရင် ဓါးနဲ့လှီးပြီး သရက်ချဉ်လုပ်တာပါပဲ။ ကျနော်တို့အိမ်ကတော့ သရက်သီးတွေကို ခူးပြီးမလုပ်ပါဘူး။ လေတိုက်လို့ ကြွေကျလာတဲ့ အသီးမှ လုပ်တာပါ။ များသေားအားဖြင့်ကတော့ အလုံးကြီးအောင် စောင့်ပါတယ်။ အလုံးကြီးလာရင်တော့ ကုက္ကိုရွက်တွေနဲ့ အုံတော့တာပဲ။ သရက်သီးစာရင် အခွံပါတွဲစားရတယ်တဲ့၊ ဝမ်းမလျောအောင်လို့ပါ။ ကျနော်ကတော့ သရက်သီးနဲ့လည်း ထမင်းစားတတ်တာပါပဲ။

နောက်ထပ်အိမ်ဝိုင်းထဲမှာ ရှိတာကတော့ ဆီးပင်(ဇီးပင်)ပါ။ ဆီးသီးတွေကို ဖောသီလောသီစားရပါတယ်။ ပိုတဲ့ဟာဆို အခြောက်လှမ်းထားတတ်တယ်။ ပိုတဲ့ဟာလို့သာ ပြောရတာ သူသီးသမျှကုန်အောင် စားနိုင်တယ် မရှိပါဘူး။ နောက်များ ဆီးသီးရှားတဲ့အချိန်မှာ ရေဆေးပြီး ရေခွက်ထဲမှာ စိမ်ပြီး စားတတ်သလို၊ ထန်းလျက်တွေနဲ့လည်း ကျိုပြီးစားကြပါတယ်။ ဆီးပင်က အကိုင်းတွေများဆို ခုတ်ပြီး ခြံစည်းအဖြစ် ကာတတ်သလို၊ ထင်းအဖြစ်လည်း အသုံးပြုကြပါတယ်။ ထင်းအဖြစ် ကုက္ကိုကိုင်းတွေကိုလည်း ခုတ်ထစ်ပြီး အခြောက်လှမ်း သုံးကြသလို၊ ကုန်းအရပ်က ရောင်းတဲ့ ထင်းလှည်းတွေလည်း ဝယ်ပြီး သုံးရပါတယ်။ ထင်းတွေကို ဝယ်ပြီးလှောက်တာက ဝါဆိုဝါခေါင်ရေဖောင်ဖောင်မှာ သုံးရအောင်လို့ပါ။ ဝါဆို၊ ဝါခေါင်မှာဆိုရင် တရွာလုံးလဲရေတွေနဲ့၊ ရွာပတ်ဝန်းကျင်ကလည်း ရေပြင်တွေကြီးပါပဲ။ ရေတက်တဲ့ကာလတွေမှာ မြစ်ထဲ အထက်ပိုင်းက ထင်းတွေ မြစ်ရေနဲ့ အတူမျောလာတယ်ထင်ပါရဲ့။ ရွာထဲကနေ လှေတွေနဲ့ စီးပွားဖြစ် ထင်းဆယ်တဲ့သူတွေလည်းရှိပါရဲ့။ သူတို့ဆီကနေဝယ်ပြီးလည်း သိမ်းထားတတ်ပါတယ်။ မှတ်မှတ်ရရပြောရရင် မြစ်ရေနဲ့အတူ ဂုံညင်းသီးတွေ ပါလာတတ်လို့ ဆယ်ပြီး သိမ်းထားတတ်ပါတယ်။ ရေကျတဲ့ အချိန်ကျတော့ ကလေးတွေ ဂုံညင်းထိုးတမ်းကစားကြတာပေါ့။ နည်းနည်းအရွယ်ကြီးတဲ့ သူတွေက ပိုက်ဆံကြေး ဂုံညင်းထိုးကြပါတယ်။ ဒီတော့ ဂုံညင်းကို လေးလေးလေး ဖြစ်နေအောင် ဂုံညင်းကို အပေါက်ဖောက်၊ အထဲက အဆံတွေ ထုတ်၊ ပြီးတော့ ခဲ( Lead) တွေကို အရည်ဖျော်ပြီး ထည့်တော့ မာမာလေးဖြစ်သွားတာပေါ့။



စကားစပ်လို့ ပြောဦးမယ်ဗျာ - ကျနော်တို့ရွာမှာ ပြိုင်လှေတွေရှိတယ်ဗျ။ ရွာပိုင်ပေါ့။ ရွာထိပ်က ဘုန်းကြီးကျောင်းမှာ ထားတယ်။ ရေတွေများလာတဲ့ရာသီဆိုရင် ချောင်းရိုးတွေထဲ ရေတွေ ရောက်လာပြီဆိုလောက်ကတည်းကပါပဲ အဲဒီပြိုင်လှေတွေကို ရေချပြီး၊ ရွာကလူငယ်တွေ လှေလှော်ကျင့်ကြတာပေါ့။ ရွာက လှေနာမည်တွေက ဇော်မင်းနဲ့ ဇော်ဝင်းတဲ့။ ပြိုင်လှေဦးက ထောင်နေတဲ့ နေရာမှာ ရွဲလုံးကြီးတွေ အလှတပ်ပြီးလည်း ဘုရားပွဲလှည့်တာတွေလည်းရှိရဲ့။ ပြိုင်လှေက ကိုယ်ထည် အလုံးသေးသေးနဲ့ လူတစ်ယောက်စာ ထိုင်သာယုံလောက်ပါ။ လူတွေက အစီအရီထိုင်ပြီး တစ်ယောက်က လှေရဲ့ညာဖက်မှာ တက်ချပြီးလှော်ရင်၊ နောက်တစ်ယောက်က လှေရဲ့ဘယ်ဖက်ကို တက်ချပြီး လှော်ပါတယ်။ လှေရဲ့ နောက်ဆုံးမှာ တက်မကိုင်ကြီးပေါ့။ ဘုရားပွဲလှည့်တာမျိုးဆို လှေလှော်သားတွေကိုင်တဲ့ တက်မှာ ငွေရောင် အလင်းပြန်တာတွေ သုတ်ထားတာကိုး။ ဒီတော့ လှေအလယ်လောက်မှာ ထိုင်ပြီး စည်တီးတဲ့သူရဲ့ စီးချက်အတိုင်း တက်မတွေကို ညီညီညာညာမြောက်ပြီး အလှလှော်တာများဗျာ ငယ်ငယ်တုန်းက ကြည့်ဖူးတာဆိုပေမယ့် အခုထိ မျက်လုံးထဲက မထွက်ဘူး။ ပြိုင်လှေတွေက ရွာအပြင်ထွက်လှော်တော့ ဘယ်သူတွေ ကြည့်ကြတုန်း မေးချင်ကြမယ်။ အဲ အိမ်တိုင်းနီးနီးမှာ ကိုယ်ပိုင် ရိုးရိုးလှေတွေ ရှိတာပေါ့။ အဲဒါတွေနဲ့ ထွက်ကြည့်ကြတာပေါ့။ ကျနော်တို့ အိမ်မှာဆို လှေကြီး ၂ - စီးရှိတယ်။ တခုက အကြီးကြီး၊ နောက်တခုကတော့ အရွယ်လတ်ပေါ့။ လှေအကြီးကြီးကတော့ ခရီးခပ်လှမ်းလှမ်းသွားလို့ရတယ်လေ။ ရွက်အကြီးကြီးတပ်ပြီးတော့ပေါ့။ ရေမဝင်တဲ့ ရာသီတွေမှာတော့ သူတို့ကို စင်လေးဆောက်ပြီး တင်ထားရတယ်။ ရေစဝင်လာတဲ့ ရာသီမှာ လှေတွေက လှေစင်ပေါ်ကချပြီး ပွန်းညက်တွေနဲ့ လှေပေါက်တွေ၊ လှေစပ်ထားတဲ့ ပျဉ်အစပ်တွေကို ဖာရတယ်။ ပြိုင်လေးသေးသေးလေးတွေက ရွာက လူငယ်တိုင်းဆီလောက်မှာ ရှိတယ်။ သူလည်း လုံးလုံးသေးသေးလေးတွေပဲ။ သူကတော့ တစ်တောင်လောက် အရှည်ပဲရှိတာကိုး။ အလုံးကလည်း လက်တကိုင်စာလောက်ပဲရှိတာလေ။ သူ့ကိုကျတော့ လူတက်လှော်လို့မှ မရတာ။ ပလတ်စတစ်ရွက်တွေတပ်ပြီး ကလေးတွေ လှေပြိုင်တာပါပဲ။ ကျနော့်မှာက သစ်သားစက်လှေလေးရှိတယ်။ အကိုတွေ လုပ်ပေးထားတာ။ သစ်သားကိုထွင်းထားတာပဲ။ စက်လှေအခေါင်းရဲ့နောက်မှာ အပေါက်လေးဖောက်ပြီး ပန်ကာဝန်ရိုးတပ်ထားတယ်။ ပန်ကာကိုကျတော့ ကက်ဆက်ထဲက မော်တာနဲ့ လည်တာလေ။ ဓာတ်ခဲတွေလည်း စက်လှေပေါ်မှာပေါ့။ အဲဒါတွေနဲ့ ကစားရင် ကြီးလာတာပါပဲ။ အခုတော့လည်း နွားရုပ်တွေ၊ နွားရုပ်လှည်းတွေ၊ စက်လှေတွေတောင် ဘယ်ရောက်ကုန်ပြီးလဲ မသိပါဘူး။



ကျနော်တို့က ရွာကအိမ်က ၂-လုံးဗျ။ နှစ်ဆောင်ပြိုင်ခေါ်မယ်ထင်တယ်။ အိမ် နှစ်အိမ် အပြိုင်ဆောက်ထားတာ။ အိမ်အပေါ်ထပ်ကြမ်းပြင်နဲ့ အမြင့်ညီတူမှာ အိမ်၂ လုံးကြား ဝါးစင်ကြီးထိုးထားတာ။ ရေတွေကြီးတဲ့အချိန်မှာ အဲဒီဝါးစင်ကြီးပေါ်မှာ ညဖက်ထွက်နေကြတာပေါ့။ လလေးကသာသာ၊ လူကြီးတွေပေါ် ပိုးလိုးပက်လက်လှဲပြီး၊ သူတို့စားတဲ့ လက်ဖက်သုပ်နှိုက်စားလိုက်၊ ရေနွေးကြမ်းသောက်လိုက်နေတာပါပဲ။ အဲဒီ ၀ါးစင်ကြီးက နွေရာသီကြလည်း အိမ်နှစ်အိမ်ကြားမှာ အမိုးကြီးဖြစ်နေတာပဲ။ နေကြာတွေ ပုတ်တဲ့အခါဖြစ်ဖြစ်၊ မြေပဲတွေ ဆွတ်တဲ့အခါဖြစ်ဖြစ်၊ ပြီး ဆေးတွေကိုင်တဲ့အခါဖြစ်ဖြစ် အဲဒီအောက်မှ လုပ်ကိုင်တတ်ကြတယ်။

ကျနော်တို့က တောမကျ၊ မြို့မကျ ကောင်တွေပါ။ နေတာက မြို့ပေါ်၊ ကျောင်းပိတ်ချိန်ကတော့ ရွာကို ပြန်တယ်။ ရွာမှာ တောင်သူအလုပ်လုပ်ရတာကိုး။ ကလေးဆိုတော့ တောင်သူဦးစီးတော့ ဘယ်ဟုတ်ပါ့မလဲ။ တောက်တိုမယ်ရ လုပ်ရတာပေါ့။ မနက်မိုးလင်းရင် ဘုရားသောက်တော်ရေ၊ လူသောက်ရေ၊ သုံးရေ၊ နွားစာကျင်းရေ ခပ်ရတယ်။ လက်ငင်တွင်းပဲ။ စက်သီးနဲ့ဆွဲလို့လည်းရတယ်။ အဲဒါတွေလုပ်ပြီးရင် နွားချေးကျုံး၊ အမှိုက် အတော်အတန်လှဲရတယ်။ လိုအပ်ရင် တောထဲကို ထမင်းထုပ်လည်း လိုက်ပို့ရတယ်။ ငယ်ငယ်က ထွန်စီးလုပ်တဲ့သူကို သိပ်အားကျတာ။ သူက ဆရာပဲလေ။ ကိုယ်ကတော့ ထွန်နောက်က မြက်ကောက်အဆင့်ပါ။ ထွန်ဦးစီးဆိုတာက ရွာအိမ်မှာက ပညာရှင်လေ။ နည်းနည်းကြီးလာတော့ လုပ်ဖူးတယ်ရှိအောင် ထွန်တက်စီးဖူးတယ်။ ပြီးတော့ ထယ်လည်းထိုးဖူးတယ်။ ငယ်တုန်းက မလုပ်ရဘူး။ နွားခြေပြတ်သွားမှာ စိုးရိမ်လို့။ အကိုင်မတတ်ရင် ထယ်သွားနဲ့ နွားခြေကို လှီးဖြတ်သလို ဖြစ်တတ်တယ်။

ငယ်ငယ်က ရွာမှာတုန်းက ကစားရင် နွားရုပ်လေးတွေနဲ့။ ကစားစရာ လှည်းသေးသေးလေးတွေလည်း ရှိတာပဲ။ ကျနော်က နွားကို အတော်ချစ်တာ။ အိမ်မှာ နွားညိုကြီးရှိတယ်။ သိပ်လှတာ။ နွားက တအားလည်း သွက်တယ်။ နွားပျင်းမဟုတ်ဘူး။ သူ့နားရွက်တွေက အမြဲစွင့်နေတာလေ။ ကြိမ်တံကိုလည်း ကိုင်စရာ သိပ်မလိုဘူး။ သူက ကြိမ်တံ အထိတောင် ခံချင်တဲ့ ကောင် မဟုတ်ဘူးဗျ။ အခုတော့ သူလည်း ဆုံးသွားရှာပါပြီ။ သူက ခြံပေါက်နွားလေ။ သားရေဖင်ထိုင် သုံးတာ။ သဘောက နွားကြီး အိုသွားလို့ဆိုပြီး ထုတ်မရောင်းဘူး။ သေသွားတောင် သူ့သားရေကို ဖင်ထိုင်အဖြစ်သုံးတယ်လို့ ပြောတာ။ ကျနော်က ကလေးဆိုတော့ ညဖက် နွားစာကျွေးတာဝန်လည်း ကျတတ်တယ်။ နွားစာကျတော့ အစင်းမခိုင်းဘူး။ ကလေးဆိုတာကလည်း လူရာအလွန်ဝင်ချင်တာပါ။ လူကြီးက အန္တရာယ်ရှိလို့ မခိုင်းတာကို မကျေနပ်ဘူး။ ဇွတ်လူကြီး ဖြစ်ချင်တော့ လူကြီးလစ်တဲ့အချိန် ခိုးပြီး နွားစာစင်းတော့တာပဲ။ နွားစာစင်းစင်ဆိုတာကို မျက်လုံးထဲ မြင်အောင်ပြောပြမယ်။ လူခါးလောက် အမြင့်ရှိတဲ့ စင်ပါပဲ။ တဖက်ထိပ်မှာတော့ သစ်သားပြားအမာကို အောက်ခုံခုတ်တုံးသဘောမျိုးထားတယ်။ သူ့အပေါ်မှာ ဓားအရှည်တပ်ထားတယ်။ ဓားကို အပေါ်ဖက်က နောက်ကို ကိုင်းပြန်တဲ့ ဝါးကိုင်းကနေ ကြိုးနဲ့ ဆွဲချိတ်ထားသလို၊ နွားစာစင်းစင်အောက်မှာလည်း ဝါးလုံးရှည်တချောင်းရှိတယ်။ သူကိုလည်း ဓားရိုးနဲ့ ချိတ်ထားတယ်။ ဝါးတံကိုခြေထောက်နဲ့ နင်းပြီး ဓားကို အောက် ခုတ်တုံးပေါ်ကျအောင် လုပ်တာပဲ။ ဒီတော့ လက်နှစ်ဖက်နဲ့ ပြောင်းဖူးပင်လို နွားစာစင်းမယ့်ဟာတွေကို ကိုင်ပြီး ဓားအောက်ကိုသွင်း၊ ခြေထောက်ကလည်း အချိန်မှန်မှန်နင်း၊ နွာစာကိုလည်းရှေ့ကို ပုံမှန်လေး တဖြည်းဖြည်းသွင်းပေါ့။ သဘောကတော့ နွားစာကို လက်တဖက်နဲ့ကိုင်ပြီး လက်တဖက်က ဓားကိုင်ပြီး ခုတ်သလိုပါပဲ။ နွားစာစင်းစင်ရှေ့မှာ ခုတ်ပြီးသားနွားစာတွေ ထွက်လာရင် ခံဖို့ နွားစားခြင်းအကြီးကြီးတခုထားတာပေါ့။



ကျနော်တို့အရပ်က ဗမာဆေးစိုက်ကြတာ များတယ်။ ဆေးရွက်ကြီးပေါ့။ ဆေးပင်က တပင်လုံး အသုံးဝင်တယ်။ အမြစ်ကစလို့ သုံးတာပါ။ ဗမာဆေးရွက်ဆိုတာက အရွက်ကြီးတဲ့ အချိန်မှာဆို မုန့်ဆီကြော်တဲ့ ဒယ်ဝိုင်းလောက်တော့ ကြီးတတ်တယ်။ မုန့်ဆီကြော်တဲ့ ဒယ်ဝိုင်းကိုမသိရင် စကောလောက်ဗျာ။ စကောဆိုတာကို မသိသေးရင် လက်နှစ်ဖက်ကိုသာ အချင်းချင်းထိပ်ကကိုင်ပြီး ဝိုင်းကြည့်လိုက်။ ပြီးတော့ နည်းနည်းလေး ကြီးလိုက်။ ဆေးပင်စိုက်တာက ဒီလို။ ပျိုးပင်လေးတွေ ဝယ်စိုက်ရတာ။ ဆေးပင်ကြီးလာရင် အရွက်တွေက ဖားဖားကြီးတွေ ထွက်လာမှာဆိုတော့ တပင်နဲ့ တပင်ကို ခပ်ခွာခွာလေး အကွက်ချစိုက်ရတယ်။ ဆေးပင်ငယ်ငယ်ကလေးကို မြေကြီးထဲ စိုက်သွင်းပြီး နေကွယ်အောင် ခဲလုံးလေးနဲ့ ကာခဲ့ရတယ်။ ဆေးခင်းထဲမှာ ပေါင်းမြက်တွေ မပေါက်အောင်ကလည်း ပေါင်းပင်တွေ ရှင်းရတယ်။ ရေတွေလည်း လောင်းပေးရတတ်တယ်။ အပင်သေးလေးတွေ စောစောစီးစီး သေသွားရင် သူ့နေရာမှာ အစားထိုးပြီးလည်း နောက်တပင် စိုက်ရတယ်။ ဆေးပင် နည်းနည်းကြီးလာလို့ အရွက်တွေလည်း အတော်အသင့်ကြီးလားရင်၊ အောက်လက်ချိုးတယ်ဆိုပြီး၊ အပင်အောက်ခြေက အရွက်တွေကို ခူးပေးရတယ်။ အဲဒီအရွက်တွေကလည်း အခြောက်လှမ်းပြီး ရောင်းလို့ရပါတယ်။ သူ့ဈေးကတော့ သိပ်မကောင်းဘူးပေါ့။ နည်းနည်းကြီးလာရင် ဆေးပင်ထိပ်က အညွှန့်ကို ချိုးပေးရတယ်။ အပင်မြင့်သွားတာ မလိုချင်လို့ပါ။ ဒါမှ ဆေးပင်အပေါ်နားက အရွက်တွေက ဘေးကိုကားပြီး ထွက်လာမှာကိုး။ ပိုးတွေကျတတ်လို့ ပိုးသတ်ဆေးတွေလည်း ဖြန်းပေးရတယ်။ အရွက်တွေလည်း ကြီးလာပြီး ဆေးလည်း ရင့်လာပြီဆိုရင် ဆေးရွက်ခူးတော့တာပါပဲ။ အိမ်တင်လူနဲ့ ဘယ်အဆင်ပြေမလဲ။ ရွာထဲက တောင်သူမကြီးတဲ့သူ၊ အငှားလိုက်တဲ့သူတွေကို ငှားရတာပေါ့။ တစ်မနက်ကို ပိုက်ဆံဘယ်လောက်ပေးရတယ်ဆိုတာတွေတော့ မေ့ကုန်ပြီ။ အခုခေတ်ဈေးတွေလည်း မသိတော့ပါဘူး။ ဆေးရွက်တွေကို လှည်းကြီးနဲ့တင်ပြီး အိမ်ကို ပြန်လာတယ်။

ဆေးရွက်က အစိုတွေဆိုတော့ ဒီတိုင်းကြီးဘယ်ပြီးဦးမလဲ။ ညဖက်မှာ ဘက်ထရီးမီးလေးခပ်မှုန်မှုန်ထွန်းပြီး ဆေးရိုက်ရပါတယ်။ ဆေးရိုက်တယ်ဆိုတာက ဒီလိုပါ။ ဆေးရွက်ကြီးမှာ အလယ်က အရိုးကြီးက စိမ်းပြီး မာနေတာကို ရိုက်ရတာ။ သူကြေသွားမှ နေလှမ်းရင် အခြောက်မြန်မှာကိုး။ ဆေးရိုက်တာက များသောအားဖြင့် ယောက်ျားလေးက ဆေးရိုက်တယ်၊ မိန်းကလေးက ဆေးရွက်ဆွဲရတယ်။ အရှည်၂ -ပေ အနံ ၁-ပေ လောက်ရှိတဲ့ သစ်သားအပြားအထူပေါ်ကို ဘယ်ဖက်မှာ မရိုက်ရသေးတဲ့ ဆေးပုံပေါ်က ဆေးရွက်ကြီးကို ဘယ်ဖက်နဲ့ဆွဲတင်၊ ညာလက်နဲ့ ကိုင်ထားတဲ့ ဆေးရိုက်တက်အပြားနဲ့ ဆေးရွက်ကို ရိုက်ချရတယ်။ ရိုက်ပြီးသားဆေးရွက်ကို ဆေးရိုက်ခံရှေ့မှာ ထိုင်နေတဲ့ မိန်းကလေက ဆွဲပြီး ဖြတ်ကနဲ့ ခြေထောက်နား ပုံလိုက်တယ်။ အရိုက်နဲ့ အဆွဲ တိုင်မင်ကိုက်ရပါတယ်။ မကိုက်လို့ လက်ထုမိတတ်ပါတယ်။ ကျနော်တို့လို ကလေးတွေကတော့ ဆေးလည်း မရိုက်ရပါဘူး၊ ဆေးလည်း မဆွဲရပါဘူး။ မရိုက်ရသေးတဲ့ ဆေးပုံတွေကိုသယ်လိုက်၊ ရိုက်ပြီးသားတွေကို ပို့လိုက်လုပ်ရတာပါ။

ဆေးရွက်တွေရိုက်လို့ပြီးရင် ဆေးလှမ်းရပါတယ်။ ဆေးရွက်တွေကို လှမ်းပြီး သူတို့ခြောက်လာတဲ့အခါ လေတိုက်လို့ လွင့်ပါမသွားအောင် ယင်းတံနဲ့ဖိရပါတယ်။ ယင်းတံဆိုတာက လက်မလောက်တုတ်ပြီး လူတစ်ရပ်လောက်ရှည်တဲ့ တုတ်ချောင်းရှည်ပါ။ ယင်းပင်က ရလို့ ယင်းတံလို့ခေါ်တာများလား အသေအချာမသိပါဘူး။ ယင်းတံချတယ်၊ ကိုင်းတံချတယ်လို့ ကျနော်တို့အရပ်က ခေါ်ပါတယ်။ အိမ်ဝိုင်းအကျယ်ကြီးထဲမှာ ဆေးလှမ်းသလို၊ ကိုယ့်ရွာနားက ရိတ်သိမ်းပြီးလို့ ဘာမှ မရှိတော့တဲ့ အခင်းလွတ်တွေထဲမှာလည်း ဆေးရွက်လှမ်းလေ့ရှိပါတယ်။ တချို့တွေကတော့ ရေမရှိတော့တဲ့ ချောင်းထဲက သဲပြင်ပေါ်မှာလဲ ဆေးရွက်ကြီးလှမ်းပါတယ်။ သဲပြင်ပေါ်လှမ်းရင်တော့ ယင်းတံမချပါဘူး။ ဆေးရွက်တွေပေါ် သဲနဲ့ပက်လိုက်တာပါပဲ။ တောင်သူလုပ်ရတာ အဲသလိုပင်ပန်းပါတယ်။ ဒါက ဆေးလှမ်းတာပဲ ရှိသေးတာပါ။

ဆေးရွက်ကြီးတွေ ခြောက်သွားပြီဆိုရင်ဆိုရင် ဆေးရွက်တွေကို ရုတ်ရပါတယ်။ လှမ်းထားတဲ့ ဆေးရွက်တွေကို ပြန်သိမ်းရတာပါ။ ဆေးရွက်တွေက နေပူလှမ်းထားတာဆိုတော့ အစိမ်းရောင်အရွက်ကနေ အဝါရောင်ကို ပြောင်းနေပါပြီ။ နေပူတော့ ဆေးရွက်တွေက ကြွပ်ဆပ်နေပါတယ်။ ဒီတော့ ရေမွှားမွှားပြန်ဖြန်းရပါသေးတယ်။ ဆေးရွက်တွေကို ကိုင်လို့ရအောင်လို့ပါ။ အဲဒီလို လုပ်နေတဲ့အချိန်မှာ လေငြိမ်နေရင် ကိစ္စမရှိပါဘူး။ လေများတိုက်ရင်တော့ ချထားတဲ့ ယင်းတံရုပ်ရတဲ့သူနဲ့ ဆေးသိမ်းတဲ့သူနဲ့ မဝေးမကွာဖြစ်အောင်လုပ်ရပါတယ်။ တခါတလေများ ဆေးလှမ်းထားတဲ့နေရာကို လေပွေဝင်တိုက်သွားလို့ကတော့ အသည်းကို ကွဲပါရော။ လှမ်းထားတဲ့ဆေးတွေ ကျိုးကြေကုန်။ တစစီလိုက်ကောက်ရတာ။ ဘယ်လိုလုပ်ပြီး ဈေးကောင်းရတော့မလဲ။ ဆေးရွက်တွေ အိမ်ရောက်တော့ အောက်ခြေကို သဲခင်းပြီးဆေးရွက်တွေကို ထပ်ပြီး သိမ်းရပါတယ်။ ဒါတောင် ပုတ်ထဲမထည့်ရသေးပါဘူး။ ဆေးပုတ်ထဲကို ထည့်တာက နောက်ဆေးတွေ အားလုံးသိမ်းပြီးမှပါ။ ဆေးကိုင်တတ်တဲ့သူကို ငှားပြီးမှ ဆေးပုတ်ထဲ ထည့်ရတာပါ။ ဆေးပုတ်ဆိုတာက ဝါးပြားလေးတွေနဲ့ ယက်ထားတဲ့ ခြင်းတောင်းအကြီးကြီးပါ။ ဆေးက ဒါက အရွက်ကိစ္စပဲရှိသေးတာပါ။ အရွက်တွေခူးလိုက်တော့ ကျန်ခဲ့တဲ့ ပင်စည်အရိုးကလည်း အလကားမဖြစ်ပါဘူး။ နှုတ်ပြီး တမိုက်လောက် အဖြတ်လေးတွေ ခုတ်ပြီး နေလှန်းရတာပါပဲ။ နေပူထဲဆေးရိုးတွေကို လှမ်းတော့ ဆေးရိုးလှန်းတယ်ခေါ်တာလေ။ ဆီကို ရေချိုး၊ ဆေးရိုးမီးလှုံဆိုတဲ့ သီချင်းစာသား ကြားဖူးတယ်မိုလား။ မီးရေးထင်းရေးလည်း ဂရုစိုက်ရပါတယ်။ မီးများ ပေါ့ဆလိုက်လို့ကတော့ တစ်နှစ်လုံး ကြိုးစားလုပ်ထားတာလေး မီးထဲပါသွားရင် တောင်သူဆိုတာ ကုန်းကောက်စရာ မကျန်အောင် ဖြစ်သွားတာလေ။

ကျနော်တို့အရပ်မှာ တောင်သူအများစိုက်တာက မြေပဲပါ။ မြေပဲပင်ကို စိုက်တယ်ဆိုတာ မြေပဲဆံကို အမြောင်းလိုက်မြေထဲ မြှုပ်ရတာပါ။ အဲဒီအလုပ်ကို လုပ်ဖို့ရာ အငှားလူခေါ်ရင် ကိုယ့်ဆီမှာ အလုပ်လုပ်တာ များတဲ့သူကို ခေါ်ကြလေ့ရှိတယ်။ ဘာလို့လဲဆိုတော့ မြေပဲတွေကို နှုတ်ကြတော့လည်း သူတို့ကို ပြန်ခေါ်ချင်လို့ပါ။ မြေပဲပင်ကြားထဲမှာ ပြောင်းဖူးပင်တွေကိုလည်း ခပ်ခြားခြားစိုက်လေ့ရှိတယ်။ နေကြာပင်တွေလည်း ကြားညှပ်စိုက်တတ်တယ်။ မြေပဲတွေမှာလည်း ပိုးကျတတ်တယ်။ ပိုးကျတော့လည်း ဆေးဖြန်းပေါ့။ မြေပဲတွေရင့်လာပြီဆိုရင် နှုတ်ရတော့တယ်။ မြေပဲပင်က အပင်ထွားလှ မြေပေါ်တစ်တောင်လောက်ပေါ့။ များသောအားဖြင့်က တမိုက်လောက်ရှိတာပါ။ မြေပဲက မြေကြီးထဲမှာ ဥဥတာပါ။ အမွှာလိုက်တွေ ပြွတ်ခဲနေတာ။ မြေပဲပင်တွေကို လက်နဲ့ပဲ ဆွဲနှုတ် အတန်းလိုက်တွေ အခင်းထဲမှာပဲ အတန်းလိုက်တွေ စီချထားတာပါ။ အဲဒါတွေကို တောထဲမှာ နှုတ်ရင်း နားတဲ့အချိန်မျိုးမှာ ၊ တောထဲမှာ ရတဲ့ ပြောင်းဖူးပင်ခြောက်တို့ ကုလားပဲပင်ခြောက်တို့ကို မီးပုံကြီးလုပ်ပြီး မြေပဲလည်း ဖုတ်စားကြသေးတာပါ။ ကုလားပဲလည်း ဖုတ်စားတာပါပဲ။ မြေပဲဖုတ်စားရတာများ ပါးစပ်တွေများ မဲတူးနေတာပါ။ အဲဒီအချိန် တောင်သူအရှင်က လာပို့တဲ့ ထမင်းပူပူကို ငရုတ်သီးထောင်ရယ်၊ ချဉ်ရည်ရွက်ဟင်းနဲ့ လွေးရတာလောက် အရသာရှိတာ အခြားမှာ ရှိဦးမှာလား။ ပြီးတော့ လက်ဖတ်သုတ်တို့၊ ထန်းလျက်ခဲတို့နဲ့လည်း အစာပိတ်ရသေးတယ်လေ။ လူအများတောထဲမှာ စုစားရတာ အရသာရှိသလို၊ ပျော်စရာလည်း အလွန်ကောင်းတာပါပဲ။

ညနေခင်းလောက်ရောက်တော့ မြေပဲတွေကို လှည်းပေါ်တင်ရတယ်။ အိမ်ဝိုင်းထဲရောက်တော့ တစ်ရက်လောက်ထားရင်ထားသေးတယ်။ မြေပဲ စိုက်တုန်းကလူတွေကိုပဲ မြေပဲအနှုတ်မှာခေါ်သလို၊ မြေပဲနှုတ်တဲ့သူတွေပဲ မြေပဲကို ဆွတ်ရတာပါ။ လက်သွက်တဲ့သူတွေက မြေပဲများများဆွတ်နိုင်တော့ မြေပဲများများရတာပေါ့လေ။ အခင်းရှင်တောင်သူက မြေပဲဆွတ်တဲ့သူတွေကို အခပေးရတာက ပိုက်ဆံမဟုတ်ပါဘူး။ သူတို့ဆွတ်နိုင်တဲ့ မြေပဲတွေကို သူ့အပုံနဲ့သူ ပုံရပါတယ်။ အားလုံးပြီးပြီဆိုတော့ ခွဲတောင်း၊ စိတ်တောင်း စတာတွေနဲ့ အလုပ်လုပ်သူ မြေပဲ ဘယ်လောက် ဆွတ်နိုင်သလဲချိန်ပါတယ်။ ပြီးရင် ၅ ချိုး ၁ ချိုးလောက်ကို အလုပ်လုပ်သူကို ပြန်ပေးတာပါ။ အခြားလုပ်တာနဲ့ စာရင် သူက မြိုးမြိုးမြက်မြက်ရတော့ ကိုယ့်ဆီအမြဲလုပ်နေသူတွေကိုသာ အဲဒီအခွင့်အရေးပိုပေးချင်တာပါ။ လက်မသွက်လို့ နည်းနည်းဆွတ်နိုင်တဲ့သူကိုလည်း အခင်းရှင်က တိုးပေးတာပါပဲ။ ငယ်ငယ်တုန်းက သူများလုပ်တော့ကိုယ်လည်း လိုက်ပြီး မြေပဲဆွတ်တာပါပဲ။ မြေပဲဆွတ်တယ်ဆိုပေမယ့် လူတွေများတော့ ပျော်လွန်းလို့ မြေပဲအပင်ပုံပေါ်ကို တက်တက်ပြီး ဂျွမ်းထိုးသေးတာပါ။ မြေပဲပင်ပုံပေါ်တက်ရတာက တောင်ကြီးပေါ်များတက်ရသလိုပါ။ အဲသူများတွေက မြေပဲကို ဝေပုံကျ ခွဲယူတော့ ကိုယ့်အိမ်အလုပ်ပေမယ့် ကိုယ်လည်း ဝေပုံကျ ရချင်တာပေါ့။ အိမ်က အဒေါ်ကလည်း ပျော်အောင် ခွဲပေးရှာတယ်။ ငါ့တူဘယ်လောက်ရတယ်။ အရီးသိမ်းပေးမယ်နော်ဆိုပြီး သူပဲ ယူသွားတာပါ။ ကိုယ့်မှာသာ ငါ့မှာ မြေပဲ ဘယ်လောက်ရှိနေပြီဆိုတာကို မှတ်လိုက်ရတာ မောလို့ပါ။ ပြီးတော့လည်း ရတာမဟုတ်ပါဘူး။နောက် အရီးကျနော့် မြေပဲဖိုးဘယ်လောက်ရှိတယ်နော်လို့ ပြောလိုက်ရင် အရီးက အေးအေး ငါ့တူ အရီးကိုလည်း ထမင်းဖိုးဘယ်လောက်ပေးရဦးမှာနော်ဆိုပြီး ပြန်စတတ်ပါတယ်။ အဲသလိုဆို သိပ်ချစ်ရတဲ့ ဒေါ်ကြီးကိုတောင် မခေါ်နိုင်မပြောနိုင်တွေ ဖြစ်ရတာပါ။

ကျနော်တို့ အရပ်မှာ တောင်သူတွေ အစိုက်များတာ နောက်တခုက ပဲနီတွေ၊ ပဲကြားတွေ စိုက်ကြတာပါပဲ။ ဘယ်လိုစိုက်သလဲဆိုတာကို အသေအချာ မသိပါဘူး။ ပဲသီးတွေ သီးလာရင်တော့ မရင့်ခင်စပ်ကြား၊ ပဲနှပ်လည်း လုပ်စားလို့ရပါတယ်။ ထားတော့ ပဲသီးတွေ ရင့်လာပြီဆိုရင် ပဲတောင့်တွေက ခြောက်ပြီး ကွဲအက်လာတတ်တယ်။ အဲဒီလိုဆို ပဲတွေကို ရိတ်သင့်ပြီပေါ့။ ပဲရိတ်တော့ တံစဉ်နဲ့ ရိတ်တာပါ။ တံစဉ်ကလည်း မကိုင်တတ်ရင် လက်တွေ ပြတ်တတ်ပါတယ်။ ပဲတွေရိတ်ပြီးရင် အထွေးလိုက်လုံးထားခဲ့ရတာပါ။ အိမ်က နွားလှည်းလာရင် ပဲထွေးကို ခက်ရင်းနဲ့ထိုးပြီး လှည်းပေါ်တင်ရတယ်။ အိမ်ကို ပြန်သယ်ရတာပါပဲ။ အိမ်မှာက ပဲနှယ်ဖို့ တလင်းပြင်ရှိတယ်လေ။ တလင်းပြင်က ကြိုလုပ်ထားရတာပါ။ တလင်းပြင်လုပ်ရတာက ကိုယ့်အိမ်ဝိုင်းအလွတ်ထဲမှာ နေရာလွတ်ခပ်ကျယ်ကျယ်တခုကို မြေမာပြီး မပေါက်မစပ်မရှိအောင် လုပ်ရတာပါ။ တလင်းပြင်လုပ်မယ့် မြေကွက်ကို ရေဖြန်းရတယ်။ ပြီးရင် နွားလှည်းနဲ့ အချိန်တွေ အကြာကြီး ပတ်မောင်းရတာပါ။ တချို့နယ်တွေမှာတော့ လမ်းကြိတ်စက်ဘီးလို ဒလှိမ့်တုံးနဲ့ လုပ်တာလည်း တွေ့ဖူးပါတယ်။ မနက်အစောကြီးထပြီး လှည်းကို မောင်းရတာပါ။ အဲသလို အကြာကြီးမောင်းပြီး တလင်းက မာလာပြီဆိုမှ ရပ်ရတာပါ။

အဲဒီတော့ တောထဲက သယ်လာတဲ့ ပဲနွယ်ထွေးတွေကို တလင်းထဲမှာ တစ်ရက်နှစ်ရက် နေပူခံထားရတယ်။ အပင်က အရွက်စိမ်းနေရင်လည်း ခြောက်သွားအောင် ပဲသီးတွေလည်း နေပူတော့ ပွင့်အန်ထွက်လာအောင်ပေါ့။ ပြီးရင်တော့ နွားတွေနဲ့ ပဲနွယ်တွေပေါ် ပတ်မောင်းရတာပါပဲ။ နေ့လည် ပူပူကြီးမှာ လုပ်ရတာပါ။ ဒါမှလည်း ပဲတွေက ကွဲထွက်လာမှာလေ။နေပူသက်သာအောင် ခမောက်ကြီးကိုဆောင်၊ အင်္ကျီလက်ရှည်ဝတ်ပြီး အလုပ်လုပ်ရတာပါ။ နွားတွေက ပဲနယ်နေတုန်း နွားချီးပါရင် ပဲနွယ်တွေကို လက်ကကိုင်ပြီး နွားချီးတွေကို တလင်းအပြင်ဖက်ကို လွှင့်ပစ်ရပါတယ်။ ဘာလို့လဲဆိုတော့ နောက်တပတ်ပတ်လာရင် နွားချီးတွေပေါ် နွားတွေ ထပ်လျှောက်ရင် ပဲနွယ်တွေ အကုန်လုံး နွားချေးတွေနဲ့ ရောပြီး ကိုင်ရတွယ်ရတာတွေ ရှုပ်ကုန်မှာ မို့ပါ။ ပဲနွယ်တွေနယ်ပြီးတဲ့အခါမှာ ဇကောဇကာတွေနဲ့ ပြာတီးပြီး၊ ပဲနွယ်တွေကြားက ပဲကိုရအောင် ပြာစင်ယူရတာပါ။



နေကြာတွေလည်း စိုက်ပါရဲ့။ နေကြာတောအနေနဲ့ အခင်းတခုလုံးစိုက်သလို၊ စိုက်ခင်းဘေးတလျောက်မှာ စည်းထရံအကာသဘောမျိုးလည်း စိုက်ကြတယ်။ နေကြာပွင့်တွေ ဝါဝါထိန်ပြီး၊ နေကြားရိုးက စိမ်းနေတော့ အပင်က တော်တော်လှပါတယ်။ နေကြာစေ့တွေ ရင့်လာတဲ့အခါမှာတော့ တံစဉ်နဲ့ နေကြာပွင့်တွေကို ရိတ်ပြီး သိမ်းတယ်။ အိမ်ကိုယူလာပြီး၊ ညဖက်အခါမျိုးမှာ နေကြာပွင့်ကို တုတ်နဲ့ ရိုက်ပုတ်ပြီး နေကြာစေ့ထွက်အောင်လုပ်ကြတယ်။ ထွက်လာတဲ့ နေကြာစေ့တွေကို အခြောက်လှမ်းသလို၊ နေကြာစေ့ထွက်သွားလို့ ကျန်ခဲ့တဲ့ နေကြာအပွင့်ကြီးကိုလည်း နေလှမ်းပါတယ်။ နေကြာစေ့ခြောက်တွေကို မြို့ပွဲရုံတွေသွား ရောင်းရင် ရောင်းနိုင်သလို၊ နေကြာဆီလည်း ကြိတ်လို့ရတာပေါ့။ နေကြာပွင့်ခြောက်တွေ နေကြာရိုးခြောက်တွေက အိမ်တွေမှာ လတ်တလော ထင်းဆိုက်စရာဖြစ်တာပေါ့။ မီးခိုးတွေ ထွက်လွန်းလို့ ကျနော်ကတော့ သဘောမကျပါဘူး။ ရွာအိမ်မှာက ဆီကိုဆိုရင် မြေပဲဆီပဲ အသုံးများတာပါ။ မြေပဲဆီရအောင်က ထွန်ဆုံကြီးထဲမှာ မြေပဲဆီကြိတ်တာပါ။ နွားနဲ့ပဲ ဆုံကိုလှည့်ရတာပါ။ ဆီလည်းထွက်လာသလို၊ နှမ်းဖတ်လည်းရပါတယ်။ မြေပဲတွေက အပင်ကနေရတာက အတောင့်တွေပါ။ အတောင့်တွေထဲက အဆံရအောင်က မြေပဲကြိတ်ဆုံရှိတဲ့အိမ်တွေဆီမှာ သွားကျိတ်ရတာ။ အဝိုင်းကျောက်ပြားကြီး ၂ ချပ်ကို မြေပဲတောင့်ဝင်သာရုံကလေးဟထားပြီး ဘေးမှာ သစ်သားတိုင်တွေနဲ့ ထပ်ထားတယ်။ အပေါ်ကနေ လက်ကိုင်ဝါးတံအရှည်ကို တိုးလိုက်ဆုတ်လိုက်လုပ်တဲ့အခါ ကျောက်ဘီးလုံးတွေကလည်သွားရော။ ကျောက်ဝိုင်းပြား၂ ခုကြားကို မြေပဲတောင့်တွေ ရောက်အောင်က သူတို့ ကျောက်ပြား၂ ခုအပေါ်မှာ မြေပဲတောင့် သွန်စရာ သစ်သားဇလားကြီးတပ်ထားတာ။ ကျောက်ဝိုင်းပြား ၂ ချပ်ကြားက မြေပဲဆံတွေရော၊ ကွဲသွားတဲ့ မြေပဲဆံတွေရော ထွက်သွားတော့တာ။ ဇကောဇကာတွေနဲ့ ပြာတီးပြီး မြေပဲတောင့်၊ မြေပဲဆံခွဲယူရတာပေါ့။ မြေပဲခွံတွေကို နွားလည်း ကျွေးလို့ရပါတယ်။



ပြောင်းဖူးပင်တွေကလည်း နွားစာ အိမ်မှာ နွာစာအဖြစ်သုံးပါတယ်။ ကျနော်တို့အရပ်မှာ ပြောင်းဖူးတွေကလည်း စားလို့မှ မကုန်တာ အဖူးလိုက်တွေကို အပေါ်အခွံအလွှာလေးဆွဲလှန်လိုက်ပြီး ပြောင်းဖူးတွေကို တွဲပြီး ဝါးလုံးတန်းအရှည်ပေါ် ခွတင်ထားတာပေါ့။ သူတို့တွေ ခြောက်သွားတဲ့အခါမှာတော့ လုပ်တတ်ကိုင်တတ်တဲ့သူကို ခေါ်ပြီး ပြောင်းဖူးဖတ်လုပ်ပါတယ်။ သူက ဆေးပေါ့လိပ်လုပ်တဲ့နေရာမှာ သုံးတာ။ ငယ်ငယ်တုန်းက အဖွား ပြောင်းဖူးဖတ်ဆေးလိပ် လိပ်တာ မြင်ဖူးတယ်။ အဖွားတင် မဟုတ်ပါဘူး အဒေါ်တွေလည်း ပြောင်းဖူးဖတ်ဆေးလိပ်သောက်ကြတာပဲ။ ကျနော်ငယ်ငယ်တုန်းက အဖွားတို့ဆီက တောင်းပြီးတော့ ပြောင်းဖူးဖက်ဆေးလိပ် သောက်ဖူးတယ်။ ဖင်ဆီခံက အကြီးကြီးနဲ့ သောက်ရတာ မောလိုက်တာ။ ငယ်တုန်းကဆိုတော့ ဘယ်လိုလုပ် အရသာခံတတ်မှာလဲ။ ပြောင်းဖူးစေ့ခြောက်တွေကလည်း ရောင်းစားလို့ရတာပါပဲ။ ငယ်တုန်းက အဖွား(အဖေ့အမေ)ရွာသွားလိုက်၊ အမေ့ရွာ အမေ့အမတွေ(အဒေါ်တွေ)ဆီ သွားလိုက်နေရတာပေါ့။ အဒေါ်တွေကလည်း အဖွားနဲ့ ရွယ်တူတွေပါ။ အမေက မိသားစုကြီးကြီးမှာ အငယ်ဆုံးသမီးဆိုတော့ အဖေ့ဖက်က အဖွားနဲ့ အမေ့ဘက်က အဒေါ်အကြီးဆုံးက ရွယ်တူတွေပါ။ အဖေကတော့ သူ့မိသားစုမှာ အကြီးဆုံးသားလေ။ အမေ့ဘက်မှာ အဒေါ်ကြီးက နှစ်ယောက်ရှိတာ။ အကြီးဆုံးနဲ့ ဒုတိယအကြီးဆုံးပေါ့။ နှစ်ယောက်လုံးက အပျိုကြီးပါ။ ကျနော် တက္ကသိုလ် တတိယနှစ်လောက်မှာ အဖွားဆုံးသွားတယ်။ ၂ ဖက်လုံးက အဖိုးအဖွားတွေထဲမှာ ငယ်ကတည်းက အဲဒီအဖွားတစ်ယောက်ပဲ မှီတာလေ။ သူကလည်း မြေးတွေချစ်လိုက်တာ။ မြေးတွေကလည်း ချစ်လိုက်တာ။ ဟိုတလောက အမေ့အကို ဦးကြီးတစ်ယောက် ဆုံးသွားတယ်လေ။ သူက ရွာမှာ ဆိုင်းဝိုင်းခေါင်းဆောင်။ ဘာမှသာ မတီးတတ်တာ။ သူ့အိမ်မှာ ရွာပိုင် ဆိုင်းဝိုင်းကိုထားတယ်။ ငယ်တုန်းက ဦးကြီးအိမ်ကို သွားပြီး ဆိုင်းဝိုင်းတီးရတယ်။ တကယ်မတီးတတ်ပါဘူး။ ဟိုတီးဒီတီးလုပ်လိုက်ရင် အသံထွက်တော့ ပျော်လို့တီးတာပါ။ ရွာသီချင်းကလည်း ရှိသေးတယ်။ ဘယ်သူစပ်တယ်တော့ မသိဘူး။ အခုတော့ ဦးကြီးက ဆုံးသွားတော့ အဲဒီဆိုင်းဝိုင်းကြီးလည်း ဘယ်ပြောင်းပြီး ထားပြီလဲမသိပါဘူး။

ကျနော် ရွာကို ပြန်မရောက်တာ ၁၃ နှစ်ရှိပါပြီ။ ငယ်တုန်းက တွေ့ကြုံခဲ့တာတွေကို အမှတ်တရ ပြန်ရေးတာပါ။ စကားလုံးအသုံးအနှုန်းတချို့က ကြာတော့ မေ့နေလို့ လွဲနိုင်ပါတယ်။ အိမ်ကို ဖုန်းဆက်ရင် အမေက ရွာမှာ ဘုရားဆွမ်းချလုပ်တဲ့အကြောင်း၊ တရားပွဲလုပ်တဲ့အကြောင်းစသည်ဖြင့် ပြောပြလေ့ရှိတယ်။ အမေပြောတဲ့အထဲမှာ ရွာကလူတွေ တောင်သူလုပ်ရတာ အဆင်မပြေကြကြောင်း၊ လူငယ်တွေကလည်း မလေးရှား၊ ကိုရီးယား စသည်ဖြင့် အလုပ်ထွက်လုပ်ကြတယ်ဆိုတဲ့အကြောင်း ပြောပါတယ်။ လူဆိုတာ ရေကြည်ရာ မြက်နုရာကို ရှာရတာပဲမိုလို့ အပြစ်မတင်မိပါဘူး။ ဒီလောက် ပင်ပင်ပန်းပန်း လုပ်ကိုင်နေရတာတောင် ကျနော်တို့ရွာကလူတွေ ဆင်းရဲတွင်းနက်နေရတာကို မကျေနပ်ပါဘူး။ ခေတ်တွေ စနစ်တွေ အမြန်ပြောင်းပြီး ရွာကလူတွေ ရွှေထီးဆောင်းတဲ့ခေတ်ကို အမြန်ရောက်စေချင်လှပါပြီဗျာ။

ကျနော့်ရွာအကြောင်း ဒီမှာပြီးပါပြီ။ လာရောက်ဖတ်ရှုအားပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။

11 comments:

ပီတိ September 5, 2008 at 7:44 PM  

ကိုဇနိ ရေးတာကိုဖတ်ပြီး အညာကို ပိုလွမ်းသွားပါပြီ။ မတန်ခူးရေးထားတာဖတ်ပြီးကတည်းက လွမ်းနေတာ....

ကျွန်းတွေကထွက်တဲ့ ခရမ်းသီးကြီးတွေလည်းကြိုက်တယ်။ ဆောင်းတွင်းမှာဆို ခရမ်းသီးမီးဖုတ်ကို သုတ်စားရတာ အင်မတန်ကောင်းတယ်။

အဲဒီအချိန်ဆို ခရမ်းချဉ်သီးတွေလည်း အင်မတန်ပေါတာပဲ... တစ်ပိဿမှ တမတ် ငါးမူး၊ သယ်လာတဲ့စရိတ်တောင်ကာမိရဲ့လားမသိဘူး၊ အပိုပေးတာနဲ့ဆို စားလို့တောင်မကုန်နိုင်ဘူး။ အဲဒီအချိန်ဆို အမေက ခရမ်းသီးယိုထိုးပေးတယ်...

ရေတက်တဲ့အချိန်ဆို ကျွန်တော်တို့မြို့က ရေ၀င်တဲ့ရပ်ကွက်တွေထဲမှာ လှေသွားစီးပြီ ရေပက်ကြတာ ပွဲတော်လိုဖြစ်နေတော့တာပဲ....

အခုတလောစားချင်နေတာကတော့ မန်ကျည်းရွက်နုနုလေးတွေကို ပဲဟင်နဲ့ ကြက်သွန်နဲ့ သုတ်တဲ့ မန်ကျည်းရွက်သုတ်...

အကုန်လွမ်းစရာတွေကိုး... ကျွန်တော်လည်း အညာမရောက်ဖြစ်တာ ၈နှစ်ကျော်နေပြီပေါ့...

တန်ခူး September 5, 2008 at 8:31 PM  

ကိုဇနိရေ… ဖတ်ရတာ အားရလိုက်တာ… ရွာလေးကို ကိုယ်ပါရောက်သွားသလို အရေးအသားညက်၊ အကြောင်းအရာကလဲ စုံလင်လိုက်တာ… ကျွန်မတို့ နယ်နဲ့ မနီးမဝေးမို့  များသောအားဖြင့် မျက်စိထဲမြင်မြင်သွားတယ်… နွားစာစင်းစင်၊ ဆီကြိတ်ဆုံ အားလုံးရင်းနှီးနေတာမို့  ကိုဇနိရေးထားတော့ အညာကို ပိုလွမ်းသွားတယ်… ကုလားပဲဟင်းချိုနဲ့ အမဲသားနှပ်ကလေးတောင် စားချင်သွားတယ်… ကိုဇနိရေ… မပြန်တာ ၁၃နှစ်ဆိုတော့ အတော်ကြာပြီပဲနော်… ကျွန်မတော့ မနှစ်က တခေါက်ရောက်သေးတယ်… မဇနိနဲ့ ရွာမှာ မင်္ဂလာပြန်ဆောင်ရင် သိပ်ပျော်စရာကောင်းမှာပဲနော်… ကျွန်မကတော့ ကျွန်မသားကို အညာမှာရှင်ပြုဖို့  ခုထဲက စိတ်ကူးယဉ်ထားတာ…

khin oo may September 5, 2008 at 8:54 PM  

ကောင်းပါသည်ခင်ဗျား။ တို့ အမ်းတောင်ကြားသွားတော.မကွေးကားစီး မင်းဘုးမှာ တစ်ခါမှ မသိဘူးတဲ အိမ်က လမ်းမှာ ခရီးလမ်းစဉ် မေးမိတာ အိမ် ပါ ခေါ်သွားပြီး ထမင်းကျွှေး ရှားတဲ့ ရေ ကို ပါ ပေးချူိုး။ ခဏ ပေးအိပ်ထားတယ်။ ကားထွက်ခါနီး အထိ ဧည့်ခံပေးထားတာ စိတ် လေ သွားတယ်။ အဲဒီ လူ များ ရန် ကုန် ရောက် လာရင် ကို ယ် သူ့လောက်ဧညှ်ုဝတ်ကျေနိုင်မယ် မထင်ဘူး။ ကူညီတတ် လိုက် ကြတာနော်။

Republic September 6, 2008 at 5:06 AM  

ကျနော်၂ခါ ၃ခါ လောက်ပြန်ဖတ်ပါတယ် ၊၊
ကိုယ့်အညာရွှာ လေး ကိုတော်တော်စုံစုံလင်လင် အောက်မေ့ဖွယ် ပြန်ရေးထားတဲ့ ကိုဇနိပို့စ်လေး က ..ကိုယ်ဇနိကိုယ်တိုင် အတွက် အမှတ်တရ ရှိနေမှာပါ ၊၊
ဖတ်ရတာ ..အားရှိလှပါတယ်ဗျာ ၊၊

My Wonderful Moral Thoughts September 6, 2008 at 7:29 AM  

Very Nice Post.

I inspired by your writing skill as you presented very well indeed. I read this post 4 times to make me more understand.

Love the post!!

SMNTL

လုလု September 6, 2008 at 4:46 PM  

ကိုဇနိရေ့ 
အမေနဲ့ ရွာကိုလွမ်းတယ်ဆိုတဲ့အတိုင်းကို ဖြစ်သွားတာ။
အရမ်းကောင်းတာပဲ။
အမဲသားကို ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းနဲ့ ချက်ထားတာတောင် စားချင်သွားတယ်

တာတူး September 6, 2008 at 8:24 PM  

ကိုဇနိရေ ခုလို သေချာ ရှင်းပြပေးထားတွေ အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ ။
ဖတ်သူ များကို ဗဟုသုတ ရော ရသပါ ပေးတဲ့ ပိုစ့် လေးပါပဲ ခင်ဗျာ ။
ကျနော်တို့ ရွာဘက်လည်း ၁၉၉၀ လောက် နောက်ပိုင်းထဲက
ကြိတ်ဆုံတွေ မောင်းဆုံတွေ ခောတ်ပျောက် သွားတာဗျ။ ဆီဆုံ တွေဆို ကျနော် ခပ်ငယ်ငယ်
၁၉၈၅ ၀န်းကျင်ထည်းက မတွေ့ ရတော့တာ ။နောက် ကလေးတွေဆို မြင်တောင် မမြင်ဘူးကြတော့ဘူးဗျ ။
ရွာ အလုပ်တွေ ၊ မိရိုးဖလာ အလုပ်တွေက ပင်ပမ်းပြီး ၀င်ငွေနည်းတော့ လူငယ်တွေက မြို့တက်ကြရင်းနဲ့
ရွာဓလေ့တွေ ပျောက် လာလိုက်တာ နော် ။
ရွာတွေ ရွှေထီးဆောင်း တဲ့ခေတ်ကို မြန်မြန် ရောက်ပါစေလို့ပဲ ဆုတောင်း သွားပါတယ် ခင်ဗျာ ။

ဖီးနစ် September 7, 2008 at 8:01 AM  

ဖတ်ရင်းနဲ့ မြန်မာပြည်တောရွာလေးကိုကိုယ်တိုင်ရောက်
သွားသလိုခံစားရတယ်။ တောဓလေ့၊ တောစရိုက်
တွေကိုထင်းကနဲမြင်သာအောင်ရေးနိုင်ပါတယ်
ရိုးသားတဲ့တောသူတောင်သားတွေရဲ့ စိတ်ဓာတ်
ကိုလေးစားသလို
လုပ်ရတဲ့ အလုပ်ပင်ပန်းပုံတွေကိုလဲ
ကိုယ်ချင်းစာမိပါတယ်
ကျွန်တော်လဲ ဒီလိုပတ်ဝန်းကျင်မှာကြီးပြင်းလာတော့
ဒီပို့ စ်လေးကိုဖတ်ပြီး အိမ်ကိုအရမ်းသတိရတယ်
နိုင်ငံခြားကနေ ဒီလိုရိုးရာဓလေ့အကြောင်းတွေကို
ဖတ်ရတဲ့အခါ အရမ်းခံစားရပါတယ်
တော်ရုံတန်ရုံတောဓလေ့နဲ့ သိပ်မနီးတဲ့သူတောင်
တောဓလေ့ကို တော်တော်လေး လေ့လာမိသွားနိုင်ပါတယ်
အထူးပြောချင်တာကတော့ဒီလိုမျိုးပို့ စ်ကို
အရမ်းကြိုက်ပါတယ်

Moe Cho Thinn September 7, 2008 at 7:48 PM  

ရေးထားလိုက်တာများ စုံ စိ လို့။
ဘယ်လောက်များ အညာကို လွမ်းနေသလဲ မသိ။

ဂျစ်တူး - gyit_tu September 12, 2008 at 5:22 PM  

ပုံလေးတွေနဲ့ ရေးထားတာကို စိတ်ဝင်စားစွာ ဖတ်သွားပါတယ် ။

PAUK September 14, 2008 at 7:50 PM  

ကုလားပဲဟင်းချိုနဲ့ အမဲသားငပိချက်(အဲ့လိုခေါ်ရမှာလား)
ကိုတောင်လွမ်းလာပြီ..
ကျွန်တော်ကတော့..နှစ်တိုင်းလိုလို ပြန်ဖြစ်ပါတယ်(ဟဲ ဟဲကြွားတာ)
အညာတော့မဟုတ်ပါဘူး....
ပြင်ဦးလွင်ပါ..

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP