ယောင်ရိပ်မြင်ဟင်း

>> Sunday, September 7, 2008


ချဉ်ပေါင်ချက်ဆို ဘယ်လိုချက်ချက် ဘယ်ချိန်စားရစားရ အကြိုက်စားတတ်တာ အခုတော့ ချဉ်ပေါင်ရွက်ရှားပါးတာနဲ့ ကြုံနေရတယ်။ လူကြုံရှိလို့ အမေထည့်ပေးတဲ့ ချဉ်ပေါင်ကြော်လေးများဆို မတို့ရက်၊ မစားရက် အရိပ်လိုကြည့်နေရတာ။ ချဉ်ပေါင်အခြောက်ကလည်း အစိုချက်လောက်တော့ မကောင်းဘူး။ မရှိသုံးတော့ သူလည်း စားလို့ကောင်းရှာပါတယ်။


အိမ်မှာတော့ ချဉ်ပေါင်ရွက်သင်ရင် ခပ်ရင့်ရင့်ကိုပဲ ယူတယ်။ နုတဲ့အရွက်တွေကျ အမေက ချွဲလို့သိပ်မကြိုက်ဘူးဆိုပြီး ပယ်တယ်။ ကျွန်မက အမေမသိအောင် အနုလေးတွေပါ ခိုးခိုးထည့်တာ နှမြောလို့လေ။ အရိုးနီနီနဲ့ ချဉ်ပေါင်လက်ခြားက စားလို့ပိုအရသာရှိဆိုပဲ။ ကျွန်းထဲက ရွာလေးတွေမှာ ချဉ်ပေါင်ခင်းများ ပေါလွန်းလို့ဆိုတော့ ကျွန်းနဲ့နီးတဲ့ ကျွန်မတို့အတွက် အဆင်ပြေတာပေါ့။ မြို့ဈေးမှာ ချဉ်ပေါင်တစည်း (၅) ကျပ်ဆိုရင် (၅၀) ကျပ်ဖိုးဆို (၁၂) စည်း (၁၃) စည်း ရတာကိုး။ ရွာဖက်က ဆွေမျိုးတွေများလာရင် “ချဉ်ပေါင်ရွက်ပါခဲ့လား” အရင်မေးမိတာပါ။ အဒေါ်တယောက်ကဆို လူကြုံတိုင်း ချဉ်ပေါင်လက်ခြားနဲ့ မျှစ်နုနုလေးတွေတွဲထည့်ပေးတတ်တယ်။ အဆောင်မှာနေတော့လည်း ဈေးဝယ်သွားရင် သူငယ်ချင်းက “ဘာဝယ်မလဲ၊ ဘာချက်ကြမလဲ” မေးရင် အရင်ကောက်ကိုင်မိတာက “ချဉ်ပေါင်စည်း”။ ချဉ်ပေါင်စေ့လေးတွေ ပျိုးထားပြီး အရိပ်ကြည့်ရတာလဲ အမော။ အခုတော့ အရွက်ပေါက်စလေးတွေထွက်နေပြီ။ ရင့်အောင်မစောင့်နိုင်လို့ ဒီနေ့တော့ ချဉ်ပေါင်ဟင်းချက်လိုက်မိတယ်။ အရွက်က ပေါက်စလေးတွေ နဲနဲရတာဆိုတော့ ချဉ်ပေါင်အစပ်ချက်လို့ မဖြစ်နိုင်ဘူး။ ဒါနဲ့ပဲ အရွက်နဲနဲသုံးပြီး အရသာရှိတဲ့ ချဉ်ပေါင်ဟင်းအရည်သောက် ချက်တယ်ပေါ့။

ကျွန်မတို့အိမ်မှာတော့ အဖေက ချဉ်ပေါင်ရွက်နဲနဲလေးနဲ့ အရည်သောက်ကို “ယောင်ရိပ်မြင်ဟင်း” လို့ ခေါ်တတ်တယ်။ အဖေက သူစိတ်လိုလက်ရနေ့ဆို အမေ့ကို ”ယောင်ရိပ်မြင်ဟင်းလေးချက်စမ်းပါ” လို့ ပြောတာကြားဖူးတာပါ။ ကျွန်မက “အဖေ ဘာလို့ ယောင်ရိပ်မြင်ဟင်းခေါ်သလဲ” မေးကြည့်တော့ “ဆီနဲနဲလေးထည့်ရတယ် ချဉ်ပေါင်လေးငါးရွက်လေးနဲ့ဆိုတော့ ဟင်းရည်သောက်တဲ့အခါ ကိုယ့်ခေါင်းပေါ်က ယောင်အရိပ်ကို ပြန်မြင်ရတယ်“ လို့ ပြောပါတယ်။ ဟိုးရှေးရှေးတုန်းကတော့ ယောင်ထုံးကြီးတွေနဲ့ကိုး။ “အခုခေတ်တော့ ယောင်မရှိရင် ဘယ်လိုခေါ်မလဲ အဖေ” လို့ မေးမိတာ အဖေက “ဘိုကေရိပ်မြင်ဟင်း” လို့ ခေါ်ကွာဆိုပြီး ကြံဖန်ဖြေတတ်ပါတယ်။ အဲဒါမှတ်ထားပြီး အမေက ယောင်ရိပ်မြင်ဟင်းချက်တဲ့နေဆို မောင်နှမတတွေ အလုအယက် ကိုယ့်အရိပ်ကိုယ် ဟင်းရည်ပန်းကန်ပေါ်သွားကြည့်ကြပါတယ်။ ဟင်းရည်က ကြဲနေတော့ ကိုယ့်အရိပ်ကိုယ် ပြန်မြင်ရတာပေါ့။ “ဟာ အဖေပြောတာ မှန်လိုက်တာ” ဆိုပြီး ပြောနေကြရင်း အငယ်မောင်လေးက “သားကျတော့ ဘိုကေမမြင်ရပါဘူး” တဲ့။ ဘယ်မြင်ရပါ့မလဲ သူက ကတုံးနဲ့ကိုး။ “ဟား ဟား မင်းက ကတုံးကြီးနဲ့မလို့” ဆိုပြီး သူ့ကိုဟားရင် အဖေကို “သားလဲ ဘိုကေရှိချင်တယ်” လို့ ပူဆာတတ်တယ်။

ယောင်ရိပ်မြင်ဟင်းချက်မယ်ဆိုရင်တော့ လွယ်ပါတယ်။ ခရမ်းချဉ်သီး ခပ်သေးသေးတလုံး၊ ကြက်သွန်နီ၊ ငါးပိနဲနဲ၊ ဆီနဲနဲရယ် ဆားရယ်နဲ့ ချဉ်ပေါင်လေးငါးညွန့်ရှိရင် ဖြစ်ပါတယ်။ ခရမ်းချဉ်သီး ကြက်သွန်နီ၊ ငါးပိ၊ ဆနွင်းမှုန့်ကို ဆီနဲနဲထည့်ပြီး လှိမ့်လိုက်တယ်။ ခဏနေရင် ရေထည့်လိုက်တာပါ။ အချိုမှုန့်မသုံးတော့ ဆားလိုသလောက်ထည့်ပြီး ရေဆူလာရင် ချဉ်ပေါင်ရွက်လေး ကဗျာကယာရေဆေးခပ်လိုက်ပြီး ဟင်းအိုးချလိုက်လို့ ရပါပြီ။ ယောင်ရိပ်မြင်ဟင်းနဲ့တွဲပြီး ငါးရံ့ခြောက်ကြော်လေးရယ် သပွတ်သီးအစပ်ချက်လေးရယ် အမေက ဟင်းအတွဲချက်တတ်တာကို သတိရလို့ ဒီနေ့ချက်စားကြည့်တယ်။ သပွတ်သီးက ဒယ်အိုးထဲခပ်ပြီး မွှေလိုက်ရင် ခဏချင်းအိကျသွားတာမလို့ အတုံးသေးသေးလေးတွေ မတုံးတော့ဘဲ ခပ်ကြီးကြီးတုံးပါတယ်။ သပွတ်သီး၊ ခဝဲသီးဟင်းက ငရုပ်သီးစိမ်းလေးပါမှ ပိုစားကောင်းတယ်ထင်မိတယ်။ ပုဇွန်ခြောက်လေးပါထည့်ချက်လိုက်ရင် အတော်စားကောင်းပါတယ်။ ငရုပ်သီးစပ်လာရင် ယောင်ရိပ်မြင်ဟင်းလေးကို ခပ်သောက်လိုက်တော့ ချဉ်ပြုံးပြုံးအရသာလေးနဲ့ ထမင်းမြိန်လှပါတယ်။

သပွတ်သီးဟင်း အဆင်သင့်ချက်နိုင်အောင် ဒီလိုလေး ပြင်ထားလိုက်တယ်။


သပွတ်သီးအစပ်ချက်


ယောင်ရိပ်မြင်ဟင်းရယ်၊ သပွတ်သီးဟင်းအစပ်ချက်ရယ်၊ ငါးရံ့ခြောက်ကြော်ရယ်...


မဇနိ

14 comments:

Anonymous September 7, 2008 at 6:29 PM  

အယ်....တိုက်ဆိုင်လိုက်တာ ဒီညမှပဲ အိမ်မှာဟင်းမကောင်းလို့  ဟင်းချိုပဲထည့်ပြီး ဘလော့တွေ လည်ရင်း စားနေတာ မဇနိ တင်ထားတာကြည့်လိုက်တစ်ဇွန်းခပ်စားလိုက်နဲ့  ဟီးး မကုန်ဘူးထင်နေတာ ဆေးစရာတောင်မလိုတော့ဘူး ကျေးဇူး အစ်မး)

khin oo may September 7, 2008 at 6:37 PM  

မဇနိရယ်
မြင်ရတာ သွားတွေ ကျိမ်း သားရေ လဲ ကျ.။ ဟင်းချက် ကတော. ကောင်းပါပေ့။ ဓနုဖြူ ဒေါ်စောရီ ထက်တောင် လက်ရာ က သာ သေး။ သပ် သပ် ရပ်ရပ်.။ တို.ဆို ရန် ကုန် က အစို ကြော် မစားရက် ကြည်.ရင်းနဲ့ မှိုတက် သွားရော။

စလုံ့း မှာ တော. အဆင်ပြေတယ် ဆရာ။ မြန် မာဆိုင် က သုံးကျပ် ဘိုးဝယ်ထားရင် တပါတ်လုံး တို့ပြီးစား။ အိုကေဘဲ။ ချက်ခြင်ရင် လဲ ပေါပါ့ဗျာ။ တစည်း မြန် မာ ငွေ ၉၀၀ နီးပါး။ စိတ်နာလို့ ရန် ကုန် အိမ် မှာ စိုက်မယ်လို့ စိတ် ကူးပြီး သား။

ချဉ်ပေါင် က စိုက် ရတာ သိတ် ပျော်ဘို.ကောင်းတာဘဲ။ ပြူ စူ ပေါင်းသင် ဘို့ မလို.အရမ်း မာတယ်။ အသီလေး တွေ ဆိုရင် တို. သိတ်သဘော ကျ တာဘဲ. ချွေ ပြီး ဘာရယ် မဟုတ် ပါးစပ်ထဲထည်.လိုက်တယ။်

တခါတလေ ရန် ကုန် မှာတုံး က အရွက် ခြွေ ပြီးရင် နောက်ဘေး ကမြေကြီးထဲ ထိုးထည်.ထားလိုက်တာဘဲ။ ပြန် ချက်စားတာ လဲ မဟုတ်။. ပျော်လို. ။

ဟို တလော က မြန်မာဆိုင် က မိတ်ဆွေ က ရန် ကုန် က အပြန် ချဉ် ပေါင် ကို အမြစ် နဲ.ပါ သယ် လြာ့ပီး သု့ အိမ် မှာလဲ စိုက် တို့ ကိုလည်း ပေးေ သးတယ်။ လက်ဆိပ် ရှိတဲ. သူ ကိုဘဲ ပေးလိုက် ပါ. တို့လက် ထဲ အဲဒီ အပင် မလွယ်ဘူး။

ပြီးခဲ.တဲ. တစ်နှစ် က ရန် ကုန်ပြန် တုံးက တစည်း ၅၀ ကျပ် လြို့ ဆိုပါတယ။်

ချက်တတ်တဲ.သူများကတော့ ကံကောင်းကြပါတယ်လေ။ ကိုယ်စားချင်တာလေး ချက်စား ဇိမ်ဘဲ.။

RePublic September 7, 2008 at 7:01 PM  

မမနိ ဗိုက်စာလာပီနော် ဟင်းတွေကတော့ ရှယ်ပဲ ၊၊
ကိုကိုနိ ကြီး ကံကောင်းဒယ် ၊၊ ပျော်ရွှင်ပါစေဗျာ ၊။

ကိုကိုနိ ..မမနိ ..စီဘောက် မရှိတော့ဘူးလား ၊၊ သတိတွေရနေဒယ် ၊၊

Moe Cho Thinn September 7, 2008 at 7:45 PM  

ဟင်းအရောင်လေးကလဲ လှ၊ ချက်ထားတာလဲ ကောင်းမဲ့ပုံပဲ။ ချက်တတ်လိုက်တာနော်။
တို့လဲ ဒီနေ့တော့ ဟင်းမချက်ဘူး နားမလား အောက်မေ့တာ။ မဇနိချက်တာတွေ့ပြီး လက်တည့်ပဲစမ်းရမလိုလို ဖြစ်သွားတယ်။

nu-san September 7, 2008 at 7:57 PM  

မဇနိရေ.. အလုပ်မအားတာနဲ့ စာကြွေးတွေကို တဖြည်းဖြည်းချင်း ရှင်းယူပါ့မယ်.. အခုတော့ ယောင်ရိပ်မြင်ဟင်းဆိုတာလေး စိတ်ဝင်းစားလို့ ဖတ်ပြီး မနေနိုင်လို့ comment ပါ ရေးလိုက်ပြီ။ ချဉ်ပေါင်ကို စိုက်ထားတယ်လား။ စားချင်ရင် အလွယ်ခူးစားလိုက်ယုံပဲပေါ့နော်.. အစေ့ဝယ်လို့ရသလားဟင်.. အမကတော့ ရန်ကုန်ကို မွှေပြီးသား ပြန်မှာပြီး ရေခဲသေတ္တာထဲထည့်ထားရတယ်.. စားချင်တော့မှ နည်းနည်းချင်းစီ ချွေစားတာ။ နှမြောလို့.. :( သပွတ်သီးဟင်းကြည့်ရတာ စားကောင်းမယ့်ပုံနော်.. ဟင်းစပ်ထားတာလည်း လိုက်ဖက်တယ်.. စားချင်လိုက်သာ.. :D

လင်းဦး(စိတ်ပညာ) September 8, 2008 at 9:42 AM  

ကျွန်တော်လည်း ချဉ်ပေါင်ဟင်း ကြိုက်တယ်။ ငါပိထောင်းလေနဲ့ စားလိုက်ရရင် အရမ်းကြိုက်တာ။ အဟဲ အခု ချက်ပြထားတော့..........သိပ်ကြိုက်။

Anonymous September 8, 2008 at 12:53 PM  

တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့အိမ်မှာ ချင်ပေါင်ဟင်းချက်စားတယ် ။ သပွတ်သီးတော့ မစားဖူးဘူး ၊ ခဝဲသီး အစပ်ချက်တော့ကြိုက်တယ် ။ မမနိနဲ့ အိမ်ချင်းနီးရင်ကောင်းမယ်။ :P ဒါနဲ့ Cbox လေးပြန်တပ်ပါနော် ။ လွမ်းလို့

Anonymous September 8, 2008 at 5:23 PM  

စာအရေးအသားဖတ်လို့ကောင်းပါတယ်။ အမြဲဖတ်ဖြစ်တယ်။ အားပေးနေပါတယ်။ စာမူခပါရှင့်။:)

Anonymous September 9, 2008 at 12:30 AM  

ယောင်ရိပ်မြင်ဟင်းစားချင်တယ်ဗျို့!!!!!!!!!!!

Anonymous September 9, 2008 at 3:38 AM  

ဟားဟား မောင်မျိုးရေ အပြောက တယ်ကောင်းသကိုး။ နောက်လည်း ဟင်းမကောင်းရင် အမတို့အိမ် လာသာစား။

မမကေအိုအမ်တို့ဆီမှာ ၀ယ်စားလို့ရတယ်ဆိုတော့ အားကျလိုက်တာ။ အချိန်ကုန် သက်သာတာပေါ့။ ချဉ်ပေါင်လည်း ၀ယ်ရတယ်ဆို ကောင်းလိုက်တာ။
ညီမငယ်ငယ်တုန်းကလည်း ချဉ်ပေါင်ရိုးတွေ ပြန်စိုက်ထားတာ အမလိုပဲ။

ကိုကြီး ၀ီ ဗိုက်ဆာရင် အများကြီးသာ တီးသွား။ စီဘောက်စ် ပြန်ထည့်ပြီးပါပြီဗျာ။ သံယောဇဉ်ဖြတ်ကြည့်တာ ကိုကြီး ၀ီ၊ မေမိုးနဲ့ မမကေအိုအမ်ကိုလေ။

မမမိုးချိုသင်းရေ လက်တဲ့စမ်းပြီးပြီလားဗျ။

မမနုစံ မအားတဲ့ကြားက ကွန်းမန့်ရေးသွားတာ ကျေးဇူးပါ။ ချဉ်ပေါင်စေ့က မြန်မာပြည်က ပါလာတာ မမ။ ယန်း ၁၀၀ ဆိုင်မှာ တခြားမျိုးစေ့တွေတွေ့ပေမယ့် ငရုပ်၊ နံနံပင် နဲ့ ချဉ်ပေါင်တော့ မတွေ့မိဘူးဗျ။

သိပ်ကြိုက်ရင် အများကြီး စားသွားပါ ကိုလင်းဦး...

မေမိုး ချဉ်ပေါင်ဟင်းက မောင် ချက်တာလား။ အိမ်နားက နီးပါတယ် ညီမငေးရယ် အိုးဝေနဲ့ နီးနီးလေးကိုး။

စာမူခ လာပေးသွားတာ ကျေးဇူးအထူးပါ pp။

ယောင်ရိပ်မြင်ဟင်းလာပို့မယ် ကိုမောင်ဖြူ။

မြရွက်ဝေ September 9, 2008 at 9:19 AM  

မနိဟင်းက အဆန်းဘဲ။ စမ်းချက်ကြည့်ဖို့တော့ ချဉ်ပေါင်ရွက်ရှိဘူး။ မနက်ကတော့ အိမ်ကပို့လိုက်တဲ့ ပါဆယ်ရောက်လို့ ချဉ်ပေါင်ကြော် စားရတော့မယ်။ ပွါးအောင် မျှစ်နဲ့ ရောကြော်လိုက်ဦးမယ်။ ချဉ်ပေါင်ထုပ်လေးကြည့်ပြီး "မစားရက်ဘူး ချဉ်ပေါင်ထုပ်ရယ်" ဖြစ်နေတယ်။ စားဦးမှပါ၊ တော်ကြာ မKOMလို မှိုတက်သွားမှဖြင့် ဟင့် ဟင့် ဖြစ်နေရမှာ။

တန်ခူး September 9, 2008 at 9:38 AM  

မဇနိရေ… ယောင်ရိပ်မြင်ဟင်းတဲ့လား… အဲဒီနာမည်လေးခုမှ ကြားဖူးတယ်… တို့ တွေက ချဉ်ပေါင်ရွက် ဟင်းချိုလို့ ခေါ်တာ… ညီမတို့ ဆီမှာ ချဉ်ပေါင်ကို ၀ယ်လို့ မရတာလား… အရိုးထိုးစိုက်တာက ပိုမြန်တယ်နော်… တို့ လဲ ဟိုတလောက မေမေပို့ လိုက်လို့  ရုံးပတီရယ် ဗူးရယ် ချဉ်ပေါင်ရယ် ပျိုးဖြစ်တယ်… ဗူးပင်လဲ အရိပ်တကြည့်ကြည့် ချဉ်ပေါင်လေးတောင် အရွက်မဝေလိုက်ဘူး ပိုးကျသွားလို့ လေ… မဇနိက ဟင်းစပ်လေးလဲတော်လိုက်တာ… အိမ်မှာ သပွတ်သီးရော ချဉ်ပေါင်ရော ငါးခြောက်ရောရှိတော့ ဒီဟင်းစပ်လေးအတိုင်း ကော်ပီပွားလိုက်မယ်… လာမြည်းပေးဦးနော်….

Unknown September 9, 2008 at 6:18 PM  

မမနိရေ… ချဉ်ပေါင်အကြောင်းပြောတော့နည်းနည်းစိတ်ဝင်စားသွားတယ်။ သမီးကချဉ်ပေါင်ဆိုအရမ်းကြိုက်တာဘယ်လိုချက်ချက်
ချဉ်ပေါင်ဟင်းတမျိုးထဲနဲ့ထမင်းစားတတ်တယ်။
ငယ်ငယ်ကဆိုအဖွားနဲ့ဈေးသွားရင်ဒီနေ့ဘာစားမလဲမေးတာနဲ့ချဉ်ပေါင်ဟင်းလို့ပြောတတ်လွန်းလို့အဖွားကနောက်မမေးတော့ဘူး…
အလိုက်သိတာတော့ဟုတ်ဘူး နေ့တိုင်းချဉ်ပေါင်ပဲလုပ်တက်လို့အမြင်ကပ်သွားတာနေမှာ…. :P
ဒီမှာတော့ချဉ်ပေါင်ရွက်ဆိုတာရွှေထက်ရှားတယ်ပြောရမလိုပဲ… ရွှေကမှနေ့တိုင်းမြင်နိုင်သေးတယ် အရိုးနီနဲ့ချဉ်ပေါင်ဆိုမမြင်တာနှစ်နဲ့ချီနေပေါ့။
ဒါပေမယ့်တခုကောင်းတာက…ဒီမှာလည်းချဉ်ပေါင်ရှိတယ်။
Aussie မှာပေါက်တော့လည်း Aussie ချဉ်ပေါင်လို့ခေါ်ကြတယ်။
အရွက်ကစိမ်းစိမ်းရှည်ရှည်နဲ့ မြန်မာချဉ်ပေါင်နဲ့တော့လုံးဝကိုမတူဘူး
ဒါပေမယ့်အရသာကတော့တော်တော်နီးစပ်တယ်။ ဘယ်သူကဘယ်လိုရှာဖွေတွေ့ရှိခဲ့တယ်မသိဘူး…
အစကတော့စားရကောင်းမှန်းမသိကြဘူးမြက်ပင်ဆိုပြီးဘယ်သူမှဂရုမစိုက်ဘူး။
နောက်မှမြန်မာချဉ်ပေါင်အရသာအတိုင်းပဲဆိုမှအပင်လေးကိုတသသနဲ့လုပ်နေရတယ်။
စားရကောင်းမှန်းသိတော့မှငတ်ငတ်နဲ့စားလိုက်တာအပင်မျိုးပြုတ်တော့တာပဲ…း(
ခုတော့လည်းအပင်မျိုးစောင့်ရင်းနဲ့
အစ်မရဲ့ယောင်ရိပ်မြင်ဟင်းကိုပဲအွန်းလိုင်းစားထားတော့မယ်။

Anonymous September 11, 2008 at 6:16 AM  

ချဉ်ပေါင်ရွက်လာခူးလှည့်လေ ညီမမြရွက်ဝေ
အိမ်ကဟင်းတွေရောက်လာတော့ ရှယ်ပေါ့နော

အမတန်ခူးရေ ချဉ်ပေါင် ၀ယ်လို့ကို မရတာပါ။ ဗူးပင်လေးရော အတော်ဖြစ်နေပြီလား အမ..

ညီမ မေ ရေ ချဉ်ပေါင်နဲ့တူတဲ့အရွက်ရှိတယ်ဆိုလည်း ကံကောင်းတာပေါ့နော်.
အရသာတူရင်ကို ချက်စားလို့ဖြစ်တယ်..
အပင်မျိုးက အရွက်တွေ ဝေလာတော့မှာပါနော်

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP