နောက်ဆုံး ၁၀ ရက် နှင့် ပထမဆုံးများ

>> Thursday, September 25, 2008


Dream တက်တာရော မသက်ဝေ တက်တာရော အခုမှပဲ ပေါင်းရေးလိုက်တော့တယ်။ Dream ရေ ရေးတာ နောက်ကျသွားလို့ တောင်းပန်ပါတယ်။


Dream တက်ထားတဲ့ သေခါးနီး ၁၀ ရက်အလို

တကယ်တော့ လူဆိုတာ ဘယ်အချိန်မဆိုသေသွားနိုင်ပါတယ်။ ကွေးသောလက်မဆန့်မှီ၊ ဆန့်သောလက် မကွေးမှီမဟုတ်လား။ အကယ်၍ လူ့လောကထဲမှာ နေဖို့ရာ ၁၀ ရက်သာ ကျန်တော့တယ်ဆိုတာကို အသေအချာသိနေရင် ဘာလုပ်ရပါလိမ့်။ သူများတွေ ရေးထားတာတွေလည်း လိုက်ဖတ်ကြည့်ပါရဲ့။ လူအမျိုးမျိုး အတွေးအမျိုးမျိုးပေါ့။ ကြားဖူးတာတခုရှိပါတယ်။ ရောဂါတခုခုကြောင့် သေတော့မယ်ဆိုတာ အတိအကျသိနေရင် သေရမှာ မကြောက်ပါဘူးတဲ့။ ရောဂါကို ပျောက်ကင်းအောင် တတ်နိုင်သမျှ အစွမ်းကုန်တော့ ကြိုးစားရမှာပါ။ ကုသလို့မှ မရတော့ဘူးဆိုရင်လည်း သေရဲအောင် လေ့ကျင့်ရတော့မှာပေါ့။ လေ့ကျင့်ဖို့ရာကလည်း ၁၀ ရက်နဲ့ ကျနော်တို့အဖို့ လုံလောက်ပါ့မလား။ ဒီတော့ သေဖို့ရာ ၁၀ ရက်လိုသေးတယ်မဟုတ်ဘဲ ယခုပစ္စုပ္ပန်ရဲ့နောက် ကပ်လျက်အချိန်တိုင်းမှာ ငါသေသွားနိုင်တယ်ဆိုတာကို နှလုံးသွင်းပြီး နေသမျှ အချိန်တိုင်း လောဘ၊ ဒေါသ၊ မောဟတွေနည်းနည်းနဲ့ နေတတ်အောင် သေတတ်အောင် လေ့ကျင့်ထားသင့်ပါတယ်။
(အခုအထိတော့ ကျနော်လည်း မလေ့ကျင့်ရသေးပါဘူး။)
စကားစပ်လို့ပြောရရင် - Randy Pausch ဆိုတဲ့ ပရော်ဖက်ဆာကို သဘောကျမိပါရဲ့။ သေမှာကို သိသော်လည်း လုပ်နိုင်သမျှတွေကို လုပ်သွားတဲ့သူပါ။

ဒီနေရာမှာ သူမသေခင်ပြောသွားတဲ့ The Last Lecture ကိုသွားကြည့်နိုင်ပါတယ်။

အော် မဇနိကပြောတယ် Dream ရေ သူလည်း အပေါ်က ပြောသွားသလိုပဲတဲ့။

ပထမဆုံးများ

အမသက်ဝေ တက်ထားတဲ့ ပထမဆုံးများကိုလည်း အခုတပါးတည်းရေးလိုက်ပါတယ်။ သူများတွေရဲ့ ပထမဆုံးတွေကို လိုက်ဖတ်တော့ အခြားလူတွေ တော်တော်များများက ငယ်ငယ်က ပထမဆုံးတွေကို မှတ်မိလိုက်ကျတာ။ ကျနော်ကတော့ ပထမဆုံးတွေကို အားလုံး မမှတ်မိဘူးဗျ။
ကဲ ပထမဆုံးတွေ စရေးကြည့်လိုက်ဦးမယ်။

ပထမဆုံးတက်ရသည့် ကျောင်း
ကိုဇနိ - အ.ထ.က (ဂန့်ဂေါ) မှာ တရားဝင် သူငယ်တန်းကို တက်ခဲ့ပါရဲ့။ အဖေအမေက ကျောင်းဆရာ၊ ဆရာမဆိုတော့ ကျောင်းဆိုတာကို ပေါက်စကတည်းက ရောက်ဖြစ်တာပါ။
မဇနိ - ပခုက္ကူမြို့ရဲ့ မူလတန်းကျောင်း အမှတ် (၇)မှာပါ။

ပထမဆုံး အတန်းပိုင်ဆရာ
ကိုဇနိ - တကယ့်ကို မမှတ်မိတော့ပါဘူး။ နောက်ဆုံတန်းပိုင်ဆရာမကတော့ မဇနိပါပဲ။ (သူသာလျှင် ကျနော့်ဆရာမ)
မဇနိ - ဒေါ်သန်းသန်းဝင်း တဲ့။ (သူ့ကို မေးမေးရေးရတော့ နောက်ဆုံးက "တဲ့"ကလေးတော့ ထည့်ပါရစေ။)

ပထမဆုံးသော သူငယ်ချင်း
ကိုဇနိ - ကျနော့်အတွက်တော့ ခက်ပြန်ပါပြီ။ မဇနိပဲ အဖြေခိုင်းတော့မယ်။
မဇနိ - သူမကလည်း ခက်ပြန်ပါပြီတဲ့။

ပထမဆုံး ဖတ်ရသော စာအုပ် (ဖတ်မိသမျှစာအုပ်များထဲမှ မှတ်မိသော)
ကိုဇနိ - ဆရာ သာဓု ရေးတဲ့ အတာ ကို ခိုးခိုးဖတ်ခဲ့ရတာ။ အိမ်က ကျောင်းစာမဖတ်လို့ ဆူတာခံရတယ်။
မဇနိ - သူမကတော့ မောင်သစ်ဆင်း ရဲ့ "ကျိန်စာ" ဝတ္ထုတိုပါတဲ့ အတိုတွေ စုထားတဲ့ စာအုပ်ကို သတိရသတဲ့။ (ကျနော် သူမကို ငေါက်မိပြီး ချော့လက်ဆောင်ပေးလို့ မှတ်မိနေတာ။ တကယ်တော့ ဒီထက်စောဖတ်ဖူးတဲ့ စာအုပ်တွေက ရှိတယ်ရယ်။)

ပထမဆုံး ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ (မှတ်မိသမျှ)
ကိုဇနိ - နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင်ကျောင်း။
မဇနိ - ဘယ်သွားနေလဲ မောင်ရေခဲ။ (ပြန်လာရင် ပါလာမယ့် မုန့်တွေ စားချင်လို့တဲ့။)

ပထမဆုံး ရဖူးသောဆု
ကိုဇနိ - သူငယ်တန်းတုန်းက မရဘူး။ တတိယတန်းလောက်မှ စရဖူးတာ။ (အဲသလိုတော်တာ။ ဒါတောင် ဘယ်အဆင့်မှန်းမမှတ်မိတော့ဘူး။)
မဇနိ - ပထမဆု- သူငယ်တန်း။ (တော်လိုက်တာနော်။ အမှန်အတိုင်းရေးရတာ ကြွားသလိုကြီး ဖြစ်သွားရင် ဆေားတီးတဲ့။ ဆုယူသွားတော့ ကိုယ့်ဟာကိုယ် အလှပြင်တာ ခေါင်းက အုန်းဆီတွေ နားထင်ပေါ်စီးကျနေတဲ့ ကော်လက်ကောက်လေးနဲ့ ဓါတ်ပုံလေး ကိုဇနိကို မပြဘူး ထွက်ပြေးမှာကြောက်လို့။)

ပထမဆုံး စီးရသော ဘတ်စ်ကား
၂ ယောက်လုံး မန္တလေးနည်းပညာတက္ကသိုလ်သွားတက်တော့ ၅-ကားကို ပထမဆုံး စစီးဖူးတာပေါ့။ (((((ရန်ကင်းတောင်၊ရေကြည်၊ အမ်အိုင်တီ)))) စပယ်ယာ အော်သံ

ပထမဆုံး ဆိုခဲ့သော သီချင်း
ကိုဇနိ - အိုး..မောင်း…
(အို. မောင်တို့အညာမှာ တမာတွေပွင့်ရင်ဖြင့် - ဆိုတဲ့ သီချင်းကို စကားပြောတတ်စက လိုက်ဆိုတာ " အိုး..မောင်း…" နဲ့ တင် ရပ်ရပ်သွားတယ်တဲ့ အမေ၊အဖေ ပြန်ပြောပြထားတာ မှတ်မိနေတာ။)
မဇနိ - "ပုဇွန်ဆိတ်လေးဘယ်လိုငယ်..ပင်လယ်ကူးတတ်တယ်"(ဘာမသိညာမသိဆိုတာပါ အမေက အဆူခံရတယ်)

ပထမဆုံး ရုံမှာ ကြည့်ခဲ့ဖူးသော ရုပ်ရှင် (မှတ်မိသမျှ)
ကိုဇနိ - ညွှန့်ဝင်းစက်ပိ
(ကလေးတုန်းက အမေနဲ့အတူသွားကြည့်တာ ဂန့်ဂေါမှာလေ၊ ညွှန့်ဝင်းကြီး စက်ရုံမှာ စက်ပိလို့ ခြေထောင်မကောင်းတော့တဲ့ ဇာတ်ကား။ ဇာတ်လမ်းနာမည်က မမှတ်မိတော့လို့ အမေပြက္ခဒိန်မှာ ရေးမှတ်သလို ရေးလိုက်တာ။)
မဇနိ - ချစ်ခြင်း ရင်ခုန် ယုံကြည်စွာဖြင်။့

ပထမဆုံး ကဗျာ
ကိုဇနိ - တက္ကသိုလ်ရောက်တော့ သူများတွေ ကဗျာရေးတယ်ဆိုတော့ ကိုယ်လည်း လိုက်ရေးတာ။ ဘယ်ဟာက ပထမဆုံးလည်းတော့ မသိဘူး။ ဒီနားမှာပြန်တင်ထားတယ်။ ဖတ်ကြည်။
မဇနိ - အဖေ၊အမေ့ကို သတိရလို့ ဒိုင်ယာရီထဲမှာ ရေးတဲ့ကဗျာ။

ပထမဆုံးရောက်ခဲ့သော အခြားမြို့
ကိုဇနိ - ဂန့်ဂေါ။
မဇနိ - ပုပ္ပါး။

ပထမဆုံးရောက်ခဲ့သော နိုင်ငံရပ်ခြား
ကိုဇနိ - ရုရှား။
မဇနိ - ဂျပန်။

ပထမဆုံး သောက်ဖူးသော ဆေးလိပ်
ကိုဇနိ - ဖက်ကြမ်း။ နာမည်က "မလေး" မှတ်တယ်။ မသေချာတော့ဘူး။
မဇနိ - မသောက်ဖူးရှာပါဘူးတဲ့။

ပထမဆုံး သောက်ဖူးသော အရက်
ကိုဇနိ - ရမ်။
မဇနိ - မသောက်ဖူးရှာပါဘူးတဲ့။

ပထမဆုံး ချက်ဖူးသော ဟင်း
ကိုဇနိ - ကိုယ်တိုင်က ရုရှားရောက်တော့ စဟင်းချက်ဖြစ်တာ။ ဘာဟင်းလည်းတောင် မမှတ်မိဘူး။ အရင်ကတော့ ကြက်ဥတောင်ကြော်ဖူးတာ မဟုတ်ဘူး။ အခုတော့လည်း စားဖြစ်သောက်ြဖစ်က ချက်တတ်နေပါပြီ။
မဇနိ - ချဉ်ပေါင်းချက် (ပုန်းရည်၊ ချဉ်ပေါင်၊ လက်ပံခေါင်း၊ ပဲပင်ချဉ်၊ ဝက်သား) အမေက ချဉ်ပေါင်းချက်မကျွေးလို့ ကိုယ့်ဟာကိုယ်ချက်စားတာ။

ပထမဆုံး ပစ်ဖူးသော သေနတ်
ကိုဇနိ - ငယ်တုန်းက ဘုရားပွဲတုန်းက ဒက်ဒက်ဒက်မြည်တဲ့ ဝါးသေနတ်။
မဇနိ - လေသေနတ်။ (ငယ်တုန်းက လေပေါတယ်ဆိုလို့ ကျနော်ပြောလိုက်တာ။ သူဘာသေနတ်မှ မပစ်ဖူးဘူးရယ်။)

ပထမဆုံး ဘလော့ပို့စ်
ကိုဇနိ - မဇနိ ဂျပန်စထွက်တဲ့ နေ့မတိုင်ခင်တရက်က post အသစ်စတင်ဖြစ်တာ။ စတင်ခြင်းဆိုပြီးတော့ ဘာမှလည်း ထူးမရေးခဲ့ပါဘူး။ ၂ ကြောင်းတည်းပဲ။ မနက်ဖြန်ဆို သူထွက်တော့မယ်ဆိုပြီး ဘလော့ဂ်ကို စတင်ဖြစ်တာ။
မဇနိ - ဒီနားမှာ စရေးတာ။

ပထမဆုံး ကျောင်းပြေးပြီး သွားခဲ့သည့် နေရာ
ကိုဇနိ - ငယ်တုန်းက ကျောင်းမပြေးဖူးဘူး (အဖေ၊အမေက ဆရာဆရာမတွေလေ)။ တက္ကသိုလ်ရောက်တော့ ပျင်းလို့ စာသင်ခန်းမသွားဘဲ ကန်တင်းမှာ ထိုင်ပြီး ဘော်ဒါတွေနဲ့ လေပေါတာ။ တခြားနေရာကို ထူးထူးခြားခြားမရောက်ဘူး။
မဇနိ - ၈-တန်းမှာ ကျောင်းပြေးပြီး ဧရာဝတီသောင်ပြင်ပေါ်မှာ ခရုသွားကောက်ကြတာ။

ပထမဆုံး လည်ပတ်ကြည့်ရှုခဲ့ဖူးသော ဘလော့ဂ်
ကိုဇနိ - ကြာပြီ - ကိုမောင်လှနဲ့ ညီလင်းဆက်ဖြစ်မယ်။
မဇနိ - အိုးဝေပဲပေါ့။ အစတုန်းက ကျနော်ပေးတာပဲ သူဖတ်တာလေ။ အခုတော့ သူ့ဟာသူလည်း အလည်တွေ ထွက်နေပါပြီ။

ပထမဆုံး စတင်ရင်းနှီးခဲ့ရသော ဘလော့ဂ်ဂါ
ကိုဇနိ - ခင်တာတွေက အများကြီးပဲ (စိတ်ထဲမှာ)။ နှုတ်ဆက်တာနည်းတော့ ဘယ်သူ့ကိုမှ အရမ်းကြီး ရင်းနှီးမသွားခဲ့ဖူးဘူး။
မဇနိ - သူလည်းကျနော်လို့ပါပဲ။
(အခုနောက်ပိုင်းတော့ ကိုကြီးဝီ၊ မမဂွိ၊ ညီမလေး ခွိ တို့နဲ့ စီဘောက်မှာ အရုပ်ကစားရင်း တော်တော်ခင်သွားတယ်။ စီဘောက်အပြင် ချက်တွေမှာတော့ အခြားဘလော့ဂါတွေနဲ့ စကားမပြောဖူးပါဘူး။ မောင်မျိုးကတော့ပထမဆုံး ဂျီတော့ပြောဖူးတဲ့ ဘလော့ဂါပေါ့။)

ကဲ ခေါင်းနည်းနည်းခြောက်သွားတယ်။
ပြီးသွားပေါ့။

10 comments:

လင်း September 25, 2008 at 5:44 PM  

ပထမဆုံး နဲ့ နောက်ဆုံး၁၀ရက်ပေါ့လေ။ ချဉ်ပေါင်းချက်တဲ့လုပ်ပြန်ပြန်ပြီ။ တနေ့ တမျိုး မရိုးရဘူးနော်စားချင်တယ် လင်းကတော့ ဘုန်းကြီးကျောင်းဟင်းလို့ လဲခေါ်တယ်။ ဟင်းပေါင်းလို့ လဲခေါ်တယ်။ အဲဒါလေးကို ငရုတ်သီးမှုန့် လေးနဲ့ နယ်စားရင် ကောင်းမှကောင်း

RePublic September 25, 2008 at 5:51 PM  

ကိုနိ က မနိ အတွက်ပါ ပေါင်းပြီးရေးပေးထားတာ ကိုး ၊၊ မမကွိ များပီနော် ၊၊ ဖတ်လို့ ကောင်းတယ်ဗျ ၊၊ ဖော်ရွှေ ပွင့်လင်းတဲ့ ကိုနိ နဲ့ မနိ .. ဖိတ်စာ စောင့်နေပါတယ် ၊၊ ဟီး (ဆိုင်လား မဆိုင်လား လည်း မသိ )

ကိုကြီးဝီ..

Anonymous September 25, 2008 at 6:25 PM  

တော်လိုက်ကြတာ တစ်ချက်ခုတ် ၃ ချက်ပြတ်ပဲ ပိုင်သလားမမေးနဲ့း)ကိုနိ မှန်မှန်ပြော ညီိ့လို့  သာရည်ကွင်းနဲ့  အပစ်မခံရဘူးလား မညာရဘူးနော် ရှက်ပါနဲ့  ကိုယ့်ချင်း ကိုယ.့်ချင်းတွေ နားလည်ပါတယ် ဟီးဟီးး ကျန်ခဲ့တယ်ဗျို့  ၂ ယောက်လုံး ပထမဆုံးအကြိမ်းအကြင်နာပေးတာလည်းထည့်မရေးဘူးး
ခလေးတွေက ဒါမျိုးဆို သိပ်စိတ်ဝင်စားတာ အဲ့အကြောင်းနောက်ထပ် ပို့ စ်ရေးနော့် :P ၀ိုးး မဇနိ နဲ့  ဂျီတော့မှာစပြောဖူုးတဲ့သူက ကျနော်လား ပျော်သွားပြီးး ..........။

May Moe September 25, 2008 at 6:29 PM  

ကိုဂျီးဝီ ပြောသလိုဖိတ်စာစောင့်နေတယ်နော် ။ ကားတွေကျော်ကုန်ပြီ ခွိခွိ ။ ကိုဇနိရဲ့ ပထမဆုံး ရည်းစားကိုသိချင်ပါတယ်ဗျိုး (ဟီး အချွန်နဲ့မတာ ) မောင်မျိုးမေးတဲ့အကြောင်းလဲသိချင်ပါတယ်။ ခင်တယ်ဆိုလို့လည်း အရမ်းပျော်သွားပါတယ် :D :P

PAUK September 25, 2008 at 7:09 PM  

ပခုက္ကူ တို့ ..ဂန့်ဂေါတို့မရောက်ဖူးဘူး
လိုက်လည်ချင်တယ်..
ပခုက္ကူဆို..စောင်ပဲသိတယ်
ဂန့်ဂေါဆိုရင်လည်းး..လုံချည်ထွက်တာပဲသိတယ်..
အခုတော့...ကိုနိ..နဲ့ မနိပါ ပိုသွားပြီပေါ့..

ATN September 26, 2008 at 7:17 AM  

The Zanis ကိုတော့ အထူး လေးစားပါပေတယ်။ တချက်ခုတ် multiple ပြတ်ပါပဲ။

ကျနော် မ Tag ပေမယ့် အခြားသယ်ရင်းတွေ Tag သွားတော့လည်း ဖတ်ရတာပေါ့။

သက်ဝေ September 26, 2008 at 9:26 AM  

ကိုဇနိ နဲ့  မဇနိတို့ ရေ...
ရေးပေးတာ ကျေးဇူးပါနော်...။
ရေးပုံရေးနည်းက မိုက်ပါ့..။ အကြံကလဲ ပိုင်ပါ့...။
ရှင်တို့ ရဲ့  ပိုစ့်တိုင်းကို အမြဲလာဖတ်ပေမယ့် Comment တွေ တော့ အမြဲမချန်ဖြစ်တာ စိတ်မရှိပါနဲ့  နော်...။
ခင်မင်လျှက်...
သက်ဝေ

တန်ခူး September 26, 2008 at 9:32 AM  

သူတို့ နှစ်ယောက်က တကယ့် အီကြာကွေးလေး… အယ် ဟုတ်ပါဘူး… တကယ့်စွယ်တော်ရွက်လေး… နှစ်ယောက်တူတူရေးထားတာ ဖတ်ရတာ ကြည်နူးစရာ… ဒါနဲ့ တချို့ ပထမဆုံးတွေ ကျော်သွားတယ်နော်.. ဥပမာ… ပထမဆုံးရီးစားစာ…

kay September 26, 2008 at 7:29 PM  

ပျော်စရာလေးပါပဲ.. ဇနိ တို့ရေ- ပထမဆုံး နောက်တခု ကိုလည်း.. မြန်မြန်ရောက်ပါစေ..။
ဆက်လက် အတူရေး နိုင် ပါစေ။

ခင်မင်လျက်-

nu-san September 27, 2008 at 9:15 AM  

ဒီပို့စ်ကို အခုမှ အေးအေးဆေးဆေး ဖတ်ရတော့တယ်.. ပိုင်လိုက်ပါပေ့နော်.. ပထမဆုံးကို ၂ ယောက်ပေါင်းရေးလိုက်တာ.. ကိုဇနိက မဇနိပြောတာ လိုက်ရေးနေရတဲ့ပုံပဲ.. နောက်က “တဲ့” လေးတွေပါတယ်...အဟီး.. :D

မဇနိရေ.. သူငယ်တန်းအောင်တုန်းက ပထမဆုသွားယူမယ့် ပုံလေး မျက်စိထဲမြင်ယောင်လာတယ်.. အုန်းဆီတွေ နားထင်ပေါ်စီးကျနေမယ့် ပုံလေး.. ကော်လက်ကောက်လေးတွေနဲ့လား.. ဓာတ်ပုံ ရှိသေးရင် အမှတ်တရ သိမ်းထားနော်.. :)

ကိုဇနိ မဇနိကို ပထမဆုံး ရည်စားစာပေးတာကျတော့ ထည့်မရေးပေးဘူး. :P

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP