မိုးနံ့လေးသင်းလာရင်

>> Friday, September 19, 2008


တကယ်တော့ အညာမှာ မိုးကသိပ်မရွာဘူးဆိုတော့ မိုးရွာမယ်ဆို သိသာတယ်။ မိုးနံ့လေးသင်းလာရင်ကို လူတွေပျော်လာကြတယ်။ ကောင်းကင်မှာ လျှပ်စီးလက်တာကို တမေ့တမောနဲ့ သဘောကျပြီး မိုးမျှော်နေကြတဲ့ ကလေး၊ လူကြီးတွေ အများကြီးပါ။ အိမ်မှာ မိုးရေစိုတဲ့နေရာက ပစ္စည်းတွေဆို အိမ်ထဲသွင်းကြတယ်။ ကလေးတွေကတော့ မိုးနဲ့ ကစားရတော့မယ်ဆိုပြီး ပျော်တယ်။ အဖေလည်း အလုပ်နားရတော့မယ်။ အိမ်က ဟင်းသီးဟင်းရွက်ပင်တွေလည်း စိုစိုရွှဲရွှဲလေး ဖြစ်လာတော့မယ်။ မိုးအမြဲရွာတတ်တဲ့ ရန်ကုန်ကလူတွေကြားရင် ရယ်ချင်ကြမယ်ထင်တယ်။ အညာမှာမိုးဖွဲဖွဲကျလာရင်ကို အပြင်မသွားကြတော့ဘူး။ အကျီင်္လက်ရှည်လေးတွေ ထုတ်ဝတ်တယ်။


မိုးနဲနဲသည်းလာလို့ အိမ်ရှေ့မှာ ရေမြောင်းလေးများပေါ်လာလို့ကတော့ “ချောင်းလာပြီ၊ ချောင်းလာပြီ” လို့အော်ပြီး ပျော်မြူးနေတဲ့ကလေးတွေက လမ်းတိုင်းမှာ အပြည့်။ တခါတလေ ညကြီးမိုးရွာပြီး မနက်ကျတိတ်သွားရင် “ညက မိုးတွေ သည်းချက်တော့ ချောင်းကျတာ ဒို့အိမ်ရှေ့မှာ ဒူးဆစ်လောက် ရောက်တယ်တော့” လို့ ကလေးချင်း ကြွားရတာအမော။ တကယ်တော့ ဒူးဆစ်လောက်ချောင်းကို ကိုယ်လည်းမမြင်ပါဘူး။ အအိပ်ပုပ်နေတာ။ အိမ်ကလူကြီးတွေပြောသံကြားတာနဲ့ ရမ်းရွှီးရတာ ပျော်စရာတော့အကောင်းသား။ ဘောင်းဘီရှည်တွေ ထုတ်ဝတ်တဲ့သူက ဝတ်ကြတယ်။ လမ်းအနိမ့်အမြင့်တွေမှာ တဝေါဝေါစီးလာတဲ့ မိုးရေတွေကို ထီးလေးတွေ ခမောက်လေးတွေဆောင်းပြီး ကြည့်ကြတယ်။ စက္ကူလှေလေးတွေ လွှတ်ကြတယ်။ စက္ကူလှေမရှိတဲ့ကလေးက ပါလာတဲ့ဖော့ဖိနပ်ကို ချွတ်ပြီး လှေလုပ်မျှောတယ်။ မြောသွားရင် လိုက်ဆယ်တယ်။ အိမ်ဖက်တွေဆီက ဟင်းနံ့တွေက တလှိုင်လှိုင်ဆိုတော့ ရေကြည့်ရင် ဗိုက်ထဲက တဂွီဂွီထမြည်လိုက်သေး။ မိုးအုံ့အုံ့မှာ အဖေ့စောင်ထဲ တိုးပြီး ကွေးနေရတာလောက် ပျော်စရာကောင်းတာ မရှိပါဘူး။ အဖေပြောတဲ့ပုံပြင်တွေကလည်း ဘယ်တော့မှ မရိုးဘူး။

အိမ်မှာက အသီးခြောက်၊ အသားခြောက်ဆိုတာ အမြဲဆောင်ထားတာကိုး။ မိုးနံ့လေးသင်းလာရင် အခြောက်အခြမ်းလေးတွေ ချက်စားကြတာ။ အမေသိမ်းထားတဲ့ အသီးခြောက် အသားခြောက်ကလည်း အမျိုးမျိုး၊ စားလို့လည်း ကောင်းတယ်။ နွေရာသီဆိုရင် အိမ်နောက်ဖက်က အဖီပေါ်မှာ အခြောက်လှမ်းထားတာတွေ ပြည့်နေတာ။ ဟော မိုးတွေများစွေနေရင် ဘာမှ ပူစရာမလိုတော့ဘူး။ မိုးရွာရင် ကျွန်မတို့အိမ်နားနီးချင်းတွေက အဖေနဲ့အမေကို ရယ်စရာလုပ်နေကြတာ ။ ကျွန်မအဖေကို အိမ်နားလူတွေက အမေ့ကို တအားချစ်နိုင်၊ စိတ်ရှည်နိုင်လို့ဆိုပြီး ပြောကြပါတယ်။ မိုးရွာရင် ဘာလို့ရယ်ကြသလဲဆို အမေလှမ်းထားတဲ့ အခြောက်အခြမ်းတွေ အဝတ်တွေ အားလုံးမိုးလွတ်အောင် သိမ်းရတယ်။ သိမ်းနေရင်း မိုးများသည်းလာရင် အဖေက “မ..မ..” ဆိုပြီး အမြဲမပြတ်ခေါ်တယ်။ ပြီးတော့ “မ..ရေ ခေါင်းပေါ်မိုးမိမယ် အဝတ်လေးတင်ပြီးမှ အပြင်က ပစ္စည်းတွေသိမ်း” လို့လည်း မိုးသံတွေကြားက အမေကြားအောင် အော်ပြောနေတာ။ အိမ်နားကလူတွေကလည်း ကြားတာပေါ့။ အဖေတို့အကြောင်းသိမထားရင်တော့ ဟိုအိမ်က အိမ်ရှင်မ မိုးရွာထဲ ပစ္စည်းတွေ ထွက်သိမ်းနေရတယ်လို့ ထင်မှာပါပဲ။ တကယ်က မဟုတ်ပါဘူး။ အမေက မိုးလုံလေလုံအိမ်ထဲမှာ ထိုင်နေပြီး အဖေက အဝတ်တွေလဲရုတ်လာတယ်။ အခြောက်အခြမ်းလှမ်းထားတာတွေ ခမောက်ကြီးဆောင်းပြီး လိုက်သိမ်းနေတာပါ။ ဒါကြောင့် ငယ်ငယ်ကဆို ကျွန်မပါရောပြီး အိမ်နားနီးချင်းတွေနဲ့ပေါင်းပြီး အဖေက အမေ့ကို ချစ်တတ်လိုက်တာလို့ တခွိခွိ သဘောကျခဲ့တာပါ။

လက်ပံခေါင်း၊ သရက်သီး၊ ချဉ်ပေါင်ရွက်၊ ချဉ်ပေါင်သီး မျှစ်၊ ခရမ်းသီး စတာတွေကို အခြောက်လှမ်းထားတော့ အရေးအကြောင်းဆို ထုတ်ချက်လို့လည်း ရတယ်။ ငရုပ်သီးမှည့်ပေါ်ချိန်ဆို ကျွန်းထဲက ဈေးသည်တွေ အိမ်ရှေ့ကို တအားလာတာ။ ပုဆိုးကွင်းကို တောင်းထဲမှာထည့်ပြီး ငရုပ်သီးတွေက ပုဆိုးထဲမှာ အပြည့်ရွက်လာတယ်။ အမေတို့က ဈေးတော်လို့ ကြိုက်တယ်ဆိုရင် တတောင်းလုံးဝယ်ထားလိုက်တယ်။ သူတို့က ရောင်းစရာလည်းကုန်တော့ ပါလာတဲ့ထမင်းဗူးလေးတွေ အိမ်ရှေ့က တမာပင်ရိပ်မှာ စားကြတယ်။ ဖက်ဆေးလိပ်သောက်ပြီး တရေးတမောနားပြီးမှ ပြန်ကြတယ်။ ဝယ်ထားတဲ့ငရုပ်သီးမှည့်နီနီတွေကို တလင်းပြင်မှာ လှမ်းထားလိုက်ရင် တနှစ်စာ ငရုပ်သီခြောက်လုံလောက်တယ်။ သရက်သီးလာရောင်းတဲ့သူတွေလည်း ပေါတယ်။ လက်ပံခေါင်းကိုတော့ အခြောက်ဝယ်ရတယ်။ တောင်းကြီးတတောင်းလုံးမှ တစ်ရာလောက်ပေးရတာပါ။ ခရမ်းသီးအစိမ်းသီးတွေက တလုံးကို (၅ဝ) သားလောက်ရှိတယ်။ ပါးပါးလှီးပြီး နေပူလှမ်းထားရင် မိုးတွင်းစာရတယ်ပေါ့။ အိမ်မှာလည်း အမေ့ဟင်းသီးဟင်းရွက်အခြောက်ထုပ်တွေ မနည်းပါဘူး။ မိုးရွာရင် လက်ပံခေါင်း၊ ချဉ်ပေါင်၊ ပုန်းရည်ကြီးတွေနဲ့ ချဉ်ပေါင်းချက်စားရင်လည်း အနံ့လေး သိပ်မွှေးပြီး ထမင်းစားလို့ကောင်းလှတယ်။

အခုလည်း မိုးတွေရွာနေတယ်။ အညာမဟုတ်တော့ မိုးနံ့လည်း မသင်းပါဘူး။ ဒါပေမယ့် အညာသူဆိုတော့ မိုးရွာရင် အိမ်ထဲမှာနေချင်တယ်။ စောင်ခြုံလေးနဲ့ ကွေးချင်တယ်။ ရေနွေးလေးတည်ပြီး ဟင်းပူပူလေးတွေ စားချင်တယ်။ ဒီနေ့ မိုးရွာနေတော့ အမေချက်သလို အမဲသားခြောက်လေး ချက်စားကြည့်ချင်လာတယ်။

အမဲခြောက်ဟင်းချက်မယ်ဆိုတော့ ဘာနဲ့တွဲချက်ရမလဲ စဉ်းစားလိုက်တာ ပဲဟင်းပူပူလေးက တခွက်၊ မျှစ်ကြော်ကတခွက်၊ အသီးအရွက်ကတခွက်ဆိုပြီး ချက်ဖြစ်သွားတယ်။ အမဲခြောက်ကို ရေခဏစိမ်ထားလိုက်တယ်။ ခဏနေတော့ မွမွလေးဖြစ်အောင်ထုထားတယ်။ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ငါးပိကို ခရမ်းချဉ်သီးလိပ်အောင် လှိမ့်လိုက်ပြီး အမဲသားကို ထည့်လိုက်တယ်။ အသားထဲဟင်းအနှစ်စိမ့်ဝင်အောင် မွှေပြီးမှ ရေထည့်ပြီး အဖုံးအုပ်ထားလိုက်တယ်။ (၂)ရေလောက်ခမ်းအောင် ချက်တယ်။ နောက်ဆုံးမှ ရေနည်းနည်းကျန်အောင်ထားတယ်။ ရေနည်းနည်းနဲ့ ဆီပဲကျန်တော့တဲ့အချိန်မှာ ထက်ခြမ်းခွဲထားတဲ့ ရုံးပတီသီးကို ထည့်ပြီး ခဏအဖုံးအုပ်ထားလိုက်တယ်။ ပြီးရင် အမဲခြောက်ဟင်း စားချင့်စဖွယ်လေးရပါပြီ။

ပဲနီလေးကို ကြာဇံနဲ့ ဟင်းချိုခပ်ကျဲကျဲလေးချက်ထားတယ်။

မျှစ်ကို ငါးပိနဲ့ ကြော်ထားတယ်။

အသီးအရွက်ကတော့ မှို၊ ငရုတ်ပွ၊ ပဲသီးရောပြီး အစိမ်းကြော်မစားချင်တာနဲ့ ခရမ်းချဉ်သီးနဲ့ ရေစပ်စပ်လေးနဲ့ချက်လိုက်တယ်။

အင်း ပဲဟင်းပူပူလေးနဲ့ ထမင်းစားလို့တော့ အကောင်းသား။

မဇနိ

17 comments:

Nu Thwe September 19, 2008 at 3:35 AM  

ဒီမှာတော့ ညကြီးသန်းခေါင် မဇနိရဲ့ လက်ရာတွေ “ကြည့်ရင်း ဗိုက်ထဲက တဂွီဂွီ ထမြည်လိုက်သေး။” မှားပါတယ်း( မျှစ်ခြောက်ကြော်လေး စားချင်လိုက်တာ။ ဒုက္ခပဲ။ မီးဖိုထဲ သွားပြီး အစာရှာထွက်လိုက်ဦးမယ်။

PAUK September 19, 2008 at 4:19 AM  

မနိရေ...
အမဲခြောက်တွေရှိပြီးချက်မစားတတ်လို့..
ရေခဲသေတ္တာထဲမှာအခုထိပစ်ထားတာ..
မနိချက်သလိုချက်စားကြည့်အုန်းမယ်...
ကျွန်တော်တို့ရိုးရာအမဲခြောက်ကတော့စားကောင်းတယ်..
ဆားလေးလေးနဲ့..နှင်းရိုက်အမဲခြောက်..
ဆောင်းတွင်းမှာပဲအခြောက်လှမ်းတယ်..
ကျွန်တော်တို့ရိုးရာအမဲခြောက်ကို (ကမ်းပါး)
လို့ခေါ်တယ်..
အခုအိမ်မှာရှိနေတာက..မြန်မာအမဲခြောက်(ဆားပေါ့တယ်သူက)
နောက်ပြီး..မြန်မာပြန်ရင်...မနိတို့အိမ်လိုက်လည်မှပဲ..ထမင်းလိုက်စားချင်လို့..အဟီးး
လက်ပန်ခေါင်းတို့..လက်ပန်ခြောက်တို့မစားဖူးသေးဘူး

Soe Mya Nandar Thet Lwin (Borros Roxo) September 19, 2008 at 5:11 AM  

ဟင့် ဟင့် မမဇနိ ဓါတ်ပုံတွေနဲ့ နှိပ်စက်တာ ကဒီး ကဒီး ရှိပြီနော်။ :))

စားခြင်လိုက်တာ.. ဂလု ဂလု :P

သရေယိုသွား၏။

SMNTL

Anonymous September 19, 2008 at 6:46 AM  

ပဲနီလေးကို ကြာဇံနဲ့ ဟင်းချိုခပ်ကျဲကျဲလေး နဲ့  ငါးရံခြောက်လေးမီးဖုတ်ပြီး ဆီလေးဆမ်း အဲ့လိုစားချင်တယ် အားပျက်နေလို့း)

Moe Cho Thinn September 19, 2008 at 6:57 AM  

အမဲခြောက်နှပ်လေး က သွားရည်ယိုစရာပါလား ညီမလေးရေ။ အညာဟင်း ကောင်းကောင်း ချက်တတ်ပုံပဲ။ ကိုဇနိတော့ ကံကောင်းလွန်းလို့ အလေးပြုသွားပါတယ်။

May Moe September 19, 2008 at 7:15 AM  

အားလုံးစားချင်တယ် ဂလု ဂလု :D
ရုံးပတီသီး ဆိုဘယ်လိုချက်ချက် အရမ်းကြိုက်၊ မျှစ်၊မှို အားလုံးအကြိုက် တွေပါလား၊
မမနိ အညာကိုလာလည်ရင်ချက်ကျွေး မှာလား။ :)

Anonymous September 19, 2008 at 7:48 AM  

ဂလု ဂလု.. အင်းး စားချင်အောင်လုပ်ပြန်ပြီ မမနိရယ်.. ဟင့်.. မျှစ်ကြော်စားချင်တယ်.. စားချင်တယ်.. အဟင့်..

ဖိုးသောကြာ September 19, 2008 at 10:04 AM  

ကျွန်းထဲကဈေးသည်တွေ တအားလာကြတာ မဇနိတို့ အိမ်ကလည်း တအားဝယ်လို့ ဖြစ်မှာပေါ့။ အညာစကားလေး ပြောကြည့်တာ။ :P

ကိုဇနိရေ မဇနိက ရုံးပတီသီးတွေ ချက်စားမှတော့ ချွဲပြီပေါ့ဗျာ။

P.Ti September 19, 2008 at 10:15 AM  

မဇနိတို့နှစ်ယောက်လည်း အထူတလည်လွမ်းဆွတ်နေကြတာပဲနော်... စားချင်လိုက်တာ.... ဂလုဂလု...

တားမြစ် ထားသော... September 19, 2008 at 10:55 AM  

ရသသည် အရသာဆီသို့ ခေါ်သွားသည်။
ကျွန်တော် အညာက အမေ့ဆီကို မကြာခဏ သတိရတတ်တယ်။ မဇနိရဲ့စာကိုတွေ့ရင် မကြာခဏ ငိုင်နေတတ်တယ်။ သူတို့က အဝေးမှာမို့၊ ငါကရော.. ဒီလိုတွေးတတ်ပါသည်။

မဇနိ ကျွန်တော် ဟင်းတွေကိုမစားချင်ပါ။ အမေ့ကို လွမ်းပါသည်ခင်ဗျား။ အဖေ့ရဲ့ ဆုံးမစကားတွေ ကျွန်တော်နားထောင်နေရချိန်ကို လွမ်းပါသည်ခင်ဗျား။

မဇနိ စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာနိုင်ပါစေ။

သုခမိန်(E-Journal)

RePublic September 19, 2008 at 12:46 PM  

စာအရေး ကောင်းသလို ဟင်းချက်ကောင်းသော မမနိ၊၊
မမနိ ရဲ့ သရုပ်ဖော် အရေးအသားတွေ တကယ် ပီပြင်ပါတယ် ဗျာ ၊၊ ဖတ်ရတာ နှစ်သက်ကြည်နူးစရာလဲ ကောင်းတယ် ...
ဓာတ်ပုံထဲက ဟင်းတွေ ကို ကြည့်ပြီး ဗိုက်ဆာလာပြီဗျာ ၊၊ မမကွိ ..ဗိုက်ဆာဒယ် ဗျို့ ...ဟီး

nu-san September 19, 2008 at 7:19 PM  

မဇနိရေ... ထမင်းစားပြီးမှပဲ လာလည်ရတော့တယ်.. နို့မို့ဆို ဗိုက်ဆာတယ်.. ဟင်းခွက်တော့ မြင်ရတော့ စားချင်တယ်... စားလည်းမစားရတော့ ကမန်းကတန်းလေး ပိတ်ပြီး ထမင်းပြေးစားလိုက်ရတယ်.. အခုမှ စာတွေပုံတွေကို ရဲရဲ ကြည့်ရတော့တယ်.. :)

မဇနိလေ အညာကအကြောင်းရေးရင် အရမ်းဖတ်လို့ကောင်းတာပဲ.. ကိုယ်မမြင်ဘူး မသိဖူးတဲ့အကြောင်းတွေဆိုတော့ စာရေးထားတာ ဖတ်ပြီး အော်..ဒီလိုလေးနေမှာလို့ စာဖတ်ရင်းစဉ်းစားမိတယ်.. မဇနိတို့ဘက်က ချက်တဲ့ ချဉ်ပေါင်းချက်လည်း စားဖူးချင်တယ်.. အညာလိုက်လည်မယ်နော်.. ချက်ကျွေးသိလား.. :)

Anonymous September 20, 2008 at 7:30 PM  

အမနုသွဲ့ရေ မီးဖိုထဲသွားကြည့်တာ ဘာတွေတွေ့ခဲသလဲဗျ

ပေါက် ထမင်းလိုက်စားမယ်လား လာလည်လေ အညာက နေတော့ပူတယ်နော်


ညီမ SMNDTL ကဒီး ကဒီး မဟုတ်ဘူးနော် :P

မောင်မျိုးရေ အိမ်နားနီးရင် အမချက်ကျွေးပါတယ်ကွယ်
မနေ့က ငါးရံ့ခြောက်ကြော်တော့ မောင်မျိုးကို သတိရမိသေးတယ်

အမချိုသင်း ဘယ်သူ့ကို အလေးပြုတာလဲ ဟင် သာမီးကိုလား သားကိုလား

မေမိုးရေ မောင်မယ်စုံ အညာဘုရားဖူးလာခဲ့နော် ချက်ကျွေးမယ် အညာဟင်း ရုံးပတီသီးတွေ သိပ်ပေါတာ

မျှစ်ကြော်စားချင်တဲ့ ညီမဝေလေး ယူသွားနော်

ကိုဖိုးသောကြာ ရေ မဇနိက တအားမချွဲပါဘူး တမွှားလေးချွဲတာပါ

ကို ပီတိ ဟုတ်ပါ့ လွမ်းနေကြတာ

ဆုတောင်းလေးအတွက်ရယ် အမြဲလာလည်တာရယ် ကျေးဇူးအထူးပါ ကိုတားမြစ်ထားသောရေ
အမေ့ကိုလွမ်းရင် အမေ့ဆီ မကြာခဏပြန်ပေါ့နော်

ကိုကြီး ၀ီ ညီမတို့အညာမှာ မိုးရွာရင် တကယ်ပျော်တာဗျ လာလည်မလား

မမနုစံကလည်း အညာနဲ့ဝေးတာကိုနော်
ချဉ်ပေါင်ကို အညာချက် သိပ်ချက်ကျွေးချင်တယ်

Nu Thwe September 21, 2008 at 1:59 AM  

ဆေးရုံအိမ်မှာ ညသန်းကောင်မို့ ဘာမှ လုပ်မစားဖြစ်လိုက်ပါ မဇနိရေ။ ဒီနေ့တော့ စားတော်ပဲ စိမ်ထားတယ်။ အညှောင့်ဖောက်ပြီး ပဲပြုတ်ပြုတ်စားမလို့း)
နောက်လည်း စားကောင်းသောက်ဖွယ်လေးတွေ ကျွေးပါဦးနော်။ မစားရပေမယ့် စားရသလိုပါပဲ။ ဟိ။

PAUK September 21, 2008 at 5:51 PM  

မနိရေ..
အညာကိုတကယ်လိုက်လည်မှာ..
အညာရနံ့တွေ..အညာထမင်းဟင်းတွေ..
အညာရဲ့နွေးထွေးမှုတွေလိုချင်လို..
နုနုရည်(အင်းဝ)ရဲ့အသက်၂၈နှစ်ရှိပြီဖြစ်သောမိန်းမ
ဖတ်ပြီးကတည်းက..အညာရူး..ရူးနေရတာပါ
ခင်ခင်ထူးရဲ့..၀တ်လဲတော်...ဖတ်ပြီးတော့..
ရောဂါပိုတက်လာတယ်..

တန်ခူး September 22, 2008 at 5:13 PM  

ညီမလေးရေ… အမဲခြောက်ဟင်းအနံ့ လေးတောင် ရလိုက်သလိုပဲ… အိမ်ကို လူကြုံရှိရင် လက်ပံပွင့်ခြောက်လေးတွေ မှာပါ့လား… အမတော့ မှာထားတာ… ပုန်းရည်လေးနဲ့ အရည်သောက်လေးချက်ပြီး အညာအလွမ်းဖြေရတာ… ကိုဇနိကြီးကတော့ ဒီပုံတွေကြည့်ပြီး နီးဖို့ ရာအရေးကို လက်ချိုးရေနေမှာ မြင်ယောင်သေး….

Anonymous September 25, 2008 at 9:27 AM  

အမနုသွဲ့ရေ စားတော်ပဲပြုတ်လေးလည်း စားချင်နေတာ

ပေါက်ရေ လိုက်လည်နော်

အမတန်ခူးရေ လက်ပံပွင့်ခြောက်လေးတွေလည်း ရှိသဗျ
ကိုဇနိလည်း လက်ချိုးနေရှာတာ အဟုတ်

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP