ထိုတနေ့

>> Thursday, September 11, 2008



နေမင်းသည်ကား လောကကြီးတခွင်အား အပူငွေ့များဖြင့် အစွမ်းကုန် ဖြန်းပက်ထားလေသည်။ အသင်နေမင်း တလောကလုံးအား စိတ်ရှိသမျှ ဖြန်းပက်ပါလေ။ အကျွန်ုပ်ပုခုံးပေါ်တွင် ခေါင်းလေးတင်ကာ မှီနေရှာသော မယ်မဒီလေးတစ်ယောက်ကိုသာ ချမ်းသာပေးပါ။ ဖန်တီးလို့ရလျှင်ကား အပူ နှစ်ဆ အကျွန်ုပ်ပေါ်ကို ဖြန်းချလိုက်ပါ။ ဇင်ယော်တောင်ပံ မျက်တောင်လေးတွေ စင်းနေရှာသော မယ်မဒီလေးခမျာ၊ ခရီးသွားလို့ ပန်းလှတဲ့ ဒဏ်အပြင်၊ နွေနေအပူကပါ ထပ်ဆင့်လောင်းထားတော့ မျက်နှာသွင်ပြင်မှာကား ဖျော့တော့တော့ရှိချေလှ၏။


"ဝေး…"
အကျွန်ုပ် နှုတ်ခမ်းမှ အသံခပ်ဖွဖွဖြင့် ခေါ်လိုက်လေသည်။ မယ်မဒီလေး၏ ညာဖက်မျက်တောင် တချက် ဖြတ်ကနဲအပေါ်ကို ကွေးတွန့်သွားသလို ဖြစ်ပြီး အသာပင် ပြန်ငြိမ်သွားပြန်ရှာ၏။ သူကလေး အတော်ပင်ပန်းရှာနေပြီ။ ဒီတိုင်းတော့လည်း မဖြစ်ရှာချေ။ တတ်သမျှပညာစွမ်းဖြင့် မယ်မဒီလေး အေးမြစေရမည်။ အကျွန်ုပ်၏ နှုတ်ခမ်းအား စုကာ မယ်မဒီ၏ မျက်နှာကလေးအား သာသာယာယာ လေမှုတ်ပေးနေလေ၏။ နက်မှောင်နေရမည့်အစား၊ ဖုန်တင်နေသောကြောင့် အနည်းငယ် အဝါရောင်သမ်းနေသော ဆံနွယ်လေးများသည် လေထဲတွင် ဝဲကာနေလေသည်။ လောကတခွင်လုံး ပူလောင်နေသော်လည်း မယ်မဒီလေးကို ကြည့်မြင်ရသည်မှာ အလွန်ပင် ကျက်သရေရှိလှပေသည်။

ထိုအခိုက် "နာနတ်သီးစိတ်၊ နာနတ်သီးစိတ်"ဆိုသော အသံခပ်စူးစူးနဲ့အတူ ခေါင်းပေါ်တွင် နာနတ်သီးဗန်းကလေးတင်ပြီး လာရောင်းသော ဈေးသည်မိန်းကလေး၏ အသံကို ကြားရသောအခါ မယ်မဒီလေး၏ မျက်လုံးကလေးက ကလယ်ကလယ်နဲ့ ပွင့်လာပြီး "စားချင်တယ်၊ ဝယ်ပေးနော်" ဆိုသော အသံကလေး ထွက်လာသောအခါ ကျွန်ုပ်သည် နာနတ်သီးသည်အား လက်ပြ၍ခေါ်လိုက်သည်။ နာနတ်သီးဈေးကလည်း အလွန်ချိုသလောက်၊ နာနာသီးစိတ်ကလည်း အရည်ရွှန်းရွှန်းနဲ့ စားလို့လည်း အလွန်ချိုလေသည်။ အကျွန်ုပ်နှင့် မယ်မဒီလေးသည် အသံများပင် မထွက်နိုင်ဘဲ နာနတ်သီးများကို ကုန်းရုန်းစားကြလေသည်။ တစ်ယောက်တစိတ်စားပြီးမှသာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အပြုံးပန်းချင်း ဖလှယ်နိုင်လိုက်ကြသည်။ "စားလို့လည်း ကောင်းတယ်နော်။" - ဆိုသော သူမ၏ အသံခပ်ချိုချိုထွက်လာသောအခါ "ထပ်ဝယ်လိုက်မယ်နော်"ဆိုသော အကျွန်ုပ်အသံက ကပ်ရပ်ထွက်သွား၏။ "ဒီမှာ အများကြီး ရှိသေးတယ်လေ၊ ထပ်မဝယ်နဲ့တော့နော်" ဆိုသောအခါ "အင်းအင်းအင်း" ဟု အကျွန်ုပ်ဖြေလိုက်လေသည်။

ကျောပိုးအိတ်ထဲတွင် ရန်ကုန်ကဝယ်လာသော၊ ခရီးသွားစဉ် လမ်းမှာမစားဖြစ်၍ ကျန်နေသေးသော ယိုသွပ်ပေါင်မုန့်များလည်းရှိသေး၏။ "ဗိုက်ဆာရင် စားလိုက်လေ" ဆိုတော့ "ဟင့် အင် ဗိုက်က ပြည့်သွားပေါ့" ဆိုကာ အကျွန်ုပ်အား ပြန်ကျွေးလေသည်။ ကျောပိုးအိတ်ထဲတွင် ရှိနေသေးသော ဖျော်ရည်ဗူးကလေးကို ကျွန်ုပ်ယူလိုက်ပြီး ပိုက်ကလေးတပ်ကာ "ဒါလေး သောက်လိုက်နော်" ဆိုပြီး မယ်မဒီလေးအား ထပ်ကာပေးလိုက်ပြန်သည်။ ဖျော်ရည် အနည်းငယ်သာ သောက်ပြီး ကျွန်ုပ်အား ပြန်၍ ကမ်းပေးလေသည်။ ဘေးမှာ ထိုင်နေကြသော လူအများက ဒီနှစ်ယောက် မုန့်လေးတခု၊ အအေးလေး တဗူးကို သူမစား ငါမစား အချစ်တွေ ပိုနေကြပါ့လား ဆိုသော အနည်းငယ် ချဉ်စပ်စပ်အဓိပ္ပါယ်ရောက်သော အကြည့်များဖြင့် ကြည့်ကြလေကုန်၏။ ကြည့်ကြပါလေ မိတ်ဆွေတို့၊ အကျွန်ုပ် ဂရုမစိုက်နိုင်။ ကျွန်ုပ်၏ကလေးမ အစာစားမှသာ ခရီးကြောင့် ပင်ပန်းသည့် ဒဏ် ခံနိုင်သော အားရပေလိမ့်မည်။

ဤသို့ဖြင့် လူပြည့်ကျပ်နေသည့် မှန်လုံးကားကလေးတွင် ထိုင်ခုံမရသဖြင့် တံခါးဝအနီး သစ်သားတန်းကလေးတွင် နှစ်ယောက်သား တက်၍ထိုင်လိုက်ကြသည်။ အခြားကားကို မျှော်သော်လည်း ပေါ်မလာသောအခါ ဆိုက်ကားသမားတစ်ယောက် အသံခပ်ကျယ်ကျယ်ဖြင့် "ဒီကားက နောက်ဆုံးကားပါဗျာ၊ လိုက်သွားစမ်းပါ" ဟုဆိုကာ ကျောပိုးအိတ်ကို အတင်းဆွဲ၍ လိုက်ပို့သောကြောင့် အခုစီးနေသော ကားသို့ရောက်ရပါသည်။ ကျေးဇူးကြီးသော ဆိုက်ကားဆရာပါပေ။ သစ်သားတန်း ထိုင်ခုံပေါ်တွင် ဘေးချင်းယှဉ်ကာ ထိုင်သောအခါတွင်လည်း မယ်မဒီငိုက်ကာ ကားတံခါးကြားဆင်းသွားမှာ စိုးရိမ်၍ လက်ဖြင့် သူမ၏ နောက်ကျောမတံခါးအဝနား ကိုင်စရာတခုကို ကိုင်ကာ နောက်မှီစရာအဖြစ် ဖန်းတီးပေးထားရ၏။

အချိန်အခါကျရောက်လာသေးအခါ ကားကလေးကား လူးကာလွန့်ကာ ပြေးလေတော့၏။ ၂ နာရီခန့် အားကုန်ပြေးပြီးသောအခါ လမ်းဆုံလမ်းခွတစ်ခုသို့ ကားကလေးရောက်လေ၏။ ကားသမားအား ကြိုတင်ပြောထား၍ ယင်းနေရာရောက်သောအခါ ကားက ရပ်ပေးလေသည်။ လမ်းဘေးဇရပ်တွင် နားခိုရင်း ရပ်ထားသော ကားမှန်သမျှကို လိုက်မေးရလေသည်။ " ***ထိ ရောက်အောင် သွားကြမှာလားဗျ" မေးတိုင်း "မရောက်ဘူး" ဆိုသော အဖြေများနဲ့သာ ကြုံတွေ့ရသည်။ ဇရပ်တွင် ထိုင်နေသော အခြားလူများက "စိတ် မပူပါနဲ့ဗျာ၊ ခင်ဗျားသွားချင်တဲ့ဆီကို ရောက်တဲ့ ကား တစ်စီးစီးကတော့ ပေါ်လာမှာပါဗျ"ဆိုသောကြောင့် စိတ်အနည်းငယ်အေးရလေသည်။ ညအတော် မှောင်သောအခါ လိုရာခရီးကို ပို့ဆောင်ပေးမယ့်ကား ပေါ်တော်မူလာရှာသည်။

…. ထိုသို့ဖြင့် လိုရာခရီး အေးချမ်းစွာ ရောက်ရပါတော့၏။

ခရီးပန်း၍ ရွှေမျက်နှာတော် နွမ်းနေသော ထိုတနေ့က မယ်မဒီအား မျက်လုံးထဲမှ မထွက်သဖြင့် ထိုတနေ့အား အမှတ်တရ ရေးသားလိုက်ရသည် ဖြစ်ပါကြောင်း။

15 comments:

မောင်မျိုး September 11, 2008 at 6:10 AM  

ကိုနိ ..ပို့ စ်လေးက နုနေတာပဲ ကြည်နူးစရာလေး ဘာသာပြန်အချစ်ပို့ စ်လေးလားလို့း) ကိုယ်တွေ့ လေးပဲ နောက်အမှတ်တရလေးတွေရှိရင်လည်းရေးပါအုံး
ဗျို့  မယ်မဒီလေးနဲ့  အမြဲ ဂျစ်ဂျစ်ဂျစ် နိုင်ကြပါစေ :)

မဇနိ September 11, 2008 at 6:33 AM  

ညက ဖျားနေလို့ ဆေးသောက်အိပ်ပျော်သွားတာ..
အိပ်ယာက နိုးလာတော့ ကိုဇနိပို့စ်လေးဖတ်ရတယ်..
“ထိုတနေ့” ကို လွမ်းမိသွားတယ်..
ဒီပို့စ်လေးအတွက် ကျေးဇူးအထူးတင်တယ်နော် ကိုဇနိ..
အေးအတူ ပူအမျှပေါ့ ကိုဇနိရယ် နှော..

Yu Wa Yi September 11, 2008 at 6:43 AM  

အဟမ်း..အဟမ်း..ကိုဇနိ မဇနိတို့ ကိုကြည့်ပြီးကြည်နူးလိုက်ပါဘိ။

pp September 11, 2008 at 6:55 AM  

အားကျလိုက်တာ.... နော်။ ;)

nu-san September 11, 2008 at 7:27 AM  

ကိုဇနိရေ.. အရေးကောင်းတာတော့ လက်တွေ့သိသွားပြီ.. ဖတ်ရတာ ကြည်နူးဖို့ကောင်းလိုက်တာ.. မဇနိက ဟင်းချက်ကောင်း ~~ ကိုဇနိက စာရေးကောင်း~~ :)

May Moe September 11, 2008 at 10:41 AM  

အဟမ်း အဟမ်း :P နေ့ရက်တွေ အများကြီး မှာ ထိုတနေ့ ပဲမှတ်မိတယ်ပေါ့ ဟုတ်လား ။ :P

တန်ခူး September 11, 2008 at 1:19 PM  

Oh… very romantic couple… ကြည်နူးစရာလေးပါလား… မောင်တရွာ မယ်တမြို့ ကနေ အမြန်ဆုံးနီးရပါစေလို့ … ဒီချစ်အိမ်ကလေးကို တို့ ရဲ့ နွေးနွေးထွေးထွေး အိမ်လေးထဲမှာ ထည့်(link) ထားတယ်နော်…

ဝေလေး September 11, 2008 at 2:34 PM  

ကြည်နူးစရာလေးပဲ
:)
ပျော်ရွှင်နိုင်ကြပါစေနော်

သက်တန့် September 11, 2008 at 3:20 PM  

ကြည်နူးနှစ်သိမ့်စရာ...
အားကျစရာ...
သိင်္ဂါရ ရသ ပေးနိုင်တဲ့ ပို့စ်လေးပါပဲ ကိုဇနိရေ...
ကိုနိ နဲ့ မနိတို့ ပျော်ရွှင်ကြည်နူးဖွယ် ထိုတနေ့ပေါင်းမြောက်များစွာ ပိုင်ဆိုင်နိုင်ပါစေလို့... :)

Taungoo September 11, 2008 at 4:48 PM  

ထိုတစ်နေ့အတွက် အမက အကို့ကို ကျေးဇူးတင်တယ်တဲ့လား။
အဲဒီစကားလေးက ထိုတစ်နေ့ကို ပိုမမေ့နိုင်အောင် ချည်နှောင်လိုက်ပြန်ပြီပေါ့။ ကြင်နာစကား ဆိုတတ်ကြတယ်ဗျာ။

မေတ္တာဖြင့်

Republic September 11, 2008 at 6:12 PM  

ကိုကိုနိ ကွ ၊၊ မမနိ ကတော့ ဒီပို့စ်နဲ့ အမှတ်တွေများကြီးပေးလိုက်ပီ ၊၊ ကိုကိုနိရေ ဒီဘာသာတော့ ..A+ ပဲ ၊၊ မပူနဲ့တော့ဗျ ၊၊ဟီး

အမြဲပျော်ရွင်နားလည်မှုတွေနဲ့ အတွဲညီတဲ့ ကိုနိ နဲ့ မနိ ၊

ဖိတ်စာမျှော်နေမယ် ..ကွိကွိ ၊၊

khin oo may September 11, 2008 at 7:48 PM  

ချမ်းမြေ့ပါစေ။

ဂျစ်တူး - gyit_tu September 12, 2008 at 6:49 AM  

သူများတွေ ကြည်နူးနေတာများ အားကျစရာကြီးကွယ်း)

မကြာခင် နီးစပ်ပြီး တမိုးအောက် နှစ်ယောက်အတူ ဝေမျှနိုင်ကြပါစေ ။

မောင်ဖြူ September 13, 2008 at 11:36 PM  

အမယ် ဒို့ကိုဇနိက စာရေးကောင်းရုံဟုတ်ဘူး၊ ဟင်းချက်လဲကောင်းပါတယ်ဗျ။

တားမြစ် ထားသော... September 16, 2008 at 5:29 PM  

“ညက ဖျားနေလို့ ဆေးသောက်အိပ်ပျော်သွားတာ..
အိပ်ယာက နိုးလာတော့ ကိုဇနိပို့စ်လေးဖတ်ရတယ်..
“ထိုတနေ့” ကို လွမ်းမိသွားတယ်..
ဒီပို့စ်လေးအတွက် ကျေးဇူးအထူးတင်တယ်နော် ကိုဇနိ..
အေးအတူ ပူအမျှပေါ့ ကိုဇနိရယ် နှော..” ...မဇနိ၏ ကွန်မန့်မှ။

ကဲ။ သားတို့ကတော့ ဘာမှဝင်ပြောစရာမလိုတော့ပါ။ ဒီတစ်ခုမှာတင် အားအင်အပြည့်နှင့် ကိုဇနိ အသက်ဆက်သွားပါပြီ။

သုခမိန်(E-Journal)

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP