အညာကရွာ… (၁)

>> Thursday, September 4, 2008



အညာဒေသလို့ဆိုရင် လူအတော်များများက ခြောက်ကပ်ကပ်နဲ့ ရေအတော်ရှားတယ်လို့ ထင်ကြတာမဟုတ်လား။ ဟုတ်လည်းဟုတ်ပါရဲ့။ နေအပူတွေက ပြင်း၊ သစ်တောတွေက မရှိလေတော့ ခြောက်ကပ်ကပ်ပေါ့လေ။ ကျနော်က အဲဒီ ပူပြင်းလှတယ်ဆိုတဲ့ အညာဒေသမှာ မွေးလာတာပါ။ အညာသားပေါ့။ အဖေရော အမေရောက အညာကပါပဲ၊ အဲ သူတို့ နှစ်ယောက်လုံးကလည်း မြန်မာပြည်အလယ်ပိုင်းက သိပ်မဝေးလှတဲ့ ရွာလေး နှစ်ရွာကပါ။ ရွာအကြောင်း အိမ်အကြောင်း အလွမ်းသယ်ဦးမယ်ဗျာ။


အဖေရော အမေရောက ကျောင်းဆရာ၊ ဆရာမတွေပါ။ တက္ကသိုလ်ဆရာ၊ ဆရာမတွေ မဟုတ်ပါဘူး။ အခြေခံပညာသင်ကျောင်းက ဆရာတွေပါ။ အဖေနဲ့ အမေက အိမ်ထောင်ပြုတာ နောက်ကျပါတယ်။ အသက် ၃၀ ကျော်မှ ပြုဖြစ်ကြတာပါ။ အပျိုကြီး လူပျိုကြီးတွေ ဖြစ်နေကြပြီလေ။ ဒီတော့လည်း ဘေးက သူငယ်ချင်းတွေက ဝိုင်းလှော်ကြရမှာပေါ့။ အဖေက ဇွဲကောင်းသလို၊ အမေက (အခုခေတ်လို ပြောရင်) ပဲများတယ်ပေါ့။ အဖေက အမေ့ကို ပိုးခဲ့ရတာ ၅- နှစ်လောက် ကြာတယ်ထင်တယ်။ အပျိုကြီးကို ပိုးရတော့ ခက်နေတာလား မသိပါဘူး။ ကျနော်ကတော့ မိဘထက် လက်စောင်းပိုထက်တယ် ပြောရမယ်။ အသက် ၂၀ ကျော်ကတည်းက ချစ်သူရည်းစားရနေတာ။ ဒါပေမယ့်လည်း အိမ်ထောင်ပြုတဲ့အချိန်ကျတော့ အဖေတို့ အမေတို့ အိမ်ထောင်ပြုခဲ့တဲ့ အသက်အရွယ်ကို မှီတော့မယ် ထင်ပါရဲ့။ အဖေတို့ရွာမှာက အရင်တုန်းကတော့ အလယ်တန်းကျောင်းရှိတယ်။ အမေရော အဖေရောက အဲဒီကျောင်းက ဆရာဆရာမတွေပေါ့။ နောက်ဆုံး အဖေက အမေရဲ့ ချစ်ခြင်းကို ရသွားတော့ ကျောင်းသားတွေကို ဆုံးမသတဲ့။ "မင်းတို့ အလုပ်လုပ်တဲ့ အခါမှာ ဇွဲကောင်းကောင်းနဲ့ လုပ်ကြကွ။ ဇွဲသာရှိရင် အောင်မြင်မှုပန်းတိုင်ဆိုတာ မဝေးပါဘူး။ အခု ငါ့ကိုပဲကြည့် နှစ်တွေ ဒီလောက်ကြာအောင် ဇွဲကောင်းကောင်းနဲ့ မင်းတို့ဆရာမကို ချစ်ခဲ့တော့ အခု အိမ်ထောင် ထူထောင်လို့ ရသွားပြီ" လို့ ပြောသတဲ့။ အမေတူတွေ (ကျနော့်အကို ဝမ်းကွဲတွေ)က ပြန်ပြန်တာ "အဲဒီတုန်းက ငါတို့မှာ သူငယ်ချင်းတွေကြားမှာ မျက်နှာပူပြီး ရှက်လိုက်တာကွာ"တဲ့။ စကားစပ်လို့ ပြောရဦးမယ်။ ကြူရတနာမောင်မြကြိုင်ရဲ့ ဝတ္ထုတို (၃) ပုဒ်လောက်ကို မြရွက်ဝေရဲ့ဘလော့ဂ်မှာ ဖတ်လို့ရတယ်။ ကြူရွာက ဆရာဦးမြကြိုင်ပါ။ သူက အဖေတို့နဲ့ လုပ်ဖော်ကိုင်ဖက် ကျောင်းဆရာပါပဲ။

အဖေ့ရွာနာမည်က "ဗလဗ" တဲ့။ အဲသလို ဗျည်းလုံးချင်းတွေကို ရွာနာမည်ပေးထားတာ တနိုင်ငံလုံးမှာမှ ၄ ရွာလောက်ပဲရှိတယ်ဆိုလား သူများပြောတာ ကြားဖူးတယ်။ ဟုတ်မဟုတ်တော့ မသိဘူးဗျ။ "ဗလဗ" နားမှာ နောက်ထပ် ဗျည်းလုံးခြင်းတွေနဲ့ နာမည်ပေးတဲ့ ရွာတစ်ရွာရှိသေးတယ်။ "ဇယမ"တဲ့။ ကျန်တဲ့ ၂- ရွာကိုတော့ ကျနော်လည်း မသိဘူး။ အမေ့ရွာနာမည်က "နှောင်းဘ"တဲ့။ အဲဒီနားက ရွာနာမည်တွေကို မှတ်မိသလောက် ပြန်ပြောပြရရင် မထီး၊ ကျော်ထင်ကုန်း၊ ကိုရင့်ရွာ၊ ငမြာကြီး၊ ငမြာလေး၊ ကျွန်းလှယဉ်၊ အင်းမ ဆိုတဲ့ရွာတွေပါ။ အဖေတို့ရွာမှာက အခြေခံပညာ အထက်တန်းကျောင်းရှိတယ်။ ဆရာဦးမြကြိုင်လည်း ဗလဗကျောင်းက ဆရာပါပဲ။ သူ့ရွာ ကြူရွာကတော့ ဗလဗရွာနားမှာပါ။ ရွာနီးချုပ်စပ်က လူတွေကတော့ မြို့ကျောင်းသွားမတတ်နိုင်ရင် ဒီရွာပဲ လာပြီး တက်ရတာပါပဲ။ ရွာက ရေစကြိုနယ်ထဲမှာ ရှိပြီးတော့ ရွာနဲ့ နီးတာတော့ ပခုက္ကူမြို့၊ မြင်းခြံမြို့တွေနဲ့လည်း နီးတယ်။ ရေစကြိုမြို့ရယ်၊ ပခုက္ကူမြို့ရယ်၊ မြင်းခြံမြို့ကို အစက်သုံးစက်ချပြီး လိုင်းတွေဆွဲလိုက်ရင် တြိဂံလေးဖြစ်သွားတယ် မဟုတ်လား။ တြိဂံလေးရဲ့ အလယ်ဗဟိုလောက်မှာ ကျနော်တို့ ရွာတွေပဲ။ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ် ဆုံတဲ့နေရာလေးလို့ မျက်စိထဲ ပုံဖော်လို့ရပါတယ်။

အခုလို ဝါဆို၊ ဝါခေါင်လဆို မြစ်ရေတွေတက်လို့ ရွာတွေထဲကို မြစ်ရေဝင်ပါတယ်။ အိမ်တွေက ခြေတံရှည်အိမ်တွေပါ။ ရေမဝင်တဲ့ ကာလဆိုရင် အိမ်အောက်ထပ်တွေမှာလည်း လူတွေနေကြတာဖြစ်ပြီး၊ မြစ်ရေတွေရွာထဲ ဝင်လာပြီဆိုရင်လည်း အိမ်အပေါ်ထပ်မှာ နေရပါတယ်။ အမေ့ရွာကတော့ ရွာထဲရေဝင်ရင် လူတစ်ရပ်တောင် မြှပ်ပါတယ်။ အဖေရွာကတော့ အဲသလောက်ကြီး မဟုတ်ပါဘူး။ ပြောချင်တာက ကျနော်တို့ရွာဖက်တွေက အညာဒေသဆိုပေမယ့် ကုန်းခေါင်ခေါင် ရေရှားတဲ့ အညာမဟုတ်ပါဘူး။ ကျွန်းထဲလို့ ခေါ်ပါတယ်။ အညာမှာ ပူလွန်းလို့ ရေရှားတယ်ဆိုရင် ငယ်ငယ်တုန်းက နားမလည်ပါဘူး။ တို့ရွာဖက်တွေက ရေတွင်းတွေများဆို တိမ်တိမ်လေးပါ ရေတွေများ ပေါလွန်းလို့လို့ စိတ်ထဲပေါ်ပါတယ်။

ကျနော်တို့ရွာဖက်က ကျွန်းထဲဆိုတော့ ကုန်းပေါ်အရပ်က စိုက်တာတွေနဲ့ မတူဘူးဗျ။ ကျနော်တို့ဒေသမှာ စိုက်ပျိုးတာတွေကို ပြောပြရရင် မြေပဲ၊ ပဲနီ၊ ပဲကြား၊ ဗမာဆေး (ဆေးရွက်ကြီး)၊ (ဗာဂျီးနီးယားဆေးတောင် ရွာတိုင်း မစိုက်ဘူးဗျ)၊ အဲဒါတွေပဲ အဓိကစိုက်တာပါ။ အဲ ကန်စွန်းဥတွေ စိုက်တာတွေလည်းရှိပါရဲ့။ ပြီးတော့ ကုလားပဲပေါ့။ အဲဒီကောင်တွေကတော့ မျာများစားစား မစိုက်ဘူးလို့ ထင်ပါတယ်။ ပြီးတော့ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ဘူး၊ ဖရုံ စတာတွေက အထူးတလည် စိုက်တယ်လည်း မဟုတ်ပေမယ့်၊ အခင်းထဲက ဆေးပျိုးခင်းလို နေရာမှာ စိုက်ထားတတ်ပါတယ်။ အိမ်ခြံဝိုင်းထဲမှာလည်း အခင်းလေးတွေ ရှိကြတာပေါ့။ ခရမ်းချဉ်သီးတွေများ အလွန်သီးတဲ့ရာသီဆို ပေါလွန်လွန်းလို့ ဝယ်သူတောင်မရှိ၊ အလကားပေးတောင် ယူသူမရှိဖြစ်ရပါတယ်။ အဲသလို ခရမ်းချဉ်သီး ပေါတဲ့ရာသီမှာဆို ကျနော်တို့ အိမ်မှာ ခရမ်းချဉ်သီး အနှစ်တွေကိုထုတ်ပြီး သိမ်းတာတွေ့ဖူးပါတယ်။ ခရမ်ချဉ်းသီးတွေက အလုံးတွေ ရွှန်းပြီး မထွားပေမယ့် စားလို့ကောင်းပါတယ်။

အပိုင်(၂) ဆက်ဦးမယ်။ မျှော်...

8 comments:

khin oo may September 4, 2008 at 6:48 PM  

1. တို့က အသက် ၁၆ နှစ်ထဲ က ksml နဲ့ရည်းစားဖြစ်တာ. ငှင်းငှင်း။ ဇနိလောက် ကတော့ အချဉ်ဘဲ။

2. တို.လေ ရန်ကုန် သူ မို့လို့ ထင် တယ်. စိုက် ခင်း လေး တွေ ကို သိတ် ချစ်တာဘဲ။ လက်ဆိပ် ကတော့မရှိ.။

Republic September 4, 2008 at 7:37 PM  

ဟားဟား ..မ KOM ကြီးက ကြော်ငြာဝင်သွားပြန်ပီ ၊၊

အညာဒေသ အရောက်နည်းတဲ့ ကျွန်တော်ကတော့ ကိုဇနိ ပို့စ်ဖတ်ပြီး ပုံဖော်နေတော့တယ် ၊၊

ခင်မင်စွာဖြင့် ...

Taungoo September 4, 2008 at 7:46 PM  

ရွာနာမည်တွေ စိတ်ဝင်စားတယ် ကိုဇနိ။ ကျန်တဲ့ရွာနာမည်တွေ သိချင်သေးတယ်။
ကျွန်တော် စဉ်းစားမိတယ်။
“ဒလ” ကတော့ မြို့နယ်အဆင့် ဖြစ်လောက်တယ်။ နောက် တောင်ငူကနေ ပျဉ်းမနားဖက်သွားရင် လမ်းမှာ “စမ တောင်“ ဆိုတာရှိတယ်။ သာသနာ့နယ်မြေပါ။ အဲဒီတောင်နားမှာ “စမ” ဆိုတဲ့ရွာများ ရှိလေမလားပဲ။ ဖြစ်တော့ မဖြစ်နိုင်တာတွေပါ။

မေတ္တာဖြင့်

khin oo may September 4, 2008 at 7:52 PM  

တို့ အညာရောက်ဘူးတယ်။ မန်းဒလေး။ ပုဂံ. ညောင်ဦး။ မုံရွာ။ ကောင်းမှူ စေတီတော်။ ပုပါး။ မကွေ့း။ မင်းဘူး။ အမ်းတောင်ကြား။ ရုတ်တရက် မှတ်မိသလောက် memory recall လုပ်ကြည်.တာ. သြော် ကျန် သေးတယ်။ ရေနံချောင်း . တောင်ငူ.။ မိထီလာ။ တကယ် ရောက်ဘူးတယ်။ ညာ တာ မဟုတ်။ ရေနံချောင်း သိတ်လှတယ်။ တောင်တက် တောင်ဆင်းလေးတွေနဲ။။ ပြီးရင် နေပူ ရင် လေ အဝေး ကို လှမ်းကြည်.ရင် တိမ် တွေ ကွက် ပြီး နေ ညိုတယ်။ တချှိုနေ ရာ တွေ က တိမ် တွေ နဲ့ အရိပ် ဖြစ်နေတယ်။ တိမ် တွေ ကို လှမ်းကြည်.ရင် လဲ ပုံသကန် အမျူီးူ မှူိး။ ဆင် လို မျို။ လူ လို မျိုး အမျိုး မျှိုး ပုံဖော် လို့ရတယ်။ ဟုတ်တယ် ဟုတ်.

မောင်ဖြူ September 4, 2008 at 9:03 PM  

ကိုဇနိရေ ကြုံကြိုက်ရင်တော့ အလည်တစ်ခေါက် ရောက်ချင်စမ်းပါဘိ။

Moe Cho Thinn September 4, 2008 at 9:18 PM  

ရေပေါတဲ့ အညာက ကိုဇနိရေ..
အပိုင်း ၂ မျှော်ဦးမယ်လေ။
သူ့ရွာနံမည်ကလဲ ထူးထူးဆန်းဆန်း ဗလဗ တဲ့။ တို့က နောက်တယ် ထင်လို့။ :P

မြရွက်ဝေ September 5, 2008 at 4:05 AM  

ညီမလဲ အညာသွေးပါတယ်ဗျို့။ အဖေ့ဘက်က အဖွားက အညာသူစစ်စစ်လေ။ အိမ်ထောင်ကျပြီး ရန်ကုန်မှာ တောက်လျှောက်နေဖြစ်တာခုထိဆိုတော့ ညီမတို့လဲ အညာကို မရောက်ဖူးဘူး။ အမျိုးတွေရှိတယ်။ ရွာနာမည် မေ့နေလို့။ ဖွားလေး(အဖွားညီမ အငယ်ဆုံး)ကလဲ ဆရာမဘဲ။ ရန်ကုန်ကို လာလည်တာနဲ့ကြုံလို့ ၄/၅ခါ ဆုံဖူးတယ်။ ဖွားလေးလဲ အိမ်ထောင်ကျ နောက်ကျတော့ သား၃ယောက်ရှိတာ အလတ်ကမှ ညီမနဲ့ ရွယ်တူ၊ အငယ်ဆုံးက ကိုယ့်ထက်တောင်ငယ်နေတော့ ဝါအရ "ဦးလေး"လို့သာခေါ်ရတယ် စိတ်ထဲ ကျလိကျလိနဲ့ အတော်ရီချင်သား။ မတန်ခူးရဲ့ လေနုအေးဘလော့က "အညာစကား"ကို ဖတ်မှ အဖွားတို့အိမ်က တချို့စကားလုံးတွေက အညာသုံးစကားမှန်း သိတော့တာ။ "ဂျိတ်၊ ဗိုရင်၊ ဘိတ်ဆုံး၊ ဂိုက်ပေးကြမ်း၊ အိတ်ထောင်" ဒါတွေက ငယ်ငယ်ကတည်းက ကြားနေရတော့ အညာစကားလို့မထင်မိတာ။ အဖွားက ရန်ကုန်မှာကြာပြီဆိုတော့ စကားမဝဲပေမယ့် ဖွားလေးတို့ကျတော့ အတော်ဝဲတယ်လေ။ တခုခုစကားပြောရင် "ဟုတ်လား"လို့ နောက်ကနေ ထောက်ခံရင်းပြောတာကို အညာလေနဲ့ "ဟုတ်ကဲ့လား"လို့ပြောတော့ ညီမတို့က "ဟုတ်ရဲ့လား"လို့ထင်ပြီး "ဟုတ်ပါတယ်"ဆိုပြီး ပြန်ပြန်ရှင်းပြရတယ်။ ကိုယ်ပြောတာဘဲ မယုံလို့များလားလို့။:D

ကိုဇနိပြောမှဘဲ "ကြူရတနာမောင်မြကြိုင်"စာအုပ်ကို ဆက်ရိုက်ဖို့ သတိရတယ်။ ဝတ္ထုတိုပေါင်းချုပ်လေ။ အရမ်းဖတ်လို့ကောင်းတယ်။ တစ်အုပ်လုံးဆိုရင် အတော်ရိုက်ယူရမှာ။ ဆရာဦးမြကြိုင်က ကိုဇနိ အဖေရဲ့ အသိလား?။ အိ!! အင်တာနက်ခေတ်ကြီးမှာ ကမ္ဘာကြီးက ကျဉ်းလွန်းမက စိပြီးထပ်နေတာပေါ့။:P

ပီတိ September 5, 2008 at 7:50 PM  

ကြူရတနာမောင်မြကြိုင်ရဲ့ ၀တ္ထုတွေကို အင်မတန် ကြိုက်ခဲ့တယ်။ သူ့ရဲ့ ၀တ္ထုတို ပေါင်းချုပ်ကို ငယ်ငယ်တုန်းက ပြန်ကြားရေး စာကြည့်တိုက်ကနေငှားဖတ်ဖူးတယ်...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP