အီလက်ထရောနစ်မြို့တော် (Akihabara)

>> Wednesday, September 10, 2008



မောင်လေးက ကွန်ပြူတာဝယ်ချင်ပါတယ်လို့ ပြောလာတော့ Akihabara (အကိဟဘရ) အီလက်ထရောနစ်မြို့ကို သွားဖြစ်ခဲ့တယ်။ ဒီမှာက ခရီးစရိတ်က အတော်လေး ဈေးမြင့်ပါတယ်။ တနေရာသွားမယ်ဆို စဉ်းစားနေရတယ်။ အချိန်ကလဲ တရက်ပေးရတော့တာကိုး။ သူငယ်ချင်းတွေလာရင်လည်း မဖြစ်မနေလိုက်ပို့ရတာ အကိဟဘရကိုပါပဲ။ လိုက်မပို့လို့ကလဲ မဖြစ်ပြန်ဘူး။ Training ကျောင်းသားအများစုက တိုကျိုမြို့တ၀ိုက်ကို လာရတာဆိုတော့ ကိုယ်က ဒိုင်ခံလိုက်ပို့ရတယ်။ ရထားခက မိနစ် ၃၀ လောက်ခရီးကို ယန်း ၅၄၀ ပေးရတယ်။ အပြန်အသွားဆို ယန်း ၁၀၀၀ ကျော်ကုန်သွားရော။ အချိန်ကလဲ မနက်ကသွားရင် ဈေးဝယ်တာနဲ့ ညနေမှ ပြန်ရောက်တော့ မထူးပါဘူးလေဆိုပြီး အဲဒီလမ်းကြောဖက်က ၀ယ်စရာတွေ စုဝယ်ရတယ်။



Ueno(အုအဲနို) မှာက ကုလားပဲ၊ နံနံပင်၊ ကန်စွန်းရွက်၊ ငံပြာရည်၊ ဆန်ခေါက်ဆွဲဖတ်၊ တရုတ်အကြော်အလှော်တွေကို အဓိက ၀ယ်လို့ရပါတယ်။ ပုဇွန်တွေလဲ လတ်လတ်ဆတ်ဆတ်ဆိုတော့ ဈေးဝယ်လို့ ကောင်းလှတယ်။ ကျွန်မအတွက်တော့ အဲဒီလမ်းကြောင်းက ပြန်လာရင် စားချင်တဲ့ မြန်မာစာတွေ ကောင်းကောင်းချက်စားလို့ရပါပြီ။ Akihabara နဲ့ Ueno ဆိုရင် ၃ မိနစ်လောက်စီးရပြီး ယန်း ၁၃၀ ပေးရတယ်။ Ueno ကနေ Takadanobaba (တကဒါနိုဘဘ) ကိုလည်း မသွားမဖြစ် သွားရပါတယ်။ ၂၀ မိနစ်လောက်ကြာပြီး ယန်း ၁၉၀ ပေးရပါတယ်။ အဲဒီမှက မြန်မာဆိုင်ရှိတော့ လိုချင်တဲ့ မြန်မာအစားအစာ ၀ယ်ဖို့ သွားရတယ်။ အဓိက ငါးပိဝယ်ချင်လို့ပါ။ စမူဆာ၊ လက်ဖက်စတဲ့ လိုရာဝယ်နိုင်တဲ့အပြင် မြန်မာထမင်း၊ဟင်းကို ကန်စွန်းရွက်နဲ့ မှိုကြော်၊ တို့ဟူးသုပ်လေးပါ စားချင်စားလို့ရသေးတယ်။ ပြီးရင်တော့ ကိုယ့်ဆီပြန်ဖို့ဆို ယန်း ၄၈၀ နဲ့ မိနစ် ၅၀ လောက်ကြာပါတယ်။ စုစုပေါင်း ယန်း ၁၃၄၀ ကုန်ကျမယ့်ခရီးကို အပြန်အသွား one day ticket ဆိုတာနဲ့ သွားလိုက်ရင် ၁၀၅၀ ပေးရပြီး အခေါက်ခေါက်အခါခါ ကြိုက်သလို စီးလို့ရပါတယ်။ Ueno ပဲ အရင်သွားပြီး Akihabara ကို အပြန်ဝင်မလား၊ ၀ယ်စရာမေ့နေရင် ၂ ခေါက်ပြန်စီးမလား အဆင်ပြေလှပါတယ်။ မုန့်စား ဘာညာနဲ့ ခရီးစရိတ်ကတင် ယန်း ၃၀၀၀ လောက် ကုန်ရော။ ဟင်းချက်စရာဝယ်တာ မပါသေးဘူးပေါ့နော်။

Akihabara ကို Electric Town လို့ သတ်မှတ်ရလောက်အောင် ဆိုင်တော်တော်များများက အီလက်ထရောနစ်ပစ္စည်းတွေ ရောင်းချပါတယ်။ အကိဟဘရဘူတာမှာဆင်းပြီး electric town exit ကိုထွက်လိုက်ရင် အီလက်ထရောနစ်ဆိုင်တန်းတွေကို တွေ့နိုင်ပါတယ်။ အလည်လာရောက်ကြတဲ့ နိုင်ငံခြားသားတွေ အဲဒီမှာ တ၀ဲလည်လည် ဈေးဝယ်တာတော့ တနေကုန်တာများပါတယ်။ ကွန်ပြူတာ၊ ကင်မရာနဲ့ အခြားအီလက်ထရောနစ်ပစ္စည်းတွေ အသစ်ဆိုင်တွေပေါသလို second hand ဆိုင်တွေကလဲ အတော်များလှပါတယ်။ lap top second hand ဆိုရင် ယန်း ၃ သောင်းနဲ့ အထက်ရှိပြီး ကြိုက်တာကြည့်ဝယ်ပေတော့။ second hand ဆိုတာကတော့ အသစ်လိုတော့ ဘယ်ကောင်းနိုင်မလဲနော်။ ကျွန်မကို မေးလာရင်တော့ ဖြစ်နိုင်ရင် အသစ်ဝယ်စေချင်တယ်လို့ ပြန်ပြောလေ့ရှိပါတယ်။ မြန်မာလူမျိုးတွေမှ ဒီ second hand တွေ ၀ယ်သုံးတာ မဟုတ်ပါဘူး။ နိုင်ငံခြားသားတော်တော်များများက ၀ယ်ယူနေတာ တွေ့ရပါတယ်။ Tokyo ကို သင်တန်းလာတက်တဲ့ သူငယ်ချင်းတွေလိုက်ပို့တဲ့အခါ သူတို့နဲ့အတူလာကြတဲ့ နိုင်ငံပေါင်းစုံက သင်တန်းသားတွေလည်း Akihabara မှာ ဟိုနေရာ၊ ဒီနေရာမှာ တွေ့နေရပါတယ်။ AKKY(အခိ) I,II,III နဲ့ Yodobashi(ယိုဒိုဘရှိ) ဆိုင်တွေမှာတော့ လိုအပ်တဲ့ အသစ်တွေ ၀ယ်ယူနိုင်ပါတယ်။ AKKY ကတော့ duty free shop ဖြစ်ပြီး English version တွေ ၀ယ်နိုင်တာဖြစ်လို့ အဆင်ပြေလှပါတယ်။ AKKY ဆိုင်ခွဲတွေဟာ main လမ်းမကြီးရဲ့ ဟိုဖက်ခြမ်း၊ ဒီဖက်ခြမ်း မှာ အလွယ်တကူ တွေ့နိုင်ပါတယ်။ ကျွန်မကတော့ AKKY မှာပဲ အ၀ယ်များပါတယ်။ လိုချင်တဲ့ English version ကို တန်းရနိုင်လို့ပါ။




second hand shop တွေမှာတော့ lap top၊ camera စတာတွေဟာ တောင်ပုံရာပုံပေါလှပါတယ်။ လမ်းဘေးမှာ ပလပ်စတစ်ခြင်းတောင်းတွေနဲ့ ပုံရောင်းနေတဲ့ ကင်မရာဆိုင်တွေကလဲ မနည်းပါဘူး။



လမ်းဘေးမှချရောင်းနေတဲ့ ကွန်ပြူတာအဟောင်းဆိုင်တွေပါ။

ကျွန်မ၀ယ်သုံးခဲ့ရတဲ့ ကွန်ပြူတာဟာ တစ်နှစ်အတွင်းမှာ ယန်း (၅) သောင်း ဈေးကျနေတာတွေ့ရတော့ မောင်လေးအတွက် ပျော်ပျော်ကြီး ၀ယ်ပေးနိုင်ခဲ့ပါတယ်။ တကယ်တော့ ကိုယ်ဝယ်တုန်းက ဈေးတွေကြီးနေလို့ နှမြောမိသေး။ USB memory stick တွေကလည်း ဈေးအတော်ပေါနေတယ်။ ကင်မရာတွေလည်း ဈေးချနေတယ်။ canon ယန်း ၃၂၀၀၀ တွေဟာ ယန်း ၂၂၅၀၀ ဖြစ်နေတယ်။

အလကားပေးနေလားထင်ရအောင် အီလက်ထရောနစ်ပစ္စည်းဆိုင်တွေနဲ့ ပြည့်နေတဲ့ အကိဟဘရမြို့တော်က အပြန်မှာတော့ ညအတော်နက်နေပါပြီ။

12 comments:

Anonymous September 10, 2008 at 5:06 PM  

နောက်ကြုံလို့ရောက်ရင်ဖြစ်ဖြစ် good second hand လိုချင်တဲ့သူငယ်ချင်းတွေဘဲဖြစ်ဖြစ်လမ်းညွှန်ချင်ရင်
တော့ ဒီမှာဆိုင်ကောင်းကောင်းရှိတယ်ဗျို့...

Anonymous September 10, 2008 at 5:15 PM  

second hand shop တွေမှာတော့ ရောင်းတဲ့ camera လေးတစ်လုံးလောက် လိုချင်သား အပေါစားလည်းဖြစ်တာပဲ ဈေးတော်ပြီး သုံးလို့ ရသေး အိုကေတာပေါ့ ကားခတွေ ဈေးကြီးလိုက်တာ ဒီမှာ အများဆုံး ဘတ် ၅၀ လောက်ပဲ ဆိုင်ကယ်ဆီး ၃၀း) မိုက်မှမိုက် ယ မှာ :P

Anonymous September 10, 2008 at 5:50 PM  

အားပါး..
ပို့လိုက်စမ်းပါဗျာ၊ ကင်မရာတစ်ခြင်းလောက် :P

Anonymous September 10, 2008 at 5:56 PM  

I always come and read ur blog although I don't leave comment.

Thank you so much for this post, Ma Za Ni.
Pls write more about best places for shoping in Japan.

I am going to come Japan for a visit end of next months.

RePublic September 10, 2008 at 7:01 PM  

မမနိ ရေ နောက်တစ်ခါ အီလက်ထရောနစ်မြို့တော်ကိုရောက်ရင် ၊ ကိုကြီးဝီ အတွက် Asimo Robot လေး တစ်ရုပ်လောက်
်ဝယ်ပေးပါဗျ ၊၊ သူလမ်းလျှောက်တဲ့ စတိုင် ကိုကြိုက်လို့ပါ ၊၊ မမနိ ရိုက်ထားတဲ့ ပုံတွေလည်း ကြည့်သွားပါတယ် ၊၊ ကွိကွိ ...

khin oo may September 10, 2008 at 7:22 PM  

ငွေဈေး မသိတော.ဘယ်လို ဖလှယ်ရမှန်းတောင် မသိ. သူ ကတန်တယ် ဆိုတော.လဲ တန် လိုက် ရတာပေါ။ ဒါမျိုးကို ကျွဲပါးစောင်းတီး လို. ခေါ်ပါတယ်။

khin oo may September 10, 2008 at 7:24 PM  

အဆင့်မြင့်လာ လို. ကင် မရာ အသေးလေး တစ်လုံး ဝယ် မလား စဉ်းစားနေတယ်။ ဘလော့ အတွက် အထောက် အကူ ဖြစ်ဘို.။ Kmsl ကို နှူး လိုက် ဦးမယ်။

May Moe September 10, 2008 at 7:26 PM  

ကင်မရာ လိုချင်တယ် ။ ဝယ်ပေးပါ ခွိခွိ :P

မြရွက်ဝေ September 11, 2008 at 4:42 AM  

မနိဆီကနေ akihabaraကို သွားတာ ရထားခ အတော်ကျတာဘဲ။ ညီမနေတဲ့နေရာကလည်း တိုကျိုမြို့လယ်ခေါင်နဲ့ မနီးပေမယ့် akihabaraကို အသွားဆို 230ယန်းနဲ့ uenoဆိုရင် 190ယန်းလောက် ကျတယ်။ takadanobaba ကျတော့ 350 ယန်းရှိတယ်။ မနိက uenoမှာ ဈေးဝယ် အတော်ကျွမ်းနေပြီထင်တယ်။ ညီမတော့ ဈေးတန်းထဲ တခါဘဲ ရောက်ဖူးတယ်။ ဒါတောင် မျက်စေ့လည်နေလို့။:D uenoက အိမ်ကသွားရင် ၂၅မိနစ်လောက်ဘဲ ရထားစီးရတာ။ ဒါပေမယ့် မျက်စေ့လည်မှာ ကြောက်လို့ တစ်ယောက်ထဲ မသွားရဲသေးဘူး။ akihabaraကိုတော့ အမျိုးသားက ကွန်ပျူတာပစ္စည်းဝယ်တိုင်း ခေါ်သွားနေကြမို့ ရောက်တယ်။ များလိုက်တဲ့ လူတောကြီးနော်။ တကယ်ကို ပျားပန်းခတ်။ ဘာလို့များ အဲလို ကြိတ်ကြိတ်တိုးနေတာလဲ မသိဘူး။ ဟိုတခါ ဓားထိုးမှုလာပြီးတော့ akihabaraသွားရတာ လန့်တယ်။ ကံကောင်းလို့ အဲဒီနေ့က akihabaraသွားမလို့ စိတ်ကူးထားတာ အပျင်းကြီးပြီး မသွားလိုက်တာ။ akihabaraမှာ တချို့ဆိုင်တွေမှာ ဈေးဝယ်ရင် duty freeဆိုပြီး အခွန်မဆောင်ရဘူးသိလား။ ဂျပန်ရောက်ပြီး ၆လအတွင်းတော့ ဖြစ်ရမယ်။ ပတ်စပို့ပြရတယ်။ ညီမတုန်းက ဆိုင်က အဲလိုပြောလို့။ မနိမောင်လေးဝယ်ရင် duty freeရမှာ။

Anonymous September 11, 2008 at 6:25 AM  

ကျေးဇူးပါ ဒေါက်တာ. သူငယ်ချင်းတွေကို ညွှန်းလို့ရသွားပြီ..

မောင်မျိုးတို့ ယ ကို စိတ်ဝင်စားနေတယ်နော် လာလည်လိုက်မယ်..

လုပ်ပြီ လူပျိုကြီး ကိုမောင်ဖြူကလည်း ...

Angel..
Thank you so much.

ကိုကြီး ၀ီအတွက် နောက်တခါ ၀ယ်လာခဲ့မယ်နော်

မမကေအိုအမ်က သူဌေးမကြီးပဲ ကိုယ့်ဟာကိုယ် ၀ယ်လိုက် ပူဆာမနေနဲ့

မေမိုးကလည်း မောင့်ကိုဝယ်ခိုင်း ဒါမှမဟုတ် မောင့်ကိုရောင်းက ကင်မရာဝယ်လိုက် ကွိ ကွိ

ညီမမြရွက်ဝေရေ ညီမအိမ်လောက်သာဆို အမက နေ့တိုင်း အုအဲနိုသွားနေမှာ..
မောင်လေးဖို့လည်း AKKY က duty free နဲ့ ၀ယ်လာတာ သူ့ပတ်စ်ပို့နဲ့လေ..

nu-san September 11, 2008 at 7:22 AM  

မဇနိရေ.. အမျိုးသား တိုကျိုမှာနေတုန်းက akihabara ကို အမြဲတမ်းသွားပြီး ကွန်ပျူတာ ပစ္စည်းတွေ သွားရှာတတ်တယ်.. အမ အိုဆာကာ ကနေ အလည်သွားတော့ သူနဲ့ တရက်လိုက်သွားဖူးတယ်.. လူအတော်စည်တာပဲ.. အမက တချို့ကင်မရာလေးတွေ ကြည့်ပြီး ပါးစပ်က “အမလေး ဈေးကြီးလိုက်တာ”လို့ ပြောလိုက်မိတော့ အနောက်ကနေ ဆိုင်ဝန်ထမ်းက “မများပါဘူး အမရယ်၊ duty free ဆိုရင် ပိုဈေးသက်သာတယ်”လို့ပြောလိုက်တော့ ရုတ်တရက် လန့်သွားတာပဲ.. ၀န်ထမ်းက မြန်မာဖြစ်နေတာကိုး.. အဟီး... :D တခါတည်းမှတ်သွားတယ်... တိုကျိုတက်ရင် စကားပြောတာ ဆင်ခြင်မှလို့.. :P

Anonymous September 11, 2008 at 9:19 AM  

ဟုတ်တယ် မမနုစံ ရေ အဲဒီက ဆိုင်အရောင်းဝန်ထမ်းတွေကလည်း မြန်မာတွေရှိတယ်။
မြန်မာအမကြီးတယောက်လည်း အသိရှိတယ် သူက တခြားဆိုင်တွေမှာ ဈေးချနေရင် သာသာလေးလက်တို့ပြီး သွားဝယ်ခိုင်းတယ် သိပ်သဘောကောင်းတာ။ သူ့ဆိုင်ပိုင်ရှင်သိရင်တော့ ကွိ ကွိ။
ညီမလည်း သူငယ်ချင်းတွေခေါ်ခေါ်သွားပြီး သူ့ကိုပဲ နှိပ်စက်နေရတာ တခါတလေ လူအများကြီး သွားပြီး သူ့ဆိုင်က ဘာမှမ၀ယ်ဖြစ်ဘူး။
မောင်လေးနဲ့ သွားတုန်းကလည်း ကောင်လေး (၅) ယောက်လောက် လမ်းမလယ်မှာ ပခုံးတွေဖက်ပြီး ဓါတ်ပုံရိုက်နေတာ။ မောင်လေး အဲဒါ မြန်မာတွေနေမယ် ဆိုပြီး နောက် တကယ်ဟုတ်တယ် အမရေ။ သူတို့က လာနှုတ်ဆက်လို့ ။ ညီမတို့ကိုလည်း သူတို့ မြန်မာမှန်းသိတာပေါ့။ မြန်မာရုပ်ပီပီသသ အညာသူကိုး။ ကွိ ကွိ

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP