သံယောဇဉ်ဆက်ထုံး

>> Friday, September 19, 2008



ကြိုးတချောင်းပြတ်သွားရင် ပြန်ဆက်လို့ရပေမယ့် ဆက်ထုံးလေးကရှိတော့ ချောချောမွေ့မွေ့မရှိပါဘူး။ ပြန်ကြည့်လိုက်တိုင်း အထုံးနေရာလေးက အဖုအထစ်လေးရှိနေတာပါ။ ဒီလိုပဲ တယောက်နဲ့တယောက်ထားကြတဲ့ သံယောဇဉ်ကြိုးတွေမှာလည်း ဆက်ထုံးလေးတွေ ရှိနိုင်ပါတယ်။ ချောမွေ့တဲ့ သံယောဇဉ်ကြိုးဖြစ်ဖို့ကတော့ အထုံးလေးတွေမဖြစ်အောင် ရှောင်ကြရမယ်။ တယောက်က စိတ်ဆိုးရင် တယောက်က စိတ်လျှော့ရမယ်။ နှစ်ယောက်စလုံးအပြိုင်တင်းနေရင်တော့ သံယောဇဉ်ကြိုးလေးပြတ်တော့မယ်။ ပြတ်သွားရင် မနေနိုင်လို့ ပြန်ဆက်မယ်ဆို အထုံးလေးက ပါတော့မယ်။ ပြန်ပြန်စဉ်းစားရင် အဖုအထစ်လေးဖြစ်နေတော့မယ်။


မနေ့ညက ကိုဇနိနဲ့ စိတ်ကောက်ကြတယ်။ စိတ်ကောက်တယ်ဆိုတာ ကျွန်မက ကောက်တာပါ။ တဖက်သတ်စိတ်ကောက်တယ်ပေါ့။ သူကတော့ ကျွန်မစိတ်ကောက်လည်း ပြုံးပြုံးနဲ့ ချော့ရှာပါတယ်။ သူတနေကုန်အလုပ်ရှုပ်နေတော့ ကျွန်မကို ခါတိုင်းလို ဂရုစိုက်တဲ့စကားတွေ မပြောနိုင်ဘူး။ ဘယ်ရမလဲ ညကျတော့ စကားမပြောတော့ဘူး။ စိတ်ဆိုးနေတာ။ အစကတော့ တကယ်စိတ်ဆိုးနေတာပါ။ နောက်ကျ သူက တောင်းပန်တာတွေလုပ်လာတော့ စိတ်ဆိုးတာက ပြေနေပြီ။ ဒါပေမယ့် သူ့ကို စချင်တာနဲ့ စကားကောင်းကောင်းပြန်မပြောဘဲ ထားလိုက်တယ်။
ကိုဇနိ။ ။ ဝေးး စိတ်ကောက်နေတာလား
မဇနိ။ ။ ကောက်ပါဘူး
ကိုဇနိ။ ။ အမ် ဒါဆို စကားပြောလေ
မဇနိ။ ။ ပြောချင်ဘူး
ကိုဇနိ။ ။ ဟောဗျာ ဒါဆို ဘာဖြစ်
မဇနိ။ ။ စိတ်နာနေတာ
အဲ ဒီက စိတ်နာတယ်ပြောလိုက်ရင် သူနေထို ထိုင်မသာဖြစ်လာပြီဆိုတာ သိတယ်။ ဒီဖက်မှာ သာသာလေးပြုံးနေလိုက်တယ်။

ကိုဇနိ။ ။ မနာပါနဲ့ကွာ။ တောင်းပန်ပါတယ်။ အလုပ်ကနည်းနည်းလေး အရေးကြီးနေလို့ပါ။ စိတ်နည်းနည်းလျှော့လိုက်နော်။
မဇနိ။ ။ လျှော့ပါဘူး။ နေကောင်းလား တခွန်းမမေးဘူး။
ကိုဇနိ။ ။ အမလေး မေးပါတယ်ဗျာ။ အိပ်ယာထစတုန်းက “နေကောင်းလား။ ထမင်းစားပြီးပြီလား” မေးတယ်လေ
မဇနိ။ ။ အင်းလေး တခါထဲမေးရသေးတာ
ကိုဇနိ။ ။ ကဲ ခုထပ်မေးတယ်နော် နေကောင်းလား
မဇနိ။ ။ ခုမှ လာမမေးနဲ့ အချိန်လွန်သွားပြီ မရတော့ဘူး
ကိုဇနိ။ ။ အေးအေး ဒါဆို စိတ်မကောက်နဲ့တော့နော် ချော့တယ်နော်
မဇနိ။ ။ မရတော့ပါဘူးဆို
ကိုဇနိ။ ။ ဘာမှလည်း မလုပ်ရဘဲ စိတ်မကောက်ပါနဲ့ကွာ
မဇနိ။ ။ ဟုတ်တယ် ငေါက်လည်းငေါက်လိုက်သေးတယ်
ကိုဇနိ။ ။ ဘယ်မှာငေါက်လို့လဲ
မဇနိ။ ။ ဟိုနားလေးမှာလေး အဲ ဟိုနားလေးမှာ ခဏ ပြန်စဉ်းစားလိုက်အုံးမယ် သတိရပြီ “အေးနေမယ် အနွေးထည် အခုသွားယူ” ဆိုပြီး လေသံမာမာနဲ့ပြောတာ
ကိုဇနိ။ ။ အာ အဲဒါ နေမကောင်းပြီးစမို့လို့ ပြောတာ။ မငေါက်ပါဘူး။ စကားပြောရင် လေသံမာတာ သိရဲ့သားနဲ့။ ဘယ်လိုလုပ်ငေါက်ပါ့မလဲ။
မဇနိ။ ။ ဒီတိုင်းသာဆို မဖြစ်နိုင်တော့ဘူး
ကိုဇနိ။ ။ ဟေ့ ဟေ့ အဲလို မပြောပါနဲ့ကွာ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ပြင်ပါ့မယ်။ စကားပြောတဲ့ လေသံမမာအောင်လို့ နော် နော်။
မဇနိ။ ။ တော်ပီ မဖြစိနိုင်တော့ပါဘူးဆို
ကိုဇနိ။ ။ ဟာကွာ မလုပ်ပါနဲ့ ဖြတ်စကားပြောတာလား
မဇနိ။ ။ ဘယ်လိုမှ မဖြစ်နိုင်တော့လို့ပါ
ကိုဇနိ။ ။ မပြတ်နိုင်ပါဘူး မင်းမရှိရင် မနေတတ်ပါဘူး မခွဲနိုင်ပါဘူးကွာ
မဇနိ။ ။ အပိုတွေ မပြောနဲ့ နားထဲမဝင်ဘူးနော် မဖြစ်နိုင်တော့လို့ပါ ဆို
ကိုဇနိ။ ။ ဒါဆို အချိန်လေးတော့ နည်းနည်းထပ်ပေးပါ မကြိုက်တာတွေ ပြင်ပါ့မယ် နော် လို့။ ဖြတ်တော့ မဖြတ်ပါနဲ့ကွာ
မဇနိ။ ။ ဘာလဲ အချစ်လျော့လို့ ဖြတ်စကား ပြတ်စကားပြောတာလား
ကိုဇနိ။ ။ အမ် ဘယ်လို မလျော့ရပါဘူးဗျာ
မဇနိ။ ။ ဟုတ်တယ် ဘယ်တုန်းက ဖြတ်မယ်ပြောမိလို့လဲ သူ့ဟာသူ အချစ်လျော့နေလို့ အဲဒါတွေတွေးနေတာ နေမယ်
ကိုဇနိ။ ။ မဖြစ်နိုင်တော့ဘူးဆို
မဇနိ။ ။ အင်းလေ မဖြစ်နိုင်တာကတော့ မဖြစ်နိုင်ဘူး
ကိုဇနိ။ ။ ဒါဆို ဘယ်လို
မဇနိ။ ။ အာကွာ စိတ်နာလို့ မဖြစ်နိုင်တော့ဘူး။ စိတ်ဆိုးပြေနေပြီ လို့ပြောတာ ။ ဘာမှန်းကို မသိဘူး

တကယ်က မဇနိ ညစ်ကျယ်ကျယ်နေတာပါ။ ဒီဂွင်ထဲဝင်လာအောင် သူ့ကို အသာလေးခေါ်လာတာ။ ရစ်ချင်လို့။

ကိုဇနိ။ ။ ဟိ ဟိ ဟိ တကယ်လားကွ အဲလိုလုပ်ပါ
မဇနိ။ ။ အင်း ဒါနဲ့ ဟိုဘလော့က ဘယ်လို သိလား။ ဘယ်ကိုသွားဖတ်အုံး အသစ်တက်နေပြီ
(ဘယ်ရမလဲ တနေကုန် အခြေအနေမပေးလို့ ဘလော့ဂ်ကြောင်း မပြောရသေးတာ ခုတော့ စိတ်ကောက်ပြေတာနဲ့ တန်းစီပြောချလိုက်တယ်)
ကိုဇနိ။ ။ အင်း
မဇနိ။ ။ ထမင်းစားပြီးပြီလား။ အလုပ် လုပ်နေတာ ညောင်းနေပြီလား
ကိုဇနိ။ ။ အင်း
မဇနိ။ ။ ပို့စ်လေး ရေးနေတာလေ သိလား ပို့လိုက်မယ်နော် ဖတ်ကြည့်
ကိုဇနိ။ ။ အင်း ကောင်းပါတယ်
မဇနိ။ ။ အသံကလည်း အထုံးသံကြီးနဲ့
ကိုဇနိ။ ။ ဟာ ဘာအထုံးသံလဲ (ပြူးတူးပြာတာနဲ့ မေးသံ) နောက်တခါ ထပ်တပတ်လည် စိတ်ကောက်မှာကြောက်လို့
မဇနိ။ ။ ဟုတ်တယ်လေ အစောက စိတ်ဆိုးထားတော့ အထုံးဖြစ်နေတာ အခု စကားပြောတော့ ထစ် ထစ် အ အ နဲ့
ကိုဇနိ။ ။ မဟုတ်ရပါဘူးဗျာ
မဇနိ။ ။ ဒီက အထုံးပြေနေပြီနော်
ကိုဇနိ။ ။ ဒီက ထုံးကို မထုံးတာ။ ဟား ဟား
မဇနိ။ ။ အထုံးသံကြီးနဲ့ မရယ်နဲ့ စိတ်ဆိုးလိုက်မယ်
ကိုဇနိ။ ။ ဟား ဟား အထုံးဆိုတာ ပြတ်မှ ထုံးရတာ ဒို့က ဘယ်တုန်းကမှ အထုံးမရှိဘူးလေ
မဇနိ။ ။ မသိဘူး ပြတ်ပြတ် မပြတ်ပြတ် ထုံးတယ် ဒါပဲ
ကိုဇနိ။ ။ ဟား ဟား အချိုးလေး

အဲလို အဲလို စိတ်ကောက်ခဲ့ရာက သံယောဇဉ်အထုံးလေးဆီ စိတ်ရောက်သွားလို့ပါ။ ကျွန်မတို့နှစ်ယောက်မှာ တကယ်ကို ဘာအထုံးမှ မရှိခဲ့ဖူးပါဘူး။ ကျွန်မက ညစ်ကျယ်ကျယ်ဆိုးရင် သူက တချိန်လုံးရယ်ပြီး ချော့ပါတယ်။ ချောမွေ့တဲ့ သံယောဇဉ်ကြိုးလေးကမှ ကောင်းတာ လို့ သူလည်း ခဏခဏပြောဖူးနေတာပါ။ အထုံးလေးတွေ ပုလဲလုံးလို ကြိုးမှာ တန်းစီလာရင်တော့ ဘယ်ကောင်းတော့မလဲနော်။

သူငယ်ချင်းနှစ်ယောက်အတွဲကတော့ ခဏခဏ ပြတ်ကြတယ်။ ငိုကြတယ်။ ကိုယ်က သွားပြီး “နင်ဘာလို့ ဒီလို လုပ်သလဲ ခဏခဏလုပ်တာ မကောင်းဘူး” နဲ့ ပြောမိလို့ကတော့ “နင်ဘာမှမသိပါဘူး ပြတ်သွားပြီး ပြန်ချစ်ရတာ အရသာရှိတယ် နင်နားမလည်ပါဘူး” တဲ့။ တကယ်လည်း သူဘာကိုပြောမှန်း ခုထိ နားမလည်သေးပါဘူး။ သူကပဲ သံယောဇဉ်အထုံးလေးတွေကို နှစ်သက်တဲ့သူဖြစ်နေသလား မပြောတတ်ပါဘူး။ အင်းလေ လုံးလုံးပြတ်သွားတာနဲ့စာရင်တော့ အထုံးလေးရှိနေသေးတာ တော်သေးတာ အောက်မေ့ရမယ်။

ချစ်သူရည်းစားမှာတော့ အထုံးလေးဖြစ်ရင် သိပ်ကိစ္စမရှိပေမယ့် အိမ်ထောင်ကျသွားရင်တော့ အဖုအထစ်ရှိရင် ဘယ်ကောင်းမလဲနော်။ အဖေနဲ့ အမေတို့မှာ ပြတ်တယ် ဖြတ်တယ်ဆိုတာ ကြားလည်း မကြားဖူးပါဘူး။ တခါကတော့ အမေက စိတ်ကောက်ပြီး အိမ်ကထွက်သွားတာတဲ့။ ကျွန်မတို့ကို မမွေးသေးပါဘူး။ အိမ်မှာ ကျောင်းလာတက်နေတဲ့ အမေ့တူတွေရှိတယ်။ သူတို့ကျောင်းကပြန်လာတော့ အဖေက “မင်းတို့အဒေါ် ငါ့ကို စိတ်ဆိုးပြီး အိမ်က ထွက်သွားတယ်ကွာ လုပ်ပါအုံး လိုက်ရှာပေးကြပါအုံး” လို့ လုပ်သတဲ့။ အကိုတွေလည်း ကျောင်းကပြန် ဗိုက်ကဆာပေမယ့် မဖြစ်ဘူး လိုက်ရှာမှာပေါ့။ စိတ်လည်း ပူသွားကြတယ်။ ညနေရောက်လည်း သတင်းဘယ်ကမှ မရတော့ စိတ်ပျက်ပျက်နဲ့ ပြန်လာကြတာ။ အိမ်ရောက်တော့ အမေနဲ့ အဖေက ပြုံးရွှင်ပြီး ထမင်းအတူတူစားနေကြသတဲ့။ အကိုတွေဆိုတာ ရယ်ရအခက်၊ ငိုရအခက်ဆိုပဲ။ ခုချိန်ထိ သတိရတိုင်း အကိုတွေ ပြန်ပြန်ပြောနေကြအကြောင်းလေးပါ။ ကျွန်မတို့ အမှန်းသိတတ်ကတည်းက သံယောဇဉ်အထုံးဖြစ်ဖို့ဝေးစွ စိတ်ဆိုးတယ်ဆိုတာကို မရှိသလောက်ပါပဲ။

အားလုံးသောသံယောဇဉ်ကြိုးတွေကို အထုံး၊ အဖု၊ အထစ်မရှိအောင် ချောမွေ့တဲ့ သံယောဇဉ်ကြိုးလေးတွေ ဖြစ်အောင် ကြိုးစားလိုက်ကြအုံးစို့။ နော် ကိုဇနိ။

မဇနိ

20 comments:

Soe Mya Nandar Thet Lwin (Borros Roxo) September 19, 2008 at 4:05 PM  

အားလုံးသော သံယောဇဉ် ကြိုးတွေကို အထုံး၊ အဖု၊ အထစ်မရှိအောင် ချောမွေ့တဲ့ သံယောဇဉ် ကြိုးလေးတွေနဲ့ အမြဲချစ်နိုင်ကြပါစေ။

အစစအရာရာ အဆင်ပြေပါစေ။ ချစ်ခြင်းဖြင့် အပြစ် ကင်းနိုင်ပါစေ။

ဆန္ဒမွန်ဖြင့်
SMNTL

ဖိုးသောကြာ September 19, 2008 at 4:14 PM  

ဟားဟားဟား ဒိုင်ယာလော့ခ်က မူရင်းဟုတ်လောက်ဘူး။ ဆင်စာမိထားတယ်ထင်တယ် တကယ်ဆို အချိုးလေးရှေ့က တစ်ခုရှိဦးမယ်။ :P ဟီးးးးးးးးး

Anonymous September 19, 2008 at 5:27 PM  

ိdialogue က မူရင်းလားဟင်း)

May Moe September 19, 2008 at 6:58 PM  

အထုံး၊ အဖု၊ အထစ်မရှိအောင် ချောမွေ့တဲ့ သံယောဇဉ်ကြိုးလေးတွေ ဖြစ်အောင် ကြိုးစားနေထိုင် ပါတယ်။ ဒါပေမဲ့ မမနိတို့ ကိုနိတို့ကကိုတော့ မှီမယ် မထင်ဘူး။ ချစ်နိုင်လိုက်ကျတာ :P

nu-san September 19, 2008 at 7:29 PM  

မဇနိ ရေ.. စကားပြောနေတာတွေက တကယ်လားဟင်.. တကယ်ပဲ ဖြစ်မှာပဲ.. ကိုဇနိက “ဟား ဟား အချိုးလေး ”ဆိုပြီး စကားကို မပီကလာပြောတယ်ဆိုတော့ ဒါတကယ်ဖြစ်လောက်တယ်.. :D :D

မဇနိရေ.. ပို့စ်လေးဖတ်ရတာ တကယ်ကို ကြည်နူးမိပါတယ် တကယ်ပါ.. အမှန်တော့ ချစ်သူ ရည်းစားဘ၀ကတည်းက သံယောဇဉ်အခြေခိုင်မှ အိမ်ထောင်ကျရင် ညှိယူလို့ရမှာ.. အဖုအထုံးတွေ ကင်းနိုင်သမျှ ကင်းတာ အကောင်းဆုံးပါပဲ.... (ကိုယ်လည်း သိပ်ပြီး တတ်လို့ သိလို့တော့ ဟုတ်ဖူးနော်.. အဟီး.. ) :P

RePublic September 19, 2008 at 7:50 PM  

ဟုတ်တယ် မမနိ.. ကြိုးတစ်ချောင်း ကို ပုံမှန်ချည် ပြီး ၊ ပြန်ဖြေကြည့်ရင် ကြိုးပေါ်မှာ အရာကျန်ခဲ့မှာပါ ၊၊ ထုံး လိုက်တဲ့ ဆက်ထုံး အတိမ်အနက် ကို လိုက်ပြီး ကျန်ခဲ့တဲ့အရာ(ဒဏ်ရာ) အကြီး အသေး ကွဲပြားမှာပါ ၊၊
အဲဒီ ဆက်ထုံးလေးတွေကြောင့် ဖြစ်လာရတဲ့ ဒဏ်ရာတွေက ကြောက်စရာကောင်းလှတယ် ၊၊ ပတ်
ဝန်းကျင်မှာ မြင်ရတွေ့ရ သာဓက ပေါင်းများစွာပါပဲ ၊၊
မမနိ ပြောပြသလို ဂရုစိုက် အလေးထားသင့်ပါတယ်၊၊

တစ်ဦး နဲ့တစ်ဦး အပြန်အလှန် နားလည်မှုတွေနဲ့ သံယောဇဉ်ကြိုးတွေ ခိုင်မြဲ ရစ်ပတ်နိုင်ကြပါစေဗျာ ၊၊

PAUK September 19, 2008 at 8:11 PM  

မနိရေ...
ဖတ်ပြီးကြည်နှူးရတယ်..
ကိုနိကမနိအပေါ်အတော်ကောင်းတာပဲ...
မနိရေ...
ငိုချင်တယ်...
ဟိဟိ..(အတင်းလုပ်ယူသော..ရီသံ..)

Moe Cho Thinn September 19, 2008 at 8:13 PM  

ညီမ နိနိ က အရစ်ထုံးလေး ပါလား။
ကိုဇနိကတော့ သဘောကောင်း၊ သည်းခံ၊ ဂရုစိုက်တတ်ပုံပဲ။
တယောက်က နောက်၊ တယောက်က ဖြောင့်..၊ လိုက်လဲ လိုက်ပါပေ့။

kay September 19, 2008 at 9:23 PM  

အော်- အထုံးလေး တွေ ထုံးဖို့ကြိုးစားပေမဲ့..အထုံးအဖြေ ကောင်းတဲ့သူ ရှိလို့ပေါ့။း)

GreenGirl September 19, 2008 at 10:28 PM  

အားကျတယ်ဗျိုးးးးးး ဒီမှာ ထုံးချင်တာတောင် ဘယ်သူ့ကို သွားထုံးရမှန်းသိဘူးး(

Dr. Yi Yi Win September 20, 2008 at 7:15 AM  

မဇနိလေးက အပီအပြင် အတည်ရေးနေတာထင်တယ်။ အစ်မ ၀င်မနောက်မိအောင်သတိ
ထားပြီးရေးဦးမှ။ အစ်မလည်း အရင်တုန်းအဲလိုရစ်ဖူးတယ်။ အဲဒီထက်ပိုဆိုးမယ်။ နောက်တော့သူက သာသာလေးပဲပြန်ပြောတယ်လေ.“အဲလိုရစ်တတ်တဲ့ ကလေးတွေမွေး
လာရင်တော့ မောင်ရင်တို့ မလွယ်ဘူးဗျာ”တဲ့။ သူ့ ကိုယ်သူပြောသလိုလိုနဲ့ သူများကိုပညာ
ပေးလိုက်တာလေ..။ ခုတော့ကောင်းတယ်။ တို့ ကရစ်စရာမလိုတော့ဘူး။ သူ့ ကလေး၂
ယောက်ရစ်တာပဲ ဒိုင်ခံဖြေရှင်းနေရရှာလေရဲ့။ ခုချိန်မှာတော့ တို့ လည်းသူ့ ကိုမရစ်အား
တော့ပါဘူး။ ရစ်စရာရှိရင် ကျောင်းက အပည့်တွေကိုပဲရစ်တော့တယ်။ ဒါမှသူတို့ ပိုတော်
အောင်လို့ လေ..။ဆိုင်လားတော့မသိဘူးနော်။

Anonymous September 20, 2008 at 8:01 AM  

ကိုနိ က အစ်မ ကိုတော်တော်ချစ်တာပဲ နော် နော် နော် နဲ့  နေတာပဲ ဟီးဟီးး မဖြစ်နိုင်တော့ရင်လည်း ဒါပဲကွာ ဆိုပြီး ဂလောက် ပေးလိုက် ဟားဟား မြှောက်ပေးနေတာ တကယ်မလုပ်နဲ့ အဲ့တော့မှ မဇနိ က..အောင်မငီးးအစ်ကိုရဲ့ ကျမကိုထားခဲ့ပြီလားဆိုပြီး လိုက်လာမှဖြင့် ဟုတ်ပေ့ပဲ အဲ့လိုဆို ပွဲစဉ်ကပြီးနေပြီး ဘယ်လောက်မိုက်သလဲ??? ;)

Unknown September 20, 2008 at 10:36 AM  

တီတီဓနိနဲ့ဦးဦးဓနိတို့ကတော့လုပ်ပြီ။အရေးအသားတွေက
လန်းတယ်ဟေ့။။မိုက်တယ်ကွာ.. :P :P

အင်း
တကယ်တော့ဆက်ထုံးမပါတဲ့ကြိုးလေးပဲဖြစ်ချင်တယ်။
အထုံးဆိုတာကောင်းကိုမကောင်းဘူးနော်။

မြရွက်ဝေ September 20, 2008 at 1:32 PM  

ဩ မနိလည်း ရစ်တာပဲကို။ ရစ်ချွဲဆိုတာ အဲဒါပေါ့။ မနိတို့ကမှ ပိုတတ်နေသေးတယ်ထင်တယ်။ :D

Andy Myint September 20, 2008 at 2:34 PM  

အချော့တော်တဲ့သူနဲ့ အချွဲကောင်းတဲ့သူ ချစ်ကြပုံကိုက ချစ်ဖို့ ကောင်းနေတာ....

Anonymous September 20, 2008 at 7:43 PM  

ချစ်ခြင်းဖြင့်အပြစ်ကင်းနိုင်အောင် ကြိုးစားပါ့မယ် ညီမ နန္ဒာရေ

ရှုး တိုးတိုး ကိုဖိုးသောကြာ မှန်တာတွေ သိပ်မပြောနဲ့နော်

မမဂျစ် ဟီး ဟီး မူရင်းကြီးဗျ

မေမိုးလေးက စိတ်ကောက်တာ ခဏခဏမို့လို့နေမယ်

ဟား ဟား မမနုစံ ခန့်မှန်းတတ်နေပြီ
ကိုဇနိက အကျင့်ပါနေတာ အဲလိုပြောတာကို ဟား ဟား
ညီမလည်း နားလည်သလောက်လေး ပြောကြည့်တာပါ အဖုအထစ်တွေ နည်းအောင်တော့ ကြိုးစားယူရမှာပေါ့နော်

သာဓကတွေကို လန့်နေလား ကိုကြီး ၀ီ လူပျိုကြီးတော့ မလုပ်နဲ့နော်

ပေါက် ကြည်နူးရတယ်ဆိုလို့ ကျေးဇူး

မမချိုသင်း အရစ်ထုံးလေးဆိုပြီး မခင်ဘဲမနေပါနဲ့နော်

မမကေသွယ် အထုံးအဖြေကောင်းတဲ့ကိုဇနိကို ဆိုးကြည့်တာ ဟုတ်တယ်ဗျ

ညီမစိမ်း အားကျတယ် အားကျတယ်လား



မမယုဝရီ ဆိုင်တယ်ဗျ ကိုဇနိလည်း ပြောတယ်
“အေးပါ သူ့လိုအဆိုးလေးတွေ ရလာမှ တွေ့မယ်” တဲ့။
တွေ့ခါမှတွေ့ရောနော် တတ်နိုင်ဘူးလေ ဆက်ရစ်လိုက်အုံးမယ်

မောင်မျိုးနော် ဟင်းချက်မကျွေးဘဲထားမယ် မြှောက်ပေးနေတယ်

saingmin ရေ တီတီဓနိ တဲ့လား

ပိုတတ်တာ မဟုတ်လောက်ဘူးနော် ညီမမြရွက်ဝေဆီ လာချောင်းနားထောင်လိုက်မယ်

ချစ်ဖို့ကောင်းတယ်ဆိုလို့ ကျေးဇူးပါ အကိုအန်ဒီ

တန်ခူး September 22, 2008 at 5:05 PM  

ရုံးမှာထဲက ဒါလေးဖတ်ပြီး ကော်မန့် ပေးချင်လိုက်တာ ကလိကလိနဲ့ … ခုတလော အင်တာနက်က အရမ်းနှေးတော့ အိမ်ရောက်တဲ့အထိ အောင့်ထားရတာ… ချစ်တတ်လိုက်ကြတာ… စိတ်ကောက်တဲ့သူကလဲ ချစ်စရာလေးဖြစ်အောင် စိတ်ကောက်တတ်တော့ ချော့တဲ့သူကလဲ ကြည်ကြည်နူးနူးနဲ့ ချော့… မဇနိရေ… အချော့ကောင်းတဲ့သူကို ရွေးထားတယ်ပေါ့… ခုလို ချောမွေ့ ပြေပြစ်ပြီး အချစ်တွေနဲ့ ခိုင်မြဲနေတဲ့ ချစ်ကြိုးလေးတမျှင်ကို တွေ့ ရတာ ၀မ်းသာစရာပါ… ဒီထက်ချစ်နိုင်ကြပါစေ…

Anonymous September 23, 2008 at 7:43 PM  

ကြည်နူးစရာလေး . မမနိကို ကိုဇနိက တော်တော်ချစ်တာပဲနော်....
အထုံးဆိုတာမကောင်းဘူးဆိုတာဟုတ်တာပဲ. ... :P
မမနိ အချွဲကောင်း.... ဟိ

တားမြစ် ထားသော... September 24, 2008 at 11:43 AM  

အင်း.... သားသား ရှက်ရှက်တွေပဲ။
း)
ပျော်ရွှင်စရာ အနာဂတ်ကို ပိုင်ဆိုင်နိုင်ကြပါစေ။

သုခမိန်(E-Journal)

Anonymous September 25, 2008 at 9:23 AM  

ဟုတ်ကဲ့အမတန်ခူး ဒီကြိုးလေးခိုင်မြဲအောင် ကြိုးစားရမှာပေါ့နော်

အချွဲကောင်း လား ညီမဝေလေး ညီမလေးကရော..?

ရှက်ရှက်တဲ့လား ကိုတားမြစ်ထားသောရယ်

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP