တကယ်ချစ်တယ်ဆိုရင်

>> Saturday, September 20, 2008



သူငယ်ချင်းဆိုတာ ငယ်ငယ်တုန်းက ကစားဖော်၊ ကစားဖက် ချစ်ကြ ခင်ကြတယ်။ နောက်အတန်းဖော်ဆိုတော့ စာတူတူကျက်ကြ၊ ကျောင်းတူတူသွားကြဖြစ်လာတယ်။ ငယ်ငယ်က အိမ်နားမှာ ရွယ်တူမရှိသလောက်ရှားတော့ အတန်းဖော်၊ ကျောင်းသွားဖော်တွေက ကျွန်မဘဝမှာ နောင်တချိန်ထိ အမှတ်ထင်ထင်ရှိနေမည့် သူငယ်ချင်းတွေ ဖြစ်လာပါတယ်။


မာစတာတက်နေတုန်းက စာသင်ချိန်တနှစ်ကုန်ခါနီး သင်ခန်းစာတွေ ပြတ်သွားတော့ ဆရာမနဲ့ စကားတွေထိုင်ပြောဖြစ်ကြတယ်။ မှတ်မှတ်ရရပြောရရင် ဝိုင်တီယူဆင်ဝင်အပေါ်က လသာဆောင်နေရာလေးမှာ။ မိန်းကလေးသူငယ်ချင်း (၄) ယောက်ရယ် ဆရာမရယ်နဲ့ နေကြာစေ့စားရင်း စကားပြောနေခဲ့ကြတယ်။ ပြောနေတုန်းက အမှတ်တမဲ့ပေမယ့် ဆရာမပြောခဲ့တဲ့ စကားလေးတခွန်းက ကျွန်မအတွေးတွေကို ပြန်ဆင်ခြင်မိစေခဲ့တယ်။ ဆရာမရဲ့ငယ်ငယ်က သူငယ်ချင်းတယောက် အဲဒီနေ့မှာ မင်္ဂလာဆောင်တဲ့အကြောင်းပါ။ အဲဒီသူငယ်ချင်းက ဆရာမနဲ့သိပ်ချစ်ကြတယ်။ ဘယ်သွားသွားအတူတူတွဲကြတာပေါ့။ သူ့ကိုကြိုက်တဲ့ကောင်လေးတွေဆို ဆရာမက ပြန်မကြိုက်ဖို့ ပြောခဲ့တယ်။ ကျောင်းတက်တုန်း ရည်းစားမထားဖို့ သူငယ်ချင်းနှစ်ယောက်ပြောခဲ့ကြတာ။ တက္ကသိုလ်တက်တော့ တယောက် တနေရာစီ ကွဲသွားကြတယ်။ ဆရာမက ချစ်သူတွေ့ အိမ်ထောင်ပြုပေမယ့် သူငယ်ချင်းကတော့ ချစ်သူလည်း မရှာတော့ဘူးတဲ့။ သူကျောင်းတက်စဉ်က လာကြိုက်ခဲ့တဲ့သူကို စိတ်ဝင်စားခဲ့တော့ နောက်ပိုင်း ဘယ်သူ့မှ စိတ်မဝင်စားတော့ဘူး။ ဒီလိုနေလာပေမယ့် အသက် (၄၀) ရောက်မှ အိမ်နားက ကားဝပ်ရှော့လုပ်တဲ့ အလုပ်သမားနဲ့ မင်္ဂလာဆောင်တော့တယ်။ အဲဒီသူငယ်ချင်းအမေက ဆရာမဆီ ဖုန်းဆက်လာတာက “ငါ့သမီး မတူးမတော်ဖြစ်တာ ငယ်ငယ်က နင်တားခဲ့လို့” ဆိုပြီး အပြစ်တင်သတဲ့။ အဲဒီမှာတင် ဆရာမလည်း သူ့ကိုယ်ကိုယ် ပြန်စဉ်းစားမိတာတဲ့။ “ဟုတ်တယ် ဆရာမကသာ အိမ်ထောင်ပြုလိုက်တာ ငယ်ငယ်က သူ့ကိုဆို အမြဲတားခဲ့တာ” လို့ စိတ်မကောင်းသံနဲ့ ပြန်ပြောပါတယ်။

ကျွန်မတို့ဆရာမက ပွင့်ပွင့်လင်းလင်းနဲ့ ကျောင်းသူတွေကို စကားပြောနေကြပါ။ “နင်တို့တွေလည်း ငယ်ရွယ်တုန်း သင့်တင့်တာရှာကြ၊ သူငယ်ချင်းကိုလည်း တကယ်ချစ်တတ်ပါစေ၊ တကယ်ချစ်တတ်ရင် သူ့ကိုလည်း မတားရဘူး” လို့မှာတယ်။ ကျွန်မတို့မေဂျာကလည်း ဆရာမပြောရင် ပြောချင်စရာပါ။ မိန်းကလေးတွေက အပျိုကြီးတွေစုနေတဲ့မေဂျာလို့ အပြောခံရပါတယ်။ ခုတော့ အသီးသီး စွံနေကြပြီ။ ပြီးတော့ ဆရာမက သူ့အဒေါ် အပျိုကြီးတယောက်အကြောင်း ဆက်ပြောပြတယ်။ အဒေါ်က ရုပ်ရည်သန့်ပြီး ချောချောဆိုတော့ ဘာလို့အိမ်ထောင်မပြုသလဲ စိတ်ဝင်စားလို့ ဆရာမတို့ ညီအစ်မတတွေ ဝိုင်းအင်တာဗျူးကြတာ။ “ဒေါ်ဒေါ်က ချစ်တဲ့သူမရှိလို့လား ပြန်မကြိုက်နိုင်လို့လား” လို့ မေးကြတော့ “ငါတို့က ရပ်ကွက်ထဲမှာ ချမ်းသာတယ်ဆိုပြီး ပြောရရင် မာနလေးနဲ့နေတာ၊ ကြိုက်လည်း လာမပြောရဲကြဘူး၊ မိန်းကလေးဆိုတာ မြောင်းတော့ နဲနဲဖောက်ပေးရတယ်၊ မျက်လုံးလေးနဲ့လည်း ကြည့်တတ်ရတယ်၊ ငါတို့က အဲလိုမလုပ်တတ်ဘူးအေ့” လို့ ပြန်ပြောသတဲ့။ “ညည်းတို့လည်း ကိုယ်စိတ်ဝင်စားတဲ့သူဆို အမူအယာလေး နဲနဲတော့ ပြကြပေါ့၊ ပြီးမှ တလွဲတွေ မဖြစ်စေနဲ့၊ မိန်းကလေးဆိုတာ ဒါလေးတွေလည်း တတ်ရတယ်နော်” လို့ ဆရာမက ပြောရှာတယ်။ ကျွန်မတို့မှာ “ဟာ ဆရာမကလဲ အဲလိုတော့ မလုပ်ချင်ပေါင်” ဆိုပြီး တဝါးဝါး တဟားဟားရယ်မိကြတာပေါ့။ တကယ်တော့ ဆရာမက ချစ်လို့ပြောတာပါ။ အနေကြာလာတော့ သူ့တပည့်မတွေ အားလုံး မစွံဘူးဆိုတာ သူသိနေတယ်။ “နင်တို့မေဂျာက အပျိုကြီးတွေလေ သူတို့က ဘယ်လို” ဆိုပြီး သူများတွေက လာလာပြောတဲ့အထိ မစွံကြပါဘူး။ သူတို့ကို ကြိုက်တဲ့သူတွေရှိပါတယ်။ ပဲများနေကြသူနဲ့ ဂျီးများနေကြသူနဲ့ဆိုတော့ မစွံတော့ဘူးပေါ့။

ဆရာမက ပြောသွားတာ ကြုံလို့ရယ်စရာပြောပေမယ့် ကျွန်မမှာ မရယ်နိုင်ပါဘူး။ ကျွန်မကိုယ်တိုင် ပြန်မေးကြည့်မိတယ် “ငါ သူငယ်ချင်းကို တကယ်ချစ်ရဲ့လား” လို့ပါ။ ကျွန်မမှာ စာအတူတူကျက်၊ ကျောင်းအတူတူသွားတဲ့ သူငယ်ချင်းတယောက်ရှိပါတယ်။ သူနဲ့ကျွန်မက သိပ်ချစ်ကြတဲ့သူငယ်ချင်းတွေဖြစ်ပေမယ့် အရာရာဟာ ဆန့်ကျင်ဖက်တွေနဲ့ပါ။ မတူညီတဲ့နှစ်ယောက် အတူတွဲလို့လား မသိဘူး လူတိုင်းသတိထားမိကြတယ်။ ကျွန်မက ဆင်းရဲတယ်။ သူက ချမ်းသာတယ်။ (၈) တန်းမှာ ကျွန်မက စက်ဘီးအဟောင်းလေးနဲ့ ကျောင်းသွားချိန်မှာ သူက ဆိုင်ကယ်နဲ့ ကျောင်းတက်တယ်။ ကျွန်မ တက္ကသိုလ်သွားတက်ချိန်မှာ သူက ကားကိုယ်တိုင်မောင်းပြီး မြို့က တက္ကသိုလ်မှာ တက်နေခဲ့တယ်။ ကျွန်မက ရုပ်ဆိုးတယ်။ သူက ရုပ်ချောတယ်။ ပြီးတော့ သူက အတော်လေး အနေအေးပါတယ်။ ကျွန်မကိုလည်း အမြဲကူညီတယ်။ ဘယ်ချိန်ဘာလိုလို အားနာစရာမလိုလောက်အောင် ပြောလို့ရတယ်။ သူက ကျောင်းမှာ နာမည်ကြီးတော့ စိတ်ဝင်စားတဲ့သူတွေက အများသား။ မနက်ခင်း ကျူရှင်သွားရင် ဆောင်းတွင်းဆိုတော့ အလင်းရောင်မရှိသေး။ ဝါးတားတားမနက်ခင်း ချမ်းကလည်းချမ်းသေး။ ဒါလည်း လမ်းထိပ်မှာ အငိုက်ခံ၊ အအေးခံလာစောင့်နေကြတာ ဟိုနားတစု၊ ဒီနားတစု။ ကျွန်မနဲ့အတူဆို သိပ်မကပ်ရဲကြဘူး။ ကျွန်မက ဒိုင်ခံရန်ဖြစ်ပေးတယ်။ သူကအေးတော့ “ဘယ်သွားမလို့လဲ” လို့လာမေးရင် “ကျူရှင်” တို့ “ဘုရား” တို့ အဲလိုပြန်ဖြေတတ်တယ်။ ကျွန်မက အဲလိုပြန်စကားပြောတဲ့နေ့ဆို သူ့အိမ်ဆီ အမြန်စက်ဘီးနင်းပြီး သူ့အမေကို တိုင်ပြောတာ။ ဘယ်ကောင်လေးလိုက်စကားပြောတယ် သူက ပြန်ဖြေနေတယ်ပေါ့။ အဲလောက် ကျွန်မသူ့အပေါ်လွှမ်းမိုးချင်ခဲ့တာ။

သူကလည်း ပြောရှာတယ် “နင်နဲ့ငါ ရည်းစားမထားရဘူးနော်“ တဲ့။ အရင်တုန်းကတော့ ကျွန်မလည်း “အေး မထားဘူး ဘာလုပ်မှာလဲနော် ရှုပ်တာပဲရှိတာ”၊ “ငါကျောင်းသွားတက်ရင် ဘယ်သူ့ကို ပြန်မကြိုက်နှင့်နဲ့နော်” လို့ မှာထားခဲ့တာ။ သူကလည်း မကြိုက်ရှာပါဘူး။ တခါကလည်း သူကျွန်မဆီဖုန်းဆက်လာတယ် “ငါ့ကို ဗိုလ်တယောက်နဲ့ လာစေ့စပ်နေတယ် ဘယ်လိုလုပ်ရမလဲ” တဲ့။ “နင်ကြိုက်သလား မကြိုက်ရင် မကြိုက်ဘူးပြောလိုက်” လို့ ပြန်ပြောလိုက်တယ်။ သူလည်း လက်မခံခဲ့ပါဘူး။ ကျွန်မကာဆီးကာဆီးလုပ်ခဲ့တာမှန်ပေမယ့် သူ့ရင်ထဲကို ရောက်နေတဲ့သူမရှိသေးလို့လည်း သူရည်းစားမထားသေးတာပါ။ ကျွန်မက ကျောင်းတွေတက် ကိုဇနိနဲ့ ကြိုက်ပြန်လာတော့လည်း သူဝမ်းသာအားရ ကိုဇနိကို ကြိုဆိုပါတယ်။ နောက်ပိုင်း မြို့ကိုပြန်ရင် ကိုဇနိရယ် သူငယ်ချင်းရယ် ကျွန်မတို့သုံးယောက်တူတူ လျှောက်သွားကြတာတွေရှိပါတယ်။ အစကတော့ ကျွန်မလည်း ရည်းစားထားတာ သူ့ကို မပြောရဲဘူး ဝေ့လည်လည်လုပ်နေတာ။ သူလည်းသိပါတယ်။ သဘောထားတိုက်ဆိုင်တဲ့ သူနှစ်ယောက်လို့ ပြောတယ်။

အဲဒီမှာ အတွေးတွေပြောင်းကုန်တာက ကျွန်မပါ။ ဆရာမစကားကြားပြီးကတည်းက နောင်တချိန်မှာ သူ့အမေကများ သူ့သမီးမစွံခဲ့တာ “ကျွန်မကြောင့်” လို့ ပြောလာရင် ကျွန်မလည်း စိတ်မကောင်းဖြစ်မိမှာပါ။ ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး ဖုန်းဆက်တိုင်းမေးရတယ် “နင် တွေ့နေပြီလား ဟိုကောင်လေးကရော ဒီကောင်လေးက မဆိုးပါဘူး” လုပ်တော့တာ။ သူငယ်ချင်းက ရယ်တယ် “နင်ဘာဖြစ်နေတာလဲ နင့်ဟာနင် ကိုဇနိနဲ့ ပျော်ပျော်နေစမ်းပါ ငါမှ ဘယ်သူ့မှ ကြိုက်လို့မရသေးတာ” လို့ ဆိုလာတယ်။ ခုတော့ သူက စီးပွားရေးမှ စီးပွားရေးသမားဖြစ်နေပြီ။ ဘယ်လိုမှ နားချလို့လည်း မရဘူး။ ကိုယ့်စိတ်ထဲက တော်တော်တန်တန်လူကိုလည်း သူနဲ့သဘောမတူချင်။ သဘောတူစရာတွေ့တော့လည်း သူတို့ချင်းက သံယောဇဉ်မဖြစ်။ ကျွန်မလည်း သူအိမ်ထောင်ဖက်မတွေ့မချင်း စိတ်ပူနေရအုံးမယ်ထင်ပါတယ်။ ယောက်ျားလေးသူငယ်ချင်းတွေက “နင့်သူငယ်ချင်း ဘယ်သူ့ကို ပြောပေးစမ်းပါ” လို့ ဆိုလာရင် ကိုယ့်သူငယ်ချင်းမိန်းကလေးတွေကို ကပ်စေးနဲတတ်တယ်။ “မပြောပေးဘူး ကိုယ့်ဟာကိုယ်ပြောပေါ့” နဲ့ လုပ်တတ်တယ်။ သူငယ်ချင်းကိုကျတော့ “နင့်ကို ဘယ်သူက အပြောခိုင်းနေတယ်၊ နင်ပြန်မကြိုက်နဲ့နော် အဲကောင်ကဖြင့် ဘယ်လို” အဲလိုလုပ်တာ ကျွန်မက။ ကိုယ့်သူငယ်ချင်းဆို ဘယ်သူနဲ့မှ တူတယ်တန်တယ် မထင်ချင်ဘူး။ တချို့တော့လည်း ကျွန်မကို ဖြတ်ကျော်ပြီး အိုကေသွားကြတာတွေလည်း ရှိပါတယ်။ သူတို့အဆင်ပြေသွားရင်တော့ နှစ်ယောက်စလုံးကို ချစ်တာပါပဲ။

အခုတော့ အသက်လည်း ကြီးလာပြီ။ သူငယ်ချင်းတွေကိုလည်း မနှမြောတော့ပါဘူး။ တော်နေကြာ သူတို့မစွံတာ ကိုယ့်ပယောဂဖြစ်နေရင် ကိုယ်လည်း စိတ်ကောင်းမှာမဟုတ်ဘူး။ သူငယ်ချင်းကို တကယ်ချစ်တယ်ဆိုရင် သူတို့အိမ်ထောင်ဖက်ရွေးတဲ့နေရာမှာ ကိုယ်က ကန့်လန့်ကြီးမဖြစ်အောင် နေတတ်အောင်ကြိုးစားနေရတော့မယ်။ ကိုယ်ချစ်တဲ့သူကို လမ်းမှန်ရောက်အောင် လုပ်သင့်တာ လုပ်အောင် တိုက်တွန်းပေးရမယ်။ ကိုယ်တတ်နိုင်တာ ပြောပြပြီး ကိုယ့်သူငယ်ချင်းတွေကို တကယ်ချစ်တတ်အောင် နည်းလမ်းမှန်နဲ့ ချစ်တတ်အောင် ကျွန်မကြိုးစားနေပါပြီ။

မဇနိ

11 comments:

RePublic September 20, 2008 at 8:17 PM  

ဒီလို လုပ်ပါ မမနိရယ် ၊၊ မမနိ လိမ္မာလာပီပေါ့ ၊၊ကျနော့် ကိုလည်းကြုံရင် သင်ပေးပါဦးဗျ ၊၊ ဟားဟား
မမနိ ပျော်ရွှင်ပါစေဗျာ ၊၊

Anonymous September 20, 2008 at 9:11 PM  

မဇနိကတော့ အရေးကောင်း၊ အတွေးကောင်းပဲ။ မစွံသေးတဲ့သူတွေလဲစွံကြပါစေဗျာ။ စွံပြီးသားသူတွေလဲ အမြန်နီးနိုင်ကြပါစေ။

nu-san September 21, 2008 at 7:29 AM  

မဇနိရေ.. အခု အမလည်း မဇနိပို့စ်လေးဖတ်ပြီး စိတ်ထဲမှာ ဇဝေဇ၀ါဖြစ်သွားရပြီ။ အမမှာလည်း မဇနိပြောသလို ဇာတ်လမ်းလေးရှိနေတော့ တော်ကြာ ငါ့သူငယ်ချင်း မစွံရင် ငါ့ကြောင့်များလားလို့ အခုတွေးနေမိတယ်..

အမသူငယ်ချင်းက ရည်းစားလုံးဝမရှိတာမဟုတ်ဘူး.. သူနဲ့ တွဲလာတာကြာတော့မှ သူ့တစ်ယောက်က နောက်ကောင်မလေးတစ်ယောက်နဲ့ သတင်းထွက်နေလို့။ အရာအားလုံးကို သူကိုယ်တိုင်ပဲ ဆုံးဖြတ်တာကောင်းပါတယ်.. ဒီကြားထဲလည်း သူ့အတွက် သင့်တော်သူရှိရင် လက်ခံလိုက်ဖို့ အမြဲတမ်းတိုက်တွန်းမိပါတယ်.. သူငယ်ချင်းကို တကယ်ချစ်ပါတယ်.. ဒါပေမယ့်လေ သူ့ဘ၀မှာ စိတ်ညစ်နေရမှာကိုလည်း မကြည့်ရက်ဘူး.. ဘယ်လိုလုပ်ရမလဲတောင် မသိတော့ပါဘူး...

PAUK September 21, 2008 at 8:23 AM  

မနိကတော်တော်ကပ်စီးကုပ်တာပဲ..ဟီးး
သူငယ်ချင်းကပ်စီးကုပ်တာ..
ကျွန်တော်ကျတော့သူငယ်ချင်း..သူ့ဘဲနဲ့စိတ်ကောက်တာကို
ကျွန်တော်ကသူ့ဘဲဆီတိတ်တိတ်လေးဖုန်းဆက်ပြီး
ပြန်ဆက်သွယ်ပေးတတ်တယ်..
အခုတော့..
ပျော်ရွှင်စွာပေါင်းဖက်ကြလေသတည်း.။။

Moe Cho Thinn September 21, 2008 at 5:16 PM  

ညီမလေးရေ ငယ်ငယ်ကတော့ ငယ်ငယ်က အတွေးကိုး နော်။ သူလဲ heart မထိသေးလို့ ဖြစ်မှာပါ။ တကယ်ကြိုက်ပြီဆို ကိုယ်တောင် သိလိုက်မှာ မဟုတ်ဘူး။ အမလဲ အဲလိုမျိုး ကြုံဖူးလို့။ ဘယ်လောက်တားတား ကိုယ့်သူငယ်ချင်းက ဘုရားတောင်တက်ပြီး သစ္စာဆိုပြီးနေပြီ။ :P

ThuHninSee September 21, 2008 at 8:16 PM  

သူငယ်ချင်းတွေကတော့
စံချည်းပဲမို့လားမသိ။
စဉ်းစားနော်လို့ပြောဖို့ကြုံရုံရှိသေး
သူတို့က ပြန်တောင်ကြိုက်ပြီးပြီ။

အညာသား September 22, 2008 at 3:31 AM  

တားတားကိုရဲ တင်ပေး...။ တင်ပေးပြီးတော့ တစ်ခါတည်း ရည်းဂျားရအောင်ပါ လုပ်ပေး... ။ :P

Anonymous September 22, 2008 at 7:22 AM  

ဟုတ်ကဲ့...မှတ်ထားမယ် ဒါပေမယ့် ကျနော့်သူငယ်ချင်းတွေ အားလုံးက စွံတာမှလက်ကုန် ကိုယ်ကဖြင့် :) အဲ့လိုဆိုရင်ကော................

Dr. Yi Yi Win September 22, 2008 at 10:38 AM  

ဒါကြောင့်ပဲ မမြင်ဖူးရင်း မူး မြစ်ထင်တာမျိုးမဖြစ်စေဖို့  ဆရာကြီးဦးသုခ က “သမီးရီးစား” ဆိုတဲ့ ၀တ္ထု တိုလေးရေးခဲ့သေးတယ်။ သမီးတွေရီးစားထားရင် သိပ်မချုပ်ချယ်ကြဖို့ တဲ့။ ဒါမှကိုယ့်ကိုတကယ်ချစ်တဲ့လူလား ကိုယ့်ဂုဏ်ကိုမက်တဲ့လူလားခွဲနိုင်မှာမို့ လို့ တဲ့။ ကိုယ်ကို တကယ်ချစ်တဲ့လူတွေ့ ရင်တော့ ယူပေ့စေ တဲ့လေ။ သူတို့ နဲ့ တသက်လုံးပေါင်းရမဲ့လူမို့ သူတို့ ဆုံးဖြတ်ချက်မှန်အောင်ဆိုပဲ ညီမရေ။

တန်ခူး September 22, 2008 at 10:57 AM  

မဇနိရေ… တကယ်မကြိုက်သေးလို့ ဖြစ်မှာပါ… တကယ်ကြိုက်တော့ ကိုယ်ကတားလဲ မရတော့ဘူး… တို့ ကျတော့ ပြောင်းပြန်… သူငယ်ချင်းကို သဘောတူလွန်းလို့ ဆို အတင်းအောင်သွယ်တာ… နှစ်ယောက်လုံးက သူငယ်ချင်းလေ… အဲဒီတုန်းက သူက မကြိုက်ပါဘူးဆို တွင်တွင်ငြင်း… ကိုယ်က ကြားထဲကအားတောင်နာတယ်... ပြီးလဲပြီးရော သူတို့ နှစ်ယောက်ဘယ်ချိန်ကြိုက်လိုက်မှန်းတောင်မသိဘူး… အစိုးမရတဲ့ အရာထဲမှာ ထိပ်ဆုံးကပဲ ညီမရေ…

Anonymous September 25, 2008 at 9:18 AM  

ကိုကြီး ၀ီ ကိုများ သင်ပေးရအုံးမယ် ကွိ ကွိ ကွိ

ပေးတဲ့ဆုနဲ့ ပြည့်ချင်လိုက်တာ ကိုမောင်ဖြူ

မမနုစံရေ နောက်ကောင်မလေးရှိတယ်ကြားရင်တော့ ရှေ့ဆက်ခိုင်းရမှာလည်း စိတ်မကောင်းဘူးနော်

ကပ်စီးသိပ်ကုတ်တယ် ပေါက်

ဟုတ်တယ်နော် မမချိုသင်း heart မထိသေးတာပဲနေမယ်

သုနှင်းဆီ သူငယ်ချင်းအမိုက်စားတွေပေါ့

တကယ်တော့ မဇနိလည်း မသိဘူးလေ အညာသားရဲ့

မောင်မျိုးကတော့ လူပျိုကြီးပဲလုပ်တော့

မမယုဝရီပြောတဲ့ သမီးရည်းစား ဆိုတာလေး မဖတ်ဖူးသေးဘူး ရှာဖတ်အုံးမယ်

တကယ်အစိုးမရတာပါ အမတန်ခူးရယ်
ကိုယ်တိုင်လည်း အစိုးရချင်ပါတယ်

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP