သူစိမ်းတို့ရဲ့အလယ်မှာ (၄)

>> Friday, December 19, 2008


သူစိမ်းတို့ရဲ့အလယ်မှာ (၁)
သူစိမ်းတို့ရဲ့အလယ်မှာ (၂)
သူစိမ်းတို့ရဲ့အလယ်မှာ (၃)

အောက်တိုဘာလဆီ ရောက်လာရင် ခရီးတခုထွက်ကြတယ်။ နှစ်တနှစ်မှာ စာသင်တန်းတွေကို ဧပြီတန်းရယ် အောက်တိုဘာတန်းရယ်ဆိုပြီး ခွဲထားတယ်။ ဒီနှစ်အောက်တိုဘာမှာ ခရီးမထွက်ဖြစ်လို့ နောက်လ ဇန်နဝါရီမှာ ဟော့ကိုင်းဒိုးကို သွားဖို့ စီစဉ်နေကြပြီ။ ဟော့ကိုင်းဒိုးသွားမယ်ဆိုတာနဲ့ ဦးထုပ်၊ လက်အိတ်၊ အနွေးဓါတ်ပေးမယ့် hot pad လေးတွေကအစ တဖြည်းဖြည်း စုဆောင်းနေရပြီ။


ကိုယ်က အအေးကြောက်တဲ့သူပေမယ့် ဌာနတခုလုံးသွားကြမယ်ဆိုတော့ လိုက်ဖြစ်အောင် ကြိုးစားလိုက်ရမယ်။ ဒါမှလည်း သူတို့နဲ့သွားတာ နေရာပိုစုံအောင်ရောက်ရတာကိုး။ ဒီနှစ်ခရီးစဉ်အတွက်သာ စီစဉ်နေရတာ။ အရင်နှစ်က ခရီးစဉ်တုန်းက ဘာမှ နားမလည်တော့ ဘာမှသိပ်မစီစဉ်တတ်ဘူး။ ဘယ်ဟိုတယ်ကိုတည်းမယ်။ ဘယ်တွေသွားမယ်ဆိုတာ မသိဘူးလေ။ သွားမည့်မနက်အစောထ၊ အဆောင်တူတူနေတဲ့ အီရန်ကောင်လေးနဲ့ တူတူသွားမယ်ပေါ့။ ကိုယ်က ချိန်းထားတဲ့ အချိန် အဆောင်ရှေ့ကို ရောက်ပေမယ့် သူက နောက်ကျမှ အပြေးအလွှားရောက်လာတယ်။ သူ့ကိုကြည့်လိုက်တော့ ကျောပိုးအိတ်လေးတလုံး။ အနွေးထည်ခပ်ပါးပါးနဲ့။ ကျွန်မကတော့ အိတ်တလုံးဆွဲလာရသေးတယ်။ မိန်းကလေးဆိုတော့ ယူချင်တာက အများသား။ ဒါတောင် ကိုဇနိက ကွန်ပြူတာယူခိုင်းတာ လေးမှာစိုးလို့ ထားခဲ့လို့။ ခရီးက နည်းနည်းကြာမယ်ဆိုတော့ သူက ရစ်နေတာပေါ့။ ကွန်ပြူတာပါ သယ်လို့ကတော့ ကျွန်မတယောက် ရှုပ်ရှက်ခပ်နေအုံးမယ်။

ရထားချိန်တွေ အင်တာနက်မှာကြည့်ထားတာ အကိုက်။ သူက ဆယ်မိနစ်လောက်နောက်ကျတာနဲ့ အကုန် ကမောက်ကမတွေ ဖြစ်သွားပြီ။ ဘူတာကို အမြန်သုတ်ခြေတင်ပေမယ့် မှန်းထားတဲ့ရထားက အပေါက်ပိတ်သွားပေါ့။ ကဲ ဘယ်တတ်နိုင်မလဲ နောက်တစင်းစောင့်ရုံရှိတာပေါ့။ ကျွန်မက သူ့ထက်စောရောက်တဲ့သူဆိုတော့ သူက ကိုယ့်ထက်ပိုဆိုးတယ်။ ဘယ်မှမသွားတတ်ဘူး။ Heneda လေဆိပ်ကိုသွားမည့် ရထား ပြောင်းစီးရင်း ဘုရားစာရွတ်ရသေးတယ်။ နောက်ကျနေတာ အသိသာကြီး။ ရာသီဥတုက အတန်အေးပေမယ့် နှစ်ယောက်စလုံး ချွေးတလုံးလုံးဖြစ်နေပြီ။ လမ်းမှာ ရထားပြောင်းစီးရမယ်လို့ အင်တာနက်မှာကြည့်ထားတာ စိတ်ကစွဲနေပြီး လမ်းဘူတာမှာ ဆင်းကြ၊ ပြောင်းကြမယ်ပေါ့။ ဒါပေသိ အချိန်လွဲချော်သွားတဲ့အတွက် ပြောင်းစရာမလိုတာကို နားက မကြားဘူး။ အောက်ဆင်းပြီး ရထားထွက်သွားမှ ဒီရထားက လေဆိပ်ထိရောက်တဲ့ရထားတဲ့။ ဘာမှ မတတ်နိုင်ဘူး။ နောက်တစီးစောင့်ကြပေအုံး။

တကယ့်တကယ် လေဆိပ်ရောက်တော့ ချိန်းတဲ့အချိန်ကို (၄၅)မိနစ်လောက် လွန်လို့နေပြီ။ ပြည်တွင်းခရီးစဉ်တော်တော်များများက ဒီလေဆိပ်ကို အသုံးပြုကြတာဆိုတော့ လူတိုင်းလူတိုင်း ပေါ့ပေါ့ပါးပါးပဲ။ (၄) ရက်ခရီးကို တချို့က ကျောပိုးအိတ်လေးနဲ့။ အဝင်မှာ အီရန်ကောင်လေးက တတွီတွီမြည်နေလို့ သူ့အိတ်ထဲရှာတော့ ဓားတွေ့ရော။ သူက အသားစားလို့မရလို့ ငါးသေတ္တာဖောက်စားရအောင် ဓားယူလာတာဆိုပဲ။ သူလည်း အသက်ငယ်သေးတော့ အတွေ့အကြုံက မရှိသေးဘူးနဲ့တူပါတယ်။ ဂျပန်လေးတွေကတော့ ပြုံးစိစိဖြစ်လို့။ နောက်ဆုံး ဓားကို လေဆိပ်မှာ ထားခဲ့ရတယ်။ အပြန်မှ ဝင်ယူရမယ်တဲ့။ ဒုတိယအကြိမ်လေယာဉ်စီးတာမို့လို့ ဒီတခါတော့ ဘေးဘီကိုကြည့် အေးအေးဆေးဆေး လိုက်နိုင်ခဲ့တယ်။ တနာရီလောက်ကြာတဲ့အခါ ကျွန်မတို့သွားချင်တဲ့ဆီ ရောက်ပြီတဲ့။ ဒီမှာ ကြည့်လို့မှ မဝသေးဘူး။ ပင်လယ်ကြားက ကျွန်းသေးသေးလေးတွေကို အပေါ်ကကြည့်ရတာ စိတ်လှုပ်ရှားစရာကောင်းနေတယ်။ အဝေးကဆိုတော့ ကျွန်မတို့နေတဲ့နေရာက မြေကွက်လပ် ပိစိလေးကိုး။

ကျူတာမလေးရယ် တခြားဌာနက ဂျပန်မလေးရယ် မိန်းကလေးသုံးယောက်ပါတယ်။ တခြားဂျပန်မလေးက အင်္ဂလိပ်လို ပြောတတ်တော့ အခု Takamatsu လေဆိပ်ကို ရောက်ပြီ။ အဲဒီမှာ Udon လို့ခေါ်တဲ့ ခေါက်ဆွဲဟာ နာမည်အကြီဆုံးဖြစ်တဲ့အကြောင်း သွားစားကြမယ်ဆိုတဲ့အကြောင်း လာပြောပြတယ်။ Udon က မြန်မာပြည်မှာတော့ နန်းကြီးဖတ်လိုမျိုးတွေနဲ့ စားရတဲ့ အစားအစာပါ။ သိပ်မကြိုက်ပေမယ့် အဲဒီမြို့မှာတော့ အတော်စားကောင်းခဲ့တာ။ လေဆိပ်ကထွက်တာနဲ့ ဆောက်လုပ်ရေးက အကြိုကားရောက်နေတယ်။ ကားနှစ်စင်းခွဲတက်ကြပြီး နာမည်ကြီး Udon ဆိုင်ကို အရင်မောင်းခဲ့ကြရော။ လမ်းတလျှောက်လည်း အဲဒီဆိုင်တွေကြီးပဲ။ ဂျပန်မှာတော့ ဒီဖက်က Udon က စားလို့အကောင်းဆုံးဆိုပဲ။ ကားပေါ်မှာလည်း လူတိုင်းပါးစပ်က Udon ကို ရွတ်ဖတ်နေကြတာနဲ့ ကျွန်မလည်း မျှော်မှန်စားချင်နေတာ။ တကယ်တော့ ဗိုက်လည်းဆာနေပြီကိုး။

ကားရပ်လိုက်တာနဲ့ သစ်လုံးအိမ်ပြားပြားလေးတွေ တွေ့လိုက်ရတယ်။ အဲဒီအိမ်တိုင်း လူတွေပြည်နေတာကိုး။ Udon စားနေကြသူတွေနဲ့ ဆိုင်တွေ။ အိမ်ပုလေးကို ဝင်လိုက်တာနဲ့ ပန်းကန်တချပ်၊ တူတစုံကို သူများယူသလို လိုက်ကောက်ကိုင်ရင်း ဆရာ့နောက်က ကပ်လိုက်ခဲ့တယ်။ ဆရာယူသလို Udon ထည့်၊ တန်ပူရာထဲက ပုဇွန်တန်ပူရာနှစ်ခုယူ၊ ဆရာထည့်တာတွေ အကုန်လိုက်ထည့်ပြီး လူတန်းကြီးနဲ့အတူ တရွေ့ရွေ့စီရင်း အထွက်မှာ ပိုက်ဆံရှင်းလိုက်တယ်။ နောက်တော့ ကိုယ့်ဟာကိုယ် အလျင်းသင့်သလို နေရာရှာ တချို့လည်း မတ်တတ်ရပ်၊ တချို့လည်း သစ်လုံးထိပ်မှာထိုင်ရင်း ပူပူလေးကို ရှလွတ်ရှလွတ်မြည်အောင် စားကြတာ။ ဆူညံပြီး အရသာကလည်း ကောင်းပါ့။ နာမည်ကြီးမယ်ဆို ကြီးလောက်ပါတယ်။ တိုကျို၊ ယိုကိုဟားမားကအရသာတွေနဲ့ ကွာသလိုး။ အစားကို ငမ်းနေတာနဲ့ ဓါတ်ပုံလည်း မရိုက်ခဲ့ရပါဘူး။ လာကြိုတဲ့သူတွေက ဆရာ့တပည့် တံတားအင်ဂျင်နီယာတွေ။ သူတို့လည်း တန်းစီ၊ ကိုယ့်ပိုက်ဆံကိုယ်ရှင်း။ ကိုယ်စားချင်သလောက်စား။ ဆရာလည်းတန်းတူ တန်းစီ။

ဗိုက်ဝတော့ တချီကားမောင်းပြီး ဆောက်လုပ်ရေးဌာနဆီ အရောက်လှမ်းကြပြန်ရော။ နာရီဝက်လောက်ကြာတာနဲ့ တံတားတိုင်လုံးတွေ စတွေ့နေရလို့ ကိုယ့်မှာ တအံ့တသြဖြစ်လို့။ သူတို့တွေလည်း မရောက်ဖူးကြပါတူး။ ဒီမြို့ကိုရောက်ဖူးရင်တောင် ဒီဆောက်လုပ်ရေးဆီက တာဝန်ရှိသူပဲ ဝင်ရတာဆိုတော့ အားလုံးအသစ်အဆန်းပေါ့။ Akashi Kaikyo တံတားက ကမ္ဘာ့အရှည်ဆုံး ကြိုးတံတား သူတို့ဆီမှာလည်း နာမည်ကြီးသကိုး။ တကယ့်တံတာကြီးကို မြင်ရတဲ့အခါ အဝင်က တိုင်တွေ ဘာမှမဟုတ်တော့သလိုပဲ။ ဦးထုပ်တွေ၊ လက်အိတ်တွေလဲလှယ်ပြီးတဲ့အခါ တံတားအပေါ်ပိုင်းထိတက်ကြတယ်။ စက်သီးနဲ့ဆွဲတဲ့ လှေကားထဲကို တခါလိုက်ရင် (၅)ယောက်စီလိုက်ရင်း လှေကားကြီးမြင့်တက်တော့ အူး အား အမလေး ဝိုး အစုံအော်ကြတာပေါ့။ လူမျိုးမတူတော့ သူလည်းအော်ချင်သလိုအော် ကိုယ်လည်း အော်ချင်သလိုအော်။ နောက်ဆုံးတော့ ထိပ်ကိုရောက်သွားတာပါပဲ။ Beam၊ Tower၊ Girder တွေကို တကယ့်လက်တွေ့မြင်ရတဲ့အခါ သူတို့နည်းပညာတွေကို မလေးစားဘဲ မနေနိုင်ဘူး။ ဒီတံတားကြီအကြောင်းကို ဒီမှာ ရေးဖူးလို့ ထပ်မပြောတော့ပါဘူးလေ။

အဲဒီကနေ ရထားစီးပြီး ညနေစောင်းမှာ Matsuyama မြို့ကို ရောက်သွားတယ်။ ရောက်တာနဲ့ HOTEL THE ELLCY ကို တန်းဝင်ရတယ်။ ဟိုတယ်ကိုရောက်တော့ ကိုယ့်အခန်းသော့ကိုယူ နောက်ထပ် နာရီဝက်ကြာရင် ဟိုတယ်ဧည့်ခန်းမှာ ပြန်ဆုံမယ်တဲ့။ ကိုယ့်အခန်းကိုသွား မျက်နှာသစ် အဝတ်အစားလဲပြီး ပြန်ဆင်းလာတော့ အားလုံးလူစုံနေပြီ။ ဟိုတယ်မှာပဲ ညစာစားကြရင်း အဖွင့်ပါတီကြရော။ အများအားဖြင့်က ငါးတွေဆိုတော့ ကျွန်မအတွက် ပုဇွန်မှာပေးကြရတယ်။ စားကြသောက်ကြနဲ့ (၉)နာရီမှာ လမ်းခွဲ အနားယူကြတယ်။ မနက်ခင်း တံတားနှစ်ခုဆီသွားမယ်လို့လည်း မှာလိုက်တယ်။ အခန်းပြန် ရေမိုးချိုးပြီး ဖုန်းကိုကြည့်လိုက်တော့ ဖုန်း ၁၅ ကောလ်ဝင်ထားတာနဲ့ ပျာယာပျာယာဖြစ်လို့သွားတယ်။ ရွှေစိတ်တော်များ ညိုသွားမလား စိတ်ပူရသေး။ အသင့်ယူလာတဲ့ဖုန်းကဒ်လေးကိုထုတ်၊ အချော့ဝင်တော့ တော်တော်နဲ့မပြေဘူး။ အတူတူစကားပြောနေကြတာ အခု သူတယောက်ထဲဆိုတော့ သူလည်း ပျင်းနေရှာရော့မယ်။ ဒါတွေသိလို့ ဖုန်းကဒ်တွေ အဆင်သင့်ယူလာတာ။ အဲဒီတလောက ဖုန်းဖိုးလည်း ကုန်ကြတာပေါ့။ အခန်းထဲမှာ အင်တာနက်ကြိုးကိုမြင်လို့ ကွန်ပြူတာလေးကို သတိတော့ အရသား။ ကဲ ရှိစေတော့လေ။ တတ်နိုင်ဘူး။

နောက်တနေ့မှာ ဟိုတယ်က ကား(၃)စီးငှားပြီး ဆရာ(၃)ယောက်က ဒရိုင်ဘာလုပ်ကြတယ်။ ကိုယ့်ဆရာကိုကြောက်လို့ သူနဲ့ဝေးတဲ့ကားမှာ သွားစီးတာ။ ကားပေါ်ရောက်တော့ စကားပြောကြရင်း ကစားကြမယ်ဖြစ်ရော။ မြန်မာပြည်မှာ အခုလို ကားစီးတာကြာမယ်ဆိုရင် ဘယ်လို ကစားသလဲတဲ့။ ခက် ခက်ချည်ရော။ မြန်မာပြည်မှာ လိုင်းကားတွေနဲ့ပဲ သွားဖူးတော့ လူတောင် ဆီးဖြူသီးအလှိမ့်ခံနေရပါတယ်ဆို ဘယ်လိုလုပ်ကစားမလဲ ဒါတွေပြောပြလည်း နားလည်းမည်မထင်တော့ စဉ်းစားစမ်း။ စဉ်းစားစမ်း။ ဦးနှောက်ကိုအလုပ်ပေးလိုက်ရင်း ငယ်ငယ်က ကစားတဲ့ ခေါင်းတို့တမ်းကစားနည်းကို သတိရသွားတယ်။ ဒါနဲ့ တယောက်တလှည့် ခေါင်းငုံ့ ခေါင်းတို့ကြတာ ခပ်တည်တည်နေတဲ့ ကျွန်မကို ဘယ်သူမှမထင်ဘူး။ တကယ်တမ်း ခေါင်းပုတ်အများဆုံးက မဇနိ။ ကားမောင်းနေတဲ့ဆရာလည်း ဝင်ပုတ်တယ်။ ဆရာများ ခေါင်းငုံအလှည့်ဆို ပုတ်ရမှာ အားနာမိသေး။ စိတ်ထဲမှာ ကန်တော့ကန်တော့နဲ့ ပုတ်လိုက်တာပဲ။ ငရဲကြီးချင်လည်း ကြီးခါမှကြီးရော။ ဒီကစားနည်းရိုးလာတော့ အသွင်အပြင်တွေပြောရင်း တရိစ္ဆာန်နာမည်တွေဖွက်ထမ်း ကစားကြပြန်တယ်။ နောက်ဆုံးတော့ သွားချင်တဲ့ တံတားကြီးဆီ ရောက်သွားရော။

အဲဒီတံတားကတော့ Tatara တံတား။ ကမ္ဘာ့အရှည်ဆုံး cable-stayed တံတား။ အဲဒီတံတားကြီးပေါ်ကို လမ်းလျှောက်ကြရင်း သူ့ကေဘယ်ကြိုးကြီးတွေ ကိုင်ကြည့်ရတာ ပျော်စရာ။ နောက်တံတားတစင်းလည်လိုက်တော့ တနေကုန်ပြန်ရော။ နောက်တနေ့က ရေပူစမ်းသွား လျှောက်လည် ညမှာ အထူးပါတီ တညလုံးလုပ်ကြတယ်။ ကျွန်မတော့ အိပ်ချင်လို့ ဆရာပြန်လိုက်ပို့တာနဲ့ (၁၂) လောက်ပြန်ရောက်တယ်။ တကယ်တော့ အိပ်ချင်တာထက် မျှော်နေရှာမည့် ကိုဇနိဆီ ပြန်လာတာပါ။ သူ့နဲ့စကားပြောရင်း အိပ်ပျော်သွားခဲ့သေး။ နောက်တနေ့မနက်မှာတော့ ကိုယ်သွားချင်ရာသွားပါ။ လေဆိပ်ကို ဘယ်ချိန်ပြန်လာတဲ့။ အသီးသီးထွက်သွားကြတာများ။ ကျွန်မဘယ်ဆီကိုသွားရမလဲ။ ဘယ်မလဲ မြေပုံ။ ဘယ်နားမှာ ဘာရှိလဲ မသိ။ ဒါတွေက အစကတည်းက ကိုယ်သွားမည့်နေရာမှာ ဘာတွေ နာမည်ကြီးသလဲ ကြိုရှာ၊ ပရင့်ထုတ်လာရမှာ။ နောင်တတွေ နောင်မှသိရ။ နောက်ဆုံးတော့ ဆရာတို့နဲ့ လိုက်သပေါ့ ဆရာတို့ဘီယာသောက်တော့ ပုဇွန်တန်ပူရာ၊ ရေပေါ်ဝဲတန်ပူရာတွေ ကျွန်မတယောက်ထဲ စားရရော။



အပြန်လမ်းမှာလည်း လေဆိပ်ကအထွက် ရထားမစီးတတ်သေးပါဘူး။ ဆရာနဲ့တူတူ ယိုကိုဟားမားဘူတာထိ လိုက်ပြန်ပြီးမှ အဆောင်ကိုရောက်တယ်။ ရောက်ရောက်ချင်းဘဲ ကွန်ပြူတာလေးဖွင့် အမေပြောတဲ့ အမောပြေလေးနဲ့ အလွမ်းသယ်ရင်း အောက်တိုဘာခရီး ပြီးဆုံးသွားတာပေါ့။ ဒီလိုနဲ့ နောက်တခါ ခရီးသွားရင် မြေပုံတွေ ထုတ်ယူသွားဖို့ ကွန်ပြူတာလေးယူသွားဖို့ စဉ်းစားရင်း နောင်ဇန်နဝါရီခရီးစဉ်ကို ရင်ခုန်နေမိတော့တယ်။

ဆက်ပါအုံးမည်။
မဇနိ

14 comments:

ThuHninSee December 19, 2008 at 4:48 PM  

ကိုနိက ပျင်းမှာစိုးလို့ နောက်တစ်ခါ ခရီးမသွားတော့ဘူးများ
ပြောမလားလို့... ကွန်ပြူတာလေးယူသွားမယ်တဲ့။
ဟားဟား။ :D

- December 19, 2008 at 4:50 PM  

ဖတ်သွားတယ်၊
စားသွားတယ်၊
ငန်းသွားတယ် (ပုံတွေကို)
ကျေးဇူးပါ ..

http://winzaw-mdy.blogspot.com

လင်း December 19, 2008 at 5:18 PM  

မနိတို့ တော့ကလေ လွန်တယ်။ ဖုန်းကဒ်တွေ အများကြီး သယ်သွားသတဲ့ ။

Craton December 19, 2008 at 5:39 PM  

မဖတ်ရသေးဘူး.. လက်မှတ်အရင်လာထိုးတာဒေါ်ဒေါ်နိ.. ဒါတောင် တတိယတဲ့..း(

Craton December 19, 2008 at 5:58 PM  

ဟုတ်ပေါင်.. ခုန စတုတ္ထကြီး...ပိုဆိုး..း(
ကဲ.. ဒေါ်ဒေါ်နိနဲ့နောက်က လိုက်သွားရသလိုပဲ.. ပျော်စရာကြီး.. အစားအစာတွေကလည်း တမျိုးပဲ.. ကြည့်ရင်းရင်တောင်ပြည့်တယ်.. (ဗိုက်ဆာနေရင်တော့ မပြောတတ်)
အရေးပိုကောင်းလာတယ်ဒေါ်ဒေါ်နိး)

Craton December 19, 2008 at 5:59 PM  

ဦးဦးနိကြီးကလည်း စိတ်ကောက်တတ်တယ်ဗျို့...းP

PAUK December 19, 2008 at 6:08 PM  

Udon ခေါက်ဆွဲစားချင်တယ်...
ဟင်းရည်လေးကလည်း..သောက်ကောင်းမယ့်ပုံ..

Republic December 19, 2008 at 8:09 PM  

မနိ.. ဂျပန်မှာ စားတဲ့ သောက်တဲ့ ခွက်လေးတွေက ချစ်စရာကောင်းသား ၊၊ ပုံထဲမှာတွေ့လိုက်ရတယ်လေ ၊၊
လာလည်ချင်တယ်ဗျာ ၊၊ လေယာဉ်ဖိုး ပိုက်ပိုက် မရှိပါ ၊၊ ထီပြန်ထိုး အုံးမှပဲဗျာ ၊၊ ကွိကွိ

မီယာ December 20, 2008 at 1:59 AM  

ဖတ်လို့ကောင်းလိုက်တာနိနိရေ- နေရာစုံလည်းရောက် ဂျပန်စာလည်းစား ကိုဇနိအကြောင်းလည်း တစေ့တစောင်းလေ့လာသွားပါတယ် :)

htay December 20, 2008 at 7:01 PM  

my fri,
I always visit to ur blog whenever I am free! I like all ur writing!!!!!
Myanmar lo write tat bu hayyyyyyyyyy.

ဇနိ December 21, 2008 at 6:23 AM  

သူငယ်ချင်း ရေ စာလာဖတ်တယ်ဆိုလို့ ပျော်နေတာ။
အိုးဝေကို မင်းမသိလောက်ဘူး ထင်တာဝေး။
အဆက်အသွယ်လည်းမရ။ အားလုံးအဆင်ပြေပါစေ သူငယ်ချင်း။
မဇနိ

တားမြစ် ထားသော... December 21, 2008 at 7:02 AM  

“အဝေးကဆိုတော့ ကျွန်မတို့နေတဲ့နေရာက မြေကွက်လပ် ပိစိလေးကိုး။”

အပိုင်းတစ်အပြီးမှာ ဒီအပိုင်းလေးဟာ အစွဲဆောင်ဆုံးပါ။ ဗဟုသုတလည်းဆုံတယ်။ သူစိမ်းတွေကြားမှာ အနေတတ်လာတာကိုလည်း တွေ့လိုက်ရတယ်။ အပေါ်ဆုံးက အမြင်လေးကိုလည်း သဘောကျမိတယ်။

သုခမိန်(E-Journal)

Yu Wa Yi December 21, 2008 at 12:35 PM  

သူစိမ်းတို့ ရဲ့အလယ်မှာခုဆိုချမ်းနေရှာရော့မယ်နော်နိနိလေး။ ကိုစိုင်းပြန်ပြောပြတဲ့ သူ့ ရဲ့ဂျ
ပန်အတွေ့ အကြုံတွေအရတော့ တော်တော်အေးဆိုပဲ။ စောင့်ဖတ်နေတယ်သိလား နိနိ။

nu-san December 21, 2008 at 4:07 PM  

မဇနိရဲ့အတွေ့အကြုံတွေက မရိုးဘူး.. ကျောင်းနဲ့ခရီးသွားရတာ ပျော်စရာကြီးနော်.. ကိုဇနိက စိတ်ကောက်တတ်တာ အခုမှ သိတော့တယ်.. နောက်တခါ Hokkaido သွားရင်တော့ တအားအေးလို့ ချမ်းလည်း ချမ်းတယ်.. လွမ်းလည်း လွမ်းတယ် ဆိုပြီး ကိုဇနိကို သီချင်းဆိုပြလိုက်နော်... :)

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP