ဖက်ထုပ်

>> Wednesday, December 24, 2008


သူများတွေ ဖက်ထုပ် လုပ်စားတာမြင်တော့ စားချင်တာ။ တခါမှ ကိုယ်တိုင် မလုပ်ဖူးဘူး။ မနေ့က တရုတ်တန်းရောက်တာနဲ့ ဖက်ထုပ်ရွက် ရှာကြည့်တော့ တွေ့တာနဲ့ ၀ယ်ချလာတာ။ ကြက်သား၊ ၀က်သား နှစ်မျိုး နည်းနည်းဆီ ထည့်မယ် စိတ်ကူးလိုက်တယ်။ ညှီမှာ ကြောက်တဲ့သူဆိုတော့ တခုမကြိုက်ရင် တခုကောင်းအောင်လို့။ စလုပ်မယ်ဆိုကတည်းက ပေါက်ဝီရှီမီသဉ္ဇာမလုလု တို့ဆီ ပြေးလွှားကြည့်။ တခါနားမလည် ပြန်ကြည့်၊ နောက်ဆုံး တနေကုန် ကွန်ပြူတာနဲ့ မီးဖိုပြေးနေရတယ်။
နောက်ဆုံးတော့ ပုံတွေအတိုင်း ကိုယ်စားချင်တာ စားရသွားတယ်။ ဖက်ထုပ်ဆီချက်ကို ငယ်ငယ်ကတည်းက ခဏခဏစားတယ်။ နေမကောင်းရင်လည်း ဒါပဲ ၀ယ်ကျွေးရတာ။



ဝယ်လာတဲ့အသားက စင်းပြီးသားမဟုတ်တော့ ကိုယ်တိုင် တောက်တောက်စင်းရတယ်။ အသားကို ရေဆေးပြီး နုတ်နုတ်စင်း၊ ဂျင်း၊ ကြက်သွန်ဖြူကို ဓားပြားရိုက် နုတ်နုတ်စင်း၊ ပဲပင်ပေါက်နဲ့ ကျူးဆိုင်ရွက်တွေကိုလည်း ရေဆေး နုတ်နုတ်ကိုက်ပြီး အားလုံးရောမွှေပါတယ်။

ကြက်ရိုးဟင်းချိုကို ဂျင်းများများ ကြက်သွန်နီအစိပ်ခပ်ကြီးကြီး၊ ပဲပင်ပေါက်တို့နဲ့ ပြင်ဆင်ထားလိုက်တယ်။

ဝယ်လာတဲ့ ဖက်ထုပ်အရွက်အလယ်မှာ နယ်ထားတဲ့ အစာကိုထည့်ပြီး ထက်ဝက်ခေါက်လိုက်တယ်။
အနားလေးတွေကို ကိုယ်ကြိုက်သလို ပုံစံအမျိုးမျိုးခေါက်လို့ရတယ်ဆိုတော့ ငယ်ငယ်က အိုးပုတ်တမ်းကစားနေသလို ထိုင်ပြီး ခေါက်နေလိုက်တယ်။
အသားနယ်တာ ၀က်သားနည်းနည်း ကြက်သားနည်းနည်းလို့ထင်ထားပေမယ့် အများကြီးထုပ်လိုက်ရတယ်။



ဖက်ရွက်ထဲအသားထည့်ထုပ်ပြီးတာနဲ့ ရေနွေးတည်လိုက်တယ်။
ရေနွေးဆူရင် ဖက်ထုပ်ကိုထည့်ပြုတ်၊ ဆယ်ပြီးရင် ဆီချက်နဲ့ အရည် နှစ်ခုလုပ်စားပါတယ်။

ဆီချက်ကတော့ ပြုတ်ထားတဲ့ဖက်ထုပ်ကို ကြက်သွန်ဖြူဆီချက်၊ ငရုတ်ကောင်းမှုန့်၊ ငရုပ်ဆီ၊ ငံပြာရည်၊ ကြက်သားနဲ့ သုပ်လိုက်တာပါ။
ငယ်ငယ်က စားခဲ့ရသလို အရသာတူတဲ့အတွက် စိတ်ကျေနပ်သွားတယ်
နောက်လည်း လုပ်စားစရာ တခုတိုးလာတာပေါ့။

အရည်ကတော့ ကြက်ရိုးဟင်းချိုထဲ သံပရာသီး၊ ပဲငံပြာရည်ထည့်စားတာပါ။ သဉ္ဇာပြောထားသလို လိုက်လုပ်ကြည့်တာ အဆင်ပြေသွားတဲ့အတွက် မြင်ဆရာများကိုလည်း ကျေးဇူးတင်မိပါတယ်။


အပင်ပန်းခံပြီး တရုတ်လိုမှ ဂျပန်လိုဘာသာတွေပြန် အင်တာနက်ကနေရှာပေးတဲ့ မကြီးပေါက်ကိုလည်း ကျေးဇူးအများကြီးတင်တယ်။ ပေါက် ပြောပြလို့ ဖက်ထုပ်အရွက်လည်း အဆင်ပြေပြေ၀ယ်နိုင်ခဲ့တာပါ။

မဇနိ

11 comments:

Welcome December 24, 2008 at 2:15 PM  

ဖက်ထုပ်ကို ကြော်စားတာလည်း ကြိုက်တယ်။ အောက်ဆုံးက ဟင်းရည်နဲ့ဆို ပိုစားဖြစ်တယ်။
ခဏခဏ လာလာစားလို့ အားနာလာပြီ
Merry christmas & Happy New Year ဖြစ်ပါစေလို့ ...

http://winzaw-mdy.blogspot.com

nu-san December 24, 2008 at 2:27 PM  

မဇနိရဲ့ ဖက်ထုပ်က စတိုင်တမျိုးလေးပဲ.. အမက ဆီချက်လိုမျိုး လုပ်ထားတာ စားချင်တယ်.. အခုလည်း ဗိုက်ဆာနေတယ် မဇနိရေ.. ပုံကြည့်ပြီး သွားရည်ကျလာပြီ.. အခုထိ ရုံးမှာ.. :(

:P December 24, 2008 at 2:47 PM  

မဇနိရဲ့ အစားအသောက်တွေဖတ်ရရင်
ဘာမဆိုင်၊ ညာမဆိုင် ကိုဇနိကြီးကို မနာလို ဖြစ်မိတယ်။
နောက်ဆို သူ ရှယ်စားရတော့မှာ......

RePublic December 24, 2008 at 2:56 PM  

ကွိကွိ ရေ ကျနော်အိပ်ပျော်နေလို့ နိုးနိုးချင်းပြေးလာတာ ၊၊ ဖက်ထုပ် အပြုတ်လည်းပေးပါ ၊၊ အကြော်လည်းကျွေးပါ ၊၊ စားမယ် ၀ါးမယ် ၊၊ ထုတ်ထားတာက ချစ်စရာလေးတွေ ၊၊ တော်လိုက်တဲ့ မမကွိ ၊၊

PAUK December 24, 2008 at 5:18 PM  

အရည်ဖျော်နဲ့ ပိုကြိုက်တယ်...
ကြည့်ပြီး ပြန်သွားတယ်..
မျက်ရည်စက်လက်နဲ့...

မီယာ December 24, 2008 at 8:52 PM  

တော်လိုက်တဲ့ ညီမလေးနိနိ။ ဖက်ထုပ်ဆို အရမ်းကြိုက်တာပဲ။ ဆီချက်ဖြစ်ဖြစ် ဖက်ထုပ်ပြုတ်ဖြစ်ဖြစ်။ အီးကဒ်ပို့လိုက်ပြီ။ ကျောင်းအားရက်မှာ ဘာတွေချက်ဦးမှာလဲလို့ စောင့်နေမယ်နော်။

Moe Cho Thinn December 24, 2008 at 9:06 PM  

လုပ်ပြန်ပဟေ့ ဖက်ထုပ်တဲ့။
ငါ့နှယ်နော် ဘာလို့များ ပုံတွေ ကြည့်မိပါလိမ့်။ ဂလု..

ThuHninSee December 24, 2008 at 10:08 PM  

စားချင်လိုက်တာ။ ကျူးဆိုင် ဆိုတာကို ...အင်္ဂလိပ်အခေါ်ကို ပုံလေးနဲ့တကွ ပြပါလားဟယ်။

May Moe December 25, 2008 at 2:51 AM  

ဖက်ထုပ်ဆီချက်စားမယ် လိုက်ပွဲပါ တခါထဲပေးပါဗျိုး

PAUK December 25, 2008 at 2:59 AM  

mm
韭菜 = leeks = ကျူးဆိုင်..
အဆင်ပြေပါစေ..

Thinzar December 26, 2008 at 8:06 AM  

ဟာ..မိုက်တယ်။ အသားက ကိုယ့်ကိုယ် စဉ်းတာ ပိုစားကောင်းတယ်နော်။ ဆိုင်မှာရောင်းတာက ကြိတ်ပစ်လိုက်တော့ ကြေမွပြီး စားမကောင်းဘူး။ သဉ္ဖာတော့ ပျင်းလို့ ကြိတ်ပြီးသား ဝယ်လုပ်တာ။ အစ်မလုပ်တာ ပိုစားကောင်းမယ့်ပုံဘဲ။ ဂလု။ :)

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP