သူစိမ်းတို့ရဲ့အလယ်မှာ (၁)

>> Monday, December 1, 2008


ဆရာမ နုနုရည်(အင်းဝ) ရဲ့ “သူစိမ်းတွေကြားမှာ” ဆိုတဲ့ ပို့စ်ကို မာယာမဂ္ဂဇင်းမှာ ဖတ်ရတယ်။ ဒီခေါင်းစဉ်ကို မြင်တာနဲ့တင် လူက ငိုချင်သလိုလို ဝမ်းနည်းမိတယ်။ ဆရာမရေးထားတဲ့ အကြောင်းအရာတွေကလည်း အင်မတန် စိတ်ဝင်စားစရာကောင်းနေလို့ ဇာတ်သိမ်းပိုင်းထိ (၅) ပိုင်းလုံး စောင့်ဖတ်ဖြစ်ပါတယ်။ နိုင်ဝင်ဘာ (၃၀) ရက်နေ့က ဆရာမရဲ့ နောက်ဆုံးပို့စ်ကို ဖတ်လိုက်ရပြီး စာရေးသူဆရာမကတော့ ပြန်ရတော့မယ်ဆိုတဲ့ သတင်းစကားတွေနဲ့အတူ အပျော်တွေ ကျွန်မဆီကူးစက်လာပါတယ်။ တချိန်ထဲမှာပဲ ကျွန်မတော့ မပြန်နိုင်သေးဘဲ သူစိမ်းတွေအလယ်မှာ ကလယ်ကလယ် နေရအုံးမှာပါ့လားလို့ ဝမ်းနည်းမိသွားပါတယ်။ ဆရာမရဲ့ခေါင်းစဉ်လေးကို နှစ်သက်ခဲ့လို့ တိုင်းတပါးမှာနေရတဲ့ ကျွန်မရဲ့ခံစားမှု အတွေ့အကြုံလေးတွေကိုလည်း “သူစိမ်းတို့ရဲ့အလယ်မှာ” လို့ အမှတ်တရ ရေးလိုက်ပါတယ်။


ဧပြီလအစရဲ့ ရာသီဥတုအရ အအေးဓါတ်တော့ နည်းနည်းလျော့လာပြီး ရွက်သစ်လေးတွေနဲ့ လေတဖြူးဖြူး ဖြစ်နေပါတယ်။ ခန်းဆီးတဖက် လှစ်ကနဲဖြစ်အသွားမှာ အပြင်က လေအေးတချက် ဝင်လာတော့ စိမ့်သွားတယ်။ အကျီင်္ထူတာကို လိုချင်တာနဲ့ ခရီးဆောင်အိတ်ကို ဖွင့်ဖို့ ပြင်ဆင်ရတယ်။ တဆက်တည်း ရေသောက်ချင်လာတယ်။ ရေဗူးလည်းကုန်သွားပြီဆိုတော့ ဘယ်လိုလုပ်ရပါ့မလဲ။ ရေခဲသေတ္တာလည်း မတွေ့မိဘူး။ ဘယ်သူ့ကို ဘယ်မှာသွားမေးရမလဲ မသိတော့ အခန်းကို လေ့လာရတော့တယ်။ မီးဖိုခန်းရေပိုက်တခုရဲ့အထက်မှာ သောက်ရေအတွက် သုံးလို့ရတယ်လို့ စာတန်းလေးတွေ့တာနဲ့ အငမ်းမရ ရေသောက်ဖြစ်သွားတယ်။ အင်း ခုမှပဲ ဆန္ဒတခုပြည့်သွားသလို နေသာထိုင်သာရှိသွားတယ်။ ဆွယ်တာမထူမပါးတထည်ကို ထုတ်ဝတ်လိုက်ပြီး တခြားဘာမှမလုပ်ခင် အနားယူဖို့ ဆုံးဖြတ်လိုက်တော့တယ်။ အသင့်ပြင်ထားပေးတဲ့ ခုတင်ပေါ်လှဲလိုက်ရင်း ရင်ထဲမှာ ဘာကိုမှန်းမသိ ဝမ်းနည်းမိလို့ နံရံကို ကျောခိုင်းပြစ်လိုက်တယ်။

အိပ်မပျော်မယ့်အတူ အသိမိတ်ဆွေမရှိ ကိုယ်အကျွမ်းတဝင်ရှိတဲ့ နယ်မြေနဲ့ မိုင်ပေါင်းများစွာအဝေးကို ရောက်ရှိလာတဲ့ ခရီးစဉ်မှာ တွေ့ကြုံခဲ့ရတာတွေဆီ စိတ်က ပြန်စဉ်းစားမိသွားတယ်။ ထိုင်းနိုင်ငံလေဆိပ်ကနေ ညနေ (၆) နာရီမှာ စထွက်လာခဲ့တာ လေယာဉ်ပေါ်မှာ အိပ်လို့မပျော်ဘူး။ လေယာဉ်မယ်လေးကျွေးလာတဲ့ ငါးနဲ့အစားအစာတွေ မစားနိုင်လို့ ဆန်ပြုတ်ပူပူလေးကိုပဲ သောက်လိုက်တာ။ အတန်ကြာတော့ ရာသီဥတုက ပြောင်းလာပြီလို့ထင်တာနဲ့ လေယာဉ်မယ်ကမ်းလာတဲ့ တဘက်လေးကိုယူ ခြုံထားလိုက်တယ်။ အိပ်မပျော်လို့ အပြင်ကိုကြည့်တော့လည်း မည်းမှောင်နေလို့ ဘာမှမမြင်ရ။ ဒီချိန်ဆို အဖေတို့ အမေတို့ အိပ်ပျော်နေကြပြီလား။ သမီးကို စိတ်မချဖြစ်နေမလားတွေးလိုက်တော့ စိတ်မကောင်း။ မျက်ရည်တချက်ဝေ့လာလို့ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်တယ်။ လေဆိပ်မှာ အမေငိုလိမ့်မယ်လို့ထင်ထားတာ အဖေက မျက်ရည်တွေဝဲပြီး နှုတ်ခမ်းတွေတုန်နေလို့။ ဘာစကားမှမဆိုပေမယ့် အဖေရင်ထဲမချိဘူးဆိုတာ သိလိုက်တော့ ကဲ သမီးသွားတော့မယ် ကျန်းမာရေးဂရုစိုက်ကြနော် နောက်နေ့အိမ်ပြန်ရင် ကားအတက်အဆင်း ဂရုစိုက်ပါ လို့ မှာပြီး ကိုယ်အရင် ထွက်လာခဲ့တယ်။


အဖေ အမေတို့ စိတ်ချမ်းသာစေချင်လို့ အောင့်ထားတဲ့မျက်ရည် လေယာဉ်ပေါ်မှာ မရတော့ဘူး။ ဘေးခုံကိုကြည့်လိုက်တော့ အသက် (၅၀) ဝန်းကျင် ဂျပန်ဦးလေးကြီးတယောက်။ သူကလည်း ကိုယ့်ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေပြီ။ နောက်ဆုံးတော့ သူက မိတ်ဆက်စကားဆိုတယ်။ ကျောင်းလာတက်တာ ဘယ်နှစ်ထိနေရမှာဆိုတာတွေ ပြောပြလိုက်တော့ သူက အံ့သြလို့တဲ့။ တယောက်ထဲ သတ္တိရှိတယ်လို့ ဆိုမှ ငိုချင်ရဲ့လက်တို့ နောက်ထပ်မျက်ရည်တချို့။ သူ့လိပ်စာတွေပေးတော့ ဂျပန်ြပည်မြောက်ပိုင်း နှင်းတွေအများကြီးကျတဲ့ Hokkaido မြို့တဲ့။ သူကလည်း မြန်မာပြည်ကနေ အလည်ပြန်လာတာဆိုတော့ မြန်မာကို ခင်မင်ရှာတယ်။ သူနဲ့တော့ အင်္ဂလိပ်လို ပြောလို့အဆင်ပြေသား။ မှေးခနဲအိပ်ပျော်သလိုလိုဖြစ်ပြီး မျက်လုံးဖွင့်လိုက်တော့ နေလုံးကြီးကို တအံ့တသြတွေ့လိုက်ရတယ်။ ဘယ့်နှယ်ပါလိမ့် စောစောကမှ ညကြီးပါလို့လေ။ အချိန်တွေကွာတာကိုး။ နာရီတာလေဆိပ်ကိုရောက်တော့မှ သူစိမ်းတွေကြားကို ရောက်ပါပေါ့လားလို့ ရင်တထိတ်ထိတ်ဖြစ်မိတယ်။ ခရီဆောင်အိတ်ကိုယူ အပြင်ကိုထွက်လာတော့ လာကြိုနေတဲ့ သူတွေက ဂျပန်လို စပြောတယ်။ ပါလာတဲ့ နောက်ထပ်ကျောင်းသူတွေရောလို့ မေးတဲ့အခါ နောက်မှာပေါ့။ ဒီလိုနဲ့ သူတို့တင်ပေးလိုက်တဲ့ ဘတ်စ်ကားကို နောက်ထပ် (၁)နာရီခွဲ ဆက်စီးရင်း မမြင်ဖူးတဲ့ ဒေသစိမ်းတခုကို တိုးဝင်ခဲ့တယ်ဆိုပါတော့။ ကားပေါ်မှာစပြီး အရာအားလုံးဟာ ဂျပန်စကားတွေ ဖြစ်လာတော့တာ။ မြင်မြင်သမျှလူတွေဟာ ကိုယ့်ဆီကလူတွေနဲ့ ကွဲပြားလာတော့တာတွေ အသစ်အဆန်းကြားမှာ နေလာရတော့တယ်။


ဘတ်စ်ကားကဆင်းတာနဲ့ ဂျပန်မဝတုတ်လေးက မစ်စ်…..လား လို့ ကျွန်မနာမည်ကို သူမခေါ်တတ်ပါဘူး။ သူက ကျွန်မရဲ့ ကျူတာဖြစ်တဲ့အကြောင်း အခု ဆရာက လာကြိုဖို့တာဝန်ပေးလို့ လာတဲ့အကြောင်း အင်္ဂလိပ်လိုတဝက် ဂျပန်လိုတဝက်ပြောကြတယ်။ မြန်မာစားစရာတွေနဲ့ ပြည့်ကျပ်နေတဲ့ ကျွန်မရဲ့ ခရီးဆောင်အိတ်တွေကို သူက ကူမပေးတယ်။ လေးလွန်းတဲ့ ခရီးဆောင်အိတ်ကို သူ မလိုက်တာ ပေါ့ပေါ့လေးလိုပဲ။ နောက် သူနဲ့ခင်မှ ကရာတေး ခါးပတ်နက်ဆိုတာ သိလိုက်ရတာ။ နေရမည့်အဆောင်ကို တက္ကစီလေးနဲ့အတူလာ။ သူတို့ဆီက တက္ကစီကလည်း ဘယ်သွားချင်လို့ပါ ဘယ်လောက်လဲ ဟင် လို့ ဘာမှမေးစရာမလိုတော့ ကျွန်မမှာ အံ့တွေသြလို့။ မိနစ် (၂၀) လောက်ကြာတော့ အဆောင်ဆင်ဝင်ကို ရောက်သွားရော။ အဆောင်တာဝန်ခံတွေက အခန်းသော့၊ စာတိုက်ပုံးသော့နဲ့ အဆောင်တံခါးသော့ဆိုပြီး သော့ (၃) ချောင်း ပေးပါတယ်။ သော့တချောင်းကိုကြည့်လိုက်တော့ ကတ်ထူပြားတခုလိုလို။ ဘယ်လိုပါလိမ့် သော့လည်းပြောတယ်ပေါ့။ နောက်မှ အဆောင်တံခါးကို ဖွင့်ရတဲ့ သော့ဆိုတာ သိသွားတယ်။ သုံးထပ်ဆောင်တခုရဲ့ အပေါ်ဆုံးထပ်ကို တက်ပြီး ကျူတာလေးက တံခါးဖွင့်၊ အိပ်ယာ၊ ခေါင်းအုံးတွေ လာပြင်ဆင်ပေးသွားတယ်။ ငါတော့ နားလိုက်မယ်ဟဲ့နဲ့ စိတ်ကူးထားတာ ကျူတာလေးက မပြန်ဘူး။ သူ့ကို ပါလာတဲ့ မောင်းအပြည့် ကချင်လွယ်အိတ်၊ ကျောက်စိမ်းလည်ဆွဲနဲ့ ရွှေချည်ထိုးလက်ကိုင်အိတ်လေးတွေ ထုတ်ပေးတဲ့အခါ ဝိုး ဝိုး စကားသံ မပြတ် အံ့သြပျော်ရွှင်နေတယ်။ နိုင်ငံခြားနဲ့ ရင်းနှီးကျွမ်းဝင်ဖူးတာမရှိတဲ့ကျွန်မနဲ့ မြန်မာဆိုတာမသိတဲ့ ကျူတာမလေးတို့နှစ်ယောက် တောင်တလုံး မြောက်တလုံး ခင်မင်စကားဆိုမိကြတယ်။


သူ့ကို လက်ဆောင်တွေ ပေးပြီးတော့ သူကလည်း ခဲတံလုံးလို နှစ်လက်မလောက်အချောင်းလေး လက်ဆောင်ပေးလာတယ်။ ဘာလဲ လို့ ပြန်မေးတော့ ကျွန်မနာမည်နဲ့ အနီးစပ်ဆုံးတူတဲ့ သင်္ကေတနဲ့ တံဆိပ်တုံးလေးပါ။ သူပေးတဲ့လက်ဆောင်လေးကို ဒီနေ့အထိ သုံးနေရတာပေါ့။ ဘဏ်ကဒ်လုပ်တာတွေ အိမ်ငှားတာတွေ မဖြစ်မနေလိုတဲ့ လက်မှတ်ပါ တံဆိပ်တုံးလေး။ အပြန်အလှန် လက်ဆောင်ပေးပြီးတော့ လာ သွားကြစို့ တဲ့။ အယ် ဘယ်ကိုလဲ ဆိုတော့ City hall ကို အရင်သွားမယ်။ ပြီးရင် စာတိုက်သွားမယ်။ နောက်တော့ ဘဏ်ကို သွားကြစို့လို့ သူ့အချိန်ဇယား ထုတ်ပြလာတယ် နေရာတကာ အချိန်ဇယားနဲ့ လုပ်တတ်တဲ့ တိကျလေးစားတဲ့ သူတို့ အကျင့်လေးတွေ။ ဒါနဲ့ပဲ အကျီင်္လေးလဲ၊ လိုတာတွေယူပြီး သူ့နောက်ကို အပြေးလိုက်ခဲ့ရတာပေါ့။ မြန်မာပြည်က သူငယ်ချင်းတွေကြားမှ ခြေလှမ်းမြန်တဲ့ ကျွန်မ၊ ဂျပန်မလေးနောက်မှာ အပြေးတပိုင်း လိုက်လို့မမှီခဲ့ဘူး။ လက်ကိုင်အိတ်တလုံးကို လက်မှာချိတ်၊ ဒေါက်ဖိနပ်နဲ့ ဟန်မပျက်ဘဲ အပြေးသွားနိုင်တဲ့ သူမပါ။ အဲဒီနေ့ကစပြီး အင်္ဂလိပ်စကားသုံးခွင့် ပိတ်သွားခဲ့သလောက်နီးပါး ဖြစ်ခဲ့ရတယ်။ ဒါကြောင့် သူမလိုက်ကူမှ အဆင်ပြေတာ အသေအချာပါပဲ။

ခရီးတခုသွားရင် ရောက်တာနဲ့ နားနေချင်တဲ့ ကျွန်မစိတ်တွေ အဲဒီနေ့မှာ စပြင်ခဲ့ရတယ်။ မြေအောက်ရထားလေးစီးလိုက် လမ်းလျှောက်လိုက်၊ ဘတ်စ်ကားစီးလိုက် လမ်းလျှောက်လိုက်နဲ့ မရပ်မနား ဆက်တိုက်သွားတော့တာ။ တနေကုန်နဲ့ တညလုံးဗိုက်ဆာနေတဲ့ ကျွန်မကို သူမ တချက်မှ လှည့်မကြည့်ပါဘူး။ သူမ လည်း ရေတစက်မသောက်ခဲ့ဘူး။ အလုပ်အားလုံးပြီးမှ ဘာစားမလဲ စတင်မေးဖေါ်ရတာ။ ဒါနဲ့ ထမင်းလိပ်၊ အအေးဗူးဝယ်ပြီး ချယ်ရီတန်းလေးရှိတဲ့ သစ်သားတံတားလေးပေါ်မှာ စားကြတယ်။ ပတ်ဝန်းကျင်စိမ်းမှာ မြင်မြင်သမျှက အစိမ်းတွေပေါ့။ ထမင်းလိပ်ကို ဘယ်လိုအခွံနွှာရမလဲလို့ လိုက်အစရှာနေတာ ဘယ်လောက်ကြာသွားတယ်မသိ။ သူကူညီမှ နည်းလမ်းသိ။ ဗိုက်တင်းတော့ နှစ်ယောက်အတူ ဓါတ်ပုံရိုက်ရင်း ကျွန်မလို ပိန်ချင်တယ်တဲ့။ ပြီးတာနဲ့ အဆောင်ပြန်လာ၊ မီးခလုတ်၊ အဲယားကွန်း ဘယ်လိုဖွင့်ဆိုတာတွေ သင်ပေးပြီး မနက်ဖြန် ဆရာနဲ့တွေ့ဖို့ သူလာခေါ်မယ်ပြောသွားတယ်။ သူထွက်သွားတာနဲ့ ကျွန်မတယောက် အခန်းထဲမှာ မျက်စိသူငယ် နားသူငယ်ဖြစ်ကျန်ခဲ့တော့တာပေါ့။


ပထမဆုံး သတိရတာက ထမင်း။ ထမင်း ဘယ်လိုစားရပါ့။ ဘယ်ကနေ ရပါ့မလဲ မသိ။ စားစရာ ထမင်းမရှိအတူ ပါလာတဲ့ ပစ္စည်းတွေ နေသားတကျဖြစ်အောင် စီစဉ်လိုက်တယ်။ အဖေနဲ့ အမေ ဓါတ်ပုံလေးထုတ်၊ စားပွဲပေါ်တင်၊ ငိုင်၊ မှိုင်၊ ငေး သွားရော။ မဖြစ်သေးပါဘူးလို့ ပြန်တွေးပြီး ရေမိုးချိုးလိုက်တယ်။ ရေနွေးလေးနဲ့ချိုးလိုက်ရတော့ သဘောတော့အကျသား။ ကဲ ပါလာတဲ့ ပေါင်မုန့်လေးစား၊ ရေသောက်၊ ဘုရားရှိခိုးလိုက်တယ်။ လက်ထဲမှာ ဖုန်းလည်းမရှိ။ အင်တာနက်လည်းမရှိ။ ဘယ်သူ့ကို ဘယ်လိုဆက်သွယ်ရမလဲ မသိ။ မနက်ဖြန်ဝတ်မည့်အဝတ်အစားကို ပြင်ဆင်၊ အိပ်ယာပေါ်လှဲလိုက်တော့ အချိန်တွေ အားသွားပြီမဟုတ်လား။ စိတ်အားသွားရင် တောင်တွေး မြောက်တွေး ဇာတ်လမ်းစတော့တယ်။ ငါ ဘာဖြစ်လို့ ဒီကို လာမိပါလိမ့်၊ ဘာအတွက် ဘာလာလုပ်တာလဲ။ နောက် လာချင်အုံး ဟဲ့ နိုင်ငံခြား ဆိုတာတွေ တန်းစီပေါ်လာရော။

ဆက်ပါဦးမည်။
မဇနိ

19 comments:

လွင်ပြင် December 1, 2008 at 6:27 PM  

မဇနိ..ကောင်းတယ်ဗျ..
အရေးအသားကတော့ရှယ်ပဲနော်..

Anonymous December 1, 2008 at 7:02 PM  

နိရေ..
ပေါက်လည်း ဆရာမစာတွေတက်တိုင်း
သွားဖတ်ဖြစ်ပါတယ်..
ပေါက်တို့ညီအမနှစ်ယောက်လုံး
ဆရာမ၀တ္ထေုဆို..အသေအလဲကြိုက်ကြတာ..
နိနိရေးတာလဲ...စွဲဆောင်မှုရှိတယ်..
ဆရာမလိုပဲ...ဆက်ဖတ်ချင်နေမိတယ်..
ဆက်ရေးပေးပါနော်..နိနိရေ..

May Moe December 1, 2008 at 7:23 PM  

မမနိရေ စောင့်ဖတ်နေမယ်နော် ။

khin oo may December 1, 2008 at 7:50 PM  

ဆက်ရေးပါနိ

ThuHninSee December 1, 2008 at 9:24 PM  

ရေးထားတာ လွမ်းစရာပါလား နိနိရယ်။

"အဖေနဲ့ အမေ ဓါတ်ပုံလေးထုတ်၊ စားပွဲပေါ်တင်၊ ငိုင်၊ မှိုင်၊ ငေး သွားရော။" ..................
ဒါဆို ကိုနိ ဓါတ်ပုံရော :D

Republic December 2, 2008 at 3:30 AM  

အထဲက ဘောင်းဘီတိုလေးနဲ့ က မမကွိပုံလားဗျ ၊၊ မမကွိ ပြောပြတာတွေ ထိုင်ပြီးဖတ်သွားတယ်ဗျာ ၊၊ ကိုနိ ကြီးလည်း စာမေးပွဲကောင်းစွာဖြေနိုင်ပါစေဗျ ၊၊ ကိုနိ ကိုလည်းသတိရပါတယ်၊၊ ကွိကွိ

ပုံရိပ် / Pon Yate December 2, 2008 at 5:16 AM  

မဇနိ ဆက်ရေးပါနော် စောင့်ဖတ်နေပါတယ်။ ဆရာမ နုနုရည်ရဲ့ စာကို ပုံရိပ်လဲ ကြိုက်ပါတယ်။

sonata-cantata December 2, 2008 at 5:57 AM  

ဆက်ရန်ကို စောင့်မျှော်လျက်ပါ။

nu-san December 2, 2008 at 6:11 AM  

မဇနိလေး.. အမလည်း တခါတလေဆို“နောက် လာချင်ဦးဟဲ့.. နိုင်ငံခြား”လို့ ကိုယ့်ဘာသာကိုယ်ပဲ အပြစ်တင်နေမိတယ်.. စောင့်ဖတ်နေမယ် ညီမလေးရေ.. ဆရာမနုနုရည်(အင်းဝ) စာတွေတော့ မဖတ်ဖြစ်သေးဘူး.. ပိတ်ရက်မှ အတိုးချဖတ်ရမယ်.. မဇနိရဲ့ သူစိမ်းတွေရဲ့ အလယ်မှာ အရင်ဖတ်သွားလိုက်တော့မယ်.. ခံစားရတာချင်း ခံစားချက်ချင်းတူလို့ မဇနိကို ကိုယ်ချင်းစာတယ်.. အမတို့တုန်းကလည်း ဒီလိုပါပဲညီမရယ်.. :(

Moe Cho Thinn December 2, 2008 at 6:27 AM  

မနုကလဲ မနုစတိုင်နဲ့ ကောင်းသလို နိနိကလဲ နိနိ ပုံစံ ကောင်းတာပါပဲ။
ဒီလိုလေး စ ရေးဖြစ်တာ ၀မ်းသာလိုက်တာ။ အခန်းဆက်မို့ အမြဲဖတ်ရတော့မှာမို့လေ။
ဘာကြောင့် ဘယ်လို ဂျပန်ကို ရောက်ရတယ်ဆိုတာလေးလဲ နောက်တခန်းမှာ ဆက်ရေးနော်။
အမ ပြောပြီးပြီနော်။ နိနိက တကယ့် စာရေးဆရာမ ပါပဲ။

Dr. Nyan December 2, 2008 at 6:53 AM  

အရေးအသားကောင်းလွန်းလို့ထိုင်းလေဆိပ်ကနေ
ယိုကိုဟားမားအထိကိုယ်တိုင်သွားနေရသလိုခံစား
သွားရပါတယ်။
ကျူတာကကောင်းလိုက်တာနော်။ အစစအရာရာလိုက်လုပ်ပေးတာ။ ဒီကတွေနဲ့ယှဉ်
လိုက်တော့၊ တကယ့်ကျူတာအစစ်ဘဲ။
အားကျမိပါတယ်။
ဆက်ရန်ကိုစောင့်ဖတ်နေပါမယ်ခင်ဗျား။

မောင်မျိုး December 2, 2008 at 7:16 AM  

မမနိ ပညာတော်သင်က မော်စကို ဆိုဘယ်လောက်ကောင်းနော့်း) ခုတော့ သူစိမ်းတွေကြားမှာ ချစ်သူကမနီး မိဘက အဝေးဆိုတော့ ခံစားချက်ကို နားလည်ပါတယ် ။ လူ့ဘ၀ကြီးက ပျော်နေရင် နေပျော်ပါတယ်လေ ဟုတ်ဘူးလား ( ဆြာလုပ်တာ )

သက်ဝေ December 2, 2008 at 8:17 AM  

အရမ်းကောင်းတယ် နိနိလေးရေ...
ဆက်ရန်တွေကို မျှော်နေမယ်လေ.. နော်။

mabaydar December 2, 2008 at 8:42 AM  

အမိမြေမဟုတ်တော့လဲ ဒီလိုပဲပေါ့ အမရယ်.. မဗေဒါဆို စလုံးမလာခင်က မေမေတို့က စကာင်္ပူကျောင်း ဝင်ခွင့်စာမေးပွဲ အကြောင်းပြောလိုက်တာနဲ့ အလိုလိုဝမ်းတွေနည်းပြီး သောကမျက်ရည် ဗူးသီးလုံးလောက်ကျခဲ့ရတာ.. လုံးဝ မသွားချင်ခဲ့ဘူး.. အိမ်သားတွေက ဒါဆို နင်မသွားချင်ဘူးလားလို့ မေးပြန်တော့လဲ.. မြန်မာပြည်မှာနေရင် အနေချောင်မှန်းသိပေမဲ့ ကိုယ့်ပညာနဲ့ လုပ်အားခကလဲ အနှိမ်ခံရ.. ဘော်ဒါတွေ အမျိုးတွေ ရွယ်တူချင်ယှဉ်ရင်လဲ နောက်ကျကျန်ခဲ့မှာစိုးတော့.. မျက်ရည်စက်လက်နဲ့ပဲ ရောက်လာရတာပဲ..
ဒါနဲ့ အမရေ.. တင်ထားတဲ့ ဓာတ်ပုံတွေတွေ့တော့ ဂျပန်ကို အလည်နောက်တစ်ခေါက်ထပ်လာချင်သား... မဗေဒါက အလည်ပဲရောက်ဖူးတာဆိုတော့ ဂျပန်ကို တော်တော်ကြိုက်၏... ရာသီဥတုနဲ့ သူတို့ရဲ့ customer အပေါ် ဆက်ဆံတဲ့ service ကိုလဲ သဘောကျတယ်.. အပိုင်း ၂ မျှော်နေမယ်နော်...

လင်း December 2, 2008 at 10:08 AM  

လွမ်းစရာလေး နိနိရေ ။ ဆက်ရေးနော် မျှော်နေမယ်။

တားမြစ် ထားသော... December 2, 2008 at 12:58 PM  

နောက်-လာချင်ပါအုံး။ နိုင်ငံခြားပါ။
ပြန်ရောက်ရင် အတော်စိတ်ညစ်ရမှာနော်။ စဉ်းစားအုံး...း)

ဆက်ရန်တွေ မျှော်နေမယ်။

သုခမိန်(E-Journal)

တန်ခူး December 3, 2008 at 4:44 PM  

နိနိရေ… တို့ လဲ ဆရာမရဲ့ သူစိမ်းတွေ အလယ်မှာကို ကြိုက်တယ်…
နိနိခံစားမှုလေးကို ပြန်ဖတ်ရတော့ တို့ ရောက်ခါစက ခါးသက်သက်နေ့ တွေကို ပြန်သတိရသွားတယ်… စာရေးကောင်းတဲ့ ညီမလေးရေးထားတာ အရမ်းဖတ်လို့ ကောင်းတော့ နောက်ဆက်တွဲတွေ မျှော်နေမိတယ်… ဘယ်လောက်ပဲ အနေကြာကြာ သူစိမ်းက သူစိမ်းပဲပေါ့ညီမရယ်….

sandakoo December 4, 2008 at 2:41 PM  

ဖတ်ရတာဆန်.တငင်ငင်ဖြစ်နေတယ် စောင့်ဖတ် နေတယ်နော်

khin oo may December 6, 2008 at 3:56 AM  

ဖတ်သွားတယ် နိရေ.အသေးစိတ်ဘဲနော်. တို့ကတော့ မေ့မေ့ပျောက်ပျောက်ဘဲ သိတ်မခံစားတတ်ဘူ. ခံစားချက် တစ်ခု serious ဖြစ်လာရင်နောက်တစ်ခုနဲ့ အစားထိုးလိုက်တာဘဲ. အချစ်ကြီးချစိတတ်မယ် နဲ့တူတယ်။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP