ခရစ်စမတ်ည

>> Wednesday, December 24, 2008


ဒီနေ့ဈေးဝယ်သွားဖြစ်တော့ နေရာတိုင်းမှာ လူတွေက ပြည့်သိပ်နေတယ်။ ခရစ်စမတ်လက်ဆောင်တွေဝယ်ကြ၊ ကျောင်းလာတက်သူ၊ အလုပ်လာလုပ်နေသူတွေလည်း ကိုယ့်မိသားစုဆီပြန်ဖို့ လက်ဆောင်တွေဝယ်ကြနဲ့ လိုရာရောက်အောင် အတော်သည်းခံသွားရပါ့လား။ တခါတလေ အသက်ရှုတောင် မဝချင်သလို။ လိုချင်တာလေး အမြန်ဝယ်ပြီး ပြန်တာကောင်းမယ်။




ပြီးခဲ့တဲ့နှစ်က ခရစ်စမတ်နေ့က တနေ့လုံးလျှောက်လည်သလို ဖြစ်သွားတာ သတိရမိလို့။ ည(၁၂)ထိုးမှ အိမ်ပြန်ရောက်တယ်။ ဓါတ်ပုံတွေ ပြန်ကြည့်ရင်း ဒီနှစ်လည်း လျှောက်လည်ဖြစ်မလား၊ မလည်ဖြစ်မလား စဉ်းစားလိုက်တော့ လည်ရမှာ ပျင်းနေလို့။ မနှစ်ကလည်တာတော့ အစဆုံးနှစ်ဖြစ်လို့ ပျော်စရာပေါ့လေ။ ညနေ (၄)နာရီမှာ အဆောင်ကိုဖိတ်တဲ့ ညစာပါတီသွား၊ ပါတီမှာ တီးဝိုင်းနဲ့လည်း ဧည့်ခံတယ်။ စားစရာတွေကတော့ ဂျပန်စာတွေမို့လို့ မကြိုက်ဘူး။ ပြန်လာတော့ ည (၉) နာရီရှိနေပြီ။




မြန်မာအမတယောက်နဲ့ လျှောက်လည်ကြမယ် ပြောထားတော့ အမက အခန်းကို ရောက်နှင့်လို့။ နှစ်ယောက်သား ထွက်သွားကြတာ Landmark tower ဆီ။ အမက ဗိုက်ဆာတယ်ဆိုလို့ ဘာဂါဝယ်ပြီး Sakuragichou မြက်ခင်းပြင်မှာ ထိုင်စားရင်း လူတွေထိုင်ငေး၊ အေးလွန်းလို့ခဏနေတော့ Landmark tower အထဲကို ဝင်ခဲ့ကြတယ်။ ဒီတာဝါက ဂျပန်မှာ အမြင့်ဆုံး ၂၉၅.၈ မီတာမြင့်တယ်ဆိုပဲ။ သူ့ပတ်ဝန်းကျင်က ညအခါဆို သိပ်လှတယ်။ ယိုကိုဟားမားကမ်းခြေတလျှောက် ဆက်သွားရင် တလမ်းလုံး သာယာတဲ့ ရှုခင်းတွေ။ တာဝါအတွင်း shopping mall တွေအလယ်မှာ ခရစ်စမတ်သစ်ပင်လည်း နှစ်တိုင်းအလှဆင်တယ်။ နာရီဝက်ခြားတခါ တေးသံလေးတွေနဲ့ မီးလုံးအလှတွေ သစ်ပင်မှာ လုပ်ပြတယ်။
၂၀၀၇ တုန်းကပုံ...

၂၀၀၈ - ခုနှစ်အတွက် ပြင်ဆင်ထားတာ..


အဲဒီမှာ ခဏပဲနေပြီး ဓါတ်ပုံလျှောက်ရိုက်ရင်း Queen’s square tower ဘက်ကို နေရာပြောင်းကြတာပေါ့။ ဒီဘက်က သစ်ပင်က ပိုလှတယ်စိတ်ထင်လို့ တေးသံဖွင့်တာကို စောင့်ကြတာ။ နာရီဝက်ခြားတခါဆိုတော့ လူတွေ နေရာဦးပြီး စောင့်နေကြတာ။ ကျွန်မတို့လည်း နေရာယူရင်း ခရစ်စမတ်သစ်ပင်က သီချင်းဆိုတာတွေ နားထောင်ဖို့ စောင့်ခဲ့တော့ ည (၁ဝ) နာရီ ခွဲ လို့နေပြီ။ အေးအေးချမ်းချမ်းမှာ အပြင်ထွက် လျှောက်လည်ရတာ အရသာတော့အရှိသား။
၂၀၀၇


၂၀၀၈




၂၀၀၇ ခရစ္စမတ်ညက ရိုက်ထားတဲ့ ဗွီဒီယိုဖိုင်လေးတွေ..


တနေ့က ဂျပန်သူငယ်ချင်း ကိုယ့်ကို မေးလာတယ်။ ခရစ်စမတ်နဲ့ နယူးရီးယား ဘယ်သွားဖို့ အစီအစဉ်ရှိသလဲ တဲ့။ ဒါနဲ့ ကျွန်မလည်း မင်းရော ဘာလုပ်မယ်စိတ်ကူးလဲမေးလိုက်တယ်။ သူဖြေတဲ့အဖြေက ကျွန်မကို ငေးငိုင်သွားစေတာ အသေအချာပါပဲ။ သူတို့ငယ်ငယ် အထက်တန်းကျောင်းသူတုန်းကတော့ ခရစ်စမတ်ညတွေ နှစ်သစ်ညတွေ လျှောက်လည်ခဲ့ကြတယ်။ အခုတော့ ဘယ်မှ မလည်ဖြစ်တဲ့အကြောင်း။ မိသားစုဆုံပြီး စားကြသောက်ကြ အေးအေးဆေးဆေးနေကြမယ်ဆိုတဲ့အကြောင်း။ တခြားမြို့မှာ အိမ်ထောင်ကျနေတဲ့ သူ့အကို မိသားစုလည်း အိမ်ကို ပြန်လာမယ်ဆိုတဲ့အကြောင်း။ ဒီလို အိမ်သားတွေ စုဆုံကြတာ ပိုကောင်းတဲ့အစီအစဉ်လို့ ကျွန်မ လေးလေးနက်နက် ထောက်ခံမိတယ်။ ဒါဟာ တကယ်ကို ပျော်စရာကောင်းတဲ့ အခြေအနေဖန်တီးယူတာပဲ။ အိမ်တအိမ်ထဲမှာ ချစ်ခင်တဲ့မိသားစုတွေ တွေ့ဆုံခွင့်ရတာ အင်မတန် ကံကောင်းကြတာပေါ့။ မနှစ်က လျှောက်လည်ကြည့်တော့လည်း လူတွေ နေရာတိုင်း ပြည့်နေတာ တွေ့ရတယ်။ တခုသတိထားမိတာက အများအားဖြင့် နိုင်ငံခြားသားတွေ။ ကိုယ်စိတ်ထဲထင်မိတာ သူတို့လူမျိုးတွေလည်း အပြင်ထွက်လည်မယ်လို့။

အခုရက်ပိုင်းမှာကို ကျောင်းမှာ ကျောင်းသားတွေ သိပ်မရှိကြတော့ဘူး။ တခြားမြို့တွေက ကျောင်းလာတက်သူတွေ သူတို့မွေးရပ်အိမ်ကို ပြန်ကုန်ကြပြီ။ ဒီလိုညတွေဆို ဆိုင်တော်တော်များများလည်း ပိတ်ထားတာတွေ့ရတယ်။ မတိုင်ခင်ရက်တွေမှာ စားစရာတွေ သိပ်ဝယ်ကြတာ။ ဂျပန်အမျိုးသားနဲ့ အိမ်ထောင်ကျတဲ့ နိုင်ငံခြားသူ သူငယ်ချင်လည်း သူ့အမျိုးသားရဲ့အမေတွေရှိရာ မြို့ကို နှစ်စဉ် ခရစ်စမတ်ကနေ နယူးရီးယားထိ သွားနေကျဆိုပဲ။ အကိဟဘရလျှပ်စစ်ဆိုင်တွေမှာ ဈေးချတော့ အဲဒီညတွေ တိုးလို့မပေါက်ဘူး။ နိုင်ငံခြားသားများ ခြေချင်းလိမ်နေကြတာ။

ခရစ်စမတ်ဆိုတာ မန္တလေးအဆောင်ရောက်မှ ကြုံဖူးတာပါ။ မနက်ခင်း အိပ်ယာက နိုးလာရင် အခန်းတံခါးမှာ ချိုချဉ်လေးတွေ မုန့်လေးတွေ အရုပ်လေးတွေကို သူငယ်ချင်းတွေ လာချိတ်သွားကြတယ်။ ဆုတောင်းစာချိတ်သွားတာမျိုးဆို ဘာတွေပြောသွားလဲ မျက်လုံးကို ကမန်းကတန်းဖွင့်ရင်း ပျော်စရာနေ့လေးလို့ သတ်မှတ်ခဲ့ကြဖူးတယ်။ ခရစ်စယာန်သူငယ်ချင်းကို ကဒ်လက်ဆောင်လေးတွေပေး၊ သူတို့အခန်းမှာ တခန်းလုံး အရုပ်တွေ သူငယ်ချင်းတွေပေးတဲ့ လက်ဆောင်ကဒ်လေးတွေ ချိတ်ဆွဲထားလို့ ကဗျာဆန်ဆန်လှနေတယ်။ ကိုယ်လည်း ရောယောင်ပျော်ခဲ့တာပေါ့။ ညဘက်ရောက်ရင် တကျောင်းလုံး ခရစ်စယာန် ဆရာ၊ ဆရာမ၊ ကျောင်သား၊ ကျောင်းသူတွေနဲ့ ခင်မင်ရာ သူငယ်ချင်းများက ကျောင်းဝန်းထဲမှာ သီချင်းလှည့်ဆိုကြတယ်။ အဆောင်မှူးဆီသီချင်းလာဆိုရင်း အဆောင်ပေါ် ဝရံတာက ပြူတစ်ပြူတစ် သူငယ်ချင်းတွေဆီ မုန့်ထုပ်တွေ လှမ်းပစ်ပေးတယ်။ သူတို့အဖွဲ့လေးကို မှုံဝါးဝါးမြင်ရတဲ့အထိ ဝရံတာက လိုက်ငေးရတာ တမေ့တမော။ ကျောင်းတက်ရတဲ့မြို့က အိမ်နဲ့သိပ်မဝေးလှသလို ဝေးလှတယ်ဆိုရင်တောင် နိုင်ငံမခြားတော့ တကယ်က မဝေးပါဘူး။ အိမ်နဲ့ဝေးနေပေမယ့် ဘေးမှာ ကိုယ့်အတွက် နွေးထွေးတဲ့သူငယ်ချင်းတွေ၊ ဖေးမဖော်သူငယ်ချင်းတွေ၊ စိတ်ကောက်ဖက် သူငယ်ချင်းတွေနဲ့ အထီးကျန်ရမှန်း မသိပါဘူး။

ကျွန်မတို့ အညာဒေသမှာတော့ အင်္ဂလိပ်နှစ်သစ်ရယ်လို့ အထူးတလည် အစီအစဉ်တွေ သိပ်မရှိတတ်ဘူး။ ခရစ်စမတ်ညသီချင်းဆိုတာတွေကတော့ ရှိပါတယ်။ အခုနောက်ပိုင်းနှစ်တွေမှာ နှစ်သစ်ရယ်လို့ အသိအမှတ်လုပ်လာတာတွေ ရှိလာလို့ ပြောင်းလဲလာတယ်ဆိုရမယ်။ နယူးရီးယားနေ့ဆိုရင် ကိုဇနိက ဖုန်းဆက်တတ်တယ်။ အဆောင်မှာ ဖုန်းပြောသူတွေကလည်း တန်းစီနေတာ။ တခါတလေ အလှည့်မကျလို့ တညလုံး ဖုန်းခေါ်မရဘူး။ တချို့ညတွေတော့ ညအတော်နက်မှ ဖုန်းထပြောရတယ်။ ကျွန်မပြောနေကျစကားကတော့ နယူးရီးယားနေ့မှာ အဝတ်အစားသစ်လေးဝတ်နော်လို့။ သူဝတ်လား မဝတ်လားတော့ သေချာ ဘယ်သိမတုန်း။ ကိုယ်မှာချင်တာ မှာလိုက်ရရင် စိတ်ချမ်းသာလို့လေ။

ပျော်စရာတွေ ကြည့်စရာတွေ အသစ်အဆန်းတွေများတဲ့နေရာမှာ နေရပေမယ့် တကယ်တန်းတော့ အချိန်တန်ရင် အိမ်ကိုပဲ တမ်းတမိတယ်။ ခရစ်စမတ်သစ်ပင်တွေမရှိတဲ့ အညာက အမေ့ဆီမှာ ခရစ်စမတ်ညကို ကုန်ဆုံးချင်တယ်။ နှစ်သစ်တခုကို ကူးပြောင်းလို့ လူသစ်စိတ်သစ်နဲ့ တနှစ်လုံးစာ ခွန်အားတွေရဖို့ အမေ့ရင်ခွင်မှာ ခိုလှုံချင်တယ်။ သူများတွေ မိသားစုဆုံနေကြတဲ့အချိန်လေးမှာတော့ ခဏလောက်ဖြစ်ဖြစ် အိမ်ပြန်ရရင် ကောင်းမှာပဲ။ မဟုတ်ရင် နောက်ထပ် နှစ်တနှစ်လုံးကို ဘယ်လိုခွန်အားတွေနဲ့ ရင်ဆိုင်ဖြတ်သန်းရပါ့မလဲ။

သူငယ်ချင်း အပေါင်းအသင်းများ အားလုံး ခရစ္စမတ်မှာ ပျော်ရွှင်ကြပါစေ။


မဇနိ

11 comments:

PAUK December 24, 2008 at 6:49 PM  

X'max နေ့ဒီမှာ ရုံးတွေ ကျောင်းတွေ
မပိတ်ဖူးတော့..
ကဲ...ဘယ်လောက်အံ့သြစရာကောင်းလဲ...
ဒီနှစ်တော့ ပျင်းတာနဲ့ မအားတာနဲ့...
ရှုပ်နေတာနဲ့...ဘယ် ခရစ်စမတ်စ် အပင်မှ
မကြည့်ဖြစ်ဖူး..
အော်...သနားစရာ...

Moe Cho Thinn December 24, 2008 at 9:04 PM  

နိနိရေ
အားမငယ်နဲ့။ ဘလော့ဂ်ဆိုတဲ့ အမိုးအောက်ကို လာခဲ့။ အဲဒီမှာ သူငယ်ချင်းတွေ အမတွေ တပုံကြီး။ နောက်နှစ်အတွက် အားသစ်တွေ ဒီလိုပဲ မွေးယူရလိမ့်မယ်။
ဘ၀တူချင်း အားပေးသွားတယ် ညီမလေးရေ။

လင်း December 24, 2008 at 9:20 PM  

မမချိုသင်းပြောသလိုပဲ ဘလော့မိသားစုလေးထဲမှာ မောင်နှမတွေအများကြီးပါ။ လင်းဆို ပိုတောင် ဆိုးသေး မနိရေ တစ်ယောက်တည်းဆိုမှ တကယ့်ကို တစ်ယောက်တည်း။ ဒီမောင်နှမတွေရဲ့ မေတ္တာတွေနဲ့ အား တွေမွေးပြီး လမ်းဆက်လျှောက်နေရတာ

ThuHninSee December 24, 2008 at 10:28 PM  

ခရစ်စမတ်မှာ သူတို့က မိသားစုနဲ့တွေ့။ တို့တွေက ဘလော့ဂ် ပေါ်မှာ ညီအစ်မတွေ ဆုံကြတာပေါ့။ စုရပ်ကတော့ မမခင်ဦးထုံရဲ့ အိမ်လေးပေါ့။

May Moe December 25, 2008 at 2:57 AM  

အိမ်ကိုသတိရသွားပြီပြီ။ အိမ်မှာလဲ ဘာရယ်မဟုတ် နယူးရီးရားညဆို မောင်နှမတွေစုပြီး တခုခုချက်စားကြတယ်

khin oo may December 25, 2008 at 3:55 AM  

kom: merry Christmas!

Republic December 25, 2008 at 4:16 AM  

မနိ .. ပေးတဲ့ ဆုနဲ့ပြည့်ပါစေ ၊၊
ပျော်ရွှင်ဖွယ် အားလပ်ရက်ပါ မကွိ ၊၊

nu-san December 25, 2008 at 6:57 AM  

မဇနိရေ.. အမလည်း ဒီလိုပါပဲဟယ်... အိမ်ပြန်ချင်လွန်းလို့.. ပြန်ချင်တဲ့စိတ်ကို တတ်နိုင်သလောက် မေ့ထားတယ်.. အိမ်က မိသားစုကို သတိရတာပေါ့.. အမတို့ရုံးမှာလည်း ဘယ်သူမှ မရှိကြတော့ဘူး.. အကုန် ခွင့်ယူကုန်ကြတာ.. ပြီးခဲ့တဲ့ တပတ်ကတည်းကပဲ.. အမကသာ ခွင့်ရက်တွေ စုထားချင်လို့ ပျင်းပျင်းနဲ့ ရုံးလာနေတာ.. ရုံးလာပြီး ဘလော့ခိုးဖတ်တာပေါ့..အဟီး.. အားတင်းထားပါ ညီမလေးရေ.. အမတို့တွေ ရှိပါသေးတယ်.. :)

Craton December 25, 2008 at 2:36 PM  

ပြန်ချင်တယ်.. ပြန်ချင်တယ်...း(
ငိုချင်တယ်.. ငိုချင်တယ်......
လွမ်းတယ်... လွမ်းတယ်......။

khin oo may December 25, 2008 at 10:04 PM  

ခဏခဏလာကြည့်တယ်။ ကြည့်လို့ကောင်းလို့။

မီယာ December 25, 2008 at 10:25 PM  

အစားအသောက်တွေပြင်ထားတာ အနုပညာလက်ရာ ပြောင်မြောက်လိုက်တာ။ ငေးသွားတယ်။ ချစ်တဲ့သူတွေကို သတိရတာ အရမ်းပဲ။ ညကတော့ မမ ခင်ဦးမေဆီမှာ ယောင်လည်လည် သွားလုပ်လိုက်သေးတယ်။ နှစ်သစ်မှာ လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ နိနိရေ။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP