သူစိမ်းတို့ရဲ့အလယ်မှာ (၂)

>> Friday, December 5, 2008



သူစိမ်းတို့ရဲ့အလယ်မှာ (၁)


အချိန်ခပ်စောစောမှာပဲ အလင်းရောင်ကိုမြင်နေရတယ်။ ကျောင်းသွားရမယ်။ မမြင်ဖူးတဲ့ဆရာကို တွေ့ရမယ်ဆိုတဲ့ အသိက စိတ်လှုပ်ရှာစေတာလားမသိဘူး။ အစောကြီးအိပ်ယာက နိုးနေတယ်။ မျက်လုံးကိုဖွင့်လိုက်တော့ စကားပြောချင်နေတယ်။ ဘေးမှာ ဘယ်သူမှလည်း ရှိမနေဘူး။ အတန်ခပ်လှမ်းလှမ်းမှာလည်း ဘယ်သူမှမရှိ။ အရပ်မျက်နှာတိုင်း အုတ်နံရံနဲ့ တံခါးချပ်တွေပဲ မြင်နေရတယ်။ စိတ်ညစ်တာနဲ့ ဟိုဖက်လှည့် ဒီဖက်လှိမ့်နဲ့ အချိန်အတော်ကြာသွားမှန်း သတိမထားမိလိုက်ဘူး။ အိပ်ယာထ၊ ရေမိုးချိုးပြီး သတိရလိုက်တာက ထမင်း။



မြန်မာပြည်မှာကတည်းက ထမင်းမစားရရင် ဘယ်ကိုမှ ဘတ်စ်ကားစီးလို့မရတဲ့ အကျင့်က ပါလာတယ်။ ကိုဇနိအလည်လာချိန်က နှစ်ယောက်အတူ ဘုရားကို မနက်အစောသွားမယ်ဆိုရင် ကျွန်မကို လက်ဖက်ရည်ဆိုင် အရင် လိုက်ပို့ရတယ်။ ပဲထမင်းနဲ့ ကော်ပြန့်တလိပ်အနည်းဆုံး ကျွေးပြီးမှ ဘုရားသွားနိုင်တာပါ။ မဟုတ်လို့ကတော့ ကားမူးလို့ တနေကုန် နေမကောင်းပါဘူး။ သူများလို ကော်ဖီ၊ မုန့်နဲ့လည်း မစားတတ်။ အိမ်မှာနေရင် ဆမူဆာနဲ့ ထမင်းကြော် အမြဲလိုလို စားလိုက်ရမှ ကျေနပ်သူ။ ခက်တာက ထမင်းအိုးကို ဘယ်မှာ ဝယ်ရမှန်း မသိ။ ဘယ်အရပ်ကိုသွားရင် ဘာတွေ့မလဲဆိုတာ ဘယ်သူ့ကိုမေးရမလဲ။ ဒီလိုသာဆိုရင် ငါထမင်းမှ စားရပါ့မလားလို့ အတော် စိတ်မကောင်းဖြစ်သွားသေးတယ်။

အဆောင်မှာ တခြားကျောင်းသား ကျောင်းသူတွေ ရှိမှရှိကြရဲ့လားလို့ တွေးရလောက်အောင် တိတ်ဆိတ်လွန်းနေတယ်။ အခန်းအပြင်ကို ထွက်ကြည့်လိုက်တော့ လမ်းမပေါ်မှာ သုတ်ခြေတင်နေကြတဲ့ ကုတ်အကျီင်္နဲ့လူတွေ ပျာယာပျာယာတွေ့တယ်။ ငါ့လို အေးစက်စက်နဲ့ ဒီလို သုတ်ခြေတင်တဲ့လူတွေကြား ဖြစ်နိုင်ပါ့မလား။ မိသားစုလိုက်နေတဲ့သူတွေ ကလေးကျောင်းပို့ဖို့ လက်တဖက်က ကလေးကိုဆွဲ၊ တခြားလက်မှာ အမှိုက်ပစ်ဖို့ အမှိုက်ထုပ်ကိုဆွဲလို့ ခြေကုန်သုတ်နေကြပြန်ရော။ ကြည့်နေရင်း လမ်းမပေါ်မှာ ဂျပန်မလေး။ ဒူးလောက်ထိတဲ့ ကုတ်အရှည်အသားရောင်ကို ဝတ်ထားတယ်။ ဟုတ်ပါပီ။ ဒါကျူတာလေးပေါ့။ အဆောင်ပေါ်ကနေ လက်ပြဖို့ လက်မြှောက်မိတော့မလို့ အလုပ်မှာ သူက အဆောင်ဖက်မဝင်ဘဲ ဆက်သွားတယ်။ လမ်းတဝက်မှာတင် လက်တန်းလန်းဖြစ်ပြီး ဘယ်လိုပါလိမ့်။ နောက်မှ ရုပ်ချင်းဆင်တယ်ထင်မိတာ သိတော့တယ်။ မြန်မာအစ်ကိုကြီးတယောက်ကလည်း ပြောဖူးတယ်။ သူရောက်စက ဂျပန်မလေးတွေကို စက်ရုံတခုထဲကထွက်တဲ့ ပုံစံတူစက်ရုပ်တွေလို့ ထင်မိသတဲ့။ တကယ်လည်း ရောက်စက ဟိုလူ့လည်း ကိုယ်သိတဲ့ ကျူတာလေးထင်။ ဒီဂျပန်မလေးက ငါ့ကျူတာလေးလားပေါ့။ ကိုယ်သိတာကလည်း ဒီကျူတာတယောက်ပဲ သိသေးတာကိုး။

အတန်ကြာမှ အခန်းတံခါးဘဲလ်သံမြည်လာတော့ လန့်သွားမိသေးတယ်။ သူခေါ်ရာ ကျောင်းတော်ဆီကို ခြေလှမ်းစခဲ့တယ်ပေါ့။ မြန်မာပြည်ကချုပ်လာတဲ့ ကုတ်အပြည့်အစုံနဲ့ လိမ်းနေကျမဟုတ်တဲ့ မိတ်ကပ်လိမ်းထားလိုက်သေးတာ။ ဆရာ့အတွက်လက်ဆောက်အဖြစ် (၁၂) လက်မ အနံ၊ (၂၄)လက်မ အလျားရှိတဲ့ ကျောက်စိမ်းပန်းချီကားကို ဒရွတ်ဆွဲရင်း လူအရပ်တဝက်လောက်ရှည်တဲ့ ကျောပိုးအိတ်ကိုလွယ်ရင်း သူခေါ်ရာ တကောက်ကောက်လိုက်ခဲ့တော့တယ်။ ဒီလို ရထားစီး၊ ဒီလမ်းကိုမှတ်ထား၊ ဒီထွက်ပေါက်ကနေထွက်နဲ့ တလမ်းလုံး ခေါင်းမူးအောင် မှတ်ခိုင်းတာ။ နောက်နေ့တွေ လာတတ်အောင်လို့ဆိုတာနဲ့ မျက်ရည်က ဝဲချင်နေပြီ။ မြေအောက်ရထားနဲ့ (၂၄) မိနစ်စီးပြီးတဲ့အခါ မြေပေါ်ပြန်တက်ရတယ်။ ဒီဘူတာက မြေအောက်အနက်ဆုံးလို့ သူပြောသလို စက်လှေကားအကြာကြီး သုံးရတာပါ။ ဘယ်ဘက်ကပ်သွားရတယ်ဆိုတဲ့ သူတို့အလေ့က ကိုယ့်ဆီနဲ့ပြောင်းပြန်ဖြစ်နေတော့ သတိထားရသေး။ စက်လှေကားပေါ်ရပ်တော့လည်း ဘယ်ဘက်ကို ကပ်ရပ်ရတယ်။ ဒါမှ အမြန်သွားချင်တဲ့သူက ညာဘက်ကနေ လှေကားထစ်တွေ လိုက်တက်သွားကြမှာကိုး။ ကိုယ်က မသိတော့ ဘယ်လည်းမကပ် ညာလည်းမကပ် ခလယ်မှာ ကန့်လန့်ကြီး။ လက်ဆွဲအိတ်တခုနဲ့ တွန်းတိုက်တက်သွားတာ ခံလိုက်ရမှ သဘောပေါက်ရင်း ဘယ်ဘက်ကို အသာကပ် နေရာယူတတ်သွားတယ်။ အရေးထဲ ပန်းချီကားက ခြေထောက်ကို လာလာခိုက်မိသေး။

မနက်ခင်း ရုံးသွားချိန်ဖြစ်လို့ ရထားက လူကြပ်လိုက်တာ။ အမျိုးသားကြီးတွေကို ဟိုနားနည်းနည်းတိုးပေးပါလို့ ပြောရင်လည်း စိတ်ဆိုးတတ်တယ်တဲ့။ ကောင်မလေးတွေနားကပ်တော့လည်း မျက်ခုံးမွှေးဆွဲတံတွေနဲ့ ထိုးမိမှာစိုးလို့။ ဒီလောက်ကြပ်တဲ့ လူကြားထဲမှာကို မတ်တတ်ရပ်ရင်း အလှပြင်နေသူတွေရှိရဲ့။ နောက်ပိုင်းကျောင်းသွားရက်တွေဆို သူတို့ကို သတိထားကြည့်လို့ရပြီ။ အိမ်ကနေ မျက်နှာပြောင်နဲ့ထွက်လာ၊ ရထားပေါ်ရောက်ရင် အလှပြင်အိတ်ကိုထုတ်၊ အဆင့်ဆင့် လိမ်းလိုက်ခြယ်လိုက်တာ။ သူတို့ပညာနဲ့သူတို့ ကျွမ်းကျင်လွန်းလို့ ခဏချင်း ကော်ပတ်ရုပ်လေးလို လှသွားကြတယ်။ မျက်တောင်လေးတွေလည်း ကော့လိုက်သေး။ ဘေးဘီကို ဘယ်သူ့မှ ကြည့်မနေဘူး။ သူတို့လုပ်ချင်ရာ လုပ်နေကြပုံများ။ မျက်ခုံးမွှေးတံနဲ့ထိုးမှာကြောက်ရင် ဘေးကလူ ကြည့်သာရှောင်ပေတော့။ ထိုးလည်း မထိုးမိပါဘူး။ တခါတလေများ ဒေါက်အချွန်ပေါ်မတ်တတ်ရပ်လို့ အလှပြင်နေကြတာ အူယားစရာကောင်းလှပါဘိ။ တနေ့ကို ဘယ်နှစ်ကြိမ်မှန်းမသိအောင် အလှပြင်ကြတယ်။ သူတို့ မိတ်ကပ်ပစ္စည်းတွေက အိတ်ထဲမှာအပြည့်။ ဒါကြောင့်လည်း မှိုင်တွေနေတာမျိုး၊ စိတ်ညစ်နေတာမျိုး တွေ့ရခဲပြီး ချစ်စရာလေးတွေ ဖြစ်နေတာများလား။ ပေါင်လယ်စကဒ်တိုလေးတွေနဲ့ အထက်တန်းကျောင်းသူလေးတွေကိုငေးမောရင်း၊ ဒေါက်ဖိနပ်သံတွေကြား တိုးဝှေ့ရင်း၊ စက်ရုပ်လူသားတွေနဲ့ ဓါတ်လှေကားအတူစီးရင်း မနက်ခင်းများစွာကို ကျော်ဖြတ်ရအုံးမယ်။

ရထားကဒ်လို့ မဝယ်ရသေးတော့ တခါစီးလက်မှတ်ဝယ်ပေးတယ်။ ပြန်ထွက်မယ်လုပ်တော့ အဲဒီလက်မှတ်ပေါက်စကို ဘယ်ထားမိမှန်းမသိလို့ ရှာလိုက်ရတာ ခရီးဖင့်တာပေါ့။ ကျောင်းရောက်တော့ ကျောင်းဝန်းကြီးက အကျယ်ကြီး။ မြောက်ဖက်အပေါက်ကဝင်လာပြီး ကိုယ့်ဌာနက တောင်ဖျားမှာဖြစ်လို့ နောက်ထပ် (၁ဝ)မိနစ်လောက် ဆက်လျှောက်ရသေးတယ်။ မြန်မာပြည်ကဝယ်လာတဲ့ဖိနပ်က ခြေထောက်တွေနာနေပြီ။ ကျောင်းဝန်းထဲမှာ မြင်မြင်သမျှလူတွေ လွတ်လပ်နေကြတယ်။ ပျော်ပါးနေကြတယ်။ အားကစားလုပ်တဲ့သူကလုပ်လို့၊ ဂစ်တာတစ်လက်နဲ့တီး တယောက်ထဲ သီချင်းဆိုတဲ့သူက ဆိုလို့၊ ကိုယ်ကတော့ ဟိုငေး ဒီငေးပေါ့။ ဒီလိုနဲ့ ဌာနကိုရောက်တော့ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ကြတယ်။ မှတ်မှတ်ရရ ကျွန်မ ဘယ်သူပါဆိုတော့ ဆရာက မင်းကို သိတယ်လေ စောင့်နေတာပါလို့ပြောလို့ အရှက်ပြေရယ်ပြခဲ့ရသေးတယ်။ အားရှိစရာကောင်းလောက်အောင် တခန်းလုံးမှာ ကျောင်းသူတယေက်ပဲရှိသတဲ့။ ဆီးရီးယားသူ ကျောင်းသူတယောက်ဟာ နောင်တချိန်မှာ ကိုယ်မသိတာတွေကို ကူညီတဲ့သူဖြစ်လာခဲ့တယ်။ ဆံပင်ပျော့ပျော့ရှည်ရှည်နဲ့ ကျောင်းသားလေးတွေကို မြင်ရသလို ဆံပင်ထောင်ထားတဲ့ ဖြူဖြူနွဲ့နွဲ့လေးတွေ အတော်များတယ်။ မြန်မာပြည်မှာ မိန်းကလေးကိုင်တဲ့ လက်ကိုင်အိတ်တွေနဲ့ သူတို့ကျောင်းလာတက်ကြတာ။ ဒါပေမယ့် သူတို့အသက်လေးတွေ နှစ်ဆယ်ကျော်စတွေ။ ဆရာက အင်္ဂလိပ်လို နှုတ်ဆက်ပါဆိုတော့ အဝေးကို ပြေးကြရော။

ဘင်္ဂလားဒေ့ရှ်က အန်န်ဝါ၊ ဗီယက်နမ်က ကင်မ် တို့ဟာ ကိုယ့်ကို နေရာတွေပေး၊ မိတ်ဆက်စကားဆိုကြတော့ နွေးထွေးခဲ့ပါတယ်။ အဆောင်မှာ တယောက်ထဲအားငယ်နေတဲ့ကိုယ်ဟာ သူတို့နဲ့တွေ့လိုက်တဲ့အခါ ကိုယ့်မိတ်ဆွေရင်းတွေ တွေ့လိုက်သလို ပျော်ရွှင်သွားတယ်။ ဒါနဲ့ အန်န်ဝါက သူ့သူငယ်ချင်းတယောက် ထမင်းပေါင်းအိုး လာပို့ပေးလိမ့်မယ်၊ ကင်မ်ရဲ့ သူငယ်ချင်းကတော့ ကွန်ပြူတာ လာပေးလိမ့်မယ်ဆိုတဲ့ သတင်းစကားတွေရခဲ့တယ်။ ကျောင်းမှာ ကွန်ပြူတာတလုံးရယ် စားပွဲနှစ်လုံးရယ် စာအုပ်စင်လေးရယ်နဲ့အတူ ကိုယ့်အတွက် သီးသန့်နေရာလေးတခုပါ ပြင်ဆင်ပေးထားတာ။ ညနေအပြန်မှာ ရထားကဒ်ကို ကျောင်းသားဒစ်စကောင့်နဲ့ သွားဝယ်ပြီး အဆောင်ကို ပြန်လာခဲ့တော့တယ်။ ညနေလောက်ရောက်တော့ ကိုရွှေကုလားက ထမင်းပေါင်းအိုးလာပေးတယ်။ ကိုယ့်မှာတော့ ကျေးဇူးတွေတင်လိုက်ရတာ။ တကယ်ကြည့်လိုက်တော့ ထမင်းအိုးက အစုပ်ကြီး။ ညစ်ပတ်ပေတူးနေတာပဲ။ နောက်တယောက်လာပေးတဲ့ ကွန်ပြူတာက ဒက်စတော့ကြီး။ အတော့်ကိုနိမ့်နေတာဆိုတော့ မလိုချင်ပြန်ဘူး။ တကယ်က ဘယ်မှာ ဝယ်ရမှန်းမသိတာတွေရဲ့ အကျိုးဆက်ပေါ့။ သူတို့ကလည်း အမှိုက်ပစ်ရင် ပိုက်ဆံပေးရမှာစိုးလို့ ကိုယ့်ကို အကုန်လာပေးတာ။ နောက်မှ ကိုယ့်မှာ အဆောင်အမှိုက်ပုံဆီ ချီတက်ပြီး ထမင်းအိုးကို လွှင့်ပစ်ရတယ်။ ကွန်ပြူတာကတော့ သူများယူမယ်ဆိုလို့ ပြန်ပေးလိုက်ရလို့ တော်သေးတာပေါ့။

အိမ်နဲ့အဆက်အသွယ်မရတဲ့ ကျွန်မကို ဗီယက်နမ်တယောက်က ဖုန်းခေါ်ပေးတယ်။ သူ့အခန်းကနေ လာပြောဆိုလို့ လိုက်သွားပြီး ပြန်လာမှ ကြောက်သလိုလိုဖြစ်လိုက်သေး။ ဒီဒုက္ခတွေက ဝေးကွာစေဖို့ ညပိုင်းမှာ ဆီးရီးယားမလေးက ရောက်လာပြီး အဆောင်ပတ်ဝန်းကျင်ကို အကုန်လိုက်ပြပေးတယ်။ လျှပ်စစ်ဆိုင်တွေ့တာနဲ့ ထမင်းအိုးပါ ဝမ်းသာအားရ ဝယ်လိုက်ပြီး ချက်စရာ လိုမယ်ထင်တာအားလုံး ဝယ်ခဲ့နိုင်တော့တယ်။ အဲဒီညမှာတော့ ကျွန်မ မက်မောတဲ့ထမင်းကို စားခွင့်ရတော့တာပေါ့။ တကယ့်တကယ် ထမင်းရလာတဲ့အခါမှာ မစားနိုင်ပါဘူး။ အိမ်သားတွေနဲ့ ထမင်းအတူစားရင်စား မဟုတ်ရင် အဆောင်မှာ သူငယ်ချင်းတွေနဲ့အတူစားတဲ့ ကျွန်မဟာ တယောက်ထဲဆိုတဲ့အသိနဲ့တင် ထမင်းမစားနိုင်ဘူး။

နောက်နေ့တွေထိ နိုင်ငံအစုံက ကျောင်းတက်လာကြာသူတွေနဲ့ အဆောင်ကြီးစည်ကားနေတာ ငေးကြည့်မိတယ်။ အများအားဖြင့် အမေရိကန်တွေ လာလိုက်ရင် လူကောင်တွေကလည်းထွားလိုက်တာ။
ပြင်သစ်သူလေးတွေကတော့ ချောပေသား။ ပြင်သစ်ကလာတာလို့ပြောတဲ့ အသားမဲမဲ ကင်ညာသူတယောက်လည်း တွေ့ရသေးတယ်။ နောက်ပိုင်းမှာ မြန်မာအစားအစာဆို ဘာမဆို သိပ်ကြိုက်ဆိုတာ အဲဒီပြင်သစ်ကတာတဲ့ သူငယ်ချင်းပဲ။ လက်ဖက်တပန်းကန်နှပ်ထားတာကို တခါထဲ အကုန်စားသွားလို့ နေမကောင်းဖြစ်မှာ စိတ်ပူလိုက်ရတာလဲ သူ့အတွက်ပဲ။ သူတို့တွေက (၆)လ (၁)နှစ် ပရိုဂရမ်နဲ့လာကြသူတွေ များတော့ ပေါ့ပေါ့ပါးပါးပဲ။ ခရီးတွေအမြဲထွက်ကြတယ်။ ဘာမှ စိတ်ပူပန်စရာမရှိဘဲ ဂျပန်ကို အလည်လာကြတဲ့ သဘောပါ။ မြန်မာပြည်က အစ်မတယောက်ရောက်လာပြီး ပါလာတဲ့ ဒေါ်လာကို ယန်းလဲချင်တယ်ဆိုတော့ သူ့ဆီက လဲယူလိုက်ပါဆိုလို့ အဆင်ပြေခဲ့တယ်ပေါ့။ ညပိုင်းအဆောင်အောက်ထပ်ကိုရောက်တော့ ဧည့်ခန်းတခုလုံးမှာ ပန်းကန်တွေ၊ ပလပ်စတစ်ပစ္စည်းတွေ မီးဖိုချောင်အသုံးအဆောင်လိုတာတွေအားလုံး ကြိုက်တဲ့သူ လိုချင်သလောက်ယူပါလို့ စာကပ်ထားတာတွေ့လိုက်ရတယ်။ ကိုယ်အသုံးလိုမယ်ထင်တာတွေ ရွေးယူနေကြရင်း မိတ်ဆွေသူငယ်ချင်းဖြစ်သွားကြသေးတယ်။

သူစိမ်းတို့အလယ်မှာ အထုအထောင်းလေးတွေခံရင်း နောက်တနေ့ဆို အတန်းစတက်ရတော့မယ်။ ဘာသာစကားတန်းမှာ ဘယ်လိုတွေ သင်မလဲ၊ ဘယ်နိုင်ငံက သူငယ်ချင်းတွေနဲ့ အတူတက်ရမလဲဆိုတဲ့ အတွေ့အကြုံအသစ်တွေကို စောင့်မျှော်ရင်း တညတာ ကျော်ဖြတ်ဖို့ အားမွေးလိုက်တော့တယ်။

ဆက်ပါဦးမယ်။
မဇနိ

16 comments:

May Moe December 5, 2008 at 3:58 PM  

အရမ်းဖတ်လို့ကောင်းပြီ ဗဟုသုတရပါတယ် မျှော်နေမယ်နော် ဆက်ရန် :D

မြစ်ချေသူ December 5, 2008 at 4:40 PM  

ဖတ်လို့ လဲ ကောင်းတယ်။ ဇာတ်လမ်းတစ်ခုကို ကြည့်နေရသလိုပဲ။ မသိတာတွေအတွက် သိလိုက်ရတယ်။ ကျမတော့ ကိုယ်နဲ့ စိမ်းတဲ့ နေရာဒေသရောက်ရင် သိပ်အားမငယ်တတ်ဘူး။ မြေပုံသုံးတယ်၊ တွေရာလူကို တားပြီး အပြုံးကြီးကြီးနဲ့ မေးလိုက်တာပဲ။ အခက်ခဲလေးတွေနဲ့ တော့ ကြုံကြတာပါပဲ။

GreenGirl December 5, 2008 at 4:49 PM  

စာဖတ်ပြီး သီချင်းလေးနားထောင်ရတာ စိတ်ထဲမှာ ဘယ်လိုပြောရမှန်း မသိဘူး။ ၀မ်းနည်းသလိုလို...

GreenGirl December 5, 2008 at 5:07 PM  

အပိုင်း ၁ လည်း သေသေချာချာ ဖတ်သွားတယ်နော်...ဖတ်ရင်းနဲ့ ငိုချင်လာတယ်။ မျက်ရည်တောင် ၀ဲမိပါတယ်။ ကိုယ့်ကိုယ်ကိုလည်း မေးမိပါတယ်။ ဘာကြောင့်များ နိုင်ငံခြားဆိုတာကို လာခဲ့မိပါလိမ့်...:((

Anonymous December 5, 2008 at 5:36 PM  

နိနိရေ...
ဖတ်ရင်း ဆုံးမှန်းမသိ ဆုံးနေတာ..
အေးဆေးဆက်ရေးနော်..
စောင့်ဖတ်မယ်..
အားလုံးပြီးသွားရင်..
မချိုသင်းက စာအုပ်ထုတ်မယ်တဲ့..
ပေါက်..

sandakoo December 5, 2008 at 6:03 PM  

အရမ်းဖတ်လို့ကောင်းတယ်..ဆက်ရေးနော်
မျှော်နေမယ်.

Craton December 5, 2008 at 6:24 PM  

ပျော်ဂျရာကြီး..သားသားတို့ကျောင်းမှာလည်း အဲ့လိုပဲ..ဒါပေမယ့် သားသားက သူငယ်ချင်းပေါတယ်..အဟီး.. ဆက်ရေးနော်..ဖတ်ချင်တေးလို့..ဒေါ်ဒေါ်နိရေ။

မောင်မျိုး December 5, 2008 at 7:08 PM  

မဇနိက ပျော့မလိုလိုနဲ့  မာသား စိတ်ပျက်အားမငယ်နေပဲ ဘ၀ကိုလျှောက်ရဲတဲ့ သတ္တိတွေနဲ့  ဖတ်လို့လည်းကောင်းသလို ဘလော့ပေါ်မှာပဲ အပြင်ကအကြောင်းတွေ သိလိုက်ရတယ် အစ်မရေ့ ကိုနိက ဒီလို ပါစင်နယ်လေးတွေ သိပ်မရေးဘူးနော့် စိတ်ဝင်စားလို့း)

လင်း December 5, 2008 at 7:52 PM  

ဘာမှန်းမသိ ဖတ်ရင်းနဲ့ အားငယ်သလိုလို ။ ငိုချင်သလိုလို မနိစာရေးကောင်းလို့ ဖြစ်မယ်။ မနိနေရာမှာ ၀င်ပြီးခံစားလိုက်တာ။ ဒါနဲ့  ဘယ်လောက်ကြာကြာနေရမှာလဲ သိချင်နေကြတာကို ပြောမပြသေးဘူးနော်

Republic December 5, 2008 at 9:55 PM  

သီချင်းလေးနဲ့တွဲပြီး မမကွိ ပို့စ်လေး ဖတ်မိပါတယ်၊၊ ကိုယ်ချင်းလည်းစာပါတယ် ၊၊ခဏပါဗျာ မမကွိ၊၊ တဖြည်းဖြည်းနဲ့နေသားကျလာမှာပါ ၊၊ တော်ရာမှာနေရဆိုသလိုပါပဲဗျာ ၊၊ ဒါလည်း တစ်မျိုးပါပဲ၊၊

ကိုကြီးဝီ

မီယာ December 6, 2008 at 3:21 AM  

နိနိရေလင့်ခ်ပေးသွားတာ အထူးကျေးဇူး။ လုပ်ပြီးရင် အကြောင်းကြားပါ့မယ်။
သူစိမ်းတို့ရဲ့အလယ်မှာ ဖတ်သွားတယ်။ နိနိထမင်းစား မ၀င်တဲ့ပုံလေးကိုမြင်ယောင်ပြီး သနားလိုက်တာ။ အခုကော အိုကေသွားပြီလား။

nu-san December 6, 2008 at 7:26 AM  

မဇနိရေ.. နောက်ဆက်တွဲတွေကို စောင့်ဖတ်နေမယ်။ ထမင်းပေါင်းအိုးမြင်တော့ ချက်ချင်းဝယ်ရတယ်ဆိုလို့ ဖတ်ပြီး စိတ်မကောင်းဘူးရယ်.. :(

ပုံရိပ် / Pon Yate December 6, 2008 at 6:39 PM  

ခုပြန် စဉ်းစားကြည့်ရင်လဲ အမှတ်တရပေါ့ မဇနိရယ်။ ဆက်ရေးနော်။

Dr. Nyan December 6, 2008 at 7:52 PM  

ခံစားဖတ်ရှုသွားပါတယ်ခင်ဗျား။
ဆက်လက်စောင့်မျှော်အားပေးပါဦးမယ်။

Moe Cho Thinn December 7, 2008 at 7:17 AM  

ဇာတ်ရှိန်လေးတော့ တက်လာပြီ။ အခုတော့ ထမင်းပေါင်းအိုးလဲရ၊ ဟင်းချက်ဖို့လဲ ဘယ်မှာသွားဝယ်ရမလဲ သိနေပြီဆိုတော့ အမျိုးမျိုးချက်ပြီး နှိပ်စက်နေပြီလေ။

တားမြစ် ထားသော... December 9, 2008 at 1:32 PM  

ဖတ်သွားတယ်။ ဗဟုသုတ ရစေပါတယ်။ အပိုင်းတစ် ပိုသဘောကျတယ်။

သုခမိန်(E-Journal)

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP