ငယ်ငယ်တုန်းက..

>> Saturday, December 27, 2008


အခု ကျနော် သိပ်အေးလွန်းလှတဲ့ ဆောင်းရာသီမှာ နေနေရတယ်။ မဇနိလည်း ရေခြားမြေခြားမှာ ဟီတာလေးဖွင့်လို့။ အင်း မောင်တရွာ မယ်တမြို့တော့ နေလို့လည်း မဖြစ်နိုင်ပါပြီလို့ ကုန်းအော်လို့ကလည်း မဖြစ်။ ဘဝဇာတ်ဆရာအလိုကျ သူ့နေရာနဲ့သူ အသုံးတော် ခံနေရတာမဟုတ်လား။ ဒီလို ဆောင်းရာသီဆိုရင် ငယ်ငယ်တုန်းကရော ဘယ်လိုနေခဲ့ပါလိမ့်။


ငယ်ငယ်တုန်းကတော့ အခုလိုမဟုတ်ဘဲ၊ တက်တက်ကြွကြွရှိခဲ့တယ်။ ကျနော်တို့မြို့ရဲ့ ဆောင်းကလည်း သူ့အလိုက်၊ သူ့အထိုက်တော့ အေးတာပါပဲ။ မြန်မာပြည် အလယ်ပိုင်းဆိုတော့ ပူရင်လည်း အပူလွန်၊ အေးရင်လည်း အအေးလွန်ကဲသလားလို့။ ငယ်ငယ်တုန်းက ဒီလို ဆောင်းရာသီဆိုရင် သူငယ်ချင်းတစ်ယောက်နဲ့ အတူ မနက်စောစောတွေ အိပ်ယာက ထပြီး ပြေးကြတာ မှတ်မိနေတယ်။ သူငယ်ချင်းက လာလာပြီး ကျနော့်ကို နှိုးတာပါ။ သူလာပြီဆိုရင် နှစ်ယောက်သား ချမ်းချမ်းစီးစီး ဆောင်းတွင်းမှာ ပြေးကြတယ်။

ပြေးရတာမောလွန်းလို့ ချွေးတွေတောင်ထွက်ရပါတယ်။ ကျနော်က ဝတော့ သိပ်မပြေးနိုင်ဘူး။ ပြေးရင်းမောလို့ ထိုင်ရတာ တမျိုး၊ ခြေထောက်တွေ နာလို့ နားရတာ တမျိုးနဲ့ပေါ့။ သူငယ်ချင်းကတော့ ကျနော်က မောလို့ နားလည်း သူကတော့ မနားပါဘူး။ ကျနော်ထိုင်နားနေတဲ့ နေရာနားကို ပတ်ပြီး ပြေးကာ ကျနော်အမောပြောတာကို စောင့်ရတယ်။ ကျနော်တို့ မြို့ထိပ်မှာက ချောင်းတခုကို ကူးတဲ့ တံတားရှိတယ်။ ကျနော်တို့တွေ ပြေးရင် အဲဒီတံတားဘက်ကို ပြေးကြတယ်။ တံတားကြီးကျော်သွားပြီး အတန်ခပ်လှမ်းလှမ်းသွားလိုက်ရင် ဧရာဝတီမြစ်ဘေးမှာ အလွန်သပ္ပါယ်စွာတည်ရှိနေသော ရွှေမုဌောစေတီကိုရောက်ပါတယ်။ ကျနော်တို့လို ကလေးတွေကလည်း အဲဒီကို ရောက်အောင် ပြေးကြသလို၊ အသက်အရွယ် ခပ်ကြီးကြီး စုံတွဲတွေကလည်း အဲဒီဘက်ကို လမ်းလျှောက်ကြတယ်။ မနက်ခင်း ဘုရားဝတ်ပြုဖို့ပေါ့။ ဘုရားကိုဝင်ပြီး ဝတ်ပြုပြီးရင် ဘုရားဘေးက ဧရာဝတီမြစ်ကမ်းပါးမှာ ထိုင်ခုံတန်းတွေလုပ်ထားတော့ အဲဒီမှာထိုင်ပြီး မနက်ခင်းနေလုံးကြီး ထွက်လာတာကိုလည်း ကြည့်ရတာ အရသာသိပ်ရှိတယ်။ ရွှေမုဌောဘုရားကနေ အပြန် တံတားကြီးပေါ်မှာလည်း ဟိုငေး၊ ဒီငေးပေါ့။ အဖိုးကြီးတစ်ယောက်က ကျီးကန်းတွေကို မုန့်ပြားသလက်တွေ ကျွေးတာကိုလည်း မှတ်မိနေသေးတယ်။

မနက်ခင်းပြေးတုန်းကတည်း မြို့နားနီးစပ် ရွာတွေကနေ မြို့ဈေးမှာ ရောင်းဖို့ ကုန်စိမ်းသည်တွေ တောင်းကြီးတွေရွက်လို့တမျိုး၊ တချို့ကလည်း စက်ဘီးတွေနဲ့ သယ်လာတာမျိုးတွေ တွေ့ရတယ်။ ဆောင်းတွင်း မနက်စောစောဆိုပေမယ့် မြို့ကြီးက အိပ်စက်အနားယူနေတာချည်းဘဲ မဟုတ်ရပါဘူး။ မြို့ခံလူတွေ၊ မြို့နားအနီးကျေးရွာတွေက လူတွေရဲ့ လှုပ်ရှားတက်ကြွမှုတွေနဲ့ပါ မြို့ကြီးကို အလှချယ်ထားတာပါ။ ကျနော်တို့က မြို့အရှေ့ပိုင်းမှာ နေ့တဲ့သူတွေဆိုတော့ မြို့အရှေ့ဖက်မှာ တည်တဲ့ ဘုရားဖက်ကို အပြေး၊ လမ်းလျှောက် ထွက်ကြတာပေါ့။ မြို့အလယ်က လူတွေဆို မြို့လည်မှာတည်တဲ့ ရွှေကူဘုရားဆီကို သွားကြတယ်။ မြို့အနောက်ပိုင်းကလူတွေက မြို့အနောက်ပိုင်းမှာ တည်တဲ့ သီဟိုရ်ရှင်ဘုရားကြီးကို သွားကြတာပေါ့။

မြို့ထဲကို ပြန်ရောက်လာရင် မုန့်ဟင်းခါးဆိုင်ကို သွားတတ်တယ်။ မုန့်ဟင်းခါး ပူပူလေးကို စားကြတဲ့အခါ စားကြသလို၊ အိမ်မှာ အမေကြော်ပေးထားတဲ့ ထမင်းကြော်ပူပူလေးကို စားတဲ့အခါလည်း စားကြတယ်။ စကားစပ်မိလို့ပြောရရင် လျှပ်စစ်မီးပြတ်တဲ့အကြောင်းလည်း ပြောရဦးမယ်။ ဟိုးအရင်ကတည်းက သူကပြတ်တတ်တာမျိုးကိုး။ နှစ်တွေသာ ကိုးနှစ်၊ ဆယ်နှစ်ပြောင်းသွားပေမယ့် မီးပြတ်တာကတော့ အခုလည်း ဒီအတိုင်းပဲ။ ကျနော်တို့အိမ်က တအိမ်လုံးကျောင်းသွား၊ ရုံးသွားရတဲ့ သူတွေချည်းဆိုတော့ အမေက မနက်စာကို ပြင်ဆင်ရင်းနဲ့ နေ့လည်စာကိုတခါတည်း တန်းချက်ထားရတယ်။ လျှပ်စစ်မီးပြတ်တတ်တော့ အဖေက မီးသွေးဖို မွှေးပေးရတာမျိုးကို။

ကျနော်တို့ ညီအကိုတွေ ငယ်ငယ်ကတည်းက အိမ်မှာ ကိုယ့်တာဝန်နဲ့ ကိုယ် အိမ်အလုပ်တွေ လုပ်ရတယ်။ သောက်ရေအိုးဖြည့်ရတယ်၊ သောက်ရေခွက်တွေ၊ ရေနွေးပန်းကန်တွေ ဆေးရတယ်။ အိမ်ရှေ့မှာ တံမျက်စည်း ထွက်လှည်းရတယ်။ အမှိုက်ကားကလည်း လာခဲတာဆိုတော့၊ အမှိုက်ပစ်သွားရတယ်။ ငယ်ငယ်တုန်းက အဲသလိုကြီးပြင်းလာပေမယ့် ကျောင်းတွေပိတ်လို့ ပြန်လာရင် အိမ်မှာ ဘာမှ မလုပ်တော့ဘူး။ ဘော်ကျော့နေတယ်။ နေဖင်ထိုးအောင် အိပ်တယ်။ ဆရာကိုတာ့အမေက သူ့သား တက္ကသိုလ်ပြန်တွေကို ပြောတာ သတိရတယ်။ သားတွေကို တက္ကသိုလ်မပို့ချင်ဘူးတဲ့။ တက္ကသိုလ်သွားတက်တာ အကျင့်တွေ ပျက်ပျက်လာတတ်လို့ဆိုလားပဲ။

ငယ်ငယ်တုန်းက ကျောင်းမှာ သန့်ရှင်းရေးလုပ်ရတာတွေလည်း မှတ်မိနေသေးတယ်။ အတန်းတိုင်းက ကျောင်းသူ၊ ကျောင်းသားတွေအားလုံးကို သန့်ရှင်းရေးအဖွဲ့ ငါးဖွဲ့ခွဲထားတယ်။ သန့်ရှင်းရေး လရှည်ပြိုင်ပွဲပေါ့။ ကျောင်းတကျောင်းလုံးကို အမှိုက်လှည်းရတယ်၊ ရေဖြန်းတယ်။ အခန်းသန့်ရှင်းရေး၊ ဓမ္မာရုံမှာ ဘုရားပန်းကပ်၊ သန့်ရှင်းရေး အစုံလုပ်ရတယ်။ ပြီးတော့ နံရံကပ်စာစောင် ပြိုင်ပွဲတွေလည်း လုပ်တယ်။ ပန်းချီဆွဲပြိုင်ပွဲတွေလည်း လုပ်ပြီး နောက်ဆုံးနှစ်ကုန်ကာနီးတော့ ဘယ်အသင်းက ပထမရတယ်၊ ဘယ်က ဒုတိယပေါ့ ကြော်ငြာတယ်။ ကလေးတုန်းက ကိုယ့်အသင်းနိုင်ဖို့ အလွန်တက်ကြွတာလေ။

Assembly လုပ်ရင်လည်း ကျောင်း Assemblyကွင်းထဲမှာ ကိုယ့်အသင်းလိုက် ကိုယ် ကျောင်းသားတွေ ကြီးစဉ်ငယ်လိုက် စီရတယ်။ ဆရာဆရာမတွေက ကျောင်းသားတွေကို ထိန်းလို့ပေါ့။ ကျောင်းအုပ်ဆရာကြီးက ရှေ့ကနေဆုံးမစကားတွေ ပြောတယ်။ ကျနော်တက်ခဲ့တဲ့ အလယ်တန်းကျောင်းမှာ ကျောင်းအုပ်ကြီး နှစ်ယောက်နဲ့ ကြုံခဲ့ရတယ်။ ဆရာကြီး ဦးအောင်ကျော်ဇံနဲ့ ဦးသန်းထွန်း။ ဆရာကြီး ဦးအောင်ကျော်ဇံတာဝန်ကျတာက ကျနော် ၃ တန်းလောက်ကတည်းကနေ ၇-တန်းထိပါ။ ဆရာဦးသန်းထွန်းက ကျနော် ၈-တန်းရောက်မှ ဆရာကြီး ဦးအောင်ကျော်ဇံအနားယူမှ တာဝန်ကျတဲ့ဆရာပါ။

ဆရာကြီး ဦးအောင်ကျော်ဇံက Assemblyမှာ စကားပြောရင် ဖွဲ့ကာ၊ နွှဲ့ကာ ပြောတတ်ပေမယ့်၊ ဆရာကြီး ဦးသန်းထွန်းကတော့ လိုရင်းတိုရှင်း အချက်တွေပဲ ခပ်ပြတ်ပြတ်ပြောတယ်။ ဆရာကြီး ဦးအောင်ကျော်ဇံပြောခဲ့တာ တခုမှတ်မိသေးတယ်။ ကျောင်းသူကျောင်းသားတွေ သမီးရည်းစားထားတဲ့ ကိစ္စတွေကို ဆုံးမတာပါ။ မိန်းကလေးတွေက ယောက်ကျားလေးတွေကို အလွယ်တကူ ပြန်မကြိုက်လိုက်ဖို့တွေ ဆုံးမတာနေမယ်။ ဆရာကြီးဆုံးမတာတွေကိုတော့ အသေအချာ မမှတ်မိတော့ပေမယ့် ပုံပြင်ရဲ့ဇာတ်ကျောလေးတော့ မှတ်မိနေသေးလို့ စာရဲ့နောက်မှာ ဝေမျှလိုက်ဦးမယ်။

ဆရာကြီး ဦးအောင်ကျော်ဇံက ကျောင်းအုပ်လုပ်ရင်း သက်ပြည့်ပင်စင်ယူသွားတာပါ။ ငယ်ငယ်တုန်းကတည်းက အလွန်ကြောက်ခဲ့ရတာ အဲဒီဆရာကြီး တစ်ယောက်ပဲရှိတယ်။ သူက အင်္ဂလိပ်စာသင်တယ်။ စာတွေဆိုလည်း အတန်းရှေ့ ထွက်ဆိုခိုင်းတာပါ၊ သူ့မျက်နှာကတည်တာရယ်၊ ငယ်ကြောက်လည်း ဖြစ်နေတာရယ်နဲ့ပေါင်းပြီး ကြောက်လိုက်ရတာ။ စာမရတဲ့ အချို့သော မိန်းကလေးများဆို ရှန်းရှန်းတွေတောင် အော်တို ပူးပါတယ်။

ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်စဉ်းစားပြီး တောင်ရေးမြောက်ရေး လုပ်နေတာ စာတောင် အတော်ရှည်သွားပါပေါ့ပဲ။ အခုထိလည်း ကျောင်းတွေ တက်နေရတုန်းပါလား။ အခုတက်နေတဲ့ အတန်းထိ နှစ်တွေကို ပေါင်းကြည့်မယ်ဆိုရင် ဆယ်တန်းကို နှစ်ပြန်လောက်တက်တဲ့ နှစ်နဲ့ တူနေပြီ။ ဒါပေမယ့်လည်းလေ ငယ်တုန်းက အကြောင်းတွေက ပြန်တွေးလိုက်ရင် မနေ့တနေ့ကလိုပါပဲ။ ကဲကဲ ဒီနေ့တော့ ဒီလောက်ပါပဲ၊ ဆရာကြီးရဲ့ ပုံပြင်လေးကို ဖတ်ကြဦး။


ဆရာကြီးပြောသော ပုံပြင်

ပုံပြင်ဇာတ်လမ်းက ဒီလို။ ပုံပြင်ဆိုတော့ ဟိုရှေးရှေးတုန်းကနဲ့ စလိုက်မယ်။ ဟိုးရှေးရှေးတုန်းက ကောင်းမလေးတယောက်နဲ့ ကောင်လေးတယောက် ချစ်ကြိုက်ကြသတဲ့။ ကောင်လေးနဲ့ ကောင်မလေး ချစ်ကြရာ၊ ကောင်လေးက ခိုးရာခေါ်တော့ ကောင်မလေးက လိုက်သပေါ့။ အဲ ကောင်မလေးက ကောင်လေးရဲ့ စိတ်ကို စမ်းသပ်ချင်တော့ စားစရာ သောက်စရာတွေကို ဖွက်ပြီးယူလာသတဲ့။ တောကြီးထဲမှာ လမ်းလျှောက်လာရင်း နှစ်ယောက်သား တီတီတာတာ စကားတွေလည်း ဆိုသတဲ့။ မောင်ကြီးရယ် ဟိုပန်းလေးက လှလိုက်တာ ဘာပန်းလေးပါလိမ့် ဆိုရင် ကောင်လေးကလည်း ချစ်နှမရယ် အဲဒါ သစ်ခွလေ၊ လိုချင်ရင် မောင်ကြီး ခူးပေးရမှာပေါ့ ဆိုပြီး ခူးပေးရှာသတဲ့။ အတော် အတန် လမ်းလျှောက်ပြီးတော့ ကောင်မလေးက မောင်ကြီးရယ် အပေါ့အပါးသွားချင်လို့ဆိုပြီး လက်ညှိုးတစ်ချောင်းထောင်ပြီး ချုံထဲကို သွားသတဲ့။ ချုံထဲကျတော့ ဖွက်ယူလာတဲ့ စားစရာတွေစား၊ သောက်စရာတွေ သောက်ပြီး ခပ်တည်တည်လေး ပြန်ထွက်လာသတဲ့။ မောင်ကြီးခမျာတော့ မစားရ၊ မသောက်ရ ခရီးဆက်ရသတဲ့။ နေမြင့်လာလေ ရေဆာလာလေ၊ ခရီးပန်းလာတော့ မောင်ကြီးရဲ့ စကားလေသံတွေ ပြောင်းကုန်သတဲ့။ ဒီအပင်လေးက ဘာပင်လေးပါလိမ့် ဆိုတော့ ဒါလေးတောင် မင်းမသိဘူးလားကွာ၊ စိန်ပန်းပင်ကွ တဲ့။ မိန်းကလေးကတော့ မောတိုင်း ချုံတိုးတော့ လန်းလန်းဆန်းဆန်းကြီးပေါ့။ ခလေးမကလည်း စကားက တယ်များသကိုး၊ လမ်းတွေ့သမျှမေးတယ်။ ဒီလိုနဲ့ ခရီးဆက်လာတာ မောင်ကြီးရဲ့ ဒီငှက်လေးက ဘာငှက်လေးလေးဟင်ဆိုတော့ မောင်ကြီးရဲ့ သည်းခံနိုင်မှုက ကုန်သွားတာနဲ့ အကိုက်ဆိုတော့ -ီးငှက်ဗျာ၊ -ီးငှက်လို့ ဖြေလိုက်သတဲ့။ ဒီတော့ ကောင်မလေးက ခိုးရာမလိုက်ဘဲနဲ့ အပြီးရှောင်ပြေးတော့သတဲ့။ စာဖတ်သူတွေလည်း ဒီပုံပြင်ကနေ သင့်တော်သလို ပညာယူကြကုန်။


12 comments:

Craton December 27, 2008 at 5:52 PM  

သားသားတစ်။

Craton December 27, 2008 at 6:03 PM  

ဟားဟားဟား.. ရီရတယ် ဦးဦးနိ။ ဦးဦးနိကတော့ အဲ့လိုလုပ်မယ်အထင်ဘာဝူးနော်။ စိတ်ရှည်မယ့်ပုံပါ။ ဒေါ်ဒေါ်နိတော့ ဘယ်လိုနေမယ်မတိ။းD

PAUK December 27, 2008 at 6:18 PM  

ကိုနိ...
ညက အရှိန်မသေသေးပါ့လား..
ခိုးဖို့ချည်း ရေးနေတာ..
လျှပ်စစ်မီးပျက် လို့ရေးရတာထင်တယ်..

May Moe December 27, 2008 at 6:56 PM  

ကိုနိတော့ မမနိကိုတော်တော်လွမ်းနေတယ်ထင်တယ်

ThuHninSee December 27, 2008 at 9:00 PM  

နိနိဒီလိုမစမ်းနဲ့.. တဲ့။

khin oo may December 27, 2008 at 9:08 PM  

:P

မီယာ December 27, 2008 at 11:15 PM  

နိနိရေ စမ်းဖို့နည်းအသစ်ရှာထားနော်။ စဉ်းစားမရရင် meeting ခေါ်လိုက်။

mgngal December 28, 2008 at 2:14 AM  

ကိုနိရဲ့  အဟောင်းတွေ ပြန်သစ်သွားတယ်။

Republic December 28, 2008 at 5:58 AM  

ကိုနိစ် နည်းပညာတွေယူသွားပါတယ် ၊၊ ကောင်မလေး က လဲများပီဗျာ ၊၊စမ်းသပ်ချက် ကတော့ ၊ ကြောက်စရာ ၊၊

Yu Wa Yi December 28, 2008 at 7:31 AM  

စိတ်ရှည်ရှည်ထားမှပေါ့ကွယ်။ နောက်ကို ကောင်မလေးတစ်ယောက်ထဲ ချုံထဲမလွှတ်တော့နဲ့ ။ မြွေပါး ကင်းပါးထဲကို။ အတူတူသွားကြ။

nu-san December 28, 2008 at 5:03 PM  

ဒါဆို မဇနိက ဘလော့ခ်မှာ ဟင်းချက်ပြီးတင်နေတာလည်း ကိုဇနိကို အချစ်စမ်းတာ ဖြစ်ရမယ်.. အားတင်းထားပါ ကိုဇနိရယ်.. ဒီတစ်ဆောင်းမမီပေမယ့် လာမယ့်ဆောင်းတွင်းကျရင် မီအောင် ကြိုးစားပါနော်.. 頑張って... (^O^)

Moe Cho Thinn December 30, 2008 at 9:01 PM  

ကိုနိက ဇာတ်နာအောင်တော့ လုပ်နေပါပြီ။
သူ့ကို အငတ်ထားမှာစိုးလို့..
အတော် လည်တာ နိနိ။ သတိထား။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP