လက်ဝတ်ရတနာ

>> Tuesday, December 2, 2008


မမဝါက ကိုယ်နှစ်သက်တဲ့ပစ္စည်းလေးတွေ ပြပါလို့ tag လာတော့ စဉ်းစားရတာ ခေါင်းခြောက်သွားတယ်။ ဘာပြောရပါ့။ ခင်လို့မင်လို့ပြောလာတာဆိုတော့ ရေးရမယ်လို့ ရှာကြံပြီး တင်လိုက်ပါတယ်။


မိန်းကလေးရယ်လို့ အဝတ်အစားလည်း မမြင်တတ်၊ မဝတ်တတ်။ အလှပြင်တတ်လားဆိုတော့လည်း ဘာမိတ်ကပ်မှမသိ။ နှုတ်ခမ်းနီလည်း မရှိ။ ခက်တော့နေပြီ။ ကိုယ့်ဟာကိုယ် မိန်းကလေးမပီသတာလားလို့ ပြန်တွေးယူရတော့မလို ဖြစ်နေပြီ။ ဒါဖြင့် ဖိနပ်ရော စိတ်ဝင်စားသလား။ စိတ်မဝင်စားလို့ နေမှာပေါ့။ ဖိနပ်ဆိုလို့ ဆောင်းတွင်းစီးနှစ်ရံ၊ နွေစီး နှစ်ရံ ဒါပဲရှိတယ်။ ဒေါက်မြင့်လာရင်လည်း မစီးရဲ၊ အရောင်တောက်လာရင် ရှောင်၊ အကြိုက်ကလည်းရှားတော့ ဖိနပ်ဆိုင်လိုက်လာရင် အမတွေက စိတ်ညစ်ရတယ်။ နောက်ဆုံး ဒါယူဆိုတဲ့အချိန်မှ ယူလိုက်တယ်။ မြန်မာပြည်မှာတော့ ဒေါက်ဖိနပ်လုံးဝ မရှိပါဘူး။ ကတ္တီပါအပါး၊ ပန်းသီးအပါးလေးတွေ စီးတာများပါတယ်။ နောက်လမှာ Hokkaido ကို သွားမလို့ နှင်းမချော်အောင် ဖိနပ်ဝယ်ရအုံးမယ်။ အဲဒီဖိနပ်လိုချင်လို့ ဆိုင်သွားတာ တနေ့ကပါဆို သုံးခေါက်မြောက်။ အခုထိမဝယ်ရသေးပါဘူး။ မမဝါဆီက သွားယူရမလားစဉ်းစားလိုက်တော့လည်း သူဖက်ရှင်ပျက်ကုန်မှာ အားနာတာနဲ့ မယူချင်ပြန်ဘူး။

ညကလည်း ကိုဇနိရေ ဘယ်လိုလုပ်မတုန်း၊ ဘာရေးရပါ့နဲ့တိုင်ပင်ကြည့်မိတယ်။ ခါတိုင်းလိုမဟုတ်ဘူး သူစာလုပ်နေတော့ ကိုယ့်ကို အကြံမပေးဘူး။ ခုတော့ သူအိပ်သွားပြီ။ အကြံလည်းပေါ်လာပြီ။ မိန်းကလေးတွေစိတ်ဝင်စားတတ်တဲ့ လက်ဝတ်ရတနာလေးတွေတော့ လိုချင်သား။ မက်မက်မောမောလည်း ဝတ်တတ်တယ်။ နားကပ်လည်း အမြဲပန်ချင်တယ်။ ငယ်ငယ်ကတည်းက ကော်လက်ကောက်တွေ အများကြီး တချွင်ချွင်ဖြစ်အောင် ဝတ်ချင်တာ။ အလှူ၊ မင်္ဂလာဆောင်ရှိရင် ရွှေအများကြီးဝတ်ချင်တယ်။ အိမ်နားက အမတွေ ပွဲလမ်းရှိတဲ့အခါ လက်ကောက်တွေ တတောင်ဆစ်ထိဝတ်တာကို အားကျတယ်။ အဖေကတော့ ငယ်ငယ်ကပြောတာပဲ သံကြိုးဆက်ကြီး မထနိုင်အောင်ဆင်မှာ လို့။ ခုထိ ဝယ်မပေးသေးပါဘူး။ အိမ်ပြန်ရောက်မှ လိုချင်တယ်ပြောရမယ်။ ကိုဇနိရေ စိန်နားကပ် အပွင့်သေးသေးလေး ပန်မှာနော်လို့ပြောရင် ဒါဆို အမေဆင်ထားတာနဲ့ လဲမှာလားလို့ မေးတယ်။ လဲမယ် ဝယ်ပေးပါလို့ ပြောထားတာ။ သူလည်း အဖေ့လိုပဲ ပါးစပ်နဲ့ဝယ်ပေးမှာ ထင်ပါတယ်။

ရွှေကိုမက်တာပဲရှိတာ ခဏခဏပျောက်တယ်။ မတည့်ဘူးလား မသိဘူး။ ငယ်ငယ်က အဒေါ်တွေရှိတဲ့ ရွာအလည်သွားတော့ ဆွဲကြိုးလေး ကျပျောက်တယ်။ တအိမ်သားလုံး မနေရဘူး။ ဆွဲကြိုးမတွေ့ရင် အဖေက ကျောင်းထားမှာမဟုတ်ပါဘူးလို့ ငိုနေခဲ့တာ။ အေး ငါတို့ပြန်ဝယ်ပေးမယ်လို့ အကိုတွေ ဝိုင်းချော့ရတယ်။ ခြေတံရှည်နွားစာတဲအောက်မှာ နွားတွေချည်ထားတာ။ ကလေးတသိုက် နွားစာတဲပေါ်ကစားကြရင်း အောက်ကို ပြုတ်ကျလို့ နွားချေးကျူံးတဲ့သူက ပြန်လာပေးတယ်။ မန္တလေးအဆောင်မှာလည်း နားကပ်ပျောက်တယ်။ လက်စွပ်ပျောက်တယ်။ နားကပ်တဖက်ကတော့ ရှာမတွေ့လို့ အသစ်ပြန်လုပ်လိုက်ရတယ်။ အခုတော့ နားကပ်လေးကလွဲရင် ဘာမှမရှိတော့ဘူး။ တချို့တော့လည်း နားပေါက်မဖောက်ကြဘူး။ မဇနိကိုတော့ တစ်လသမီးကတည်းက နားဖောက်ပေးခဲ့လို့ နားကပ်ပန်နေရတယ်။

အခုလောလောဆယ် ကိုဇနိဆင်ထားတဲ့ ပယင်းလည်ဆွဲကို အမြတ်တနိုး ဝတ်နေတယ်။ ပယင်းအရောင်ကို သဘောကျသလို ချစ်သူဆင်ထားတာမလို့ တန်ဖိုးထားတာလည်း ပါတယ်ပေါ့။ သူက ဒါမျိုးတွေ မဝယ်တတ်ဘဲ အမှတ်တရဝယ်လာတာကို ကျေးဇူးတင်ရအုံးမယ်။

ပယင်းဆွဲသီးလေးတော့ ကြိုးသေးသေးလေးနဲ့ ဆွဲတယ်။

သူငယ်ချင်းထိုင်ဝမ်ပြန်လက်ဆောင် လက်ဖြစ်လက်ကောက်လေးလည်း စိတ်ပါတဲ့အခါ ဝတ်တယ်။

မြန်မာပြည်ကပါလာတဲ့ ကျောက်စိမ်းလက်ပတ်လေးလည်း ၀တ်ဖြစ်တယ်ဆိုတော့ ချန်ထားခဲ့လို့ မဖြစ်ဘူး။


စိန်နားကပ်လေးပန်ချင်လို့ ကိုဇနိကို နောက်များတော့ ပိုက်ပိုက်စုခိုင်းရအုံးမယ်။

မဇနိ

14 comments:

WWKM December 2, 2008 at 2:28 PM  

မဇနိ ရေ.
ခင်မင်စွာနဲ့ ရေးပေးတာကို အရမ်းကျေးဇူးတင်မိပါတယ်ရှင်။
ဝါ၀ါခင်မင်တဲ့သူတွေအားလုံးနဲ့ ၀ါဝါ့ကိုခင်မယ်ထင်တဲ့သူ
တွေအားလုံးကို တက်ဂ်လိုက်ပေမယ့် မအားမှာ ၊ကိုယ့်အ
တွက်အလုပ်ရှုတ်မှာကိုတော့ စိုးရိမ်မိခဲ့ပါတယ်.
အဆင်ပြေစွာနဲ့ ရေးပေးခဲ့တဲ့သူတွေအားလုံးကို ကျေးဇူး
တင်မိပါတယ်. မရေးပေးနိုင်တဲ့သူတွေကိုလည်း နားလည်ပါတယ်။ ( ညီမလေးမြရွက်ဝေ ကိုတော့ အလုပ်
တွေများနေတယ် ထင်လို့ မထည့်ခဲ့တော့တာလေ. ညီမလေးကိုတော့ သတိရမိနေတယ်)
အခုတော့ မဇနိကြိုက်တာ ၀ါဝါ သိသွားပြီ.
ကျေးဇူးနော်.
ကိုဇနိ က စိန်နားကပ်အကြီးကြီးဝယ်ပေးနိုင်ပါစေလို့
ဆုတောင်းပေးမယ်နော်.. အဟီးးး
ယန်း၁၀ သောင်းတန်လောက်ပဲ ၀ယ်ခိုင်းလိုက်ပါ.တော်
လောက်ရောပေါ့နော့.. အဟီးးး ကိုဇနိ အိပ်ပျော်ပြီး မျက်
ခုံးတွေလှုတ်နေလောက်ပြီ..ဟဟား

ကျေးဇူးတင်ပါတယ် မဇနိ ရေ

ခင်တဲ့
ဝါ၀ါ

Anonymous December 2, 2008 at 2:48 PM  

ကိုနိက အာဘွားပေးရင် စိန်နားကပ်ကြီး ခုချက်ချင်းရှေ့တော်မှောက်ရောက်စေရမယ်တဲ့ ဟိဟိ ။

Welcome December 2, 2008 at 2:54 PM  

အစ်ကိုဝယ်ပေးမယ်ဆိုရင်
ရုရှားစိန်ဆို မယူနဲ့နော်အစ်မ.. ..

http://winzaw-mdy.blogspot.com/

May Moe December 2, 2008 at 3:03 PM  

ကိုနိ မမနိကိုစိန်နားကပ် မြန်မြန်ဝယ်ပေးလိုက်ပါ(ရုရှစိန်မဟုတ်) ဟီးးး တုံးတယ်ပြောလဲခံရမှာပဲ ပယင်းဆိုတာခုမှသေချာသိတယ် အရောင်ကစိုပြီးအရမ်းလှတယ်နော် ။ ဟိ ဆွဲသီးလေးကို လက်ဆောင်ပေးမလားမမနိ:P သာမီးကတော့ နားပေါက်မရှိ :D

nu-san December 2, 2008 at 3:48 PM  

ကိုဇနိရေ.. မဇနိအတွက် စိန်နားကပ်ဝယ်ပေးလိုက်ပါနော်.. ဒါပေမယ့် ကိုဇနိဆင်ထားတဲ့ ပယင်းဆွဲကြိုးလေးက လှတယ်.. အမ လည်း မေမိုးလို တုံးတယ်ပြောခံရမှာပဲ.. အခုမှ မြင်ဖူးတာ.. :P

PAUK December 2, 2008 at 5:18 PM  

နိနိရေ...
ပေါက်ကတော့..ဖန်စီတွေပဲကြိုက်တာများတယ်..
ထင်တာပဲ...........
ကိုနိရေ..
နားငြီးမခံနဲ့..
မြန်မြန်လေးဝယ်ပေးလိုက်ပါ...

khin oo may December 2, 2008 at 5:59 PM  

ချစ်အောင်ရေးတတ်ပါရဲ့.

RePublic December 2, 2008 at 6:27 PM  

ကွိကွိ ..ရှိတာ အကုန်ထုတ်လိုက်ပါ ၊၊ ချန်မထားပါနဲ့ ၊၊ မမကွိက သူငှေးပါ ၊၊ သိပီးသား ၊၊ ကိုနိတော့ ပိုက်ပိုက်ကုန်တော့ မှာမြင်ယောင်နေမိတယ်ဗျာ ၊၊ ကွိ..

ကိုကြီးဝီ

Anonymous December 2, 2008 at 6:31 PM  

လှမှလှ ဒေါ်ဒေါ်နိရေ..။ သိပ်အဖိုးတန်ကြီးတွေ မဟုတ်ဘဲ အဲ့လို hand-made လေးတွေကိုပဲ တန်ဖိုးထားပြီးဝတ်တတ်တာကို သားလည်းကြိုက်တယ်ဗျ။ ဦးဦးနိက နောက်တော့ဝယ်ပေးမှာပေါ့။ ၀ိုင်းဖျောင်းဖျပေးမယ်.. အဟီး။

မီယာ December 2, 2008 at 10:39 PM  

နိနိရေခုထိငါးလေးတွေကြော်မစားဖြစ်သေးဘူး။
ကိုယ်လည်းလက်ဝတ်ရတနာတွေစိတ်ဝင်တစားကြည့်သွားတယ်။
ခရစ်စမတ်လက်ဆောင်အတွက်လည်း အိုင်ဒီယာရသွားတယ် :)

ဆရာအတွက်ဝယ်ပြီးပြီလား။ တို့တော့ဆရာမကိုပေးလိုက်ပြီ။ သူ့ကို age defying products တွေဝယ်ပေးရကောင်းလားလို့သြဘာပေးခံလိုက်ရတယ်။

သက်တန့် December 3, 2008 at 9:10 AM  

မမနိရေ...
ပယင်းဆွဲသီးလေးက ချစ်စရာလေး...
သဘောကျတယ်... :)
အကိုနိရေ...
စိန်နားကပ် မြန်မြန်ဝယ်ပေးလိုက်နော်... ရုရှစိန်တော့ မလုပ်နဲ့... :P

တန်ခူး December 3, 2008 at 4:35 PM  

နိနိရေ… ပယင်းပုတီးလေးက လှလိုက်တာ…
ကိုဇနိကြီး ပိုက်ဆံတွေ ကြိတ်စုနေတာ စိတ်မှန်းနဲ့ မြင်ရတယ် ညီမရေ…
ဘာမှ မပူနဲ့ တော့…
သူမ၀ယ်ပေးရင် တို့ ဝယ်ပေးမယ်နော်…

Moe Cho Thinn December 3, 2008 at 6:21 PM  

ပူဆာတာကို ဒီလိုလေး စာရေးပြီး ပြောတတ်တော့ ၀ယ်တဲ့လူက ၀ယ်ပေးချင်စိတ်ကို ပေါက်ရော..ဟုတ်တယ်မဟုတ်လား ကိုနိ။

(နိနိရော အမတော့ မြောင်းဖောက်ခဲ့ပြီ :))

Anonymous December 4, 2008 at 5:31 AM  

ပယင်း ဆွဲသီးလေးက ချစ်စရာလေး။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP