Happy New Year 2009!

>> Wednesday, December 31, 2008




Happy New Year 2009!



မုန်လာဥအဖြူ

>> Monday, December 29, 2008


မုန်လာဥအဖြူဆိုရင် ကျွန်မကြိုက်တဲ့ အစားအစာထဲ မပါဘူး။ မန်ကျည်းမှည့်နဲ့ချဉ်ရည်ဟင်း ချက်ရင်တော့ စားတယ်။ ငါးခေါင်းချဉ်ရည်ဟင်းလိုမျိုးလည်း စားပါတယ်။ တနေ့ကတော့ မုန်လာဥအဖြူတလုံး ၀ယ်လာရင်း ဝီရှီမီကလို လုပ်စားကြည့်ဖို့ စိတ်ကူးလိုက်တယ်။ မုန်လာဥတွေက အကြီးအကြီးတွေဆိုတော့ တော်ရုံနဲ့မဝယ်ချင်ဘူး။ တယောက်ထဲစားတာ ကုန်မှ မကုန်တာလေ။ ဒါနဲ့ အစ်ကိုအန်ဒီတို့ ပြောပြထားတဲ့အတိုင်း မုန်လာချဉ် သိပ်လိုက်တယ်။ ပထမဆုံး မုန်လာဥကို အခွံနွှာ၊ ရေဆေးပြီး ပိုးတီမလှီးဘဲ အစိပ်သေးသေးရှည်ရှည်လေးတွေ လှီးထားတာ။ အဲဒီနေ့က မုန့်ဖတ်သုပ်စားတော့ ချဉ်မသိပ်ခင် အရင်စားချင်တာနဲ့ တချို့ကို ခွဲပြီး သံပုရာရည်၊ ရှာလကာရည်နဲ့နယ်ပြီး (၃)နာရီလောက် နှပ်ထားလိုက်တယ်။ ဒါကတော့ ချက်ချင်းစားချင်လွန်းလို့ အမြန်လုပ်ထားတာပါ။ ကျန်တာကိုမှ အချဉ်သိပ်မယ်ဆိုပြီး ပုလင်းသန့်သန့်ကို ရေဆေး၊ ရေပြောင်အောင်သုပ်ထားလိုက်တယ်။ မုန်လာဥလှီးထားတာတွေကို ဆားနဲ့နယ်ပြီး ပုလင်းထဲမှာ သိပ်၊ ရေကျက်အေးထဲမှာ ဆနွင်းလေးထည့်ဖျော်ထားတာကို လောင်းထည့်လိုက်တယ်။ မုန်လာဥအားလုံးမြုပ်သွာေးအာင် ရေထည့်ပေးလိုက်ပြီး ထမင်းပါထည့်လိုက်တယ်။ အဖုံးကိုလုံအောင်ပိတ်ထားရင်း (၅)ရက်မြောက်နေ့မှာ အချဉ်သုပ်စားလို့ ရနေပါပြီ။ မုန်လာချဉ်ကို ပုလင်းထဲက လိုသလောက်ယူ ရေဆေးပြီး နှမ်းထောင်း၊ မြေပဲဆံထောင်း၊ ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးစိမ်းလေးနဲ့သုပ်စားတာ မွှေးတဲ့အပြင် မုန်လာချဉ်ကို ကြိုက်သွားတယ်။ အခုဆို စားနေတာ ခဏခဏရှိပေမယ့် မကုန်သေးဘူး။ ရေခဲသေတ္တာထဲမှာ ထားလိုက်တော့ ကြာလာလို့ ပိုစားကောင်းနေတယ်။ အမလေး မုန်လာဥတလုံးကလည်း အမုန်းစားရပါ့လားနော်။

Read more...

The Irony Of Fate (Ирония судьбы, или С лёгким паром!)

>> Sunday, December 28, 2008



နှစ်သစ်ကူးမှာ သူငယ်ချင်းတွေအတွက် ရုရှားရုပ်ရှင်တခု လက်ဆောင်ဝေမျှချင်ပါတယ်။ နှစ်သစ်ကူးအတွက် အထူးအစီအစဉ်လည်း မရှိ၊ နှစ်ကူးအပျော်စိတ်ဓာတ်တွေ ပျောက်ဆုံးနေတယ်ဆိုရင် ဒီလိုဇာတ်ကားလေးကို ကြည့်ပြီး နှစ်ကူးအပျော်စိတ်လေးကို မွေးရအောင်လို့ပါ။

မြန်မာနှစ်ကူးမှာဆိုရင် သင်္ကြန်မိုးဇာတ်ကားကို ကြည့်ကြတယ် မဟုတ်လား။ အဲသလိုပါပဲ ရုရှားမှာလည်း ဒီဇာတ်ကားကို ကြည့်ကြတယ်၊ တီဗွီကလည်း ဒီဇာတ်ကားကို နှစ်ကူးအတွက် လွှင့်တတ်ပါတယ်။

ဇာတ်ကားနာမည်က ရုရှားလို Ирония судьбы (“ကံကြာမ္မာရဲ့ လှည့်ကွက်” လို့ ခပ်တုံးတုံး ဘာသာပြန်လိုက်တယ်။)လို့ပေးထားသလို С лёгким паром! (“ပေါ့ပါးလှစွာသော ရေငွေ့နဲ့ အတူ” ဒါလည်း ခပ်တုံးတုံးပဲ ပြန်ထားတယ်။) လို့လည်း ပေးထားတယ်။ နာမည် ၂ မျိုးနဲ့ပေါ့။ ၂-ပိုင်းရှိတယ်။ အရင်နှစ်က သူ့အဆက်ဆိုတဲ့ ဇာတ်ကားလည်း ထွက်လာသေးတယ်။ အခုခေတ်ကားပေါ့။ (စိတ်ဝင်စားသူရှိရင် ယူကျု့မှာရှာပြီး နောက်ပို့စ်တခု တင်ပေးမယ်။) အခု ဇာတ်ကားက ၁၉၇၅ ခု-ဆိုဗီယက်ခေတ်ကပါ။ မော်စကိုသားမင်းသားက လီနင်ဂရက်သူအိမ်ကို အိမ်မှားပြီးရောက်လာ သူ့အိမ်ထင်နဲ့ ဇာတ်လမ်းတွေ ရှည်ကုန်တာပါ။ သူတို့ အဆောက်အဦးတွေကလည်း မှားချင်စရာလေ။ တပုံစံတည်းတွေက များသကိုး။ မင်းသမီးက ပိုလန်သူပါ။

ဝီကီဒီနေရာမှာ ဒီဇာတ်လမ်းအကြောင်း အင်္ဂလိပ်လိုရေးထားတယ်။ ဒီနေရာမှာ ရုရှားလို ရေးထားတယ်။

အချိန်လည်း ရှိတယ်ဆိုရင် ဒီဇာတ်ကားကို ကြည့်ဖြစ်အောင် ကြည့်စေချင်ပါတယ်။ ရုရှားစကားပြော ဖြစ်ပေမယ့် အင်္ဂလိပ်လို စာတန်းထိုးပါတယ်။

Youtube မှာ ဇာတ်ကားတခုလုံးကို အပိုင်း ၂၀ လောက် ခွဲထားတာ တွေ့လို့ သူငယ်ချင်းများကို နှစ်ကူးလက်ဆောင်ပေးတာပါ။

Read more...

စိတ်ကူးယဉ်အိပ်မက်



မောင်ကရာတွန် (မောင်အန်ကြီး) က စိတ်ကူးယဉ်အိပ်မက်ကို တက်ဂ်တော့ ရေးတာပေါ့။ မောင်ဇနိ၊ မယ်ဇနိတို့ စိတ်ကူးယဉ်သလားဆိုတော့ အလွန်ယဉ်တာပါ။ အခုနှစ်ပိုင်းတွေမှာ နှစ်ယောက်သား စိတ်ကူးယဉ်ဘုံထဲမှာ နေနေရတာလေ။ လက်တွေ့ဘဝက ခါးသီးမှုတွေကို စိတ်ကူးယဉ်အိပ်မက်တွေနဲ့ အချိုသပ်ရတာပေါ့။

Read more...

မုန့်တီသုပ်


ကိုဇနိက တမ်းပလိတ်နဲ့ ဘန်နာ အသစ်ပြောင်းချင်တယ်တဲ့။ နှစ်သစ်အတွက် ဘလော့ဂ်ကို ပုံစံအသစ်ပြောင်းချင်ပုံရပါတယ်။ ဒါနဲ့ ချယ်ရီဓါတ်ပုံလေးပို့ပြီး ဒါလေးတင်ပါ့လားလို့ အကြံပေးကြည့်တာ။ သူလည်း ကြိုက်တယ်ဆိုတော အကြံပေးရတာ အထမြောက်သွားတယ်။ ဘန်နာအသစ်လေးအတွက် ဘာမုန့်ကျွေးရမလဲစဉ်းစားလိုက်ရင်း မုန့်တီသုပ် တင်လိုက်တော့မယ်နော်။ မုန့်တီသုပ်က နန်းကြီးနဲ့သုပ်ထားတာ။ ကြက်သားချက်ပြီး ပဲမှုန့်အကျက်၊ ငရုတ်ဆီ၊ ကြက်သွန်ဖြူဆီချက်၊ သံပုရာသီး၊ ကြက်သွန်ဖြူဆီချက်ရယ်နဲ့ သုပ်တာပါ။ ကြက်ရိုးဟင်းချိုလေးလည်း လုပ်ထားပြီး ငရုတ်ကောင်းထည့်သောက်ရင် နန်းကြီးသုပ်လေးနဲ့ လိုက်ဖက်ပါတယ်။ အချိုပွဲအနေနဲ့ ပေါင်မုန့်ပူတင်းလေးပါ ပေါင်းထားပေးတယ်။ ပေါင်မုန့်ကိုခြေပြီး ကြက်ဥနှစ်လုံး၊ နွားနို့၊ ထောပတ်နဲ့ ဆားအနည်းငယ်ထည့်ခေါက်ထားတယ်။ အိုးအကြီးထဲမှာ ရေနွေးတည်ပြီး စောစောက ခေါက်ထားတဲ့ စတီးဇလုံကို ထည့်၊ အဖုံးအုပ်ထားပြီး ရေနွေးငွေ့နဲ့ပေါင်းလိုက်တာပါ။ အသားတင်းလာရင် မီးပိတ် အအေးခံပြီး အတုံးလေးတွေလှီးစားလို့ရပြီပေါ့။


Read more...

ငယ်ငယ်တုန်းက..

>> Saturday, December 27, 2008


အခု ကျနော် သိပ်အေးလွန်းလှတဲ့ ဆောင်းရာသီမှာ နေနေရတယ်။ မဇနိလည်း ရေခြားမြေခြားမှာ ဟီတာလေးဖွင့်လို့။ အင်း မောင်တရွာ မယ်တမြို့တော့ နေလို့လည်း မဖြစ်နိုင်ပါပြီလို့ ကုန်းအော်လို့ကလည်း မဖြစ်။ ဘဝဇာတ်ဆရာအလိုကျ သူ့နေရာနဲ့သူ အသုံးတော် ခံနေရတာမဟုတ်လား။ ဒီလို ဆောင်းရာသီဆိုရင် ငယ်ငယ်တုန်းကရော ဘယ်လိုနေခဲ့ပါလိမ့်။

Read more...

ချပါတီ

>> Friday, December 26, 2008


အရင်အဆောင်မှာ နေတုန်းက ချပါတီအချပ်တွေ မပြတ်ဝယ်ထားပြီး ကြက်သားအာလူးချက်ထား မနက်ခင်းစာတွေ စားလေ့ရှိတယ်။ အဲဒိတုန်းက ပါကစ္စတန်-က သူငယ်ချင်းတယောက် ရှိတယ်။ သူမှာတဲ့အခါ ပေါင်းမှာပေးတော့ ဆန်နဲ့ ချပါတီ ကောင်းကောင်းစားရတယ်။ သူတို့ဆီက ဆန်ကို ဂျပန်ဆန်နဲ့ရောချက်ရင် ထမင်းလေးတွေ ကော့နေအောင် လှတာ။ အခုတော့ အပြင်အိမ်တွေ ပြောင်းကုန်တာနဲ့ ချပါတီ မမှာဖြစ်တော့ဘူး။ မစားရတာကြာတော့ စားချင်လာပြန်တယ်။
ဒါနဲ့ ကိုယ့်ဟာကိုယ် လုပ်စားလိုက်တယ်။
ဂျုံနယ်ပြီး ဒလိမ့်တုံးနဲ့လှိမ့်တယ်။ နယ်ထားတာကို (၁)နာရီလောက်ထားပြီးမှ အချပ်ပါးပါးလေးတွေ လုပ်လိုက်တာပါ။
ချပါတီကို ဒယ်အိုးမှာ ဆီမပါဘဲ မီးကင်သလိုလုပ်တာထက် ဆီပါလေကာလေးထည့်ထာက ပိုမွှေးတယ်လို့ အဲဒီကုလားသူငယ်ချင်းက ပြောဖူးတယ်။ သူချက်တဲ့ ကြက်သားဟင်းနဲ့ စားရတာလည်း ပိုကောင်းတာပေါ့။ အခုတော့ ချပါတီပြားကို သူပြောသလို ဆီလေးနဲ့ကြော်လိုက်ပြီး ကပ်ကြေးနဲ့ညှပ်ထားတယ်။
အတူတွဲစားဖို့ ကြက်သားအာလူးကို မဆလာလေးနဲ့ ချက်လိုက်ပြီး မနေ့က တနေကုန် ထမင်းမချက်စားဖြစ်လိုက်ဘူး။

Read more...

“ဒီဇင်ဘာ နေပါဦး... ”

သံသရာဟာစက်ဝိုင်းဆိုရင်
ပထမဆုံးနဲ့အနီးဆုံး ဟာ
နောက်ဆုံးပဲဖြစ်ရမယ်
အဲဒီလိုအယူအဆနဲ့
ဒီဇင်ဘာကတော့..
လှပနေမြဲပါ။
မဖြစ်တာတွေ
ပျက်တာတွေ
ရှုံးတာတွေ…..
ဆုံးတာတွေ…
တစ်နှစ်တာအတွက်
ဘယ်လိုပဲအပစ်ကျ
ဒီဇင်ဘာက
ခဝါချမြဲ..။
မသွားနဲ့ဆိုလည်း
ထားခဲ့မှာ…
ကျန်ရစ်ခဲ့သူတွေကို
ရဲရဲကြီးချန်ပစ်
မာန်အသစ်နဲ့….
တဝင့်ဝင့် ဒီဇင်ဘာရယ်။

ခရစ်စမတ်ည

>> Wednesday, December 24, 2008


ဒီနေ့ဈေးဝယ်သွားဖြစ်တော့ နေရာတိုင်းမှာ လူတွေက ပြည့်သိပ်နေတယ်။ ခရစ်စမတ်လက်ဆောင်တွေဝယ်ကြ၊ ကျောင်းလာတက်သူ၊ အလုပ်လာလုပ်နေသူတွေလည်း ကိုယ့်မိသားစုဆီပြန်ဖို့ လက်ဆောင်တွေဝယ်ကြနဲ့ လိုရာရောက်အောင် အတော်သည်းခံသွားရပါ့လား။ တခါတလေ အသက်ရှုတောင် မဝချင်သလို။ လိုချင်တာလေး အမြန်ဝယ်ပြီး ပြန်တာကောင်းမယ်။


Read more...

ဖက်ထုပ်


သူများတွေ ဖက်ထုပ် လုပ်စားတာမြင်တော့ စားချင်တာ။ တခါမှ ကိုယ်တိုင် မလုပ်ဖူးဘူး။ မနေ့က တရုတ်တန်းရောက်တာနဲ့ ဖက်ထုပ်ရွက် ရှာကြည့်တော့ တွေ့တာနဲ့ ၀ယ်ချလာတာ။ ကြက်သား၊ ၀က်သား နှစ်မျိုး နည်းနည်းဆီ ထည့်မယ် စိတ်ကူးလိုက်တယ်။ ညှီမှာ ကြောက်တဲ့သူဆိုတော့ တခုမကြိုက်ရင် တခုကောင်းအောင်လို့။ စလုပ်မယ်ဆိုကတည်းက ပေါက်ဝီရှီမီသဉ္ဇာမလုလု တို့ဆီ ပြေးလွှားကြည့်။ တခါနားမလည် ပြန်ကြည့်၊ နောက်ဆုံး တနေကုန် ကွန်ပြူတာနဲ့ မီးဖိုပြေးနေရတယ်။
နောက်ဆုံးတော့ ပုံတွေအတိုင်း ကိုယ်စားချင်တာ စားရသွားတယ်။ ဖက်ထုပ်ဆီချက်ကို ငယ်ငယ်ကတည်းက ခဏခဏစားတယ်။ နေမကောင်းရင်လည်း ဒါပဲ ၀ယ်ကျွေးရတာ။

Read more...

ကြက်ဥပေါင်း

>> Sunday, December 21, 2008


မနေ့ညက ကိုဇနိပြောပြတာနဲ့ ဒီနေ့စမ်းချက်ကြည့်တာ။ သူငယ်ချင်းတွေ ကြက်ဥကို ပေါင်းကြတာ သိပေမယ့် လုပ်မစားဖြစ်ဘူး။ မကြိုက်မှာလဲ စိုးတာနဲ့ ကြက်ဥနှစ်လုံးပဲ လုပ်စမ်းကြည့်တယ်။ ကြက်ဥနှစ်လုံးကို ဆားနည်းနည်းထည့်ခေါက်။ စတီးဇလုံလေးထဲထည့်ပြီး အိုးခပ်ကြီးကြီးထဲမှာ ရေနွေးတည် ပေါင်းခံလိုက်တာပါ။ ခဏနေတော့ ကြက်ဥက ဖောင်းဖောင်းကြွကြွလေးနဲ့ တင်းသွားတယ်။ အဲဒါကို အတုံးလေးတွေလုပ်ထားပြီး ပုန်းရည်ကြီးမှုန့်နဲ့ ချက်လိုက်တာ။ ခရမ်းချဉ်သီးတလုံး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ ငါးပိအနည်းငယ်နဲ့ ဆီသတ်ပြီး ပုန်းရည်မှုန့်ထည့် ကြက်ဥတုံးလေးတွေပါ ထည့်လိုက်တယ်။ ရေစပ်စပ်လေးထည့်ပြီး ဆီကျန်တဲ့အခါ ဟင်းကျက်သွားပြီ။ စားလို့ကောင်းပါတယ်။ စိတ်ဝင်စားရင် ချက်ကြည့်မယ်လေ။


Read more...

သူစိမ်းတို့ရဲ့အလယ်မှာ (၄)

>> Friday, December 19, 2008


သူစိမ်းတို့ရဲ့အလယ်မှာ (၁)
သူစိမ်းတို့ရဲ့အလယ်မှာ (၂)
သူစိမ်းတို့ရဲ့အလယ်မှာ (၃)

အောက်တိုဘာလဆီ ရောက်လာရင် ခရီးတခုထွက်ကြတယ်။ နှစ်တနှစ်မှာ စာသင်တန်းတွေကို ဧပြီတန်းရယ် အောက်တိုဘာတန်းရယ်ဆိုပြီး ခွဲထားတယ်။ ဒီနှစ်အောက်တိုဘာမှာ ခရီးမထွက်ဖြစ်လို့ နောက်လ ဇန်နဝါရီမှာ ဟော့ကိုင်းဒိုးကို သွားဖို့ စီစဉ်နေကြပြီ။ ဟော့ကိုင်းဒိုးသွားမယ်ဆိုတာနဲ့ ဦးထုပ်၊ လက်အိတ်၊ အနွေးဓါတ်ပေးမယ့် hot pad လေးတွေကအစ တဖြည်းဖြည်း စုဆောင်းနေရပြီ။

Read more...

ပဲထမင်း

>> Thursday, December 18, 2008


ပဲဆံတထုပ် ၀ယ်ထားပြီး ချက်မစားဖြစ်ဘူး။ တနေ့ကမှ ပစ္စည်းတွေရှင်းရင်းတွေ့တာနဲ့ ပဲထမင်းလေး ချက်အုံးမှလို့ အတွေးရသွားတာ။ ပဲဆံကို ရေသုံးထပ်လောက်ဆေးပြီး ဆန်ဆေးထားတဲ့အထဲ ရောထည့် ခါတိုင်းထမင်းချက်တာထက် ရေအနည်းငယ် ပိုထည့်လိုက်တယ်။ ပဲထမင်းပူပူလေးနဲ့စားဖို့ အမဲခြောက်တချောင်း ခဏရေစိမ်ပြီး ကြွပ်ကြွပ်လေးကြော်ထားတယ်။
ခရမ်းချဉ်သီးတွေ လောဘတကြီးဝယ်ထားတာနဲ့ ခရမ်းချဉ်သီး ငါးပိချက် ချက်လိုက်သေးတယ်။
တို့စရာကတော့ ရှိပြီးသား အသီးအရွက်လေးတွေ ရေဆေး ရေစစ်ထားလိုက်ရင် အဆင်ပြေသွားရော။

Read more...

အသီးအရွက်ကြော်

>> Wednesday, December 17, 2008


တကယ်တော့ မုန်လာဥနီကြော်စားတာကို သိပ်မကြိုက်ပါဘူး။ သေချာဂရုတစိုက်ကြော်မှ တခါတလေ စားချင်တဲ့အခါ စားလိုက်တာ။ မနေ့က စိတ်ကူးပေါက်တာနဲ့ အသီးအရွက်ကြော်လေး လုပ်စားမယ်ဖြစ်သွားရော။ ပြောရင်းဆိုရင် အာလူးအခွံနွှာ ရေဆေး။ အတုံးခပ်လတ်လတ်တုံးထားလိုက်တယ်။ မုန်ညင်းဖြူထုပ်၊ မုန်လာဥနီ၊ ရုံးပတီသီးကို ရေဆေး၊ လှီးထားပြီး ပြုတ်ထားတဲ့ ကြက်သားကိုလည်း နွှာထားလိုက်ပါတယ်။ ခရမ်းချဉ်သီးကိုစိပ်ထား၊ ကြက်သွန်ဖြူကို ဓားပြားရိုက် ပြန်လှီး၊ ကြက်သွန်နီလည်း အစိပ်ခပ်ကြီးကြီးစိပ်ထားရင်း ငရုပ်သီးပါ ထက်ခြမ်းခွဲထားပါတယ်။

Read more...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP