ငါရယ်၊ နင်ရယ်၊ သူရယ်၊ ပြီးတော့ တယ်လီဖုန်းလေးရယ်

>> Monday, January 28, 2008


ဒီဇာတ်လမ်းဖြစ်ပျက်လာပုံအားလုံးရဲ့ အရင်းခံရာကတော့ ရာဆင်ရဲ့ မင်္ဂလာပွဲကစတယ်လို့ပြောရမယ်ထင်တယ်။
- ငါတို့မှာအရင်ကတော့ အပေါင်းအဖော်ရယ်လို့ ငါးယောက်ပေါ့ကွာ - ဖီးရူးစ်က သူ့ရဲ့ဆုတောင်းစကားကိုဆက်တယ်။
- ငါရယ်၊ ကီးမား၊ မူရပ်၊ ရာဆင်နဲ့ ဆယ်မြူ။ ငါတို့သူငယ်ချင်းတွေ တကယ့်ကို ခံတပ်တစ်ခုလို စုစုစည်းစည်းနဲ့၊ ဖေးဖေးမမနေခဲ့ကြတယ်။ ကဲ အားလုံးပဲ ငါတို့ဇနီးတွေကို ချစ်နိုင်ကြပါစေကွာ။ - သူ့ဆုတောင်းစကားဆုံးတော့ အားလုံးက ဝိုင်းရီကြတယ်။

- ဒီနေ့တော့ ငါတို့ရဲ့ရောင်းရင်းကြီး ရာဆင်ကို လက်လွှတ်ရတော့မယ်ပေါ့ကွာ။ ရာဆင်နဲ့ဖာရီဒါရေ မင်းတို့နှစ်ယောက်လုံး ဘဝမှာ အောင်မြင်နိုင်ပါစေကွာ။ ခုဆက်ပြီးတော့ ငါ့ရဲ့နောက်တစ်ခွက်ကိုတော့ ငါတို့ငါးယောက်တည်းက နောက်ဆုံးကျန်နေတဲ့ လူပျိုကြီးဆယ်မြူအတွက် သောက်ချင်တယ်။ ငါတို့ရဲ့ အရွယ်ကောင်းဆဲလူပျိုကြီးအတွက်လဲ ဝိုင်းစဉ်းစားကြရအောင်လား။
အားလုံးက ကျွန်တော့်ဖက်လှည့်လာကြတယ်။
- ကဲဘယ်လိုလဲ ဆင်မြူ၊ ဘယ်တော့များမှ မင်းရဲ့မင်္ဂလာဆောင်မှာ ငါတို့သောက်ရမှာလဲကွ။
- လိုပါသေးတယ်ကွာ။
- ဟ ဘာကြောင့်လဲကွ။
- သူက သူနဲ့အသင့်တော်ဆုံး သတို့သမီးလောင်းကိုရှာမတွေ့သေးလို့နေမှာပေါ့ကွာ။ - ဖီးရူးစ်က ဝင်ထောက်တယ်။
- တကယ်ပဲလားကွာ၊ ဒါဆိုရင်လဲ ဆင်မြူရဲ့သတို့သမီးလောင်းကို ငါတို့ဝိုင်းရှာပေးလိုက်ကြမယ်လေ။
- ဟေးနေကြဦး၊ ငါစဉ်းစားမိတာတစ်ခုရှိတယ်၊ ဆင်မြူရဲ့သတို့သမီးကို ဖုန်းနံပါတ်တစ်ခုနဲ့ရှာကြမယ်။
- သိပ်ကောင်းတဲ့အကြံပဲ - ကျွန်တော်က ဝင်ထောက်ခံပေးလိုက်တယ်။
- ဒါဆိုရင်လဲ နံပါတ်ပြောကြလေကွာ။
- တစ်ယောက်ထဲကနေရွေးပေးတာမျိုးမဖြစ်အောင် ဖုန်းနံပါတ်ကို တစ်ယောက်တစ်လုံးဆီပြောကြမယ်ကွာ။
- သိပ်ကောင်းတာပေါ့ကွာ - ဖီးရူးစ်က သဘောတူလိုက်တယ် - နှစ်ကွာ။
ကျွန်တော်က နံပါတ်နှစ်ကိုနှိပ်လိုက်တယ်။
- ကိုး - ဖီးရူးစ်ရဲ့အမျိုးသမီးကအော်တယ်။
- သုံည - ကီးမားကသူ့နံပါတ်ကိုအော်ပြီးတဲ့နောက် သူ့မိန်းမဖက်လှည့်ပြီး
- ကဲ မင်းအလှည့်။
- အိုကေလေ၊ ကျွန်မကတော့ လေး။
- ငါး - မူရပ်ကအော်တယ်။
အားလုံးကဝိုင်းရီကြတယ်။ ကျွန်တော်လဲ ဖုန်းကို အသာပြန်ချထားလိုက်တယ်။
အဲဒီနောက်တော့ ကျွန်တော်တို့အားလုံးလဲ ကိုယ့်အိမ်ကို ကိုယ်စီကိုယ်ငှပြန်လာခဲ့ကြတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ ဘာကြောင့်ရယ်မသိ၊ အထီးကျန်နေသလိုခံစားနေရတယ်။ လူသွားလူလာရှင်းပြီး ခြောက်ကပ်နေတဲ့ လမ်းလေးမှာ ကျွန်တော်တစ်ယောက်တည်း အကြာကြီးလျှောက်သွားနေမိတယ်။ ဒီလိုလျှောက်သွားနေတုန်း ကျွန်တော့်ခေါင်းထဲမှာ စောစောက စကြနောက်ကြတုန်းက ဖုန်းနံပါတ်လေးက ပေါ်လာတယ်။ အနီးဆုံးမှာရှိတဲ့ ဖုန်းရုံလေးဆီသွားပြီး ၂-၉၀-၄၅ ဆိုတဲ့နံပါတ်လေးကို နှိပ်လိုက်တယ်။
ဖုန်းခေါ်နေတာကိုအကြာကြီးစောင့်ပြီးတဲ့နောက် ဖုန်းခွက်ဆီကနေ အမျိုးသမီးသံကြားလိုက်ရတယ်။
- နားထောင်နေပါတယ်။
- ဟဲလို မင်္ဂလာပါခင်ဗျာ။
- မင်္ဂလာပါရှင်.. ဘယ်သူပါလဲ။
- ကျွန်တော်ပါ.. မိတ်ဆက်ချင်လို့ပါ။
တစ်ဖက်က အသံကတည်တည်ငြိမ်ငြိမ်နဲ့
- မိတ်ဆက်ဖို့အတွက် အတော်နောက်ကျနေပြီလို့ရှင်မထင်ဘူးလား။
- နောက်မကျသေးပါဘူးဗျာ။ ကျွန်တော်ခုပဲ ကျွန်တော့်အချစ်ဆုံးသူငယ်ချင်းရဲ့မင်္ဂလာဆောင်ကပြန်လာတာပါ။ ကျွန်တော့်သူငယ်ချင်းတွေထဲက နောက်ဆုံးလူပျိုလက်ကျန်သူငယ်ချင်းတစ်ယောက်ပေါ့ဗျာ။ ကျွန်တော့်စိတ်ထဲမှာ သူ့အသုဘကိုလိုက်ပို့လိုက်ရတယ်လို့ ခံစားနေမိတယ်။
- ဟုတ်ပါပြီ၊ ဒါနဲ့ ကျွန်မဖုန်းနံပါတ်ကို ရှင်ဘယ်လိုလုပ်သိလဲ။
- သာမာန်ရိုးစင်းတဲ့ တိုက်ဆိုင်မှုတစ်ခုပါပဲဗျာ။ ကျွန်တော့်စိတ်ထဲမှာပေါ်လာတဲ့ ပထမဆုံးနံပါတ်ကို နှိပ်လိုက်တာပါပဲ။
- တော်တော်ကောင်းတဲ့အကြံပါပဲလား။
- ကျွန်တော်ခင်ဗျားနဲ့တွေ့လို့ရနိုင်ပမလားခင်ဗျာ။
- အဲဒီကိစ္စကတော့ ဘယ်လိုမှမဖြစ်နိုင်တာပဲ။ ခုကို အတော်နောက်ကျနေပြီလေရှင်။ ရှင်လုပ်ရမှာက အိမ်ကိုတန်းပြန်ပြီး အိပ်ရေးဝအောင်အိပ်လိုက်တော့။ နောက်နေ့အိပ်ရာကနိုးလာရင် အားလုံးအဆင်ပြေသွားလိမ့်မယ်။ ဟုတ်ပြီနော်.. နောက်မှတွေ့ကြသေးတာပေါ့။
- ဒါပေမယ့် ကျွန်တော်ကခင်ဗျားကိုတွေ့ချင်နေတယ်လေ။ အနည်းဆုံးတော့ ခင်ဗျားနဲ့စကားပြောချင်တယ်။
- ရှင် ကျွန်မဖုန်းနံပါတ်ကိုသိနေပြီပဲ၊ အကယ်၍ ရှင်စကားပြောချင်တယ်ဆိုရင်တော့ ကျွန်မဆီကို ဖုန်းဆက်နိုင်ပါတယ်။
- ခင်ဗျားတကယ်ပြောတာလား။
- တကယ်ပါ၊ ကဲ ကောင်းသောညပါရှင်။
- ကျွန်တော်ခင်ဗျားဆီကို နက်ဖြန်ဖုန်းဆက်မယ်နော်။
ဒီလုပ်ရပ်က အတော်ကြောင်ပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ အထီးကျန်နေတဲ့စိတ်မျိုးမရှိတော့ပဲ ကျွန်တော့်မှာ တစ်ယောက်ယောက်ရှိနေပြီဆိုတဲ့ နွေးထွေးတဲ့ခံစားချက်လေးတစ်ခု အစားထိုးဝင်ရောက်လာပါတော့တယ်။
- ဟယ်လို၊ မင်္ဂလာပါခင်ဗျာ၊ ကျွန်တော်ပါ။
- မင်္ဂလာပါရှင်၊ ခုပြောနေတာဘယ်သူပါလဲ။
- ခင်ဗျားမေ့သွားပြီလား၊ မှတ်မိပြီလား၊ ကျွန်တော်ခင်ဗျားဆီ ဖုန်းဆက်ဖူးတယ်လေ။ ဒီလိုအချိန်မှာပဲလေ။
- ရှင်ဖုန်းဆက်လိုက်တာကောင်းပါတယ်၊ ကျွန်မဒီနေ့ဝမ်းနည်းနေရတယ်။ ကျွန်မရဲ့ရေဒီယိုလေး ပျက်ဆီးသွားတယ်လေ။
- ခင်ဗျားက အမြဲနောက်ကျမှ အိပ်လေ့ရှိတယ်လား။
- ဟုတ်တယ်၊ ကျွန်မက ညနက်တဲ့အထိ ရေဒီယိုနားထောင်နေကြလေ။ ဒီနေ့တော့ ရေဒီယိုကလဲ ပျက်တော့ ဘာလုပ်လို့ဘာကိုင်ရမှန်းကို မသိတော့ပါဘူးရှင်။ ကျွန်မကို တစ်ခုခုပြောပါဦး။
အစပိုင်းမှာတော့ ဟိုရောက်ဒီရောက် ပြောရင်း၊ နောက်တော့ ကျွန်တော့်ဘဝရဲ့အဆင်မပြေမှုတွေ ဒုက္ခတွေကို ကျွန်တော်မသိတဲ့လူတစ်ယောက်ကို ပြောပြနေမိတော့တယ်။ ကျွန်တော့်အလုပ်မှာအဆင်မပြေတဲ့အကြောင်းတွေ၊ ကျွန်တော့်သူငယ်ချင်းနဲ့ စကားအပေါက်အလမ်းမတည့်တာတွေ၊ ကျွန်တော့်ဆရာကိုမကြိုက်တဲ့အကြောင်းတွေ စသဖြင့်ပေါ့။ နောက်တော့ ကျွန်တော်သတိပြန်ဝင်လာပြီး သူမကို အမြန်နှုတ်ဆက်လို့ ဖုန်းချလိုက်တယ်။
အိမ်ပြန်ရောက်တော့လဲ အကယ်၍များ တစ်စုံတစ်ယောက်ကို ဒီအကြောင်းတွေပြောပြမိရင် ယုံမှာမဟုတ်ဘူးဆိုတာ တွေးနေမိတယ်။ တကယ့်တကယ်မှာတော့ ကိုယ်လုံးဝမသိတဲ့လူတစ်ယောက်နဲ့ ကိုယ့်ရဲ့အတွင်းရေးတွေကို တစ်လုံးမကျန် ပြောပြဆွေးနွေးဖြစ်နေတာလေ။ သူမက တကယ်ပဲ ရေဒီယိုကို ညနက်တဲ့အထိနားထောင်လေ့ရှိပါတယ်။
ကျွန်တော်ညတိုင်းပဲ သူမဆီကို ဖုန်းဆက်ဖြစ်တယ်။ နောက်ကျမှဆက်တာကလဲ အစဉ်အလာတစ်ခုလိုဖြစ်လာခဲ့တယ်။ နောက်တော့ သူမနာမည်က “မယ်ဒီနာ” ဆိုတာရယ်၊ တစ်ယောက်တည်းနေတယ်၊ ပြီးတော့ သူမမှာ မီးခိုးရောင်မျက်လုံးတစ်စုံနဲ့ ဖိနပ်အရွယ်အစားက သုံးဆယ့်ငါးဆိုတာကို သိလာရတယ်။
- ဘယ်တော့ကျွန်တော်တို့တွေ့ကြမလဲဟင်။
- တွေ့ဖို့လိုလို့လားရှင် - သူမကပြောတယ် - ဒီတိုင်းလဲ ကျွန်မတို့အတွက်အဆင်ပြေနေတာပဲလေ။ ရှင်တော့မသိဘူး၊ ကျွန်မဘဝမှာတော့ ရှင့်ဆီကဖုန်းမြည်သံတွေက တကယ့်ကိုအရေးကြီးပါတယ်ရှင်။ လူတစ်ယောက်ရဲ့ဖုန်းကိုစောင့်နေရတဲ့ အချိန်တွေ၊ အဲဒီလူနဲ့ စကားပြောနေရတဲ့အချိန်တွေမှာ ကျွန်မအရမ်းကြည်နူးရပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီလူကို ကျွန်မလုံးဝမသိဘူး၊ တစ်ခါမှလဲမမြင်ဖူးဘူး၊ အဆုံးစွန် ဘယ်လိုပုံလဲဆိုတာကိုတောင် ကျွန်မစိတ်ကူးကြည့်လို့မရဘူး။ ရှင့်အလုပ်ကအကြောင်းတွေပဲ ပြောကြတာပိုကောင်းမယ်လေ။ အားလုံးအဆင်ပြေရဲ့လား။
- ကျွန်တော်အလုပ်ပြောင်းစာတင်ထားတယ်။
- ရှင်ကဘယ်ကိုပြောင်းမလို့လဲ။
- ခုထိတော့ မသိသေးပါဘူး။ ခင်ဗျားက ဘယ်လိုအကြံပေးချင်လို့လဲ။
သူမက ကျွန်တော့်အမေးကို ပြန်မဖြေပါဘူး။
ဒီလိုနဲ့ ကျွန်တော်တို့သူငယ်ချင်းတစ်စု နှစ်သစ်ကူးညမှာ ဖီးရူးစ်အိမ်မှာ ဆုံဖြစ်ကြပြန်ပါတယ်။ ညဆယ့်နှစ်နာရီထိုးတယ်ဆိုရင်ပဲ ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ကြ၊ နမ်းရှိုက်ကြတယ်။ အပြန်အလှန်ဆုတောင်းပေးကြတယ်။ ဖီးရူးစ်ကပြောတယ်၊ ဒီနှစ်ကတော့ ဆယ်မြူရဲ့ လက်ထပ်ပွဲကျင်းပမယ့်နှစ်ဖြစ်လိမ့်မယ်တဲ့။
ကျွန်တော်တစ်ယောက်တည်း ကော်ရစ်ဒါဖက် ထွက်လာခဲ့တယ်။ သူမဆီဖုန်းဆက်ပြီး ဖုန်းကိုင်ဖို့ အကြာကြီးစောင့်နေရတယ်။ ဒါပေမယ့် ပြန်ထူးသံမကြားရပါဘူး။ ကျွန်တော်ထပ်ခါတလဲလဲဆက်တယ်။ ညတစ်နာရီရောက်တော့ ထပ်ဆက်တယ်၊ သူမကို မော်စကိုစံတော်ချိန်နဲ့ နှစ်သစ်ဆုတောင်းပြောမယ်ဆိုပြီးတော့ပေါ့။ နောက်ထပ်တစ်နာရီကြာတော့ ပရပ်စံတော်ချိန်နဲ့ ဆုတောင်းဖို့ထပ်ဆက်တယ်။ နောက်ပြီးတော့ နောက်တစ်နာရီ… ဘယ်စံတော်ချိန်မှန်းတောင်မသိတော့ပါဘူး။ မနက်ခြောက်နာရီခွဲလောက် ကျွန်တော်လမ်းပေါ်ကနေဖုန်းဆက်တော့မှ သူမအသံကိုကြားလိုက်ရတယ်။
- အတ္တလန်တိတ်စံတော်ချိန်နဲ့ မင်းကိုနှုတ်ခွန်းဆက်သပါတယ်။ နှစ်သစ်မှာပျော်ရွှင်ပါစေ။
သူမကသိပ်နားလည်ပုံမပေါ်ပါဘူး။ ကျွန်တော်ကလဲ သူ့ကိုရှင်းပြမနေတော့ဘူး။
- အိုး ရှင်ကိုး။ ကျွန်မခုပဲ ပြန်ရောက်တာ။
- သိပါတယ်။ ကျွန်တော်ခင်ဗျားကို တစ်ညလုံးဖုန်းခေါ်နေတာ။
- ကျွန်မသူငယ်ချင်းဆီရောက်နေတာလေ။
- ဒါကသိပ်အရေးမကြီးပါဘူး - ကျွန်တော်ကပြောလိုက်တယ်။
- ခုလိုနှစ်သစ်ကူးမှာ ကျွန်တော်ခင်ဗျားကို အရေးအကြီးဆုံးတစ်ခုပြောချင်တယ်။ ကျွန်တော်ခင်ဗျားကို အရမ်းချစ်တယ်ဗျာ။
- ဟားဟား ဘုရားရေ - သူမကရီတယ်။ - နှစ်သစ်ကူး ပထမဆုံးအချိန်ရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ အံ့သြမှုပါလား။
- ကျွန်တော်သိပါတယ်၊ ဒါဟာသဘာဝမကျဘူး၊ မိုက်မဲမှုဆိုတာ။ ကျွန်တော်ခင်ဗျားကို တစ်ခါမှလဲမမြင်ဖူးဘူး၊ ဒါပေမယ့် ခင်ဗျားမရှိရင် ကျွန်တော့်ဘဝရပ်တည်နိုင်လိမ့်မယ်လို့ ကျွန်တော်မထင်ဘူး။
- ကျွန်မရဲ့ဖုန်းသာမရှိခဲ့ရင် - သူမကပြောတယ် - ဒီစကားလုံးတွေဟာ သာမာန်စိတ်လှုပ်ရှားမှုကလာတယ်ဆိုတာကို သိပါတယ်၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်လေ နားထောင်ရတာကိုတော့ ကျွန်မနှစ်သက်မိပါတယ်။
- ဘယ်တော့များမှ ကျွန်တော်ခင်ဗျားကို တွေ့ခွင့်ရနိုင်မှာလဲဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားပြောတာမှန်ပါတယ်။ ဒါဟာတကယ့်ကိုပြည်စုံတဲ့ ချစ်ခြင်းပုံစံတစ်ခုပါပဲ။ တယ်လီဖုန်းလိုင်းလေးကနေပေါ့၊ အရမ်းလှပတဲ့ ဆက်သွယ်မှုတစ်ခုပါပဲ။
- ဒါပေမယ့် တစ်ဖက်သတ်ဆက်သွယ်မှုတစ်ခုပါနော် - သူမကပြောတယ်။ - ကျွန်မဆိုလိုတာက ရှင်ကကျွန်မဆီကိုဖုန်းဆက်နိုင်တယ်လေ၊ ကျွန်မကတော့ မဆက်နိုင်ဘူးပေါ့။
- ခင်ဗျားဘယ်မှာနေတယ်ဆိုတာ ကျွန်တော့်ကိုပြောပြပါလား၊ ခုချက်ခြင်းရောက်အောင် ကျွန်တော်လာခဲ့မယ်လေ။
- တောင်းပန်ပါတယ်ရှင် - သူမကပြောတယ်၊ သူ့အသံတွေထဲမှာ စိုးရွံ့မှုတွေပါနေတယ်လို့ ကျွန်တော်ခံစားမိပါတယ်။ - ဒီလိုမျိုးတောင်းဆိုမှုတွေကို လူတော်တော်များများဆီက ကျွန်မကြားခဲ့ပြီးပါပြီ။ တကယ်လို့ ရှင်အဲလိုမျိုးတောင်းဆိုနေမယ်ဆိုရင်တော့ ကျွန်မတို့ရဲ့ဆက်ဆံရေးကို ကျွန်မဖြတ်တောက်ရလိမ့်မယ်။ - သူမက ခဏနားပြီးမှ ဆက်ပြောတယ်။ - ကျွန်မလဲရှင့်ကို အရမ်းတွယ်တာမိနေပါပြီ။ အဲဒီစကားလုံးကို ကျွန်မယောက်ျားသေပြီးတဲ့နောက်ပိုင်း ရှင့်ကိုအရင်ဆုံးပြောတာပါပဲ။
ဇန်နဝါရီလ သုံးရက်နေ့မှာတော့ ကျွန်တော့်အလုပ်သစ်ကို စဝင်တယ်။ ရုံးအဝင်ဝမှာ ရုံးဝန်ထမ်းတွေရဲ့လိပ်စာတွေ၊ ဖုန်းနံပါတ်တွေချိတ်ဆွဲထားတာကို သတိပြုမိလိုက်တယ်။ ကျွန်တော်လဲ အမှုမဲ့အမှတ်မဲ့ ဖုန်းနံပါတ်တွေကို မျက်စိကစားရင်း၊ တစ်နေရာကိုရောက်တော့ ကျွန်တော့်မျက်လုံးတွေရပ်သွားတယ်။ ကိုယ်နဲ့လုံးဝရင်းနှီးမှုမရှိတဲ့လူတွေကြားထဲမှာ ကိုယ့်မိတ်ဆွေတစ်ယောက်ကိုတွေ့လိုက်ရသလိုပဲ ကျွန်တော်အရမ်းအံ့သြသွားမိတယ်။
- ဒီတစ်ယောက်က ဘယ်သူလဲ - ကျွန်တော်က အတွင်းရေးမှူးမလေးကို မေးကြည့်လိုက်တယ်။
- သူက လက်နှိပ်စက်စာရေးမလေးပါ။
ကျွန်တော်က ပြူတင်းပေါက်ကနေ လှေကားပေါ်ကဆင်းလာတဲ့ လက်နှိပ်စက်စာရေးမလေးကို လှမ်းကြည့်နေမိတယ်။ သေချာတာပေါ့၊ သူမမှာ မီးခိုးရောင်မျက်ဝန်းတစ်စုံရှိတယ်လေ။ သူမရဲ့ ဒေါက်ဖိနပ်သံ တဒေါက်ဒေါက်ကိုနားစွင့်ရင်းက၊ အဲဒီဒေါက်ဖိနပ်ဆိုက်က သုံးဆယ့်ငါးဖြစ်ရမယ်ဆိုတာကို ကျွန်တော်တန်းသိလိုက်တယ်။
အဖြစ်အပျက်ကတော့ တကယ့်ကို ပုံပြင်ထဲကလိုပါပဲ။ ကံကြမ္မာက ကျွန်တော်တို့နှစ်ယောက်ကို အပြင်လောကရဲ့တစ်နေရာမှာ ဆုံပေးလိုက်တယ်လေ။ ဒီအကြောင်းတွေကို သူမကတော့ မသိသေးပါဘူး။
ညဖက်ရောက်တော့ သူမဆီကျွန်တော် ဖုန်းခေါ်ဖြစ်တယ်။
- မင်္ဂလာပါဗျာ - ကျွန်တော်ခင်ဗျားဆီကို လွန်ခဲ့တဲ့နှစ်နာရီတုန်းက ဖုန်းခေါ်သေးတယ်။
- ကျွန်မသူငယ်ချင်းတစ်ယောက်ဆီရောက်နေတာ။ ကျွန်မအလုပ်အရမ်းရှုပ်နေတယ်လေ၊ အဲဒါနဲ့သူ့ဆီမှာ သွားလုပ်နေတာ။
- ဘာတွေများ ဒီလောက်တောင်ရှုပ်နေရတာလဲဗျ။
- မပြောချင်တော့ပါဘူးရှင်၊ ရုံးကအလုပ်တွေက အိမ်အထိပါလာတယ်လေ။ ကျွန်မတို့ရုံးရဲ့ လူကြီးအသစ်က ခိုင်းလိုက်တာတွေပေါ့။ ဒီနေ့ ကျွန်မတိုဋ္ဌာနကို ဋ္ဌာနမှူးအသစ်ရောက်တယ်လေ။
- သူကဘယ်လိုလူမျိုးလဲဗျ။ - ကျွန်တော်က ရီချင်စိတ်ကို ထိမ်းချုပ်ရင်းမေးလိုက်တယ်။
- ဒီလိုပါပဲ၊ ကျွန်မတော့ သူ့ကိုမကြိုက်ပါဘူး။ ကြည့်ရတာ နောက်တိနောက်တောက်နဲ့ပါ။ ဒါပေမယ့် တစ်ကြိမ်ပဲတွေ့ရသေးတာဆိုတော့ ခန့်မှန်းဖို့ခက်ပါသေးတယ်။
ကျွန်တော်အရမ်းအံ့သြသွားမိတယ်။ အဲလိုမျိုးပြောဖြစ်လိမ့်မယ်လို့ ကျွန်တော့်ခေါင်းထဲမှာ တွေးထင်မထားမိဘူးလေ။
- ဘယ်လိုလဲ ရှင်ရောအဆင်ပြေရဲ့လား။ အလုပ်သစ်ကိုပြောင်းပြီးသွားပြီလား။
ကျွန်တော့်အတွေးထဲမှာတော့ သူမကို လှည့်စားဖို့စိတ်ကူးလုံးဝမရှိပါဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ အတွင်းဖက်မသိစိတ်ကနေ အတွေးတစ်ခုဝင်လာပြီး သူမကိုပြောလိုက်တယ်။
- မပြောင်းသေးပါဘူး၊ ခင်ဗျားသိလား ကျွန်တော်အရင်အလုပ်မှာပဲ ဆက်လုံးဖို့ဆုံးဖြတ်လိုက်တယ်။
မနက်ရောက်တော့ ကျွန်တော် ”မယ်ဒီနာ”ကိုတွေ့တယ်။ ကျွန်တော်က အရမ်းကိုဂရုတစိုက်နေတယ်၊ အရမ်းကိုသဘောကောင်းပြနေတယ်၊ ပြီးတော့ ကျွန်တော်အဲလိုပြောင်းလဲသွားတာ သူမသတိထားမိလားဆိုတာကို အရမ်းသိချင်နေမိတယ်။
အဲဒီအကြောင်းကိုသိဖို့ကတော့ ကျွန်တော်တို့ရဲ့ ဖုန်းထဲမှာတွေ့ကြတဲ့အချိန်လေးရောက်အောင် စောင့်ရမှာပေါ့လေ။
- ကျွန်မရှင့်ကိုပြောသားပဲ၊ လူတစ်ယောက်ကို တစ်ခါတွေ့ဖူးရုံနဲ့ ကောင်းမကောင်းဆုံးဖြတ်လို့မရဘူးဆိုတာလေ။ ကျွန်မတို့ဋ္ဌာနမှူးက အရမ်းကိုသဘောကောင်းပြီး၊ ခင်ဖို့ကောင်းမယ့်ပုံပါပဲ။
- ကျွန်တော်တောင် ခင်ဗျားကိုမနာလိုဖြစ်လာပြီနော် - ကျွန်တော်က စလိုက်တယ်။
ကစားကွက်ကတော့ အဲဒီလိုစခဲ့တာပေါ့။ ခုချိန်မှတော့ ကျွန်တော်ဘယ်လိုမှ မတတ်နိုင်တော့ဘူးလေ။ အခြေအနေတွေအားလုံးကို ကျွန်တော်ပဲဖန်တီးခဲ့တာမို့လား။
အလုပ်မှာတော့ ကျွန်တော်က ကျွန်တော်မဟုတ်တဲ့ တခြားသူတစ်ယောက်ပုံစံမျိုးဖြစ်အောင် ကြိုးစားနေတယ်။ သဘောကောင်းတယ်၊ ဒါပေမယ့် လွယ်လွယ်နဲ့မလိုက်လျောတတ်တဲ့ပုံစံမျိုးပေါ့။ သူမကလဲ ကျွန်တော်နဲ့ဖုန်းပြောတိုင်း ကျွန်တော့်အကြောင်းတွေကို ကျွန်တော်မျှော်လင့်ထားတဲ့ပုံစံအတိုင်း ပြန်ပြန်ပြောပြတယ်။ ကျွန်တော့်ရဲ့လှုပ်ရှားမှုတွေ၊ မျက်နှာအမူအရာတွေကအစပေါ့။
တကယ့်ကိုအံ့သြစရာကောင်းတဲ့အရာတစ်ခုပါပဲ။ စိတ်ခံစားမှုတွေကလဲရောထွေးနေလေရဲ့။ ”ဆယ်မြူရယ် ဟာလီလိုဗိခ်ျ” ဆိုတဲ့လူတစ်ယောက်အနေနဲ့ ကျွန်တော် ”မယ်ဒီနာ”ရဲ့ ညပိုင်းအချိန်တွေကို မနာလိုဖြစ်တယ်။ ညဖက်ဖုန်းပြောကြတဲ့အချိန်ရောက်ရင်တော့ အဆက်မပြတ်ပြောပြနေတဲ့ သူမရဲ့ ”ဆယ်မြူရယ်”ဆိုတဲ့ ရုံးကလူအကြောင်းတွေက ကျွန်တော်တဖြစ်လဲ ”ရူးစ်တမ်” ကို လာလာကလိတယ်။
- ”ခင်ဗျားနဲ့ကျွန်တော်နဲ့”ပြောနေကြတာတစ်မျိုးပဲ၊ ”နင်နဲ့ငါနဲ့”ပြောကြမယ်လေ - တစ်နေ့မှာ ကျွန်တော်ကပြောပြတယ်။ - ကျွန်တော်တို့တွေ ရင်းနှီးလာတာလဲ ကြာပြီမို့လား။
- အိုကေလေ၊ ဒါဆိုလဲ အဲလိုပဲပြောကြတာပေါ့။ - သူမက ချက်ခြင်းဆိုသလိုပဲ သဘောတူလိုက်တာ ဖုန်းထဲကနေ ကြားလိုက်ရတယ်။
- သိပ်ကောင်းတာပေါ့၊ ကောင်းသောညပါ။ - ကျွန်တော်က ကလေးငယ်တစ်ယောက်လို ပျော်ရွှင်စွာနဲ့ ဖုန်းချလိုက်တယ်။ ဒီလိုဆိုရင် ကျွန်တော်နဲ့သူနဲ့က ညပိုင်းဖုန်းပြောကြတဲ့အချိန်မှာတော့ ”နင် နဲ့ ငါ” ပေါ့။ ရုံးရောက်ရင်တော့ ကျွန်တော့်ကိုယ်ပွား ဟိုလူနဲ့ ”ခင်ဗျားနဲ့ ကျွန်တော်” ပေါ့။
ဒီလိုနဲ့ ”ငါ” ဆိုတဲ့ ကျွန်တော်က ”နင်” ဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ပတ်သက်လို့ ”သူ” ဆိုတဲ့ ကျွန်တော့်ကိုယ်ပွားကို မနာလိုဖြစ်နေမိတယ်။
- ငါ့အထင်တော့ နင်က ဟိုလူ့ကို သဘောကျနေပုံပဲ။
- နင်က ဘယ်ကနေဘယ်လိုသိနေရတာလဲ - သူမက ပါးနပ်စွာနဲ့ပြန်ပြောတယ်။ - သူက ငါ့ကိုသဘောကျဦးမှပါဟာ။
ကျွန်တော်က မနာလိုဖြစ်စွာနဲ့ ဖုန်းချပစ်လိုက်တယ်။ ရက်အတော်ကြာအောင်လဲ သူမဆီဖုန်းမဆက်ဘဲနေလိုက်တယ်။
ကျွန်တော့်ရဲ့သူမအပေါ်မနှစ်မြို့မှုကို သူမတစ်ယောက်တည်းသတိထားမိတာမဟုတ်ပါဘူး။ တစ်နေ့မှာ ကျွန်တော်နဲ့သူ ကော်ရစ်ဒါမှာလမ်းလျှောက်နေခိုက် ရုံးဝန်ထမ်းတစ်ယောက်ကရောက်လာပြီး
- သိပ်လဲ ကြိုးစားမနေနဲ့ဦးလေ - သူက ရီရီမောမောနဲ့နောက်တယ်၊ ပြီးတော့သူမမျက်လုံးတွေကို တည့်တည့်ကြည့်ရင်း - ကြိုးစားခဲ့ပါတယ်၊ ဒါပေမယ့် ဖြစ်မလာဘူးလေ။
ကျွန်တော်တို့ သုံးယောက်လုံး တစ်ပြိုင်တည်းရီလိုက်ကြတယ်။
နောက်နေ့မှာတော့ ကျွန်တော်တို့တွေ ရုပ်ရှင်သွားကြည့်ကြတယ်။ ရုပ်ရှင်က လေသူရဲတွေအကြောင်းပါ။ ”မယ်ဒီနာ”က ရုပ်ရှင်ကြည့်နေရင်းနဲ့ အရမ်းဝမ်နည်းလာတယ်။ ကျွန်တော်တို့ အပြန်မှာ ကားလမ်းဘေးက လမ်းလေးအတိုင်း လမ်းလျှောက်ပြန်ကြတော့ သူမက သူမယောက်ျားအကြောင်း ကျွန်တော့်ကို အားလုံးပြောပြတယ်။ သူမယောက်ျားကလဲ လေသူရဲတစ်ဦးပါ။ ကျွန်တော်တို့နှစ်ယောက် ညအမှောင်ကောင်းကင်ပေါ်က ဟိုဒီပြေးလွှားနေကြတဲ့ အစက်အပြောက်လေးတွေကို ငေးမောနေကြတယ်။
- သူ့ကိုအဲဒီမှာ မြှုပ်နှံထားတာပေါ့။ မုဆိုးမတွေအားလုံးကတော့ သုသာန်ကိုသွားကြတယ်။ ကျွန်မကတော့ ကောင်းကင်ပြင်ကြီးကိုပဲ မော့မော့ကြည့်ရတာပေါ့။
ကျွန်တော်က သူ့မျက်နှာပေါ်က မျက်ရည်တွေကို လက်နဲ့အသာသုတ်ပေးလိုက်တယ်၊ နောက်တော့ ရုတ်တရက် သူမကိုနမ်းဖို့ကြိုးစားလိုက်တယ်။
- မလုပ်ပါနဲ့၊ အဲလိုမလုပ်ပါနဲ့ - သူမကပြောတယ်၊ အဲလိုပြောရင်းကပဲ သူမရဲ့ငြင်းဆိုတဲ့အသံ တဖြည်းဖြည်းတိုးညှင်းပျောက်ကွယ်သွားတယ်ဆိုတာ ကျွန်တော်ခံစားလိုက်ရတယ်။
- ဟေး နားထောင်ပါဦး ငါ့ရဲ့အလိမ္မာတုန်းရယ်၊ ငါနင်နဲ့ အရေးကြီးတဲ့ကိစ္စတစ်ခု တိုင်ပင်စရာရှိတယ်။ တစ်ခုတော့ ကြိုးတောင်းပန်ထားမယ်နော်။ ငါစကားပြောလို့ပြီးတဲ့အထိ နင်စိတ်မဆိုးဘဲနဲ့ နားထောင်ပေးပါနော်။
သူမအဲဒီစကားကိုပြောလာဖို့ ကျွန်တော်စောင့်နေခဲ့တာ သုံးရက်တောင်ရှိနေပါပြီ။ ကျွန်တော်ခန့်မှန်းထားခဲ့တာလဲ သုံးရက်တောင်လွန်လာပြီလေ။ ဘာဖြစ်လို့များ ဒီအကြောင်းကိုပြောဖို့ သူမမေ့လျော့နေတာပါလိမ့်။
- ဟုတ်ပြီနော်၊ အေးဆေးနားထောင်နော်။
- ပြောမှာသာပြောပါ၊ ငါ့ကို စိတ်မရှည်အောင်လုပ်မနေပါနဲ့။
- အေးပါ။ လွန်ခဲ့တဲ့သုံးရက်က ဆယ်မြူက ငါ့ကိုလက်ထပ်ခွင့်တောင်းတယ်။ နင်ဘယ်လိုဖြစ်သွားတာလဲ။ အံ့သြမှုကြောင့်လဲကျမသွားပါဘူးနော်။
- ဟင့်အင်း - ကျွန်တော်ကပြန်ပြောလိုက်တယ်။ - နင်ကရော သူ့ကို ဘာပြန်ဖြေလိုက်လဲ။
- ခုထိတော့ ငါဘာမှပြန်မပြောရသေးဘူး။ နင်နဲ့အဲဒီအကြောင်းဆွေးနွေးချင်တာလေဟာ။
- ဘာမှပြန်ဖြေမနေနဲ့ - ကျွန်တော်ကပြောလိုက်တယ်။ အံ့သြဖို့အကောင်းဆုံးက အဲဒီစကားက ကျွန်တော့်စိတ်ထဲကလာတဲ့အတိုင်း ကျွန်တော်ပြောလိုက်တာပါ။ - နင်ဘယ်သူ့ကိုမှ လက်မထပ်ရဘူး၊ ဒါမှမဟုတ် နင်ငါ့ကိုပဲ လက်ထပ်ပါ။ ငါနင့်ကို အရမ်းချစ်တယ်။ တယ်လီဖုန်းထဲကနေ လက်ထပ်လို့ရရင် ဘယ်လောက်များကောင်းလိုက်လေမလဲနော်။
- ငါ့ကိုနင်နားလည်ပေးပါဟာ - သူမကလေးလေးနက်နက်နဲ့ စိတ်မကောင်းစွာနဲ့ပြန်ပြောတယ်။ - နင်တို့ယောက်ျားတွေက တစ်ယောက်တည်းနေရတဲ့ဘဝရဲ့အထီးကျန်မှုတွေကို မကြခဏဆိုသလိုပဲ ပြောကြတယ်။ တကယ်တမ်းတော့ အဲဒါကရီစရာကြီးပါ။ မိန်းကလေးတစ်ယောက်တည်းနေရတဲ့ အထီးကျန်တဲ့ဘဝကို နင်တို့တွေ ဘယ်တော့မှ စာနာနားလည်ပေးနိုင်မှာမဟုတ်ဘူး။ ညသန်းခေါင်ယံမှာလန့်နိုးလာပြီး၊ နင့်ရဲ့ပတ်ပတ်လည်မှာ နံရံတွေပဲရှိတယ်ဆိုတဲ့ဘဝကို နင်စဉ်းစားကြည့်စမ်းပါဟာ…ပြီးတော့လေ…
ကျွန်တော်ဘယ်လိုစကားမျိုးတွေနဲ့ သူမကိုပြန်ပြောရမှာလဲ။ သူမက တိတ်ဆိတ်သွားတယ်။ ပြီးတော့ကျွန်တော်နားလည်သွားပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်မှ၊ ရူးစ်တမ်ဆိုတဲ့ကျွန်တော်၊ ဒါမှမဟုတ် ဆယ်မြူဆိုတဲ့ကျွန်တော်၊ ဘယ်သူမှ သေဆုံးသွားပြီဖြစ်တဲ့ သူ့ယောက်ျားရဲ့ပြိုင်ဖက်ဖြစ်လာတော့မှာ မဟုတ်ဘူးဆိုတာကိုပေါ့။
ညနေပိုင်း အလုပ်ဆင်းတော့ ပထမဆုံးအနေနဲ့ ကျွန်တော့်ကို သူ့အိမ်ကို အလည်ခေါ်ပါတယ်။ ရေဒီယိုလေး၊ ထိုင်ရတာသက်တောင့်သက်သာရှိလှတဲ့ ကုလားထိုင်လေးရယ်၊ မီးအိမ်လေးရယ်၊ အရာအားလုံးက ကျွန်တော့်စိတ်ကူးထဲမှာ မြင်ယောင်ကြည့်ခဲ့ဖူးတဲ့ သူမရဲ့အခန်းလေးအတိုင်းပါပဲ။
ကျွန်တော်သူမကို နမ်းတဲ့အခါမှာတော့ အစပိုင်းမှာ နာကျင်စွာ၊ နောက်ပိုင်းမှာချိုမြိန်စွာ သူမနိုးထလာခဲ့ပြီဆိုတာကို ကျွန်တော်ခံစားမိလိုက်တယ်။ အဲဒီအချိန်မှာပဲ ရုတ်တရက်ဆိုသလို သူမကကျွန်တော့်ရင်ခွင်ထဲက ရုန်းထွက်ရင်း တစ်ခုခုကို အာရုံစိုက်နားထောင်နေတယ်။ ကျွန်တော်က လေယာဉ်ပျံသွားတဲ့အသံများကြားရလေမလားဆိုပြီး စောင့်နားထောင်နေပါသေးတယ်။ ဒါပေမယ့် ဘာလေယာဉ်မှာမရှိပါဘူး။
နောက်ဆုံးမှာတော့ ကျွန်တော်နားလည်သွားလိုက်ပါတယ်။ သူမက တယ်လီဖုန်းဆီကအသံကို နားစွင့်နေတာကိုး။ ဒီအချိန်က ”သူ” ဆိုတဲ့လူတစ်ယောက် ဖုန်းဆက်နေကျအချိန်လေ။
သူဆိုတာကလည်း ”ကျွန်တော်” ပါပဲ။
”သူ”ဆိုတဲ့လူတစ်ယောက် ”သူမ”ဆီကို ဘယ်သောအခါမှ ဖုန်းဆက်တော့မှာမဟုတ်တော့ဘူးဆိုတာ ကျွန်တော်သိနေပေမယ့် တစ်ခါတစ်ရံမှာတော့ တယ်လီဖုန်းလေးများအသံမြည်လာဦးမလားဆိုတာ သံသယဝင်နေမိပါသေးတယ်။ ကျွန်တော်ကိုယ်တိုင်လဲ အဲဒီအသံလေးကို မျှော်နေမိတယ်လေ။ ပြီးတော့ကျွန်တော့်စိတ်ထဲမှာလဲ တယ်လီဖုန်းလေးမြည်လာပါစေချင်နေမိပါတယ်။
တယ်လီဖုန်းလေးကတော့ ငြိမ်သက်လျက်…..။ ။
(အက်ဇ်ဘာဂျန်လူမျိုး စာရေးဆရာ ”အာနား”၏ ဝတ္ထုတိုလေးကို ဘာသာပြန်ပါသည်။)

1 comments:

honey March 10, 2008 at 6:59 PM  

အရမ်းကောင်းတဲ့ ဘာသာပြန်လက်ရာလေးပါဗျို့

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP