လူအေးနှင့်အရှုပ်တော်ပုံ

>> Friday, January 11, 2008


ပြောရဦးမယ်။ လူအေးတို့ ကျောင်းတော်သာကိုရောက်ခါစက တစ်ခန်းကိုရှစ်ယောက်ဟောတိုက်နေရတယ်။ သိတဲ့အတိုင်း နေပူ၊လေတိုက်၊မြွေပွေးကိုက် လို့တောင်စာဆိုရှိမှာတော့ ပူလိုက်တာလွန်ပါရော။ အဲဒီတော့ လူအေးတို့ ပြူတင်းတံခါးတွေ အကုန်ဖွင့်ထားတာပေါ့။ လေကလည်း ရူးနေအောင်ကိုတိုက်တာ။ ကျောင်းကိုစရောက်လို့ ၅ ရက်ပြည့်တဲ့နေမှာ လေတိုက်လွန်းလို့ လူအေးတို့ အခန်းတံခါးမှန်ကွဲပါလေရောဗျာ။ သူ့ဟာသူပါဗျာ တကယ်ပြောတာ။ အဲဒါကို စာရေးကြီးကရောက်လာပြီး လူအေးတို့ကိုဖြဲတော့တာပဲလေ။ ညနေရောက်တော့နောက်တစ်ခေါက်လာပြောတယ် မင်းတို့အားလုံးကို ပါချုပ်ကြီးအရမ်းစိတ်ဆိုးနေတယ်။ ကျောင်းပိုင်ပစ္စည်းကို ဖျက်ဆီးလို့တဲ့။ လေတိုက်လို့ကွဲတာပါဆိုတာကို မယုံဘူး။ မူးပြီးခွဲတာလို့ပဲစွပ်စွဲပြီး ၆/၁တွေရော ၇/၁ တွေရော စုံနေအောင်ပြောတယ်။ မနက်ဖြန်မနက် ပါချုပ်ကြီးရုံးခန်းကို မင်းတို့ရှစ်ယောက်လုံးတတ်ရမယ်တဲ့။ အဲ… လူအေးတော့သွားပြီ။ ဘယ့်နှယ်လုပ်ရမယ်မှန်းကိုမသိတော့တာ။ ကျောင်းကိုမသွားခင်တုန်းက အမေကသေချာမှာလိုက်တယ် “ငါ့သားရယ်… မင်းကျေးဇူးကြောင့်၊ ငါတို့မှာလည်း ကျောင်းအုပ်ကြီးတွေနဲ့ရင်းနှီးတာလည်း မနည်းတော့ဘူးတဲ့”။ နေရာတစ်ကာမပါ-ပါနဲ့။ လိမ္မာပါတော့သားရယ်။ ကိုယ့်ကိုကိုယ်ဂရုစိုက်ပါလို့မှာလိုက်တာ။ လူအေးတို့အခုကျောင်းရောက်လို့တစ်ပတ်မပြည့်သေးဘူး ပါချုပ်ကြီးရုံးကိုတတ်ရတော့မယ်။ မိဘခေါ်ဆိုရင်တော့။ အမေက ဘာပြောမယ်မသိ။ အဖေကတော့ “ငါထင်တော့ထင်သား၊ ဘယ်တော့လာရမလဲလို့စောင့်နေတာ၊ ခုဟာကစောတာကွာ” ဆိုတာမျိုးပြောဦးမယ်။ ဟင်! ဘယ်နှယ့်လုပ်ရပါ့။

နောက်နေ့မနက် စာရေးကြီးလာခေါ်လို့။ လူအေးတို့ စပ်ဖြီးစပ်ဖြီးနဲ့ ရုံးသွားတတ်တာပေါ့။ ဟိုရောက်တော့ ပါချုပ်ကြီးကမေးတယ် ဘာကိစ္စတုန်းတဲ့။ ဟောဗျာ သူ့ခမျာဘာမှမသိရှာသေးဘူး။ သူခေါ်တယ်ဆိုလို့လည်း လာရသေးတယ်။ အဲ! စာရေးကြီးက၀င်ပြောမလို့လုပ်တုန်း။ ပါချုပ်ကြီးဆီကို ဖုန်းလာပါလေရော။ လူကြီးတွေဆိုတော့ သိပ်အလုပ်ရှုပ်တာ ပြာပြာပြာပြာနဲ့ ခဏလေးကွာဆိုထွက်သွားတာ။ လူအေးတို့ ၈-ယောက်လည်း ရုံးခန်းထဲမှာ အူလည်လည်မတ်တပ်လေးတွေနဲ့ပေါ့။ မကြာပါဘူး စာရေးကြီးလည်း မင်းတို့အားလုံး ယောင်လို့တောင်ရုံးခန်းအပြင်ကို မထွက်နဲ့။ ငြိမ်ငြိမ်နေခဲ့ကြ ဆိုပြီး သူကလည်း ဘယ်ထွက်သွားတယ်မသိပါဘူး။ ရုံးအပြင်ထွက်တဲ့ကောင် ကျောင်းထုတ်မယ်ဆိုတော့ လူအေးတို့လည်း အပြင်ဘယ်ထွက်ရဲမလဲ။ ဟိုက်ရှားပါ ရုံးခန်းဆိုတော့ အဲယာကွန်းနဲ့လေ။ လူအေးလည်းရပ်ရတာ ညောင်းလာတော့ ထိုင်ခုံကိုဆွဲထိုင်လိုက်တယ်။ လူကြီးတွေမှ မရှိတာပဲလေနော။ ဇိမ်ကျလိုက်တာ။ ဖီးလ်ကလေးနဲ့ သီချင်းလေညဉ်းလိုက်တယ် “ဒီလိုနေ့မျိုး တစ်ရာမကလေတွေ့ပါရစေ”ဆိုတော့။ အယူသည်း စစ်ကိုင်းသားဘိုးတော်က ဘုရားစာရွတ်နေရာကနေထအော်တယ် “နိမိတ်မရှိ နမာမရှိကွာ”တဲ့။ အင်း လူအေးလည်း ငြိမ်ပြီးနှပ်နေတုန်း အသားမဲမဲအရပ်ရှည်ရှည်နဲ့ ကင်မရွန်းဆိုတဲ့ကောင်ကဂြိုလ်ထမွှေတယ်။ လူအေး ငါရေငတ်တယ်ကွာတဲ့။ ဘာခက်တာမှတ်လို့လဲ လူအေးဘေးမှာ ရေခဲသတ္တာကြီးရှိနေတာ့ ဖွင့်ကြည့်လိုက်တယ်။ အိုအေစစ်ရေသန့်ဗူးလေးတွေ့တာနဲ့ သူ့ကိုမပေးခင် အရင်ဦးအောင်သောက်၊ ပြီးမှပေးလိုက်တယ်။ အဲ့ဒီမှာ မုံရွာသား ဘစ်ရှော့ခ်ဆိုတဲ့ကောင်က ဖဲသမားမျက်စိနဲ့ “အံမယ် ရေခဲသေတ္တာအပေါ်မှာ ငါတို့ဆီကထွက်တဲ့ မြေပဲစားလှော်ထုပ်ကွ” ဆိုပြီး ထ ယူစားတယ်။ ဘယ်ရမယ် လူအေးလည်း အနားမှာရှိတဲ့ ပန်းကန်ပြားထဲ အများကြီးထည့်ပြီး စားနေလိုက်တယ်လေ။ သူများစားရင် စားပြီးသားပဲ။ မြေပဲဆားလှော်ဆိုတော့သိတဲ့အတိုင်း အခွံတွေက စားရတာအလွန်ရှုပ်တာကိုး။ မတ်တပ်ရပ်ပြီး ဘုရားစာရွတ်နေတဲ့ ဘိုးတော်နဲ့ ဗိုက်ကလေး ကတော့ မင်းတို့ ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့။ အဲဒီအချိန်မှာဗျာ အဆောင်ကနေထွက်လာကတည်းက စကားတခွန်းမှမပြောတဲ့ သပိတ်ကျင်းသားက ငေါင်တောင်တောင် အူကြောင်ကြောင်နဲ့ ဘာမပြောညာမပြော မတ်တတ်ပန်ကာကြီးကို လက်ဆော့ပြီး ခလုပ်သွားနှိုပ်ပါလေရော။ ဘာပြောကောင်းမလဲ? ဘာမှကိုပြောလို့မကောင်းတော့ဘူး။ ရုံးခန်းကြီးတစ်ခုလုံး မြေပဲစားလှော်အခွံတွေ ပလူပျံကုန်တာပေါ့။ သူ့ကြောင့်ငါ့ကြောင့် အပြန်အလှန်လက်ညှိုးတွေထိုးနေတုန်း ပါချုပ်ကြီးပြန်ရောက်လာတယ်။ ပါချုပ်ကြီးလည်းစိတ်တွေတိုပြီး ဟေ့ကောင်တွေမင်းတို့ဘာလုပ်တာတုန်း၊ သွားကြကွာ၊ ထွက်သွားကြစမ်းကွာဆိုပြီး၊ စာရေးမတစ်ယောက်ကို တံမြတ်စည်းလှဲဖို့လှမ်းခေါ်လိုက်တယ်။ လူအေးတို့လည်း အဲဒီလိုဆို စကားကို တအားနားထောင်တာ ချက်ချင်းကို ထထွက်ပြေးလာတာ။ လမ်းပေါ်ရောက်မှ သတိထားမတယ်။ အိုအေစစ်သောက်ရေသန့်ဗူးက လူအေးလက်ထဲမှာ အဆစ်ပါလာသေးတယ်။ အဲဒီလိုနဲ့ လူအေးတို့အခန်း မှန်ကွဲတဲ့ အရှုပ်တော်ပုံလေး ပြေလည်ခဲ့ရဘူးတယ်လေ။ ဘာပဲပြောပြော… အဲဒီခါကျတော့မှ ရေသန့်လေးသောက်ပြီး ရင်အေးတော့တယ်။ တော်တော်ကြာ အမေဆူတာခံနေရဦးမှာ။ ဟီးဟီး။

သူတော်ကောင်းလေး လူအေးတို့သာ အဲလိုပြေလည်တာ။ (မောင်ဖြူ၊ ဇနိ။ မောင်လုံး) တို့များ အုပ်ထိန်းသူတွေခေါ်ပြီး ပါချုပ်ကြီးရုံးမှာ ၀န်ခံကတိတွေထိုးခဲ့ရဖူးတယ်။ အခုသွားကြည့်ရင်တောင် အခုရှိသေးတဲ့ ရာဇ၀င်လူဆိုးကြီးတွေ။ သူတို့အရှုပ်တော်ပုံသိချင်ရင် သူတို့မေးကြည့်။ လူအေးကတော့ ကိုယ့်အရှုပ်တော်ပုံပဲကိုယ်ပြောတယ်။ သူများအကြောင်းလည်း မပြောတတ်ပါ။ စပ်မိစပ်ရာ ဘာညာကွိကွ။ အချွန်နဲ့မဟေ့ အချွန်နဲ့မ။ မောင်ဖြူညီမ ငါနဲ့ရ။ ဇနိညီမ ငါနဲ့ရ… ငါနဲ့ရဟေ့။… ငါနဲ့ရ။

3 comments:

Anonymous January 11, 2008 at 5:11 PM  

ကိုလူအေးကလည်း ကျနော်တို့က မနူးမနပ်လူဆိုးတွေပါဗျ။ ဘယ်နှယ့် ရာဇ၀င်လူဆိုးရမှာလဲ။
ကိုလူအေးရေးလိုက်တာ သူငယ်ချင်းတွေကိုတောင် ပြေးပြီးလွမ်းလိုက်သေးတယ်။

Anonymous January 11, 2008 at 7:05 PM  

တစ်ခါတည်းပါ ကိုလူအေးရယ်....ပါချုပ်ဆီကိုသွားရတာ
မနူးမနပ်လေးတွေဆိုတော့... ဒီလိုကဖြစ်တတ်ပါတယ်...
ခင်ဗျားကိစ္စက လူမသိ သူမသိဖြစ်သွားတာဆိုတော့... အခုမှပဲသိရတာ... ကျုပ်တို့ကတော့ နည်းနည်းပွဲကြမ်းသွားတယ်...:P

Anonymous January 20, 2008 at 9:02 AM  

“ငါ့သားရယ်… မင်းကျေးဇူးကြောင့်၊ ငါတို့မှာလည်း ကျောင်းအုပ်ကြီးတွေနဲ့ရင်းနှီးတာလည်း မနည်းတော့ဘူးတဲ့”။

................

အပေါ်က စာကြောင်းက အရယ်ရဆုံးပဲ ။ ခုလို ကျောင်းတုန်းကအကြောင်းတွေ ပြန်ရေးပြကြတာ ၊ သိပ်ကောင်းတယ် ။ အရေးအသားလည်းကောင်းတော့ သိပ်ဖတ်ကောင်းပေါ့ ။ အားပေးလျက် ။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP