သူတို့မပြောချင်သော သူတို့အကြောင်း

>> Tuesday, January 8, 2008

တစ်တက်စားလည်းကြက်သွန် နှစ်တက်စားလည်းကြက်သွန် မထူးတော့ဘူးထင်ပါရဲ့။ အဲဒီတော့ လူအေးလည်း မထူးဇာတ်ခင်းလိုက်ပါတော့မယ်လေ။ စာဖတ်တဲ့မိတ်ဆွေတွေလည်း ဒီblogက ငနာတွေအကြောင်း ကောင်းကောင်းသိချင်ရှာမယ်ထင်တာပဲ။ အဲဒီတော့ စာဖတ်ပရိတ်သက်အတွက် လူအေး အဆဲခံအဆိုခံပြီး ဒီအကြောင်းတွေကိုရေးလိုက်တော့မယ်။ ဒီသုံးကောင်ရဲ့ပုံစံကိုပေါ့။ အစချီရရင် လွန်လေပြီးသော ၁၀နှစ်ခန့်က လို့ဆိုရမယ်။

လူအေးတစ်ယောက် “နေပူ လေတိုက် မြွေပွေးကိုက်သည် လူမိုက်နေသည့် အမ်အိုင်တီ” ဆိုတဲ့ ကျောင်းရဲ့ ပထမဆုံးလက်ချာချိန်ကို သွားမလို့။ အဆောင်ပေါက်ဝမှာ မအူမလည်နဲ့ လူတွေကို အကဲခက်ကြည့်နေချိန်ပေါ့။

အခန်းတစ်ခန်းထဲကနေ လူတစ်ယောက်ထွက်လာတယ်…။ ဘုရားဘုရား နားထဲမှာ စည်တော်ကြီးတီးသံတွေဘာတွေတောင် ဆူညံသွားတယ်ထင်တယ်။ သူ့ပုံစံက အသားကဖြူဖြူ၊ အရပ်ကမြင့်မြင့်၊ ကော်တွေဂေါက်ဂေါက်ထနေတဲ့ စတစ်ကော်လံအကျီဖြူ ကိုဝတ်ထားတယ်၊ ပုဆိုးကအင်းပုဆိုးနဲ့ (လူးအေးတို့အရပ်မှာ သတို့သားဝတ်တဲ့ပုဆိုး)၊ မျက်နှာကလည်း ဖွေးဥလို့ ဂျုံမှုန့်တွေသုပ်လာသလိုလို၊ လွယ်အိပ်ကိုလည်း ဘေးတစောင်းလေးလွယ်လို့၊ ဘိုကေကိုပြောင်နေအာင်ဖြီး၊ အဲ…ညာဘက်လက်မှာ ဗေဒင်ဆရာတွေဆောင်းတဲ့ ထီးအနက်တစ်လက်ကိုလည်း ကိုင်ထားတယ်၊ လမ်းလျှောက်ပုံကတော့ ယောက်ျားတို့ အိနြေ္ဒ ရွှေပေးလို့မရဆိုတဲ့အတိုင်းပဲ…. ဟိုက်ရှားပါး တကယ့်ရှေးခေတ်က တက္ကသိုလ်ကျောင်းသားစတိုင်နဲ့။ သူ့ကိုငေးကြည့်နေတုန်း အနားကိုရောက်လာလို့ပြုံးပြလိုက်တယ်။ အံမယ် ကိုတယ်တော်ချောက နောက်ချေးကားနဲ့ လင့်ခရူစာ တိုက်မိမှာစိုးတဲ့ပုံစံမျိုးနဲ့ လူကို မသိချင်ယောင်တောင်ဆောင်သွားသေးတယ်….။ အဲဒါဘယ်သူလို့ထင်တုန်း… အဲဒီကောင်က ဒီblogက မောင်ဖြူ။

အဲ လူအေးလည်း အဲဒီကောင်ကို လိုက်ငေးကြည့်နေပြီးမှ အဆောင်ဘက်ကိုပြန်လှည့်ကြည့်လိုက်တော့ အနားမှာ နောက်တစ်ယောက်လမ်းလျောက်လာတာ သတိထားမိတယ်။ သူ့ပုံစံက ဆံပင်စုတ်ဖွား။ အင်္ကျီ င်္အနွမ်းကိုဝတ်ထားတယ်။ ဆေးပေါ့လိပ်တိုကို ဖင်ပြားသွားအောင်တောင် ကိုက်ခဲထားလေရဲ့။ ပုလင်းကွဲဖင်လောက်ထူတဲ့ လေးထောင့်မျက်မှန်ကို တပ်ထားပြီး၊ ၀တ်ထားတဲ့ ပုဆိုးအကွက်က တစ်ကွက်နဲ့ တစ်ကွက် ခြောက်လက်မလောက်ကျဲတယ်။ ပုဆိုးကိုမြင်ယုံနဲ့တင် ဆက်ဆံရေးကျဲမယ့်ကောင်ဆိုတာ သိသာတယ်။ မျက်နှာကလည်း သုန်မှုန်လို့။ တစ်လောကလုံးကို သူတင်ကျွေးထားရတဲ့ပုံစံနဲ့လေ။ အနားရောက်တော့ လူကိုမျက်မှောင်ကုတ်ကြည်သွားတယ်။ အောင်မလေးတော်သေးလို့ အမြင်မတော်ဘူးဆိုပြီး ဆွဲထိုးမသွားလို့။ ပုံစံကိုက လုပ်ချင်တာလုပ်တဲ့ ရုပ်ရှင်ထဲက စာရေးဆရာရုပ်နဲ့။ အဲဒါဘယ်သူထင်တုန်း… အဲဒီကောင်က ဒီblogကိုထောင်တဲ့ ဇနိဆိုတဲ့ကောင်။

လူအေးလည်း ရင်တစ်မမနဲ့ မမြင်ချင်ယောင်ဆောင် အပေါ်ကိုမော့ကြည့်ပြီးလေချွန်နေလိုက်တယ်။ ခဏနေ ရှေ့တည့်တည့်ပြန်ကြည့်မိတော့ ကမ္ဘာကြီးက (slow motion) နဲ့လည်နေသလိုလို ခံစားရတယ်။ ရုပ်ရှင်ထဲမှာဆို မင်းသားနဲ့ မင်းသမီးနဲ့ ပြန်တွေ့လို့ပြေးဖတ်တဲ့အခါမှာ ပြတဲ့ပုံစံအတိုင်းပဲ။ ငနဲတစ်ကောင်က အခန်းတံခါးပိတ်နေပုံလေ…မင်းတုန်းကိုဖြေးဖြေးလေးထိုး၊ သော့ကလေးကို အသာလေးသွင်းပြီး ညင်ညင်သာသာလေးခတ်။ ပြီးတော့ပုဆိုးလေးပြင်ဝတ်၊ ခေါင်းကိုငိုက်စိုက် ငိုက်စိုက်နဲ့ လမ်းလျောက်လာတယ်။ လူအေးလည်း အတန်းတတ်ဖို့ ၁၀ မိနစ်လောက်ပဲလိုတော့တာဆိုတော့ အဒီငနဲကောင်နဲ့ လမ်းအတူလျှောက်လာတယ်။ လူအေးကိုလည်း ဘေးမှာရှိတဲ့ပုံ သဘောမထားဘူးထင်ပါရဲ့။ လူအေးက လူမှုရေးဘာသာရပ်ကို ဂုဏ်ထူးထွက်ထားတဲ့ကောင်ဆိုတော့ စပြီး မေးခွန်းလေးနဲ့ အဲဒီကောင်ကို နုတ်ဆက်လိုက်တယ်။ “ငါတို့ ပထမဆုံးစာသင်ချိန်က ဘယ်အခန်းမှာလဲသိလား” လို့ သိသိကြီးနဲ့မေးလိုက်တယ်။ လူအေးကို ခပ်ဆွေးဆွေးလေးစောင်းကြည့်တယ်၊ ပြုံးလည်းမပြဘူး။ သူ့လမ်းသူဆက်လျောက်တယ်။ စာသင်ဆောင်နားရောက်တော့(မေးခွန်းမေးပြီးတာ ၁၀ မိနစ်လောက်ကြာမှ) “ဒီ T-2 အဆောင်မှာလေ” ဆိုတဲ့အဖြေရတယ်။ အောင်မလေးနော် လူအေးတို့ အပြတ်အသတ်ကိုစိတ်ညစ်သွားပါလေရော။ မေးတဲ့လူ ကိုယ့်မေးခွန်းကိုယ်မေ့သွားလောက်တော့မှ ပြန်အဖြေပေးတဲ့အကောင်။ အဲဒီကောင်ကို မောင်လုံးလို့ခေါ်တယ်။ ပရိတ်သတ်ကြီး ပျင်းတယ်ဆိုရင် ကျောက်ဆစ်ရုပ်နဲ့ စကားသွားပြော။ အဲဒီကောင်နဲ့ပြောလို့ကတော့ ပါစပ်သာအမြှုပ်ထွက်သွားမယ် ပြန်စကားတော်တော်နဲ့ မရဘူး။ လူကသာ(process) နှေးတာ (Parallel Computing)မှာတော့ အဲဒီကောင်ဆရာကြီးရယ်။ ဟိုတစ်နေ့ကတောင် သူများအတွက် ပရိုဂရမ်ရေးပေးနေတာတွေ့တယ်။

(မှတ်ချက်။ ။ ဒီpost တင်ပြီးကတည်းက တစ်ခြားကျောင်း အလည်သွားသည်။)

10 comments:

Anonymous January 8, 2008 at 1:36 PM  

ကိုဘူအေး....အဲ တိုက်ပင်မှားလို့...ကိုလူအေး... ကလေးတုန်းက ပုံရိပ်တွေအမှတ်တရ ရေးတာကောင်းပါ့။ ကလေးတုန်းကလို ထပြေးချင်စိတ်တွေတောင် ပေါက်သွားတယ်။ ကိုလူအေးရဲ့ စတိုင်လေးလဲ ပုံဖော်ပါဦး။ ကိုလူအေးမဖော်ရင် ကျနော်ဖော်လို့ မတော်တာတွေပေါ်သွားလိမ့်မယ်နော်။

Anonymous January 8, 2008 at 4:25 PM  

ဟေးး ကိုလူအေး
ဟားဟား ရီရတာ ဒှဏ်ရာတောင်ရပါတယ်ခင်ဗျာ
ကိုလူအေးရေးတာ ရသမြောက်ပါတယ်ဗျာ်ကျောင်းတက်ရတဲ့ ပထမဆုံးနေ့ကိုတောင် သတိရသွားတယ် ဟဲဟဲ ဒါပေမယ့် ဘလော့ပိုင်ရှင်တွေ စိတ်ဆိုးမှာစိုးလို့ အမည် မဖော်တော့ဘူးနော် ဟဲဟဲ

မောင်ဖြူ January 8, 2008 at 9:01 PM  

ကိုလူအေးတို့ကတော့ လုပ်ချလိုက်ပြန်ပြီ။
အဲဒီတုန်းက ကျွန်တော်ကငယ်တုန်းမို့ပါဗျာ။ :D
ခုတော့ အင်းမပုဆိုးလဲစုတ်သွားပြီ။ စတစ်ကော်လာလဲ မမာနိုင်တော့ဘူး။
လွယ်အိပ်လဲနုပ်
ထီးလဲစုတ်ပြီ
ငါ့ကိုအိမ်ပြန်ပို့ပါတော့။

Anonymous January 8, 2008 at 10:31 PM  

ကိုလူအေး ကတော့ ဖော်ချလိုက်ပြန်ပြီ...
ဒါနဲ့ ဗျာ ပထမဆုံး လက်ချာချိန်က ဘယ်ဘာသာကိုသင်တာတုန်းဗျ...
အိပ်ရေးမ၀တော့ မျက်စိမှိတ်ပီး လမ်းလျှောက်လာတာ...
ကိုလူအေးမေးတာကို သတိမထားမိလိုက်ဘူး...
ကိုလူအေးသိတဲ့အတိုင်းပဲ မနက်မိုးလင်းငါးနာရီထိုးတာနဲ့... ပီတီလုပ်ကြရတာ...
ဖော်တာတော့ဖော်ပါ ကိုလူအေး... မတော်တာတွေပေါ်ရင်တော့ ကိုလူအေးပဲ ပြန်ဖုံးပေးရမှာ....:P

ဇနိ January 8, 2008 at 10:51 PM  

အံမယ် ကိုတယ်တော်ချောက နောက်ချေးကားနဲ့ လင့်ခရူစာ တိုက်မိမှာစိုးတဲ့ပုံစံမျိုးနဲ့ လူကို မသိချင်ယောင်တောင်ဆောင်သွားသေးတယ်….။

ကိုလူအေးရေ ..
ကိုမောင်ဖြူက မာနကြီးတာမဟုတ်ဘူးဗျ။
သူက ကာလာဗလိုင်ကြီး။
အမည်းဆို မြင်ကိုမမြင်ရတာ။
ကိုလူအေးကို မမြင်လို့နေမှာပါ။
ဟ ဟ

Anonymous January 8, 2008 at 11:11 PM  
This comment has been removed by a blog administrator.
Anonymous January 9, 2008 at 1:26 AM  

ကိုဇနိရာ…ဒီလိုတောင် စာဆိုရှိသေးတာပဲ
“အသားရယ်ဖြူ လူပါမို့လား
အသားတော်ညိုပြာညက်ကယ်
နန်းတော်ထက်ဖွား။”
လူအေးရဲ့အသားအရေက အမည်းမဟုတ်ပါဘူး။ အနက်နုရောင်လေးပါဗျာ။

ကိုလုံးရာ “ထန်းရေသွားသောက်ရင်တောင် အဆောင်ပြန်ဖို့မေ့တတ်မှတော့” ပထမဆုံးလက်ချာလည်း မှတ်မနေပါနဲ့တော့။

မောင်ဖြူရေ ကထိန်တွေမှာ အိုးစည်ဒိုးပတ်နဲ့ မိန်းခလေးဆောင်ကို ရှိုးပတ်တာတွေကရော… ငယ်သူမို့မသိတတ်ခဲ့ပါ လို့ဆိုဦးမလို့လားကွယ့်။

လူအေးတို့စားရေးရတယ်ဆိုတာ ဇာတ်ဆရာအလိုကျ က ရသလိုပါပဲဗျာ။ administrator က သူမကြိုက်တာပါရင်လည်း လူအေးရဲ့နှလုံးသွေးစက်လေးတွေ သူ့ဘီဒိုအာဏာခဲဖျက်နဲ့လည်း ဖျက်တတ်တယ်လေ။ အဟင့်။

Anonymous January 9, 2008 at 11:56 AM  

ကိုလူအေး
သရုပ်ဖော် စာပေရေးတဲ့ နေရာမှာ အဲလောက်တော်မှန်း ခုမှပဲ သိတော့တယ်။

အင်းမ ပုဆိုး၊ စတစ်ကော်လာ၊ ထီးတစ်လက်ပိုင်ရှင်ကို တိုက်ဝါက နာမည်ပေးထားတာရှိတယ်။ မမှတ်မိတော့လို့။ သိချင်ရင်တော့ တိုက်ဝါ က တစ်ယောက်ယောက် တွေ့မှပဲ မေးကြည့်ကြတော့နော်။

ဆံပင်စုတ်ဖွား။ အင်္ကျီ င်္အနွမ်း၊ ဆေးပေါ့လိပ်တိုကို ဖင်ပြားသွားအောင်တောင် ကိုက်ခဲထားတဲ့ တစ်ယောက်က အခု အဲဒီပုံ ဟုတ်သေးလို့လား။ ပြုပြင်တဲ့သူရှိလို့ ပုံစံပြောင်းသွားပြီလားလို့။

ကျောက်ဆစ်ရုပ်လဲ တချိန်ချိန် ပြောချင်တဲ့လူနဲ့ တွေ့ရင် ရေပက်မ၀င်အောင်ပြောပါလိမ့်မယ်။ စောင့်ကြည့်ကြပါဦး။ အနောက်အရပ်က နေမထွက်ခင်တော့ မြင်ချင် မြင်ရမှာပါ။

Anonymous January 9, 2008 at 12:52 PM  

စစ်ကိုင်းသူရေ မနောက်နဲ့ဗျ လူအေးက အရေပြားပေါ် အယားပြေရုံလောက်တွေးပြိး ရေးတာပါ။ ဟိုသုံးကောင်နဲ့ဆရာနှစ်ပါးကသာ အသည်းနှလုံးမှာ ကျွဲပုခုံးထအောင်တွေးပြီးမှ ရေးကြတဲ့လူတွေလေဗျာ။

ဟေ့ တိုက်ဝါက လာဖတ်တဲ့ကောင်မလေးရှိရင်ထွက်ခဲ့၊ ခုထွက်ခဲ့၊ အဲဒီမောင်ဖြူကို ဘယ်လိုခေါ်ကြတာတုန်း ရေးသွားကြဦး။ လာဖတ်ပြီးရေးမသွားရင် အဆောင်မှာ အိမ်သာတတ်နေတုန်း ရေပြတ်သွားပါစေဗျာ။ (ကျိမ်သာ ကျိမ်ရတာ တော်ကြာဒါမျိုးတွေ ရိုးနေပြီကွာလို့ပြောသွားဦးမယ်ထင်တယ်)

ဟုတ်ပါ့စစ်ကိုင်းသူရေ ခုတော့လည်းဇနိတို့ အလှတွေပြင်ချက်ကတော့ ရက်စက်တယ်ဗျာ။ တစ်ခါတစ်လေ နုတ်ခမ်းနီတွေတောင် ဆိုးလို့ဆိုပဲ။

အရင်ကဆို ဘာလာပြောပြော ခေါင်းမငြိမ့်တတ်တဲ့ ကျောက်ဆစ်ရုပ်ကြီးကိုလည်း ခုတော့ စုန်းမလေးက ပုတ်သင်ညိုဘ၀ကိုပြောင်းပစ်လိုက်ပြီဗျ။

Anonymous January 10, 2008 at 8:02 PM  

MTU ကျောင်းဆင်းတွေက ရေမရှိတာ ရိုးနေပြီ။
မသကာ တစ်သက်လုံး ဆိုက်ကားဆရာ မရပါစေနဲ့ ဆိုရင်တော့ နဲနဲစဉ်းစားမလား မသိဘူး။ ဒါပေမဲ့ အဲလိုဆိုရင်လဲ တချို့၊ တချို့သော MTU ဆင်း၊ ဆိုက်ကား လိုင်စင်ရရန် ကြိုးပမ်းနေကြသော ပုရိသများက သူတို့ ဘာသာသူတို့ အဆင်မပြေရင် ကိုလူအေးကျိန်စာကြောင့် ဆိုပြီး ဝိုင်းသမနိုင်တယ်။ စဉ်းစဉ်းစားစားတော့ လုပ်ပေါ့။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP