ပြတ်ကြပြီဆိုရာဝယ်…
>> Saturday, January 5, 2008
ပေါင်းခဲ့သင်းခဲ့တာပဲ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီလေ။ မချစ်တာမှ မဟုတ်တာ။ သံယောဇဉ်ဆိုတာကလည်း ခိုင်မာနေပြီ။ ဘာနဲ့ဖြတ်ဖြတ် မပြတ်နိုင်တော့ဘူးလို့ကို ထင်ထားတာ။ ငယ်ငယ်တုန်းကတော့ ဒီလောက်မစွဲလမ်းခဲ့ပါဘူး။ တစ်နေ့ရှိလို့မှ တစ်ခါတွေ့မိချင်မှ တွေ့မိတာပါ။ တခါတခါ တပတ်လောက်နေမှ တစ်ခါလောက်ပဲ။ တွေ့လိုက်တိုင်း အသေချွဲ၊ နောက်ကွယ်ကြလည်း တစ်မျိုးပါပဲလို့ အပြောခံရလောက်အောင်လည်း တွေ့လိုက်မိတိုင်း ပွတ်သီးပွတ်သတ် သိပ်လုပ်တာမဟုတ်ပါဘူး။ တစ်ချက်၊ နှစ်ချက်လောက်လေး အသားနမ်းရှိုက်ဖြစ်ယုံပါ။
မှတ်မိပါသေးတယ်။ သူကိုစခင်တွယ်စ အချိန်ကို။ တကယ်က ကျွန်တော်က စခင်တွယ်တဲ့သူ မဟုတ်ရပါဘူး။ မြင်တွေ့နေတာတော့ ကလေးကတည်းက လူမှန်းသိတတ်စကတည်းကဆိုပါတော့။ သူငယ်ချင်းတစ်ယောက်နဲ့ စပြီး သူက ပတ်သတ်တာပါ။ သူငယ်ချင်းကိုတားတယ်။ အပေါင်းအသင်းမလုပ်နဲ့။ သူက မင်းဘ၀ကို ဖျတ်ဆီးမှာ။ မင်းသိသိကြီးနဲ့ ရှေ့ဆက်မတိုးပါနဲ့။ ပြောဆိုနေတုန်းဆို သူငယ်ချင်းက အသာလေးနားထောင်တယ်။ ဆက်ပြီး အပေါင်းအသင်းမလုပ်ဘူးလို့လည်း မပြောဘူး။ တားမြစ်နေတဲ့ စကားတွေက သူ့နားတစ်ဖက်က၀င်သွားပြီး၊ တခြားတဖက်ကနေ ထွက်သွားတယ်ထင်ပါတယ်။ ဒီလိုနဲ့ သူကမပြတ်။ နေ့တိုင်းနီးပါးတွေ့နေတဲ့ သူငယ်ချင်းဆိုတော့လည်း တွေ့တိုင်းဆုံးမ၊ ဆုံးမရင်းနဲ့ ကိုယ်ကိုဖျက်ဆီးမယ့်သူဆိုတာ သိသိကြီးနဲ့ ကျွန်တော်ကိုယ်တိုင်ကခင်တွယ်လာတာ။ စခင်တွယ်စကတော့ ရှက်ကိုးရှက်ကန်းဖြစ်တာပေါ့။ ကိုယ်ပဲ သူများကိုတားမြစ်ထားသေးတာ။ ကိုယ်ကကျတော့ ခင်တွယ်လာတာကိုး။
ဒီလိုပဲ အရွယ်ရောက်လာ၊ တက္ကသိုလ်တက်ကြတော့ ကျွန်တော်အတော်စွဲလမ်းနေပြီ။ ဒါပေမယ့် ကျွန်တော်က လျှို့ဝှက်တတ်တော့၊ ကျွန်တော် သူ့ကိုစွဲလမ်းနေတာ တက္ကသိုလ်မှ စခင်တဲ့သူငယ်ချင်းတွေမသိကြဘူး။ အရင်ကလိုတော့မဟုတ်ဘူး၊ နေ့တိုင်းနီးပါးကို သူနဲ့ပွတ်သီးပွတ်သတ်နေတာ။ အရင်ကထက်လည်း ပိုရင်းနှီးနေပြီဆိုတော့၊ သူ့အကြောင်းကိုလည်းကောင်းကောင်းသိနေတယ်။ ခက်တာက လူ့သဘာဝများလားတောင် မသိဘူး။ ဒုက္ခပေးမယ့်ဟာမှန်းသိသိကြီးနဲ့ကို မပြတ်မစဲနိုင်တာ။ ကဲကွာ ကျွန်တော်ချစ်မိ၊ အပြစ်ရှိသည်။ ဖြစ်သမျှဒဏ်၊အကုန်ခံမည်။ အဲသလိုကို ဆုံးဖြတ်ချက်တွေက ပြတ်သားတာ။
ညဖက်တွေမှာ ပျောက်ပျောက်သွားလို့ လိုက်ရှာရတာအမော။ သူငယ်ချင်းဆီမှာတွေ့လို့တွေ့ပေါ့လေ။ ဟိုလက်က ဒီလက်ပြောင်း။ သူ စိတ်ပျက်စကားမပြောရှာပါဘူး။ သည်းခံရှာပါတယ်။ တစ်ခါကတော့ စိတ်ဆိုးပြီး မခေါ်မပြောနေတာ တလလောက်ကြာတယ်။ နောက်တော့လည်း မနေနိုင်တော့ ပြန်တွဲ။
တကယ်တော့လည်း သူ့မှာ အပြစ်မရှိပါဘူး။ အန္တရာယ်ရှိတယ်လို့ သူက သတိစပေးပါတယ်တဲ့။ လူတွေက သူ့ကိုလာလာချစ်ကြတယ်တဲ့။ နောက်ဆုံးတော့လည်း သူ့ကိုစွန့်ခွာဖို့ကြိုးစားကြတယ်တဲ့။ ပေါင်းတာသင်းတာကြာလို့ သူက ဒုက္ခပေးတာများလာရင် သူ့ကိုရန်သူလိုကြည့်ကြတယ်တဲ့။ သူစိတ်နာတယ်တဲ့။ အရင်က မိုးလင်းတာနဲ့ မင်းမျက်နှာလေး မြင်လိုက်ရမှ၊ မင်းကိုနမ်းရှိုက်လိုက်ရမှ ငါ့ရဲ့နေ့သစ်တိုင်းက အဓိပ္ပါယ်ပိုရှိတာတဲ့။ လူတွေရယ် လာမပတ်သတ်ကြပါနဲ့တဲ့။ ဆင်ဆင်ခြင်ခြင်နေကြစမ်းပါတဲ့။
အခုတော့ ကျွန်တော် ချစ်သော်လည်း ပြတ်စဲဖို့ကြိုးစားတာအောင်မြင်ပါပြီ။ ချစ်ပေမယ့် ကျွန်တော့်ကို နောင်အခါ ဒုက္ခပေးမှာမိုလို့ ရက်ရက်စက်စက်ဖြတ်ထားခဲ့ပါပြီ။ ကျွန်တော့်ကို တွေ့ရင် စိတ်နာနေတဲ့မျက်နှာနဲ့ ကြည့်မယ့်သူ့ကို မတွေ့အောင် ရှောင်ပြီးနေပါတယ်။ မတော်လို့ သူ့ကိုတွေ့ခဲ့ရင်လည်း မသိခဲ့၊မရင်းနှီးခဲ့၊ မခင်တွယ်ခဲ့တဲ့ သူတစ်ယောက်ကို မတော်တဆတွေ့လိုက်သလိုပဲ ဖြတ်ခနဲသာတချက်လောက်ကြည့်ပြီး၊မျက်နှာလွှဲပြီးနေနိုင်ပါပြီ။ ရင်ထဲမှာတော့ ကျေကွဲနာကျင်ရပါတယ်။ ပြတ်ဆဲကြပြီဆိုမှတော့ သူ့အတွက်ဝယ်ထားတဲ့ မီးခြစ်လေးကလည်းမလိုတော့ မီးခြစ်ကလေးကိုလည်း လွှင့်ပစ်လိုက်ပါတော့တယ်။
5 comments:
ဖတ်လို့ ကောင်းပ...
ပြတ်တာပဲ ကောင်းတယ်...
မပြတ်ရင် အတော်ဒုက္ခပေးမယ့်ဟာ...
ကိုဇနိကိုအေးတယ်ထင်ထားတာ... ငယ်ငယ်ကတည်းက ဇ ရှိတာပဲ (အဲဒါ ကိုတရုတ် ပြောတာ)... ဒုက္ခပေးမယ်မှန်းသိနေတော့ ပြတ်သွားတာပဲကောင်းပါတယ်... ဒါပေမဲ့ မီးခြစ်ကိုတော့ လွှင့်မပစ်သင့်ပါဘူး... ဘာတံဆိပ်လဲ... အကောင်းစားဆိုနှမြောစရာကြီး... အဲဒီအကြောင်းတွေ ကိုဇနိကောင်မလေးသိသွားရင် ပြဿနာတက်နေဦးမယ်နော်... အခုအဲဒီကောင်မလေး ဘယ်ရောက်နေလဲ... အိမ်ထောင်ကျသွားပြီလား... လမ်းမှာတွေ့ရင်တော့ခေါ်လိုက်ပါ...
ဗျို့ကိုဆရာ... တိုက်ဆိုင်လိုက်ပုံများ သားလဲအခု ဆယ်စုနှစ်တစ်ခုခွဲလောက် စွဲလမ်းမှုကို မျက်နှာလွှဲရအောင် (အကြိမ်အရေအတွက် မမှတ်မိလောက်အောင် ကြိုးစားခဲ့ဘူးတယ်) ကြိုးစားနေတယ်။ အောင်မြင်သေးဘူး... :D
ဆေးလိပ်ဖြတ်တာကို လှည့်ရေးထားတာလေး ကြိုက်သဗျာ ။
ကိုဇနိ ရေ....
အင်း ခက်တော့ခက်တယ်ဗျ။ ဘယ်လိုပြောရမှန်းမသိတော့ပါဘူး။ ကိုဇနိရဲ့ အရေါ်အသားက ကောင်းလွန်းတော့ ကျနော် သူ့ဘက်ကနေစဥျးစားရင်း တော်တော်လေး စိတ်မကောင်း ဖြစ်သွားတယ်ဗျာ။ သူ့ကိုလှမ်းကြည့်တော့လဲ မျက်နှာငယ်လေးနဲ့ ဆိုတော့......ဟဲဟဲ။
Post a Comment