ကြားဖူးနားဝ ရီစရာများ(၃)

>> Monday, January 21, 2008

သူငယ်ချင်းတစ်ယောက်ကပြောဖူးတာပါ။ သူတို့ ရွာဘက်မှာ ဖြစ်ခဲ့တာလေ။ သူတို့ မူလတန်းကျောင်းမှာ ကျောင်းစောင့်တစ်ယောက်ခန့်ထားတယ်ပေါ့။ ကျောင်းစောင့်ဆိုပေမယ့် ညဘက် ကျောင်းမှာ စောင့်ရတာမဟုတ်ဘူး… ကျောင်းသူကျောင်းသားတွေ ဆရာ ဆရာမတွေ မလာခင် ကျောင်းမှာ သန့်ရှင်းရေးလုပ်ရတယ်။ သောက်ရေအိုးတွေ ရေဖြည့်ရတယ်။ ဆရာ ဆရာမ တွေက ခိုင်းတာတွေကိုလဲ လုပ်ပေးရတယ်။ တစ်နေ့တော့ ကျောင်းအုပ်ဆရာကြီးက အဲဒီလူကို တစ်ခြားကျောင်းတစ်ကျောင်းကို ကိစ္စတစ်ခုနဲ့ သွားခိုင်းတာပေါ့။ ဒီတစ်ခါတော့ အခါတိုင်းထက်ပိုမြန်အောင်လို့ ဆိုပြီး စက်ဘီးယူသွားလို့ ပြောလိုက်တာပေါ့။ အမောင်ကျောင်းစောင့်ကလဲ ဘာမှမပြောဘဲ စက်ဘီလေးယူပြီး ထွက်သွားတာပေါ့။ တစ်နာရီလောက်ကြာတော့ ဆရာကြီးက စဉ်းစားတယ်… အင်း ဒီကောင် ဒီတစ်ခေါက် သွားတာ ကြာပလား… စက်ဘီများ ဘီးပေါက်နေလို့လား… စသည်ဖြင့်ပေါ့… ခဏနေတော့ အမောင်ကျောင်းစောင့် ပြန်ရောက်လာပါရော။ အခါတိုင်းထက်လဲ မောပန်းနေတဲ့ ပုံစံနဲ့ပေါ့။ ဆရာကြီးရှေ့ရောက်တော့… ဆရာကြီးက
- မင်း ဒီတစ်ခေါက်သွားတာ ကြာလှကြီးလားကွ။ ခြေလျင်သွားတုန်းက ပိုမြန်သလိုပဲ။ အခု စက်ဘီးလဲ ယူသွားပါတယ်။
- ဟုတ်ကဲ့။
- ဘာလို့ ကြာနေတာလဲကွ။ ဘီးပေါက်နေလို့လား။


- မဟုတ်ဘူး ခင်ဗျ။
- အဲဒါဆို ဘာလို့လဲ။
- ကျွန်တော် စက်ဘီးမစီးတတ်ဘူးခင်ဗျ။ ဆရာကြီးက စက်ဘီးယူသွားဆိုလို့ ယူသွားတာ။ စက်ဘီးကို တွန်းနေရလို့ ပိုကြာသွားတာပါ ခင်ဗျ။ မောလိုက်တာ ဆရာကြီးရယ်။ နောက်တစ်ခါ စက်ဘီးယူမသွားတော့ဘူး။ ခြေလျင်ပဲ သွားတော့မယ်။

3 comments:

Anonymous January 21, 2008 at 1:51 PM  

အိမ်ပြန်ကားယူသွားဆိုရင်တော့ သေပြီဆရာပဲ ကိုလုံးရ။
ရီရတယ်။

မောင်ဖြူ January 21, 2008 at 1:56 PM  

ကိုလုံး
တချို့ကြတော့ အောင်စာရင်းလာကြည့်တုန်းက စက်ဘီးလေးနဲ့။ အပြန်ကြတော့ ခြေလျင်လျှောက်ပြန်တယ်။ စက်ဘီးကိုထားခဲ့တယ်လေ။ တွန်းရတာ မောလို့ထင်ပ။

Anonymous January 21, 2008 at 2:03 PM  

အကိုကြီးလုံးက အလျော်မခိုင်းလို့သာပေါ့ဗျာ။
အပျော်တွေလွန်ပြီးမေ့သွားတာပါ ကိုဖြူရ။
စက်ဘီအကြောင်းပြောတော့ ကိုဖြူ စက်ဘီးပုပုလေးစီးတာလည်း သွားသတိရသေးတယ်ဗျာ။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP