Gorky Park (Moscow)
>> Saturday, September 1, 2007
Park Kultury Metro Station ကအထွက် မော်စကိုမြစ်ကို ဖြစ်ကူးထားတဲ့ တံတားပေါ်ကမြင်ကွင်းပါ။ ပန်းခြံအတွင်း ၀င်းကြေးအနေနဲ့ လူကြီးတစ်ယောက် ရူဘယ် ၅၀(2US$ခန့်) နှင့် ကလေးတစ်ယောက်ကို ရူဘယ် ၂၀ ပေးရပါတယ်။
ပန်းခြံအတွင်းသို့ အ၀င်ပေါက်ပါ။
ပန်းခြံအတွင်းမှ ကြည်နူးဖွယ်ရာ ပန်းခင်းတွေပါ။ ကျွန်တော်တို့သွားတာက သြဂုတ်လကုန်ခါနီးဆိုတော့ ပန်းတွေကလည်း အလှနည်းနေတယ်လို့ စိတ်ထဲမှာ ထင်မိတယ်။ နွေကုန်လို့ ဆောင်းဦးပေါက်တော့မှာဆိုတော့ အနည်းငယ်အေးလာလို့ ချမ်းစိမ့်စိမ့်လည်းဖြစ်လာပါတယ်။
ပန်းခြံထဲ ဟိုဟိုဒီဒီသွားလိုက်၊ ဟိုငေးဒီငေးနဲ့လျှောက်ကြည့်လိုက်၊ ညောင်းလာရင်ထိုင်စရာခုံတန်းရှာပြီး ထိုင်လိုက် နဲ့ မြင်သမျှတွေကို မှတ်တမ်းတင်ခဲ့ပါတယ်။ သူများတွေပျော်တာကြည့်ပြီး အပျော်တွေကလည်း ကိုယ့်ဆီကို ကူးစက်လာပါတယ်။
ပန်းခြံအတွင်း အတော်အတန်သွားပြီးတော့အခါ မော်စကိုမြစ်ကမ်းဖက်ကို ထွက်လာခဲ့ပါတယ်။ မြင်ရတဲ့ ရွှေရောင်အမိုးနဲ့ အဆောက်အအုံကတော့ (Cathedral of Christ the Saviour (Moscow)) ဘုရားကျောင်းဖြစ်ပါတယ်။ အဲဒီဘုရားကျောင်းကတော့ ၁၉၃၁ - ခုနှစ် ဒီဇင်ဘာ ၅ ရက်မှာ စတာလင်ရဲ့ ၀န်ကြီး ကာဂါနိုဗစိ(ခ်ျ)ရဲ့ အမိန့်နဲ့ ဖျက်ဆီးတာခံလိုက်ရပါတယ်။ ၁၉၉၀ မှာ ဘုရားကျောင်းကိုပြန်ဆောက်ဖို့ ခွင့်ပြုချက်ရပြီးတော့ ၂၀၀၀ခုနှစ်၊ သြဂုတ်လ ၁၉ ရက်မှာ ဘုရားကျောင်းအဖြစ်သမုတ်ပြီးပါတယ်။ ဘာသာရေးနဲ့ပတ်သတ်တဲ့အခမ်းအနားတွေကိုလည်း အဲဒီဘုရားကျောင်းမှာ ကျင်းပလေ့ရှိပါတယ်။
ပန်းခြံကနေထွက်လာပြီး မော်စကိုမြစ်ကမ်းတစ်လျှောက် လမ်းလျှောက်ခဲ့ပါတယ်။ လမ်းမှာ မြင်တာတွေကိုလည်း စိတ်မှာလှတယ်ထင်ရင် မှတ်တမ်းတင်မိပါသေးတယ်။ မော်စကိုမြစ်အတွင်းမှာလည်း ဟိုမှဒီ၊ ဒီမှဟို လှည်းပတ်ပြေးဆွဲနေတဲ့ သင်္ဘောတွေပါ။ သင်္ဘောစီးရင်း မြို့ရှုခင်းတွေကို ကြည့်ရှုခံစားလို့လည်းရပါတယ်။
မြစ်ကမ်းတစ်လျှောက် လမ်းလျှောက်လိုက်တာ မြစ်ပေါ်မှာတည်ဆောက်ထားပြီး မြစ်ကူးတံတားရဲ့ အောက်အလွှာမှာ တည်ဆောက်ထားတဲ့ မော်စကိုမြို့မှာပေါ်မှာတင်မကပါဘူး၊ တစ်ကမ္ဘာလုံးမှာမှ တစ်ခုတည်းလို့ပြောကြတဲ့ မြေအောက်ရထားဘူတာ(Vorobyovy Gory)ကို ရောက်ပါတယ်။ အဲဒီဘူတာကနေသွားရင် ရုရှားနိုင်ငံမှာ အကြီးဆုံးဆိုလည်းဟုတ်၊ အသက်အကြီးဆုံးဆိုလည်းဟုတ်တဲ့ (Moscow State University)ကို ရောက်ပါတယ်။ အဲဒီတက္ကသိုလ်ကို (၁၇၅၅) ခုနှစ်မှာ လာမာနိုစော့(ဗ်)က တည်ထောင်ခဲ့တာပါ။ အခုဆိုရင် သူ့ရဲ့ သက်တမ်းဟာ ၂၅၀နှစ် ကျော်ခဲ့ပါပြီ။ ၂၀၀၄ ခုနှစ်မှတ်တမ်းအရ ၀န်ထမ်း ၄၀၀၀ ခန့်ရှိပြီး၊ ကျောင်းသား ၃၁၀၀၀ ခန့်နှင့် ဘွဲ့လွန် ၇၀၀၀ ခန့်ကို သင်ကြားပေးနေပါတယ်။
ဓာတ်ပုံတွေကြည့်ပြီး ပျော်ရွှင်ကြည်နူးကြပါစေ။
ဇနိ
2 comments:
ကိုဇနိကျေးဇူးပါပဲ... ဓာတ်ပုံတွေကိုမြင်ရတော့ ရုရှားမှာနေခဲ့ရတဲ့အချိန်လေးတွေကိုပြန်သတိရမိနေ တယ်။ အဲဒီတုန်းကတော့အိမ်အရမ်းပြန်ချင်ခဲ့တာပေါ့...
အခုတော့လဲအဲဒီအချိန်လေးတွေကိုလွမ်းနေမိပြန်ရော...
သြော်လူဆိုတာဒီလိုပဲထင်ပါတယ်... မရတာကိုမှလိုချင်တယ်... လွတ်တဲ့ငါးကိုမှကြီးတယ်ထင်တယ်...
အခုတော့လက်ရှိကိုယ်ရထားတဲ့အချိန်နဲ့အခြေနေတွေ ဟာတန်းဖိုးအရှိဆုံးပါလားဆိုတာ သဘောပေါက်သွား ပါပြီ။
ဆရာကျောင်း
လှလဲလှပ ... စတ်ဝင်စားစရာ တကယ် အပန်းပြေစေမဲ့ အနားယူစရာ နေရာဖြစ်မယ်။
ဓာတ်ပုံတွေက လှပြီး ဘယ်နေရာက ဘာလေးဆိုပြီး ပြောထားတော့ ပိုပြီးအသက်ဝင်တယ်။
Post a Comment