အပြောအဟောကောင်း၍ ပီတာဇော်မြင့် သွားကျိုးခြင်း
>> Saturday, September 15, 2007
သိပ်မကြာသေး၊ ဟိုတလောလေးကပင် စာရေးဆရာတွေထဲမှာ ဘယ်သူတွေကဖြင့် အဟောအပြောကောင်းသည်၊ ဘယ်သူတွေကတော့ ဘာတွေပြောမှန်းမသိ၊ အဟောအပြောမကောင်းဘူးဆိုတဲ့ သဘောပေါ့။ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်က ဆောင်းပါးရေး ဝေဖန်လိုက်၍ အတော်ပူညံပူညံဖြစ်သွားကြောင်း သတိပြုမိလိုက်၏။ အမှန်စင်စစ်တော့ ဤမြေကမ္ဘာသည် အလွန်ပူညံပူညံဖြစ်နေသောနေရာ ဖြစ်သောကြောင့် ထိုကိစ္စအဖြစ်အပျက်သည် အဆန်းတကျယ်မဟုတ်လှ။ သို့သော် ပီတာဇော်မြင့်ကတော့ ပြုံးမိသည်။ ဘယ်သူတွေ အဟောအပြော ဘယ်လောက်ကောင်းကောင်း သူများတွေ အဟောအပြောကောင်းတယ်ဆိုသည်မှာ အလကား၊ ပီတာဇော်မြင့်သည် အဟောအပြော ရှာမှရှား။ သူ့ကို အဟောအပြောကောင်းသလားမမေးနှင့်၊ ပီတာဇော်မြင့် သံလျင်သင်္ဘောပေါ်မှာ ဆေးရောင်းသည်။ “ ပီတာသင်္ဘောကြီးစီးပြီး ခရီးသွားကြတဲ့ ခရီးသွားလုပ်သားပြည်သူအပေါင်းတို့ခင်ဗျာ…ကျွန်တော်ကို စကားအနည်းငယ် ပြောခွင့်ပြုပါ။ ”
တိုက်ပုံအကျီပန်းရောင် အတွင်းက ရှပ်အကျီက စတစ်ကော်လာခေါ် လည်ကတုံးအနက်ရောင် လုံချည်က တစ်ပေပတ်လည်ရှိသော စတုရန်းအကွက် အစင်းအစင်းများပါသည့် မဲနက်ရောင်နှင့် အစိမ်းရောင် အိန္ဒိယပလေကပ်အတု။ ဘယ်လိုမှ အချိုးမပြေသော အရောင်အသွေးတို့က စုံလင်ဆန်းကြယ်စွာ။ လူကလည်း အရပ်ပုပု၊ ၀၀၊ အသားမည်းမည်း၊ ဆံပင်ရှည်ရှည် လည်ကုတ်ထောက်၊ ငွေကိုင်းနှင့် မှန်အကြည် ပါဝါမပါသော မျက်မှန်က တတ်လိုက်သေးသည်။ သို့သော် ပီတာဇော်မြင့် အပြောကောင်း၏။ ဆေးရောင်းလာတာကြာပြီ။
“ကျွန်တော်ပြောလိုက်တဲ့စကားကြောင့် မိဘပြည်သူများ စိတ်ထဲမှာ အနည်းငယ် အနှောက်အယှက်ဖြစ်သွားမယ်ဆိုရင် ကျွန်တော့်ကို ခွင့်လွှတ်ကြပါ။ တကယ်တော့ မိဘပြည်သူများရဲ့ မေတ္တာရိပ်မှာ ခိုလှုံပြီး တ၀မ်းတခါးအတွက် မိမိဘ၀ကို ရိုးသားစွာ ကြိုးစားစွာ ထိန်းကြောင်းနေရတဲ့ စင်ကြယ်မွန်မြတ်တဲ့ အသက်မွေးမှုတခု အရင်းပြုပြီး လှုပ်ရှားနေရတဲ့သူဟာ…ဟော အခု မိဘပြည်သူများရဲ့ရှေ့မှောက်မှာ လာရောက်တင်ပြနေတဲ့ ကျွန်တော် မောင်ပီတာဇော်မြင့်ပါခင်ဗျား…ကောင်းပြီ မင်းဘာတွေတင်ပြမှာလည်း…ဒို့ကိုဘာတွေ လာတင်ပြမှာလဲ ဆိုတော့…ဖြတ်ခနဲ ဆွဲထုတ်လိုက်သည်။ ဘယ်လိုထုတ်လိုက်သည် မသိရ။ အလွန်လျှင်သည်။ သူ့လက်ချောင်းတွေကြားမှာ ပုလင်းငယ်သုံးလုံး၊ ဘယ်ဘက်လက်ချောင်းတွေကြားမှာ ပုလင်းငယ်သုံးလုံး ညှပ်၍ ညာဘက်လက်က ဖြန့်ကာ ၀ဲကာ နိမ့်ကာ မြင့်ကာ သီတာသင်္ဘောကြီးနောက်က တအုတ်ကြီးလိုက်လာသော ဇင်ယော်တွေ ပျံနေသလို… လက်တကားကား တ၀ဲဝဲလုပ်နေ၏။ “လူဆိုတာဟာ မိဘပြည်သူများသိကြတဲ့အတိုင်း သဗ္ဗေသတ္တာ အဟာရ ဒီတိကာ ဆိုတဲ့ ကျမ်းဂန်ပါဠိလာရှိသည်နှင့်အညီ အစာအဟာရကို မျှတစွာ စားသောက်မှီတင်းရတဲ့ သတ္တ၀ါမျိုး ဖြစ်ပါတယ်။ ကေသာ လောမာ နာဖာ ဒန္တာ တဇော နာရု မန်တန် ၀ဂ္ဂံ အစရှိတဲ့ သုံးဆယ့်နှစ်ကောထဿာတို့ဖြင့် ဖွဲ့စည်းအပ်တဲ့ သည်ရုပ်ခန္ဓာကိုယ်ကြီးကို နေ့စဉ်ဓူဝ အဟာရလို့ခေါ်တဲ့အစာ ကြွေးကြရပါတယ်။ ဘီစီခြောက်ရာစုနှစ်ခရစ်တော်မပေါ်မီ ဘဝေသနီ နှစ်ခြောက်ရာကျော်က ပေါ်ပေါက်ခဲ့တဲ့ ဒဿနိကပညာရှင်ကြီး ပလေတိုက ဆိုခဲ့ပါတယ်…ဆရာကြီး ပလေတိုက ဘာဆိုခဲ့သလဲ…လူ့ခန္ဓာကိုယ်ဟာ စက်ရုံကြီးတစ်ရုံနဲ့တူတယ်လို့ ဆရာကြီးပလေတိုက ဆိုခဲ့ပါတယ်။” ဘယ်လက်ထဲမှာရှိသော ပုလင်းငယ်သုံးလုံး ညာဘက်လက်သို့ လျှင်မြန်စွာ ပြောင်းလိုက်၏။ ပီတာဇော်မြင့် လက်အလွန် မြန်သည် (ခါးပိုက်နှိုက်လက်မျိုး)။
“အဲဒီတော့ စားလိုက်သမျှအစာတွေကို ခန္ဓာကိုယ်စက်ရုံကြီးတစ်နေရာ အစာအိမ်ဆိုတဲ့ ယန္တရားက ကြိတ်ဝါးချေဖျက်ပေးရပါတယ်။ သိပ္ပံပညာရှင်တို့ရဲ့ ဘိုးအေကြီးဖြစ်တဲ့ အိုင်းဇက်နယူတန်ရဲ့ တတိယသဘာဝ ဥပဒေသအရ အစာဆိုတာ စားပြီးရင် ချေဖျက်ရပါတယ်။ အစာမကြေရင် ဘာဖြစ်မလဲ…ဟောဒီ…” သူ့ပတ်ဝန်းကျင်မှာ ရုတ်ရုတ်သဲသဲပါပဲ။ သင်္ဘောပေါ်ကလူတွေပဲ သွားကြလာကြ ထိုင်ကြထကြ ရီကြမောကြ၊ ကလေးတွေကတော့ငိုကြ၊ တစ်ယောက်တစ်ပေါက် ကြွက်ကြွက်ညံ သင်္ဘောစက်သံနှင့်တကွ ရာထောင်မျှသောလူတွေအသံကို လွှမ်း၍ ပီတာဇော်မြင့် ဆက်လက်ဟောပြောနေ၏။ ပါဝါမပါ ဗလာရှိုး မျက်မှန်ကိုင်းကို မတင်လိုက်ပုံ၊ ခေါင်းကို ငဲ့လိုက်ပုံ၊ မျက်မှန်ကိုင်းကို ကျော်၍ မျက်လုံးပြူးကြည့်လိုက်ပုံ၊ ကိုယ်တစ်ခြမ်း လှည့်၍ ပေစောင်းစောင်းနေလိုက်ပုံတို့မှာ နှစ်ကာလအတော်ကြာ ကျင့်ယူထားသော အိုက်တင်များဖြစ်၏။ လေဆက်ရှည်ပြန်၏။ “ဟော … ဒီမန္တလေးနန်းတွင်းမူအတိုင်း ရှေးဆရာကြီးများရဲ့ သမ္မစင် လျို့ဝှက်များအရ မိဘပြည်သူများရဲ့ ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက ရှေးရှုဖြည့်ဆည်းပေးမဲ့ ဆရာပီတာဇော်မြင့် ဓာတုဗေဒ နည်းကျကျ ဖော်စပ်ထုတ်လုပ်လိုက်တဲ့ အစာကြေဆေးတော်ကြီး…အစာမကြေလို့ လေထိုးလေအောင့် လေပြည့်လေကယ် လေတစို့လေတပြည် လေတကူလေတကန့် လေတပြန်လေတစူး အထူးထူးအပြားပြားသော လေရောဂါများဟာ ဗေသစ္စဆေးခန်းမဟာမှာ တစ်ရာ့နဲ့မှကိုးမျိုး ရှိတယ်လို့ ဆရာအာလတ်ယက္ခရသေ့ကြီးက ရေးသားမိန့်ဆိုခဲ့ပါတယ်။ လေရောဂါမှန်သမျှ ဆလံသ ပြန်ရမယ်… ပျောက်သလားမမေးနှင့်… ကျွန်တော်ပီတာဇော်မြင့် ဟောဒီအစာကြေဆေးပုလင်းတွေမှာ လိပ်စာ နေရပ် တယ်လီဖုန်းနံပတ် အတိအကျ ဖော်ပြပါရှိပါတယ်။ အထူးသဖြင့်ကတော့…” ဘယ်ဘက်ပခုံးမှာ သိုင်းချိတ်ထားသော ယိုးဒယားလေကြောင်းလွယ်အိတ်ကို ညာပခုံးသို့ ပြောင်း၏။ လက်ကြားထဲက အစာကြေဆေး သုံးပုလင်းကို မြှောက်၍ ဝေ့၍ မျက်စိနောက်အောင် လုပ်နေသည်။
“ကြိုက်တဲ့အစာစား… ဟေ့မောင်ပီတာရဲ့ ငါ့မှာသွေးတိုးရောဂါရှိတယ်… မင်းကကြိုက်တဲ့အစာစား အစာရှောင်စရာမလိုဘူးပြောတာ ဘယ့်နှယ်လဲကွဲ့လို့မေးစရာရှိလာတယ်… ဦးဦး ဒေါ်ဒေါ် ကိုကို မမ ခုနှစ်ရက်သားသမီး လုပ်သားပြည်သူများ ကြိုက်ရာကို စားပါ…သမုဒ္ဒရာရေမျက်နှာထက် ခဏတက်သည့် ရေပွက်ပမာ တသက်တာ ဘ၀မှာ ကြိုက်တာစားပါ… ဘာစားမလဲ မမေးနဲ့… ၀က်သား၊ ကြက်သား၊ ဆိတ်သား၊ သိုးသား၊၀က်သားပေါင်း၊ ကြက်သားပေါင်း၊ဘဲသားပေါင်း… ဟော…ရေချိုရေငန် နှစ်နိုင်ငံမှာ ပြိုင်စံရှားတဲ့ က၀က်ကင်းငါးသလောက်အချိုပေါင်း အရိုးနုပေါင်း… ဘာစားမလဲ မမေးနဲ့… ဒံပေါက်ထမင်း၊ ထောပတ်ထမင်း၊ အုန်းထမင်း၊ အုန်နို့ခေါက်ဆွဲ… ကဲ တရုတ်အစားအစာ စားအုံးမလား… ကုန်းဘောင်ကြီးကြော်၊ ၀က်စတူးကြော်၊ တောက်တောက်ကြော်၊ ချိုချဉ်ကြော်၊ ပုဇွန်ချိုချဉ်၊ ငါးရှဥ့်အချိုချက်၊ ငါးရှဥ့်အစပ်ချက်၊ ငါးပဲငပိ၊ ဂဏန်းနဲ့ မှိုကြော်၊ ဂဏန်းငုံးဥကြော်၊ ပြည်ကြီးငါးဆုပ်၊ ကြက်သားသုပ်၊ ၀က်သားသုပ်… အဲ ဆန်းဆန်းပြားပြား ဖားသား၊ ကြွက်သား၊ ဂျီသား၊ ဆတ်သား၊ သိုးသား၊ ခိုသား၊ ငယ်ညို၊ ရေ၀မ်းဘဲ၊ ဆစ်ဆလီ၊ ဆနိုက်ကြော်၊ ဘဲကောင်လုံး ပေါင်းမလား ကင်မလား… ဘာစားစား စားချင်ရာစား ၀က်ကောင်လုံးကင်…” ခွပ်ကနဲအသံကြားရ၏။ ပီတာဇော်မြင့် လဲကျသွား၏။ မျက်မှန် လွင့်စင်သွားသည်။ လက်ထဲက အစာကြေဆေးပုလင်းသုံးလုံး သင်္ဘောကြမ်းပြင်ပေါ်ကြ၏။ နှစ်လုံးကွဲသည်။ တစ်လုံး ခုံတွေအောက် လိမ့်သွား၏။ ပီတာဇော်မြင့်ကို တစ်ယောက်ယောက်က လက်သီးနဲ့ ဆွဲထိုးလိုက်သည်။ ဘာမပြော ညာမပြော ပီတာဇော်မြင့် ရှေ့သွားနှစ်ခြောင်း ကျိုးသွား၏။ ဘယ်သူက ၀င်ပြီးလက်သံပြောင်လိုက်သည်မသိ။ ခွေခွေလေးလဲနေသော ပီတာဇော်မြင့်၏ဘေးမှာ မှန်တစ်ဖက်ကွဲသွားသည့် ငွေကိုင်းမျက်မှန်နှင့် ရှေ့သွားနှစ်ချောင်း… ထို့နောက် ရုတ်ရုတ်သဲသဲ…

ဇော်ဇော်အောင်
0 comments:
Post a Comment