အားနည်းချက်နှင့် သူငယ်ချင်းများ

>> Saturday, September 15, 2007




လူတော်တော်များများမှာ အားနည်းချက် တစ်ခုစီလောက်တော့ အနည်းဆုံးရှိတတ်တယ်လို့ ကျွန်တော်တော့ထင်တယ်။ ဘယ်နေရာမဆို အားလုံးပြီးပြည့်စုံတဲ့သူဆိုတာကတော့ ရှားမယ်ထင်တာပေါ့လေ။ အားနည်းချက်လို့ပဲ ကျွန်တော်သုံးလိုက်မယ်။ အားနည်းချက် ဟုတ်၏၊ မဟုတ်၏ ကတော့ ဒီစာဆုံးမှပဲ ခင်ဗျားက ဆုံးဖြတ်ကြည့်ပေါ့နော။ခင်ဗျားက ဒီစာဖတ်ပြီးရင်လည်း ကျွန်တော့်ကိုရှက်မနေနဲ့ဦး။ ကျွန်တော် ပြောပြတဲ့ အားနည်းချက်ထဲကလို အားနည်းချက်တစ်ခုခုများ ခင်ဗျားမှာ ရှိနေရင်လည်း မရှက်ဘဲ ကျွန်တော့်ကို ပြောပြပေါ့။



ကျွန်တော်နဲ့ အရမ်းကို ခင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ ပြောလို့သာ ပြောရတာရယ်.. ကျွန်တော်က အဆောင်နေကျောင်းသားဆိုတော့ အဆောင်မှာ နေတဲ့သူငယ်ချင်းအားလုံးကို ခင်တာပါပဲ။ ကျွန်တော်ပြောတဲ့ သူငယ်ချင်းက ကောင်မလေးတစ်ယောက်ကို စွဲစွဲလမ်းလမ်း ချစ်မိသွားတယ်ပေါ့ဗျာ။ သူကြိုက်တဲ့ ကောင်မလေးကလည်း လှကလည်းလှဆိုတော့ နာမည်ကြီးပေါ့လေ။ နာမည်ကြီးဆိုတော့လည်း မူတဲ့အခါတွေလည်း မူတော့တာပေါ့။ တစ်ခါတစ်ရံကြလည်း ကျွန်တော့်သူငယ်ချင်းကို မတူမတန်တွေကလည်း ပြောတတ်သေးတာကို။ အဲဒီလို အပြောခံရတဲ့နေ့ဆိုရင်တော့ ဒီကောင်ကြီးက ငူငူငိုင်ငိုင်နေလို့နေ၊ ကုတင်ပေါ်မှာ ခွေလို့ခွေပေါ့ဗျာ။ တစ်ခြားသူငယ်ချင်းတွေကလည်း သိပါတယ်။ ဒီကောင်ကြီး ဒီလိုဖြစ်နေမှတော့ ဒီနေ့တော့ အဆော်ခံလိုက်ရပြန်ပြီပေါ့။ ဒီလိုဆော်ပလော်တီးခံရတဲ့နေ့တွေကလည်း များများလာတော့ တစ်နေ့တော့ သူကလည်း စိတ်ကူးပြောင်းသွားတယ်ထင်ပါတယ်။ အခန်းထဲက သူ့စာကြည့်စားပွဲရှေ့မှာ ဆော့ပင်အနီကြီးနဲ့ စာတစ်ကြောင်းရေးထားပါလေရော။ " ခံစားချက်ကို ဦးစားပေးရင် ခွေးဖြစ်မယ်မှတ်"တဲ့။ အား ပါး...။ ဒီကောင်ကြီး ခံစားချက် ပြောင်းသွားပြီပေါ့။ အာဂကောင်ကြီး။ မထင်နဲ့ဗျို့။ နောက်နေ့တွေကျလည်း ဒီကောင်ကြီး သူကြိုက်တဲ့ ကောင်မလေးဆီသွားပြီး တအီအီနဲ့ရယ် ခွေးကြီးကျလို့။ ဒါပေမယ့် နောက်တစ်လ၊နှစ်လလောက်ကြာတော့ ဒီကောင်ကြီး ခွေးမဟုတ်တော့ဘူးဗျို့။ ဘာဖြစ်သွားတယ်ထင်လဲ။ ဒီကောင်ကြီး နွားဖြစ်သွားတာ။ ကောင်မလေးနဲ့ အဆင်ပြေပြီး ဟိုကခိုင်းသမျှ မငြီးမငြူလုပ်ပေး၊ ကောင်မလေးအရိပ်တကြည့်ကြည့်နဲ့ လိုတာတွေလိုက်ဖြည့်ဆီးရင်းနဲ့ သူ့အလုပ်သူတောင်မလုပ်နိုင်တော့တဲ့ လူ့ငနွားကြီး ဖြစ်သွားတာလေ။

နောက်တစ်ယောက်ရှိသေးတယ်ဗျ။ သူကလည်း စာကြည့်စားပွဲရှေ့မှာ ရေးထားတာ စာတစ်ကြောင်း။ ဘာမှတ်နေလဲ။ သူကလည်း အလာကြီးပဲဗျ။ "လျှို့ဝှက်သင့်သည်များကို မပေါက်ကြားပါစေနဲ့"တဲ့။ သိပ်ကိုလျှို့ဝှက်တဲ့ကောင်ကြီး။ သူ့အကြောင်းကတော့ ဘယ်သူ့ဆီကမှကို မသိရဘူး။ လုပ်ချင်ရာကို တစ်ယောက်တည်းပဲလုပ်တယ်။ ဘယ်သူ့ကိုမှ အသိမခံဘူး။ အဲ..ဒါပေမယ့် သူ အရက်သောက်ပြီး မူးလာတဲ့နေ့ဆိုရင်တော့ ခင်ဗျားကံဆိုးပြီ။ တစ်သီတစ်တန်းကြီး ဖွဲ့ကာနွဲ့ကာနဲ့ကို သူ့လျှို့ဝှက်ချက်တွေကို တဖြည်းဖြည်းချင်းပေါက်ကြားတော့တာ။ အစ်စရာ အောက်စရာမလို။ အဲဒီလို။

သူငယ်ချင်းတွေကလည်း အစုံရယ်။ စာကြည့်တဲ့သူရှိသလို။ စာမကြည့်ဘဲ ယောင်ဝါးဝါးနေတဲ့သူလည်း ရှိတာပဲ။ ငယ်ငယ်က စာတွေအများကြီးကြည့်ပြီး တက္ကသိုလ်ရောက်မှ ဘ၀မှာ ဘာအရေးအကြီးဆုံးလဲဆိုတာ ငါသဘောပေါက်သွားပြီလို့ပြော၊ ဘ၀အဓိပ္ပါယ်ဆိုတာကို ကိုယ်ဖွင့်ချင်သလို အဓိပ္ပါယ်ဖွင့်ပြီး ဆေးလိပ်တို လက်ကြားညှပ်ကာ လုပ်ချင်ရာလုပ်နေတဲ့ သူတွေလည်းရှိတာပါပဲ။ သူငယ်ချင်းတစ်ယောက်ကတော့ ငယ်ငယ်တုန်းက သူက ကိုယ့်ရပ်ကိုယ့်ရွာမှ ထိပ်ဆုံးမှာနေရာရလာတာ။ တက္ကသိုလ်ရောက်တော့ အပေါင်းအသင်းကလည်း စုံ။ ပေလိုက်တေလိုက်တာ။ ပြီး စာမေးပွဲဖြေလိုက်တော့ Roll no. နောက်ဆုံပြုတ်ကျ။ အဲဒီတော့မှ ကိုယ့်အခြေအနေကို သတိထားမိပြီး ကိုယ့်ဟာကို သတိလေးလည်း ပေးဦးမှ၊ ကိုယ်ကျဆုံးထားတာကိုလည်း စိတ်ဓာတ်မကျရအောင်ပေါ့ လို့စိတ်ကူးမိပုံပေါ်ပါတယ်။ အခန်းနံရံမှာ စာရေးလိုက်ပြီး သတိပေးပါလေရော။ သူရေးတာက ဒီလို။ "ရှေ့တိုးမယ့်ဆင်ဟာ နောက်ကို ခြေတစ်လှမ်းဆုတ်ရတယ်"တဲ့။ ဒီကောင်ကြီး စာတွေနဲ့ နပမ်းလုံးပြီပေါ့။ ဘာရမလဲ။ ငယ်ငယ် အခြေခံ ကျောင်းမှာ ကတည်းက 'ဇ' နဲ့နေလာတာ။ အတန်းတွေ စတက်ကတည်းက Lecture ကို စနစ်တကျ လိုက်တယ်။ ပုံမှန်စာလည်းဖတ်ပေါ့။ သေချာပြီပေါ့။ ဒီလို စနစ်တကျလုပ်မှတော့ Roll no. ရှေ့မရောက်ဘဲ နေပါ့မလား။ ဒါပေမယ့်လည်း လူပေလူတေတို့ရဲ့ထုံးစံအတိုင်း သွင်းထာတဲ့ကီတွေက တစ်လလောက်ဆို ပြုတ်ကျ၊ အရင်ထုံးစံအတိုင်းပေတေပြီးနေတာပေါ့။ သူရေးထားတဲ့သတိပေးစာတောင်သူ့ဟာသူ ဖတ်မိမှာစိုးပုံရပါတယ်။ နန္ဒာလှိုင်ကို အကွယ်တောင် ခိုင်းထားလိုက်သေး။ Final စာမေးပွဲဖြေတော့ နောက်တစ်လှမ်းဆုတ်တဲ့ ဆင်ကြီး ကံကောင်းလို့ ချောက်ထဲပြုတ်မကျပါတယ်။ Roll no. နောက်ဆုံးပိတ်က ကပ်အောင်သွားလို့ပေါ့။

တစ်ချို့ကလည်း ကဗျာတွေ ၀ါသနာပါတော့ ကဗျာတွေကိုးကားပြီး ကိုယ့်ကိုယ်ကို အားပေးကြတာပေါ့။
"အများနှစ်ခြိုက် အိပ်စဉ်ခိုက်ဝယ်
မျဉ်းငိုက်ရန်ပင် စိတ်မထင်ဘဲ
တောဝင်တောင်ထွက် ငါချီတက်၏"
လို့စာကြည့်စားပွဲရှေ့နံရံမှာရေးတဲ့သူတွေလည်းရေးတာပါပဲ။
တစ်ချို့ကလည်း
"အများတကာ ညအခါ အိပ်စက်
သူတို့တွေထိပ်သို့တရွေ့ရွေ့တက်"
လို့အားပေးတာပေါ့လေ။
သူတို့တွေကို သွားကြည့်လိုက်ရင် တစ်နေ့ရှိတဲ့ ၂၄ နာရီတောင်မလောက်လို့ နောက်နေ့က နာရီတွေတောင် ချီးငှားပြီး တခေါခေါပါပဲ။

သူငယ်ချင်းတွေကလည်း သူတို့မလုပ်နိုင်တာတွေကို လျှောက်လျှောက်ရေးတော့ သူတို့အားနည်းချက်တွေက ပေါ်ပေါ်ကုန်တော့တာပေါ့။ ကိုယ်မလုပ်နိုင်ရင် မရေးတာ အကောင်းဆုံးမဟုတ်လား။ ကိုယ်လုပ်နိုင်တာလုပ်မယ်။ အပေါင်းအသင်းတွေ ကျွန်တော့်အခန်းကို ၀င်လာရင် တစ်ချို့က အခန်းတံခါး မပိတ်တတ်ဘူး။ ကျွန်တော်ကလည်း အခန်းတံခါးကြီး ပွင့်နေရင် စိတ်တွေကလေလွင့်ပြီး စာကိုကြည့်မရတာရယ်။ ဒီတော့ ကျွန်တော့်အခန်းမှာတော့ ရိုးရိုးပဲ ရေးထားတယ်။ "မိတ်ဆွေ- ကျွန်ုပ်စာကြည့်နေလျှင် အခန်းတံခါးကို ပြန်ပြီး စေ့ထားပေးပါ" ဆိုပြီး။ ၀င်လာတဲ့သူတွေကို အကူအညီတောင်းတာပါ။ ဒါပေမယ့် ကျွန်တော့် အခန်းတံခါးကြီးကတော့ အမြဲတမ်း ဟောင်းလောင်းကြီးပါပဲ။ ကျွန်တော်မှ စာမကြည့်တာကိုးဗျ။
ကိုင်း- ခင်ဗျားလည်း ခင်ဗျား အားနည်းချက်ကို ပြောပြ။

ဇနိ


4 comments:

မောင်ဖြူ September 15, 2007 at 9:17 PM  

ကိုဇနိ
လုပ်ချလိုက်ပြန်ပီ။
ကျွန်တော့်သူငယ်ချင်းတစ်ယောက်အကြောင်းလဲလုပ်ပါဦး။
ကျွန်တော့်အကြောင်းတော့ လုပ်နဲ့နော်။ :P

tmn September 18, 2007 at 6:37 PM  

ကိုဇနိ… ကိုဇနိရဲ့ကုတင်ဘေးက အုတ်နံရံမှာ “ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေသည်” လို့ရေးထားပြီး….ကုတင်အောက်မှာကြတော့ ဆေးလိပ်တိုတွေအများကြီးပဲနော်…:P

Hlaing Htun September 19, 2007 at 8:58 AM  

ဒါပေါ့ဗျာ လူတိုင်းမှာ အားနည်းချက်တွေနဲ့။
..... သူငယ်ချင်းတွေကလည်း သူတို့မလုပ်နိုင်တာတွေကို လျှောက်လျှောက်ရေးတော့ သူတို့အားနည်းချက်တွေက ပေါ်ပေါ်ကုန်တော့တာပေါ့။ ကိုယ်မလုပ်နိုင်ရင် မရေးတာ အကောင်းဆုံးမဟုတ်လား။ ကိုယ်လုပ်နိုင်တာလုပ်မယ်။ ...... အဲ! အဲဒီနားလေးမှာ သိပ်သဘောမတူဘူး။ မလုပ်နိုင်လို့ ကိုယ့်ကိုကိုယ် သတိပေးတဲ့အနေနဲ့ ရေးကြတာမဟုတ်ဘူးလား။ အခုလိုပြောရတာကလဲ ကတုတ်ကျင်းတူးတာဗျ။ အခန်းမှာ ရေးလေ့ရေးထရှိတာလေးကို ပြောပြမလို့။
"Lost time is never found!"
အဲဒီစာသားကို အမြဲရေးလေ့ရေးထ ရှိတယ်။ ဒါပေမဲ့ဗျာ ယောင်ခြောက်ဆယ်နဲ့ အမြဲတမ်းပဲ အချိန်တွေပျောက်ကုန်တာ နည်းမှမနည်းပဲ၊ နှစ် ၃၀ တောင်ရှိတော့မယ်။
အင်း..နောက်ထပ်ပြောရရင်တော့ ဖတ်ကောင်းတယ်။ စာသားလေးတွေကို ဘယ်သူက ဘာရေးတတ်တယ်ဆိုတာပါ သိရရင်ကောင်းမယ်။ ဒါမှ ဒီကောင်ကြီးက ဒီလိုကိုးလို့ သိရပြီး၊ ပျော်စရာကောင်းမယ်။ အခွင့်သင့်ရင်လည်း ကိုဇနိရဲ့ အခန်းတံခါးကို ပိတ်ထားပေးချင်ပ။ ဒါမှ စာတိုပေစလေးတွေ ဖတ်ရမယ်။ အဲ! ကျောင်းစာကတော့ အေးဆေးပေါ့ဗျာ... ဟဲ ဟဲ.. :P

စိုးဝင်းအောင် October 21, 2007 at 5:52 PM  

ကျနော့်အားနည်းချက်က တွေဝေတတ်တာဗျ။ ပျင်းတာလားတွေဝေတာလားကို တစ်ခါတစ်ခါ မကွဲတတ်ဘူး ။
မကောင်းမှန်းသိပေမယ့်နေလာတာကြာတော့ . . . အဟဲ. . .
အသားကျနေပြီဗျ။ ပြင်တော့ပါဘူး ။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP