ဟဲလို ဟဲလို အမေလား
>> Friday, September 7, 2007
ညနေက ဘတ်စကားပေါ်က ဆင်းဆင်းချင်း မိုးက၀ုန်းကနဲ သဲကြီးမဲကြီးရွာချကိုက်တာနဲ့ ကဗျာကသီ နီးရာလဘက်ရည်ဆိုင်ထဲ ပြေးထိုင်ပြီး ကျဆိမ့်တစ်ခွက်မှာလိုက်တယ်။ မှာထားတဲ့ လဘက်ရည်မရောက်သေးခင် ဆိုင်ထဲမှာ အသိတစ်ယောက်တစ်လေများတွေ့လိုတွေငြား ဟိုဟိုဒီဒီ မျက်စေ့ကစာကြည့်မိသေးတယ်။ ဘယ်သူမှမတွေ့တော့ပျင်းပျင်းရှိတာနဲ့ ဆိုင်ထဲမှာဖွင့်ထာတဲ့ ဗီစီဒီကို အာရုံစိုက်လိုက်မိတယ်။ စင်ပေါ်ကို သူ့မိခင်ကို ဖိတ်ခေါ်၊ ပရိတ်သတ်နဲ့ မိတ်ဆက်ပေးပြီး သီချင်းဆိုနေတဲ့ အဆိုရှင်ရဲလေးကို အမှတ်တမဲ့သတိပြုလိုက်မိတယ်။ သားအောင်မြင်မှုကို ကျေနပ်နှစ်သက်နေတဲ့ မိခင်တစ်ယေက်ရဲ့ပီတိအပြုံးနဲ့မြင်ရတော့ အလိုလိုနေရင်း စိတ်ထဲမှာမုဒိတာပွားမိပါတယ်။ အရင်တုန်းက မေဆွိနဲ့ ဒေါ်မြင့်မြင့်ခင်၊ သံသာဝင်းနဲ့ နွဲ့ယဉ်ဝင်း အခွေတွေထဲက အမေတွေရဲ့ ဒီလိုအပြုံးမျက်နှာတွေကိုမြင်ယောင်မိရင်း အဝေးတစ်နေရာဆီက မွေးသမိခင်ကိုဆွတ်ဆွတ်ပျံ့ပျံ့ လွမ်းစိတ်ပေါ်လာတာနဲ့ ကျသင့်ငွေအမြန်ရှင်းပြီး အိမ်ကိုဖုန်းခေါ်ဖို့ အများသုံးတယ်လီဖုန်းရှိရာ ပြေးရတော့တယ်။ နယ်ကိုပြောလို့ရတဲ့ဖုန်းက တစ်လုံးတည်းရှိတာမို့ ခဏစောင့်နေတုန်း ကျွန်တော့်ရဲ့အသက်သုံးဆယ်ကျော်တဲ့အထိ အမေကိုလွမ်းတတ်တဲ့ ရောဂါအကြောင်းတွေရင်း တစ်ယောက်တည်းပြုံးလိုက်မိတယ်။
ရှေ့က ဖုန်းကို မောင်ပိုင်စီးပြီး လေကြောရှည်နေတဲ့ကလေးမ ဘာထင်သွားလဲ မသိပါဘူး။ ကောင်မလေး ဖုန်းကို အမြန်ချပြီး ပိုက်ဆံရှင်းလိုက်တယ်။ ပြန်အထွက်မှာ လူကိုတောင် မျက်စောင်းထိုးသွားလိုက်သေးတယ်။ စိတ်ချပါ ကောင်မလေးရေ နင်ပြောတာတွေ ငါဘာမှခိုးနားမထောင်ပါဘူးဟာ။ အမေနဲ့ဖုန်းရတော့ အမေကထုံးစံအတိုင်း သြ၀ါတစ်သီကြီး ခြွေတော့တာပါပဲ။
“ ဟဲ့...ကောင်လေး၊ နေကောင်းရဲ့လား ”
“ ကောင်းပါတယ်အမေ”
“ရန်ကုန်က မိုးများက များပါဘိသနဲ့၊ အပြင်ထွက်ရင်ထီးယူသွားဖို့ မမေ့နဲ့နော် ”
“ ဟုတ်ကဲ့ပါအမေ ”
အင်း.. ခုတောင် ထီးပါမလာလို့ လဘက်ရည်ခိုင်မှာ မိုးခိုခဲ့ရတာကို အမေသိရင် မလွယ်ဘူး။
“ ထီးလည်းဟိုချ၊ ဒီချ မမေ့ခဲ့နဲ့ဦး။ နင်ဖျောက်တာများပြီ ”
အခုတောင် ကျွန်တော်ရုံးမှာလား၊ ဘတ်စကားပေါ်မှာလားမသိဘူးအမေ၊ ထီးကျန်ခဲ့တာ။ ကျွန်တော်အဖျောက်ကောင်းပုံကတော့ ထီးရော၊ ထမင်းချိုင့်ရော မရေနိုင်တော့ဘူး။
“ ဟဲ့ကောင်လေး၊ ငါပြောတာ ကြားရဲ့လား ”
“ ဟုတ်၊ ကြားပါတယ်အမေ ”
ကြားပါ့၊ ကြားပါ့၊ ကျွန်တော်တင် မဟုတ်ဘူး၊ အမေအော်နေတာ ဘေးလူတွေတောင်ကြားတယ်။ အမေ့ဘက်ကလည်း အရှေ့ခုနှစ်အိမ်၊ အနောက်ခုနှစ်အိမ်းကြားမှာသေချာတယ်။
“ အရင်တစ်ပတ်က ၀က်သားထောင်းကြော်လူကြုံနဲ့ထည့်ပေးလိုက်တာ ရလား ”
“ ရပါတယ်အမေ ”
သားသမီးတွေအများကြီး တစ်ယောက်ချင်းစီ ဘာကြိုက်တတ်လည်းသိတဲ့အမေ။ ကျွန်တော်တော့ အမေဘာကြိုက်တတ်လည်း အခုထိမသိပါဘူး။ အိမ်ပြန်သွားလို့ ရွှေပုဇွန်ကိတ်မုန့်လေး ၀ယ်သွားလည်း ကောင်းတယ်ပြောတာပဲ။ ဂျေဒိုးနတ်ဝယ်သွားလည်း ကောင်းတယ်ပြောတာပဲ။ တစ်ခါက သိင်္ဂီရွှေရည်က ကြက်တံဆိပ်ပဲလှော်ဝယ်သွားမိတော့လည်း ကောင်းတယ်ပြောတုန်းပဲ။ သားသိသားပဲ၊ အမေ မ၀ါးနိုင်ဘူးဆိုတာ။
“ညရေး၊ ညတာအပြင်မထွက်နဲ့နော်၊ ညအိပ်ရင်လည်း အပေါက်တွေလုံအောင်ပိတ်အိပ်၊ အအေးမိဦးမယ် ”
“ ဟုတ်ကဲ့ပါအမေ၊ စိတ်ချပါ ”
“ အဆင်ရောပြေရဲ့လား”
“ပြေပါတယ်အမေ”
“ ဟဲ့၊ ဘာမှာဦးမှာလည်း ”
“ အဆင်ပြေရင်လူကြုံနဲ့ ပိုက်ဆံနည်းနည်း ထည့်ပေးလိုက်ပါအမေ ”
“ ဘယ်လောက်လဲ၊ ငါ့မှာလည်း သိပ်ပြေလည်တာမဟုတ်ဘူး၊ အိမ်စားရိတ်က ကြီးကကြီးနဲ့၊ ဒီခေတ်ကြီးထဲ ”
“ ၅ သောင်းထဲပါအမေ၊ သားအဆင်ပြေရင် ပြန်ပေးပါ့မယ် ”
မရိုးနိုင်တဲ့ပုံပြင်ဆိုတာ အမေသိပြီးသားဆိုပြီး မဲ့ပြုံး ပြုံးနေတဲ့ အမေ့မျက်နှာကို သားမြင်တယ်အမေ။
“ အေး၊ အေး လမကုန်ခင်ပေးလိုက်မယ် ”
လလယ်လောက် ပိုက်ဆံပြတ်တတ်တာ အမေသိရဲ့သားနဲ့။
“ နင်နဲ့ဖုန်းပြောရတာ၊ မေးတစ်ခွန်း ဖြေတစ်ခွန်းနဲ့၊ နင်တို့အဖေလိုပဲ၊ စိတ်ကိုမရှည်ဘူး၊ ကဲ.. နင့်အဖေနဲ့ပြောလိုက်ဦး ”
အမေချည်းပဲ ကြားဖြတ်မရအောင် ရေပက်မ၀င်ပြောပြီးတော့။
“ မင်းအမေကတော့ သူ့စိတ်ချည်းပဲကွာ၊ မင်းခွင့်ရရင်ပြန်လာဦး ”
“ ဟုတ်ကဲ့ ”
2 comments:
ဟဟ
ကိုပီဆာကျယ် ကောင်းပဗျာ။
ကျွန်တော်လဲ အိမ်ကို ဖုန်းဆက်ဦးမှ။
ကိုပီဆာကျယ် တော်ပါ့။ အမေပြောတဲ့ အတိုင်းအပေါက်တွေ သေချာပိတ်ရဲ့လား ဖျားနေဦးမယ်။
Post a Comment