ကျွန်တော်နှင့်အိမ်သာများ
>> Friday, September 14, 2007
ပထမဦးစွာ စာဖတ်သူများကို သတိထားစေချင်သည်မှာ၊ ကျွန်တော်နှင့်အိမ်သာများပါ။ အိမ်သားများမဟုတ်ပါ။ ဤစာပိုဒ်၏ တစ်နေရာရာတွင် အိမ်သားဟူသော စာသားကိုတွေ့ပါက ကျွန်တော်မှားရိုက်ခြင်းသာ ဖြစ်ပါသည်။ ဆိုလိုသည်မှာ အိမ်သာဖြစ်ပါသည်။ အိမ်သာတစ်လုံးကို အိမ်သားသဖွယ် ဘယ်သူမှထားချင်ကြမှာမဟုတ်သော်လည်း၊ အိမ်သာမရှိသောအိမ်သည်၊ အိမ်သားမရှိသောအိမ်ကဲ့သို့၊ မတင့်တယ်နိုင်ပါ။
စာရေးဆရာမင်းလူ၏ အိမ်သာတစ်လုံးအလိုရှိသည်ဆိုသော ၀တ္ထုတိုလေးကို ဖတ်ရသည့်အချိန်မှစ၍ အိမ်သာများကို ပို၍သတိထားမိလာခဲ့သည်။ ပို၍သတိထားမိလာသည်ဟု ဆိုရသည်မှာ၊ ဟိုးယခင့်ယခင်ကလည်း သတိထားသင့်သလောက်တော့ ထားမိခဲ့သည်ကို ဆိုလိုပါသည်။ အိမ်သာများနှင့်ကျွန်တော်၊ ကျွန်တော်နှင့်အိမ်သာများအကြောင်းကို ပြောရမည်ဆိုလျင် ကျွန်တော့်ငယ်ဘ၀မှစမှဖြစ်မည်။ လူမှန်းမသိတတ်ခင်အရွယ်တုန်းကတော့၊ ကျွန်တော်၏မာတာမိခင်သည် ကျွန်တော့်အတွက် ထိုကိစ္စများကို မည်သို့ပြီးစေသည်မသိ။ ကျွန်တော်မှတ်မိသည့်အရွယ်မှာတော့ အပေါက်ဖောက်ထားသော သစ်သားထိုင်ခုံလေးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ မျက်လုံးကလယ်ကလယ်နှင့် အလုပ်ရှုပ်နေသော ကျွန်တော့်ပုံရိပ်ကို ပြန်တွေးမိတိုင်း ပြုံးရစမြဲသာ။ ဆရာမင်းလူပြောသလို ကလေးဘ၀က လူကြီးတွေလို အိမ်သာကို အသုံးပြုချင်သောစိတ် ရှိခဲ့လားဆိုသည်ကို ကျွန်တော်မမှတ်မိသော်လည်း၊ သစ်သားထိုင်ခုံပေါ်တွင် ကိစ္စပြီးရသည်ကို မနှစ်မြို့ခဲ့သည်ကိုတော့ ယခုတိုင်မှတ်မိနေပါသေးသည်။
ကလေးများကို အိုးတည်ရတာလည်းမလွယ်လှပါ။ စကားမပြောတတ်သေးခင်ဆိုလျင်ပိုဆိုးသည်။ သူတို့အတွက် အိမ်သာသွားချိန်ကို မိဘက သတ်မှတ်ပေးထားရသည်။ အချိန်ကျပြီဆိုလျင် ကလေးကသွားချင်သည်မသွားချင်သည်မသိ၊ အိုးတည်ပေးရတော့သည်။ ကလေးကမညှစ်ပဲ ပေကပ်နေလျင်၊ မရမကညှစ်ခိုင်းရတာကလည်းတစ်လုပ်။ ထိုအလုပ်မျိုးမှာလည်း မရမကခိုင်း၍ရတာမျိုးလည်းမဟုတ်။ လောကတွင် မလုပ်ချင်ပဲလုပ်ရသောအလုပ်၊ မညှစ်ချင်ပဲညှစ်ရသောအလုပ်မှာ စိတ်ညစ်စရာ အကောင်းဆုံးမဟုတ်ပါလော။
ကျောင်းတက်ရသည့်အရွယ်ရောက်တော့၊ ကျောင်းအိမ်သာများကို သတိထားမိလာသည်။ ကျွန်တော်တို့မူလတန်းကျောင်းတွင်၊ စာသင်ချိန်အတွင်း ကလေးများက ဆရာမကို အိမ်သာသွားချင်ကြောင်းအလုအယက်တိုင်ကာ၊ စာသင်ချိန်ကုန်သည်အထိ အိမ်သာထဲတွင် အကြာကြီးနေတတ်ကြရာ၊ စာသင်ချိန်ကို အနှောက်အယှက်ဖြစ်သဖြင့်၊ ပလပ်စတစ်ကဒ်ပြားလေးတွေလုပ်ကာ အခန်းထဲတွင်ချိတ်ထားရသည်။ ယောက်ျားလေးတွေအတွက်တစ်ကဒ်၊ မိန်းကလေးတွေအတွက်တစ်ကဒ်။ အိမ်သာသွားလိုလျင် ထိုကဒ်ပြားလေးတွေကို ဆရာမထံမှတောင်းကာ သွားရသည်။ အိမ်သာသွားရန်အတွက် အချိန်ကလဲ ငါးမိနစ်ပဲရသည်။ ကဒ်ပြားမအားသေးသ၍ နောက်လူသွားလို့မရ။ ထိုသို့သတ်မှတ်ထားသည့်တိုင်၊ ကဒ်ပြားလေးများမှာ အောင်မြင်သောဆေးခန်းတစ်ခုမှ တိုကင်ကဒ်ပြားလေးတွေလို လက်မလည်အောင်ငှားရသည်။ တစ်ခါတလေ၊ သွားချင်သူနှစ်ယောက်ဖြစ်နေလျင် အရင်လက်ထောင်သောသူကိုဦးစားပေးရသည်။ အရေးပေါ်အခြေအနေနှင့်ကြုံကြိုက်နေသော ကျောင်းသားမျိုးရှိလျင်တော့၊ သူ၏အရေးပေါ်အခြေအနေကို သက်ဆိုင်ရာဆရာမှ အတည်ပြုချက်ရယူကာ ချွင်းချက်အဖြစ် ကဒ်ပြားမဲ့ အိမ်သာသွားခွင့်ပေးသည်။
အထက်တန်းကျောင်းရောက်လာတော့ အိမ်သာများကို ပို၍သတိထားမိလာသည်။ အဘယ်ကြောင့်ဆိုသော်၊ အထက်တန်းကျောင်းမှ အိမ်သာများမှာ အိမ်ကအိမ်သာတွေလို၊ မူလတန်းကျောင်းကအိမ်သာတွေလိုမဟုတ်။ နံရံများတွင် ကျောင်းသားများ၏ လက်ရာစုံပန်းချီကားများပါဝင်နေသောကြောင့်ဖြစ်သည်။ ပေါက်တတ်ကရစာသားတွေ၊ ပုံတွေတွေ့နိုင်သလို၊ မကျေနပ်ချက်များ၊ ဆရာဆရာမများအကြောင်းကို ရေးထားတတ်သောစာများလည်းတွေ့ရတတ်သည်။ တစ်ခါတရံ အချင်းချင်းနောက်ပြောင်ကျီစယ်ရေးထားသောစာများမှာလည်း လက်ရာမြောက်လှသည်။ ထိုထိုသောအရာများတင်ပဲလားဆိုတော့ မကပါ။ “မိအေးကိုချစ်တယ်” “ပူစူးကသိပ်လှတယ်” စသော ရင်တွင်းဖြစ်စာသားများကိုလည်း တွေ့ရသေးသည်။ တချို့ကဗျာများမှာလည်း လက်ရာမြောက်လှသည်။ ကျွန်တော်မှတ်မိနေသောကဗျာလေးတစ်ပုဒ်ရှိသေးသည်။ ထိုကဗျာလေးမှာ သံဝေဂရသည့်လေသံဖြင့်ရေးထားသည်လားမပြောတတ်။
စားသမျှ ထားခဲ့ရပြီ
မြိုသမျှ ယိုခဲ့ရပြီ
သောက်သမျှ ပေါက်ခဲ့ရပြီ။
စာသုံးကြောင်းသားရှိသော ကဗျာလေးဖြစ်သော်လည်း၊ အဓိပ္ပါယ်မှာ ထိထိမိမိရှိလှသည်။
ခြောက်တန်းနှစ်ကဖြစ်သည်။ ကျောင်းဆင်းကာနီး ကမ္ဘာမကျေသီချင်းကို အဓိပ္ပါယ်နားမလည်သော်လည်း၊ ထိုသီချင်းမှမဆိုလျင် ကျောင်းဆင်းရမည်မဟုတ်သဖြင့်၊ စိတ်အားတက်ကြွစွာ အိမ်ကိုပြန်ချင်စောဖြင့် အော်ဟစ်နေကြခိုက်၊ အနံ့တစ်ခုရလာသည်။ ထိုအနံ့မှာ လူတိုင်းသိသည့်အနံ့ဖြစ်သည်နှင့်အညီ ကျွန်တော့်ဘေးမှသူငယ်ချင်းက သတိဆွဲထားသောလက်နှင့်ကျွန်တော့်ကို အသာတို့ကာ “ဟေ့ကောင် အီးစော်နံတယ်ကွ” ဟု၊ ရှေ့မှဆရာမကြားအောင်အသံခပ်အုပ်အုပ်ဖြင့်ပြောသည်။ ကျွန်တော်ကလဲ အစောကတည်းက ထိုအနံ့ရနေသည်ကို ကျွန်တော်၏အနံ့ခံ sensor မှ သတင်းပေးထားပြီးဖြစ်ရာ အချက်အလက်မှန်ကန်ကြောင်းကို၊ ခေါင်းအသာငြိမ့်ပြ၍ အတည်ပြုလိုက်သည်။ အစကတော့ ကျွန်တော်တို့က ထိုအနံ့မှာ အငွေ့အဖြစ်သာထင်ကြသော်လည်း နည်းနည်းကြာလာသောအခါ အစိုင်အခဲမှလာသောအနံ့ဖြစ်ကြောင်း သတိပြုမိလာသဖြင့် ရှေ့ခုံမှ ဇော်ဇော်ဦးဆိုသော သူငယ်ချင်းကို နောက်မှအသာတို့ကာ “ဟေ့ကောင် ဇော်ဇော်ဦး အီးစော်နံတယ်ကွ” ဟုလှမ်းပြောလိုက်သည်တွင်၊ ဇော်ဇော်ဦးက သွက်လက်စွာပင် ခေါင်းကိုတငြိမ့်ငြိမ့်လုပ်ကာ ပါးစပ်ကလဲ “ဟုတ်ပ ဟုတ်ပ” ဟုပြန်ပြောလိုက်သည်။ ရှေ့ကဆရာမကတော့ ကမ္ဘာမကြေခြင်းတောင်းထဲသို့၊ တို့ဘိုးဘွားအမွေအနှစ်များဖြစ်သော သူ့ပစ္စည်းများကို သိမ်းနေသဖြင့်၊ ကျွန်တော်တို့၏ အနံ့ဆိုင်ရာပြသနာကို သတိမပြုမိ။ ကမ္ဘာမကြေသီချင်းပြီးဆုံး၍ ဆရာမကိုနှုတ်ဆက်ကာ အခန်းအတွင်းမှ ပြေးထွက်ကြမှ အနံ့လာရာ source ၏တရားခံကို ကျွန်တော်တို့ဖမ်းမိသွားသည်။ တခြားလူမဟုတ်ပါ။ ကျွန်တော်တို့၏ အိမ်နီးနားချင်း၊ ကျွန်တော်တို့မေးတုန်းက “ဟုတ်ပ ဟုတ်ပ” ဟုပြောသော ဇော်ဇော်ဦးပင် ဖြစ်နေတော့သည်။ သူ့ပုဆိုးနောက်က အကွက်ကြီးမှာ ဖုံးဖိလို့မရအောင် ပေါ်နေသဖြင့်၊ သကောင့်သားလည်း ပုဆိုးခါတောင်းကျိုက်၍ စက်ဘီးထားရာဆီသို့သာ သုတ်ချေတင်၍ပြေးလေတော့သည်။
စာခိုးချကြသောကျောင်းသားများအဖို့လဲ အိမ်သာမှာ ခြေကုပ်စခန်းတစ်ခုသဖွယ်ဖြစ်သည်။ ပါလာသောစာရွက်အလဲအလှယ်လုပ်လို့ရသည်။ သူများထားခဲ့သောစာများ၊ နံရံတွင်ရေးခဲ့သောပုစ္ဆာများမှ ကောင်းနိုးရာရာတို့တွေ့နိုင်သည်။ စာမေးပွဲခန်းထဲမ၀င်ခင် မှတ်စုစာအုပ်ကို အိမ်သာထဲထားခဲ့ကာ စာမေးပွဲဖြေနေရင်း တချို့နေရာများတွင် မေ့နေပါက အိမ်သာခဏသွားခါ စာအုပ်လှန်သော ကျောင်းသားများလည်းရှိသည်။ အိမ်သာထဲမှာထားခဲ့သော မှတ်စုစာအုပ်ကို သူများခိုးသွားသဖြင့် စာမေးပွဲကျရသော ကျောင်းသားမျိုးကလဲ ရှိတတ်သည်။ စာမေးပွဲတစ်ခုပြီးလျှင် စာရွက်စာတမ်းအရှုပ်ဆုံးနေရာမှာ စာကြည့်တိုက်မဟုတ်၊ စာသင်ခန်းမတွေမဟုတ်၊ အိမ်သာများပင်ဖြစ်သည်။
အိမ်သာများနှင့်ရေစက်မှာ တက္ကသိုလ်ရောက်တော့လည်းဆုံရပြန်သည်။ အကြောင်းမှာ ကျွန်တော်နေရသောအခန်းမှာ အိမ်သာနှင့်အနီးဆုံးတွင် တည်ရှိသောကြောင့်ဖြစ်သည်။ အကောင်းဘက်ကတွေးပါမူ၊ အရေးပေါ်အခြေအနေတွင် အနီးအနားတွင်တည်ရှိနေသောကြောင့် အပြေးအလွှားလေးသွားကာ ကိစ္စ၀ိစ္စရှင်းနိုင်သော်လည်း၊ လေညင်းလေးတစ်ချက်သုတ်လျင် လွင့်ပျံလာတတ်သော အနံ့မှာ အတော်ဆိုးဝါးကြောင်း နေဖူးမှသာ သိပါလိမ့်မည်။ ထို့အပြင် အချို့အချို့သော ကျောင်းသားများက အိမ်သာသွားလျင် စာအုပ်မဖတ်ပဲမသွားတတ်။ အရေးပေါ်အခြေအနေတွင် ဖတ်စရာစာအုပ်ကလဲပါမလာပါက၊ ကျွန်တော်တို့အခန်းမှ လမ်းကြုံသဖြင့် တွေ့ရာစာအုပ်ဝင်ဆွဲသွားတတ်ရာ အိမ်သာတွင်းသုံးစာအုပ်ပျောက်ပြသနာမှာလည်း မကြာခဏဖြစ်တတ်သည်။
ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရှိသေးသည်။ သူက မိုးလင်းလျင် ထိုထိုသောကိစ္စ၀ိစ္စများကို အပြီးသတ်ရှင်းလင်းထားသော်လည်း ကျောင်းသွားခါနီးလျင် အနည်းဆုံး တစ်ခါလောက်တော့ ပြေးလိုက်ရမှ အာသာပြေသည်။ safe side ဖြစ်အောင်ယူထားတာလည်းဖြစ်နိုင်သည်။ တစ်ယောက်ကတော့ ထိုသို့မဟုတ်။ မြို့ထဲရောက်မှ ဗိုက်ကသစ္စာဖောက်ကာ အစွမ်းပြသဖြင့် အသပြာတစ်ဆယ်ပေးကာ ကိစ္စရှင်းရတတ်သည်။ သည်ရောက်တော့လည်း ခရီးသွားလျင် ဘတ်စ်ကားတစ်တန် မြေအောက်ရထားတစ်တန်ဖြင့်သွားရလေ့ရှိရာ ဘတ်စ်ကားပေါ်မှဆင်းလျင် ထိုကိစ္စမှာ ပေါ်ပေါ်လာတတ်သည်။ ဒီမှာလဲ အသပြာတစ်ဆယ်ပေးရသည်။ သို့သော် ထိုအသပြာတစ်ဆယ်မှာမနည်းလှ။ အန္တရာယ်ကို လွယ်မထားနိုင်သောအခြေအနေမျိုးတွင် ထိုတစ်ဆယ်ကို နှမြောနေလို့ကလဲမဖြစ်။ ခုတော့ တစ်ခါက သူငယ်ချင်းတစ်ယောက်ပြသဖြင့် ဂျက်ကာကောင်းကောင်းတွေ့ထားသည်။ အသပြာတစ်ဆယ်မကုန်ပဲ၊ အိမ်သာကောင်းကောင်းသုံးလို့ရသည့်နေရာဖြစ်သည်။ ထိုနေရာမှာ လျှပ်စစ်ပစ္စည်းရောင်းသောဆိုင်ကြီးဖြစ်သည်။ အတွေးမမှားပါနှင့်၊ ထိုဆိုင်ကြီးထဲတွင်ရှိသော အိမ်သာများကို ဆိုလိုခြင်းဖြစ်သည်။ ပိုက်ဆံပေးသုံးရသော အိမ်သာများမှာ ပိုက်ဆံသာပေးသုံးရသည်၊ သန့်ရှင်းသပ်ရပ်မှုတော့သိပ်မရှိလှ။ ထိုအိမ်သာမှာမူ အလကားသုံးရသော်လည်း၊ လက်ခြောက်ခံစက်တွေ၊ ဆပ်ပြာတွေ၊ တစ်ရှူးတွေနှင့် အတော်သားနားသည်။ ကိုယ်လုံးပေါ်မှန်ကြီးများပါ ထောင်ပေးထားရာ၊ အိမ်သာမသုံးချင်သည့်တိုင်၊ မှန်ဝင်ကြည့်လျင်တောင် မဆိုးလှ။
ယခုလည်း ကျွန်တော် အိမ်သာများနှင့် ရေစက်မကုန်သေးပါ။ အကြောင်းမှာ မကြာသေးခင်အချိန်က အိမ်သာနှင့်အနီးဆုံးအခန်းသို့ အခြေအနေအရ ပြောင်းရွှေ့လိုက်ရသောကြောင့်ဖြစ်သည်။ ကျွန်တော့်ထံလာလည်လိုသော မိတ်ဆွေသင်္ဂဟများကို visiting card အထူးပေးနေစရာမလိုပါ။ အိမ်သာနှင့်အနီးဆုံး၊ အမှိုက်သွန်သော ပိုက်ခေါင်းကြီးနှင့်မျက်နှာချင်းဆိုင်အခန်းဟုပြောလိုက်လျင်၊ ကျွန်တော့်ထံ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာမည်သာ။ ကျွန်တော် အိမ်သာနှင့်အနီးဆုံးတွင်နေထိုင်လျက်ရှိပါသည်။

မောင်ဖြူ
5 comments:
ငယ်ငယ်တုန်းက ကျောင်းအိမ်သာမှာ သူငယ်ချင်းနဲ့ ဖင်ချင်းပေါက်ပြီး နွှဲခဲ့ဖူးသေးလား ကိုဖြူ။
ဟဟ
ဘယ်အလွတ်ခံလိမ့်မလဲ ကိုဇနိရယ်။ ဒါမျိုးအခွင့်အရေးက သူ့အရွယ်နဲ့သူပဲရတာဗျ။ ခုအချိန်များသွားလုပ်လို့ ဘယ်ရလိမ့်မတုန်း။
မင်းလူရဲ့ အိမ်သာကို ကျွန်တော်လည်း ဖတ်ဖူးတယ်။ ကိုမောင်ဖြူကြီးလောက် အရေးမသွက်ဘူး။ အိမ်သာထဲက ကဗျာကရော ကိုမောင်ဖြူကြီး ရေးတာပဲလား။ အဲဒါလည်းကောင်းတာပဲ။
အထက်တန်းတက်တုန်းက စာစီစာကုံးသွားဖြေရတဲ့ အမျိုးသမီးအထက်တန်းကျောင်းက အိမ်သာနံရံဆေးရေး ကာတွန်းတွေ သတိရမိတယ်။ ကျုပ်တို့အမျိုးသားကျောင်းက အိမ်သာနံရံဆေးရေးကာတွန်းတွေထက် သာတယ်ဗျို့။
MTU ကနေ မြို့ထဲကို အသွား ဂိတ်ပေါက်ရောက်တိုင်း အိမ်သာတက်ခြင်လို့ စာရေးသူကိုယ်တိုင် T3, T4 ထဲ ပြေးရတဲ့အကြောင်းတော့ မပါဘူးနော်…:D
Post a Comment