ခွေးကလေးတစ်ကောင်နဲ့ အမျိုးသမီး
>> Sunday, September 23, 2007
အမျိုးသမီးကတော့ မြစ်ကမ်းဘေးလမ်းမှာ သူမရဲ့ခွေးကလေးနဲ့အတူ တစ်ယောက်ထဲ လမ်းလျှောက်လေ့ရှိပါတယ်။ သူမဘယ်သူဆိုတာ ဘယ်သူကမှ မသိကြပါဘူး။ ဒါကြောင့် သူမကို “ခွေးကလေးတစ်ကောင်နဲ့အမျိုးသမီး”လို့ လွယ်လွယ်ကူကူ နာမည်ပေးထားကြ၏။ တကယ်လို့ အဲဒီအမျိုးသမီးမှာ လင်ယောက်ျားမရှိခဲ့ရင်၊ ဒါမမဟုတ် အသိအကျွမ်းမရှိခဲ့ရင် သူမနဲ့သိကျွမ်းခွင့်ရတာဟာ အချည်းအနှီးမဖြစ်နိုင်ဘူးဟု ဂုရော့ စဉ်းစားနေခဲ့မိသည်။ ဂုရော့ အသက်ကလေးဆယ်ပင်မပြည့်သေး။ ဒါပေမယ့် သူ့မှာ အသက်ဆယ့်နှစ်နှစ်အရွယ် သမီးပျိုတစ်ယောက် နှင့် သားနှစ်ယောက်ရှိ၏။ သူက တက္ကသိုလ်ဒုတိယနှစ်တွင် အိမ်ထောင်ပြုခဲ့သည်။ အခု သူ့ဇနီးက သူ့ထက် အသက်တစ်နှစ်ခွဲခန့်ကြီးသည်ဟု ထင်ရ၏။ ဇနီးဖြစ်သူမှာ အရပ်ရှည်ရှည်၊ မည်းမှောင်သော မျက်ခုံး မျက်လုံးတို့ရှိ၏။ သူမသည် အိမ်တွင် သြဇာအရှိဆုံး၊ အရေးပါဆုံး၊ အဖြောင့်မတ်ဆုံးဖြစ်၍ ကိုယ့်ကိုယ်ကို ဥာဏ်ထက်မြက်သောသူ၊ ပညာရှိဟုအမည်သတ်မှတ်ထား၏။ သူမ စာအုပ်များစွာ ဖတ်၏။ သို့သော် ဂုရော့၏စိတ်ထဲတွင် သူ့ဇနီးအား အသိဥာဏ်မရှိသောသူ၊ အမြင်ကျဉ်းမြောင်းသူ၊ အကြင်နာမဲ့သောသူဟု ထင်၏။ သူမကို ကြောက်ရ၏။ ထို့ကြောင့် အိမ်မှာနေရသည်ကို မနှစ်သက်တော့။ သူ သူ့ဇနီးအပေါ်မှာ အမြင်ပြောင်းလဲခဲ့တာ ကြာခဲ့ပြီ။ တစ်ခါတစ်ရံ အမြင်ပြောင်းလဲတာမျိုးဖြစ်နိုင်သည်ဟု ထင်ရ၏။ သို့သော် မိန်းမတွေမကောင်းကြောင်းကိုသာ ထာဝရ ပြောနေခဲ့၏။ မိန်းမတွေအကြောင်း ပြောသောစကားဝိုင်းတွင် သူပါဝင်ခဲ့ရင် “မိန်းမ” ဟုမသုံးနှုန်းပဲ “အဆင့်အတန်းနိမ့်သောသူများ” လို့သာ ခေါ်ဝေါ်သုံးနှုန်းခဲ့သည်။
မိန်းမများကို မိမိကြိုက်နှစ်သက်သည့် အသုံးအနှုန်းအတိုင်း ခေါ်နိုင်ရန် ဂုရော့မိမိကိုယ်ကို အတွေ့အကြုံရင့်ကျက်သူဟု ထင်၏။ သို့သော် မိန်းမများမရှိပဲနှင့်တော့ ဤမြို့လေးတွင် နှစ်ပတ်ကြာအောင် သူနေနိုင်လိမ့်မည်မဟုတ်။ ယောကျာင်္းများစကားဝိုင်းတွင် သူပါဝင်ပြောဆိုဆွေးနွေးခြင်းမရှိပဲ အေးအေးဆေးဆေး နေတတ်တယ်။ ဒါပေမယ့်လည်း အမျိုးသမီးများအလယ်သို့ ရောက်သောအခါ မိမိကိုယ်ကို လွတ်လပ်သူတစ်ယောက်အဖြစ်ခံစားရပြီး၊ ဘယ်လိုအကြောင်းအရာတွေကို အမျိုးသမီးများနှင့်ပြောသင့်သည်၊ မိမိအကြောင်းကို ဘယ်လိုဖုံးကွယ်ရမည်ကို ကောင်းကောင်းသိသူတစ်ယောက်ဖြစ်တယ်။ ထိုသို့ပြောပြီးသောအခါ သူသည် အလွယ်တကူ နှုတ်ဆိတ်နေတတ်ပြန်တယ်။ သူ၏ရုပ်သွင်၊ အပြောအဆို အမူအရာများက အမျိုးသမီးများကို ဆွဲဆောင်နိုင်စွမ်းရှိ၏။
ဂုရော့ရဲ့ အိမ်ထောင်ရေးအတွေ့အကြုံ မှာများသည်။ သူ၏အိမ်ထောင်ရေးအစတွင် ပျော်ရွှင်စရာ၊ ကြည်နူးစရာကောင်းသည်ဟုထင်ခဲ့၏။ တဖြည်းဖြည်း အိမ်ထောင်ရေးပြဿနာများရှိလာသောအခါ နောက်ဆုံးတွင် ထိုသို့အိမ်ထောင်ပြုရသည်ကို ၀န်ထုပ်ဝန်ပိုးဟု ထင်ပြန်သည်။ သို့သော် မျက်နှာစိမ်းအမျိုးသမီးနှင့်စတင်ဆုံဆည်းမိသောအချိန်တွင် သိထားသောထိုအတွေ့အကြုံတို့သည် ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြသည်။ ဘ၀ကို တစ်ဖန်ရင်ဆိုင်ခြင်လာပြန်၏။ ယခင်အတွေ့အကြုံများသည်လည်း ရီစရာပျက်လုံးများ ဖြစ်ကုန်၏။
နေ့တစ်နေ့ ရဲ့ ညနေခင်းမှာ ဂုရော့ ပန်ဥယျာဉ်ထဲကစားသောက်ဆိုင်မှာ ညစာစားနေတယ်။ ထိုအချိန်တွင် မျက်နှာစိမ်းအမျိုးသမီးတစ်ယေက် သူနှင့်အနီးဆုံးစားပွဲရှိရာသို့ ဆင်မရင်သာ လျှောက်လာနေတယ်။ သူမ၏ မျက်နှာအမူအရာ၊ လမ်းလျှောက်ပုံ၊ အ၀တ်အစားပုံစံ နှင့် ဆံပင်ပုံစံတို့ကိုကြည့်၍ ဂုရော့စဉ်းစားနေမိ၏…”သူမသည် ရိုးသားသောမိသားစုမှ မွေးဖွားလာနိုင်သည်၊ အိမ်ထောင်ရှိရမည်၊ ရာလ်သာမြို့ကိုတစ်ယေက်ထဲလာနေတာဆိုတော့ ဒီမှာသူမတစ်ရောက်တည်း ပျင်းများပျင်းနေမလား…“။ ကမ်ခြေသို့ အပန်းဖြေလာတဲ့သူတွေချင်း ပြောဆိုနေသောစကားများထဲတွင် မုသားစကားတွေပါသည်ကိုလည်း သူက မနှစ်သက်ပေ။ သို့သော် ထိုသို့ပြောဆိုကြရင်း မိတ်ဆွေဖြစ်ကြသူ၊ သူငယ်ချင်းတွေဖြစ်ကြသူများရှိသည်ကိုလည်း သူသိသည်။ အမျိုးသမီး သူနှင့်အနီးဆုံးစားပွဲသို့ရောက်ရန် ခြေလှမ်းသုံးလှမ်းအလိုမှာတော့ ဂုရော့သူနားထောင်ခဲ့ဘူးသော စကားဝိုင်းများမှ စကားလုံးများကို သတိရနေမိ၏။ သူက အမျိုးသမီးနှင့်ပါလာသော ခွေးကလေးကို လက်ဖျောက်တီး၍ခေါ်လိုက်သည်။ ခွေးလေးက ချဉ်းကပ်လာသောအခါ ခွေးရဲ့ဦးခေါင်းကို လက်ဖြင့်ကိုင်မည်ပြုရာ ခွေးကမာန်ဖီနေသောကြောင့် ရုတ်တရက် လန့်သွား၏။
ထိုအခါ အမျိုးသမီးက သူကကြည့်ကာ တဖန်မျက်လွှာချလျက်
- “ခွေးက မကိုက်ပါဘူးရှင်” ဟုပြောကာ မျက်နှာမှာ နီရဲသွား၏။
- “ဒါဆိုကျွန်တော် အရိုးအနည်းငယ်ကျွေးလိုးရမလား” ဟု သူကမေးရာ အမျိုးသမီးက ခေါင်းညိမ့်ပြ၏။ သူက ဆက်လက်၍ - “ခင်ဗျား ဒီမြို့ကိုရောက်တာ ဘယ်လောက်ကြာပြီလဲ” ဟုမေးရာ
- “ ငါးရက်ရှိပါပြီ” ဟုဖြေ၏။ သူက
- “ကျွန်တော်က ဒီမြို့ကိုရောက်တာ နှစ်ပတ်ကြာခဲ့ပြီ” ဟုပြောပြီး စကားဝိုင်းမှာ ငြိမ်သက်သွားပြန်သည်။ ခဏကြာတော့ သူမက
- “ အချိန်တွေကုန်တာက မြန်လိုက်တာ၊ ဒီမြို့လေးမှာ နေရတာ ပျင်းစရာကောင်းတယ် ” ဟုဆို၏။ ထိုအခါ သူက
- “ ဒီမြို့မှာ လာအပန်းဖြေပြီး ပျင်းတယ်လို့ပြောရတာကိုက ပြောလို့ကောင်းတယ်ဗျ၊ မြို့ခံလူတွေအတွက်တော့ ပျင်းစရာကောင်မှာ မဟုတ်ဘူးဗျ၊ အဲ….စပိန်ကနေ ဒီကမ်းခြေကို လာပြီးအပန်းဖြေကြတဲ့သူတွေဆိုရင် ဘယ်လိုပြောတယ်ထင်လဲ…ဟာ ပျင်းစရာကောင်းလိုက်တာ၊ ဟာ…ဖုန်မှုန့်တွေကလည်း ထူလိုက်တာနဲ့ ပြောကြတာ..”ဟု ဆိုသော် သူမကတော့ ရီနေသည်။ ထို့နောက် နှစ်ယောက်သား သူစိမ်းကဲ့သို့ စကားမပြောပဲ ငြိမ်နေကြပြန်၏။ ညစာစားသောက်ကြပြီးနောက် နှစ်ယောက်ယှဉ်လျက် မြစ်ကမ်းဘေးအတိုင်း လမ်းလျှောက်ကြရင်း စကားပြောကြရာ ဤတစ်ကြိမ်တွင် နှစ်ဦးစလုံးတွင် စကားပြောရသည်မှာ ပိုမိုလွတ်လပ်သလို၊ ပျော်ရွှင်ကြည်နူးသလို ခံစားကြရ၏။ ပင်လယ်ပြင်ကြီးရဲ့လှပပုံ၊ ပင်လယ်ရေတွေဟာ ဘာကြောင့်အပြာရောင်ဖြစ်လာပုံ၊ လမင်းရဲ့မျက်နှာပြင်မှ ရွှေဝါရောင်အလင်းတန်းများ ပင်လယ်ပြင်ပေါ်သို့ ဖြာကြနေပုံ၊ အလွန်ပူပြင်းသောနေ့တွေမှာ အသက်ရှူကြပ်ရပုံ စသည်ဖြင့် ပြောဆိုနေကြသည်။ ဂုရော့က စတင်၍ သူ့အကြောင်းကိုပြောပြပါတော့သည်။
- “ ကျွန်တော်က မော်စကိုမှာ မွေးတာပါ။ ဘာသာဗေဒနဲ့ ဘွဲ့ရခဲ့တယ်။ ဒါပေမယ့် အခုဘဏ်မှာအလုပ်လုပ်ပါတယ်။ အရင်တုန်းက အော်ပရာဇာတ်အဖွဲ့တစ်ခုမှာ သီချင်းဆိုဖို့ ကြိုးစားခဲ့ဘူးတယ်၊ ဒီအလုပ်ကို မလုပ်ဖြစ်ခဲ့ပါဘူး။ မော်စကိုမှာ အိမ်နှစ်လုံးရှိတယ်…” ဂုရော့ သူမထံမှသိရတာကတော့ “ သူမဟာ စိန့်ပီတာစပတ်မြို့သူတစ်ယောက်ဖြစ်ကြောင်း၊ အိမ်ထောင်ပြုတာကတော့ တခြားမြို့မှာဖြစ်ကြောင်း၊ အဲဒီမြို့မှာပဲ နှစ်နှစ်နေထိုင်ခဲ့ကြောင်း၊ အခု ရာလ်သာမြို့မှာ တစ်လခန့်နေအုံးမည်ဖြစ်ကြောင်း၊ တကယ်လို့ ခင်ပွန်းက အပန်ဖြေအနားယူချင်တယ်ဆိုရင် သူမရှိရာသို့ လိုက်လာလိမ့်မည်ဖြစ်ကြောင်း ” စသဖြင့် ဖြစ်၏။ သူမက ခင်ပွန်းဖြစ်သူ ဘယ်ဌာနမှာ အလုပ်လုပ်နေကြောင်းကိုလည်း ဂဃနဏ မပြောပြနိုင်သဖြင့် သူမကိုသူမ ရီချင်နေမိ၏။ ထိုနေ့တွင် ဂုရော့ သူမရဲ့နာမည်ကို သိခဲ့ရသည်။ သူမရဲ့နာမည်မှာ “အန်နာ”…
ဟိုတယ်က အခန်းသို့ပြန်ရောက်သော် ဂုရော့ သူမအကြောင်းကို စဉ်းစားနေမိ၏။ မနက်ဖြန် သူမနဲ့တွေ့သင့်မတွေ့သင့် ချီတုံချတုံဖြစ်နေရာမှ တွေ့မည်ဟု ဆုံးဖြတ်လိုက်တယ်။ အိပ်ရာပေါ်လဲရင်း သူမရဲ့ နူးညံ့သွယ်လျတဲ့လည်တိုင် ၊လှပတဲ့ ငွေရောင်မျက်လုံးတွေကို မြင်ယောင်နေမိသည်။ “ သူမမှာ စိတ်မချမ်းမြေ့ဖွယ်ရာ၊ ၀မ်းနည်းစရာ အဖြစ်အပျက်တစ်စုံတစ်ရာကို ခံစားနေခဲ့ရလား၊ ခံစားနေတာလား” လို့တွေးတောနေရင်း အိပ်ပျော်သွားတော့၏။
အန်တွန် ပါဗလိုဗစ်(ခ်ျ) ချက်ဟော့(ဗ်)
မြန်မာပြန် - ကိုလုံး
ဆက်ရန်
ကြောင်…လှည့်ကွက် (၁)
>> Friday, September 21, 2007
တံခါးကို ကုတ်ခြစ်နေသောအသံ
“ ဟေ့ ဘယ်သူတုန်းဟ … ဟာ….ငါ့နဲ့“
ကျွန်ုပ်တံခါးဖွင့်အကြည့် ဘယ်သူ့ကိုမှ မတွေ့ရ။ ခြေထောက်နှစ်ချောင်းကြားမှ ပြေးဝင်သွားသောအရာ။
“ငါ့အကောင်လေးက သူတို့အားလုံးကြားထဲမှာ အသန်ဆုံး… အထွားဆုံးပဲ၊ ငါ့လက်ထဲရောက်တဲ့ အကောင်ကတော့ ကံအကောင်းဆုံးပဲ”
“ ချစ်လေးလာစမ်း မင်းကို ကိုကြီးက အရမ်းချစ်တာကွ၊ ချစ်လေးသိလား“
ပြောလိုက်နမ်းလိုက်နဲ့။ချစ်သူနှစ်ယောက်ကျီစယ်နေကြခြင်းမဟုတ်၊ ကျွန်ုပ်၏ သူငယ်ချင်းနှင့် ကြောင်လေးတစ်ကောင် ဖြစ်၏။
တစ်နေ့သ၌
ရန်ကုန်မြို့ ခရေပင်လမ်းခွဲနေရာ၌ ချစ်သူနှစ်ဦး ရယ်ရယ်မောမောနှင့်လမ်းလျှောက်လာကြ၏။ လမ်းကလည်းကြမ်းလိုက်တာလွန်ပါရော၊ နေကလည်းပူ၊ လမ်းကလည်းကြမ်း၊ အမှိုက်ဆိုတာကတော့ပြောမနေနဲ့နေရာအနှံ့။ သူတို့ကတော့ ဒါတွေကို သတိထားမိမယ်မထင်။
ကျွန်ုပ်ကတော့ သူတို့နောက်မှကပ်ပြီး ပါလာ၏။ ကျွန်ုပ်လည်း ကိုယ့်စိတ်ကူနှင့်ကိုယ်။ အိမ်ပြန်ရန်ခြေလှမ်းကျဲကြီးများနှင့်။ (တစ်ခန်းရပ်)
မင်္ဂလာဒုံ-ဆူးလေ ဘတ်စ်ကားပေါ်တွင် ကျွန်ုပ်၏ ထိုသူငယ်ချင်းနှင့် သူ၏ချစ်သူဟုထင်ရသော ကောင်မလေး။
“ကားကလဲဗျာ ကျပ်လိုက်တာမှ လွန်ရော”
သို့သော်
ကျွန်ုပ်သူငယ်ချင်းနှင့် သူ့ကောင်မလေး ကြားတွင်တော့ ကလေးတစ်ယောက်စာ နေရာလွတ်နေ၏။ တိုက်ဆိုင်လိုက်တာများဗျာ ကျွန်တော်လည်း အဲဒီလွတ်နေတဲ့နေရာကို သတိထားမိလိုက်တယ်ဗျ။
“အမလေးကားသမားကလည်း အမောင်းကြမ်းလိုက်တာတော် ”
“ဟုတ်ပါ့တော် အမဲဖျက်နေတာကြလို့ ”
စသည်ဖြင့်ခရီးသည်များတစ်ယောက်တစ်ပေါက်ပြောနေကြချိန်မှာပဲ မမျှော်လင့်ထားသော စကားတစ်ခွန်းကြားလိုက်ရ၏။
“ကို…အသားယူမယ်မကြံနဲ့နော် ထပ်မတိုးနဲ့တော့။ လက်ကိုဟိုဘက်ပြန်ရွှေ့” ဟူ၍ဖြစ်၏။ ကျွန်တော့်သူငယ်ချင်းက ကားဘရိတ်အုပ်ချိန်ကို စောင့်နေသူတစ်ယောက်။
(တစ်ခန်းရပ်)
“ကို တိရိစ္ဆာန်ချစ်တတ်လားဟင် ဖြူကကြောင်လေးတွေကို သိပ်ချစ်တာ”
ကျွန်တော့သူငယ်ချင်းက အမှန်တော့ ကျားကျားယားယားနဲ့ ယောက်ျားပီသသူတစ်ယောက်ပါ။ သတ်ရဲဖြတ်ရဲ သေသေကျေကျေ ဆိုတဲ့လူမျိုး။ အခုတော့ ဒုက္ခရောက်ပြီ
“ဟင်ဖြူကလဲကွာ ချစ်တတ်ရောလားကွာ ကိုယ်ဆိုရင် အိပ်ယာထဲတောင် ထည့်အိပ်တာ။ ကိုယ့်အိမ်မှာဆို ကြောင်မကြီးကတစ်ကောင် ကြောင်သားလေးတွေဆို ငါးကောင်တောင်မှ အဲဒါကိုယ်နဲ့တအတူတူအိပ်ကြတာ” စသည်ဖြင့်…
အမှန်တော့ ကျွန်တော့်သူငယ်ချင်းက ချစ်သူအလိုကိုလိုက်၍ပြောချင်းဖြစ်၏။ မည်သို့ဖြစ်သွားသည် မသိချစ်သူနှစ်ယောက်လမ်းခွဲချင်းသို့ရောက်ရလေ၏။ ကျွန်ုပ်သူငယ်ချင်းမှာကား သူ့ရဲ့ချစ်သူ ဖြူက ကြောင်အလွန်ချစ်သူဟူ၍ သူလည်းချစ်တတ်အောင်ကြိုးစားရင်းကပင် ဤအဖြစ်သို့ရောက်လာခဲ့ရ၏။
ဇာတ်ပေါင်းချုပ်သော်….
ကျွန်ုပ်သူငယ်ချင်းက သူရဲ့ချစ်သူဖြူမှာ ကြောင်ကိုမုန်းသော ကောင်မလေးဖြစ်မှန်းသိခွင့်မရလိုက်ပေ……
“နူးညံ့တဲ့လက်ဖ၀ါးလေးတွေနဲ့
ငါ့ခြေထောင်ပေါ်တင်လာတယ်…
နှာငွေ့လေးမှုတ်ပြီးငါ့ပါးပြင်ကို ကပ်တယ်…
ကြည်စိမ်းလဲ့မျက်လုံးတွေက
ငါ့ကိုပြောတယ်
အပြင်ကိုထွက်ခွင့်ပြုပါတဲ့
မင်းက ဘယ်တုန်းက ဘယ်လိုနည်းနဲ့ အပြင်ထွက်ခွင့်တောင်းသွားတာလဲ ဖြူရယ်”
“ချစ်လေးကိုယ့်ဆီလာစမ်း။ ကိုကြီးကို ချစ်လား။ ကိုကြီးကချစ်လိုက်တာ။ ဈေးကပြန်လာရင်အစာကောင်းကောင်းဝယ်လာခဲ့မယ်နော် ”
သူငယ်ချင်းရေ လွန်တာရှိရင်တော့………………………
ဝန္တာမိ (စိတ်စေရာ)
Read more...
(၁) မယ့်လမ်းပါလား
>> Thursday, September 20, 2007
ယဉ်လှတယ်လေး၊
စုန်ချည် ဆန်ချည်နဲ့
ဒီချောင်းရေ ဗေဒါလမ်းမှာ
တန်းစီလို့လေး။
အို အချင်း ကျူရိုးရှင်
မဗေဒါ ပြာလဲ့လန်း၊ ကမ်း ကပ်မယ် ပြင်၊
စံပယ်လှ ပွင့်ဖြူစင်၊ ကမ်းခွင်က ငယ်ကျွမ်း၊
သူ့လိပ်ပြာ ခြံအရံနဲ့
သူစံရာ သူ ပျော်မွေ့၊ ပြေးတွေ့ချင်စမ်း တဲ့။
တွေ့ချင်တဲ့ စေတနာရယ်၊
ငယ်ကျွမ်းဆွေ ၀မ်းဝေတေး ပေမို့
အေးချိုလှတယ်။
လိပ်ပြာက ၀တ်ရည်သယ်၊ စံပယ်က မအား
ပွင့်ဖူးတဝေေ၀နဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါလား။
အို အချင်း ကျူရိုးရှင်
မဗေဒါ ပြာလဲ့လန်း၊ ကမ်းကပ်ပြန်ချင်၊
ဟိုအကွေ့မှာလ
ကိုရင်ဖေ့ ချစ်ရေစင်၊ ပျိုခင်ရဲ့အနွဲ့၊
ပျို့လက်မှာ မယ်ဗေဒါက
ပျို့မျက်နှာ ချစ်အုံ့ပုန်းကို ပြုံးကြည့်ချင်ငဲ့ တဲ့။
ကြည့်ချင်တဲ့ စေတနာရယ်၊
သနားဖွယ် ချစ်ဖွယ်တေးပေမို့
အေးချိုလှတယ်၊
ချစ်စနိုးရယ်နဲ့
မြစ်ရိုးက အပြာခြယ်ကို
ပျိုနှယ် လိုက်လေမလား၊
ပွင့်ဖူးတဝေေ၀နဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါလား။
အို အချင်း ကျူရိုးရှင်
မဗေဒါ ပြာလဲ့လန်း၊ ကမ်းကပ်ပြန်ချင်၊
ထီးတော်က တချွင်ချွင်၊ ကွင်းပြင်က ဘုရား၊
နေမင်းချိုချိန်တန်ပေါ့
နိဗ္ဗန်ကို စိတ်ကြံကူး၊ ဖူးလျင်လျက်သား တဲ့။
ဖူးချင်တဲ့ စေတနာရယ်၊
နိဗ္ဗိန္ဒာ ဂီတာတေးပေမို့၊ အေးချိုလှတယ်၊
ကျွတ်ဆုကို ရွယ်၊ လွယ်ပါတော့ အရ၊
ပွင့်ဖူးတဝေေ၀နဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်း သာပါ့။
ချောင်းရေက ဖောင်၊ တောင်လေက သွေး၊
ရွက်လင်းယဉ် မြိုင်မြိုင်နဲ့
ပန်းတိုင်ကို ပန်းခိုင် ဆိုက်အောင်
အားစိုက်ပါလေး။
ဇော်ဂျီ
မင်္ဂလာနံနက်ခင်းပါ။
မင်္ဂလာနံနက်ခင်းပါ။
၂၈၊ သြဂုတ်လ၊၂၀၀၇။
နံနက် ၆ နာရီ ၃၀ မိနစ်ခန့်။
မော်စကိုမြို့။
ဘ၀အဖော်
>> Wednesday, September 19, 2007
အချစ်အိုးလေးတစ်လုံး
ပြင်ဆင်နေမိတဲ့ ကျွန်တော့်မှာ
ဘ၀ဟင်းတစ်အိုး
တူးသွားခဲ့ရတယ်။
အချစ်ဟင်းအိုးလေး
နူးနပ်သွားတဲ့အချိန်မှာတော့
ထမင်းစားအဖော်ကမရှိတော့ဘူးလေ။
အဲဒီချိန်ကစလို့
အိုးလက်မဲ့ကျွန်တော့်မှာ
ဆိုင်မှာပဲ စားဖြစ်ခဲ့တာ
ကျွန်တော့်သွားတွေ
အသားမ၀ါးနိုင်တော့တဲ့ အထိပေါ့။ ။
(ဟင်းအိုးတူးတတ်တဲ့ ကျွန်တော့်ရောင်းရင်းကြီးအတွက်)
ကပွဲအပြီးမှာ
>> Tuesday, September 18, 2007
လဲ့(ဗ်) နီကိုလိုက်ရယ်ဗစ်(ခ်ျ) တော်(လ်)စတိုးအိ
- ခင်ဗျားတို့က ပြောကြတယ် လူဆိုတာက မိမိကိုယ်ကိုဘယ်အရာတွေက ကောင်းတယ်၊ ဘယ်အရာတွေက ဆိုးတယ်ဆိုတာကို နားလည်ဖို့ခက်တယ်လို့၊ ကျွန်တော်တို့ လူ့လောကမှာ အရာအားလုံးဟာ ဒီလောကကြီးရဲ့ ၀ါးမျိုမှုကိုခံလိုက်ရတာ၊ ပြီးတော့ ကျွန်တော်အမြင်ကတော့ အရာအားလုံးအား သူ့အလိုလိုဖြစ်လာတာ။ -လူအများကလေးစားရတဲ့ အီဗန် ဗာစီလီရယ်ဗစ်(ခ်ျ) က ပြောတယ်။- ကျွန်တော့်ဘ၀တစ်ခုလုံးဟာ တစ်ခုသောညမှာ ပြောင်းလဲခဲ့တယ်။
ကျွန်တော် အတော့်ကိုစွဲစွဲလမ်းလမ်းကိုချစ်ခဲ့ပါတယ်။ ကျွန်တော်ချစ်ခဲ့တာတွေ မနည်းပါဘူး။ ဒါပေမယ့် အဲဒီတစ်ကြိမ်ကတော့ အတော့်ကို ပြင်းပြင်းထန်ထန် ချစ်ခဲ့တာပါ။ ဗာရန့်ကာ က အသက် ၁၈-နှစ်လောက်ပေါ့။ အလွန့်ကို စွဲမက်စရာကောင်းတာပါ။ အရပ်အမောင်းကသွယ်လျလျ၊ တင့်တယ်လှပတဲ့အချိုးအဆစ်နဲ့၊ ကျက်သရေကလည်းရှိ၊တကယ့်ကို နန်းဆန်ဆန်လှတာပါ။ အဲဒီတုန်းက ကျွန်တော်က နယ်တက္ကသိုလ်တစ်ခုမှာ ကျောင်းသားပေါ့၊ပျော်ပျော်နေတယ်၊ လူချစ်လူခင်ပေါများတဲ့ လူခန့်တစ်ယောက်ပေါ့၊ ပြီးတော့ ငွေကြေးလည်းအတော်အတန်ရှိသပေါ့လေ။ ကျွန်တော့်မှာ သိပ်ကိုလှတဲ့မြင်းတစ်ကောင်လည်းရှိရဲ့၊ မိန်းမပျိုတွေနဲ့တောင်တွေပေါ်ကနေ နှင်းလျောစီးတဲ့အခါလည်းစီးရဲ့၊ အပေါင်းအသင်းတွေနဲ့ သောက်လိုက်စားလိုက်လည်း နေတာပေါ့လေ။ ကျွန်တော်က အကလည်းကောင်း၊ ရုပ်ရည်ကလည်း မဆိုးလှဘူးပေါ့လေ။
မာစလဲညီဆာပွဲတော်ပြီးကာနီးရက်တစ်ရက်မှာ အဲဒီနယ် အုပ်ချုပ်သူ၊ စိတ်နှလုံးကောင်းတဲ့ အဖိုးကြီးပါ၊ ချမ်းသာပြီး ဧည့်ဝတ်သိပ်ကျေတဲ့သူပေါ့၊ သူက ကပွဲကျင်းပပေးတယ်။ တီးမှုတ်တဲ့သူတွေကတော့ နာမည်ကြီးတွေပါ၊ နယ်ပိုင်ကြီးရဲ့ လယ်သမားတွေထဲကပါပဲ၊စားသောက်ပွဲဆိုတာကလည်း ခမ်းခမ်းနားနားနဲ့ ရှန်ပိန်ဆိုတာက ပင်လယ်ကြီးများသွန်မှောက်ထားသလားထင်ရရဲ့။ ကျွန်တော်ကတော့ ၀ိုင်မသောက်ဘဲ အချစ်စိတ်နဲ့ကို မူးနေပါပြီ။ ကတယ်ဆိုတာကလည်း မောလို့ပန်းလို့ လဲကျသွားမလောက်ပါပဲ၊ သိတဲ့အတိုင်းပါပဲ ဗာရန့်ကာနဲ့ပဲ ရသလောက်အခွင့်အလမ်းရှာပြီး တွဲကတာပေါဗျာ။ သူမကတော့ ပန်းနုရောင်ခါးကြိုးလေးပါတဲ့ အဖြူရောင်ဝတ်စုံနဲ့၊ အဖြူရောင်လက်အိတ်ပါးပါးလေးလဲ ၀တ်လို့ပေါ့၊ အဲ အဖြူရောင်ဖဲသား အကဖိနပ်ကလေးလဲ စီးထားတာ။ကျွန်တော်တစ်ယောက်တည်းတင်မဟုတ်ပါဘူး၊ အားလုံးက သူမကို ၀ိုင်းပြီးငေးကြတာပါ၊ သူမအလှက အားလုံးကို မှေးမှိန်စေပေမယ့် အမျိုးသားတွေရော၊ အမျိုးသမီးတွေရော အားလုံးက ချစ်ကြတာပါ။ ကျွန်တော်ကပဲ သူမနဲ့ အများဆုံးတွဲပြီးကတာ၊ အချိန်တွေ ဘယ်လိုကုန်သွားတယ်ဆိုတာတောင်သတိမထားမိပါဘူး။ ကျွန်တော် အပျော်ဆုံးလူသားပေါ့လေ၊ ဧဒင်ဥယျာဉ်ထဲရောက်နေသလားအောက်မေ့မိတယ်၊ သိပ်ကိုကြင်နာယုယနေလိုက်တာ ကျွန်တော်ဆိုတာ ကျွန်တော့်ကို မဟုတ်တော့ဘူး။ ဘယ်လိုပြောရပါ့၊ လူ့ပြည်ကမဟုတ်ဘဲ အချစ်ပြည်ကများ မွေဖွားလာခဲ့တယ်လို့ထင်ရရဲ့၊ ရုန့်ရင်းကြမ်းတမ်းတယ်ဆိုတာကို လုံးဝနားမလည်တဲ့၊ နူးညံ့ကြင်နာတာတစ်ခုတည်းသာကိုသိတဲ့ ထူးဆန်းထွေလာလူကြီးကိုဖြစ်လို့။
-ဗာရန့်ကာ- ဒီလာပါဦး။ ဧည့်ခံပွဲရှင်ရဲ့ အသံခပ်ကျယ်ကျယ်ကိုကြားလိုက်ရတယ်။- အဖေနဲ့စကားပြောရင်း လာကပါဦး။
ဗာရန့်ကာအဖေဆိုတာက ခန့်ညားပြီး၊ လေးစားစရာကောင်းတဲ့၊ အရပ်အမောင်းထောင်ထောင်မောင်းမောင်းနဲ့၊ နုပျိုဖျတ်လတ်နေတဲ့ အသက်ခပ်ကြီးကြီးတစ်ယောက်ပါ။ သူ့မျက်နှာက ပန်းသွေးရောင်တောက်နေပြီး၊ အဖြူရောင်နှုတ်ခမ်းမွှေးတွေဆို အပေါ်ကိုကော့ပြန်နေတာ။ နားသယ်မွှေးတွေဆိုလည်း နှုတ်ခမ်းမွေးတွေဆီကို သွယ်တန်းလို့၊ နဖူးနားကဆံတွေဆိုလည်း ရှေ့ကိုများ ကော့ပြန်လို့၊ ခပ်ရွှင်ရွှင်စွဲဆောင်နိုင်စွမ်းရှိတဲ့ အပြုံးတွေရယ်၊ တဖျတ်ဖျတ်အရောင်လက်နေတဲ့ မျက်လုံးတွေရယ်နဲ့ နှုတ်ခမ်းတွေကဆို သူ့သမီးအတိုင်းပဲ။ ခန့်ညားကျယ်ပြန့်တဲ့ ရင်ကို စစ်တပ်မှာအတိုင်းမတ်မတ်နေတာရယ်၊ တောင့်တင်းသန်မာတဲ့ ပုခုံးတွေရယ်၊ ရှည်လျားသန်မာတဲ့ခြေထောက်တွေရယ်နဲ့ ပေါင်းစပ်လိုက်တော့ ဆုတံဆိပ်အနည်းငယ်ချိတ်ဆွဲထားပေမယ့် အလွန့်ကိုခန့်ညားတည်ကြည်လှပါတယ်။
ဗိုလ်မှုး က ဘယ်လိုကရတယ်ဆိုတာမေ့ကုန်ပြီ - လို့ပြောရင်း ငြင်းပါသေးတယ်၊ ဒီလိုပဲ နောက်ဆုံးတော့ ခပ်ပြုံးပြုံးနဲ့ပဲ ညာလက်ကို ခန္ဓာကိုယ်ဘယ်ဖက် ဟန်ပါပါထုတ်လိုက်ပြီးတော့၊ ဘယ်ဖက်ဓားအိမ်ထဲက ဓားရှည်ကိုဆွဲနှုတ်၊ အခိုင်းစေလုလင်လေးကို ဓားလှမ်းပေးပြီး၊ သမီးလက်ကို အသာဆွဲပြီး ကဖို့ ခြေနှစ်ဖက်ကိုထောင့်မှန်ထားပြီး ဂီတတေးသွားအလိုက်ကို စောင့်နေလိုက်တယ်။ ထောင်ထောင်မောင်းမောင်းထွားကျိုင်းတဲ့ခန္ဓာကိုယ်ကြီး ကပွဲခန်းမတစ်ခွင်မှာ ညင်ညင်သာသာ ပျော့ပျော့ပျောင်းပျောင်းနဲ့ ကပါတယ်။ ကျွန်တော်ကတော့ ချစ်ခင်စွဲမက်တာထက် စိတ်ဝင်တစားနဲ့ကို သူတို့ကတာကိုလိုက်ကြည့်မိပါတယ်။
ကျွန်တော်အိမ်ပြန်ရောက်တော့ အ၀တ်အစားလဲပြီး အံ့စရာတွေတွေ့ခဲ့မြင်ခဲ့ရတာတွေကို အိပ်မက်လားအောက်မေ့ပြီး အပျော်တွေလွန်၊ ဘယ်လိုမှကို အိပ်လို့မရပါဘူး။ အပေါ်ရုံကုတ်အက်ျီကို ထ၀တ်၊ လမ်းမဖက်ကို ထွက်ခဲ့ပါရော။
သူမတို့အိမ်ရှိတဲ့ ကွင်းပြင်ကျယ်ဖက်ကို ရောက်တော့ ဘာမှန်းမသိတဲ့ ခပ်မဲမဲ၊ အုပ်အုပ်ကြီးကိုတွေ့ပြီး၊ အဲဒီဆီကနေ ပလွေသံတွေ၊ ဗုံသံတွေကြားရပါလေရော။ တကယ့်ကို ကြောက်လန့်စရာ တေးသံတွေပါ။ ခြေလှမ်းတစ်ရာလောက်လဲ လှမ်းမိရော၊ မြူတွေဆိုင်းနေတဲ့အထဲကနေ မည်းမှောင်နေတဲ့လူတွေကိုခွဲခြားပြီးမြင်ရပါတယ်။ အနက်ရောင်စစ်ဝတ်စုံတွေဝတ်ထားတဲ့ စစ်သားတွေ အတန်းလိုက်၊အတန်းလိုက်နဲ့ ဟိုဖက်ဒီဖက်မျက်နှာချင်းဆိုင်ပြီး ရပ်နေကြတာပါ။ သေနတ်တွေကို ခြေမှာကပ်ပြီး လုံးဝကို မလှုပ်မယှတ်ပါ။ တန်းစီပြီးရပ်နေတဲ့ စစ်သားတွေရဲ့ အလယ်လမ်းကြောင်းကနေ ကြောက်မက်ထိတ်လန့်စရာတစ်ခုက ကျွန်တော်ရှိတဲ့ဖက်ကို နီးကပ်လာပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းဗလာကျင်းပြီး ကြိုးနဲ့ချီတုတ်ထားတဲ့လူတစ်ယောက်ကို လက်နက်ကိုင်စစ်သားနှစ်ယောက်က ဖမ်းသယ်လာပါတယ်။ သူတို့အနားမှာ အရပ်ရှည်ရှည်၊စစ်အင်္ကျီဝတ်ပြီး စစ်ဦးထုပ်ဆောင်းထားတဲ့ ကျွန်တော်ရင်းရင်းနှီးနှီးရှိတယ်လို့ယူဆရတဲ့ ပုံပန်းရှိတဲ့လူတစ်ယောက် လမ်းလျှောက်ပြီးပါလာပါတယ်။ အဖြူရောင်နှုတ်ခမ်းမွေးတွေ၊ ဆံတွေဖြူနေတဲ့ ပန်းနုရောင်မျက်နှာပိုင်ရှင် ဗာရန့်ကာရဲ့ အဖေကြီးပါ။
ရိုက်လိုက်တိုင်း၊ရိုက်လိုက်တိုင်း ပြစ်ဒဏ်ခံရတဲ့သူက ဒဏ်ရာဒဏ်ချက်တွေကြောင့် အံကြိတ်ထားတဲ့ မျက်နှာကို ရိုက်ချက်ကျလာမည့်ဖက်ကို လှည့်ကြည့်ပြီး အကြိမ်ကြိမ်အော်ပြီးပြောပါတယ်။ - သူငယ်ချင်းတို့ ကြင်နာသနားကြပါဦး။ - ပြစ်ဒဏ်ပေးခံရတဲ့သူရဲ့ ကျောကုန်းကို ကျွန်တော်ကမြင်ရပါတယ်။ အညိုအမဲစွဲကာ၊စုတ်ပြတ်ပြီး သွေးတွေနီနီရဲရဲနဲ့ ရွှဲပြီးတော့ တကယ့်ကို အသားစိုင်တွေပဲ့ထွက်လို့ပါ။ ရုတ်ချည်း ဗိုလ်မှုးက ရပ်လိုက်ပြီးတော့ စစ်သားတစ်ယောက်နားကို ကပ်သွားလိုက်ပါတယ်။
- အေး မင်းကို သာသာလေးပွတ်သတ်ပေးရမယ်- ဒေါကြီးမောကြီးနဲ့ ပြောတဲ့အသံကို ကျွန်တော်ကြားလိုက်တယ်။ - ချောဆီသုတ်သလိုလုပ်ဦးမှာလားကွ ဟေ့ ပြောစမ်း။- ဆိုပြီး ဗိုလ်မှုးက လက်အိတ်ဝတ်ထားတဲ့ သူ့လက်ကြီးနဲ့ ကြောက်လန့်နေတဲ့ စစ်သားကို ရိုက်ချလိုက်ပါတယ်။
......... အပြန်လမ်းတစ်လျောက်လုံး ကျွန်တော့်နားထဲမှာ တဒိမ်းဒိမ်း ဗုံသံနဲ့၊ တစီစီ စစ်ပုလွေသံရယ်၊ ပြီး - သူငယ်ချင်းတို့ ကြင်နာသနားကြပါဦး။- ဆိုတဲ့အသံတွေသာကြားနေရတာပါ။ နှလုံသားထဲမှာလည်း တဆစ်ဆစ်နဲ့နာနေပြီး၊ ရင်ထဲမှာလည်း စက်ဆုတ်ရွှံပြီး အန်ချင်သလိုကိုဖြစ်နေတာပါ။ ဘယ်လိုလုပ်ပြီး အိမ်ကိုပြန်ရောက်ပြီး၊ အိပ်ရာထဲဘယ်လိုရောက်သွားမှန်းတောင် မမှတ်မိတော့ပါဘူး။ အဲဒီနေ့ကစပြီး အချစ်စိတ်ဆိုတာလည်း တဖြည်းဖြည်းယုတ်လျော့ကျဆင်းသွားတာပါ။ အပြုံးမျက်နှာလေးနဲ့ ဗာရန့်ကာ ကိုစိတ်ကူးထဲတွေးလိုက်တိုင်း အခုအချိန်ထိ ဗိုလ်မှုးကိုပဲ ပြေးပြေးမြင်ပြီး နေရထိုင်ရတာ ကိုးလို့ကန့်လန့်နဲ့ မအီမသာကြီးဖြစ်ဖြစ်လာတာပါ။ အချစ်စိတ်ဆိုတာကလည်း ကျွန်တော့်ဆီမှာ လုံးဝကို သုညအနေအထားကို ရောက်သွားတော့တာပါပဲ။
လဲ့(ဗ်) နီကိုလိုက်ရယ်ဗစ်(ခ်ျ) တော်(လ်)စတိုးအိ
မြန်မာပြန်-ဇနိ
အပြောအဟောကောင်း၍ ပီတာဇော်မြင့် သွားကျိုးခြင်း
>> Saturday, September 15, 2007
တိုက်ပုံအကျီပန်းရောင် အတွင်းက ရှပ်အကျီက စတစ်ကော်လာခေါ် လည်ကတုံးအနက်ရောင် လုံချည်က တစ်ပေပတ်လည်ရှိသော စတုရန်းအကွက် အစင်းအစင်းများပါသည့် မဲနက်ရောင်နှင့် အစိမ်းရောင် အိန္ဒိယပလေကပ်အတု။ ဘယ်လိုမှ အချိုးမပြေသော အရောင်အသွေးတို့က စုံလင်ဆန်းကြယ်စွာ။ လူကလည်း အရပ်ပုပု၊ ၀၀၊ အသားမည်းမည်း၊ ဆံပင်ရှည်ရှည် လည်ကုတ်ထောက်၊ ငွေကိုင်းနှင့် မှန်အကြည် ပါဝါမပါသော မျက်မှန်က တတ်လိုက်သေးသည်။ သို့သော် ပီတာဇော်မြင့် အပြောကောင်း၏။ ဆေးရောင်းလာတာကြာပြီ။
“ကျွန်တော်ပြောလိုက်တဲ့စကားကြောင့် မိဘပြည်သူများ စိတ်ထဲမှာ အနည်းငယ် အနှောက်အယှက်ဖြစ်သွားမယ်ဆိုရင် ကျွန်တော့်ကို ခွင့်လွှတ်ကြပါ။ တကယ်တော့ မိဘပြည်သူများရဲ့ မေတ္တာရိပ်မှာ ခိုလှုံပြီး တ၀မ်းတခါးအတွက် မိမိဘ၀ကို ရိုးသားစွာ ကြိုးစားစွာ ထိန်းကြောင်းနေရတဲ့ စင်ကြယ်မွန်မြတ်တဲ့ အသက်မွေးမှုတခု အရင်းပြုပြီး လှုပ်ရှားနေရတဲ့သူဟာ…ဟော အခု မိဘပြည်သူများရဲ့ရှေ့မှောက်မှာ လာရောက်တင်ပြနေတဲ့ ကျွန်တော် မောင်ပီတာဇော်မြင့်ပါခင်ဗျား…ကောင်းပြီ မင်းဘာတွေတင်ပြမှာလည်း…ဒို့ကိုဘာတွေ လာတင်ပြမှာလဲ ဆိုတော့…ဖြတ်ခနဲ ဆွဲထုတ်လိုက်သည်။ ဘယ်လိုထုတ်လိုက်သည် မသိရ။ အလွန်လျှင်သည်။ သူ့လက်ချောင်းတွေကြားမှာ ပုလင်းငယ်သုံးလုံး၊ ဘယ်ဘက်လက်ချောင်းတွေကြားမှာ ပုလင်းငယ်သုံးလုံး ညှပ်၍ ညာဘက်လက်က ဖြန့်ကာ ၀ဲကာ နိမ့်ကာ မြင့်ကာ သီတာသင်္ဘောကြီးနောက်က တအုတ်ကြီးလိုက်လာသော ဇင်ယော်တွေ ပျံနေသလို… လက်တကားကား တ၀ဲဝဲလုပ်နေ၏။ “လူဆိုတာဟာ မိဘပြည်သူများသိကြတဲ့အတိုင်း သဗ္ဗေသတ္တာ အဟာရ ဒီတိကာ ဆိုတဲ့ ကျမ်းဂန်ပါဠိလာရှိသည်နှင့်အညီ အစာအဟာရကို မျှတစွာ စားသောက်မှီတင်းရတဲ့ သတ္တ၀ါမျိုး ဖြစ်ပါတယ်။ ကေသာ လောမာ နာဖာ ဒန္တာ တဇော နာရု မန်တန် ၀ဂ္ဂံ အစရှိတဲ့ သုံးဆယ့်နှစ်ကောထဿာတို့ဖြင့် ဖွဲ့စည်းအပ်တဲ့ သည်ရုပ်ခန္ဓာကိုယ်ကြီးကို နေ့စဉ်ဓူဝ အဟာရလို့ခေါ်တဲ့အစာ ကြွေးကြရပါတယ်။ ဘီစီခြောက်ရာစုနှစ်ခရစ်တော်မပေါ်မီ ဘဝေသနီ နှစ်ခြောက်ရာကျော်က ပေါ်ပေါက်ခဲ့တဲ့ ဒဿနိကပညာရှင်ကြီး ပလေတိုက ဆိုခဲ့ပါတယ်…ဆရာကြီး ပလေတိုက ဘာဆိုခဲ့သလဲ…လူ့ခန္ဓာကိုယ်ဟာ စက်ရုံကြီးတစ်ရုံနဲ့တူတယ်လို့ ဆရာကြီးပလေတိုက ဆိုခဲ့ပါတယ်။” ဘယ်လက်ထဲမှာရှိသော ပုလင်းငယ်သုံးလုံး ညာဘက်လက်သို့ လျှင်မြန်စွာ ပြောင်းလိုက်၏။ ပီတာဇော်မြင့် လက်အလွန် မြန်သည် (ခါးပိုက်နှိုက်လက်မျိုး)။
“အဲဒီတော့ စားလိုက်သမျှအစာတွေကို ခန္ဓာကိုယ်စက်ရုံကြီးတစ်နေရာ အစာအိမ်ဆိုတဲ့ ယန္တရားက ကြိတ်ဝါးချေဖျက်ပေးရပါတယ်။ သိပ္ပံပညာရှင်တို့ရဲ့ ဘိုးအေကြီးဖြစ်တဲ့ အိုင်းဇက်နယူတန်ရဲ့ တတိယသဘာဝ ဥပဒေသအရ အစာဆိုတာ စားပြီးရင် ချေဖျက်ရပါတယ်။ အစာမကြေရင် ဘာဖြစ်မလဲ…ဟောဒီ…” သူ့ပတ်ဝန်းကျင်မှာ ရုတ်ရုတ်သဲသဲပါပဲ။ သင်္ဘောပေါ်ကလူတွေပဲ သွားကြလာကြ ထိုင်ကြထကြ ရီကြမောကြ၊ ကလေးတွေကတော့ငိုကြ၊ တစ်ယောက်တစ်ပေါက် ကြွက်ကြွက်ညံ သင်္ဘောစက်သံနှင့်တကွ ရာထောင်မျှသောလူတွေအသံကို လွှမ်း၍ ပီတာဇော်မြင့် ဆက်လက်ဟောပြောနေ၏။ ပါဝါမပါ ဗလာရှိုး မျက်မှန်ကိုင်းကို မတင်လိုက်ပုံ၊ ခေါင်းကို ငဲ့လိုက်ပုံ၊ မျက်မှန်ကိုင်းကို ကျော်၍ မျက်လုံးပြူးကြည့်လိုက်ပုံ၊ ကိုယ်တစ်ခြမ်း လှည့်၍ ပေစောင်းစောင်းနေလိုက်ပုံတို့မှာ နှစ်ကာလအတော်ကြာ ကျင့်ယူထားသော အိုက်တင်များဖြစ်၏။ လေဆက်ရှည်ပြန်၏။ “ဟော … ဒီမန္တလေးနန်းတွင်းမူအတိုင်း ရှေးဆရာကြီးများရဲ့ သမ္မစင် လျို့ဝှက်များအရ မိဘပြည်သူများရဲ့ ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက ရှေးရှုဖြည့်ဆည်းပေးမဲ့ ဆရာပီတာဇော်မြင့် ဓာတုဗေဒ နည်းကျကျ ဖော်စပ်ထုတ်လုပ်လိုက်တဲ့ အစာကြေဆေးတော်ကြီး…အစာမကြေလို့ လေထိုးလေအောင့် လေပြည့်လေကယ် လေတစို့လေတပြည် လေတကူလေတကန့် လေတပြန်လေတစူး အထူးထူးအပြားပြားသော လေရောဂါများဟာ ဗေသစ္စဆေးခန်းမဟာမှာ တစ်ရာ့နဲ့မှကိုးမျိုး ရှိတယ်လို့ ဆရာအာလတ်ယက္ခရသေ့ကြီးက ရေးသားမိန့်ဆိုခဲ့ပါတယ်။ လေရောဂါမှန်သမျှ ဆလံသ ပြန်ရမယ်… ပျောက်သလားမမေးနှင့်… ကျွန်တော်ပီတာဇော်မြင့် ဟောဒီအစာကြေဆေးပုလင်းတွေမှာ လိပ်စာ နေရပ် တယ်လီဖုန်းနံပတ် အတိအကျ ဖော်ပြပါရှိပါတယ်။ အထူးသဖြင့်ကတော့…” ဘယ်ဘက်ပခုံးမှာ သိုင်းချိတ်ထားသော ယိုးဒယားလေကြောင်းလွယ်အိတ်ကို ညာပခုံးသို့ ပြောင်း၏။ လက်ကြားထဲက အစာကြေဆေး သုံးပုလင်းကို မြှောက်၍ ဝေ့၍ မျက်စိနောက်အောင် လုပ်နေသည်။
“ကြိုက်တဲ့အစာစား… ဟေ့မောင်ပီတာရဲ့ ငါ့မှာသွေးတိုးရောဂါရှိတယ်… မင်းကကြိုက်တဲ့အစာစား အစာရှောင်စရာမလိုဘူးပြောတာ ဘယ့်နှယ်လဲကွဲ့လို့မေးစရာရှိလာတယ်… ဦးဦး ဒေါ်ဒေါ် ကိုကို မမ ခုနှစ်ရက်သားသမီး လုပ်သားပြည်သူများ ကြိုက်ရာကို စားပါ…သမုဒ္ဒရာရေမျက်နှာထက် ခဏတက်သည့် ရေပွက်ပမာ တသက်တာ ဘ၀မှာ ကြိုက်တာစားပါ… ဘာစားမလဲ မမေးနဲ့… ၀က်သား၊ ကြက်သား၊ ဆိတ်သား၊ သိုးသား၊၀က်သားပေါင်း၊ ကြက်သားပေါင်း၊ဘဲသားပေါင်း… ဟော…ရေချိုရေငန် နှစ်နိုင်ငံမှာ ပြိုင်စံရှားတဲ့ က၀က်ကင်းငါးသလောက်အချိုပေါင်း အရိုးနုပေါင်း… ဘာစားမလဲ မမေးနဲ့… ဒံပေါက်ထမင်း၊ ထောပတ်ထမင်း၊ အုန်းထမင်း၊ အုန်နို့ခေါက်ဆွဲ… ကဲ တရုတ်အစားအစာ စားအုံးမလား… ကုန်းဘောင်ကြီးကြော်၊ ၀က်စတူးကြော်၊ တောက်တောက်ကြော်၊ ချိုချဉ်ကြော်၊ ပုဇွန်ချိုချဉ်၊ ငါးရှဥ့်အချိုချက်၊ ငါးရှဥ့်အစပ်ချက်၊ ငါးပဲငပိ၊ ဂဏန်းနဲ့ မှိုကြော်၊ ဂဏန်းငုံးဥကြော်၊ ပြည်ကြီးငါးဆုပ်၊ ကြက်သားသုပ်၊ ၀က်သားသုပ်… အဲ ဆန်းဆန်းပြားပြား ဖားသား၊ ကြွက်သား၊ ဂျီသား၊ ဆတ်သား၊ သိုးသား၊ ခိုသား၊ ငယ်ညို၊ ရေ၀မ်းဘဲ၊ ဆစ်ဆလီ၊ ဆနိုက်ကြော်၊ ဘဲကောင်လုံး ပေါင်းမလား ကင်မလား… ဘာစားစား စားချင်ရာစား ၀က်ကောင်လုံးကင်…” ခွပ်ကနဲအသံကြားရ၏။ ပီတာဇော်မြင့် လဲကျသွား၏။ မျက်မှန် လွင့်စင်သွားသည်။ လက်ထဲက အစာကြေဆေးပုလင်းသုံးလုံး သင်္ဘောကြမ်းပြင်ပေါ်ကြ၏။ နှစ်လုံးကွဲသည်။ တစ်လုံး ခုံတွေအောက် လိမ့်သွား၏။ ပီတာဇော်မြင့်ကို တစ်ယောက်ယောက်က လက်သီးနဲ့ ဆွဲထိုးလိုက်သည်။ ဘာမပြော ညာမပြော ပီတာဇော်မြင့် ရှေ့သွားနှစ်ခြောင်း ကျိုးသွား၏။ ဘယ်သူက ၀င်ပြီးလက်သံပြောင်လိုက်သည်မသိ။ ခွေခွေလေးလဲနေသော ပီတာဇော်မြင့်၏ဘေးမှာ မှန်တစ်ဖက်ကွဲသွားသည့် ငွေကိုင်းမျက်မှန်နှင့် ရှေ့သွားနှစ်ချောင်း… ထို့နောက် ရုတ်ရုတ်သဲသဲ…
ဇော်ဇော်အောင်
အားနည်းချက်နှင့် သူငယ်ချင်းများ
လူတော်တော်များများမှာ အားနည်းချက် တစ်ခုစီလောက်တော့ အနည်းဆုံးရှိတတ်တယ်လို့ ကျွန်တော်တော့ထင်တယ်။ ဘယ်နေရာမဆို အားလုံးပြီးပြည့်စုံတဲ့သူဆိုတာကတော့ ရှားမယ်ထင်တာပေါ့လေ။ အားနည်းချက်လို့ပဲ ကျွန်တော်သုံးလိုက်မယ်။ အားနည်းချက် ဟုတ်၏၊ မဟုတ်၏ ကတော့ ဒီစာဆုံးမှပဲ ခင်ဗျားက ဆုံးဖြတ်ကြည့်ပေါ့နော။ခင်ဗျားက ဒီစာဖတ်ပြီးရင်လည်း ကျွန်တော့်ကိုရှက်မနေနဲ့ဦး။ ကျွန်တော် ပြောပြတဲ့ အားနည်းချက်ထဲကလို အားနည်းချက်တစ်ခုခုများ ခင်ဗျားမှာ ရှိနေရင်လည်း မရှက်ဘဲ ကျွန်တော့်ကို ပြောပြပေါ့။
ကျွန်တော်နဲ့ အရမ်းကို ခင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ ပြောလို့သာ ပြောရတာရယ်.. ကျွန်တော်က အဆောင်နေကျောင်းသားဆိုတော့ အဆောင်မှာ နေတဲ့သူငယ်ချင်းအားလုံးကို ခင်တာပါပဲ။ ကျွန်တော်ပြောတဲ့ သူငယ်ချင်းက ကောင်မလေးတစ်ယောက်ကို စွဲစွဲလမ်းလမ်း ချစ်မိသွားတယ်ပေါ့ဗျာ။ သူကြိုက်တဲ့ ကောင်မလေးကလည်း လှကလည်းလှဆိုတော့ နာမည်ကြီးပေါ့လေ။ နာမည်ကြီးဆိုတော့လည်း မူတဲ့အခါတွေလည်း မူတော့တာပေါ့။ တစ်ခါတစ်ရံကြလည်း ကျွန်တော့်သူငယ်ချင်းကို မတူမတန်တွေကလည်း ပြောတတ်သေးတာကို။ အဲဒီလို အပြောခံရတဲ့နေ့ဆိုရင်တော့ ဒီကောင်ကြီးက ငူငူငိုင်ငိုင်နေလို့နေ၊ ကုတင်ပေါ်မှာ ခွေလို့ခွေပေါ့ဗျာ။ တစ်ခြားသူငယ်ချင်းတွေကလည်း သိပါတယ်။ ဒီကောင်ကြီး ဒီလိုဖြစ်နေမှတော့ ဒီနေ့တော့ အဆော်ခံလိုက်ရပြန်ပြီပေါ့။ ဒီလိုဆော်ပလော်တီးခံရတဲ့နေ့တွေကလည်း များများလာတော့ တစ်နေ့တော့ သူကလည်း စိတ်ကူးပြောင်းသွားတယ်ထင်ပါတယ်။ အခန်းထဲက သူ့စာကြည့်စားပွဲရှေ့မှာ ဆော့ပင်အနီကြီးနဲ့ စာတစ်ကြောင်းရေးထားပါလေရော။ " ခံစားချက်ကို ဦးစားပေးရင် ခွေးဖြစ်မယ်မှတ်"တဲ့။ အား ပါး...။ ဒီကောင်ကြီး ခံစားချက် ပြောင်းသွားပြီပေါ့။ အာဂကောင်ကြီး။ မထင်နဲ့ဗျို့။ နောက်နေ့တွေကျလည်း ဒီကောင်ကြီး သူကြိုက်တဲ့ ကောင်မလေးဆီသွားပြီး တအီအီနဲ့ရယ် ခွေးကြီးကျလို့။ ဒါပေမယ့် နောက်တစ်လ၊နှစ်လလောက်ကြာတော့ ဒီကောင်ကြီး ခွေးမဟုတ်တော့ဘူးဗျို့။ ဘာဖြစ်သွားတယ်ထင်လဲ။ ဒီကောင်ကြီး နွားဖြစ်သွားတာ။ ကောင်မလေးနဲ့ အဆင်ပြေပြီး ဟိုကခိုင်းသမျှ မငြီးမငြူလုပ်ပေး၊ ကောင်မလေးအရိပ်တကြည့်ကြည့်နဲ့ လိုတာတွေလိုက်ဖြည့်ဆီးရင်းနဲ့ သူ့အလုပ်သူတောင်မလုပ်နိုင်တော့တဲ့ လူ့ငနွားကြီး ဖြစ်သွားတာလေ။
နောက်တစ်ယောက်ရှိသေးတယ်ဗျ။ သူကလည်း စာကြည့်စားပွဲရှေ့မှာ ရေးထားတာ စာတစ်ကြောင်း။ ဘာမှတ်နေလဲ။ သူကလည်း အလာကြီးပဲဗျ။ "လျှို့ဝှက်သင့်သည်များကို မပေါက်ကြားပါစေနဲ့"တဲ့။ သိပ်ကိုလျှို့ဝှက်တဲ့ကောင်ကြီး။ သူ့အကြောင်းကတော့ ဘယ်သူ့ဆီကမှကို မသိရဘူး။ လုပ်ချင်ရာကို တစ်ယောက်တည်းပဲလုပ်တယ်။ ဘယ်သူ့ကိုမှ အသိမခံဘူး။ အဲ..ဒါပေမယ့် သူ အရက်သောက်ပြီး မူးလာတဲ့နေ့ဆိုရင်တော့ ခင်ဗျားကံဆိုးပြီ။ တစ်သီတစ်တန်းကြီး ဖွဲ့ကာနွဲ့ကာနဲ့ကို သူ့လျှို့ဝှက်ချက်တွေကို တဖြည်းဖြည်းချင်းပေါက်ကြားတော့တာ။ အစ်စရာ အောက်စရာမလို။ အဲဒီလို။
သူငယ်ချင်းတွေကလည်း အစုံရယ်။ စာကြည့်တဲ့သူရှိသလို။ စာမကြည့်ဘဲ ယောင်ဝါးဝါးနေတဲ့သူလည်း ရှိတာပဲ။ ငယ်ငယ်က စာတွေအများကြီးကြည့်ပြီး တက္ကသိုလ်ရောက်မှ ဘ၀မှာ ဘာအရေးအကြီးဆုံးလဲဆိုတာ ငါသဘောပေါက်သွားပြီလို့ပြော၊ ဘ၀အဓိပ္ပါယ်ဆိုတာကို ကိုယ်ဖွင့်ချင်သလို အဓိပ္ပါယ်ဖွင့်ပြီး ဆေးလိပ်တို လက်ကြားညှပ်ကာ လုပ်ချင်ရာလုပ်နေတဲ့ သူတွေလည်းရှိတာပါပဲ။ သူငယ်ချင်းတစ်ယောက်ကတော့ ငယ်ငယ်တုန်းက သူက ကိုယ့်ရပ်ကိုယ့်ရွာမှ ထိပ်ဆုံးမှာနေရာရလာတာ။ တက္ကသိုလ်ရောက်တော့ အပေါင်းအသင်းကလည်း စုံ။ ပေလိုက်တေလိုက်တာ။ ပြီး စာမေးပွဲဖြေလိုက်တော့ Roll no. နောက်ဆုံပြုတ်ကျ။ အဲဒီတော့မှ ကိုယ့်အခြေအနေကို သတိထားမိပြီး ကိုယ့်ဟာကို သတိလေးလည်း ပေးဦးမှ၊ ကိုယ်ကျဆုံးထားတာကိုလည်း စိတ်ဓာတ်မကျရအောင်ပေါ့ လို့စိတ်ကူးမိပုံပေါ်ပါတယ်။ အခန်းနံရံမှာ စာရေးလိုက်ပြီး သတိပေးပါလေရော။ သူရေးတာက ဒီလို။ "ရှေ့တိုးမယ့်ဆင်ဟာ နောက်ကို ခြေတစ်လှမ်းဆုတ်ရတယ်"တဲ့။ ဒီကောင်ကြီး စာတွေနဲ့ နပမ်းလုံးပြီပေါ့။ ဘာရမလဲ။ ငယ်ငယ် အခြေခံ ကျောင်းမှာ ကတည်းက 'ဇ' နဲ့နေလာတာ။ အတန်းတွေ စတက်ကတည်းက Lecture ကို စနစ်တကျ လိုက်တယ်။ ပုံမှန်စာလည်းဖတ်ပေါ့။ သေချာပြီပေါ့။ ဒီလို စနစ်တကျလုပ်မှတော့ Roll no. ရှေ့မရောက်ဘဲ နေပါ့မလား။ ဒါပေမယ့်လည်း လူပေလူတေတို့ရဲ့ထုံးစံအတိုင်း သွင်းထာတဲ့ကီတွေက တစ်လလောက်ဆို ပြုတ်ကျ၊ အရင်ထုံးစံအတိုင်းပေတေပြီးနေတာပေါ့။ သူရေးထားတဲ့သတိပေးစာတောင်သူ့ဟာသူ ဖတ်မိမှာစိုးပုံရပါတယ်။ နန္ဒာလှိုင်ကို အကွယ်တောင် ခိုင်းထားလိုက်သေး။ Final စာမေးပွဲဖြေတော့ နောက်တစ်လှမ်းဆုတ်တဲ့ ဆင်ကြီး ကံကောင်းလို့ ချောက်ထဲပြုတ်မကျပါတယ်။ Roll no. နောက်ဆုံးပိတ်က ကပ်အောင်သွားလို့ပေါ့။
တစ်ချို့ကလည်း ကဗျာတွေ ၀ါသနာပါတော့ ကဗျာတွေကိုးကားပြီး ကိုယ့်ကိုယ်ကို အားပေးကြတာပေါ့။
"အများနှစ်ခြိုက် အိပ်စဉ်ခိုက်ဝယ်
မျဉ်းငိုက်ရန်ပင် စိတ်မထင်ဘဲ
တောဝင်တောင်ထွက် ငါချီတက်၏" လို့စာကြည့်စားပွဲရှေ့နံရံမှာရေးတဲ့သူတွေလည်းရေးတာပါပဲ။
တစ်ချို့ကလည်း
"အများတကာ ညအခါ အိပ်စက်
သူတို့တွေထိပ်သို့တရွေ့ရွေ့တက်" လို့အားပေးတာပေါ့လေ။
သူတို့တွေကို သွားကြည့်လိုက်ရင် တစ်နေ့ရှိတဲ့ ၂၄ နာရီတောင်မလောက်လို့ နောက်နေ့က နာရီတွေတောင် ချီးငှားပြီး တခေါခေါပါပဲ။
သူငယ်ချင်းတွေကလည်း သူတို့မလုပ်နိုင်တာတွေကို လျှောက်လျှောက်ရေးတော့ သူတို့အားနည်းချက်တွေက ပေါ်ပေါ်ကုန်တော့တာပေါ့။ ကိုယ်မလုပ်နိုင်ရင် မရေးတာ အကောင်းဆုံးမဟုတ်လား။ ကိုယ်လုပ်နိုင်တာလုပ်မယ်။ အပေါင်းအသင်းတွေ ကျွန်တော့်အခန်းကို ၀င်လာရင် တစ်ချို့က အခန်းတံခါး မပိတ်တတ်ဘူး။ ကျွန်တော်ကလည်း အခန်းတံခါးကြီး ပွင့်နေရင် စိတ်တွေကလေလွင့်ပြီး စာကိုကြည့်မရတာရယ်။ ဒီတော့ ကျွန်တော့်အခန်းမှာတော့ ရိုးရိုးပဲ ရေးထားတယ်။ "မိတ်ဆွေ- ကျွန်ုပ်စာကြည့်နေလျှင် အခန်းတံခါးကို ပြန်ပြီး စေ့ထားပေးပါ" ဆိုပြီး။ ၀င်လာတဲ့သူတွေကို အကူအညီတောင်းတာပါ။ ဒါပေမယ့် ကျွန်တော့် အခန်းတံခါးကြီးကတော့ အမြဲတမ်း ဟောင်းလောင်းကြီးပါပဲ။ ကျွန်တော်မှ စာမကြည့်တာကိုးဗျ။
ကိုင်း- ခင်ဗျားလည်း ခင်ဗျား အားနည်းချက်ကို ပြောပြ။
ဇနိ
Read more...
ကျွန်တော်နှင့်အိမ်သာများ
>> Friday, September 14, 2007
စာရေးဆရာမင်းလူ၏ အိမ်သာတစ်လုံးအလိုရှိသည်ဆိုသော ၀တ္ထုတိုလေးကို ဖတ်ရသည့်အချိန်မှစ၍ အိမ်သာများကို ပို၍သတိထားမိလာခဲ့သည်။ ပို၍သတိထားမိလာသည်ဟု ဆိုရသည်မှာ၊ ဟိုးယခင့်ယခင်ကလည်း သတိထားသင့်သလောက်တော့ ထားမိခဲ့သည်ကို ဆိုလိုပါသည်။ အိမ်သာများနှင့်ကျွန်တော်၊ ကျွန်တော်နှင့်အိမ်သာများအကြောင်းကို ပြောရမည်ဆိုလျင် ကျွန်တော့်ငယ်ဘ၀မှစမှဖြစ်မည်။ လူမှန်းမသိတတ်ခင်အရွယ်တုန်းကတော့၊ ကျွန်တော်၏မာတာမိခင်သည် ကျွန်တော့်အတွက် ထိုကိစ္စများကို မည်သို့ပြီးစေသည်မသိ။ ကျွန်တော်မှတ်မိသည့်အရွယ်မှာတော့ အပေါက်ဖောက်ထားသော သစ်သားထိုင်ခုံလေးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ မျက်လုံးကလယ်ကလယ်နှင့် အလုပ်ရှုပ်နေသော ကျွန်တော့်ပုံရိပ်ကို ပြန်တွေးမိတိုင်း ပြုံးရစမြဲသာ။ ဆရာမင်းလူပြောသလို ကလေးဘ၀က လူကြီးတွေလို အိမ်သာကို အသုံးပြုချင်သောစိတ် ရှိခဲ့လားဆိုသည်ကို ကျွန်တော်မမှတ်မိသော်လည်း၊ သစ်သားထိုင်ခုံပေါ်တွင် ကိစ္စပြီးရသည်ကို မနှစ်မြို့ခဲ့သည်ကိုတော့ ယခုတိုင်မှတ်မိနေပါသေးသည်။
ကလေးများကို အိုးတည်ရတာလည်းမလွယ်လှပါ။ စကားမပြောတတ်သေးခင်ဆိုလျင်ပိုဆိုးသည်။ သူတို့အတွက် အိမ်သာသွားချိန်ကို မိဘက သတ်မှတ်ပေးထားရသည်။ အချိန်ကျပြီဆိုလျင် ကလေးကသွားချင်သည်မသွားချင်သည်မသိ၊ အိုးတည်ပေးရတော့သည်။ ကလေးကမညှစ်ပဲ ပေကပ်နေလျင်၊ မရမကညှစ်ခိုင်းရတာကလည်းတစ်လုပ်။ ထိုအလုပ်မျိုးမှာလည်း မရမကခိုင်း၍ရတာမျိုးလည်းမဟုတ်။ လောကတွင် မလုပ်ချင်ပဲလုပ်ရသောအလုပ်၊ မညှစ်ချင်ပဲညှစ်ရသောအလုပ်မှာ စိတ်ညစ်စရာ အကောင်းဆုံးမဟုတ်ပါလော။
ကျောင်းတက်ရသည့်အရွယ်ရောက်တော့၊ ကျောင်းအိမ်သာများကို သတိထားမိလာသည်။ ကျွန်တော်တို့မူလတန်းကျောင်းတွင်၊ စာသင်ချိန်အတွင်း ကလေးများက ဆရာမကို အိမ်သာသွားချင်ကြောင်းအလုအယက်တိုင်ကာ၊ စာသင်ချိန်ကုန်သည်အထိ အိမ်သာထဲတွင် အကြာကြီးနေတတ်ကြရာ၊ စာသင်ချိန်ကို အနှောက်အယှက်ဖြစ်သဖြင့်၊ ပလပ်စတစ်ကဒ်ပြားလေးတွေလုပ်ကာ အခန်းထဲတွင်ချိတ်ထားရသည်။ ယောက်ျားလေးတွေအတွက်တစ်ကဒ်၊ မိန်းကလေးတွေအတွက်တစ်ကဒ်။ အိမ်သာသွားလိုလျင် ထိုကဒ်ပြားလေးတွေကို ဆရာမထံမှတောင်းကာ သွားရသည်။ အိမ်သာသွားရန်အတွက် အချိန်ကလဲ ငါးမိနစ်ပဲရသည်။ ကဒ်ပြားမအားသေးသ၍ နောက်လူသွားလို့မရ။ ထိုသို့သတ်မှတ်ထားသည့်တိုင်၊ ကဒ်ပြားလေးများမှာ အောင်မြင်သောဆေးခန်းတစ်ခုမှ တိုကင်ကဒ်ပြားလေးတွေလို လက်မလည်အောင်ငှားရသည်။ တစ်ခါတလေ၊ သွားချင်သူနှစ်ယောက်ဖြစ်နေလျင် အရင်လက်ထောင်သောသူကိုဦးစားပေးရသည်။ အရေးပေါ်အခြေအနေနှင့်ကြုံကြိုက်နေသော ကျောင်းသားမျိုးရှိလျင်တော့၊ သူ၏အရေးပေါ်အခြေအနေကို သက်ဆိုင်ရာဆရာမှ အတည်ပြုချက်ရယူကာ ချွင်းချက်အဖြစ် ကဒ်ပြားမဲ့ အိမ်သာသွားခွင့်ပေးသည်။
အထက်တန်းကျောင်းရောက်လာတော့ အိမ်သာများကို ပို၍သတိထားမိလာသည်။ အဘယ်ကြောင့်ဆိုသော်၊ အထက်တန်းကျောင်းမှ အိမ်သာများမှာ အိမ်ကအိမ်သာတွေလို၊ မူလတန်းကျောင်းကအိမ်သာတွေလိုမဟုတ်။ နံရံများတွင် ကျောင်းသားများ၏ လက်ရာစုံပန်းချီကားများပါဝင်နေသောကြောင့်ဖြစ်သည်။ ပေါက်တတ်ကရစာသားတွေ၊ ပုံတွေတွေ့နိုင်သလို၊ မကျေနပ်ချက်များ၊ ဆရာဆရာမများအကြောင်းကို ရေးထားတတ်သောစာများလည်းတွေ့ရတတ်သည်။ တစ်ခါတရံ အချင်းချင်းနောက်ပြောင်ကျီစယ်ရေးထားသောစာများမှာလည်း လက်ရာမြောက်လှသည်။ ထိုထိုသောအရာများတင်ပဲလားဆိုတော့ မကပါ။ “မိအေးကိုချစ်တယ်” “ပူစူးကသိပ်လှတယ်” စသော ရင်တွင်းဖြစ်စာသားများကိုလည်း တွေ့ရသေးသည်။ တချို့ကဗျာများမှာလည်း လက်ရာမြောက်လှသည်။ ကျွန်တော်မှတ်မိနေသောကဗျာလေးတစ်ပုဒ်ရှိသေးသည်။ ထိုကဗျာလေးမှာ သံဝေဂရသည့်လေသံဖြင့်ရေးထားသည်လားမပြောတတ်။
စားသမျှ ထားခဲ့ရပြီ
မြိုသမျှ ယိုခဲ့ရပြီ
သောက်သမျှ ပေါက်ခဲ့ရပြီ။
စာသုံးကြောင်းသားရှိသော ကဗျာလေးဖြစ်သော်လည်း၊ အဓိပ္ပါယ်မှာ ထိထိမိမိရှိလှသည်။
ခြောက်တန်းနှစ်ကဖြစ်သည်။ ကျောင်းဆင်းကာနီး ကမ္ဘာမကျေသီချင်းကို အဓိပ္ပါယ်နားမလည်သော်လည်း၊ ထိုသီချင်းမှမဆိုလျင် ကျောင်းဆင်းရမည်မဟုတ်သဖြင့်၊ စိတ်အားတက်ကြွစွာ အိမ်ကိုပြန်ချင်စောဖြင့် အော်ဟစ်နေကြခိုက်၊ အနံ့တစ်ခုရလာသည်။ ထိုအနံ့မှာ လူတိုင်းသိသည့်အနံ့ဖြစ်သည်နှင့်အညီ ကျွန်တော့်ဘေးမှသူငယ်ချင်းက သတိဆွဲထားသောလက်နှင့်ကျွန်တော့်ကို အသာတို့ကာ “ဟေ့ကောင် အီးစော်နံတယ်ကွ” ဟု၊ ရှေ့မှဆရာမကြားအောင်အသံခပ်အုပ်အုပ်ဖြင့်ပြောသည်။ ကျွန်တော်ကလဲ အစောကတည်းက ထိုအနံ့ရနေသည်ကို ကျွန်တော်၏အနံ့ခံ sensor မှ သတင်းပေးထားပြီးဖြစ်ရာ အချက်အလက်မှန်ကန်ကြောင်းကို၊ ခေါင်းအသာငြိမ့်ပြ၍ အတည်ပြုလိုက်သည်။ အစကတော့ ကျွန်တော်တို့က ထိုအနံ့မှာ အငွေ့အဖြစ်သာထင်ကြသော်လည်း နည်းနည်းကြာလာသောအခါ အစိုင်အခဲမှလာသောအနံ့ဖြစ်ကြောင်း သတိပြုမိလာသဖြင့် ရှေ့ခုံမှ ဇော်ဇော်ဦးဆိုသော သူငယ်ချင်းကို နောက်မှအသာတို့ကာ “ဟေ့ကောင် ဇော်ဇော်ဦး အီးစော်နံတယ်ကွ” ဟုလှမ်းပြောလိုက်သည်တွင်၊ ဇော်ဇော်ဦးက သွက်လက်စွာပင် ခေါင်းကိုတငြိမ့်ငြိမ့်လုပ်ကာ ပါးစပ်ကလဲ “ဟုတ်ပ ဟုတ်ပ” ဟုပြန်ပြောလိုက်သည်။ ရှေ့ကဆရာမကတော့ ကမ္ဘာမကြေခြင်းတောင်းထဲသို့၊ တို့ဘိုးဘွားအမွေအနှစ်များဖြစ်သော သူ့ပစ္စည်းများကို သိမ်းနေသဖြင့်၊ ကျွန်တော်တို့၏ အနံ့ဆိုင်ရာပြသနာကို သတိမပြုမိ။ ကမ္ဘာမကြေသီချင်းပြီးဆုံး၍ ဆရာမကိုနှုတ်ဆက်ကာ အခန်းအတွင်းမှ ပြေးထွက်ကြမှ အနံ့လာရာ source ၏တရားခံကို ကျွန်တော်တို့ဖမ်းမိသွားသည်။ တခြားလူမဟုတ်ပါ။ ကျွန်တော်တို့၏ အိမ်နီးနားချင်း၊ ကျွန်တော်တို့မေးတုန်းက “ဟုတ်ပ ဟုတ်ပ” ဟုပြောသော ဇော်ဇော်ဦးပင် ဖြစ်နေတော့သည်။ သူ့ပုဆိုးနောက်က အကွက်ကြီးမှာ ဖုံးဖိလို့မရအောင် ပေါ်နေသဖြင့်၊ သကောင့်သားလည်း ပုဆိုးခါတောင်းကျိုက်၍ စက်ဘီးထားရာဆီသို့သာ သုတ်ချေတင်၍ပြေးလေတော့သည်။
စာခိုးချကြသောကျောင်းသားများအဖို့လဲ အိမ်သာမှာ ခြေကုပ်စခန်းတစ်ခုသဖွယ်ဖြစ်သည်။ ပါလာသောစာရွက်အလဲအလှယ်လုပ်လို့ရသည်။ သူများထားခဲ့သောစာများ၊ နံရံတွင်ရေးခဲ့သောပုစ္ဆာများမှ ကောင်းနိုးရာရာတို့တွေ့နိုင်သည်။ စာမေးပွဲခန်းထဲမ၀င်ခင် မှတ်စုစာအုပ်ကို အိမ်သာထဲထားခဲ့ကာ စာမေးပွဲဖြေနေရင်း တချို့နေရာများတွင် မေ့နေပါက အိမ်သာခဏသွားခါ စာအုပ်လှန်သော ကျောင်းသားများလည်းရှိသည်။ အိမ်သာထဲမှာထားခဲ့သော မှတ်စုစာအုပ်ကို သူများခိုးသွားသဖြင့် စာမေးပွဲကျရသော ကျောင်းသားမျိုးကလဲ ရှိတတ်သည်။ စာမေးပွဲတစ်ခုပြီးလျှင် စာရွက်စာတမ်းအရှုပ်ဆုံးနေရာမှာ စာကြည့်တိုက်မဟုတ်၊ စာသင်ခန်းမတွေမဟုတ်၊ အိမ်သာများပင်ဖြစ်သည်။
အိမ်သာများနှင့်ရေစက်မှာ တက္ကသိုလ်ရောက်တော့လည်းဆုံရပြန်သည်။ အကြောင်းမှာ ကျွန်တော်နေရသောအခန်းမှာ အိမ်သာနှင့်အနီးဆုံးတွင် တည်ရှိသောကြောင့်ဖြစ်သည်။ အကောင်းဘက်ကတွေးပါမူ၊ အရေးပေါ်အခြေအနေတွင် အနီးအနားတွင်တည်ရှိနေသောကြောင့် အပြေးအလွှားလေးသွားကာ ကိစ္စ၀ိစ္စရှင်းနိုင်သော်လည်း၊ လေညင်းလေးတစ်ချက်သုတ်လျင် လွင့်ပျံလာတတ်သော အနံ့မှာ အတော်ဆိုးဝါးကြောင်း နေဖူးမှသာ သိပါလိမ့်မည်။ ထို့အပြင် အချို့အချို့သော ကျောင်းသားများက အိမ်သာသွားလျင် စာအုပ်မဖတ်ပဲမသွားတတ်။ အရေးပေါ်အခြေအနေတွင် ဖတ်စရာစာအုပ်ကလဲပါမလာပါက၊ ကျွန်တော်တို့အခန်းမှ လမ်းကြုံသဖြင့် တွေ့ရာစာအုပ်ဝင်ဆွဲသွားတတ်ရာ အိမ်သာတွင်းသုံးစာအုပ်ပျောက်ပြသနာမှာလည်း မကြာခဏဖြစ်တတ်သည်။
ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရှိသေးသည်။ သူက မိုးလင်းလျင် ထိုထိုသောကိစ္စ၀ိစ္စများကို အပြီးသတ်ရှင်းလင်းထားသော်လည်း ကျောင်းသွားခါနီးလျင် အနည်းဆုံး တစ်ခါလောက်တော့ ပြေးလိုက်ရမှ အာသာပြေသည်။ safe side ဖြစ်အောင်ယူထားတာလည်းဖြစ်နိုင်သည်။ တစ်ယောက်ကတော့ ထိုသို့မဟုတ်။ မြို့ထဲရောက်မှ ဗိုက်ကသစ္စာဖောက်ကာ အစွမ်းပြသဖြင့် အသပြာတစ်ဆယ်ပေးကာ ကိစ္စရှင်းရတတ်သည်။ သည်ရောက်တော့လည်း ခရီးသွားလျင် ဘတ်စ်ကားတစ်တန် မြေအောက်ရထားတစ်တန်ဖြင့်သွားရလေ့ရှိရာ ဘတ်စ်ကားပေါ်မှဆင်းလျင် ထိုကိစ္စမှာ ပေါ်ပေါ်လာတတ်သည်။ ဒီမှာလဲ အသပြာတစ်ဆယ်ပေးရသည်။ သို့သော် ထိုအသပြာတစ်ဆယ်မှာမနည်းလှ။ အန္တရာယ်ကို လွယ်မထားနိုင်သောအခြေအနေမျိုးတွင် ထိုတစ်ဆယ်ကို နှမြောနေလို့ကလဲမဖြစ်။ ခုတော့ တစ်ခါက သူငယ်ချင်းတစ်ယောက်ပြသဖြင့် ဂျက်ကာကောင်းကောင်းတွေ့ထားသည်။ အသပြာတစ်ဆယ်မကုန်ပဲ၊ အိမ်သာကောင်းကောင်းသုံးလို့ရသည့်နေရာဖြစ်သည်။ ထိုနေရာမှာ လျှပ်စစ်ပစ္စည်းရောင်းသောဆိုင်ကြီးဖြစ်သည်။ အတွေးမမှားပါနှင့်၊ ထိုဆိုင်ကြီးထဲတွင်ရှိသော အိမ်သာများကို ဆိုလိုခြင်းဖြစ်သည်။ ပိုက်ဆံပေးသုံးရသော အိမ်သာများမှာ ပိုက်ဆံသာပေးသုံးရသည်၊ သန့်ရှင်းသပ်ရပ်မှုတော့သိပ်မရှိလှ။ ထိုအိမ်သာမှာမူ အလကားသုံးရသော်လည်း၊ လက်ခြောက်ခံစက်တွေ၊ ဆပ်ပြာတွေ၊ တစ်ရှူးတွေနှင့် အတော်သားနားသည်။ ကိုယ်လုံးပေါ်မှန်ကြီးများပါ ထောင်ပေးထားရာ၊ အိမ်သာမသုံးချင်သည့်တိုင်၊ မှန်ဝင်ကြည့်လျင်တောင် မဆိုးလှ။
ယခုလည်း ကျွန်တော် အိမ်သာများနှင့် ရေစက်မကုန်သေးပါ။ အကြောင်းမှာ မကြာသေးခင်အချိန်က အိမ်သာနှင့်အနီးဆုံးအခန်းသို့ အခြေအနေအရ ပြောင်းရွှေ့လိုက်ရသောကြောင့်ဖြစ်သည်။ ကျွန်တော့်ထံလာလည်လိုသော မိတ်ဆွေသင်္ဂဟများကို visiting card အထူးပေးနေစရာမလိုပါ။ အိမ်သာနှင့်အနီးဆုံး၊ အမှိုက်သွန်သော ပိုက်ခေါင်းကြီးနှင့်မျက်နှာချင်းဆိုင်အခန်းဟုပြောလိုက်လျင်၊ ကျွန်တော့်ထံ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာမည်သာ။ ကျွန်တော် အိမ်သာနှင့်အနီးဆုံးတွင်နေထိုင်လျက်ရှိပါသည်။
ရပိုင်ခွင့်
>> Thursday, September 13, 2007
သုမောင်
ကျွန်တော်က 'ရွှေကြေးစည်' လက်ဖက်ရည်ဆိုင်မှာ တစ်နေ့ လေးကြိမ်ထိုင်ဖြစ်သည်။ ရွှေကြေးစည်က 'ကိုရူပ' ပိုင်သည်။ နံနက် အိပ်ရာက နိုးနိုးချင်း တစ်ကြိမ်ထိုင်သည်။ နံနက်စာ ထမင်းစားပြီးနောက် အချိုတည်းရန် တစ်ခါထိုင်သည်။ ဒါတွေက ပိုက်ဆံပေးပြီး သောက်ခြင်းဖြစ်သည်။ ညနေစောင်း သုံးနာရီလောက်မှာ ခြေဆန့်လက်ဆန့် သွားထိုင်ပြန်သည်။ ထိုတစ်ကြိမ်မှာတော့ အိမ်က ကော်ဖီမစ် သို့မဟုတ် တီးမစ်အထုပ် ယူသွားသည်။ ဒါက ပရိတ်သတ် လူငယ်အချို့၊ ဆွေမျိုးသားချင်း အချို့ လာရောက် ကန်တော့ထားသော အထုပ်တွေထဲမှ ဖြစ်သည်။ ပြီးတော့ ဆိုင်သောက်နှင့် အထုပ်ကို အလှည့်ပေးခြင်းဖြစ်သည်။ ဆိုင်သောက် ဆိုတာက မိမိ စိတ်ကြိုက် မှာလို့ရသည်။ ကျွန်တော်က အချိုပေါ့ပေါ့ ခါးခါး မှာနေကျဖြစ်သည်။ အထုပ်ကျတော့ စိတ်ကြိုက် ရွေးချယ်ခွင့်မရပေ။ သူ့အတိုင်း စီမံရာကိုသောက်ရသည်။ ကျွန်တော်သောက်သော၊ ကြိုက်သော 'ချိုပေါ့ကျ' သည် ကျန်းမာရေးအတွက် ကောင်းသလား၊ မကောင်းဘူးလား မသိပေ။ ထို့အတူ တီးမစ်၊ ကော်ဖီမစ်ကကော ကျန်းမာရေးအတွက် ကောင်းသလား၊ မကောင်းဘူးလား ကျွန်တော်မသိပေ။ ထို့ကြောင့် တစ်လှည့်စီ သောက်တာ အန္တရာယ်ကင်းသည်ဟု ထင်သည်။ သည်မျှ သောက်သုံးနေမှတော့ မကောင်းတတ်တာကို သိသဖြင့်လည်း ရသေ့စိတ်ဖြေ လုပ်တာဖြစ်ကောင်းဖြစ်ပါမည်။ ပြီးတော့ လက်ဖက်ရည်ဖိုးလည်း တွက်ခြေကိုက်သည်။ နောက်ပြီး အထုပ်ကိုယ်စီဖြင့် လာရောက်ကန်တော့ကြသော ဒါနရှင်များ အတွက်လည်း ပါရမီဖြည့်ရာ ရောက်သည်။
ထိုမျှနှင့် မပြီးချေ။ ကျွန်တော်သည် ညနေစောင်း ငါးနာရီခွဲ ခြောက်နာရီမှာ ရွှေကြေးစည်သို့ တစ်ခေါက် သွားပြန်ပါသည်။ ထိုတစ်ကြိမ်မှာတော့ ဆိုင်သောက်လည်း မဟုတ်၊ အိမ်က အထုပ်လည်း မဟုတ်တော့ပေ။
အိမ်သောက် အိမ်ဖျော်ဟု ခေါ်မလားမသိ။ ကျွန်တော့်တူ 'မောင်ရွှေမိုး' သောက်သော လက်ဖက်ရည်ကို မျှဝေသောက်သုံးခြင်း ဖြစ်သည်။ 'ရွှေမိုး'က ကိုရူပသား အလတ်ကောင် ဖြစ်သည်။ သူက အနုပညာ ၀ါသနာပါသည်။ သူဝါသနာပါတာကလည်း 'ဒါရိုက်တာ' နှင့် 'ကဗျာ' အလုပ် ဖြစ်သည်။ ညနေ ထိုအချိန် ကိုက်ပြီး ကျွန်တော် ရောက်သွားလျှင် သူ့အတွက် ဖန်မတ်ခွက်နှင့် အပြည့်လက်ဖက်ရည် ပျော်ပြီးသား တွေ့ရသည်။ သူ့ဆိုင်ထဲမှာပဲ သူ့စိတ်ကြိုက် ဖျော်ပေးထားခြင်းပင်။ ဒါကို ကျွန်တော်က တစ်ဝက် ယူပြီး သောက်ရင်း သူနှင့် ကဗျာအကြောင်း၊ ရုပ်ရှင်အကြောင်း စကားပြောသည်။ သူကလည်း ကျေနပ်သည်။ ကျွန်တော့်မှာလည်း လက်ဖက်ရည် တစ်ခွက်ဖိုး သက်သာသွားသည်။ သူ့လက်ဖက်ရည်က တော်တော်ကောင်းသည်။ 'ရှယ်'ကဲ့သို့လည်း ပျစ်ချွဲချွဲမနေ။ ကျွန်တော်သောက်သုံးသော 'ရိုးရိုး'ကဲ့သို့လည်း ကျဲတဲတဲ မနေ။ ဆိုကြပါစို့။ အိမ်သောက် အနေတော်ဖြစ်သည်။ နောင်သော်'ရွှေမိုး'သည် သူသောက်လက်စကို ခွဲပြီး မတိုက်တော့ဘဲ ကျွန်တော်ရောက်လျှင် နှစ်ခွက်အဖျော်ခိုင်းပြီး ကျွန်တော့်ကို တစ်ခွက် ဒါနပြုပါသည်။ လက်ဖက်ရည်တစ်ခွက်ဖိုး သက်သာသည်မှာ ပဓာနမဟုတ်ပေ။ တူတော်မောင်၏ စေတနာက အဓိက ကျသွားတော့သည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်၏ အတွင်းစိတ်မှာမူ လက်ဖက်ရည်တစ်ခွက်ဖိုး သက်သာသွားတာကို ကျေနပ်မိသည်တော့ အမှန်ပင်။
ကျွန်တော့်မှာ နောက်ထပ် အကျင့်တစ်ခု ရှိသေးပြန်သည်။ နံနက်စောစော လက်ဖက်ရည်သောက်ရင်း ဆေးပေါ့လိပ် ငါးဆယ်ဖိုးဝယ်သည်။ ထိုဆေးပေါ့လိပ်ငါးလိပ်က နေ့တစ်ဝက်ခံသည်။ ထို့ကြောင့် နေ့လယ်ပိုင်း နောက်တစ်ကြိမ် လက်ဖက်ရည်ဆိုင် ထိုင်သောအခါ နောက်ထပ် ငါးဆယ်ဖိုး ငါးလိပ်ဝယ်ပြန်သည်။ ဒါလည်း ပုံမှန် ဖြစ်သွားပါသည်။ ဆေးပေါ့လိပ် တစ်နေ့ နှစ်ကြိမ် ၀ယ်ဖြစ်သည် ဆိုပါစို့။ သို့သော် ညနေပိုင်း 'ရွှေမိုး' နှင့်အတူ သောက်သောအခါတွင် ဆေးလိပ် ထပ်မ၀ယ်ဖြစ်သော်လည်း သူ့ဆီက ဆေးပေါ့လိပ် တစ်လိပ်တော့ အပိုအလိုလို လှမ်းယူပြီးသား ဖြစ်သွားတော့၏။ ကြာသော် ထိုအကျင့်သည် သီလတစ်ပါးလို ဖြစ်ပြီး ပုံမှန် ယူယူသောက်နေမိတော့၏။ ထို့အတွက် ကုန်ကျငွေ တစ်ဆယ် သက်သာသွားတာကိုလည်း ကျေနပ်နေမိတော့သည်။ ထို့ကြောင့် ကျွန်တော်သည် ညနေစောင်းလျှင် 'ကိုရူပ'ဆိုင်မှ လက်ဖက်ရည်တစ်ခွက်နှင့် ဆေးပေါ့လိပ် တစ်လိပ် အလကား သောက်ဖြစ်နေပါတော့သည်။ သူရို့ဘက်က ဒါနမြောက်သလို ကျွန်တော့်ဘက်ကလည်း အလှူခံကောင်း တစ်ယောက် ဖြစ်သွားပါသည်။
ဤသို့ နေလာရင်းနှင့် တစ်နေ့တွင် မှတ်မှတ်ထင်ထင် တစ်ခုကြုံပါသည်။ သောက်စားနေစဉ်နှင့်တူပါသည်။ သတိရမိသေး၏။ ကျွန်တော် သောက်တော့လည်း အနီးအနားဆိုင်းလမ်းလျှောက်သွားပြီး မော့တာမို့ အပြန်တွင် ထို့ကဲ့သို့ပင် ကိုရူပဆိုင်မှာ ဒယိမ်းဒယိုင်ဖြစ်နေကျ။ ထို့ကြောင့် ထိုသူ့ကို မြင်သောအခါ ချက်ချင်း ဂရုစိုက်မိသွားခြင်းဖြစ်၏။ ဟုတ်လည်းဟုတ်ပါရဲ့။ အသားဖြူတာ ညိုတာသာ ကွာသည်။ ကျွန်တော်နှင့် အတော်ဆင်သည်။
နောက်မှ သိရတာက ထိုသူမှာ အမူးသမား မဟုတ်ပေ။ အရူးသမားသာ ခေါ်ရမလို ဖြစ်၏။ သူသည် စိတ်မနှံ့သူတစ်ယောက်ပါတဲ့။ ထို့ကြောင့် မရိတ်မသင် မချိုးမပိုး လျှောက်သွားနေဖြင်း ဖြစ်၏။ အမူးသမားကဲ့သို့ ယိုင်ထိုးနေရတာက ခြေထောက် မသန်သောကြောင့် ဖြစ်ကြောင်း သူ့ရော်ဘာဖိနပ်ကို ခြေခုံနှင့် သားရေကွင်း သိုင်းထားတာတွေ့မှ သိရပါသည်။
ထိုသို့ ဂရုစိုက်မိခါမှ ကျွန်တော့်မှာ မထိတ်သာ မလန့်သာ ဖြစ်ရတော့သည်။ အကြောင်းကား သူသည် စိတ်မနှံ့သောကြောင့် လက်ဖက်ရည်ဖိုးကို တသမတ်တည်း ပေးနေပါသည်။ ဈေးတက်တာတွေ လာတွေ သူမသိချေ...။ လက်ထဲ ပါလာသော ငါးဆယ်တန်ကို ကိုရူပအား လှမ်းပေးပြီး နီးရာ ခုံလွတ်တွင် ၀င်ထိုင်၏။ ရေနွေးကြမ်း တစ်ဝသောက်ပါသည်။ လက်ဖက်ရည်ကိုမူ ပါဆယ်ယူပါသည်။ သူက 'ချိုပေါ့ကျ'ဟု အော်တတ်သေးရာ ကျွန်တော့်မှာ ကျောတွန့်တွန့်သွားပါသည်။ ကိုရူပကလည်း သူ့ကျတော့ ကိုယ်တိုင် ထဖျော်ပေးပါသည်။ ဒါနမြောက်အောင် လုပ်ခြင်းဖြစ်ဟန်တူ၏။ ကျကျနနဖျော်၊ ပလတ်စတစ် လက်ဆွဲအိတ်နှင့် ထည့်ပေးပါသည်။ ထူခြားတာက ထိုပုဂ္ဂိုလ်သည် အပြန်တွင် လက်ဖက်ရည်အိတ်ကို တစ်ဖက်က ဆွဲရင်းအခြားဖက်ဖြင့် ဆေးလိပ်ဗန်းထဲမှ ဆေးပေါ့လိပ် တစ်လိပ်ကို ဆတ်ခနဲ အဆစ်ယူသွားခြင်း ဖြစ်၏။ ဟိုက်.....။ ကျွန်တောနှင့် အတော်တူနေပါပေါ့လား။
ရုပ်ရည်နှင့် ဟန်ပန်သာမက လက်ဖက်ရည်ဖိုး သက်သာခိုသည့်အပြင် ဆေးပေါ့လိပ် အဆစ်ယူသွားတာပါ သွားပြီး တူနေပါပေါ့လား။ ဒါသည် တစ်ခါတစ်ရံလားဆိုတော့ မဟုတ်ပေ။ ကျွန်တော် ညနေဆိုင် ရွှေမိုးထံ လက်ဖက်ရည် ကပ်သောက်တိုင်းကြုံရခြင်း ဖြစ်၏။ ထိုအခါ ကျွန်တော် နည်းနည်း ရှက်လာပါတော့သည်။ ထို့ကြောင့် အရှက်ပြေ သဘောမျိုး ကျွန်တော်က ပြောယူရ၏။ ကိုရူပ သမီးငယ် 'မျက်ခြယ်' ကိုပြောခြင်း ဖြစ်၏။
'သမီးလေး... ဘဘနဲ့ အဲဒီ အရူးကြီး တူနေပြီနော်'
ထိုအခါ ကလေးမက အားနာစွာ ပြုံးပြီး 'မနှိုင်းကောင်း နှိုင်းကောင်း ဘဘရယ်'ဟု ပြန်ပြောလေသည်။
မည်သို့ပင်ရှိစေ၊ အရပ်အမောင်းရော၊ ဟန်ပန်ရော၊ အကျင့်သီလပါ သွားတူနေပြီဟု ခံစားရသဖြင့် နောက်နောင်ရွှေမိုးထံမှ လက်ဖက်ရည် တစ်ဝက် ယူသောက်ရန် ဆင်ခြင်မှပဲဟု ဆုံးဖြစ်မိပါသေးသည်။ 'မိပါသေးသည်' ဟုပြောရတာက ခဏပဲ ဆုံးဖြတ်ပြီး နောက်ပိုင်းကျတော့ 'နေမြဲ' ဖြစ်သွားသောကြောင့်ပင်။ ကျွန်တော်သည် တစ်ရက် နှစ်ရက် စောင့်စည်းလိုက်သော်လည်း အချိန်တန်တော့ ကိုရွှေမိုးထံ လက်ဖက်ရည် အလကားသောက်ရန် ညနေတိုင်း ရောက်ရပြန်ပါရော။ ပြီးတော့ ဆေးပေါ့လိပ် အဆစ်တစ်လိပ် ယူသောက်မိပြန်ရော။ သည်လိုနှင့် ကျွန်တော်နှင့်ထိုပုဂ္ဂိုလ်သည် ညနေတိုင်းလိုလို ဆုံစည်းနေပါတော့သည်။
ဖြစ်ချင်တော့ တစ်နေ့တွင် ထိုလိုပဲ စိတ်မနှံ့သူတစ်ယောက် ရောက်ချလာပြန်ပါသည်။ သူကတော့ မိန်းမ ဖြစ်သည်။ ထုံးစံအတိုင်း အင်္ကျီထဘီ အစုတ်အပြတ်နှင့်ပင်။ သူကတော့ ၀င်လာတာနှင့် ရေနွေးကြမ်း ထိုင်သောက်တော့၏။ ထိုင်ခုံပုပေါ်မှာတော့ မထိုင်ပေ။ သမံတလင်းပေါ် ဆောင့်ညောင့်ထိုင်ပါသည်။ ကြည့်ရတာ သူလည်း အခမဲ့ ဖောက်သည်ပဲ ဖြစ်ပုံရပါသည်။ အကြောင်းမှ ကိုရူပက သူလာလျှင် လှမ်းပြီး နောက်ပြောင်၍ ကိုယ်တိုင်ထပြီး လက်ဖက်ရည်ဖျော်သောကြောင့် ဖြစ်၏။ သူ့အတွက်လည်း ပါဆယ် တစ်ထုပ်...။ အဲ... သူကလည်း အလာကြီးပင်။ 'ချိုပေါ့ကျနော်'တဲ့။ ကျွန်တော့်မှာ ကျောချမ်းရပြန်ပါပြီ။ ဘယ်နှယ့် အရူး နှစ်ယောက်လည်း 'ချိုပေါ့ကျ'၊ ကျွန်တော်လည်း 'ချိုပေါ့ကျ'။ တူပဲတူနိုင်လွန်း။ သို့သော် ကံကောင်းတာမှာ၊ သူကတော့ ဆေးပေါ့လိပ် ဆစ်လိပ် အဆစ်မဆွဲခြင်းဖြစ်၏။ သို့သော် 'မုန့်တစ်ခု' အဆစ်ရသည်။ သူက ယူတာမဟုတ်။ ကိုင်ကြည့်ရုံကြည့်တာ။ အထာပေါက်သော ကိုရူပက အီကြာကွေး၊ စမူဆာ စသော လက်ကျန်မုန့်တစ်ခုကို ပေးလိုက်သည်သာ။ နောင်သော် ညနေ ငါးနာရီခွဲ ခြောက်နာရီ ဆိုင်ပိတ်ချိန်နီးလာလျှင် ကျွန်တော်ရယ်၊ စိတ်မနှံ့သူ ထိုနှစ်ဦးရယ် မကြာခဏ ဆုံစည်းနေကြတော့၏။
မနေ့ကတော့ ထုံးစံအတိုင်း အရူးမရောက်လာသည်။ ကျုံ့ကျုံ့လေးထိုင်ရင်း 'ချိုပေါ့ကျနော်'ဟု လှမ်းမှာသည်။ ပြီးတော့မုန့်ပန်းကန်ထဲက မုန့်တွေကို တစ်ခုချင်း ရွေးကြည့်နေသည်။ ကိုရူပက ဒါကိုမြင်တော့ 'ယူမှာဖြင့် တစ်မျိုးယူ။ လျှောက်ကိုင်ကြည့်မနေနဲ့' ပြောတော့ ဆတ်ခနဲ တစ်လုံး ပြန်ပြောသည်။
'ဘာတာကိတ် မရှိဘူးလား'တဲ့။
ကျွန်တော်တို့ ပွဲကျသွားပါသည်။ ဆိုင်မှ သူငယ်လေးက...
'ဘာတာကိတ်တော့ မရှိဘူး။ ချီးကိတ်ပဲ ရှိတယ်' ဟုပြောရာ သူက မျက်စောင်းမထိုးပေ။ လေးလေးပင်ပင်ကြီးသက်ပြင်းချရင်း....
'ငါ့အတွက် အဟုတ်ပါဘူးဟယ်။ အိမ်က သားလေးအတွက်ပါ'ဟု ပြောရှာသည်...။ ကျွန်တော်တို့လည်း စိတ်မကောင်းဖြစ်သွားပါသည်။ အရူးပေမည့် သားသမီးဇွဲတော့ အကြီးသားဟု။ သြော်... မိဘမေတ္တာများ ပြောပါတယ်။ နောက်တော့ ကိုရူပ ကမ်းပေးသော လက်ဖက်ရည်ထုပ်ကလေး ဆွဲပြီး ဆိုင်ထဲမှ ထွက်သွားပါသည်။ 'မုန့်မယူတော့ဘူးလား'နောက်က လှမ်းမေးရာ လက်ခါပြပါသည်။ ကျွန်တော်လည်း ကိုင်းကိုင်းကိုင်းကိုင်း ထွက်သွားသော အရူးမ၏ ကျောပြင်ကို ငေးကြည့်နေပါသည်။ ဓာတ်တိုင်တစ်တိုင်လောက် အရောက်တွင် ဘာစိတ်ကူးပေါက်သည်မသိ။ တုန့်ခနဲ့ ပြန်လှည့်လာပါသည်။ မပြောမဆိုနှင့်ပင် အီကြာကွေး တစ်ချောင်း လှမ်းဆွဲလိုက်ပါသည်။ 'စောစောက ပေးတော့ မယူဘူး။ ဘာတာကိတ်လေး ဘာလေးနဲ့'ဟု ဆိုင်လုလင်က ပြောသောအခါ...
'ငါ့ကိုတာတော့ အဆုံးမခံနိုင်ဘူးဟေ့' ဟု ပက်ခနဲ ပြောပြီး ထွက်သွားပါတော့သည်။ ဒါလည်း ဟုတ်သားပဲ။ ဒါသည် သူ၏ ရပိုင်ခွင့်ကိုး...။
ထိုတွင်မှ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်လည်း ခံတွင်းချဉ်တင်တင် ရှိသည်မို့ ဆေးပေါ့လိပ် တစ်လိပ် လှမ်းနှိုက်မိပါသည်။ နောက်မှ ...'ဟာ.. ငါ့နှယ်... မဟုတ်သေးပါဘူး'ဟု တွေးမိပြီး ဆေးပေါ့လိပ်ကို ပြန်ထည့်ရင်း ပြုံးလိုက်ပါတော့သည်။ ။
ကြားနေကျသတင်း
>> Wednesday, September 12, 2007
ကြားနေကျသတင်း
သစ္စာနီ
အက်ႌတစ္ထည္ထဲမွာ
ကျွန်ုပ်နဲ့သင် ပါတယ်
ဘက်တီးရီးယားပိုး ပါတယ်
လိင်ဆွဲဆောင်မှု ပါတယ်
၃၁-ဘုံ ခရီးသွားလက်မှတ်လဲ ပါတယ်။
နာရီတစ်လုံးထဲမှာ သံပတ်ပါတယ်
မစားရသေးတဲ့ ပန်းသီး ပါတယ်
သမိုင်းဝင်စစ်ပွဲတွေ ပါတယ်
ခြတောင်ပို့လဲ ပါတယ်။
ရေခဲမုန့်တစ်ခွက်ထဲမှာ
မလိုင် ပါတယ်
နို့မ၀တဲ့ကလေးရဲ့ မျက်ရည် ပါတယ်
ရွှေရောင်တိမ်တိုက် ပါတယ်။
ဆေးထိုးအပ်တစ်ခုထဲမှာ မိုးရေ ပါတယ်
ငွေလုပ်တဲ့စက် ပါတယ်
သေမင်းရဲ့ မျက်လုံး ပါတယ်။
ခေါင်းထဲမှာ ဘာမှ မပါပါဘူး။ ။
သိဟ်ရာသီ ၀တ်ရုံ
>> Monday, September 10, 2007
အမုံအဖူးတွေ ဖြစ်ခဲ့ပြီးမှတော့
အပွင့်ဆက်ဖြစ်ရတော့မှာပေါ့
ဒါပေမယ့်
အဲဒီနေ့ကို ကျွန်တော့်ရဲ့သစ်ပင်ကလေးတွေ
ပြန်ရောက်မလာကြတော့ဘူး။
မျက်နှာပေါ် ဖိနပ်မချွတ်ဘဲ တက်လာတဲ့အပြုံးကို
'မုန်းတယ်'
သုည၀င်စားသလိုလိုနဲ့ ကိုယ်ကပဲ ကွေ့လျားဝိုင်းစက်
ပြီးဆုံးသည်ထိတိုင်အောင် အိမ်ထရံမှီပြီး
ရှက်ရတယ်။
ခုတော့လည်း မဆင်မခြင် လိမ္မာလိုက်ပါပြီ
ဂီတတွေကို ပိုပိုလိုလို တီးမှုတ်ယူမသွားတော့ဘူး
မုယောအပွင့်ကလေးကိုလည်း မြေပြင်ဆီ
ပြန်ပစ်ပေးလိုက်ပြီ။
၁၈း၀၀ နာရီ
ရထားဟာ လှလှပပကြီး တံခါးဖွင့်ဝင်ရောက်လာပါရဲ့
ဒါပေမယ့်
အဲဒီအိမ်ကလေးမှာ ဘူတာက သေဆုံးသွားခဲ့ပြီးတာ
ကြာပြီ။ ။
တာရာမင်းဝေ
ဟဲလို! စက်တင်ဘာ (၁၁)
>> Saturday, September 8, 2007
'မျှော်လင့်ချက်ပျောက်တယ်' ဆိုတာ
ချောင်းဆိုးတဲ့ ရောဂါတစ်မျိုးပါပဲ ...
ကိုယ်တိုင်လည်း နာကျင်တယ် ...
(ကံဆိုးတဲ့) တခြားလူတွေကိုလည်း ကူးစက်နိုင်တယ် ...။
လူသားရာဇ၀င်ကိုမှ မာတိကာရေးချင်သူတို့ရေ ...
... ထောင်းလမောင်းထအောင် ကြေကွဲကြ၊
... ဘာမှန်း မသိတာတွေကို သီချင်းလုပ်ဆိုကြ၊
(ခုနောက်ဆုံးတော့) မျက်ရည်လက်တစ်ခုပ်စာနဲ့
... ကမ္ဘာကြီးကို ဆေးကြောဖို့ ကြိုးစားကြပေရော့ ...။
ဘယ်သူက ထင်ရက်မှာတဲ့လဲ!!!
ငါတို့ကို ပြုစားသွားခဲ့ရက်တဲ့ ... 'ရွာသူ'ရယ် ...
တို့ အိပ်မက်ရဲ့ ၅၀%ရာခိုင်နှုန်းကိုတော့
(ကိုယ်ဖာသာကိုယ်) မက်ခွင့်ရှိတယ်လို့ အောက်မေ့ခဲ့မိတာပါ ...။
သိပ်ကို သေချာသွားပြီ ...။ ငါတို့ရဲ့ ဘ၀ဟာ
ကောက်ရိုးနဲ့လုပ်ထားတဲ့ ပုံပြင်တစ်ပုဒ်ကို
... မီးရှို့ခဲ့တယ် ဆိုတာပေါ့ ...
မင်းခိုက်စိုးစန်
၂၀၀၁
ဟဲလို ဟဲလို အမေလား
>> Friday, September 7, 2007
ညနေက ဘတ်စကားပေါ်က ဆင်းဆင်းချင်း မိုးက၀ုန်းကနဲ သဲကြီးမဲကြီးရွာချကိုက်တာနဲ့ ကဗျာကသီ နီးရာလဘက်ရည်ဆိုင်ထဲ ပြေးထိုင်ပြီး ကျဆိမ့်တစ်ခွက်မှာလိုက်တယ်။ မှာထားတဲ့ လဘက်ရည်မရောက်သေးခင် ဆိုင်ထဲမှာ အသိတစ်ယောက်တစ်လေများတွေ့လိုတွေငြား ဟိုဟိုဒီဒီ မျက်စေ့ကစာကြည့်မိသေးတယ်။ ဘယ်သူမှမတွေ့တော့ပျင်းပျင်းရှိတာနဲ့ ဆိုင်ထဲမှာဖွင့်ထာတဲ့ ဗီစီဒီကို အာရုံစိုက်လိုက်မိတယ်။ စင်ပေါ်ကို သူ့မိခင်ကို ဖိတ်ခေါ်၊ ပရိတ်သတ်နဲ့ မိတ်ဆက်ပေးပြီး သီချင်းဆိုနေတဲ့ အဆိုရှင်ရဲလေးကို အမှတ်တမဲ့သတိပြုလိုက်မိတယ်။ သားအောင်မြင်မှုကို ကျေနပ်နှစ်သက်နေတဲ့ မိခင်တစ်ယေက်ရဲ့ပီတိအပြုံးနဲ့မြင်ရတော့ အလိုလိုနေရင်း စိတ်ထဲမှာမုဒိတာပွားမိပါတယ်။ အရင်တုန်းက မေဆွိနဲ့ ဒေါ်မြင့်မြင့်ခင်၊ သံသာဝင်းနဲ့ နွဲ့ယဉ်ဝင်း အခွေတွေထဲက အမေတွေရဲ့ ဒီလိုအပြုံးမျက်နှာတွေကိုမြင်ယောင်မိရင်း အဝေးတစ်နေရာဆီက မွေးသမိခင်ကိုဆွတ်ဆွတ်ပျံ့ပျံ့ လွမ်းစိတ်ပေါ်လာတာနဲ့ ကျသင့်ငွေအမြန်ရှင်းပြီး အိမ်ကိုဖုန်းခေါ်ဖို့ အများသုံးတယ်လီဖုန်းရှိရာ ပြေးရတော့တယ်။ နယ်ကိုပြောလို့ရတဲ့ဖုန်းက တစ်လုံးတည်းရှိတာမို့ ခဏစောင့်နေတုန်း ကျွန်တော့်ရဲ့အသက်သုံးဆယ်ကျော်တဲ့အထိ အမေကိုလွမ်းတတ်တဲ့ ရောဂါအကြောင်းတွေရင်း တစ်ယောက်တည်းပြုံးလိုက်မိတယ်။
ရှေ့က ဖုန်းကို မောင်ပိုင်စီးပြီး လေကြောရှည်နေတဲ့ကလေးမ ဘာထင်သွားလဲ မသိပါဘူး။ ကောင်မလေး ဖုန်းကို အမြန်ချပြီး ပိုက်ဆံရှင်းလိုက်တယ်။ ပြန်အထွက်မှာ လူကိုတောင် မျက်စောင်းထိုးသွားလိုက်သေးတယ်။ စိတ်ချပါ ကောင်မလေးရေ နင်ပြောတာတွေ ငါဘာမှခိုးနားမထောင်ပါဘူးဟာ။ အမေနဲ့ဖုန်းရတော့ အမေကထုံးစံအတိုင်း သြ၀ါတစ်သီကြီး ခြွေတော့တာပါပဲ။
တံခါးများ
>> Thursday, September 6, 2007
လူ့လောကကိုဝင်လာဖို့
ရှင်သန်ခြင်းဆိုင်ရာတံခါးတွေရှိတယ်၊
ရှင်သန်မှုတွေကြီးထွားကြဖို့
ရုန်းကန်ခြင်းဆိုင်ရာတံခါးတွေရှိတယ်၊
လူ့လောကတွင်းဝင်ဆံ့ဖို့
ပေးဆပ်ခြင်းဆိုင်ရာတံခါးတွေရှိတယ်၊
ချစ်ခြင်းတရားဆိုင်ရာ မေတ္တာတွေရဖို့
ရင်းနှီးခဲ့ရတဲ့ နှလုံးသွေးတံခါးတွေရှိတယ်၊
ပိုင်ဆိုင်ခြင်းဆိုင်ရာ တံခွန်တွေလွှင့်တင်ဖို့
သတ်မှတ်ချက်ဆိုင်ရာ တံခါးတွေရှိတယ်၊
ဘ၀တံခါးတွေဖွင့်ဖို့ကြိုးစားရင်းနဲ့
ကိုယ်ကျင့်တရားဆိုင်ရာ တံခါးရွက်တွေပျက်သွားသူတွေရှိတယ်၊
တကယ်တော့
တံခါးတွေကိုယ်တိုင်လဲ
တံခါးရွက်တွေရဲ့ပိတ်ဆို့ခြင်းခံနေရတာပါ
အရေးကြီးဆုံးတစ်ခုကတော့
တံခါးတွေကိုဖွင့်ဖို့ကြိုးစားရင်း
တံခါးရွက်တွေရဲ့ပိတ်ဆို့မှုမခံရဘို့ပါပဲ။ ။
မပြောတတ်ဘူး ဟုတ်ချင်တော့လည်း ဟုတ်မယ်
မြင့်သန်း
စတိုင်သစ်၊ ဧပြီ၊ ၂၀၀၂။
ဘယ်လိုက ဘယ်လိုရယ်တော့ မသိဘူး။ သူကြီးတူ မောင်မူရယ်၊ တောင်ရွာက မောင်တာရယ်၊ ယုန်လိုက်သွားရာက ဖွတ်ကြီးတစ်ကောင်မိတာကစတယ်ပဲ ပြောရတော့မယ်။ ဒီဖက်မှာကတော့ ဖွတ်တို့၊ ပဒတ်တို့ရရင် "မီးဖုတ်၊ အရေဆုတ်၊ ကျုပ်တို့၊ အဟုတ်ဗျို့၊ တုတ်စို့" လို့တောင် ပြောကြတာမျိုးကိုး။ စပ်လို့ ပြောလိုက်ရဦးမယ်။ ဒါကို မြို့က ပြောင်းလာတဲ့ မူလတန်းကျောင်းအုပ်ဆရာ ကိုမြ၀င်းကများဆိုရင် သေသေချာချာ ရေးမှတ်တယ်။ ဒါတောက ဟိုက္ကူဆိုသလားပဲ။ ဒီက လူတွေကတော့ ဘယ်သိမှာတုန်း။ ဟိုက္ကူဆိုတာနဲ့ အနီးစပ်ဆုံးက တာလမ်းဟိုဘက်ခြမ်းမှာနေတဲ့ ဟုတ်ကြည်ဆိုတာပဲ သိတယ်။ ဟုတ်ကြည်က အရင်က လော်လီမောင်းတယ်။ ခုတော့ မြို့ဘက်ပြောင်းသွားပြီ။ ထားတော့၊ ဒီကိစ္စ။
သင်းတို့နှစ်ကောင် အပြောအရတော့၊ ဖွတ်ကြီးကို တစ်ကောင်ကောင်က ကိုက်ထားပုံရတယ်တဲ့။ နာနေသတဲ့။ ဒီတော့ သူတို့နှစ်ယောက်က မပစ်ရက်တော့ဘူး။ ဖွတ်ကြီးက သူတို့ကို အသနားခံသလိုမျိုးနဲ့ ကြည့်တယ်ဆိုပဲ။ ဒီတော့လည်း သူတို့နှစ်ယောက်က အသာဖမ်းလာပြီး မောင်တာက သူ့အိမ်နောက်ဘက်မှာ ထားတယ်။ ဒဏ်ရာတွေဘာတွေကို ဆနွင်းကလေးနဲ့ သွေးဆေးမှုန့်ကလေး ရောပြီး သိပ်ပေးရာက၊ ခုတော့ ဖွတ်ကြီးကြည့်ရတာ အတော်နေသာထိုင်သာ ရှိလာပုံရတယ်။ လူတွေကတော့ ဖွတ်နာကြီး၊ ဖွတ်နာကြီးလို့ ပြောကြတယ်။ သူကြီးတူ မောင်မူတို့၊ တောင်ရွာက မောင်တာတို့ရှေ့တော့ ဘယ်ခေါ်ရဲမှာတုန်း၊ နားရင်း ရိုက်သွားမှာ။
တချို့ လူကြီးတွေကတော့ အစက ရွာနာတယ်၊ ဘာဘာညာညာပြောကြတယ်။ ရှေ့တင် ပြောတာတော့ မဟုတ်ဘူး။ တစ်နေ့တော့ ဘယ်ကဘယ်လို ကြားသွားတယ် မသိဘူး။ စာသင်တိုက်က ဥပုသ်ဇရပ်မှာ လူကြီးတချို့ ထိုင်ပြီး စကားပြောနေကြတုန်း မောင်မူက ဇရပ်ဘေးလာပြီး၊ "ခင်ဗျားတို့တွေ၊ ဘုရားစကား၊ တရားစကားပြောကြဖို့ ကောင်းတဲ့ အရွယ်တွေ ရောက်နေကြပြီ။ တောပြောတောင်ပြောတွေ ပြောမနေကြနဲ့။ အလုပ်မရှိရင်၊ ငါဘယ်တော့များ သေပါ့မလဲသာ စဉ်းစားကြ။ ခင်ဗျားတို့က သေမယ်လို့ ထိုင်စောင့်နေကြတာ မဟုတ်လား"လို့ ပြောသွားတယ်။ အဲဒီကစလို့ လူကြီးတွေလည်း ဖွတ်ကြီးအကြောင်း သိပ်မပြောကြတော့ဘူး။ မောင်မူကို ကြောက်လို့ရယ်တော့ ဟုတ်ပုံမရဘူး၊ သူတို့ဖာသာ မောင်မူ့စကားကို ပြန်တွေးကြည့်တော့ ဟုတ်သားကလားလို့ မြင်လိုက်ကြလို့ပဲ ဖြစ်မယ်။
ရွာနာတယ်ဆိုတာကလည်း မဖြစ်လောက်ဘူး။ တောင်ရွာက မောင်တာက တောင်ရွာရဲ့ တောင်ဖျားမှာနေတာ။ တကယ်တော့ တောင်ရွာတစ်ခုလုံးကိုက သူတို့ ဘိုးဘွားလက်ထက်ကတည်းက မြေတွေ။ ဒီတစ်ကြောမှာ တောင်ရွာက အစစအရာရာ အတော်ကို အဆင်ပြေတဲ့ရွာ။ တစ်ရွာလုံးလည်း ဆွေတွေမျိုးတွေလိုချည်းမို့၊ မောင်တာကြီး အိမ်နောက်မှာ ဖွတ်ကြီးထားတာကို ဘယ်သူကမှ မပြောကြပါဘူး။ ဟိုနား၊ ဒီနားက တောပြောတောင်ပြော ပြောပေတဲ့၊ ဘယ်သူကမှ သူတို့နှစ်ယောက်ကို ကဏ္ဍကောစ မလုပ်ရဲကြဘူး။ သူတို့နဲ့လည်း မကင်းနိုင်ကြဘူးကိုး။ ဒိပြင် သင်းတို့က တူတယ်။ ဘာဖြစ်ဖြစ် မဟုတ်မခံကောင်မျိုးတွေ။ ဘယ်သူ့မှလည်း သိပ်ဂရုစိုက်တာမဟုတ်ဘူး။ တစ်ခါတစ်ခါ ကာလသားခေါင်း အချင်းချင်း ဂျင်ကလယ်ကိစ္စလောက်နဲ့ စကားအူပေါက်ပြောရင်း အချင်းများကြရင်၊ နှစ်ဖက်စလုံးခေါ်ပြီး ကြိမ်းပစ်တာ။ သင်းတို့ စိတ်တိုနေတာနဲ့များ တိုးရင်တော့ ထပြီး နားရင်းရိုက်တော့တာ။ ပြီးမှ သောင်းရင်တို့ တဲခေါ်ပြီး ထန်းရည်တိုက်ရင်း နှစ်ဘက်စလုံးကို သင့်မြတ်ဖို့ ပြောတတ်တယ်။
ဖွတ်ကြီးအကြောင်းဆက်ရရင်တော့ မောင်တာက ဖွတ်ကြီးကို နွားတဲဘေးမှာ ၀င်းတစ်ခုနဲ့ထားတာ။ အစကတော့ ဖွတ်ကြီးများ မြေတူးပြီးထွက်သွားမလားလို့ ပူကြတယ်။ ဖွတ်ကြီးက ဒဏ်ရာတွေဘာတွေ ကျက်သွားလို့ ပုံမှန်ဖြစ်သွားပေတဲ့ ထွက်ပြုပြေးမယ့်ပုံ မပေါ်ဘူး။ မောင်မူတို့ မောင်တာတို့ကလည်း အရပ်ထုံးစံအတိုင်း မီးဖုတ်၊ အရေဆုတ် လုပ်မယ့်ပုံမပေါ်ဘူး။ ဒါတင်ဘာဟုတ်သေးလဲ။ ခုဆို နွားစာကျွေးတဲ့ ပေါက်ချွန်းက နွားစာကျွေးပြီးတာနဲ့ ဖွတ်ကြီးကို အချိန်မှန် အစာကျွေးရသတဲ့။ ဖွတ်ကြီးကလည်း အခု၊ အချိန်မှန် အစာမျှော်ဆိုပဲ။ ဖွတ်ကြီးကို ဘာကျွေးမှန်းတော့မသိဘူး။ ဖွတ်ကြီးက တော်တော် အကောင်ကြီးလာတယ်။ တစ်နေ့တော့ ပေါက်ချွန်းက ဖွတ်ကြီးထားတဲ့ ၀င်းထဲ ကြက်တစ်ကောင် ချကြည့်တယ်တဲ့။ ဖွတ်ကြီးများ လိုက်မလားလို့။ ဒါပေတဲ့ ဖွတ်ကြီးက လှုပ်တောင်မလှုပ်ဘူးဆိုပဲ။ အဲဒါကို ပေါက်ချွန်းက သူ့ဆရာကို ပြောပြတော့ သူ့ဆရာ မောင်တာက "ဖွတ်ကြီးက မင့်လိုမဟုတ်ဘူး။ သူတော်ကောင်းကြီးကွ"လို့ ပြောသတဲ့။ ပြောတုန်းကတော့၊ ရီစရာ နောက်စရာ ဖြစ်မှာပါ။ ဒါပေတဲ့၊ ပေါက်ချွန်းဆီကနေ အရပ်ထဲရောက်တော့၊ ကားသွားပုံရတယ်။ ခုတော့ မောင်မူတို့၊ မောင်တာတို့ ဖွတ်ကြီးက ဖွတ်သူတော်ကောင်းလို့ ဖြစ်နေတယ်။
ပြောမယ်ဆိုရင်လည်း ပြောစရာဖြစ်လာတဲ့ အကြောင်းတွေက ပေါ်လာပြန်တယ်။ ဖွတ်ကြီး မောင်တာ့အိမ်ရောက်ပြီး နှစ်လလောက်အကြာမှာ မောင်မူနဲ့ မောင်တာက အောင်ဘာလေမှာ ငါးရာပေါက်တယ်။ ဖြစ်တာကဒီလို။ မြို့မှာ မြေခွန်သွားထမ်းပြီး ပြန်အလာ၊ တံတားထိပ်က ကားဆိပ်မှာ ကားစောင့်ရင်း မောင်မူတို့က အာ့စိန်ဆိုင်နောက်ဘက်မှာ၊ တစ်ပက်နှစ်ပက် ၀င်နှိပ်ကြသတဲ့။ အဲဒီမှာ ခွက်ပုန်းလာဆော်တဲ့ ဦးလေးဘတင်နဲ့ တွေတယ်ဆိုပဲ။ ဦးလေးဘတင်က ဘိုင်စကယ်နဲ့လှည့်ပြီး ထီလက်မှတ်ရောင်းတယ်။ ဦးလေးဘတင်က ဒီနှစ်ကောင်ကို ငါ့မှာ ထီလက်မှတ်တစ်စောင်ကျန်နေတယ်။ ငါဖြတ်ပိုင်းပြန်ပို့တော့မှာမို့ ပေးချင်သလောက်ပေးလို့ ပြောသတဲ့။ ဒီတော့ မောင်မူတို့နှစ်ယောက်သား အိပ်ထောင်ထဲမှာ ရှိသမျှ အကြွေတွေ ထုတ်ရေကြည့်တော့ နှစ်ကျပ်မတ်တင်းလား၊ တစ်ကျပ်ပြားရှစ်ဆယ်ဆိုလားပဲ ရှိသတဲ့။ ဦးလေးဘတင်က ရှိတာသာပေးကွာ။ ကျန်တာပေါက်မှ ပေးလို့တောင် ရယ်စရာပြောသေးဆိုပဲ။ ပြီးတော့ အတိတ်ရေးလကွာလို့ ပြောသတဲ့။
ဒီတော့ မောင်တာက အတိတ်အဖြစ်နဲ့ "ဖွတ်ကူသံ သောသောညံစေ"လို့ ရေးသတဲ့။ အဲဒီတုန်းကတောင် မောင်မူက "မင့်ဟာက ဘာတုန်း"လို့ မေးသေးတယ်ဆိုပဲ။ "မင်းမကြားဖူးဘူးလား၊ ဖွတ်ကူသံကြားရင် ကမ္ဘာရာဇ၀င်ကြီးဆိုလား၊ သမိုင်းကြီးဆိုလား ပြီးသွားတယ်လို့ဆိုတာ"လို့ မောင်တာက ဖြေတယ်။ မောင်မူကတော့ သိပ်မကျေနပ်ဘူး။ ဒီတော့ ခုလိုပြောပြန်တယ်။
"ဖွတ်က ကူရတယ်လို့ ငါမကြားဖူးပေါင်ကွာ။ ဂျိုးတို့ ဘာတို့သာ ကူတယ်ကြားဖူးတယ်။ မင်းဟာက မတော်မတဲ့။ မိုးကြိုးတွေ ဘာတွေ ပစ်နေပါဦးမယ်"
"ဟကောင်၊ မောင်မူ။ ဒွေးကြီးကျော်လင်းပြောတာ မင်းမကြားဖူးဘူးလား။ ဂျပန်ပြည်ကို အနုမြူဗုံးဆိုတာ မကြဲခင်က တောင်ပေါ်က ဖွတ်ကြီးတစ်ကောင် ကူသတဲ့။ နောက်တော့ ဂျပန်ပြည်ကြီးမှာ ဗုံးကျရော။ သမိုင်းဆိုတာကြီးတစ်ခုလည်း ရပ်သွားရောတဲ့။ ဂျပန်တွေ ဖွတ်ကူတဲ့တောင်ကိုတောင် ခုထိ အထိမ်းအမှတ် လုပ်ထားသေးဆိုပဲ။ သင်းတို့က တောင်ကို ယာမလို့ခေါ်တယ် ဆိုကလားပဲ။ ဒီတော့ အခုဆို ဖွတ်ကူယာမဆိုပြီး အဲဒီဟာကြီးက နာမည်ကြီးနေသတဲ့။ မင်းကတော့ ခက်တယ်။ ဘာမှ အကြားအမြင် မရှိတဲ့ကောင်"လို့ ပြောပြီး၊ မောင်တာက မောင်မူ့ကိုတောင် မာန်သေးတာ။ ဒီတော့ မောင်မူက
"မင်းဟာမင်း ဖွတ်ကူယာမဖြစ်ဖြစ်၊ သမိုင်းကြီးပဲ ပြီးသွား၊ ပြီးသွား၊ ငါ့သောက်လုပ်မဟုတ်ဘူး။ ထီပေါက်မယ် ဆိုလို့ကတော့ မင့်နှမ မြစိန် နာမည်ပဲရေးရေး၊ ပေါက်ရင်ပြီးတာပဲ"လို့ ပြန်ပြောတယ်။
သင်းတို့နှစ်ကောင် ထီပေါက်တဲ့ ဇာတ်လမ်းကတော့ အဲဒါပဲ။ အဲဒီလို ထီပေါက်သွားတော့ ဖွတ်ကြီးက သူတော်ကောင်းကြီးလို့ သတင်းဖြစ်နေရာက ဖွတ်ကြီးက လာဘ်သပ္ပကာ ရွှင်တယ်ဖြစ်ပြန်ကရော။ အဲဒီလို သတင်းဖြစ်နေတာကို ထောက်ခံဖို့အကြောင်းက ပေါ်လာပြန်သေးတယ်။ ဖြစ်ပုံက ဒီလို။ ဒီဘက်တစ်ကြောမှာ ဖဲရိုက်စားနေတဲ့ စံပဆိုတဲ့ အကောင်တစ်ကောင်ရှိတယ်။ သူက မြောက်ရွာက။ စံပက ဖဲရိုက်တယ်ဆိုတော့ ဖဲသမားလို့ နာမည်ပျက်နေပေတဲ့၊ ဖဲရိုက်တာကလွဲလို့ ဘာမှတော့ မတော်မတရား မလုပ်ရှာဘူး။ တစ်နေ့တော့ မောင်တာကြီးက ဖွတ်ကြီးကို အစာကျွေးနေတုန်း စံပရောက်လာပြီး မောင်တာ့ကို ပြောတယ်။ "အစ်ကိုရယ် ညောင်ကန်ဘက် အသုဘမှာ ဒီည ၀ိုင်းကောင်းမယ်ဆိုလို့ ကျွန်တော်သွားမယ်လို့။ အဲဒါ အစ်ကို့ဖွတ်ကြီးနဖူးကို ကျွန်တော့် ပိုက်ဆံတစ်ရွက်နဲ့ ပွတ်သွားပါရစေ။ ကက်ကင်းသဘောပေါ့ အစ်ကိုရယ်"လို့ ပြောသတဲ့။ ဒီတော့ မောင်တာက "ပွတ်ချင်ပွတ်လေကွာ။ မင်းဖာသာ ကက်ကင်းဓာတ်ယူတာ ငါမသိဘူး။ ရှုံးရင်တော့ ဖွတ်ကြီးကြောင့် မဟုတ်ဘူး။ နိုင်ရင်တော့ ငါ့ဖို့ တစ်လုံး"လို့ ရယ်ရင်းပြောတယ်။ ဒီတာ့ စံပက သူ့လက်ထဲက ပိုက်ဆံတစ်ထပ်နဲ့ ဖွတ်ကြီးနဖူးကို ပွတ်သွားသတဲ့။
လိုရင်းပြောရရင်တော့၊ နောက်တစ်နေ့ မွန်းမလွဲသေးခင်၊ စံပတစ်ယောက် မန္တလေးရမ်တစ်လုံးနဲ့ မောင်တာ့ဆီရောက်လာတယ်။ လက်ထိပ်လက်အောက် ရှောင်ရရုံ မဟုတ်ဘူး။ ၀ိုင်းလုံးကျွတ်အောင် နိုင်လာတာတဲ့။ ဒီတော့ မောင်တာ့ကို ရမ်တစ်လုံးပေးရင်း၊ အစ်ကိုတို့အားတဲ့နေ့ ကျွန်တော် တံတားထိပ်က အာ့စိန်ကြီးဆိုင်မှာ ကျွေးဦးမယ်လို့တောင် ပြောတယ်။ အဲဒီကတည်းကစပြီး ဖွတ်ကြီးက သမိုင်းသစ်တွေ တွင်စရာဖြစ်လာတယ်။ ဒိပြင် သူကြီးတူ မောင်မူနဲ့ တောင်ရွာက မောင်တာတို့ နှစ်ယောက်သားဟာ၊ နာမည်တစ်လုံးတိုးလာတယ်။ ဖွတ်ကြီးရဲ့ ဖက်စပ်ပိုင်ရှင်တွေ ဖြစ်လာကြတယ်။ ဖွတ်ကြီးလည်း ပိုပြီး ထင်ထင်ရှားရှားဖြစ်လာတယ်။ ရွာနီးချုပ်စပ်က လူတွေတောင် လမ်းကြုံတဲ့အခါ ၀င်ကြည့်ကြရတယ်။ တချို့က အသာထိကြည့် တို့ကြည့်ကြတယ်။ ကံကောင်းတယ်၊ လာဘ်သပ္ပကာရွှင်တယ်လို့ ဆိုကြတာကိုး။ ဘာပဲပြောပြော၊ အဲဒီတစ်ကြောက လူတွေမှာ "ဖွတ်"နဲ့ ပတ်သက်လို့ အမြင်အသိပြောင်းသွားတယ်။ ဖွတ်ဆိုတာ မွဲတတ်တယ်ဆိုတဲ့နေရာမှာ၊ ဖွတ်ဆိုတာ အကျိုးပေးတယ် ဖြစ်လာကြတယ်။ အရင်က ဖွတ်ကြီးမြင်ရင် မျက်စပ်အထက်အောက် ခြေမှုန့်သုတ်တတ်တဲ့ ဈေးသည်မတွေတောင်၊ ဈေးသွားဈေးပြန်ဝင်ပြီး ဖွတ်ကြီးကို ကြည့်ကြရတယ်။
တစ်နေ့တော့ ပြဿနာပေါ်လာတယ်။ မောင်မူတို့ ဘိုးအေကြီး ဘိုးအုန်းပွင့် အကြီးအကျယ် ဖျားပါလေရော။ ဘိုးအုန်းပွင့်က တောင်ရွာ၊ မြောက်ရွာတွေကို စတည်တဲ့သူတွေအထဲက မူလလက်ဟောင်းကြီး။ သူတစ်ယောက်ပဲ ကျန်တော့တာ။ ဘိုးအုန်းပွင့်က လာမယ့်ဝါဆိုမှာ ကိုးဆယ်ထဲ ၀င်တော့မှာ။ မာတော့ အတော်မာတယ်။ ဒါပေတဲ့ ရေချိုးမှားပြီး၊ အပူရှပ်ရာက ငမ်းဖမ်းသလိုလိုတွေတောင် ဖြစ်လာတယ်။ ရင်တွေဘာတွေကျပ်ပြီး အသက်ရှူမ၀ဘူး ဖြစ်လာတယ်။ တံတားထိပ် ကားဆိပ်ဆေးခန်းက ဆရာဝန်ကလေးတို့၊ သြဠာရိက ဆေးဆရာတွေကတော့ လူကြီးနာဆိုပြီး လက်လျှော့ကြပေတဲ့၊ ဓာတ်ဆရာ ဦးမှန်ကတော့ လက်မလျှော့ဘူး။ ဘူးသီးနဲ့ ဖွတ်သားဟင်းခါး သုံးရက်စားခိုင်းပြီး ရေနိုင်နိုင်ချိုးရင်၊ ၀ဋ်နာကံနာကလွဲရင် ပျောက်မှာပဲတဲ့။ ဒီတော့ တစ်ရပ်လုံးရဲ့ မျက်စေ့ထဲမှာ ဖွတ်ကြီးကိုပဲ မြင်လာကြတယ်။ မောင်မူနဲ့ မောင်တာလည်း ဘာပြောရမှန်း မသိတော့ဘူး။ ဒါပေတဲ့ ပြဿနာက ဘူးသီးပဲ။ ဓာတ်ဆရာဦးမှန် အလိုအရတော ဆွတ်သီးဖြစ်ရမယ်တဲ့။ ဘူးသီးခြောက်တို့ ဘာတို့မဟုတ်ဘူးတဲ့။ ခက်တာက ခုလိုရာသီမျိုးမှာ ဒီဘက်မှာ ဘူးသီးဘယ်မှာရမှာတုန်း။ အနီးစပ်ဆုံးက ကွင်းသာဆယ့်တစ်ရွာဘက်မှာ ရကောင်းရနိုင်တယ်လို့ ကိုဦးကြည်ပြောလို့ သိရတယ်။ အဲဒီကို ဒလပြင်း လူလွှတ်ပြီး အရှာခိုင်းရမှာပဲ။ ဒါတောင် အသွားအပြန် တစ်ညအိပ်တော့ ကြာဦးမယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ အဲဒီကို ကောင်ကလေးနှစ်ယောက် လွှတ်လိုက်တယ်။ ဒီမှာကတော့ မောင်မူနဲ့ မောင်တာ ခေါင်းချင်းရိုက်နေကြရတယ်။ မရိုက်လို့ကလည်း မဖြစ်ဘူး။ ဘိုးအုန်းပွင့်အတွက်ဆို ဖွတ်ကြီးကို ပေါ်သင့်ပေါ်ရတော့မယ့် အခြေအနေမျိုးရောက်နေပြီကိုး။ ဆွေတွေမျိုးတွေကလည်း ဖွတ်ကြီးကို မျက်စောင်းထိုးနေကြပြီကိုး။ နောက်ဆုံးတော့ သင်းတို့နှစ်ယောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကြရတယ်။ ဘူးသီးရ၊ မရ စောင့်ပြီး ဘူးသီးရခါမှ ဖွတ်ကြီးကို ပေါ်မယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ ဖြစ်ချင်တော့ ကောင်ကလေးတွေ ကွင်းသာဘက်ထွက်သွားတဲ့ ညနေမှာပဲ၊ ဘိုးအုန်းပွင့် အသက်ထွက်သွားရှာတယ်။ ဆွေတွေမျိုးတွေ ငိုယိုနေကြတုန်း မောင်မူနဲ့ မောင်တာတို ပြုံးနိုင်ကြတယ်။ ဖွတ်ကြီးကလည်း မောင်မူတို့ကို တွေ့တယ်ဆိုရင် ခေါင်းတတမော့မော့နဲ့ ကျေးဇူးတင်ပါသဗျာလို့များ ပြောနေသလိုလိုပဲလို့၊ ပေါက်ချွန်းပြောပြလို့ အရပ်ထဲမှာ ကြားကြရတယ်။ ကွင်းသာဘက်က ပြန်လာတဲ့ ကောင်ကလေးတွေ ယူလာတဲ့ ရှားရှားပါးပါး ဘူးသီးကိုတော့ မောင်တာကြီးတို့အိမ်က ကြက်တစ်ကောင်ကို စပါးလင်များများနဲ့ ကာလသားဟင်း ချက်စားလိုက်ကြတယ်။ စံပကလည်း နောက်ထပ် မန္တလေးရမ် တစ်လုံးယူလာပေးတယ်။
အရပ်ထဲမှာ တခြားလူတွေလို သိပ်အယူမသည်းတတ်တဲ့ ဒေါ်လေးမမြတင်ကတော့ ပြောတယ်။ ရွာထိပ်က လက်ပံပင်ကို ကပ်ကလူတွေ ကျကတည်းက ဘိုးအုန်းပွင့်မရတော့ဘူးဆိုတာ သိသတဲ့။ ပိုဆိုးတာက ဖွတ်ကြီးနဲ့သွားပြီး ကံချင်းပြိုင်တာပဲတဲ့။ ဖွတ်ကြီး ဇာတာစန်းထနေချိန်မှာ ဘိုးအုန်းပွင့်က ထိပ်တိုက်တိုးတော့၊ ကံနိမ့်တဲ့လူ ခံရတာပဲတဲ့။ ဘိုးအုန်းပွင့်ရယ် အသက် ကိုးဆယ်နားနီးနေတဲ့အကြောင်းတော့ မပြောဘူး။ ဒေါ်လေး မမြတင်ပြောတဲ့ အထဲက လက်ပံပင်ရယ်၊ ကပ်ကလူရယ်၊ ဘိုးအုန်းပွင့်ရယ်၊ ဖွတ်ကြီးရယ်။ အဲဒီကြားထဲမှာ ဘယ်လိုတွေ ဆက်စပ်နေတယ်ဆိုတာတော့ မသိဘူး။ ဒီတော့လည်း နားထောင်မိတဲ့ လူတွေအဖို့တော့ ဟုတ်ချင်တော့လည်း ဟုတ်မယ်လို့ပဲ တွေးကြည့်ရတော့တယ်။ ။
မြင့်သန်း
ညှိ၍မရသောညီမျှခြင်း
>> Wednesday, September 5, 2007
မတူတာတွေလိုက်ညှိရင်းနဲ့
ရွေ့စောင်းခဲ့ရတယ်
မဖြောင့်တဲ့မျဉ်းတွေနဲ့ ပြိုင်မိလေတော့
မျဉ်းဖြောင့်နာမည်ပျောက်ခဲ့ပေါ့
နောက်ဆုံး
မတည့်တာတွေစားရင်း
အစာအဆိပ်သင့်ခဲ့ပြီ
တစ်ခုတော့သိလိုက်တယ်
နွားချိုက နို့မထွက်ဘူး။
ပုခက်
>> Tuesday, September 4, 2007
ဆေးပြန်သုတ်ရုံနဲ့ပဲ သစ်လွင်ခဲ့တယ်
ဒီကလေးအတွက် ဒီသားချော့တေးပါပဲ
ဆီမထိုးတဲ့ လှည်းဝင်ရိုးသံလို
ခြေကားလက်ကား ငိုကြောရှည် တအီအီနေ့ခင်း
လွှဲသိပ်တဲ့စမ်းရေကလည်း ပျင်းလေးတွဲ့ရိ
ဒါဟာ ပထမဆုံး မဟုတ်တော့ဘူး
မိတ္ထီလာကန်အောက် ကောက်ခဲ့သောဖားတို့
အကြိမ်ကြိမ် ကြောင်ညိုပေမှေး
ငါ့အဖေအိပ်ခဲ့တဲ့ ပုခက်ထဲ
အိပ်နေတဲ့ ငါ့ကလေး။ ။
Gorky Park (Moscow)
>> Saturday, September 1, 2007
Park Kultury Metro Station ကအထွက် မော်စကိုမြစ်ကို ဖြစ်ကူးထားတဲ့ တံတားပေါ်ကမြင်ကွင်းပါ။ ပန်းခြံအတွင်း ၀င်းကြေးအနေနဲ့ လူကြီးတစ်ယောက် ရူဘယ် ၅၀(2US$ခန့်) နှင့် ကလေးတစ်ယောက်ကို ရူဘယ် ၂၀ ပေးရပါတယ်။
ပန်းခြံအတွင်းသို့ အ၀င်ပေါက်ပါ။
ပန်းခြံအတွင်းမှ ကြည်နူးဖွယ်ရာ ပန်းခင်းတွေပါ။ ကျွန်တော်တို့သွားတာက သြဂုတ်လကုန်ခါနီးဆိုတော့ ပန်းတွေကလည်း အလှနည်းနေတယ်လို့ စိတ်ထဲမှာ ထင်မိတယ်။ နွေကုန်လို့ ဆောင်းဦးပေါက်တော့မှာဆိုတော့ အနည်းငယ်အေးလာလို့ ချမ်းစိမ့်စိမ့်လည်းဖြစ်လာပါတယ်။
ပန်းခြံထဲ ဟိုဟိုဒီဒီသွားလိုက်၊ ဟိုငေးဒီငေးနဲ့လျှောက်ကြည့်လိုက်၊ ညောင်းလာရင်ထိုင်စရာခုံတန်းရှာပြီး ထိုင်လိုက် နဲ့ မြင်သမျှတွေကို မှတ်တမ်းတင်ခဲ့ပါတယ်။ သူများတွေပျော်တာကြည့်ပြီး အပျော်တွေကလည်း ကိုယ့်ဆီကို ကူးစက်လာပါတယ်။
ပန်းခြံအတွင်း အတော်အတန်သွားပြီးတော့အခါ မော်စကိုမြစ်ကမ်းဖက်ကို ထွက်လာခဲ့ပါတယ်။ မြင်ရတဲ့ ရွှေရောင်အမိုးနဲ့ အဆောက်အအုံကတော့ (Cathedral of Christ the Saviour (Moscow)) ဘုရားကျောင်းဖြစ်ပါတယ်။ အဲဒီဘုရားကျောင်းကတော့ ၁၉၃၁ - ခုနှစ် ဒီဇင်ဘာ ၅ ရက်မှာ စတာလင်ရဲ့ ၀န်ကြီး ကာဂါနိုဗစိ(ခ်ျ)ရဲ့ အမိန့်နဲ့ ဖျက်ဆီးတာခံလိုက်ရပါတယ်။ ၁၉၉၀ မှာ ဘုရားကျောင်းကိုပြန်ဆောက်ဖို့ ခွင့်ပြုချက်ရပြီးတော့ ၂၀၀၀ခုနှစ်၊ သြဂုတ်လ ၁၉ ရက်မှာ ဘုရားကျောင်းအဖြစ်သမုတ်ပြီးပါတယ်။ ဘာသာရေးနဲ့ပတ်သတ်တဲ့အခမ်းအနားတွေကိုလည်း အဲဒီဘုရားကျောင်းမှာ ကျင်းပလေ့ရှိပါတယ်။
ပန်းခြံကနေထွက်လာပြီး မော်စကိုမြစ်ကမ်းတစ်လျှောက် လမ်းလျှောက်ခဲ့ပါတယ်။ လမ်းမှာ မြင်တာတွေကိုလည်း စိတ်မှာလှတယ်ထင်ရင် မှတ်တမ်းတင်မိပါသေးတယ်။ မော်စကိုမြစ်အတွင်းမှာလည်း ဟိုမှဒီ၊ ဒီမှဟို လှည်းပတ်ပြေးဆွဲနေတဲ့ သင်္ဘောတွေပါ။ သင်္ဘောစီးရင်း မြို့ရှုခင်းတွေကို ကြည့်ရှုခံစားလို့လည်းရပါတယ်။
မြစ်ကမ်းတစ်လျှောက် လမ်းလျှောက်လိုက်တာ မြစ်ပေါ်မှာတည်ဆောက်ထားပြီး မြစ်ကူးတံတားရဲ့ အောက်အလွှာမှာ တည်ဆောက်ထားတဲ့ မော်စကိုမြို့မှာပေါ်မှာတင်မကပါဘူး၊ တစ်ကမ္ဘာလုံးမှာမှ တစ်ခုတည်းလို့ပြောကြတဲ့ မြေအောက်ရထားဘူတာ(Vorobyovy Gory)ကို ရောက်ပါတယ်။ အဲဒီဘူတာကနေသွားရင် ရုရှားနိုင်ငံမှာ အကြီးဆုံးဆိုလည်းဟုတ်၊ အသက်အကြီးဆုံးဆိုလည်းဟုတ်တဲ့ (Moscow State University)ကို ရောက်ပါတယ်။ အဲဒီတက္ကသိုလ်ကို (၁၇၅၅) ခုနှစ်မှာ လာမာနိုစော့(ဗ်)က တည်ထောင်ခဲ့တာပါ။ အခုဆိုရင် သူ့ရဲ့ သက်တမ်းဟာ ၂၅၀နှစ် ကျော်ခဲ့ပါပြီ။ ၂၀၀၄ ခုနှစ်မှတ်တမ်းအရ ၀န်ထမ်း ၄၀၀၀ ခန့်ရှိပြီး၊ ကျောင်းသား ၃၁၀၀၀ ခန့်နှင့် ဘွဲ့လွန် ၇၀၀၀ ခန့်ကို သင်ကြားပေးနေပါတယ်။
ဓာတ်ပုံတွေကြည့်ပြီး ပျော်ရွှင်ကြည်နူးကြပါစေ။
ဇနိ
Read more...