မိုးတွေရွာတော့ ရေတွေများတာပေါ့
>> Monday, November 19, 2007
မိုးတွေက တစ်ဖြောက်ဖြောက်ရွာနေတော့ အလုပ်ကိုသွားချင်စိတ်ကလည်း မရှိဘူးလေ။ မဖြစ်သေးဘူးလေ။ ပျင်းနေယုံနဲ့ ပြီးတဲ့ဘ၀မှ မဟုတ်တာ။ ပျင်းတာ၊မပျင်းတာကိုထားတော့။ ဒီတစ်ထွာလောက်နဲ့ တင်စားတဲ့ဝမ်းအတွက် အစာကရှာရဦးမယ်လေ။ ငယ်ငယ်ကတော့ ထင်တာပေါ့။ ပိုက်ဆံရှာတယ်ဆိုတာကို အဖေ့အိတ်ကပ်ထဲမှာ သွားနိုက်တယ်လောက်ထင်တာကိုး။ အခုတော့ အဖေရော၊ အဖေ့အိတ်ကပ်ရောက မရှိတော့ဘူးလေ။ ဒါတောင်နော် အိမ်ထောင်က မပြုခဲ့လို့။ ပြုခဲ့မိရင် တစ်ဝမ်းတစ်ခါးစာ မဟုတ်ဘူး။ ယူထားတဲ့ဝမ်းရယ်၊ မွေးထားတဲ့ ၀မ်းတွေပါရှာကျွေးရမှာ။ ဟိုအရင်တုန်းကတော့ တစ်ခါတစ်လေမှာတော့လည်း စိတ်ကူးက ယဉ်ခဲ့ဘူးပါတယ်။ ကလေးတွေတွဲလောင်းနဲ့ပေါ့။ အဖေကြီးလို့ သိပ်ပြီးအခေါ်ခံချင်ခဲ့တာပေါ့။ ဘယ်လို့ ဘယ်ကြောင့် ဒါဆို မိန်းမက မရှိရတာလဲဆိုတော့ကာ ချစ်တတ်တဲ့ အသည်းနှလုံးမရှိလိုတော့ အထင်မခံနိုင်ပါဘူး။ မိန်းမယူဖို့ဆိုတာ ကိုယ်က ချစ်တဲ့ ကောင်မလေးကလည်း ကိုယ့်ကိုပြန်ချစ်ဖို့လိုသေးတာကို။ ကိုယ့်မှာတော့ ချစ်လိုက်ရတာ ရွာထဲရှိတဲ့ မိန်းမပျိုတင်မကဘူး။ တစ်ခြားရွာက အပျိုတွေပါ ပါတယ်။ ချစ်ကံပဲ ခေသလား၊ မြားနတ်မောင်ကပဲ ချော်ချော်ပြီးပစ်လေရော့သလား။ မြားနဲ့ အပစ်ခံချင်လို့မှ ရှေ့တစ်ထွက်ထွက်၊ ရင်တကော့ကော့ကို မပစ်ဘဲ၊ ကိုယ်ထက်နောက်ပေါက်တွေကို ပစ်ပစ်သွားပါလေရော။ ဒါနဲ့ပဲ နတ်ပြည်က ပြန်ကျလာတဲ့ နတ်သားပဲလို့ စိတ်ထဲမှတ်ပြီး ကိလေသာခန်းသယောင်ယောင်လုပ်နေရင်းနဲ့ အသက်ကလည်းကြီးလာတာရယ်၊ စားရေးသောက်ရေးကလည်းအရှာရ ကျပ်တာရယ်က ဒီဘ၀ကိုရောက်စေတော့တာပေါ့။
ကဲ ပြောနေကြာပါတယ်။ အလုပ်ရှင်အိမ်ကိုသွားမှ။ အမေကလည်း အသက်ကကြီးပြီဆိုတော့ ချမ်းချမ်းနဲ့ အိပ်ရာထဲ ကွေးနေတာ။ အမေ့ခမြာလည်း အသက်ကကြီးတော့လည်း ကျန်းမာရေးကချူချာ။ ဒီသားတစ်ယောက်ပဲ အားကိုးအားထားကလည်းရှိတာ။ အော် ကျုပ်ကတစ်ဦးတည်းသောသား။ သားချင်းအရင်းအချာကရှိတာ ဟုတ်ဘူးရယ်။ ၀မ်းကွဲတွေတော့ ရှိတာပေါ့လေ။ ကျုပ်ကလည်း အမေ့ကိုမနက်စာ၊ညစာ မပူမပင်ဖြစ်မနေရအောင် အလုပ်ကလုပ်ပါတယ်။ အလုပ်ကလည်း သူရင်းငှားလေ။ ပညာတတ်၊ ငွေရင်းတဲ့ အလုပ်မှ မဟုတ်တာ။ ဘယ်လောက်များများ ပိုက်ဆံကရမှာလဲ။ အလုပ်သမားဆိုတော့၊ အလုပ်ရှင်အိမ်ကိုစောစောကလည်းရောက်ရသေးတယ်လေ။ ထားပါတော့။ အလုပ်ရှင်အိမ်ကိုရောက်တော့ သူ့သားပေါ့၊ တက္ကသိုလ်ကျောင်းသားကြီး ရောက်နေရှာတယ်။ သူ့သားကို မြင်လိုက်လို့ ရောက်နေတယ်လို့ သိတာ မဟုတ်ပါဘူး။ အမေတွေ၊ အမတွေက တက်တက်ကြွကြွ ဘယ်အသားဟင်းကို ဘယ်လို ချက်မယ်၊ ဘယ်အရွက်ကို ဘယ်လိုကြော်မယ်၊ ဘာလေးကတော့ အရည်သောက်လုပ်မယ်တွေပေါ့ဗျာ။ ဗျာများနေကြတာ။ မျက်စိတောင်နောက်တယ်။ မြို့ပေါ်သွားကျောင်းတတ်တာပဲဗျာ၊ စားရမဲ့သောက်ရမဲ့တောထဲကို သွားပြီး ပြန်လာတာကျလို့။ အစကမသိပါဘူး။ ကောင်လေးကနောက်မှ စကားကြုံလို့ပြောတော့မှ ပိုဆိုးသတဲ့။ ငတ်ငတ်ပြတ်ပြတ်နေရတာတဲ့။ ဟုတ်ရှာမှာပါ။ ကျုပ်တော့ မြို့ပေါ်မရောက်ဖူးဘူး။ ဒီလောက်ငတ်ငတ်ပြတ်ပြတ်စားသောက်နေရတော့ ကောင်လေး မြို့ပေါ်မှာ ဘယ်လိုစာသင်ပါလိမ့်။ အကြောင်းက ဒီလို။ သူ့တို့အိမ်ကပြောသံကြားဘူးတာ။ အဲဒီကောင်လေးငယ်ငယ်တုန်းက သူ့အိမ်ကလည်း တောသူတောင်သားဆိုတော့ကာ ခရမ်းသီးတွေပေါတဲ့ရာသီမှာ ခရမ်းသီးချက်ကျွေးလိုက်၊ ချဉ်ပေါင်ရွက်ပေါတဲ့ရာသီမှာ ချဉ်ပေါင်ဟင်းချက်ချက်ကျွေးလိုက်ပေါ့။ တနှစ်ဟာ ကောင်လေးက စာမေးပွဲ ကျပါလေရော။ ကောင်လေးက ပြောရှာသတဲ့- ခေါင်းလည်းလာစမ်းကြည့်ဦးတဲ့။ ခရမ်းသီးတွေ စားရတာများတော့၊ ခေါင်းမှာ အညှောင့်တောင်ထွက်နေပြီတဲ့။ ချဉ်ပေါင်ရွက်တွေကြောင့်လည်း ခေါင်းထဲ အချဉ်ပေါက်နေပြီတဲ့။ ဒီခရမ်းသီး၊ချဉ်ပေါင်ရွက်တွေပဲ စားနေရတာ ဥာဏ်က ဘယ်လိုလုပ်ပြီး ကောင်းမှာလည်းဆိုပြီး၊ အိမ်က စာမေးပွဲကျလို့ ဆူတာကို ပြန်ရန်လုပ်သတဲ့။
မနက်ခင်း ကျုပ်လည်း နွားစားကျွေး၊ တောထဲသွားဖို့ပြင်ပေါ့။ ကောင်လေးက နိုးလာတယ်။ ခင်ရှာပါတယ်။ တစ်ရွာတည်းသားဆိုတော့ကာ။ သူလည်း တောထဲလိုက်မယ်တဲ့။ ကောင်းပဗျာ။ မေးရ၊မြန်းရ စူးရ၊စမ်းရတာပေါ့။ ကျုပ်က ကောင်လေးကို မေးတယ်။ မင်းတို့ ပညာတတ်ကြီးဖြစ်ရင်တော့ကွာ၊ တို့တော့သူတောင်သားတွေလို ပင်ပင်ပန်းပန်းလုပ်ကိုင်စားရမှာ မဟုတ်ပါဘူး ဆိုတော့ ကောင်လေးက ပညာကလည်းဗျာ ရှာသာရှာရပါတယ်။ ရသလိုလို၊ မရသလိုလိုနဲ့။ ဘွဲ့ရလည်း အလုပ်က အဆင်ပြေမှဗျတဲ့။ ကျွန်တော်တော့ ရွာပြန်ပြီး၊ အမေ့တောင်သူလုပ်ငန်းပဲ ဦးစီးလုပ်ရမလားလို့ စဉ်းစားနေသတဲ့။ အမလေး၊ အံ့ပါ့။ ဘယ်လို့ ခေတ်ပညာတတ်ကြီးတုန်း။ ဟ ကောင်ရ ဘယ်လိုဆိုတော့၊ ဦးလေးကလည်း ဘွဲ့ရလို့၊ လခစားလုပ်ရင်၊ လခပဲစားရတာတဲ့။ လခသာစားနေရရင်လည်း၊ ဗိုက်ကမ၀ဘူးတဲ့။ လခအပြင်ဟာတွေကိုကြလည်း မစားချင်ဘူးတဲ့။ လခအပြင်ဆိုတာဘာတွေတုန်းဆိုတော့၊ လခအပြင်ဆိုတာက လခမဟုတ်တာတွေတဲ့။ ကျွန်တော်ကနောင်သံသရာ အပါမခံနိုင်ဘူးတဲ့။ ဟာ ဘာတွေလဲဟာ။ ကျုပ်ဖြင့် လိုက်လို့တောင် မမှီဘူး။ ဦးလေရာ၊ ပညာတတ်တွေ တောင်သူလုပ်တော့ တိုးတတ်တာပေါ့ဗျာတဲ့။ အဲသလိုနဲ့ သူကလည်း စကားကို အဆုံးသတ်သွားတယ်။ ပြီးတော့ နှစ်ယောက်လုံး ကိုယ့်အတွေးတွေနဲ့ကိုယ် စကားဆက်မပြောဖြစ်ကြဘူး။ ကျုပ်စဉ်းစားမိတယ်။ အဖေတို့များ ငါ့ကို ပညာသင်မပေးတာ၊ ဆင်းရဲလို့တော့ ဟုတ်ဟန်မတူဘူး။ ပညာသင်ပြီးရင်လည်း ရွာပြန်အလုပ်လုပ်မှာခြင်း အတူတူမိုလို့ လေးတန်းလောက်ပဲ ကျောင်းထားခဲ့တာနေမှာလို့။ ပြီးတော့လည်း ပညာတတ်ကြီးဘေးမှာထိုင်နေတာဆိုတော့ ပညာတတ်လိုတွေးလိုက်ဦးမယ်ဟ ဆိုပြီးတွေးလိုက်သေးတာ။ ရှည်ရှည်ဝေးဝေးမဟုတ်ပါဘူး။ မိုးတစ်ဖြောက်ဖြောက်ရွာတုန်းဆိုတော့ တွေးမိတာကလည်း မိုးအကြောင်းပေါ့။ မိုးတွေရွာတော့လည်း ရေတွေများတာပေါ့ဆိုပြီး။

1 comments:
ဘာတွေများတွေးလဲ မှတ်တယ် မိုးတွေရွာတော့လည်း ရေတွေများတာပေါ့တဲ့။ အင်း... တစ်ခုပဲဆိုးရိမ်တယ်၊ အက်ဆစ်မိုးတွေ မဖြစ်ပါစေနဲ့လို့...
Post a Comment