စပိတ်ကွင်း (အလက်ဇန်ဒါ စီဂေးယဲဗစ်(ခ်ျ) ပု(ရှ)ကင်)
>> Saturday, April 28, 2007
စပိတ်ကွင်း
အလက်ဇန်ဒါ စီဂေးယဲဗစ်(ခ်ျ) ပု(ရှ)ကင်
ဇနိမြန်မာပြန်သည်။
စပိတ်ကွင်းဆိုတာ လျှို့ဝှက်ပြီး
အတွင်းသဘော ကောက်ကျစ်ခြင်းကို ဆောင်တဲ့ သင်္ကေတ။
(ဗေဒင်ကျမ်းသစ်)
(၁)
မိုးရွာတဲ့နေ့တွေမှာ
သူတို့တွေ မကြာခဏ
ဆုံဖြစ်ကြတယ်၊
ဘုရားသခင် ခွင့်လွှတ်တော်မူပါလို့
အကြိမ် ငါးဆယ် တစ်ရာ
ဝတ်တွားဆုတောင်းကြတယ်။
နိုင်ကြတယ်၊
စာရင်းတွေ မြေဖြူနဲ့ရေးမှတ်ကြတယ်။
မိုးရွာတဲ့နေ့တွေဆို
အဲသလို အလုပ်တွေရှုပ်နေကြတယ်။
တစ်နေ့မှာတော့ မြင်းတပ်ဗိုလ် နာရူးမော့ ဆီမှာ ဖဲကစားဖြစ်ကြတယ်။ ဆောင်းညရှည်ဟာ မသိမသာနဲ့ ကုန်ဆုံးသွားတယ်၊ ညစာကို နံနက် ငါးနာရီ ထိုးမှပဲ စားဖြစ်ခဲ့ကြတယ်။ နိုင်တဲ့သူတွေကတော့ မြိန်ရေယှက်ရေနဲ့ စားခဲ့ကြပြီး၊ ကျန်သူများကတော့ ပန်းကန်ခွက်ယောက်အလွတ်တွေရှေ့မှာ စိတ်ထွေပြားစွာ ထိုင်နေခဲ့ကြတယ်။ ရှမ်ပိန်လည်း ဖောက်လိုက်ရော စကားဝိုင်းက စည်ကားလာပြီး လူအကုန်လုံး စကားဝိုင်းမှာ ၀င်ပါလာကြတယ်။
- ဘယ်နဲ့လည်း စူရင် ရေ - အိမ်ရှင်က မေးလိုက်တယ်။
- ထုံးစံအတိုင်း ရှုံးတာပေါ့ဗျာ၊ အမှန်အတိုင်းပြောရရင်တော့ ကျုပ်ကိုက ကံမကောင်းတာ၊ ဂရုစိုက်ပြီး ကစားတာပါပဲ၊ စိတ်လည်းမလှုပ်ရှားခဲ့ပါဘူး၊ အနှောက်အယှက်လည်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ရှုံးတာပါပဲ။
- မင်းကိုလည်း ဘယ်သူကမှ မဆွယ်ခဲ့ပါဘူး၊ မင်းကလည်း နောင်တ မရခဲ့ဘူး၊ မင်း ခေါင်းမာချက်ကတော့ အံ့ပါရဲ့ကွာ။
ဟေ့ ဘယ်လို ဂယ်(ရ်)မန် လဲကွ - ဧည့်သည်ထဲက တစ်ယောက်က အမြောက်တပ်ဗိုလ်လေး တစ်ယောက်ကို လက်ညိုးညွှန်ရင်း ပြောတယ်၊ - အစကတည်းက ဖဲကိုလည်း လက်နှင့်မကိုင်၊ ၀င်လည်း မလောင်း၊ ဒါပေမယ့် နံနက် ငါးနာရီထိုးထိ ဖဲဝိုင်းထဲမှာ တို့နှင့်အတူ ထိုင်နေနိုင်တယ်။
လောင်းကစားကို အလွန်စိတ်ဝင်စားတာပေါ့ - ဂယ်(ရ်)မန် ပြောတယ်၊ - ဒါပေမယ့် ရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျုပ်မှာ ရှိတာလေးတွေ အကုန်မခံနိုင်ဘူး။
- လူက ဂျာမန်၊ ကပ်စီးကလည်းနှဲသေး ဆိုတော့၊ ဒီလိုပဲ ဖြစ်ရမှာပေါ့ - တွမ်းစကီး က မှတ်ချက်ပေးတယ်၊ - ကျုပ်အတွက် နားမလည်နိုင်စရာ တစ်ယောက်ယောက်များ တွေ့ခဲ့ရရင်၊ ကျုပ်အဖွား မြို့စားကတော်ကြီး အန်းနာ ဖယ်ဒါတော့ဗနာ ကို ပြေးသတိရမိတယ်။
- ဘယ်လို ဘယ်လို - ဧည့်သည်များက ၀ိုင်းမေးကြတယ်။
- ဘာကြောင့်ကျုပ်အဖွား ပွန့်ဖဲမကစားသလဲဆိုတာကို ကျုပ်တော့နားကိုလည်လို့မရပါဘူးဗျာ၊ - တွမ်းစကီးက ဆက်ပြောတယ်။
- အေးလေ၊ အသက် ရှစ်ဆယ်အရွယ်အဖွားကြီးက ပွန့်ဖဲမကစားတာ ဘာများအံ့သြစရာရှိလို့လဲ - နာရူးမော့က ပြောတယ်။
- ဒါဆို ခင်ဗျားတို့ သူအကြောင်းဘာမှ မသိကြဘူးပေါ့။
- မသိဘူးလေ။ တကယ့်ကို ဘာမှမသိဘူး။
- ကဲ၊ အဲသလိုဆို နားထောင်ကြပေတော့။
- သိထားရမှာက လွန်ခဲ့တဲ့နှစ်ခြောက်ဆယ်လောက်လောက်က ကျုပ်အဖွား ပါရီကို သွားတယ်။ အဲဒီမှာ သူက တကယ့်ကိုခေတ်မီမီနေတာ။ မော်စကိုက အလှဘုရင်မကိုမြင်ရအောင်လို့ဆိုပြီး သူ့နောက်ကိုပြေးလိုက်နေတဲ့ လူတွေဆိုတာ မနည်းဘူးလေ။ ရီရှယ်(လ)ရယ်ဆို သူနောက်ကတကောက်ကောက်နဲ့၊ သူမရဲ့ရက်ရက်စက်စက်ဆက်ဆံတတ်မှုကြောင့်တော့ သူမကိုသေနတ်နဲ့ပစ်ပြီးမသတ်ဘူးလို့ အဖွားက ယုံကြည်ပြီးသား။
- အဲဒီတုန်းက အမျိုးသမီးတွေက ဖာရအွန်ဖဲ ကိုကစားကြတယ်။ တစ်နေ့မှာတော့သူမက မြို့စားကြီး အော်လျန်စကီးကို လေကြွေးနဲ့တော်တော်များများ ရှုံးတယ်။ အိမ်ကိုပြန်ရောက်တော့မျက်နှာမှာ အလှပြင်ထားတဲ့မှဲ့တုတွေကိုဖယ်ရင်း၊ ဂါဝန်အောက်ကခံဝတ်တဲ့အမာခံကြိမ်ကိုင်းခွေကို ဖြုတ်ရင်းနဲ့ ဖဲရှုံးခဲ့တဲ့အကြောင်း အဖိုးကိုပြောပြပြီးတော့၊ အရှုံးကြွေးတွေကို ဆပ်လိုက်ဖို့ အမိန့်ပေးလိုက်တယ်။
- ကျုပ်မှတ်မိသလောက်ကတော့ ဆုံးသွားရှာပြီးဖြစ်တဲ့ အဖိုးက မိန်းမကိုကြောက်ရတဲ့အမျိုးထဲကပါ။ အဖိုးက အဖွားကို မီးလိုပဲ အလွန်ကို ကြောက်ပါတယ်။ ဒါပေမယ့် ထိတ်လန့်လောက်အောင် ဖဲရှုံးခဲ့တဲ့အကြောင်းကိုလည်းကြားရော အဖိုးကဒေါသတွေထွက်ပြီး၊ စားရင်းတွေယူလာပြီး ဒီနှစ်ဝက်အတွင်းမှာ သိန်းငါးဆယ်လောက်ကုန်ပြီးပြီဆိုတဲ့အကြောင်း၊ ပါရီမှာတော့ မော်စကိုဆင်ခြေဖုံးက လယ်ယာတွေ၊ စာရာတော့က လယ်ယာတွေက မရှိကြောင်း၊ ဒါ့ကြောင့် အကြွေးမဆပ်နိုင်ဘူးလို့ ရှင်းရှင်းကြီးကိုငြင်းလိုက်သတဲ့။ အဖွားက စိတ်ကောက်ပြီး အဖိုးနဲ့ အတူမအိပ်ဘဲ၊ တစ်ယောက်တည်းခွဲပြီးအိပ်တယ်။
- နောက်နေ့ကျတော့ အိမ်တွင်းအပြစ်ပေးမှုက အဖိုးပေါ်ကို ကောင်းကောင်းသက်ရောက်သွားပြီလို့ မျှော်လင့်ပြီး အဖွားက အဖိုးကိုခေါ်ဖို့ အမိန့်ပေးလိုက်တယ်။ ဒါပေမယ့် အဖိုးကတော့ မပျော့မပြောင်းအနေအထားမှာပါပဲ။ ဘ၀မှာ ပထမဆုံးအကြိမ်အဖြစ် အဖိုးနဲ့ ဆွေးနွေးရ၊ရှင်းပြရတဲ့ အခြေအနေကိုရောက်ရတာပါပဲ။ အဖွားက အဖိုးကိုအသနားခံဖို့ စဉ်းစားလာရတယ်။ အဖွားက အကြွေးဆိုတာ မင်းညီမင်းသားဆီမှာရှိတဲ့ အကြွေးနဲ့၊ မြင်းလှည်းမောင်းသမားဆီမှာရှိတဲ့အကြွေးဆိုတာ မတူကြောင်း အထက်စီးလေသံနဲ့ ရှင်းလင်းပြောပြတယ်။ အေး၊ဟုတ်တယ်၊မပေးနိုင်ဘူး - ဆိုပြီး အဖိုးက ပုန်ကန်တော့ အဖွားလည်းဘာလုပ်ရမှန်းမသိပါဘူး။
အဖွားနဲ့ သိပ်ရင်းနှီးတဲ့ အလွန်ထူးခြားတဲ့လူတစ်ယောက်တော့ရှိပါတယ်။ ခင်းဗျားတို့ မြို့စားကြီး စိန့် ဂျာမိန်း အကြောင်းကြားဖူးကြလား။ သူရဲ့ထူးဆန်းအံ့သြလောက်တဲ့ အကြောင်းတွေကတော့ အများကြီးပြောကြတာပါပဲ။ သူကိုယ်သူ ထွက်ရပ်ပေါက်ကြီးလို့ လေလုံးထွားတတ်တာတွေ၊ အသက်ရှည်ဆေး ဖော်စပ်သူလို့ ဆိုတတ်တာတွေ၊ ဓာတ်လုံးရှိတယ်ဆိုတာတွေအပြင် တခြားဟာတွေရော မသိကြဘူးလား။ သူကို လူလိမ်ကြီးလို့ ဟားခံရတာတွေ၊ ကာဇန်နော့(ဗ) စာအုပ်ထဲမှာ သူလျှိုဆိုပြီးရေးမှတ်ထားတာတွေ၊ သူမှာ လျှို့ဝှက်ထားတာတွေ ရှိပေမယ့် စိန့် ဂျာမိန်း ဟာ အလွန်ကို လူလေးစားလောက်တဲ့ ဥပဓိရုပ်ရှိပါတယ်။ အသိုင်းအ၀ိုင်းထဲမှာ လူချစ်လူခင်ပေါတဲ့လူကြီးပါ။ အဖွားကတော့ အခုအချိန်အထိ သူကို အူလိုက်သည်းလိုက်ကို ချစ်ခင်တာပါ။ သူအကြောင်းများ မကောင်းပြောကြရင် စိတ်တွေကိုဆိုးလို့ပါ။ စိန့် ဂျားမိန်းက ဒီလောက်ငွေပမာဏကြီးကို ကူညီနိုင်တယ်ဆိုတာကို အဖွားကသိလို့ နောက်ဆုံးကြံရာအဖြစ် သူဆီကိုချဉ်းကပ်ဖို့ဆုံးဖြတ်ရတော့တာပါ။ အဖွားက သူမဆီကိုအမြန်လာဖို့ စိန့် ဂျားမိန်း ဆီကို စာတစ်စောင်ရေးရတော့တာပါပဲ။
လူထူးဆန်းကြီးက ၀မ်းပန်းတနည်းနဲ့ချက်ချင်းကို ရောက်လာပြီးတွေ့တော့တာပါပဲ။ အဖွားက သူမယောက်ျားရဲ့ရက်စက်မှုကို ပေါ်လွင်အောင် ဖွဲ့ကာနွဲ့ကာပြောပြီးတော့ နောက်ဆုံးမှာတော့ သူမရဲ့မျှော်လင့်ချက်က စိန့် ဂျားမိန်းရဲ့ ချစ်ခင်မှုနဲ့၊ကြင်နာမှုအပေါ်မှာ မူတည်နေတယ်လို့ပြောလိုက်ပါရော။
စိန့် ဂျားမိန်း စဉ်းစားတယ်။
-ကျွန်တော် ဒီငွေပမာဏကို တာဝန်ယူနိုင်ပါတယ်။ - သူကပြောတယ်- ဒါပေမယ့် ဒီငွေတွေ ကျွန်တော်ကို ပြန်မဆပ်ရမခြင်း ခင်ဗျားစိတ်အေးချမ်းမှာ မဟုတ်ဘူး။ ကျွန်တော်က ခင်ဗျားကို ဒုက္ခအသစ်တွေ ထပ်မရစေချင်ဘူး။ တခြားနည်းလမ်းတစ်ခုတော့ရှိပါတယ်။ ခင်ဗျား ဒီငွေတွေ အနိုင်ပြန်ရအောင်ကစားရမှာပေါ့။ - သြော်၊ ခင်မင်ရတဲ့မြို့စားကြီးရယ် - အဖွားကပြန်ပြောတယ်- ကျွန်မပြောပါရောလား၊ ကျွန်မတို့ဆီမှာ ပိုက်ဆံကို လုံးဝမရှိတော့တာ။ - ဒီကိစ္စမှာ ပိုက်ဆံက မလိုဘူး။ - စိန့် ဂျားမိန်း ကပြန်ပြောတယ်။ - ကျွန်တော်ပြောတာကို ဆုံးအောင် နားထောင်ပါအုံး။ - ဆိုပြီးတော့ ကျုပ်တို့အနေနဲ့ဆို တန်ဖိုးကြီးကြီးပေးရလောက်တဲ့ လျှိုဝှက်ချက်ကိုစပြောတော့တာပဲ။
ငယ်ရွယ်ကြသေးတဲ့ဖဲကစားသမားတွေက ပိုပြီးဂရုစိုက်ပြီးနားထောင်ကြတယ်။ တွမ်းစကီးက ဆေးတံကိုသောက်တယ်။ ဆေးတံကို တစ်ရှိုက်ရှိုက်လိုက်ပြီး ဆက်ပြောတယ်။
- အဲဒီနေ့ ညနေမှာပဲ အဖွားက ဗာဆေးလိကို သွားတယ်။ အဖွားက အကြွေးဆပ်ဖို့ပါမလာတာကို တောင်းပန်ဖို့ အကြောင်းပြချက်လှလှလေးတစ်ခု ဖန်တီးပြီးပြောလိုက်ပြီးတော့ မြို့စား အော်လန်စကီးနဲ့ ပွန့်ဖဲကစားတယ်။ သူမက ဖဲသုံးချပ်ကိုရွေးတယ်။ပြီးတော့ဖဲတစ်ချပ်ပေါ် တစ်ချပ် စီပြီးထပ်လိုက်တယ်။ ဖဲသုံးချပ်လုံးက သူမကို အောင်နိုင်သူဖြစ်စေရုံတင်မကပဲ အဖွားက အကြွေးတွေကို အကုန်ပြန်ဆပ်လိုက်နိုင်တယ်။
- တိုက်ဆိုင်လို့ဖြစ်မယ် - ဧည့်သည်ထဲက တစ်ယောက်ကပြောတယ်။
- ပုံပြင်လိုပဲ - ဂယ်(ရ်)မန်က မှတ်ချက်ပေးတယ်။
- အမှုန့်ကပ်ထားတဲ့ဖဲချပ်တွေဖြစ်မယ် - တတိယတစ်ယောက်က ၀င်ပြောတယ်။
- အဲသလို ဖြစ်မယ် မထင်ဘူး - တွမ်းစကီးက အလေးအနက်ပြောပါတယ်။
- ဘယ်လို- နာရူးမော့က ပြောတယ် - ခင်ဗျားမှာ ဖဲသုံးချပ်အစဉ်ကို မှန်အောင်ခန့်မှန်းနိုင်တဲ့အဖွားရှိပါလျက်နဲ့ ဒီလျှို့ဝှက်ချက်ကို အဖွားဆီက အခုအချိန်အထိ ဘာလို့မသင်ရတာလဲဗျာ။
- အင်း၊ အခက်သားဗျ။ - တွမ်းစကီးကပြန်ဖြေတယ်- အဖွားမှာက သားလေးယောက်ရှိတယ်၊ ကျုပ်အဖေ အပါအ၀င်ပေါ့။ လေးယောက်လုံးကတော့ ဖဲသမား အစစ်တွေပဲ။ ဒါပေမယ့် အဲဒီလျှို့ဝှက်ချက်က ဘယ်သူ့ကိုမှ ဒုက္ခမပေးရင်တောင်မှ အဖွားက ပြောပြမှာ မဟုတ်ဘူး။ ကျွန်တော့်ဦးလေး မြို့စားကြီး အီဗန် အီလိ(ချ) က ကျွန်တော့်ကို ယုံပြီးပြောပြလေရဲ့။ ဇိုရီချူ မှတ်သားထားတဲ့ စကားအရ သန်းချီဖဲရှုံးပြီး ဆင်းဆင်းရဲရဲနဲ့ပဲကွယ်လွန်ရှာပြီးဖြစ်တဲ့ ချာပလင်းစကီးဆိုရင် ငယ်စဉ်တစ်နေ့တုန်းက ငွေသုံးသိန်းလောက် ရှုံးခဲ့တာဆိုပဲ။ မျှော်လင့်ချက် ကုန်ခမ်းရတဲ့အခြေအနေကို ရောက်တော့တာပါပဲ။ အဖွားက လူငယ်တွေ မိုက်မိုက်မဲမဲလုပ်တတ်တာကို တင်းတင်းကျပ်ကျပ်ရှိပေမယ့် ချာပလင်းစကီးကိုတော့ သနားရှာပါတယ်။ အဖွားက ဖဲတစ်ခုပေါ်တစ်ခု ဘယ်လိုထပ်ရတယ်ဆိုတာကိုပြောပြပြီး နောက်ရှေ့လျောက် မကစားတော့ပါဘူးဆိုတဲ့ ကတိကိုယူပြီး ဖဲသုံးချပ်ကို ချာပလင်းစကီးကို ပေးလိုက်ပါတယ်။ ဖဲသုံးချပ်လုံးကနိုင်လို့ ချာပလင်းစကီးလည်း အောင်မြင်သူကြီး ဖြစ်သွားတာပါပဲ။ ချာပလင်းစကီးက ပထမဖဲချပ်မှာကို ငါးသောင်းနိုင်ပြီး၊ နောက်လောင်းကြေးခေါ်ရင်းခေါ်ရင်းကနေ အကြွေးပြန်ဆပ်နိုင်ရုံတင်မကဘူး၊ လုံးဝအနိုင်သမားကို ဖြစ်သွားတယ်။
နံနက် ငါးနာရီ လေးဆယ့်ငါးမိနစ်ဆိုတော့ အိပ်ချိန်လည်းရောက်ပြီ။
တကယ့်ကိုပဲ အရုဏ်က ကျင်းပြီ။ လူငယ်တွေလည်း ကိုယ့်ခွက်ကို ကုန်အောင်သောက်ပြီး အသီးသီးလမ်းခွဲသွားကြတယ်။
ဒုတိယပိုင်း ဆက်ရန်။
0 comments:
Post a Comment