အခန်းတွင်း သစ်ပင်နဲ့ အလှဆင်ခြင်းအကျိုးကျေးဇူး

>> Monday, April 30, 2007


အိမ်မွေးတိရစ္ဆာန်လေးတွေ၊ ဖန်အိုးထဲငါးလေးတွေ၊ အခန်းတွင်းမှာစိုက်ထားတဲ့ ပန်းပင်လေးတွေဟာ အလုပ် လုပ်ရလို့ပင်ပန်းတဲ့ဒါဏ်ကို ပြေလျော့စေပါတယ်။ အထူးသဖြင့် အလှစိုက်ထားတဲ့ စိမ်းစိမ်းစိုစိုပန်းပင်လေးတွေဟာ အလုပ်ခန်းတွင်းမှာပိတ်လှောင်နေတဲ့ ဓါတုပစ္စည်းအငွေ့တွေကို စုပ်ယူနိုင်ပါတယ်။ ဒီဓါတုအငွေ့ဆိုးတွေဆိုတာ အဝေးကနေ ခြေထောက်ပေါက်ပြီးရောက်လာတာ မဟုတ်ပါဘူး။ ပရိဘောဂပစ္စည်းတွေ၊ နံရံသုတ်ဆေးတွေ၊ သန့်ရှင်းရေးသုံးချေးချွတ်ဆေးတွေဆီက လာတာပါ။ အခန်းတွင်းမှာ အောက်ဆီဂျင်နည်းပါးနေတဲ့ အချိန်မျိုးမှာဆို ပျို့အန်ချင်တာ၊ နှာချေတာ၊ ခေါင်းကိုက်တာ၊ မောပန်းတာတွေ ခံစားရနိုင်ပါတယ်။ အရေပြား၊ မျက်လုံး၊ နှာခေါင်းနဲ့လည်ချောင်းတွေမှာလည်း ယားယံနိုင်ပါတယ်။ ဒီလိုမျိုးဖြစ်တာကို အဆောက်အဦတောက်ရောဂါ Sick Building Syndrome (SBS) လို့ခေါ်ပါတယ်။




Read more...

ဆရာကြီးသခင်ကိုယ်တော်မှိုင်း

>> Sunday, April 29, 2007

ဆရာကြီးသခင်ကိုယ်တော်မှိုင်းပုံတူ ပန်းချီမောင်ငွေထွန်းရဲ့ ကောက်ကြောင်းလက်ရာပါ။ ငြိမ်းချမ်းရေးအတွက် အမြဲဦးဆောင်ခဲ့တဲ့ အမျိုးသားစာဆိုကြီးရဲ့ ငြိမ်းအေးတဲ့စိတ်ကို မြင်နိုင်ပါတယ်။

ရပ်စ်ပူတင် ဗာလန်ကျင် ဂရီဂိုရယ်ဗိခ်ျ

ရပ်စ်ပူတင်ကို ၁၉၃၇ခုနှစ် မတ်လ၁၅ရက်နေ့တွင် ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားပြည်နယ်ရှိ အုစ်-အုဒါ ဟုအမည်ရသော ရွာလေးတစ်ရွာတွင်မွေးဖွားခဲ့သည်။ အလယ်တန်းပညာကို သင်ယူပြီးနောက် သမိုင်းဘာသာဗေဒဌာနအောက်တွင် ဆက်လက်သင်ယူခဲ့သည်။ ကျောင်းသားဘ၀ကပင် “ဆိုဗိယက်လူငယ်များ” သတင်းစာတိုက်တွင် အလုပ်လုပ်ရင်းဖြင့် ကျောင်းတက်ခဲ့သည်။ တက္ကသိုလ်မှဘွဲ့ရအပြီးတွင် ယင်းသတင်းစာတိုက်၌ပင် သတင်းထောက်အဖြစ် ဆက်လက်လုပ်ကိုင်ခဲ့သည်။ အာကတ်စ်က်မြို့နယ်ရုပ်မြင်သံကြားဌာန၊ ကရပ်စ်နာရပ်သတင်းစာတို့တွင် အယ်ဒီတာအဖြစ်အလုပ်ဝင်ခဲ့သည်။ စာရေးသူ၏ ပထမဆုံးစာမူမှာ “ကျွန်တော် လက်ရှ်ကီကို တောင်းပန်ဖို့မေ့သွားတယ် (၁၉၆၁)” ဆိုသော ၀တ္ထုတိုလေးဖြစ်သည်။ ၁၉၆၆ခုနှစ်မှစ၍ စာပေနယ်သို့ ဇောက်ချဝင်ရောက်ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ဆိုဗိယက်ရုရှားနိုင်ငံစာရေးဆရာများအသင်းသို့ဝင်ခဲ့သည်။ ယခုအချိန်တွင် သူ၏နာမည်မှာ ကမ္ဘာတစ်ဝှန်းရှိ စာဖတ်ပရိသတ်တို့ကြားတွင် ကျော်ကြားနေလေပြီ။ ရပ်စ်ပူတင်သည် သူ့ဘ၀တစ်လျောက်လုံး ရုရှားဂန္တ၀င်ဝတ္ထုများကြားတွင် ပျော်မွေ့ခဲ့သည်။ သူ၏လက်ရာမွန်များမှာ အများအားဖြင့် လူ့ဘ၀၏အားမာန်နှင့်လေးနက်မှုများ၊ ရုန်းကန်လှုပ်ရှားရမှုများကို ဖော်ကျူးထားလေ့ရှိသည်။ ၆၀ခုနှစ်များနှောင်းပိုင်းတွင် ပေါ်ထွက်လာသော “မာရီယာအတွက်ငွေကြေးများ”၊ “နောက်ဆုံးနေ့” စသည့် လက်ရာမွန်များမှာလည်း ကျော်ကြားလှသည်။ ၁၉၇၀ နှစ်လယ်ပိုင်းများတွင် သူ၏စာများကို ပြဇာတ်များ၊ ရုပ်ရှင်များအသွင်သို့ ကူးပြောင်းရိုက်ကူးခဲ့သည်။ သူ၏စာအုပ်များမှာ ရုရှားနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝှန်းအထိကျော်ကြားခဲ့သည်။ စာရေးဆရာသည် နိုင်ငံတော်ကချီးမြှင့်သော ဆုတံဆိပ်ပေါင်းများစွာကို ရရှိခဲ့သည်။ ၁၉၈၀ခုနှစ်တွင် သူ၏ “မီး” ၀တ္ထုကို ထုတ်ဝေဖြန့်ချိခဲ့သည်။ သူ၏၀တ္ထုတိုများပေါင်းချုပ်ကို မော်စကိုမြို့တွင် “ရာစုနှစ်၏ရှင်သန်မှု - ရာစုနှစ်၏အချစ်” ဟူသောအမည်ဖြင့်ထုတ်ဝေခဲ့သည်။ သူ့၏ငယ်ဘ၀ကိုဖော်ကျူးထားသော “ပြင်သစ်ဘာသာစကားအချိန်များ” စာအုပ်မှာလည်း အောင်မြင်ခဲ့သည်။ ဖခင်သည်တိုက်ပွဲမှာကျဆုံးသွား၍ မိခင်မုဆိုးမနှင့်အတူ ရွာလေးတွင်နေထိုင်ရင်း အခက်အခဲများကြားမှ ပညာကိုဆည်းပူးခဲ့ရသော စစ်ပြီးခေတ် ကလေးငယ်တစ်ယောက်၏ဘ၀(သူ့ဘ၀)ကို ဖော်ကျူးထားခြင်းဖြစ်သည်။ စာရေးသူသည် ယခုအခါ မော်စကိုမြို့တွင်နေထိုင်လျက်ရှိသည်။

ရူဒေါ့ဖီအို (ဗာလန်ကျင် ရပ်စ်ပူတင်)

ရူဒေါ့ဖီအို
ဗာလန်ကျင် ရပ်စ်ပူတင်
မောင်ဖြူမြန်မာပြန်သည်။
စတွေ့ဖြစ်ခဲ့တာတော့ ဘတ်စ်ကားပေါ်မှာပေါ့။ ကောင်မလေးက သူ့ပခုံးကိုတွန်းလိုက်တယ်။ သူ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ကောင်မလေးက ကားတံခါးထွက်ပေါက်ကို ညွန်ပြရင်း သူ့ကိုပြောလိုက်တယ်။
- ရှင်ဆင်းရမယ့် မှတ်တိုင် ရောက်ပြီလေ။

အဲဒီအချိန်မှာ ကားကရပ်နေပြီ။ သူလဲ လူအုပ်တွေကြားက တိုးထွက်ရင်း ကောင်မလေးနောက်ကို တစ်ရှိန်ထိုးပြေးလိုက်ခဲ့ရတယ်။ ကောင်မလေးက တော်တော်ငယ်ပါသေးတယ်။ ရှိလှမှ ဆယ့်လေး-ငါးနှစ်ပေါ့၊ အဲဒီထက်တော့ မပိုပါဘူး။ ကောင်မလေးက သူ့မျက်လုံးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း လှည့်ကြည့်တယ်။ သူ့ဆီကကျေးဇူးတင်စကားကိုမျှော်နေတာပေါ့။

- ကျေးဇူးတင်ပါတယ်ကွာ၊ မင်းသာမပြောရင် မှတ်တိုင်ကျော်သွားတော့မှာ။

သူသိတာပေါ့၊ ကောင်မလေးက အဲဒီထက်ပိုပြီး မျှော်လင့်နေတယ်ဆိုတာကိုလေ။ သူက ထပ်ပြီး ဖြည့်စွက်ပြောတယ်။

- ဒီနေ့ကတော့ ငါ့အတွက် တော်တော်အဆင်မပြေတဲ့ နေ့ပါပဲကွာ၊ တစ်နေကုန်လဲ ပင်ပန်းနေတာ။ ည ၈နာရီမှာလဲ ဖုန်းချိန်းတစ်ခုရှိတယ်လေ။ မင်း ငါ့ကို ကောင်းကောင်းကြီးကို ကူညီလိုက်တာပါပဲကွာ။

ကောင်မလေးက ကျေနပ်သွားပုံရပါတယ်။ သူတို့ နှစ်ယောက်အတူတူ အလျင်စလို မောင်းနှင်နေကြတဲ့ကားတွေကို သတိထားကြည့်ရင်း လမ်းဖြတ်ကူးလာခဲ့ကြတယ်။ လမ်းပေါ်မှာက နှင်းတွေကျနေတယ်။ ကားရှေှ့မှန်မှာ ဖုန်သုတ်တံလေးအလုပ်လုပ်နေတာကိုသူသတိထားမိလိုက်တယ်။ ခုလိုနှင်းတွေကျလာပြီဆိုရင် ဘာကြောင့်ရယ်မသိ၊ သူ့စိတ်ထဲမှာ အိမ်ကို မပြန်ချင်တော့ဘူး။ သူက ကောင်မလေးဘက်ကို လှည့်ပြီး စကားပြောဖို့ စဉ်းစားလိုက်တယ်။ ဒီအတိုင်းဘာစကားမှ မပြောဘဲ ဆက်သွားနေဖို့မသင့်တော်တော့ဘူးလို့ သူထင်တယ်လေ။ တစ်ကယ်က သူလဲဘာပြောရမှန်းမသိပါဘူး။ ဘယ်လိုစကားမျိုး ပြောသင့် မပြောသင့် စဉ်းစားနေ ယုံရှိသေးတယ် ကောင်မလေးက စပြီးစကားပြောလာတယ်။

- ကျွန်မ ရှင့်ကို သိပါတယ်။

- တစ်ကယ်! သူ အံ့သြသွားတယ်။ ဘယ်လိုလုပ်ပြီး မင်းက ငါ့ကို သိနေရတာလဲ။


အလက်ဇန်ဒါ စီဂေးယဲဗစ်(ခ်ျ) ပု(ရှ)ကင်

>> Saturday, April 28, 2007



အလက်ဇန်ဒါ စီဂေးယဲဗစ်(ခ်ျ) ပု(ရှ)ကင်(၁၇၉၉-၁၈၃၇) ဟာ ခေတ်သစ်ရုရှစာပေကို ဦးဆောင်လမ်းထွင်ခဲ့တဲ့ ကဗျာစာဆိုကြီးဖြစ်တယ်။ မော်စကိုမြို့မှာမွေးဖွားခဲ့ပြီး အသက် ၁၄ နှစ်မှာ သူ့ရဲ့ကဗျာကို ပထမဆုံးထုတ်ဝေခဲ့တယ်။ သူ့ရဲ့ကဗျာ ကြေးနီမြင်းသည်တော်၊ ဒရာမာပြဇာတ် ကျောက်တုံးဧည့်သည်တွေကို ဂန္ထ၀င်လက်ရာတွေအဖြစ် စာပေဝေဖန်သူတို့က သတ်မှတ်ကြတယ်။ လင်းဝေမြိုင် ဘာသာပြန်ခဲ့တဲ့ ကုတ်အင်္ကျီ(ရှန်နယ်)ကိုရေးခဲ့သူ စာရေးဆရာကြီး နီကိုလိုင်အိဂိုဂို(လ်)နဲ့ ရင်းနီးစွာ ပေါင်းသင်း ဆက်ဆံခဲ့ပါတယ်။
ပု(ရှ)ကင်ရဲ့ ဗြဲ(လ်)ကင်ပြောသောပုံဝတ္ထုများဆိုတဲ့ ၀တ္ထုတိုအတွဲကို ဆရာကြီးမောင်ထင်က မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပါတယ်။
အဲဒီပုံဝတ္ထုတွေထဲက မင်းအတွက်ကျည်တစ်တောင့်ဆိုတဲ့ပုံဝတ္ထုကိုတော့ မြန်မာစာဖတ်သူများ စွဲငြိခဲ့ကြပါတယ်။ အဲဒီ ပုံဝတ္ထုကို အခြားစာရေးဆရာများလည်း မြန်မာဘာသာသို့ ပြန်ဆိုခဲ့တာတွေ့ရတယ်။ သူ့ခေတ်မှာ ခေတ်စားခဲ့ဟန်ရှိတဲ့ နှစ်ယောက်ခြင်း သေနတ်ယှဉ်ပစ်တဲ့ အကြောင်းအရာကို သူ့ဝတ္ထုတွေမှာ တွေ့ရလေ့ရှိတယ်။ ပု(ရှ)ကင်ကိုယ်တိုင်လည်း ဒွေးလို့ခေါ်တဲ့ နှစ်ယောက်ခြင်း သေနတ်ယှဉ်ပစ်ပြီး ပြဿနာရှင်းကြတဲ့ ပွဲမှာ ဒဏ်ရာရကာ ကွယ်လွန်ခဲ့ပါတယ်။

စပိတ်ကွင်း (အလက်ဇန်ဒါ စီဂေးယဲဗစ်(ခ်ျ) ပု(ရှ)ကင်)

စပိတ်ကွင်း
အလက်ဇန်ဒါ စီဂေးယဲဗစ်(ခ်ျ) ပု(ရှ)ကင်
ဇနိမြန်မာပြန်သည်။

စပိတ်ကွင်းဆိုတာ လျှို့ဝှက်ပြီး
အတွင်းသဘော ကောက်ကျစ်ခြင်းကို ဆောင်တဲ့ သင်္ကေတ။
(ဗေဒင်ကျမ်းသစ်)

(၁)

မိုးရွာတဲ့နေ့တွေမှာ
သူတို့တွေ မကြာခဏ
ဆုံဖြစ်ကြတယ်၊
ဘုရားသခင် ခွင့်လွှတ်တော်မူပါလို့
အကြိမ် ငါးဆယ် တစ်ရာ
ဝတ်တွားဆုတောင်းကြတယ်။
နိုင်ကြတယ်၊
စာရင်းတွေ မြေဖြူနဲ့ရေးမှတ်ကြတယ်။
မိုးရွာတဲ့နေ့တွေဆို
အဲသလို အလုပ်တွေရှုပ်နေကြတယ်။


တစ်နေ့မှာတော့ မြင်းတပ်ဗိုလ် နာရူးမော့ ဆီမှာ ဖဲကစားဖြစ်ကြတယ်။ ဆောင်းညရှည်ဟာ မသိမသာနဲ့ ကုန်ဆုံးသွားတယ်၊ ညစာကို နံနက် ငါးနာရီ ထိုးမှပဲ စားဖြစ်ခဲ့ကြတယ်။ နိုင်တဲ့သူတွေကတော့ မြိန်ရေယှက်ရေနဲ့ စားခဲ့ကြပြီး၊ ကျန်သူများကတော့ ပန်းကန်ခွက်ယောက်အလွတ်တွေရှေ့မှာ စိတ်ထွေပြားစွာ ထိုင်နေခဲ့ကြတယ်။ ရှမ်ပိန်လည်း ဖောက်လိုက်ရော စကားဝိုင်းက စည်ကားလာပြီး လူအကုန်လုံး စကားဝိုင်းမှာ ၀င်ပါလာကြတယ်။



- ထုံးစံအတိုင်း ရှုံးတာပေါ့ဗျာ၊ အမှန်အတိုင်းပြောရရင်တော့ ကျုပ်ကိုက ကံမကောင်းတာ၊ ဂရုစိုက်ပြီး ကစားတာပါပဲ၊ စိတ်လည်းမလှုပ်ရှားခဲ့ပါဘူး၊ အနှောက်အယှက်လည်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ရှုံးတာပါပဲ။

- မင်းကိုလည်း ဘယ်သူကမှ မဆွယ်ခဲ့ပါဘူး၊ မင်းကလည်း နောင်တ မရခဲ့ဘူး၊ မင်း ခေါင်းမာချက်ကတော့ အံ့ပါရဲ့ကွာ။

ဟေ့ ဘယ်လို ဂယ်(ရ်)မန် လဲကွ - ဧည့်သည်ထဲက တစ်ယောက်က အမြောက်တပ်ဗိုလ်လေး တစ်ယောက်ကို လက်ညိုးညွှန်ရင်း ပြောတယ်၊ - အစကတည်းက ဖဲကိုလည်း လက်နှင့်မကိုင်၊ ၀င်လည်း မလောင်း၊ ဒါပေမယ့် နံနက် ငါးနာရီထိုးထိ ဖဲဝိုင်းထဲမှာ တို့နှင့်အတူ ထိုင်နေနိုင်တယ်။

လောင်းကစားကို အလွန်စိတ်ဝင်စားတာပေါ့ - ဂယ်(ရ်)မန် ပြောတယ်၊ - ဒါပေမယ့် ရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျုပ်မှာ ရှိတာလေးတွေ အကုန်မခံနိုင်ဘူး။

- လူက ဂျာမန်၊ ကပ်စီးကလည်းနှဲသေး ဆိုတော့၊ ဒီလိုပဲ ဖြစ်ရမှာပေါ့ - တွမ်းစကီး က မှတ်ချက်ပေးတယ်၊ - ကျုပ်အတွက် နားမလည်နိုင်စရာ တစ်ယောက်ယောက်များ တွေ့ခဲ့ရရင်၊ ကျုပ်အဖွား မြို့စားကတော်ကြီး အန်းနာ ဖယ်ဒါတော့ဗနာ ကို ပြေးသတိရမိတယ်။

- ဘယ်လို ဘယ်လို - ဧည့်သည်များက ၀ိုင်းမေးကြတယ်။

- ဘာကြောင့်ကျုပ်အဖွား ပွန့်ဖဲမကစားသလဲဆိုတာကို ကျုပ်တော့နားကိုလည်လို့မရပါဘူးဗျာ၊ - တွမ်းစကီးက ဆက်ပြောတယ်။

- အေးလေ၊ အသက် ရှစ်ဆယ်အရွယ်အဖွားကြီးက ပွန့်ဖဲမကစားတာ ဘာများအံ့သြစရာရှိလို့လဲ - နာရူးမော့က ပြောတယ်။

- ဒါဆို ခင်ဗျားတို့ သူအကြောင်းဘာမှ မသိကြဘူးပေါ့။

- မသိဘူးလေ။ တကယ့်ကို ဘာမှမသိဘူး။

- ကဲ၊ အဲသလိုဆို နားထောင်ကြပေတော့။

- သိထားရမှာက လွန်ခဲ့တဲ့နှစ်ခြောက်ဆယ်လောက်လောက်က ကျုပ်အဖွား ပါရီကို သွားတယ်။ အဲဒီမှာ သူက တကယ့်ကိုခေတ်မီမီနေတာ။ မော်စကိုက အလှဘုရင်မကိုမြင်ရအောင်လို့ဆိုပြီး သူ့နောက်ကိုပြေးလိုက်နေတဲ့ လူတွေဆိုတာ မနည်းဘူးလေ။ ရီရှယ်(လ)ရယ်ဆို သူနောက်ကတကောက်ကောက်နဲ့၊ သူမရဲ့ရက်ရက်စက်စက်ဆက်ဆံတတ်မှုကြောင့်တော့ သူမကိုသေနတ်နဲ့ပစ်ပြီးမသတ်ဘူးလို့ အဖွားက ယုံကြည်ပြီးသား။

- အဲဒီတုန်းက အမျိုးသမီးတွေက ဖာရအွန်ဖဲ ကိုကစားကြတယ်။ တစ်နေ့မှာတော့သူမက မြို့စားကြီး အော်လျန်စကီးကို လေကြွေးနဲ့တော်တော်များများ ရှုံးတယ်။ အိမ်ကိုပြန်ရောက်တော့မျက်နှာမှာ အလှပြင်ထားတဲ့မှဲ့တုတွေကိုဖယ်ရင်း၊ ဂါဝန်အောက်ကခံဝတ်တဲ့အမာခံကြိမ်ကိုင်းခွေကို ဖြုတ်ရင်းနဲ့ ဖဲရှုံးခဲ့တဲ့အကြောင်း အဖိုးကိုပြောပြပြီးတော့၊ အရှုံးကြွေးတွေကို ဆပ်လိုက်ဖို့ အမိန့်ပေးလိုက်တယ်။

- ကျုပ်မှတ်မိသလောက်ကတော့ ဆုံးသွားရှာပြီးဖြစ်တဲ့ အဖိုးက မိန်းမကိုကြောက်ရတဲ့အမျိုးထဲကပါ။ အဖိုးက အဖွားကို မီးလိုပဲ အလွန်ကို ကြောက်ပါတယ်။ ဒါပေမယ့် ထိတ်လန့်လောက်အောင် ဖဲရှုံးခဲ့တဲ့အကြောင်းကိုလည်းကြားရော အဖိုးကဒေါသတွေထွက်ပြီး၊ စားရင်းတွေယူလာပြီး ဒီနှစ်ဝက်အတွင်းမှာ သိန်းငါးဆယ်လောက်ကုန်ပြီးပြီဆိုတဲ့အကြောင်း၊ ပါရီမှာတော့ မော်စကိုဆင်ခြေဖုံးက လယ်ယာတွေ၊ စာရာတော့က လယ်ယာတွေက မရှိကြောင်း၊ ဒါ့ကြောင့် အကြွေးမဆပ်နိုင်ဘူးလို့ ရှင်းရှင်းကြီးကိုငြင်းလိုက်သတဲ့။ အဖွားက စိတ်ကောက်ပြီး အဖိုးနဲ့ အတူမအိပ်ဘဲ၊ တစ်ယောက်တည်းခွဲပြီးအိပ်တယ်။

- နောက်နေ့ကျတော့ အိမ်တွင်းအပြစ်ပေးမှုက အဖိုးပေါ်ကို ကောင်းကောင်းသက်ရောက်သွားပြီလို့ မျှော်လင့်ပြီး အဖွားက အဖိုးကိုခေါ်ဖို့ အမိန့်ပေးလိုက်တယ်။ ဒါပေမယ့် အဖိုးကတော့ မပျော့မပြောင်းအနေအထားမှာပါပဲ။ ဘ၀မှာ ပထမဆုံးအကြိမ်အဖြစ် အဖိုးနဲ့ ဆွေးနွေးရ၊ရှင်းပြရတဲ့ အခြေအနေကိုရောက်ရတာပါပဲ။ အဖွားက အဖိုးကိုအသနားခံဖို့ စဉ်းစားလာရတယ်။ အဖွားက အကြွေးဆိုတာ မင်းညီမင်းသားဆီမှာရှိတဲ့ အကြွေးနဲ့၊ မြင်းလှည်းမောင်းသမားဆီမှာရှိတဲ့အကြွေးဆိုတာ မတူကြောင်း အထက်စီးလေသံနဲ့ ရှင်းလင်းပြောပြတယ်။ အေး၊ဟုတ်တယ်၊မပေးနိုင်ဘူး - ဆိုပြီး အဖိုးက ပုန်ကန်တော့ အဖွားလည်းဘာလုပ်ရမှန်းမသိပါဘူး။

အဖွားနဲ့ သိပ်ရင်းနှီးတဲ့ အလွန်ထူးခြားတဲ့လူတစ်ယောက်တော့ရှိပါတယ်။ ခင်းဗျားတို့ မြို့စားကြီး စိန့် ဂျာမိန်း အကြောင်းကြားဖူးကြလား။ သူရဲ့ထူးဆန်းအံ့သြလောက်တဲ့ အကြောင်းတွေကတော့ အများကြီးပြောကြတာပါပဲ။ သူကိုယ်သူ ထွက်ရပ်ပေါက်ကြီးလို့ လေလုံးထွားတတ်တာတွေ၊ အသက်ရှည်ဆေး ဖော်စပ်သူလို့ ဆိုတတ်တာတွေ၊ ဓာတ်လုံးရှိတယ်ဆိုတာတွေအပြင် တခြားဟာတွေရော မသိကြဘူးလား။ သူကို လူလိမ်ကြီးလို့ ဟားခံရတာတွေ၊ ကာဇန်နော့(ဗ) စာအုပ်ထဲမှာ သူလျှိုဆိုပြီးရေးမှတ်ထားတာတွေ၊ သူမှာ လျှို့ဝှက်ထားတာတွေ ရှိပေမယ့် စိန့် ဂျာမိန်း ဟာ အလွန်ကို လူလေးစားလောက်တဲ့ ဥပဓိရုပ်ရှိပါတယ်။ အသိုင်းအ၀ိုင်းထဲမှာ လူချစ်လူခင်ပေါတဲ့လူကြီးပါ။ အဖွားကတော့ အခုအချိန်အထိ သူကို အူလိုက်သည်းလိုက်ကို ချစ်ခင်တာပါ။ သူအကြောင်းများ မကောင်းပြောကြရင် စိတ်တွေကိုဆိုးလို့ပါ။ စိန့် ဂျားမိန်းက ဒီလောက်ငွေပမာဏကြီးကို ကူညီနိုင်တယ်ဆိုတာကို အဖွားကသိလို့ နောက်ဆုံးကြံရာအဖြစ် သူဆီကိုချဉ်းကပ်ဖို့ဆုံးဖြတ်ရတော့တာပါ။ အဖွားက သူမဆီကိုအမြန်လာဖို့ စိန့် ဂျားမိန်း ဆီကို စာတစ်စောင်ရေးရတော့တာပါပဲ။

လူထူးဆန်းကြီးက ၀မ်းပန်းတနည်းနဲ့ချက်ချင်းကို ရောက်လာပြီးတွေ့တော့တာပါပဲ။ အဖွားက သူမယောက်ျားရဲ့ရက်စက်မှုကို ပေါ်လွင်အောင် ဖွဲ့ကာနွဲ့ကာပြောပြီးတော့ နောက်ဆုံးမှာတော့ သူမရဲ့မျှော်လင့်ချက်က စိန့် ဂျားမိန်းရဲ့ ချစ်ခင်မှုနဲ့၊ကြင်နာမှုအပေါ်မှာ မူတည်နေတယ်လို့ပြောလိုက်ပါရော။

စိန့် ဂျားမိန်း စဉ်းစားတယ်။

-ကျွန်တော် ဒီငွေပမာဏကို တာဝန်ယူနိုင်ပါတယ်။ - သူကပြောတယ်- ဒါပေမယ့် ဒီငွေတွေ ကျွန်တော်ကို ပြန်မဆပ်ရမခြင်း ခင်ဗျားစိတ်အေးချမ်းမှာ မဟုတ်ဘူး။ ကျွန်တော်က ခင်ဗျားကို ဒုက္ခအသစ်တွေ ထပ်မရစေချင်ဘူး။ တခြားနည်းလမ်းတစ်ခုတော့ရှိပါတယ်။ ခင်ဗျား ဒီငွေတွေ အနိုင်ပြန်ရအောင်ကစားရမှာပေါ့။ - သြော်၊ ခင်မင်ရတဲ့မြို့စားကြီးရယ် - အဖွားကပြန်ပြောတယ်- ကျွန်မပြောပါရောလား၊ ကျွန်မတို့ဆီမှာ ပိုက်ဆံကို လုံးဝမရှိတော့တာ။ - ဒီကိစ္စမှာ ပိုက်ဆံက မလိုဘူး။ - စိန့် ဂျားမိန်း ကပြန်ပြောတယ်။ - ကျွန်တော်ပြောတာကို ဆုံးအောင် နားထောင်ပါအုံး။ - ဆိုပြီးတော့ ကျုပ်တို့အနေနဲ့ဆို တန်ဖိုးကြီးကြီးပေးရလောက်တဲ့ လျှိုဝှက်ချက်ကိုစပြောတော့တာပဲ။

ငယ်ရွယ်ကြသေးတဲ့ဖဲကစားသမားတွေက ပိုပြီးဂရုစိုက်ပြီးနားထောင်ကြတယ်။ တွမ်းစကီးက ဆေးတံကိုသောက်တယ်။ ဆေးတံကို တစ်ရှိုက်ရှိုက်လိုက်ပြီး ဆက်ပြောတယ်။

- အဲဒီနေ့ ညနေမှာပဲ အဖွားက ဗာဆေးလိကို သွားတယ်။ အဖွားက အကြွေးဆပ်ဖို့ပါမလာတာကို တောင်းပန်ဖို့ အကြောင်းပြချက်လှလှလေးတစ်ခု ဖန်တီးပြီးပြောလိုက်ပြီးတော့ မြို့စား အော်လန်စကီးနဲ့ ပွန့်ဖဲကစားတယ်။ သူမက ဖဲသုံးချပ်ကိုရွေးတယ်။ပြီးတော့ဖဲတစ်ချပ်ပေါ် တစ်ချပ် စီပြီးထပ်လိုက်တယ်။ ဖဲသုံးချပ်လုံးက သူမကို အောင်နိုင်သူဖြစ်စေရုံတင်မကပဲ အဖွားက အကြွေးတွေကို အကုန်ပြန်ဆပ်လိုက်နိုင်တယ်။

- တိုက်ဆိုင်လို့ဖြစ်မယ် - ဧည့်သည်ထဲက တစ်ယောက်ကပြောတယ်။

- ပုံပြင်လိုပဲ - ဂယ်(ရ်)မန်က မှတ်ချက်ပေးတယ်။

- အမှုန့်ကပ်ထားတဲ့ဖဲချပ်တွေဖြစ်မယ် - တတိယတစ်ယောက်က ၀င်ပြောတယ်။

- အဲသလို ဖြစ်မယ် မထင်ဘူး - တွမ်းစကီးက အလေးအနက်ပြောပါတယ်။

- ဘယ်လို- နာရူးမော့က ပြောတယ် - ခင်ဗျားမှာ ဖဲသုံးချပ်အစဉ်ကို မှန်အောင်ခန့်မှန်းနိုင်တဲ့အဖွားရှိပါလျက်နဲ့ ဒီလျှို့ဝှက်ချက်ကို အဖွားဆီက အခုအချိန်အထိ ဘာလို့မသင်ရတာလဲဗျာ။

- အင်း၊ အခက်သားဗျ။ - တွမ်းစကီးကပြန်ဖြေတယ်- အဖွားမှာက သားလေးယောက်ရှိတယ်၊ ကျုပ်အဖေ အပါအ၀င်ပေါ့။ လေးယောက်လုံးကတော့ ဖဲသမား အစစ်တွေပဲ။ ဒါပေမယ့် အဲဒီလျှို့ဝှက်ချက်က ဘယ်သူ့ကိုမှ ဒုက္ခမပေးရင်တောင်မှ အဖွားက ပြောပြမှာ မဟုတ်ဘူး။ ကျွန်တော့်ဦးလေး မြို့စားကြီး အီဗန် အီလိ(ချ) က ကျွန်တော့်ကို ယုံပြီးပြောပြလေရဲ့။ ဇိုရီချူ မှတ်သားထားတဲ့ စကားအရ သန်းချီဖဲရှုံးပြီး ဆင်းဆင်းရဲရဲနဲ့ပဲကွယ်လွန်ရှာပြီးဖြစ်တဲ့ ချာပလင်းစကီးဆိုရင် ငယ်စဉ်တစ်နေ့တုန်းက ငွေသုံးသိန်းလောက် ရှုံးခဲ့တာဆိုပဲ။ မျှော်လင့်ချက် ကုန်ခမ်းရတဲ့အခြေအနေကို ရောက်တော့တာပါပဲ။ အဖွားက လူငယ်တွေ မိုက်မိုက်မဲမဲလုပ်တတ်တာကို တင်းတင်းကျပ်ကျပ်ရှိပေမယ့် ချာပလင်းစကီးကိုတော့ သနားရှာပါတယ်။ အဖွားက ဖဲတစ်ခုပေါ်တစ်ခု ဘယ်လိုထပ်ရတယ်ဆိုတာကိုပြောပြပြီး နောက်ရှေ့လျောက် မကစားတော့ပါဘူးဆိုတဲ့ ကတိကိုယူပြီး ဖဲသုံးချပ်ကို ချာပလင်းစကီးကို ပေးလိုက်ပါတယ်။ ဖဲသုံးချပ်လုံးကနိုင်လို့ ချာပလင်းစကီးလည်း အောင်မြင်သူကြီး ဖြစ်သွားတာပါပဲ။ ချာပလင်းစကီးက ပထမဖဲချပ်မှာကို ငါးသောင်းနိုင်ပြီး၊ နောက်လောင်းကြေးခေါ်ရင်းခေါ်ရင်းကနေ အကြွေးပြန်ဆပ်နိုင်ရုံတင်မကဘူး၊ လုံးဝအနိုင်သမားကို ဖြစ်သွားတယ်။

နံနက် ငါးနာရီ လေးဆယ့်ငါးမိနစ်ဆိုတော့ အိပ်ချိန်လည်းရောက်ပြီ။

တကယ့်ကိုပဲ အရုဏ်က ကျင်းပြီ။ လူငယ်တွေလည်း ကိုယ့်ခွက်ကို ကုန်အောင်သောက်ပြီး အသီးသီးလမ်းခွဲသွားကြတယ်။

ဒုတိယပိုင်း ဆက်ရန်။

Read more...

စက်ဘီးငှားမယ်

>> Friday, April 27, 2007

လမ်းဘေးမှာရပ်ထားတဲ့ အငှားစက်ဘီးလေး

ဂျာမနီနိုင်ငံက မြို့တွေမှာ စက်ဘီးငှားတဲ့ စနစ်လေးက စိတ်ဝင်စားစရာပါ။ ငှားလို့ရမယ့် စက်ဘီးဟာ လမ်းဘေးမှာ ဂဏန်းတွဲနဲ့ ဖွင့်ရတဲ့ အီလက်ထရောနစ်သော့နဲ့ ခတ်ပြီး ရပ်ထားပါလိမ့်မယ်။ စက်ဘီး ငှားချင်ရင်တော့ ပထမဆုံး ကုမ္ပဏီဖုံးနံပါတ်ကို ခေါ်ပြီး မှတ်ပုံတင်စာရင်းသွင်းထားရပါမယ်။ စက်ဘီးကို စီးချင်တဲ့ အခါမှာတော့ လမ်းဘေးမှာတွေ့တဲ့ နီးရာစက်ဘီးက ဂဏန်းပြဒိုင်ခွက်ကို ကြည့်လိုက်ပါ၊ အစိမ်းရောင် လင်းလက်နေရင် အဲဒီစက်ဘီးက အားပါတယ်၊ ငှားလို့ရတယ်။ ဒိုင်ခွက်က ဖုံးနံပါတ်ကို မိမိလက်ကိုင်ဖုံးနဲ့ ခေါ်ဆိုပြီး စက်ဘီးရဲ့ ကုဒ်နံပါတ်ကို ထည့်သွင်းပေးရပါမယ်။ အဲဒီအခါမှာ စက်ဘီးကို ခတ်ထားတဲ့ အီလက်ထရောနစ်သော့ကို ဖွင့်ဖို့ ဂဏန်းတွဲကို ကုမ္ပဏီက မိမိဖုံးဆီ ပြန်ပို့ပေးပါလိမ့်မယ်။ ဒါဆိုရင်တော့ စက်ဘီးကို စီးပြီး သွားလိုရာကို သွားလို့ရပါပြီ။ ပြန်အပ်မယ်ဆိုရင်တော့ အနီးဆုံးလမ်းဆုံမှာ လမ်းဘေးက စက်ဘီးစတန်း၊ ဒါမှမဟုတ် တန်းတစ်တန်းတန်းမှာ သော့ခေတ်ပြီး စက်ဘီးရဲ့ ဂဏန်းပြတဲ့ ဒိုင်ခွက်မှာ ပေါ်လာတဲ့ ဂဏန်းတွဲရယ် စက်ဘီးထားခဲ့တဲ့ နေရာရယ်ကို လက်ကိုင်ဖုံးကတဆင့် ကုမ္ပဏီဆီကို လှမ်းအကြောင်းကြားလိုက်ရုံပါပဲ။ စက်ဘီးငှားခက တစ်မိနစ်ကို ရှစ်ဆင့်လောက်၊ ဒါမှမဟုတ် တနေကုန် ငှားမယ်ဆိုရင် ၁၅ ယူရိုလောက် ကုန်ကျမယ်လို့ဆိုပါတယ်။

နည်းပညာအချက်အလက်တွေကို ဒီဝက်(ဘ်)ဆိုက်မှာ ဖတ်နိုင်ပါတယ် http://www.ccc.de/hackabike/

ရုရှနိုင်ငံက ယဲ(လ်)ဆင်

တင့်ကားပေါ်ကနေ စစ်တပ်ကိုရင်ဆိုင်နေတဲ့ ယဲ(လ်)ဆင်
၂၀၀၇ခုနှစ်ဧပြီလ ၂၃ရက်မှာ ခေတ်သစ် ရုရှဖက်ဒရေးရှင်းနိုင်ငံရဲ့ ပထမဆုံး သမ္မတဖြစ်ခဲ့သူ ဘာရစ်(စ်) နီကိုလိုင်ယဲဗစ်(ခ်ျ) ယဲ(လ်)ဆင် ကွယ်လွန်သွားခဲ့ပါပြီ။ ဘာရစ်(စ်) နီကိုလိုင်ယဲဗစ်(ခ်ျ) ဟာ ရုရှနိုင်ငံမှာ ကွန်မြူနစ်စံနစ်ကို အဆုံးသတ်ပြီး ဒီမိုကရေစီ စီမံအုပ်ချုပ်ရေး စံနစ်ကို ပုံဖေါ်ပေးခဲ့သူ အဖြစ် ထင်ရှားကျော်ကြားသူပါ။ ၁၉၉၁ခုနှစ် သြဂုတ်လမှာ ဗလာဒီမီ ကရုချကော့ဗ် ဦးဆောင်တဲ့ ကွန်မြူနစ်တွေ အာဏာသိမ်းရန် လုပ်ဆောင်ခဲ့စဉ်က ယဲ(လ်)ဆင်ဟာ အစိုးရအိမ်ဖြူကို ၀န်းရံပိတ်ဆို့ထားတဲ့ တပ်တွေထဲက တင့်ကားတစင်းပေါ်တက်ပြီး အာဏာသိမ်းဖို့လာတဲ့တပ်တွေကို ရင်ဆိုင် စကားပြောခဲ့ပါတယ်။
အဲဒီ အချိန်ကစလို့ ယဲ(လ်)ဆင်ကိုကမ္ဘာတ၀ှမ်းက လူတွေ သတိထားမိလာကြပြီး ထောက်ခံခဲ့ကြပါတယ်။ ၁၉၉၁ခုနှစ် ဒီဇင်ဘာလမှာ ယဲ(လ်)ဆင်ဟာ ယူကရိန်းသမတ လီယိုနစ်(ဒ်) ကရာ့(ဗ်)ချု(က်) ဘယ်လာရု(စ်)သမတ စတန်နီစလာဗ် ရှုကဲဗစ်(ခ်ျ) တို့နဲ့တွေ့ဆုံပြီး ဆိုဗီယက်ပြည်ထောင်စုကိုဖျက်သိမ်းပြီး လွတ်လပ်တဲ့နိုင်ငံများ ဓနသဟာရကို ထူထောင်ကြောင်း ကြေငြာခဲ့ပါတယ်။ ၁၉၉၉ခု ဒီဇင်ဘာ ၃၁ ရက်မှာတော့ သူဟာ ရာထူးမှ ရုတ်တရက် နှုတ်ထွက်ခဲ့ပါတယ်။ နှုတ်ထွက်တဲ့နေ့မှာ သူအုပ်ချုပ်ခဲ့စဉ်ကာလအတွင်းက အမှားတွေအတွက် ခွင့်လွှတ်ဖို့တောင်းပန်ခဲ့ပြီး၊ ရာစုအသစ်မှာ ရုရှားနိုင်ငံအတွက် ခေါင်းဆောင်သစ် လိုအပ်နေပါပြီလို့ ပြောဆိုခဲ့ပါတယ်။ ရုရှားပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို မဖြည့်ဆီးပေးနိုင်ခဲ့တာကို ခွင့်လွှတ်ဖို့၊ သူ့ရဲ့ ရည်မှန်းချက်တွေ ပြီးဆုံးအောင် မလုပ်ပေးနိုင်ခဲ့တာတွေ အတွက် ခွင့်လွှတ်ဖို့ တောင်းပန်ခဲ့ပါတယ်။ ရုရှပြည်သူတွေရဲ့ အကျိုးကိုအပြည့်အ၀ မသယ်ပိုးနိုင်တော့ဘူးလို့ မိမိကိုယ်မြင်လာတဲ့ အချိန်မှာ နှုတ်ထွက်ခဲ့သူ ဖြစ်ပါတယ်။
သူ့ကိုဆန့်ကျင်တဲ့ လူတွေကို ကြမ်းကြမ်းတမ်းတမ်းရင်ဆိုင်ခဲ့တာ၊ လူမြင်ကွင်းမှာ အရက်မူးတတ်တာ၊ ချေချင်းခွဲထွက်ရေးကိစ္စကို ကိုင်တွယ်ပုံတွေမှာ ပြောစရာတွေ ရှိခဲ့ပေမယ့် ရုရှားပြည်သူတွေရဲ့ ချစ်ခင်မှုကို ရရှိခဲ့တဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ သူ့ကို သဂြုင်္ိလ် တဲ့ ဧပြီလ၂၅ရက်နေ့မှာ မော်စကိုမြို့သူမြို့သားတွေဟာ အနက်ရောင်ဝတ်စုံတွေဝတ်ပြီး ၀မ်းနည်းမှုကို ပြသခဲ့ကြပါတယ်။

ဂရက်(ဖ်)ပတ္တမြားကြီး

>> Sunday, April 22, 2007


၈.၆၂ ကာရက်အလေးချိန်ရှိ ပတ္တမြားကြီးကို ဆွစ်ဇာလန်နိုင်ငံ စိန့်မောရစ်(ဇ်)မြို့မှာ ခရစ်စတင်းကုမ္ပဏီမှ၂၀၀၆ ခုနှစ်ဖေဖေါ်ဝါရီလက ၃.၆သန်း နဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။(တစ်ကာရက်တန်ဖိုးအမေရိကန်ဒေါ်လာ ၄သိန်း၂သောင်း၅ထောင်ကျပါတယ်)
နိုင်ငံတကာရောင်စုံကျောက်မျက်အဖွဲ့အစည်းရဲ့ အင်တာနက်စာမျက်နှာမှာ (http://www.gemstone.org/)ဒီပတ္တမြားကြီးဟာ မြန်မာနိုင်ငံမှထွက်ရှိတဲ့အကောင်းဆုံးတန်းဝင် ခိုသွေးနီရောင်ကျောက်ကြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဆွစ်ဇာလန်နိုင်ငံSSFF ဓါတ်ခွဲခန်းရဲ့ ထောက်ခံစာမှာ အဆိုပါကျောက်ကြီးဟာ မီးဖုတ်ပြုပြင်မထားဘူးလို့ ဖော်ပြထားပါတယ်။ အင်္ဂလန်နိုင်ငံမှ ရတနာကုန်သည်လောရန့်(စ်)ဂရက်(ဖ်)က ၀ယ်ယူရရှိသွားတာဖြစ်ပါတယ်။ ဂရက်(ဖ်)က ဒီပတ္တမြားကြီးဟာ တန်ဖိုးအားဖြင့် မြင့်မားတာမှန်ပေမဲ့ သူ့တစ်သက်တွေ့ဘူးသမျှ ပတ္တမြားတွေထဲမှာ သွေးကွက်ရော အရောင်ပါသူမတူအောင်ကောင်းမွန်တယ်လို့ဆိုပါတယ်။ “ဂရက်(ဖ်)ပတ္တမြာကြီး” လို့အမည်ပေးထားပါတယ်။

The Church at Auvers

>> Saturday, April 21, 2007


ထိုပန်းချီကားကို ဗင်းဆင့်ဗန်ဂိုးသည် ၁၈၉၀ခုနှစ်တွင် ရေှးဆွဲခဲ့သည်။
ဗန်ဂိုးသည် သူ၏ညီဖြစ်သူ သဲအိုစ်(Theos) ရှိရာ ပါရီသို့အလည်သွားရောက်ပြီးနောက် (Auvers-sur-Oise) သို့ ဆေးကုသခံယူရန်သွားခဲ့သည်။ ယင်းမြို့၌ သူ့ဘ၀၏ နောက်ဆုံးသတင်းဆယ်ပတ်ကို ကုန်လွန်စေခဲ့သည်။ ထိုတိုတောင်းလှသောအချိန်အတွင်းတွင် ယင်းပန်းချီကားအပါအ၀င် ပန်းချီကားပေါင်း၁၀၀ကျော်ကို ဖန်တီးခဲ့သည်။ ငယ်ရွယ်စဉ်ကလေးဘ၀၌ တွေ့မြင်ခံစားခဲ့ရသည့် ကျူရိုးကောက်ရိုးများဖြင့် ပြုလုပ်ထားသော အမိုးပါအိမ်များ၏ လွှမ်းမိုးမှုကို ထိုပန်းချီကားတွင်တွေ့မြင်နိုင်သည်။ ထိုပန်းချီကားနှင့်သက်ဆိုင်သည့်သူ၏အမြင်များကို သူ့အစ်မထံရေးသောစာတွင် တွေ့ရသည်။
"ငါအခု ရွာမှာရှိတဲ့ဘုရားကျောင်းပုံပန်းချီကားပုံကြီးတစ်ပုံဆွဲနေတယ်။ နောက်ခံ ကိုဗော့အပြာရောင်ကောင်းကင်မှာ ခရမ်းပြာရောင်ဘုရားကျောင်းကြီးကို တွေ့မြင်နိုင်တယ်။ မှန်ပြူတင်းတွေမှာလဲ အစွန်းအထင်းတွေနဲ့ပေါ့။ ကျောင်းခေါင်မိုးတွေက ခရမ်းရောင်နဲ့လိမ္မော်ရောင်တွေရောယှက်နေတယ်။ ဘုရားကျောင်းရဲ့အရှေ့မျက်နှာစာမှာ ဖူးပွင့်နေတဲ့အစိမ်းရောင်ပန်းမန်တွေနဲ့အတူ ပန်းနုရောင်နေခြည်နဲ့အောက်ကသဲမြေတွေနဲ့ပေါ့။" ဘုရားကျောင်းရဲ့အရှေ့မျက်နှာစာဟာ နေရောင်ခြည်အောက်မှာလင်းလက်နေတယ်။ ဘုရားကျောင်းကိုယ်၌ကတော့ သူ့ရဲ့အရိပ်အောက်မှာတည်ရှိနေတယ်။ သူ့ဆီကနေတော့ ဘာအရောင်မှပြန်ထွက်မလာဘူး။
http://en.wikipedia.org/wiki/The_Church_at_Auvers

မူရက်၏ ကိုယ်ဝန်ဆောင်အမျိုးသမီး

>> Wednesday, April 18, 2007



မူရက်၏ ကိုယ်ဝန်ဆောင်အမျိုးသမီးသည် ၂၀၀၂ ခုနှစ်တွင်ဖန်မျှင်များ၊ထင်ရှုးဆီ၊ဆီလီကွန် တို့ဖြင့်ပြုလုပ်ထားသည်။ ယင်းရုပ်ထုကို National Gallery of Australia က၀ယ်ယူခဲ့ပြီး ပြခန်း၏ လူကြည့်အများဆုံးစာရင်းတွင်ပါဝင်သည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးသည် ခေတ်သစ်လက်ရာဖြစ်ပြီး မိခင်ထုကို ကိုယ်စားပြု၍ လူသားအားလုံးကို ကိုယ်စားပြုသော သန္ဓေတည်ခြင်း၊ မွေးဖွားခြင်းတို့ကို ရည်ညွှန်းသည်။
၎င်းအထင်ကရကြီးမားသော၊ခွန်အားပါသောရုပ်ထုသည်လည်းကောင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ အားနွဲ့ခြင်း၊ စိတ်ခံစားမှုအရောင်များသည်လည်းကောင်း ကြည့်ရှုခံစားသူနှင့် မူရက်၏ ရုပ်ထုကြားတွင်ဆက်နွယ်လျက်ရှိသည်။
မူရက်၏ လုပ်ပုံကိုင်ပုံအဆင့်ဆင့်နှင့်နည်းပညာသည် သူ၏ရုပ်ထုများကိုစွဲလမ်းစေသော အဓိကကြောင်းရင်းဖြစ်သည်။
အဓိကအားဖြင့် သူစေ့စပ်သေချာစွာလေ့လာ၍ ဖန်တီးထားသော လူ၏အရေပြားပေါ်ရှိ အပေါက်အသေးလေးများ၊ ဆံပင်၊ မှဲ့၊ ခြေသည်း၏မာကျောမှု၊ အရေးပြားအောက်ရှိသွေးကြောများသည် ကြည့်ရှုခံစားသူများအား ယင်းရုပ်ထုကို သက်ရှိကိုယ်ဝန်ဆောင်တစ်ယောက်အဖြစ် ထင်မိစေသည်။

Henry Moore

>> Tuesday, April 17, 2007

Reclining Figure (1951)
ဟင်နရီ စပန်စာ မော (၃၀၊ဇူလိုင်၊၁၈၉၈ - ၃၁၊သြဂုတ်၊၁၉၈၆) သည် ဗြိတိန်နိုင်ငံသား အနုပညာရှင်၊ ပန်းပုပညာရှင်ဖြစ်ပါသည်။
သူ၏ အရွယ်ကြီး ကြေးသွန်း ဒြပ်မဲ့ရုပ်ထုနှင့် စကျင်ကျောက်ရုပ်ထုများကြောင့် ကျော်ကြားလှသည်။
သူ၏ကြေးသွန်းရုပ်ထုများသည် ကမ္ဘာပေါ်ရှိ နေရာအတော်များများတွင် တွေ့မြင်နိုင်သည်။
သူသည် လူသားတို့၏ရုပ်ပုံလွှာကိုဖော်ကြူးသော အမေနှင့်ကလေး(mother and child)၊
မှီလျောင်းခြင်း(Reclining Figure) တို့ကဲ့သို့သော ရုပ်ထုများကို အဓိကထုဆစ်သည်။
http://en.wikipedia.org/wiki/Henry_Moore


အိမ်နီးချင်း တိုးတိုးရို (My Neighbor Totoro, 1993)

ကွန်ပျူတာအကူအညီမပါဘဲ လက်ရေးပန်းချီသက်သက်နဲ့ ဒါရိုက်တာမိယယဇာကိ ဟယအို (Hayao Miyazaki) ဖန်တီးထားတဲ့ ချစ်စရာကောင်းတဲ့ အိမ်နီးချင်း တိုးတိုးရိုခေါ်တဲ့ ဂျပန်ကာတွန်းကားလေးပါ။ မြန်မာ့ရုပ်မြင်သံကြားမှာ ပြသခဲ့ဘူးပါတယ်။ မူလတန်းကျောင်းသူလေး စဆုခဲ့(Satsuke) နဲ့ ညီမငယ် မဲ့(Mei) တို့ဟာဆေးရုံတက်နေတဲ့ အမေနဲ့ နီးရာ တောရွာကလေးက အိမ်ကို အဖေနဲ့အတူပြောင်းရွှေ့လာတဲ့အခါ အိမ်နားက တောအုပ်ထဲမှာနေတဲ့ တစ္ဆေကြီး တိုးတိုးရိုနဲ့ တွေ့ဆုံသူငယ်ချင်းဖြစ်သွားကြပုံကို စိတ်ဝင်စားဖွယ်၊ ချစ်စဖွယ်ကောင်းအောင် ရိုက်ကူးထားပါတယ်။ စူးစမ်းတတ်တဲ့၊ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုမရှိရင် အကြောက်အလန့်ကင်းတတ်တဲ့ ကလေးသဘာဝကိုပေါ်လွင်အောင် ရိုက်ကူးထားပါတယ်။ အဓိကဇာတ်ကောင်က အငယ်မလေး မဲ့ပါ။

မဲ့တို့ညီအစ်မနှစ်ယောက် ခြေထောက်ရှစ်ချောင်းပါ အလွန်မြန်တဲ့ကြောင်တစ္ဆေဘတ်(စ်)ကားကြီးစီးပြီး အမေရှိတဲ့ဆေးရုံကို လိုက်သွားတဲ့အခန်းဟာ ကြည့်ရတဲ့သူတွေကို သူတို့နဲ့အတူကြောင်ဘတ်(စ်)ကားကြီး လိုက်စီးနေရသလို ရသကိုပေးစွမ်းနိုင်ပါတယ်။ ဒီကာတွန်းကားလေးဟာ ရုပ်ရှင်သမိုင်းမှာ ကြော်ငြားအားသိပ်မသုံးခဲ့ရပဲ အများနှစ်ြခိုက်အားပေးမှုကို ရရှိခဲ့ပါတယ်။ အင်တာနက်ရုပ်ရှင်မော်ကွန်း (Internet Movie Database) မှာ တွိုင်းစတိုရီ-၂ ( Toy Story 2 ) နဲ့ ရှရက်ခ် ( Shrek ) အမေရိကန်ကာတွန်းကားနှစ်ခု ကြား နံပါတ် (၅) နေရာချိတ်ပါတယ်။ Anime Encyclopedia အသစ်မှာ အိမ်နီးချင်း တိုးတိုးရိုဇာတ်ကားကို ဂျပန်တို့ဖန်တီးခဲ့သမျှ ကာတွန်းကားတွေထဲမှာ အကောင်းဆုံးကားလို့ သတ်မှတ်ပါတယ်။

ကောင်းကျိုးအထွေထွေရယ်နဲ့ ချွန်စေမြစေစော၊ ဒေါင်းအိုးဝေရယ်လို့ တွန်စေကစေသော၊

ပန်းချီ မောင်ငွေထွန်းရဲ့ လက်ရာ အမျိုးသားစာဆို ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ပုံတူ ကောက်ကြောင်း ပါ။


ဂဠုန်ပျံဂါထာနှင့် ဂဠုန်ဘုရားရှိခိုးဘွဲ့ကဗျာ မဟာလေးချိုးကြီး
(သြော်)
မဟာဒုက္ခ...မဟာဒုက္ခဟဲ့။
...ဇရာဒုဗ္ဗလအရွယ် အသွမ်းမသွေးသင့်တဲ့
နခမ်းမွေးအမြင် မဟုတ်တောင်မှ
ဆရာဥက္ကဌ မကွယ် ကြငှန်းဝေးသော်လဲ့
ဘန်းနဘေး ရှင်ဘုရင် လုပ်ရပါတော့
ကမ္မဌာန်းပေး အသွင်ရုပ်ကယ်နှင့်
နုပ်သမို့ မကောင်းပေ။
(အိုကွယ်)
အမှန်အတွေးစခန်းဝေးရပါတဲ့
(သြော်)
မန္တလေးခင်တုတ်တို့နှင့် ကျုပ်တို့အကြောင်းပေ။

Read more...

Christina's World

ခရစ်တီးနား၏ ကမ္ဘာ
ယင်းပန်းချီကားကို အမေရိကန်ပန်းချီဆရာ အန်ဒရူး ၀ိုက် က ၁၉၄၈ တွင်ရေးဆွဲခဲ့သည်။
၂၀ ရာစုအမေရိကန်ပန်းချီကားများထဲတွင်အလွန်ကျော်ကြားသော ပန်းချီကားတစ်ခုလည်းဖြစ်သည်။
၎င်းပန်းချီကားကို နယူးယောက်ရှိ Museum of Modern Art တွင်ပြသထားသည်။
ခန္ဓာကိုယ်အောက်ပိုင်း မသန်စွမ်းဖြစ်နေသော ခရစ်တီးနား အိုလဆန်သည် သူမ၏ပန်းခြံမှ ပန်း ခူးရန် ကွင်းပြင်ကျယ်ကိုဖြတ်၍ မိမိကိုယ်ကို ဒရွတ်ဆွဲသွားသည်ကိုရေးဆွဲထားခြင်းဖြစ်သည်။
ပန်းချီကား၏ အရွယ်အစားမှာ 32 × 48 cm ဖြစ်၍ tempera ဖြင့်ရေးဆွဲထားသည်။

http://en.wikipedia.org/wiki/Christina's_World

အော်သံ

>> Monday, April 16, 2007

၁၈၉၃ ခုတွင် နော်ဝေ စိတ်အလျဉ်ခံစားမှုပန်းချီဆရာ(expressionist) အက်(ဒ)ဗက်(ဒ) မင်(ခ်ျ)သည် အော်သံ ပန်းချီကားကို ရေးဆွဲခဲ့သည်။
လူ၏ အတွင်းတည်ရှိမှုအကြောက်တရား၏တိုက်ခိုက်မှုအား မီးတောင်ပေါက်ကွဲမှုကိုအာရုံခံစား၍ရေးဆွဲခဲ့သည်။ ပန်ချီကား၏ မူလအမည်မှာ The Scream of Nature ဖြစ်သည်။
ပန်းချီဆရာ၏ ဒိုင်ယာရီတွင် ပန်းချီကားရေးဆွဲဖြစ်စေသော အကြောင်းကို (၂၂/၀၁/၁၈၉၂) နေ့စွဲဖြင့် ရေးသားခဲ့သည်။

"ကျနော် သူငယ်ချင်းနှစ်ယောက်နဲ့ လမ်းလျှောက်လာတုန်း နေကျချိန်မှာ ရုတ်တရက် ကောင်းကင်ကသွေးနီရောင်ကိုပြောင်းသွားတယ်။
ကျနော် ခဏရပ်ပြီးနားလိုက်တယ်။ လူကမောဟိုက်သွားတယ်၊ခြံစည်းရိုးကိုမီပြီးနားရတယ်။
မီးတောက်မီးညွှန့်တွေက အပြာနက်နက်တောင်ပေါ်နဲ့မြို့ပေါ်မှာလေ။

သူငယ်ချင်းတွေက ဆက်လျှောက်သွားတယ်။
စိုးရိမ်ပူပန်တုန်လှုပ်မှုတွေနဲ့ ကျနော်ရပ်ပြီးနေခဲ့တယ်။
သဘာဝရဲ့ အဆုံးမရှိတဲ့အော်သံကိုကျနော်ခံစားလိုက်ရတယ်။"


အနီရောင်ကောင်းကင်နောက်ခံသည် ၁၈၈၃ ခုနှစ်တွင်ပေါက်ကွဲခဲ့သော ကရာကတိုအ မီးတောင်ပေါက်ကွဲမှုကြောင့်ဖြစ်နိုင်သည်။
မီးတောင်မှ ထွက်လာသော ပြာများသည် အရှေ့အမေရိကနှင့် ဥရောပ၊အာရှတို့တွင် နိုဝင်ဘာ၊၁၈၈၃ မှ ဖေဖော်ဝါရီ၊၁၈၈၄ ထိ ကောင်းကင်အနီရောင်ကိုဖြစ်စေသည်။
ပန်းချီကားအရှေ့တွင်ရပ်နေသော လူသည်ပန်းချီဆရာကိုယ်တိုင်ဖြစ်နိုင်သည်။
အမှန်စင်စစ်တွင် သူသည်ကိုယ်တိုင်အော်ဟစ်နေခြင်းမဟုတ်ပဲ၊ သဘာဝ၏အော်သံမှ မိမိကိုယ်ကိုကာကွယ်နေခြင်းသာဖြစ်သည်။
လက်နှစ်ဖက်ဖြင့် နားများကိုအုပ်ထားခြင်းဖြင့်

သဘာဝ၏ထိတ်လန့်ဖွယ်တိုက်ခိုက်မှုမှ အကာအကွယ်ရရန် အားထုတ်ရသည်။
ပန်းချီကားရေးဆွဲချိန်တွင် ပန်းချီဆရာ၏ ညီမသည် စိတ်ရောဂါကုဆေးရုံတွင်ကုသနေချိန်ဖြစ်သည်။
http://en.wikipedia.org/wiki/Edvard_Munch

လရောင် နှင့် ပင်လယ်

အီဗန် ကွန်စတန်တီနိုဗစ်(ခ်ျ) အာအိဇော့(ဗ)စကီး (၂၉ ဇူလိုင်၊၁၈၁၇ - ၂ မတ်၊၁၉၀၀) သည် ကရင်(မ်)မြို့၊ယူကရိန်းနိုင်ငံတွင် အာမေးနီးယားကုန်သည်မိသားစု၌ မွေးဖွါးခဲ့သည်။
သူသည် အဓိက ပင်လယ်ရှုခင်းတို့အားရေးဆွဲပြီး အလွန်ပင် အောင်မြင်မှုရရှိခဲ့သည်။
ပန်းချီကားပေါင်း ခြောက်ထောင်ကျော်ရေးဆွဲခဲ့သည်။
လရောင်အောက်မှ သင်္ဘောပျက်အပိုင်းအစများနှင့်ပင်လယ်ရှုခင်း ပန်းချီကားသည် သူ၏ပင်လယ်ပန်းချီကားများမှ တစ်ခုဇြစ်သည်။

Ron Mueck

>> Friday, April 13, 2007

ရွန်မူရက် သည် ၁၉၅၈ ခုနှစ်တွင်မွေးဖွါးပြီး သြစတေးလိယ နိုင်ငံဖွား သဘာဝလွန် ပန်းပုဆရာဖြစ်သည်။
မူရက်သည် အစောဘ၀ပိုင်းတွင် ကလေးများအတွက် ရုပ်မြင်သံကြားနှင့်ရုပ်ရှင်များအတွက် အရုပ်မော်ဒယ်ဆောက်ခြင်းဖြင့် အသက်မွေးခဲ့သည်။
မူရက်၏ ရုပ်ထုများသည် လူကိုယ်ခန္ဓာကိုယ်အား အသေးစိတ်ထုလုပ်ခြင်းဖြစ်သော်လည်း အချိုးအစားအားပြုပြင်ထုလုပ်ထားသည်။
http://www.crazyrussian.com/02/entry_1872.php

http://en.wikipedia.org/wiki/Ron_mueck

ဗန်ဂိုး၏ နေကြာများ

>> Wednesday, April 11, 2007


ဗန်ဂိုးသည် နေကြာပန်းများကို သက်ငြိမ် ပန်းချီကားများအဇြစ် ဆီဆေးဖြင့်ရေးဆွဲခဲ့သည်။
၎င်းနေကြာပန်းများ ပန်းချီကားများထဲတွင် ပန်းအိုးတွင်စိုက်ထားသော နေကြာ ၁၅ ပွင့် ပန်းချီကား ၃ ကား၊
၁၂ ပွင့်ပါ ပန်းချီကား ၂ ကားများသည် ဆင်တူကြသည်။
ဗန်းဂိုးသည် ပန်းအိုးတွင်စိုက်ထားသော နေကြာ ၁၂ ပွင့် ပန်းချီကားကိုပထမဦးဆုံး ရေးဆွဲခဲ့ပါသည်။ ယင်းပန်းချီကားကို ယခုအခါ Germany နိုင်ငံ၊Munich ရှိ Neue Pinakothek Museum တွင်ပြသထားပါသည်။ ပန်းချီကားများအားလုံးသည် 93 × 72 cm (37" × 28") အရွယ်ရှိ ကင်းဘတ်စပေါ်တွင်ရေးဆွဲခဲ့ပါသည်။
ပန်းချီးကားများအားလုံးတွင်အ၀ါရောင်များအသုံးပြုခြင်းကို ပြန်လည်ဆန်းသစ်တီထွင်ထားပါသည်။ ဆေးရောင်အသစ်များ ပေါ်ထွက်လာခြင်းသည် ဗန်းဂိုး၏ ပြန်လည်ဆန်းသစ်တီထွင်ခြင်းကို တစ်နည်းတစ်ဖုံအထောက်အကူပြုပါသည်။

ဗန်းဂိုး၏ Cafe

>> Monday, April 9, 2007




Cafe Terrace at Night
ဒတ်(ခ်ျ)ပန်းချီဆရာ ဗင့်ဆင့် ဗန်ဂိုး သည် ၁၈၈၈၊စက်တင်ဘာလတွင် ပြင်သစ်နိုင်ငံ၊အားလက်(စ်)မြို့၌ ထိုပန်းချီကားအား စတင်ပြသခဲ့ပါသည်။ ဆီဆေးနဲ့ ကင်းဗက်စပေါ်တွင် ရေးဆွဲထားပြီး အရွယ်အစား
(32" × 26") ဖြစ်ပါသည်။


ယခုအချိန်တွင် နယ်သာလန်နိုင်ငံ၊ အော့တလိုနိုင်ငံ Kröller-Müller Museum ၌ ပြသထားရှိပါသည်။
ဗန်ဂိုးသည် ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ Cafe တစ်ခုကို အာရုံခံစားရေးဆွဲခဲ့တာဇြစ်ပြီး၊ ယခုအချိန်တွင် ယင်း Cafe Terrace ကို Cafe van Gogh ဟု အမည်ပြောင်းလဲထားပါသည်။

ထိုပန်းချီကားကိုဗန်းဂိုးသည် သူ၏ဟန်ဇြစ်သော အရောင်များ၏နွေးထွေးမှု နှင့်

အနီးအဝေးနိယာမများဖြင့်ရေးဆွဲခဲ့ပါသည်။
ယင်းပန်းချီကားသည် ဗန်ဂိုးက ကြယ်များကိုနောက်ခံထားပြီး ရေးဆွဲသော ပထမဆုံးပန်းချီးကားဇြစ်ပါသည်။



စားချင်စဖွယ် ဂျပန်အစားအစာ

ဂျပန်လူမျိုးတွေဟာ အစားအစာကို အမြင်အာရုံမှာစွဲမက်ဖွယ် စားချင်စဖွယ်ဖြစ်အောင် လှလှပပ ပြင်ဆင်တတ်ကြပါတယ်။ ထမင်းဆုပ်ကိုရေညှိပတ်ပြီး ပင်လယ်စာ၊ အသီးအရွက်၊ မှို၊ ကြက်ဥ၊ အသား တစ်မျိုးမျိုးကို အပေါ်မှာ topping အနေနဲ့၊ ဒါမှမဟုတ် အတွင်းမှ filling အနေနဲ့ ထဲ့ထားတဲ့ စုရှိ (sushi)ဟာ အရသာတော်တော်ကောင်းပါတယ်။(ကိုချစ် တစ်ခါကြီးတောင် စားဘူးလို့ပြောတာပါ)။

နောက် စိတ်ဝင်စားစရာကောင်းတာက ငါးအစိမ်းကို ပါးပါးလွာထားတဲ့ စာရှိမိ(sashimi)ပါ။ စာရှိမိကို ပဲငံပြာရည်၊ ၀ါဆားဘိလို့ခေါ်တဲ့ ပူပူစပ်စပ် paste တို့နဲ့ တို့စားကြပါ တယ်။ စားချင်စဖွယ်ကောင်းတဲ့ နောက်ဟင်းလျာတစ်မျိုးကတော့ အမဲသားဆီပူထိုးပါ။ အာလူးကြော်ထားတဲ့ style ကလည်း French fries ပုံစံ မဟုတ်ပဲ အာလူးကိုအစိတ်ခပ်ကြီးကြီးစိတ်ပြီး ကြော်ထားပါတယ်။ ကဲ... သောက်စရာ တစ်ခုခုပဲ လိုပါတော့တယ်။ ကိုချစ်တို့ကတော့ အစားကောင်းကောင်းမြင်ရင် အသောက်ကလေးကို သတိရနေကြပါ။

အပြာရောင်တိုင်များ

>> Sunday, April 8, 2007


သြစတြီးလျား အမျိုးသားဂေလာရီတွင် ဂျက်ဆင်ပူးလော့၏ ဆေးစက်ချ လက်ရာ အပြာရောင်တိုင်များ (Blues poles) ပန်းချီကားကို ပြသထားရှိသည်။ ဆေးစက် အရောင်များ တွင် ဒေါင်လိုက် အပြာရောင်တိုင် ရှစ်တိုင် ထည့်သွင်း ရေးဆွဲထားသည်။ ယင်းတိုင်များက မည်သည်ကို ကိုယ်စားပြုသည်၊ ပန်းချီကားက ဘာဆိုလိုသည်ကို မသိရသော်လည်း စွဲဆောင်မှု ကောင်းသော လက်ရာ ဖြစ်သည်။

မားတီ(စ်)၏ ပန်းချီဆရာနှင့်ကိုယ်ဟန်ပြမယ်

>> Saturday, April 7, 2007


The Artist and his Model
၎င်းပန်းချီကားကို အော်တ၀ါမြို့ ကနေဒါအမျိုးသား ဂယ်လာရီတွင်ပြသထားရှိပါသည်။
၁၉၁၉ ခုတွင် ဆီဆေးဖြင့်ကင်းဘတ်စ (23 5/8" x 28 3/4") ပေါ်တွင်ရေးဆွဲခဲ့ပါသည်။
အလှရှာပုံတော်စာအုပ်တွင် ပန်းချီဝေဖန်ရေးဆရာပေါ်သက်က
၎င်းကားတွင် ပန်းချီဆရာသည်လည်းကောင်း၊
ကိုယ်ဟန်ပြမယ်သည် လည်းကောင်း အသက်ဝင်မလာချေ။ ပန်းချီကား၏ အခန်းအပြင်အဆင်၊ ပကာသန၊အမွှမ်းအမံများကသာ ပေါ်လွင်နေသည်ဟု ဝေဖန်ထားပါသည်။

ဟင်နရီ မာတီး(စ)၏ ရွှေငါး


ယင်းပန်းချီကားကို အိုက်စိလီမိုလီနွား (Issy-les-Moulineau)အလုပ်ရုံတွင် ၁၉၁၂ ခှ၌ ဆီဆေးဖြင့် ကင်းဘတ် စပေါ်တွင် ရေးဆွဲခဲ့သည်။ မာတီး(စ်) ရေးဆွဲခဲ့သမျှ ရွှေငါးပန်းချီကားများထဲတွင် ၄င်းကားကို အကောင်းဆုံးဟု သတ်မှတ်ကြပါသည်။
အလင်း၊အမှောင်နိယာမကို လျှစ်လျုရှု၍ ပန်းချီကားအပြင်အဆင် အမွမ်းအမံကိုသာ အလေးပေး၍ ရေှးဆွဲခဲ့သည်။
အလယ်ခေတ်ပန်းချီကားများ၊ ပါရှင်းလက်ရာများ၊ ရုရှအိုင်ကွန်များ၏ အနီးအဝေးပြောင်းပြန်နိယာမ လွှမ်းမိုးမှုများဖြင့် ရေးဆွဲခဲ့သည်။
ယနေ့ မော်စကိုမြို့ရှိ ပူ(ရှ်)ကင်အနုပန်းချီလက်ရာပြတိုက်(The Pushkin State Museum of Fine Arts)တွင် ပြသထားရှိသည်။

ကြက်ဥလှလှ

အက်စတာကြက်ဥများကို စလိုဗက်ပုံစံဖြင့် အလှဆင်ထားသည်ကို အရှေ့ဂျာမနီ၊ Bautzen တွင်ရှိသော စလိုဗက် အက်စတာကြက်ဥဈေးတွင် ၂၀၀၆ ခုနှစ်တွင် တွေ့ရပါသည်။

အနီအပြာ ထိုင်ခုံ


ဒတ်(ခ်ျ)လူမျိုး ဒီဇိုင်းဆရာ ဗိသုကာ ဂါးရစ် သောမတ်(စ) ရစ်ဗဲ၏ ပုံဖော် ဖန်တီးမှု လက်ရာ ဖြစ်သည်။ ပိယတ် မွန်ဒရေယံနှင့် ၁၉၁၈ ခု၌ တွေ့ဆုံပြီး နောက်ပိုင်းတွင် ဆေးရောင်များကို ဒယ်စတိုင်း ပန်းချီလှုပ်ရှားမှု၏ မူလအရောင်များသို့ ပြောင်းလဲ ဆေးချယ်ခဲ့သည်။ ကိုယ်ထည်ဘောင် တွင် သုံးထားသောအနက်ရောင်မှာ ကိုယ်ထည်ဘောင်၏ ထောက်ကန်မှု တာဝန်ကို ပြသလေသည်။ ဗိသုကာသည် တန်းအစွန်းများတွင် အ၀ါရောင် ဆေးချယ်၍ အဆုံးမရှိသော အန္တိမ သဘာဝကို ဖေါ်ကျူးခဲ့ပါသည်။

အ၀ါ၊အပြာနှင့်အနီရောင် ပေါင်းစည်းဖွဲ့တည်မှု


Piet Mondrian ၏ အ၀ါ၊အပြာနှင့်အနီရောင် ပေါင်းစည်းဖွဲ့တည်မှု (Composition with Yellow, Blue and Red) ပန်းချီကား (72.5 x 69 cm) ကို Tate Gallery,London တွင်တွေ့မြင်နိုင်ပါသည်။
ဒယ်စတိုင်ပန်းချီလှုပ်ရှားမှု ဦးဆောင် တစ်ဦးဖြစ်သူ ဒတ်(ခ်ျ)ပန်းချီဆရာ ပိယတ် မွန်ဒရေယံ က 1939-42 ခုနှစ်များတွင် ယင်းပန်းချီကားကို ဆီဆေးဖြင့် ကင်းဗတ်စပေါ်တွင် ရေးဆွဲခဲ့ပါသည်။

ချစ်စရာ ကြက်လေးတွေ

>> Friday, April 6, 2007

Sega Toys ရဲ့ စက်ရုပ်ကြက်လေးတွေပါ။
အိပ်မက်ကြက်(Yume Hiyoko) လေးတွေလို့ခေါ်ပါတယ်။
လက်ဝါးထဲထည့်ထားလို့ရတဲ့ အရွယ်တွေပါ။
လူရဲ့လက်နဲ့ ထိလိုက်လျှင် အသံထွက်လာပြီး၊ အတောင်တွေပါ လှုပ်လာပါလိမ့်မယ်။

တို့ဟူး လုပ်စားမယ်

ကုလာပဲမှုန့်အား ရေ၊ဆား သင့်တင့်အောင်ထည့်၍ ဒယ်အိုးအပူပေါ်တွင် ပျစ်ခဲလာသည်အထိ မွှေရသည်။
ထို့နောက် အပြန့်ကျယ်သော ပန်းကန်တွင် ထည့်၍ အအေးခံရပါသည်။


ပြီးလျှင် လေးထောင့်တုံး များ လှီး၍ ဆီနှင့်ကြော်၍ တို့ဟူးကြော်အဖြစ် စားသုံးနိုင်ပါသည်။ သင့်တင့်ရာများထည့်ကာ အသုပ်အနေဖြင့်လည်း စားသုံးနိုင်ပါသည်။

(ဆန္ဒရှိသလို၊ အဆင်ပြေသလို၊ဥာဏ်ရှိသလို ပြုပြင်စားသုံးနိုင်ပါသည်။ :D)

သရေကျရန် ပုံတွင်ရှု။


လာဇန်နီယား

>> Wednesday, April 4, 2007

အီတလီ အစားအစာတစ်မျိုးဖြစ်ပါသည်။
ခေါက်ဆွဲအလွှာများကြားတွင် ဒိန်ခဲ၊ အသားစင်းကော၊ ခရမ်းချဉ်သီးအနှစ်များဖြင့် ပြင်ဆင်၍
ဖုတ်ထားသော စားဖွယ်တစ်မျိုးဖြစ်ပါသည်။

ပုံတွင်ရှု၊ သရေကျသွားမယ်။


လူမျက်နှာနှင့် အီစတာကြက်ဥ



အော်သိုဒေါက် (Orthodox) ခရစ်ယာန်များ၏ အက်စတာကြက်ဥ(Easter eggs)များကို ရိုမေးနီးယားနိုင်ငံ၏ Bucharest's Peasant Museum တွင် တွေ့နိုင်ပါသည်။ အီစတာအကြို တနင်္ဂနွေ(Palm Sunday fair) တွင် ရိုမေးနီးယားတစ်နိုင်ငံလုံး၏ ကြက်ဥပန်းချီရေးဆရာများ စုပြီး ၄င်းတို့၏ လက်ရာများကို ပြသရောင်းချကြပါသည်။

ရိုမေးနီးယားနိုင်ငံနှင့် အရှေ့ဥရောပနိုင်ငံများ တွင်ရှိသော အော်သိုဒေါက် (Orthodox) ခရစ်ယာန်များသည် ဧပြီလ ၈-ရက်နေ့တွင် အက်စတာ(Easter)ပွဲကို ကျင်းပကြပါသည်။

ပန်းတွေ.....


ပန်းတွေလဲ ပွင့်လေပြီ။
ပျော်ပျော်ပါးပါး လှေလှော် ကစားကြမယ်။

ပန်းတွေနဲ့ ကမ္ဘာ

>> Tuesday, April 3, 2007


ဒီလောက်လှတဲ့ ကမ္ဘာ တခြားမှာ ရှိမတဲ့လား။

စတင်ခြင်း

တကယ်က လောကကြီးက သာယာတယ်ရယ်။
စိတ်ထားလေးပဲ ပြောင်းဖို့လိုတာလေ။



  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP