ဘွန္တော နဲ့ နံနက်ခင်းအလှ

>> Tuesday, July 29, 2008


ကျွန်မတို့ အညာဒေသမြို့လေးမှာ မြို့ကျက်သရေဆောင် တန်ခိုးကြီး ဘုရား ၃ ဆူနဲ့ တခြားရပ်ကွက်တိုင်းမှာလည်း ဘုရားစေတီများ တည်ထားကိုးကွယ်ကြပါတယ်။ ကျွန်မတို့မြို့မှာ ဘုန်းတော်ကြီးတွေ ပညာ ဆည်းပူးနိုင်တဲ့ စာသင်တိုက်ကြီးတွေ ရှိပါတယ်။ ဘုန်းတော်ကြီးတွေက ကျွန်မတို့မြို့မှာ စာမသင်ဖူးရင် ကျောင်းထိုင်လုပ်လည်း စာမတတ်သေးဘူးလို့ စာဆိုတွေရှိခဲ့ပါတယ်။ အနယ်နယ်အရပ်ရပ်က စာသင်သားတွေ စာပေလေ့လာသင်ယူနေကြတော့ သံဃာတော်များပြားလှတဲ့ အညာမြို့လေးပါ။ မြို့အလယ်မှာရှိတဲ့ စာသင်တိုက်ကြီးကို အလယ်တိုက်၊ မြို့အရှေ့ဖျားမှာ ရှိတဲ့ စာသင်တိုက်ကို အရှေ့တိုက်နဲ့ မြို့အနောက်ဖျားမှာ ရှိတဲ့ စာသင်တိုက်ကို အနောက်တိုက်ရယ်လို့ မြို့သူမြို့သားတွေ ခေါ်ဆိုကြပါတယ်။


မနက်ဝေလီဝေလင်းအချိန်ဆိုရင် မြို့လေးက ရွှေဝါရောင်သင်္ကန်းတွေ ခြုံလွှမ်းနေပါတော့တယ်။ ကြည်နူးစရာကောင်းလှတဲ့ မြင်ကွင်းလေးပါ။ ဒီလောက်များပြားလှတဲ့ သံဃာတော်တွေရဲ့ နေ့တဓူဝဆွမ်းကိစ္စကိုလည်း မြို့သူမြို့သားတွေ စဉ်ဆက်မပြတ်လှူဒါန်းလာကြတာ နှစ်ကာလတွေ ကြာခဲ့ပါပြီ။ ဆွမ်းခံတဲ့ ကိုယ်တော်တွေမှာ ရပ်ကိုယ်တော် (အိမ်ရှေ့တိုင်းမှာ ရပ်တော်မူ ဆွမ်းခံပါတယ်) နဲ့ ထိုင်ကိုယ်တော် (အိမ်အတွင်းဝင်ပြီး ဆွမ်းခံရတယ်) ဆိုပြီးရှိပါတယ်။ ရပ်ကိုယ်တော်တွေကတော့ အိမ်တိုင်းမှာ ဆွမ်းလောင်းသည်ဖြစ်စေ၊ မလောင်းသည်ဖြစ်စေ ရပ်ပြီး အလှူခံပါတယ်။ ထိုင်ကိုယ်တော်ကတော့ အိမ်တိုင်းကို ဝင်အလှူခံလို့ မရပါဘူး။ အိမ်တွေကိုလိုက်ပြီး “ဆွမ်းခံကြွချင်ပါတယ် ဒကာမကြီး"ဆိုပြီး လိုက်ပြောရပါတယ်။ လက်ခံမည့်အိမ်က လက်ခံပါတယ်ဘုရားဆိုရင် ဒီအိမ်က မြို့လေးမှာ သီတင်းသုံးနေထိုင်သရွေ့ ဒကာ၊ ဒကာမဖြစ်သွားပါပြီ။ အဲဒီတာဝန်ယူတဲ့အိမ်က ခရီးထွက်မယ်ဆိုရင်လည်း မတိုင်ခင်က ကြိုတင်လျှောက်ထားရပါတယ်။ ဆွမ်းခံကိုယ်တော်တွေခရီသွားမယ်ဆိုရင်လည်း “ ဒကာမကြီးရေ ဦးဇင်းတော့ ဘယ်ကို ဘယ်နှစ်ရက် ကြွအုံးမယ်" ဆိုပြီး ပြောသွားပါတယ်။ တချို့ ဆွမ်းခံတာ ကြာလာတဲ့ ကိုယ်တော်တွေ ခရီးသွားမယ်ဆိုရင် အိမ်တွေက ဝတ္ထုငွေလည်း လှူကြတာတွေရှိပါတယ်။ လမ်းခရီးမှာ အသုံးပြုနိုင်ဖို့အတွက်ပါ။ ဆွမ်းခံတာကြာနေပြီး ခင်မင်နေတဲ့ ဘုန်းဘုန်းတွေဆိုရင် ခရီးက ပြန်လာရင် ဆွမ်းခံအိမ်က ဒကာ၊ ဒကာမတွေအတွက်ဆိုပြီး လက်ဆောင်တွေ ပါလာတတ်သေးတယ်။

လမ်းတလျှောက်မှာ အိမ်တိုင်းအိမ်တိုင်းက မနက်အစော အမှိုက်လှဲကြ၊ ရေဖျန်းကြလုပ်ပါတယ်။ သံဃာတော်တွေ ဆွမ်းခံကြွရင် အမှိုက်မရှိစေချင်လို့ ကုသိုလ်ယူကြတာပါ။ မနက်မှာ ဆွမ်းခူးဖို့ ဆွမ်းဟင်းခူးခပ်ထားဖို့ ပန်းကန်တွေ ဆွမ်းအုပ်တွေကို ညကတည်းက ဆေးကြောသန့်စင်ရေစစ်ထားရပါတယ်။ မနက်မှာ ဘာဟင်းလောင်းလှူမလဲဆိုတာ အိမ်ရှင်မတွေ အမြဲစဉ်းစားနေတတ်တယ်။ ကျွန်မတို့အဖေက “ဆွမ်းထက် ဟင်းကို ဂရုစိုက်ချက်ပြီး များများလောင်းပါ"လို့ အမေ့ကို မှာတတ်ပါတယ်။ အိမ်တိုင်းက နေ့စဉ်ဆိုတော့ ဟင်းမကျက်တဲ့နေ့တွေမှာ ဆွမ်းပဲလောင်းလှူကြတာတွေ ရှိပါတယ်။ တချို့နေ့တွေဆိုရင် သပိတ်ထဲမှာ ဆွမ်းတွေပြည့်မောက်နေပြီး ဟင်းလျာမပါပါဘူး။ တချို့အိမ်ကျတော့လည်း ဟင်းလျာကို တဇွန်းလောက်လေး လောင်းလိုက်တာလည်း ရှိပါတယ်။ တခါတရံကျတော့ တို့ဟူးသုပ်လေး တဇွန်းလောက် လောင်းလှူလိုက်တာလည်း ရှိပါတယ်။ ဒါကြောင့်အဖေက ဘာဖြစ်ဖြစ် ပေါပေါများများချက်ပါ။ ဟင်းကို အလေးထားပါလို့မှာတာပါ။ ကျွန်မတို့မြို့ကအိမ်ရှင်မတွေ ဈေးဝယ်ရင်တောင် “မနက်ဆွမ်းဟင်းအတွက်လေ"၊ “မနက်ဆွမ်းဟင်းဘာများချက်ရပါ့" လို့ ပြောပြီး ဈေးဝယ်နေကြတာ မကြာခဏကြားရပါတယ်။ သရက်သီးပေါ်ချိန် သရက်ချဉ်ကို မပြတ်သိပ်ထားပါတယ်။ ဟင်းမချက်နိုင်တဲ့နေ့တွေမှာ သရက်ချဉ်လေးကို ကြက်သွန်နီပါးပါးလှီးပြီး ကဗျာကယာသုပ် ကပ်လှူနိုင်ပါတယ်။ ကျွန်မတို့မြို့လေးရဲ့ မနက်ခင်းဟာ ပဲပြုတ်၊ တို့ဟူး၊ ပဲပင်ပေါက်၊ အပေါင်းကြော်ဆိုတဲ့အသံတွေနဲ့ နိုးထကြပါတယ်။ ဒါမှလည်း ညက ဟင်းမစီစဉ်မိတဲ့အိမ်၊ မစီစဉ်နိုင်တဲ့အိမ်တွေအတွက် ဆွမ်းလေးချက်ပြီး ပဲပြုတ်သုပ်လေးနဲ့ သံဃာတော်တွေကြွလာတဲ့အခါ အရံသင့်လောင်းလှူနိုင်မှာပါ။ အမေက မြင်းခွာရွက်သုပ်ဆိုလည်း အများကြီး သုပ်ထားတယ်။ တခါတလေ ထူးထူးဆန်းဆန်း အသုပ်လည်း စီစဉ်လှူဒါန်းကြပါတယ်။ တချို့နေ့တွေများဆိုရင် ရှေ့က ဆွမ်းခံအိမ်တွေ အများကြီး ပြီးလာတဲ့သံဃာတော်ရဲ့ သပိတ်ဆိုရင် ဘယ်နားကိုဟင်းခပ်ထည့်ရမလဲ အတော်စဉ်းစားယူရတယ်။ ဆွမ်းကတော့ လောင်းတယ်ပြောရုံ နည်းနည်းလေးလောင်းလိုက်ရတယ်။

သာသနာထွန်းကားလှတဲ့ မြို့လေးမှာ ဘုရားပွဲတွေလည်း နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ ဘုရားပွဲရောက်ရင် ဆွမ်းသပိတ်လုံး ဆက်ကပ်လှူဒါန်းတာက မပါမဖြစ်အလှူဒါန တစ်ခုပါ။ ဘုရားပွဲတော်တွေများလှပေမယ့် ရွှေကူဘုရားဆွမ်းသပိတ်ပွဲတော်ကိုတော့ တမြို့လုံးက ပါဝင်လှူဒါန်းကြပါတယ်။ ရပ်ကွက်ဘုရားပွဲတော်တွေအတွက်က သက်ဆိုင်ရာ ရပ်ကွက်အိမ်တွေက ပါဝင်ကြတာဖြစ်ပါတယ်။ ဆွမ်းသပိတ်လောင်းလှူပွဲမတိုင်ခင်မှာ စေတနာ့ဝန်ထမ်းတွေက တမြို့လုံးလှည့်လည်ပြီး ဆွမ်းသပိတ်လောင်းလှူမည့် စာရင်းကောက်ခံပါတယ်။ စာရင်းပေးလိုက်တဲ့အိမ်တွေကတော့ မပျက်မကွက်သွားရပေမယ့် စာရင်းမပေးလည်း ဘုရားပွဲရက်မှ အကြောင်းတိုက်ဆိုင်လာလို့ လှူမယ်ဆိုရင် လှူလို့ရပါတယ်။ လောင်းလှူမည့်အိမ်အရေအတွက်ရပြီးရင် တိုက်ကြီး ၃ တိုက်အပါအဝင် တခြားဘုန်ကြီးကျောင်းတွေပါ သင့်တင့်မျှတအောင် သံသာတော်တွေကို ပင့်ဖိတ်ပါတယ်။ သက်ဆိုင်ရာ ကျောင်းထိုင်ဘုန်းကြီးကမှာ အလှည့်ကျတဲ့ သံဃာတော်ကို မနက်အာရုံဆွမ်းသပိတ် အလှူခံသွားဖို့ ရွေးချယ်ပါတယ်။ ပင့်ဖိတ်ခံရတဲ့ သံသာတော်က ဆွမ်းလောင်းပွဲမနက်မှာ ဖိတ်စာလက်မှတ်လေး ကိုင်ဆောင်လာရပါတယ်။

ကျွန်မတို့အမေက နှစ်စဉ်သပိတ်လက်ခံတယ်။ လက်ခံပြီးရင် အိမ်နားနီးချင်းတွေကိုလည်း “သပိတ်လက်ခံလား" ဆိုတာ မေးကြမြန်းကြ အဖော်စပ်ကြပါတယ်။ ရွှေကူဘုရားဆွမ်းသပိတ်ကို ချမ်းအေးလှတဲ့ ဆောင်းလတစ်လရဲ့ လပြည့်နေ့မှာ ပို့ဆောင်ရတယ်။ လဆန်း (၁၄)ရက်ဆိုရင် အမေတို့ ဈေးဝယ်၊ ချက်ပြုတ် ပြင်ဆင်ရတာနဲ့ အလုပ်တွေ ရှုပ်နေပါပြီ။ ဆွမ်းသပိတ်လုံးပို့ချိန်ကို ကျွန်မဘာလို့ သတိရသလဲဆိုရင် ကျွန်မတို့လမ်းလေးမှာ ကျွန်မက အဓိကဇာတ်ဆောင်လုပ်ခဲ့ရလို့ပါ။ ဆွမ်းသပိတ်အတွင်းမှာ ဆွမ်းရယ်၊ ဟင်းလျာခွက် အနည်းဆုံး (၅)ခွက်ပါပါတယ်။ ဆွမ်းသပိတ်ကိုတော့ မြို့ဈေးမှာ ဝယ်လို့ရသလို ဘုန်းဘုန်းတွေဆီကလည်း ပြန်စွန့်တတ်ပါတယ်။ ဘုန်းဘုန်းတွေဆီသွားရင် လှူစရာတွေ ယူသွားလှူပြီး သပိတ်ပြန်စွန့်တာ ယူလာရပါတယ်။ ကိုယ်နဲ့ခင်မင်ရာ၊ ကိုယ့်အိမ်ဆွမ်းခံကြွနေတဲ့ကိုယ်တော်တွေဆီက သပိတ်ကို ယူကြပါတယ်။ ဘာလို့လဲဆိုတော့ ကျောင်းတိုက်တွေမှာ သပိတ်က ပုံအောနေတဲ့အတွက် သပိတ်ပြန်စွန့်လိုက်တာက ကိုယ်တော်တွေလည်း အလှူပစ္စည်းရပါတယ်။ ရလာတဲ့သပိတ်ကို သန့်စင်ပြီး ရေစစ်ထားရပါတယ်။ သပိတ်အသစ်ဆိုရင်တော့ ရေစိမ်ထားရပါတယ်။ သပိတ်အသစ်နံ့ ပျောက်ချင်လို့ပါ။ ဘယ်လောက်သပိတ်တွေပေါပေါ ရွှေကူဘုရားဆွမ်းသပိတ်လောင်းပွဲဆိုရင် ဘုန်းကြီးကျောင်းတွေမှာ သပိတ်အကုန်ကုန်ပါတယ်။ နောက်ကျမှ ရောက်ရင် သပိတ်မရတော့ပါဘူး။ မြို့ဈေးကို သွားဝယ်ရင်လည်း အသစ်တွေပါ ကုန်ပြီဆိုတာနဲ့ တိုးနိုင်ပါတယ်။ ကျွန်မတို့အမေကတော့ အိမ်ကို ဆွမ်းခံကြွလာတဲ့ ဘုန်းဘုန်တွေဆီ အရင်နေ့ကတည်းက “ဘုန်းဘုန်း ၁၄ ရက်နေ့ ညနေ သပိတ်လာယူပါ့မယ်ဘုရား" ဆိုပြီး စရံရိုက်ထားပါတယ်။ ဒါမှလည်း နောက်နေ့ စိတ်မပူရမှာကိုး။

သပိတ်အတွင်းက ဟင်းလျာခွက်ကို ကျွန်မတို့ငယ်ငယ်က ဗာဒံရွက်နဲ့ ဖက်ခွက်လုပ်ပါတယ်။ တချို့အိမ်တွေက ဆွမ်းဟင်းခွက်ကို ပလပ်စတစ်၊ ဒန် စတာတွေနဲ့လုပ်ထားတဲ့ ခွက်တွေကို ဝယ်ထည့်ပါတယ်။ ကျွန်မတို့ငယ်ငယ်ကတော့ အဲလိုခွက်ဝယ်ထည့်တာ ရှားပါတယ်။ ဗာဒံခွက်နဲ့လုပ်တဲ့ ဆွမ်းဟင်းကမှ အနံ့အရသာပိုမွှေးဆိုပဲ။ လဆန်း (၁၄)ရက်နေ့ မနက်ဆိုရင် တခြားအိမ်တွေက ဗာဒံရွက်တွေခူးပြီး အိမ်ကို လာပို့ကြပါတယ်။ ကျွန်မတို့အိမ်မှာ ဗာဒံပင်မရှိပါဘူး။ လာပို့တဲ့အရွက်တွေကို ရေကန်ထဲမှာ စိမ်ထားလိုက်ပါတယ်။ ညနေခင်းရောက်ရင် အရွက်တွေကို ရေစစ်ပြီး အကြောတွေ သင်လိုက်ပါတယ်။ အဖေက ဝါးအစိမ်းကို ပါးပါးခုတ်လှီးပြီး (၁)လက်မအရှည်လေးတွေ ဖြတ်ထားပေးပါတယ်။ အနာအဆာမပါတဲ့ အရွက်ခပ်ကြီးကြီးတွေကို ရွေးထုတ်ပြီး သုံးမှာပါ။ အရွက်ရဲ့လေးပုံတစ်ပုံအဖျားပိုင်းကို ကပ်ကြေးနဲ့ ခပ်ဝိုင်းဝိုင်းညှပ်ရပါတယ်။ အရွက် (၂)ရွက်ကို အချောဖက်ကို အပေါ်မှာထားပြီး ကြက်ခြေခတ်ပုံ ထပ်လိုက်ပါတယ်။ ထောင့်(၄)ထောင့်ကို လိုက်ထပ်ပြီး ခွက်ပုံလေး ပေါ်လာအောင်ချိုးလိုက်ပါတယ်။ ချိုးလိုက်တဲ့နေရာမှာ ဖြတ်ထားတဲ့နှီးချောင်းလေးတွေနဲ့ တွယ်လိုက်ပါတယ်။ အဲဒီအခါ လိုချင်တဲ့ ဗာဒံခွက်ကိုရပါပြီ။

ဆွမ်းဟင်း (၅)ခွက် အနည်းဆုံးလုပ်တာဖြစ်လို့ လိုချင်တဲ့အိမ်ကို ရေတွက်ပြီး လုပ်ရပါတယ်။ ပဲဟင်းနဲ့ အသားဟင်းလို အဓိက ဟင်းတွေအတွက် ခွက်ကို ကြီးလုပ်ရပါတယ်။ အိမ်တအိမ်ကို ခွက်ကြီး (၂)ခွက် နဲ့ ခွက်အသေး (၃)ခွက်စီ အနည်းဆုံးလုပ်ပေးရတယ်။ ကျွန်မလုပ်တဲ့ ဗာဒံခွက်ကမှ လှတယ်လို့ သူတို့တွေ ပြောကြတာပါပဲ။ တခြားလူတွေလုပ်ရင် မလှလို့ဆိုတဲ့ အစွဲလေးတွေနဲ့ ကျွန်မဆီကမှ ရချင်ကြတယ်ဆိုတော့ အများကြီးလုပ်ရတော့တာပေါ့။ ဗာဒံခွက်လုပ်ရင်းစားဖို့ လက်ဖက်သုပ်ယူလာတဲ့သူလည်း ရှိတယ်။ မုန့်ယူလာပေးတဲ့အိမ်လည်း ရှိပါတယ်။ ကျွန်မငယ်ငယ်က လုပ်အားဒါနပါဝင်ခွင့်ရလို့ သိပ်ပျော်ခဲ့ပါတယ်။ ၁၄ ရက်နေ့ ညနေ ၄ နာရီလောက်ဆို ဗာဒံခွက်ထိုးဖို့ ပြင်ဆင်နေပါပြီ။ လာကူလုပ်ပေးချင်တဲ့သူတွေကလည်း ပေါများလှပါတယ်။ ခွက်တွေလုပ်ပြီးသွားရင် တခြားအိမ်တွေက လာယူသွားကြပါတယ်။ ကျွန်မအမေကတော့ ညနေစောင်းရင် အသားဟင်းအိုးချက်ပြုတ်ပြီး မီးဖိုပေါ်မှာ နှပ်ထားတယ်။ ပဲကြီးဆံကို သန့်စင်ထားတယ်။ ငါးရံ့ခြောက်ကို တုံးတစ်၊ ကြက်သွန်နီကို ပါးပါးလှီးဖြန့်ထားရတယ်။ ငရုတ်သီးနဲ့ ကြက်သွန်ဖြူကိုလည်း အဆင်သင့်ထောင်းထားရပါတယ်။ ပေါ်ဆန်းမွှေးဆန်ကိုလည်း အဆင်သင့် သန့်စင်ထားပါတယ်။ ဟင်းလျာထည့်မည့် ခွက်တွေကိုတော့ ပဝါသန့်သန့်နဲ့ရေသုတ်ပြီး လင်ဗန်းမှာ မှောက်ထားရတယ်။ ညပိုင်းမှာ အားလုံးပြင်ဆင်ထားမှ မနက်မှာ စိတ်မလောရမှာပါ။ ပြင်ဆင်မထားဘူးဆိုရင် မနက်ကျတော့ ကသီကုန်တော့တာပါပဲ။ အားလုံးပြင်ပြီးရင်တော့ အမေတို့တွေ အိပ်ယာစောစောဝင်ကြပါတယ်။ ကျွန်မကတော့ မနက်သွားရင် ဝတ်မည့်အဝတ်အစားတွေ အဆင်သင့်ထုတ်၊ အိမ်နားနီးချင်းအမတွေကို အိပ်ယာလှမ်းနှိုးဖို့ မှာပြီးမှ အိပ်ယာဝင်ပါတယ်။

မနက် (၂) နာရီလောက်ဆိုရင် အဖေက ဆွမ်းချက်ထဖို့ အိပ်ယာက နှိုးသံကြားရပါတယ်။ အမေက ဘွန္တောလှည့်တဲ့သူတွေ မလာသေးဘူး ပြန်အိပ်မယ်လို့လည်း ပြောပါတယ်။ (၂) နာရီ ၁၅ မိနစ်လောက်မှ “ဆွမ်းချက်ရန်ထတော်မူကြပါ၊ ဘွန္တော သပ္ပုရိသ အပေါင်း သူတော်ကောင်းတို့" ဆိုပြီး ဘွန္တောလှည့်တဲ့အဖွဲ့ လာပါတယ်။ ကျွန်မငယ်ငယ်က အဲဒီအသံကို အိပ်မက်လိုလိုကြားပြီး ပြန်အိပ်အိပ်ပျော်သွားတတ်တယ်။ ဘယ်လိုလှည့်တာလဲ သိချင်တော့ “ အဖေ မနက်ကျ သမီးကို ဘွန္တောလာရင် နှိုးနော်"လို့ အဖေကို မှာပြီး အိပ်တယ်။ အဖေက နှိုးပေမယ့် ကျွန်မ ဘယ်တော့မှ အိပ်ယာမထပါဘူး။ မနက်လင်းရင်တော့ “ ဟင် အဖေကလည်း နှိုးပါဆို အခု မမြင်လိုက်ရတော့ဘူး" ဆိုပြီး အဖေကို စိတ်ဆိုးတတ်တယ်။ အဖေက တဟားဟားရယ်ပြီး “အဖေနှိုးတာ အခေါက်ပေါင်း မနည်းဘူး၊ သမီးမှ အိပ်ယာမထတာ" လို့ ဆိုမှ ကိုယ့်အပြစ်ဖြစ်နေတော့ သာသာလေးနေပြီး “ နောက်တခါဆိုရင် သေချာနှိုးနော်၊ သမီး တကယ် အိပ်ယာထမှာနော်" လို့ ပြောပြန်ပါတယ်။ မှတ်မှတ်ရရ တခါတည်း အိပ်ယာထဖူးပါတယ်။ ဘွန္တောကြည့်ချင်လွန်းလို့ အိပ်ယာကထပြီး အသာလေးချောင်းကြည့်လိုက်တာ အံ့သြရတယ်။ ကျွန်မတို့အတန်းဖော်သူငယ်ချင်းတွေ ဖြစ်နေတယ်။ အဲဒီကောင်လေးတွေက ဖိုးသူတော်လို အဖြူရောင်ဝတ်စုံလေးတွေဝတ်ပြီး ကြေးစည်ထမ်းထားတယ်။ အားလုံးက မနက်အိပ်ချင်မူးတူးပုံမဟုတ်ဘဲ လန်းလန်းဆန်းဆန်း နှိုးဆော်ရေး ဟစ်အော်နေပါတယ်။ ရပ်ကွက်တိုင်းလှည့်တာဆိုတော့ စေတနာအလျောက် ကူညီကုသိုလ်ယူကြတာလို့ အဖေက ပြောဖူးပါတယ်။ ဘွန္တောသံကြားရင် အမေက မျက်နှာသစ်နေပါပြီ။

အမေက ညကတည်းက နှပ်ထားတဲ့ အသားအိုးတွေ ပြန်နွှေး၊ နောက်မီးဖိုတခုမှာ ပဲဟင်းအိုးတည်ထားပါတယ်။ ကြက်သွန်နီ၊ ငါးရံ့ခြောက်၊ ငရုတ်သီးရောပြီး ဘလချောင်ကြော်ကြော်ပါတယ်။ ငါးသေးသေးလေးတွေကို အိုးကပ်ချက်ထားတာက ဟင်းတခွက်ပါ။ အသားဟင်း၊ ပဲဟင်းနဲ့ အချဉ်တခုခု သုပ်တာရယ် အားလုံးပေါင်း ဟင်း (၅)မျိုးဖြစ်သွားပါတယ်။ ဆွမ်းကို သပိတ်တဝက်နီးပါး ထည့်ပြီး အပေါ်က ဟင်းလျာခွက်တွေ စီထည့်ရပါတယ်။ ငှက်ပျောသီး ဖီးကြမ်းလှလှကြီးတွေကို သပိတ်ပေါ်မှာ တင်ပါတယ်။ တချို့အိမ်တွေက ချည်လက်သုပ်ပဝါအုပ်ပါတယ်။ တချို့တော့လည်း စက္ကူယပ်တောင်ပေါ်မှာ ဝတ္ထုငွေကို ကော်လေးနဲ့ကပ်ပြီး သပိတ်ပေါ်တင်ပါတယ်။ အမေကတော့ ခပ်စိမ်းစိမ်း ငှက်ပျောသီးလှလှကြီးတွေကို (၄) (၅) ရက် ကြိုဝယ်ထားလိုက်တာ လပြည့်နေ့ သပိတ်ပို့အတွက် အတော်ဖြစ်သွားပါတယ်။ အမေတို့ အားလုံးပြင်ဆင်နေချိန်မှာ ကျွန်မက အလှပြင်ရပါတယ်။ တခါတရံ မနက် (၂)နာရီလောက် မီးပျက်တတ်တော့ ဖယောင်းတိုင်မီးနဲ့ အလှပြင်ရပါတယ်။ အိပ်ယာက မထချင်ပေမယ့် သနပ်ခါးအေးအေးလေး လိမ်းလိုက်ရင် လန်းဆန်းသွားပါတယ်။ အိမ်နားက အမတွေအားလုံးလည်း အလှပြင်နေကြပါပြီ။ အမေတို့ လူကြီးတွေက လက်နှိပ်ဓါတ်မီးလေးကိုင်ပြီး သူ့အိမ်က ဆွမ်းသပိတ်၊ ကိုယ့်အိမ်က ဆွမ်းသပိတ် လှည့်လည်ကြည့်ရှုနေကြပါတယ်။ “ဟယ် အသားချက်က အရောင်လေးလည်း လှလိုက်တာ၊ သပိတ်အုပ်ထားတဲ့ ငှက်ပျောဖီးက ဘယ်ချိန်က ဝယ်ထားတာလဲ၊ ငါးအိုးကပ်ဟင်းက ဆီပြန်လေးတော့" ဆိုပြီး ပီတိကုသိုလ်ယူကြပါတယ်။

အားလုံးအဆင်သင့်ဖြစ်လို့ မနက် (၃) နာရီခွဲလောက်ဆို အိမ်နားက အမတွေစုပြီး သပိတ်ပို့သွားကြတယ်။ မိနစ်(၂ဝ) ခန့် လမ်းလျှောက်ရတာမလို့ (၄)နာရီ မရှိတရှိမှာ ဘုရားကို ရောက်သွားပါတယ်။ မြို့လယ်လမ်းမကို ရောက်ရင် ရပ်ကွက်တိုင်းက သပိတ်ပို့လာသူတွေနဲ့ ဆုံကြပါတယ်။ ကောင်လေးတွေကလည်း သူတို့အမေကို ဆိုင်ကယ်နောက်ကထားပြီး သပိတ်ပို့ ကောင်မလေးတွေကို ကြည့်ကြတာလည်း ပျော်စရာကောင်းလှပါတယ်။ သပိတ်ပို့လာသူတွေကို ဘုရားအဝင်မှာ ဂေါပက လူကြီးများနဲ့ ရပ်ကွက်ထဲက လုပ်အားလာပေးတဲ့ လူကြီးတွေက ဆီးကြိုသပိတ်ယူပါတယ်။ ချိုချဉ်၊ မုန့်ဖက်ထုပ်၊ ဇီးတော်ဖီ စတာတွေကို စေတနာ့အလှူရှင်တွေက “သပိတ်ပြန်အကမ်း" ဆိုပြီး လက်ဆောင်တွေ ပြန်ပေးပါတယ်။ ပါလာတဲ့ ပုဝါတွေနဲ့ ထည့်လို့ မနိုင်လောက်အောင် လက်ဆောင်တွေ ရတတ်ပါတယ်။ နောက်ထူးခြားတဲ့ လက်ဆောင်က ဆားရည်စိမ်ဇီးဖြူသီး အကြီးကြီးတွေကို တင်းတောင်းကြီးတွေနဲ့ ထည့်ပြီး လက်ဆောင်ကမ်းနေတာပါ။ ကိုယ်ကြိုက်သလောက် ထည့်ယူသွားလို့ ရပါတယ်။ သပိတ်ကို ဂရုတစိုက်ရွက်လာရတော့ အေးချမ်းလှတဲ့ ဆောင်းရာသီတောင် ချွေးပြန်ချင်သလိုလို မောပါတယ်။ ရောက်တာနဲ့ ဇီးဖြူသီးဆားရည်စိမ်လေး စားပြီး ရေအေးအေးသောက်လိုက်ရင် မောလာသမျှ ပြေပျောက်စေပါတယ်။ အမောပြေတဲ့အခါ ဘုရားကို အာရုံပြုကြပါတယ်။ ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ စံပယ်ပန်း၊ နှင်းပန်း၊ သစ်သီးစုံတွေ ကပ်လှူထားတာလည်း တပုံတပင်ဆိုတော့ ဘုရားဝတ်ပြုရတာ ကြည်နူးစရာကောင်းလှပါတယ်။

မနက် (၄)နာရီ (၁၅) မိနစ်ဆိုရင် အလှူခံမည့် သံဃာတော်များကို ဆွမ်းသပိတ် စတင်ဆက်ကပ်နေပါပြီ။ သံဃာတွေက များပြားလှတာကြောင့် (၅)နာရီထိုးခါနီးမှ ဆက်ကပ်လို့ ပြီးပါတယ်။ ကျွန်မတို့က ကိုယ့်ဆွမ်းသပိတ်ကို မှတ်ထားပြီး ဘယ်သံဃာတော်ဆီ ရောက်မလဲဆိုတာ စောင့်ကြည့် ကြည်ညိုသဒ္ဒါပွားပါတယ်။ မစောင့်နိုင်တဲ့သူတွေက ဆွမ်းသပိတ်လုံးပို့ပြီး ပြန်လို့ရပါပြီ။ “ ဟယ် ငါတို့အိမ်က သပိတ်ကို ကပ်လှူနေပြီ" ၊ “ ဒါတော့ အမတို့အိမ်ကနော်" လို့ စောင့်ကြည့်ပြီးရင် အချင်းချင်းလက်တို့ပြီး ဘုရားအနောက်ဘက်မှာ နှစ်ပါးသွားကနေတဲ့ ဇာတ်ပွဲကို ငေးမောဖို့ နေရာရွှေ့ကြပါတယ်။ ခဏတဖြုတ်ငေးမောပြီးရင် အိမ်ပြန်တယ်။ အမေက ထမင်းပွဲနဲ့ စောင့်နေတော့ မောမောနဲ့ ထမင်းလွေးပြီး မနက်က မဝတဲ့ အိပ်ရေးကို ဆက်လက်အတိုးချမိပါတော့တယ်။ အခုတော့ မြို့လေးမှာ ဗာဒံဆွမ်းဟင်းခွက်တွေအစား ပလပ်စတစ်အိတ်တွေ အစားထိုးနေပြီ၊ စီးပွားရေးမပြေလည်တာက တမျိုး၊ အလုပ်တွေများနေတာက တဖုံ၊ အကြောင်းကြောင်းတွေကြောင့် ဆွမ်းသပိတ်လုံးအတွက် ဝီရိယလည်း မစိုက်ထုတ်နိုင်ကြတော့ဘူးလို့ အမေက ပြောပြတော့ စိတ်မကောင်းဖြစ်မိပါတယ်။ ငယ်ငယ်က အညာမြို့လေးမှာ ခံစားခဲ့ရတာတွေ နောင်တချိန်မှာ ပြန်ရနိုင်ပါအုံးမလားလို့လည်း တွေးမိနေပါတော့တယ်။

မဖနိ

Read more...

မီးပွိုင့်

>> Saturday, July 26, 2008


အခုစာရေးဆရာ Фазиль Искандер(ဖာဇီ(လ်) အီစကန်ဂျယ်) က Abkhazia တွင် ၆၊မတ်လ၊၁၉၂၉ မှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့စာတပုဒ်ကို ကျောင်းသင်ခန်းစာမှ သင်ခဲ့ဖူးလို့ အင်တာနက်မှာ လိုက်ရှာလိုက်တော့ အခုဘာသာပြန်လိုက်တဲ့ အတိုတပုဒ်နဲ့အတူ သူရဲ့အခြားစာတွေလည်းကိုပါ တွေ့ပါတယ်။ အခြားစာတွေကိုလည်း နောက်အလျင်းသင့်ရင်လည်း ဘာသာပြန်ပါဦးမယ်။ သူဟာ စာပေဆုများစွာရတဲ့ သူတစ်ယောက်ဖြစ်တာ တွေ့ရပါတယ်။ အခုအချိန်မှာ မော်စကိုမှာ နေထိုင်လျက်ရှိပါတယ်။



မီးပွိုင့်
ဖာဇီ(လ်) အီစကန်ဂျယ်


အရုပ်ကလေးတစ်ရုပ်လို ချစ်စရာကောင်းလှတဲ့ ဂျာမန်ရှေးဟောင်းမြို့လေးတစ်မြို့။ ကျနော်တို့ အဖွဲ့ဝင်အနည်းငယ်ပါတဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့ တည်းခိုတဲ့ ဟိုတယ်ကလေးကို ညမိုးချုပ်နောက်ကျပြီး ပြန်လာကြတယ်။ လမ်းမကို ဖြတ်ကူးမယ်ဆိုတော့ မီးပွိုင့်က အနီရောင်ပြနေပါတယ်။ ဒါပေမယ့်လည်း လမ်းမပေါ်မှာ မောင်းနေတဲ့ကားမှ မရှိတော့ လမ်းကို ဖြတ်ကူးကြမယ်ပေါ့။ ကျနော်တို့တွေက လမ်းကူးဖို့လုပ်တော့ ဂျာမန်တချို့ဆီက လမ်းကူးမှာကို မကြိုက်တဲ့အသံတွေ ထွက်လာပါတယ်။ သူတို့တွေကတော့ လူသွားလမ်းပေါ်မှာ မီးစိမ်းကို ရပ်စောင့်နေပါတယ်။ ကားတစီးမှမရှိဘဲ မတ်တပ်ရပ်ပြီး စောင့်နေပါတယ်။

အဲဒါက ဘာကိုဆိုလိုသလဲဆိုတာ ကျနော်စဉ်းစားမိတယ်၊ ဒီမိုကရေစီဆိုတာ ဟိုးအနိမ့်ဆုံးမှာရှိနေတာလား၊ ဒါမှမဟုတ် အရေးကြီးအဆင့်အတန်းမှာ ရှိနေတာလား။ ဒါက နိုင်ငံတော်နဲ့ ပြည်သူတွေကြားက ဖွင့်ပြောမထားတဲ့ အများဆိုင်ရာ သဘောတူစာချုပ်လိုမျိုး မဟုတ်ပေဘူးလား။

ပြည်သူတွေက မလိုက်နာပေမယ့် နိုင်ငံတော်က လိုက်ပြီးဖြည့်စည်းပေးရမဲ့ ကိစ္စတွေရှိတယ်။ နိုင်ငံတော်က စောင့်မကြည့်ပေမယ့်လည်း ပြည်သူတွေက လိုက်နာဖြည့်စည်းရမယ့် ကိစ္စတွေလည်းရှိပါတယ်။

ပြည်ကြီးသားပီသတယ်ဆိုတာက ကိုယ့်ဆေးလိပ်အစီခံကို ပြာခံအမှိုက်ပုံးဆီကို သယ်သွားတာပါ။ နိုင်ငံတော့်အလုပ်ကတော့ သိပ်မကွာဝေးလှတဲ့ နေရာတိုင်းမှာ ပြာခံအမှိုက်ပုံးတွေ ထားပေးရမှာ မဟုတ်လား။

ဒီမိုကရေစီနိုင်ငံတော်မှ ပြည်သူတစ်ယောက်က သူ့ပုဂ္ဂလိက အကျိုးအတွက် ရဲတွေစောင့်မနေတောင် ကိုယ့်ရဲ့သောက်ပြီးသား စီးကရက် ဖင်စီခံကို ပြာခံအမှိုက်ပုံးဆီကို သယ်သွားတတ်တယ်လို့ အဓိပ္ပါယ်ရောက်ပါတယ်။ ဒီမိုကရေစီနိုင်ငံတော်ဆိုတာကတော့ လမ်းမပေါ်ရဲတွေ ချထားတာထက် ပြာခံအမှိုက်ပုံးတွေ ပိုပြီးချထားပေးမယ်လို့ သဘောရပါတယ်။ အဲဒါမှသာ အကျိုးများစေတဲ့ ဒီမိုကရေစီစနစ်ရဲ့ လက်တွေ့အလုပ်ပါ။

အဲဒါက ဘယ်လို စဖြစ်လာမှာလဲဆိုရင် အထက်ကနေ အောက်ကို၊ အောက်ကနေ အထက်ကို ဆိုသလို တချိန်တည်းမှာဖြစ်နေတဲ့ ဖြစ်စဉ်တခုအဖြစ် စဉ်းစားနိုင်ပါတယ်။ သိပ်တော့ မသေချာပါဘူး။ မြင်သာထင်သာရှိတဲ့ ဥပမာတခုပြောကြည့်မယ်။ နိုင်ငံတော်မှာ အားလုံးအတွက် မြင်သာထင်သာအရှိဆုံးတခုကတော့ (ဂရုတစိုက်ပဲဖြစ်ဖြစ်၊ ပေါ့ပျက်ပျက်ပဲဖြစ်ဖြစ် သူ့ကို ရှုမြင်ကြလိမ့်မယ်။) နိုင်ငံတော် အာဏာပါပဲ။ ပြည်သူတွေက အာဏာကိုရှုမြင်တဲ့အခါ ကိုယ့်ကိုကို ဘာတွေပြန်ပြောဖြစ်သလဲဆိုတော့ - "ဟေ့ ကြည့်စမ်း မခိုးကြဘူး။ ဟေ့ ကြည့်စမ်း မလိမ်ညာကြဘူး။ ကြည့်စမ်း မနေ့က မှားခဲ့တယ်၊ ဒီနေ့မှာ (နောက်နှစ်မှ မဟုတ်ဘူး) မနေ့က မှားခဲ့တယ်ဆိုတာကို ဝန်ခံမယ်။ ကိုယ့်ဆေးလိပ်ဖင်စီခံကို ပြာခံအမှိုက်ပုံဆီကို သယ်သွားကြရော။"

မူရင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။

Read more...

ဘေကျင်း အိုလံပစ်

>> Thursday, July 24, 2008


ကျနော် ဒီဘလော့ရဲ့ ကွန်ထရီဗြူတာ အသစ်ပါ။ ဒီမှာ သူငယ်ချင်းတွေရှိနေတော့ ဒီဘလော့ဂ်ကို လာပြီးလည်း ဖတ်ဖြစ်ပါတယ်။ အခု ကျနော်ရောက်နေတဲ့ တရုတ်နိုင်ငံမှာ အိုလံပစ်ပွဲ ကျင်းပတော့မယ်ဆိုတော့ လူအများသိပြီးသား အကြောင်းအရာဖြစ်နေပေမယ့်၊ သူငယ်ချင်းများအားလုံး အမှတ်တရဓာတ်ပုံလေးတွေ ကြည့်ရအောင် ကိုယ်တိုင်ရိုက်ထားတဲ့ ပုံတချို့ရယ်၊ အင်တာနက်ထဲက ပုံတချို့ရယ် ရှာဖွေပြီး ဝေမျှလိုက်ပါတယ်။


သြဂုတ်လ၊ (၈) ရက်နေ့ ရောက်ရင် ဘေကျင်း အိုလံပစ် စတော့မှာပါ။ ပြေးခုံပစ်တို့၊ ဘောလုံးတို့ ပြိုင်မယ့် အားကစားကွင်းကြီးတွေ အပြင် ဘေကျင်းမြို့မှာ ရှိတဲ့ တက္ကသိုလ် ကျောင်းတွေရဲ့ အားကစားရုံတွေကိုလည်း ပြိုင်ပွဲကွင်းတွေ အဖြစ် အသုံးပြုမှာပါ။ ဘေကျင်းမြို့က တက္ကသိုလ်ကျောင်းတွေရဲ့ အားကစားရုံတွေတိုင်းမှာ ပြိုင်ပွဲ အားကစားနည်း တစ်ခုစီ ကျင်းပပါတယ်။ ကျနော် တက်ရတဲ့ကျောင်းမှာတော့ အလေးမပြိုင်ပွဲ ရှိပါတယ်။ ကျောင်းရဲ့ ရေကူးကန်ကိုလည်း Training အတွက် အသုံးပြု မှာပါ။ အောက်က ပုံကတော့ ကျနော်တို့ကျောင်းထဲက အလေးမပြိုင်ပွဲကျင်းပမယ့် အားကစားရုံပါ။ အခုပုံကတော့ ကိုယ်တိုင် ရိုက်လာတာပါ။

ဖွင့်ပွဲ ကျင်းပမယ့်ကွင်းသစ်

(တခြားကွင်းပုံတွေ ကြည့်ချင်ရင်တော့ ဒီမှာ သွားကြည့်ပါ။)

ပြိုင်ပွဲ နေရာတွေဆီ သွားမယ့် ကားတွေ အတွက် လမ်းတွေကိုလည်းသီးသန့်ခွဲထားပါ သေးတယ်။


ကားတွေမှာ အိုလံပစ်ပွဲလာမယ့် နိုင်ငံခြားသားများ အဆင်ပြေစေဖို့ ကားစပယ်ယာတွေ ကိုလည်း အင်္ဂလိပ်လို ပြောတတ်အောင် နှစ်အတော်ကြာ စောစောစီးစီး လေ့ကျင့်သင်ပေးထားပါတယ်။ ဘတ်(စ)ကားပေါ်မှာလည်း ထိုင်ခုံတွေကို အရောင်ခွဲထားပါတယ်။ အဝါရောင်ထိုင်ခုံတွေက ကလေး၊ ကိုယ်ဝန်သည်၊ လူကြီး၊ မသန်စွမ်းတဲ့သူတွေ အတွက်ပါ။ သူတို့တွေကို ဦးစားပေးဖို့ တီဗွီတွေမှာလည်း မကြာခဏ လွှင့်ပြီး အသိပေး၊ပညာပေးပါတယ်။ taxi တွေ၊ bus တွေကိုလည်း တသုတ်ပြီးတသုတ် အသစ်လဲလဲသွားပြီး၊ အခုဆိုရင် မြင်သမျှကားတွေ၊ တက်ကစီတွေဟာ အသစ်တွေဖြစ်လို့နေပါပြီ။ အိုလံပစ် မှာသုံးမယ့် ဘတ်စ်ကားတွေပါ။


အိုလံပစ် အတွက် အသစ်ဆောက်ထားတဲ့ Beijing Airport Terminal ပါ။ ကမ္ဘာ့အကြီဆုံးလို့ ပြောတာပဲ။




July 19 ရက်နေ့က ဖွင့်လိုက်တဲ့ Subway လိုင်းသစ်ပါ။
အိုလံပစ် အားကစားပြိုင်ပွဲကျင်းပမယ့် နေရာတွေကို သွားလာဖို့ လွယ်ကူအောင် အဓိကထား ဆောက်တာပါတဲ့။


၂၀၀၇ ဖေဖေါ်ဝါရီလောက်ကတည်းက လမ်းဆုံ၊လမ်းမ အထင်ကရနေရာတွေမှာ အိုလံပစ်အထိမ်းအမှတ်Board တွေ ထောင်ထားပါတယ်။


Volunteers က (၅၀၀၀၀၀)


ကိုယ်စားပြု အမှတ်တရ အရုပ် (၅) ရုပ်


လက်မှတ် (၅) မျိုး


ဂုဏ်ပြုမယ့် ဆုတံဆိပ် တွေက

(မြန်မာ့ ကျောက်စိမ်း၊ ကမ္ဘာကို လွှမ်းစေ ရမည်။)

ဆုတံဆိပ်တွေကိုလိုချင်ရင်တော့ ၀င်ပြိုင်ကြပါနော်။
ကျနော် ကတော့ တီဗွီကနေ အားပေးမယ်...

ဓာတ်ပုံတွေကို အင်တာနက်မှ ရှာဖွေထားတာဖြစ်ပါတယ်။

Read more...

ဒိုင်ယာရီ၏အရောင်ပြယ်ဖြည့်စွက်ခွင့်


သူငယ်ချင်း ကိုလူအေးက တဆင့်ပေးပို့လာတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာလေးကို ဖော်ပြလိုက်ပါတယ်။

ဒိုင်ယာရီ၏အရောင်ပြယ်ဖြည့်စွက်ခွင့်

ခံစားပေးခဲ့မိတာ ရင်နဲ့ မဆံ့အောင်ပဲ
ဆန္ဒတွေကိုထပ်တူချ..
ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်းတစ်စလို
အရိပ်တစ်ခုထက်ပိုအောင်ထည့်သွင်း
နောင်တစ်ချိန်အတွက် အစားထိုးဝင်လာမယ့်
အလွမ်းသီချင်းကို မေ့ပျောက်ခြင်းတွေနဲ့နင်းဖျောက်ချင်ခဲ့တာ
ကိုယ်နဲ့ပတ်သက်တဲ့အလွမ်း
မင်းအတွက်အလှမ်းဝေးလွန်းမှန်းသိပေမယ့်
နားလည်ရခြင်းဆိုတဲ့စည်းဘောင်ထဲမှာ
ကိုယ်ကိုယ်တိုင်က နှစ်ခြိုက်စွာနေရာယူထားခဲ့
မဖြည့်စွက်နိုင်တော့မယ့်ကွက်လပ်တွေအတွက်
မတောင်းပဲပေးထားခဲ့တဲ့စိတ္တှဇနာမ်တွေအတွက်
ကြေကွဲခြင်းသက်သက်ကျန်နေရစ်ပါစေ
သတင်းစကားတွေနားစွင့်ရင်း
အဝေးကချစ်ခြင်း
မျှော်လင့်ခြင်းမဲ့ကျေနပ်ချင်ခဲ့သူ


ကောက်ရိုးနွယ်


Read more...

ဝါတွင်း ဥပုဒ် တစ်ရက်

>> Tuesday, July 22, 2008


ဝါတွင်း ဥပုဒ် တစ်ရက် က မိုးဦးကျ၏ နံနက်ခင်းသည် ရွက်နုစိမ်းတို့ဖြင့် မြရောင် သန်းနေသည်။ ကျောင်းအ၀င်ဝရှိ ဖွားဘက် တော်ပင်ကြီးသည် တစ်ပင်လုံး အပွင့်များဖြင့် ကျွန်မကိုဆီးကြိုနေသည်။ မုဒ်ဦး၌ တရုတ်စံကား ပွင့်များမှာ ပွင့်တစ်ချို့၊ ကြွေတစ်ချို့။
ပန်းစိုက်ခင်း အနီးမှ ဖြတ်လျှောက်လာတော့ စံပယ်ပွင့် လက်ကျန် တစ်ချို့က ဖြူဖွေးစွာ ပွင့်လျက် ရှိနေသေးသည်ကို တွေ့ရ၏။ လက်ဆွဲခြင်းထဲမှ ဆွမ်းချိုင့်၊ ထမင်းချိုင့်၊ စပျစ်သီးအချို့နှင့် လက်ဖက်အုပ်တို့၏ အလေးချိန်က မသေးသော်လည်း ပေါ့ပါးသောစိတ်ကြောင့် ခြေလှမ်းတို့က သွက်၏။
စာချဆောင်၊ စာသင်ဆောင်၊ ဆွမ်းစားဆောင်များကို ဖြတ်ကျော် မိတော့


“အေးအေး တကယ်စောင့်ဖြစ်တယ်နော် ဝမ်းသာလိုက်တာ ”ဆိုသော အသံက အရင် ပေါ်လာပြီးမှ ဇလပ်ပန်းရုံများကြားက ထွက်လာသော မလတ်ကိုတွေ့ရ၏။ ကျွန်မမှာ မလတ်ကိုတွေ့လျင် မဖေါ်ပြနိုင်အောင် ဝမ်းသာလှသဖြင့် ဘာမှမပြောနိုင်ပဲရှိ၏။ မေမေ၏ “ငါ့သမီး အဖေါ်မင်ပုံများ ဥပုဒ်စောင့်တာတောင် အဖေါ်စောင့်တဲ့ကျောင်းမှ စောင့်မတဲ့အေ။ ဖြစ်မှဖြစ်ရလေ”ဆိုသောအသံကို ပြန်ကြားမိသေး၏။
“ပေးပေး ငါဆွဲခဲ့မယ်”
“မလုပ်ပါနဲ့မလတ် ”ကျွန်မအပြော နှေးနှေးရှေ့တွင် ခြင်းက မလတ်လက်မှာ ရောက်နှင့်၏။
“မလတ် ဘယ်အချိန်က ရောက်နေလဲ”
“အင်း နာရီဝက် လောက်တော့ရှိပြီ။ မန်ကျီးရွက်သုပ် ကမ်းဖို့ လုပ်လာတာလေ၊ မြေပဲဆန်ထောင်းက သပ်သပ် ပလပ်စတစ်နဲ့ ထုပ်ယူလာပြီး ဥပုဒ်သည်တွေ ရောက်ခါနီးမှ ရောမွှေပြီး သုတ်ရမှာမို့ စောထွက်ခဲ့တာ”
မလတ်က မန်ကျီးရွက်သုတ် ကမ်းမည် ဆိုပါလား။ ကျောင်းပေါ် ရောက်တော့ မလတ်၏ မန်ကျည်းရွက်သုပ် စတီးဇလုံကြီးကို တွေ့ရ၏။ အချဉ်သတ်ထားသော မန်ကျည်းရွက်များကို ပဲမှုန့် ၊ကြက်သွန်နီ ပါးပါး၊ မြေပဲဆံထောင်းတွင် ကြက်သွန်ဖြူ ဆီချက် လောင်းကာ သုပ်ထားသည်မှာ မြင်ရုံနှင့် စားချင်ဘွယ် ရှိလှ၏။ ကျွန်မက နောက်ဥပုဒ် ချိုချဉ်ကမ်းမည်ဟု တေးထားလိုက်၏။ အသုပ်တွေဘာတွေဆို သူများက ကူပေးပါမလား စိုးရိမ်နေရဦးမည်။ ကျွန်မကိုယ်တိုင် သုပ်လျင်တော့ သီလပေးချိန်ရောက်တောင် အဆင်ပြေပြေ ပြီးနိုင်မည် မဟုတ်ချေ။ ကျွန်မကို ရန်သူလို ဆက်ဆံမည့် မီးဖိုခန်းက ဆားနှင့်ဓား ကိုလည်း ရင်ဆိုင် နေရဦးမည်။
ဘုန်းကြီးကျောင်းမှာ တောရ ကျောင်းဖြစ်ရာ မြို့နှင့်ရော ရွာများနှင့်ပါ အတော် လှမ်းသဖြင့် သီလပေးချိန်က ၉နာရီခွဲ သတ်မှတ် ထားသော်လည်း ၈နာရီခွဲ လောက်မှစ၍ သီလယူမည့် သူများ တဖွဲဖွဲ ရောက်ရှိလာ၏။ ကျွန်မကို မလတ်က မန်ကျီးရွက်သုပ် ကမ်းပေးရန် တာဝန်ပေးရာ ပျော်လှသည်။ ဆေးလိပ် ကုသိုလ်ရှင်မှာ လူခွဲမရှိသောကြောင့် သီလယူခါနီးမှ လာနိုင်မည်ဖြစ်ရာ မလတ်က ဆေးလိပ် ကမ်းပေးနေရ၏။ အခြား လက်ဖက်သုတ်ကမ်းသူ၊ ဖျော်ရေဗူးကမ်းသူ၊ ယပ်တောင်ကမ်းသူ၊ ရှုဆေးဗူးကမ်းသူ၊ ကိုးလုံးပုတီးကမ်းသူ စသည်ဖြင့် ကျောင်းအပေါ်ထပ် တံခါးအဝင်တွင် နိဗ္ဗာန်ဈေး ခင်းလျက် ရှိလေ၏။
နိဗ္ဗာန်ဈေးသူ များမှာလည်း ဝတ်ကောင်း စားလှများနှင့် သနပ်ခါး ခြေစွန်း ခေါင်းစွန်းလိမ်းကာ အလှ ကျက်သရေ ပွင့်လန်းလျက်ရှိ၏။ အချို့ မိန်းကလေးများမှာ အိမ်က ဥပုဒ်ကျောင်း အတင်းလွှတ်၍ မတတ်သာလို့ ထွက်လာရသော်လည်း တစ်နေကုန် မီးလာ၍ အင်တာနက် ကော်နက်ရှင် ကောင်းတတ်သော ဝါတွင်း ဥပုဒ်နေ့တွင် ဂျီတော့ခွင့် မရတော့၍ မှိုင်တွေချနေ၏။
၉နာရီ၂၀တွင် လူစုံပြီဖြစ်ရာ ဂေါပကကြီးမှ ဘုန်းကြီး ကြွလာတော့မည် ဖြစ်ကြောင်း အားလုံး၏ အသံကို လွှမ်းသွားအောင် ဆော်သြလိုက်ရာ ဥပုဒ်သည်တို့ နေရာယူကာ ငြိမ်သက် သွားလေ၏။ ဘုန်းဘုန်းကြီး ကြွလာပြီး တရားပလ္လင်တွင် နေရာယူ၏။ ဂေါပကကြီးမှ “ဘုရားအမြတ်ဆုံး ရတနာ၊ တရားအမြတ်ဆုံး ရတနာ၊ သံဃာ အမြတ်ဆုံးရတနာ၊ ရတနာမြတ်သုံးပါးကို ရိုသေ ကြည်ညိုစွာဖြင့် ကန်တော့ကြပါစို့ ခင်ဗျား..” စလိုက်သည်နှင့် ကန်တော့ချိုးကို ညီညီရွတ်ဆို ကန်တော့ကြရ၏။
ရှစ်ပါးသော သီလတော်မြတ်ကို ခံယူဆောက်တည်ခြင်း ဘုန်းဘုန်းကြီးမှ သီလအကျိုး ဘာဝနာအကျိုး တို့ကိုဟောပြောခြင်းတို့ကို ကောင်းစွာမှတ်သား နာယူခြင်း ပြုကြလေ၏။
၁၀နာရီခွဲတွင် သီလယူပြီး၏။ ဘုန်းကြီးအား အသီးသီး ဆွမ်းချိုင့်များ ကပ်လှူကြ၏။ ပြီးလျင် မိမိတို့အုပ်စုအလိုက် ဇရပ်များပေါ်တွင် ထမင်းစားရန် ပြင်ဆင်ကြ၏။ ပြင်ဆင်ကြသည် ဟု ဆိုရာတွင် အားသွားသော လှူဖွယ် လင်ဗန်းထဲသို့ ထမင်းများကို သွန်ထည့်ပြီး ချိုင့်များ၊ ချိုင့်ဖုံးများကို ထမင်းစား ပန်ကန် သဖွယ် အသုံးပြုခြင်းကို ဆိုလိုသည်။
ကလေး ပါသောဝိုင်းများဆီမှ တီတီတာတာ အသံများလည်း ကြားနေရ၏။
အေးအေးတို့ ဝိုင်းတွင် အန်တီချင်း၊ အမေစု၊အမေရှိန်( အန်တီချင်းအမေ)၊ အမေကြီးရွှေ ၊မလတ်၊ ဖိုးတင့်(မလတ်နှင့် ဝါကျွတ်လျင် လပ်ထပ်တော့မည့်လူ)၊ ခိုင်ခိုင်၊ မသင်းတို့ ပါဝင်၏။ အမေစုတို့ လူကြီးများကို မြေးဖြစ်သူဖိုးတင့်က လှည်းမောင်းပို့ရင်း ကျောင်းသို့ ပါလာခြင်းဖြစ်၏။
“ကဲ လူကြီးတွေကို ဦးချပြီးပြီ စားကြစို့” အန်တီချင်းက လူကြီးများကို တစ်ဇွန်းစီ ဦးချပြီးနောက် စ စားကြသည်။
“အမေကြီးရွှေ သမီးကြက်သားရေချိုချက်လေး စားပါဦး မှီရဲ့လား၊ လတ်လတ်ဆတ်ဆတ် အိမ်ကြက်လေး အရမ်းအားရှိမှာ …အင့်”
“အင့်” ဆိုသည်မှာ အမေကြီးရွှေကို ဟင်းထည့်ပေးခြင်း မဟုတ်။ ခိုင်ခိုင်က တံတောင်နှင့် တွက်လိုက်သဖြင့် မသင်း ထမင်းလုပ် လွတ်ကျသွားခြင်း ဖြစ်၏။ “ဥပုဒ်သည်နော်” ဟု ကြိတ်ပြီး မာန်လိုက်သံကိုလည်း ကြားလိုက်ရ၏။
“ဒါနဲ့ မယ်ကြည်တစ်ယောက်မတွေ့ပါလားဟဲ့”
ပဲဟင်း တစ်ဇွန်းကို ရှုးကနဲ သောက်လိုက်ရင်း နားလေးသော အမေစုက အသံကျယ်ကျယ်ဖြင့် ဆိုရာ
“အံမယ်လေး သူ့သမီး အပျိုကြီး ဝါမဝင်ခင် သူတို့ အနောက်တောက ယာ ကို အခစား လုပ်ပေးနေတဲ့ ငသိန်းနောက် ကောက်ကောက်ပါအောင် လိုက်သွားတာကို မကြားဘူးလား အရီးရယ်”
ကျွန်မတို့ပြောလျင် ဒါလားဥပုဉ်သည်ဟု မပြောသော်လည်း အကြည့်လေးနှင့် အပစ်ပေးတတ်သော အန်တီချင်းက ရောင်းသူဝယ်သူ အသံတူစွာ အမေစု လေသံအတိုင်း ဖြေလိုက်၏။
“အင်း ..ဒါမျိုးပေါ့ သားသမီးယုံ စုံလုံးကန်း ဆိုတာ”
အမေရှိန်က အစားနည်းသည် ဖြစ်ရာ လက်ဆေးရင်း တရားသံ ကျကျဆို၏။
ကျွန်မနှင့်ခိုင်ခိုင်က ထမင်းစားပြီးသည်နှင့် အချိုပွဲပြင်သည်။ လက်ဖက်သုတ်၊ ဧလမုန့်၊ စပျစ်သီး၊ ကိတ်မုန့်၊ သရက်သီးမှည့်၊ ငှက်ပျောပေါင်း စသည်ဖြင့် စုံလင်လှသည်။ ခိုင်ခိုင်က ငှက်ပျောသီးပေါင်း လုပ်ပုံကို ကျွန်မအား ရှင်းပြနေသည်။ ယခု ငှက်ပျောပေါင်း သူ့လက်ရာ ဖြစ်သည်ဟု ဆို၏။
“နင်ရော ဘာမုန့်တွေ လုပ်တတ်လဲ”
“ပလာတာ” ဟုကျွန်မက ပြောချင်သော်လည်း သီလနည်းနည်းများ ကျိုးသွားမလား စိုးရိမ်ကာ ခေါင်းပဲ ယမ်းပြ လိုက်ရ၏။
မလတ်နှင့် ဖိုးတင့်က အုတ်ရေကန်ဆီ ချိုင့်ဆေး သွားကြသည်။
“ကဲ အရီးတို့ အချိုပွဲလေး စားလိုက်ကြဦး”
မလတ်တို့ ပြန်ရောက်လာတော့ အားလုံဝိုင်းဖွဲ့ထိုင်ကြရင်း ဟိုဟာနည်းနည်း ဒီဟာနည်းနည်း စားရင်း လူကြီးတွေ စကားဝိုင်းဖွဲ့ကြ၏။ အမေညိုနှင့် ဒေါ်ကြီး ခင်လေးတို့ ကူးလာပြီးမှ စကားဝိုင်းသည် ပိုစည်လာ၏။
“ ပုတ်မဂျီနေ့က ဘကြီးဦး ပြောတော့ မိုးနှောင်း ကောင်းမယ် ဆိုပဲ၊ ဒီနှစ် ကြက်သွန် လုပ်မယ် စိတ်ကူးကာမှ တူးချိန် မိုးနဲ့တွေ့မှာ စိုးရိမ်နေရတာ။ ဒီကြက်သွန်နဲ့ ဒို့တောင်သူတွေ တစ်ဒုက္ခတော်”
“အိုအေ ဈေးကောင်းတဲ့နှစ်လဲ ဒို့လက်ထဲ မရှိတော့မှ ဈေးတွေကတက်လာတာပါ ငါတော့ ကိုယ့်ဂျုံကို စိတ်အေးအေး လုပ်ချင်တာ အိမ်ကလူကြီးကို ပြောမရလို့”
“လမ်းလေး ဘာလေး အဖွင့်အပိတ်လဲ နားစွင့်ကြဦး အိန်ဒဒိယလိုင်း ဖွင့်ရင်လဲ ကုလားပဲ ပဲစဉ်းငုံ ဈေးကောင်းပါသအေ့ ငါတို့ကတော့ မမှု့ရတဲ့ ပဲစဉ်းငုံနဲ့ အကျိုးပေးလှပေါ့”
အမေကြီးရွှေက သနပ်ဖက်လိပ်ဖွာရင်း သူ့ပဲစိမ်းငုံခင်းကြီးကို ကျေနပ်ပြောပြောလေ၏။
“အရီးရွှေ တမြန်နှစ်က ပဲစိမ်းငုံတွေ ပွင့်ဖူးဆင်နေတုန်း မိုးကြီးခါလိုက်လို့ ပြီးပါရောလား။ အကုန်သင်းပစ်ပြီး ပြောင်းထိုးလိုက်ရတာ ကိုအေးသောင် နမိတွဲလေး ယာထွက်ပြောင်းတောင် မစားလိုက်ရဘူး သားသတ်သည်နောက် ပါသွားတာ”
“ဟေ……”
“အန်တီချင်း ပဲစိမ်းငုံမရတာနဲ့ ဘာလို့ နမိတွဲလေး အသတ်သည်ဆီ ပါသွားတာတုန်း သမီးဖြင့် နားမလည်ပေါင်”
ခိုင်ခိုင် မေးလိုက်သော မေခွန်းကို ကျွန်မလည်း မေးလို၏။
“ပြောင်းထိုးဖို့ ပဲစိမ်းငုံတွေခုတ်ကြရင်း သူ့မိန်းမပိုးထိတာ ညည်းတို့ မသိကြဘူးလား”
“သိတယ်လေ သမီးတို့တောင် သွာမေးသေးတယ်”
“အေး အဲဒါပဲ ဆေးရုံကြီးက မြွေဆိပ်ဖြေဆေးထိုးဖို့ ဝယ်ခိုင်းတော့လေ ငွေရှာတာ။ ပဲစိမ်းငုံခင်းထိုးပြစရာ မရှိတော့ ပွဲစား ဆိုတာကလည်း ဘယ်လောက်ငို ပြောတော့ တစ်ကျပ်တောင် ထွက်မလာဘူး။ နောက်ဆုံး အရေးကြီး လွန်းတော့ အချိန်မဆွဲနိုင်လို့ လွယ်ရာ သားသတ်သည်ဆီ နွားမကြီး ထိုးအပ်လိုက်တာ၊ မြွေပူရာ ကင်းမှောင့် ဆိုသလို နကလေးက ချောတော့ မိတွဲလုံးရောင်းမှလို့ မူနေတဲ့ နေဒူးကုလားကို မတန်တဆဈေးနဲ့ ပေးလိုက်ရတာ ပါလား။ အဲဒါ ပဲစဉ်းငုံပဲ အရီးရွှေရေ…..”
“လက်စသတ်တော့ မိုးက စကား ပြောတာပါအေ။ မိုးနဲ့လုပ်စားရတဲ့ တောင်သူတွေ မိုးလေမမှန်ရင် မမောပေမဲ့ ပင်ပန်းကြရှာတယ်”
“အစိုးရနဲ့လဲ ဆိုင်ပါသော်ကော မယ်ညိုရယ်”
“မိုးလေဝသကို ပြောတာလား အရီး”
“ဆိုဝံ့ပေါင် မရယ် အင်စပက်လိုင်း အချိန်ကောင်း ဖွင့်ပေးဖို့ အရေးကြီးတာကို ပြောတာပါ”
“အိပ်စပို့လိုင်း”
ဖိုးတင့်က သူ့အမေကြီးစကားကို တိုးတိုးဖြေရှင်းပေးသည်။
“ဒို့ရွာမှာ စပါးလေး၊ မိုးနှမ်းလေး အဆင်ပြေမှ ဝါတွင်းမယ် ထမင်းတစ်နပ် ဖြောင့်ဖြောင့်စားနိုင်မဲ့ လူတွေ အများကြီးနော”
မသင်းက လူကြီးစကားဆို၏။ မှန်သည်။ ကိုယ့်အခင်းကောင်းမှ တောင်သူငွေလိုချိန်တွင် ကုန်သည်ပွဲစားက ငွေထုတ်ပေးသည်။ တောင်သူလက်ထဲ ငွေရောက်မှ လက်လုပ်လက်စား အခစားတို့ လုပ်အားခ ရသည်။ တစ်ရွာတွင် သုံးပုံတစ်ပုံမျှသာ ရှိသော တောင်သူတို့ အဆင်ပြေ ချောင်လည်မှ သုံးပုံနှစ်ပုံသော လက်လုပ် လက်စားတို့ ထမင်းဝနိုင်သည်။
ကျွန်မ စားနေသော စပျစ်သီးအရည်ကို မမျိုနိုင်ပဲ လည်ချောင်းထဲတွင် နင်နေ၏။ မနက်က ဦးကြီးစံပေါတို့ အိမ်ရှေ့ရှိ မီးဖိုတွင် ပဲစိမ်းငုံရိုးကို ထင်းလုပ်ပြီး ဆန်ပြုတ်အိုးကြီး တည်နေတာ မြင်ယောင်မိ၏။ မိုးငွေ့နှင့် ထိုင်းနေသော ပဲစိမ်းငုံထင်းကို မီးတောက်စေရန် ကုန်းမှုတ်ရင်း မီးခိုးမွှန်လို့် မျက်ရည်ကျသလိုလိုနှင့် ကျိတ်ငိုနေသော ဒေါ်ကြီးခင်အေး မျက်နှာကို မမေ့နိုင်။
“သမီးရယ် ထမင်းတစ်လုပ် အတွက်များ ဟင်းငုတ်ပွင့် ကောက်ရောင်းတောင် မငတ်နိုင်ပါဘူး”
ရိုးသာဖို့ အမှန်တရားဘက်မှ ရဲရဲရပ်တည်တတ်ဖို့ ဖေဖေ ဆုံးမခဲ့ဖူးသော စကားတစ်ခွန်းကို သတိရမိ၏။ ခုတော့ ဟင်းငုတ်ပင်ကြီးလဲ ရွာတည်ဖို့ ခုတ်ပစ် လိုက်တော့ ငတ်ကုန်ကြပြီ ဖေဖေရေ ဟုသာ ဆိုရတော့မည်။
ဥပုဒ်သည်တို့ စကားဝိုင်းမှာ ဝါတွင်းထမင်း အကြောင်းပြောရင်း ခြောက်ခြောက် သွေ့သွေ့ နိဂုံးချုပ်လေ၏။
ကျွတ်ကျွတ်အိပ်အတွင်းမှ စိပ်ပုတီးကို ထုတ်ယူရင်း
“အမေကတော့ ခေတ်ကြီး ကောင်းတာ မြင်ပြီးမှ သေပါရစေလို့ အမြဲ ဆုတောင်း ပါတယ်အေ”
ဟု ပြောပြီးနောက် အမေကြီးရွှေသည် ခါးကိုင်းကိုင်းနှင့် စင်င်္ကြန် လျှောက်ရင်း ပုတီးစိပ်လေ၏။
ကျွန်မ သည်လည်း ဂြိုလ်ပြေ ရန်ပြေ စေတီဘက် ထွက်လာခဲ့ပြီး ဝင်သက် ထွက်သက် မှတ် နေတော့၏။ နှာသီးဖျားတွင် အာရုံကို စုရင်းမှ တစ်ချက်တစ်ချက် ဟင်းငုတ်ပင်ကြီး ပြန်ရှင်လာရင်တော့ ရိုးသားတဲ့ အသက်မွေး ဝမ်းကျောင်းမှု့နဲ့ ထမင်းဝနိုင်မှာပါ ဟု ဖြေတွေး တွေးမိ၏။ သို့သော် အမြစ်ကို ဘူရိုဇာနှင့် ကော်လှဲခံရသော ဟင်းငုတ်ပင်ကြီး၏ ယခင်ရှိဖူးသော နေရာကိုပင် ရှာတွေ့ဖို့ ခက်ခဲလေပြီ။
မိုးမှန်ရင်၊ အိတ်စပို့ လိုင်းဖွင့်ရင်၊ ဝါတွင်းမှာ ထမင်းစားနိုင်ကြရင် . . . . . .. .. ..စိတ်တို့က ပြေးလေရာ
အင်း အရာရာဟာ အနိစ္စသဘော ဆောင်တာပါပဲ ဟု သာ၊ ရှစ်ပါးသီလ လုံရာလုံကြောင်း တရားကို သာ၊ တိုး၍ နှလုံးသွင်းရ လေတော့သည်။ ။

Read more...

ဤသို့ခေါ်ဆိုကြလေသည်…


ကျနော် သူငယ်ချင်းတွေနဲ့ ပြောဖြစ်တာတွေကို အပျော်ရေးချင်လို့ပါ။ အခုပြောချင်တာက အခေါ်အဝေါ် ကိစ္စ။ ဘယ်သူနဲ့ ဘယ်သူကြားက အခေါ်အဝေါ်တွေလည်း ဆိုတော့ ချစ်သူရည်းစားတွေကြားက အခေါ်အဝေါ်တွေရယ်၊ ကျနော်တို့ လေ့လာမိသလောက် ဘယ်သူတွေက ဘယ်လိုတွေခေါ်ဝေါ်ကြသလဲ၊ ဘယ်လိုတွေ ခေါ်ရင် ဘာတွေ ဖြစ်တတ်သလဲဆိုတာကို ပြောချင်လို့ပါ။ သူငယ်ချင်းတွေက ဖွတယ်ထင်လည်း ဖွတယ်ပေါ့။ ပျော်စေ ရွှင်စေ ရေးထားတာဆိုတော့ စိတ်ဆိုးသွားတောင် ပြုံးပြုံးလေး စိတ်ဆိုးပေါ့နော။


ချစ်သူရည်စားရယ် ဖြစ်လာကြရင် အခေါ်အဝေါ်ကိစ္စက ပေါ်လာပြီ။ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုတွေ ခေါ်ဝေါ် သုံးနှုန်းကြမှာတုန်း။ အရင်က သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးဘဝတုန်းက "ဟေ့ကောင်၊ ဒါကဘယ်လိုလဲကွ"ဆိုတာတွေတောင် "မောင်ရေ ဒါလေးက ဘယ်လိုလေးလဲဟင်"တွေ ဖြစ်ကုန်ကြတာမဟုတ်လား။ "ချစ်ရေ ဒါလေးက ဒီလိုလေ" ဆိုတဲ့ "ချစ်"ဆိုတဲ့ နေရာမှာတောင် ကလေးကတည်းက ခေါ်နေကြ နာမည်အရင်းကြီးသုံးရင် အချစ်ပါဝါ လျော့တယ်ထင်ပြီး မသုံးရက် မခေါ်ရက်ကြပါဘူး။

နောက်တဆက်တည်း ပြောချင်တာက အသက်တွေကြီးလာမှပဲ ချစ်သူရည်းစားရတော့ စကားတွေတောင် မပီတော့တဲ့ ကိစ္စ။ ဒီကိစ္စက ရီလည်းရီရတယ်။ စာတွေရိုက်ပြောရင်းနဲ့ တကယ်ပြောတော့ ပါးစပ်တွေကပါ အကျင့်ပါလာပြီး ပြောကုန်ကြတာ။ " တုဂိုလေ ဒီဂ ချိတ်ချိုးနေတာ တိရဲ့ရား" လို့ မိန်းကလေးက ပြောရင် ယောက်ကျားလေးလုပ်သူကလည်း ပြန်ပြောလိုက်ပုံက "တိတယ်ရေ ချိတ်ချိုးနဲ့နော် အချိုးလေး" တဲ့။ မွေးလာမယ့်ကလေး ဂျကားဘယ်လိုလုပ် ပီတော့မှာလဲ နောဗျာ။

နောက်ဖြစ်လေ့ရှိတာတခုက ဒီလို၊ သမီးရည်းစား ဖုန်းပြောတာက အိမ်နဲ့ ဖုန်းပြောတာထက်က ပိုများတယ်။ ဖုန်းပြောတော့လည်း "ငါက ဒီလိုဆိုလိုတာလေ" လို့ အူတွေ အသည်းတွေတုန်အောင် ချစ်ရတဲ့သူကို ဘယ်ပြောရက်ပါ့မလဲ။ "ချစ်ရဲ့ မောင်က ဒီလိုဆိုလိုတာလေ" လို့ပြောတာပေါ့။ အဲ ဖုန်းချကာနီးရင် "မွမ်း..မွမ်း..မွမ်း" ဆိုပြီး အနမ်းပန်းတွေက ဝေကြသေးတာကလား။ ပြဿနာက ဘယ်မှာသွားတက်ကြတာလဲဆိုတော့ အိမ်က မိဘနဲ့ဖုန်းပြောရင် တက်တော့တာပဲ။ ယောက်ကျားလေးတွေဆိုရင် "အမေရေ ကျနော်ကလေ" အစား "အမေရေ မောင်ကလေ.." တွေဖြစ်လို့ဖြစ်၊ " မေမေရေ ကိုကလေ" ဖြစ်လို့ဖြစ်၊ မိန်းကလေးဆိုရင်လည်း "ဖေဖေရေ သမီးကလေ" အစား "ဖေဖေရေ ချစ်ကလေ" တွေဖြစ်လို့ဖြစ်နဲ့ ကမောက်ကမတွေဖြစ်ကုန်ပါရောလား။ ပြီးတော့မှ သတိထားမိပြီး ဘုရား ဘုရား မေမေ၊ဖေဖေ နားလျှံပြီး မကြားကြပါစေနဲ့ စိတ်ထဲက ကျိတ်ပြီး ဆုတောင်းကြရတတ်တယ်။ ဒါတင်ဘယ်ကဦးမလဲ ဖုန်းချကာနီးရင် "မွမ်း..မွမ်း..မွမ်း" ဆိုတဲ့ အနမ်းပေးသံကြီး ပါးစပ်က မထွက်အောင် ထိန်းရတာက တစ်ဒုက္ခ။

သူငယ်ချင်းတစ်ယောက် တခါက ပြောဖူးတာပါ။ သူ့ရဲ့ သူငယ်ချင်း ရည်းစားကောင်မလေး ရပြီးကာစ။ အခေါ်အဝေါ်က မပြောင်းရသေးတဲ့ စပ်ကူးမက်ကူးကာလ။ ဒီတော့ ကောင်မလေးကို ပေးဖို့ စာထဲမှာ အခေါ်အဝေါ်ကိစ္စတွေ ရေးထားတာ။ တို့နှစ်ယောက် ချစ်သူတွေ ဖြစ်သွားကြပြီဆိုတော့ တစ်ယောက်ကို တစ်ယောက် အခေါ်အဝေါ်လေးတွေက စပြီး ဆွေးနွေးရအောင်ဆိုပြီး အစချီပြီး စာကိုရေးထားသတဲ့။ ဒါကို စာရေးထားတဲ့ သူငယ်ချင်း အပြင်သွားတုန်း ကျနော့်ကို ပြောပြတဲ့ သူငယ်ချင်းနဲ့ အပေါင်းအသင်းတစုက ခိုးဖတ်၊ သူငယ်ချင်းပြန်လာတော့ သူ့ကိုလှည့်လည်း မကြည့်ဘူး။ အချင်ချင်းတွေ ပြောနေကြတာ၊ အေး သူငယ်ချင်းတို့ တို့တွေလည်း ပေါင်းသင်းလာတာကြာပြီဆိုတော့ အခေါ်အဝေါ်လေးတွေ ဆွေးနွေးကြရအောင်လို့လည်း ပြောလိုက်ရော၊ ဟိုကောင်က သူ့စာတော့ ခိုးဖတ်ခံရပြီ၊ စောင်းအပြောခံရပြီဆိုတာ သိပြီး၊ ဒေါသတွေထွက် ဆဲဆိုပြီး နောက်ကလုပ်လိုက်လို့ ထွက်ပြေးကြရသတဲ့။

အခုကျနော်တို့ လေ့လာသိရှိထားတဲ့ အခေါ်အဝေါ်အသုံးအနှုန်းတွေ စာရင်းပြစုကြည့်ရအောင်။

အသက်ငယ်တဲ့ကောင်မလေးကို ကြိုက်မိတော့ အသက်ငယ်ကောင်မလေးက အသက်ကြီးကောင်လေးများအား ခေါ်ဆိုကြပုံများ
၁။ ကို
(မွေးတဲ့နှစ်က အတူလောက်ကို လပိုင်းလောက်ငယ်တဲ့ ကောင်မလေးက ကောင်လေးအား အများအားဖြင့် ခေါ်ဝေါ်တတ်သည်။)
၂။ ကိုကို
(၁-နှစ် ၂-နှစ်လောက် ငယ်သောမိန်းကလေးမှ ယောက်ကျားလေးကိုခေါ်တတ်သည်။)
၃။ ကိုကြီး
(သိသိသာသာ အသက်ကြီးသူ ယောက်ကျားလေးအား အသက်ငယ်သူ မိန်းကလေးမှ ခေါ်ဆိုတတ်သည်။)

မိမိကောင်လေးနဲ့ ယှဉ်လျှင် အသက်အနည်းငယ်ကြီးသော မိန်းကလေးမှ ကောင်လေးအားခေါ်တွင်ပုံများ
၁။ မောင်အတို
("မောင်" လို့ခေါ်တာပါပဲ၊ အင်္ဂလိပ်လို စာရိုက်ရင် mg လို့ ရေးတတ်လို့ မောင်အတိုဟု သတ်မှတ်သည်။)
၂။ မောင်အရှည်
("မောင်"ကို maung ဟုရေးသားသုံနှုန်းတတ်၍ မောင်အရှည်ဟု သတ်မှတ်သည်။)
(မောင်အတို၊ မောင်အရှည်တွေ ဘယ်လိုသိတာတုန်းဟု ဆိုလျှင် သုသေသနပြုခံ တစ်ယောက် ချက်တင်တက်နေလျှင် သူ့နောက်မှ မသိမသာ ယောင်ပေပေဖြင့် စာခိုးဖတ်ခြင်း၊ သူ့ဖုန်းမက်ဆေ့များအား ခိုးဖတ်ခြင်းဖြင့် သူငယ်ချင်းတစ်ယောက် သုသေသနပြုထားခြင်းဖြစ်သည်။)

"မောင်"၊"ကို" ဆိုသည်များကိုလည်း အသက်အရွယ်နဲ့ မဆိုင်ဘဲ ကလေးကတည်းက ဝတ္ထုများဖတ်ရင်း၊ ငါချစ်သူရရင်တော့ ဒီလိုကို ခေါ်လိုက်မယ်ဟဲ့ဆိုပြီး ငယ်စဉ်က သဘောကျခဲ့သည့်အတိုင်း၊ ဆုံးဖြတ်ထားသည့်အတိုင်း ခေါ်ဝေါ်ကြသည်များလည်း ရှိပါတယ်။ ယင်းသို့ခေါ်ဆိုကြသည်များကလည်း ကျနော်တို့ လေ့လာ သုသေသနပြုထားသည့်အထဲတွင် အကျုံးဝင်ပါတယ်။

ဒီအခေါ်အဝေါ်တွေက အဘယ်သို့သော ရလဒ်များရစေသနည်း။ ကျနော့်တို့ သူငယ်ချင်းအဝန်းအဝိုင်းထဲမှ တွေ့ရှိရသော သုသေသနပြုချက်များကို တင်ပြလိုက်လျှင် သင်သည်လည်း ချစ်သူရည်စားရလျှင် ဘယ်သို့ခေါ်တွင်ပါက မည်သို့ဖြစ်တတ်ပုံကို အနည်းငယ် ရိပ်စားမိသွားပေမယ်။
(သတိပေးချက် - ဥပါဒါန်ကြောင့် ဥပဒ်မရောက်ရာ။)

ဇယား(၁)- သုသေသနပြုလုပ်ရာမှ ရရှိလာသော အချက်အလက်များ

(ဤဇယားကိုကြည့်လျှင် ပြတ်သွားသည့်ကိစ္စများတွင် မိန်းကလေးက စဖြတ်သည်ကများနေသည်မှာ ထင်ရှားလှပေသည်။ သူငယ်ချင်းများ ရှက်နေမည်စိုးရိမ်သဖြင့် နာမည်ရင်းများ မေးခြင်းသည်းခံစေလိုပါသည်။)

နောက်ဆုံပိတ် သူငယ်ချင်း(၁၀)သည် အလွန်မှ လည်ဝယ်သောသူဖြစ်လေသည်။ သူသည် ရှေ့မှ သူငယ်ချင်းများအား အလွန်ရှည်ကြာစွာ လေ့လာပြီးမှသာ ချစ်သူရည်းစားထားလေသည်။ မိန်ကလေးထက် အသက်အရွယ်အားဖြင့် (၃)နှစ်ခန့်ကြီးသော်လည်း နောင်ရေးစိတ်အေးစေရန်အတွက် ကောင်မလေးအား သူ့ကို မောင်အရှည် အခေါ်ခိုင်းသော်လည်း၊ သူက မိန်းကလေးအား အနည်းငယ်ကြောက်ရပေသည်။ ရည်းစားနှင့်ပြတ်သွားသော ကျန်သူငယ်ချင်းများသည် နောက်ထပ်ချစ်သူအသစ်တွေ့သောအခါတွင် မောင်အရှည်သာခေါ်တွင်စေရမည်ဟု ကျုံးဝါးထားလေသည်။ ချစ်သူရှာချိန်၊ ကြိုးစားနေချိန်တွင်မှာပင် ရည်စားစာရေးရာ၌ မောင်အရှည်ခေါ်စေချင်သည့် အရိပ်အရောင်များသန်းနေစေရန် ချစ်သဝဏ်လွှာစာကို ကြိုးစားရေးမည်ဟု သူငယ်ချင်းတချို့က ပါးစပ်မှ ထုတ်ဖော် ပြောသံကိုလည်း ကြားဖူးသည်။ မောင့်(maung)ကို ပြန်ချစ်ပါနော် ဆိုသော ချည်ပြီး တုတ်ပြီးသား အဖြေတောင်းနည်းကိုလည်း သုံးမည်ဟု စိတ်ကူးသူက စိတ်ကူးထားပြီးဖြစ်လေသည်။

ကျနော့်သည်လည်း ယင်းသုသေသနစာတမ်းကို တင်ပြရသည်မှာ ကြောက်တောက်တောက်နှင့်သာ တင်ပြရခြင်းဖြစ်သည်။ စာရင်းတွင် ကျနော်၏နာမည်၊ မောင်အရှည်၊ မိန်ကလေးကို နိုင်သည်ဟု ထည့်ချင်သော်လည်း မဇနိအားကြောက်သဖြင့် စာရင်းတွင် ကျနော့်နာမည်အား ချန်လှပ်ထားခဲ့သည်ကို ခွင့်လွှတ်စေချင်ပါသည်။ နောက်တချက် ကျနော် စိုးရိမ်မိသည်မှာ ရည်းစားထားရာတွင် ငါနိုင်အောင်၊ ငါဖြတ်ချင်ရင်ဖြတ်ထားလို့ရအောင် ဒီလိုခေါ်လိုက်မယ်ဆိုပြီးလည်း အခုစာတမ်းအား ကိုးကား၍ အသုံးမချော်စေချင်ပါ။ ဤသုသေသနစာတမ်းအား ပိုမိုပြည့်စုံအောင် ပံ့ပိုးလိုလျှင် ငါတို့ကဘယ်လိုခေါ်တာ နိုင်ရတယ်၊ ကြောက်ရတယ် စသည်ဖြင့် ကွန်မန့်တွင် ရေးသား၍ ကူညီစေလိုပါသည်။

ပြုံးပျော်နိုင်ကြပါစေ။

Read more...

လူဆိုးကလေး

>> Monday, July 21, 2008


အန်တွန် ချက်ဟော(ဗ်)ရဲ့ အတိုနောက်တပုဒ်ကို ဘာသာပြန်လိုက်ပါတယ်။ Злой мальчик မူရင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။ ချက်ဟော(ဗ်)က စာတွေကို အစုံရေးပါတယ်။ လေးလေးနက်နက် ဘဝအမြင်တွေကို ရေးသလို၊ ဖတ်လိုက်ရင် ပြုံးပျော်သွားစေတဲ့ စာမျိုးတွေလည်း ရေးပါတယ်။ တခါတလေကြလည်း ဆရာ ဦးအောင်သင်းပြောတဲ့ ရယ်စရာ မောစရာ ဆိုသလို၊ ရယ်စရာ ပြုံးစရာတွေနောက်က ရင်မောစရာတွေလည်း ပါအောင် ရေးတတ်ပါတယ်။ သူ ၁၈၆၀ မှာမွေးပြီး ၁၉၀၄ မှာ ဆုံးသွားပါတယ်။ အခုအပုဒ်က ၁၈၈၃ မှာရေးထားတာပါ။ အခု ၂၀၀၈ ဆိုရင် ဒီစာရေးခဲ့တာ နှစ်ပေါင်း ၁၂၅နှစ် ရှိနေပါပြီ။ နှစ်တွေ ကြာလှပြီ ဆိုပေမယ့် သူ့စာတွေက အခုခေတ်ဖတ်လည်း ရှေးက စာလို့ မထင်ရပါဘူး။

အခုအပုဒ်မှာတော့ ကိုဖြူနဲ့ ကိုလုံးကို နေရာ ပြောင်းပေးထားပါတယ်။ မတရားရာ ရောက်မှာ စိုးလို့ပါ။



လူဆိုးကလေး


ရုပ်ရည်ပြေပြစ်ချောမောတဲ့ လူငယ်လူရွယ် မောင်လုံးနဲ့ အပျိုကလေး မဖြူ နှစ်ယောက်သား မြစ်ဘေးကို ဆင်းလာခဲ့ပြီး ထိုင်ခုံရှည်ပေါ်မှာထိုင်ကြပါတယ်။ ခုံတန်းရှည်က မြစ်ဘက်ကမ်းမှာရှိပြီးတော့ ဘေးတဝိုက်က သစ်ပင်ခြုံတွေနဲ့ ကွယ်နေပါတယ်။ အဲဒီနေရာလေးက တိတ်ဆိတ်ငြိမ်သက်ပြီး သူတို့ကို ငါးတွေက လွဲပြီး ဘယ်သူက မှ မမြင်နိုင်ပါဘူး။

- နောက်ဆုံးတော့လည်း တို့နှစ်ယောက်တည်းပဲ ရှိနေတာ ဝမ်းသာတယ်ကွာ။
ကိုလုံးက ဘေးဝန်းကျင်ကို ကြည့်ငေးရင်းနဲ့ ပြောလိုက်တယ်။
- မင်းလေးကို ပြောစရာတွေ အများကြီးကို ရှိနေပါတယ် မဖြူရယ်။
- မင်းကလေးကို စပြီး မြင်လိုက်တယ်ဆိုကတည်းက ငါ ဘာအတွက် အသက်ရှင်နေတယ်၊ ရိုးသားကြိုးစားတဲ့ ငါ့ဘဝတခုလုံးကို ပေးအပ်ရမယ့်သူ၊ ငါ့ဘဝရဲ့ ထိပ်ထားဟာ မင်းပဲ ဆိုတာကို သဘောပေါက်လိုက်ပါတယ်။ မြင်မြင်းချင်းကို နှစ်နှစ်ကာကာ ချစ်မိတာပါ။ ငါ့မှာ မေတ္တာရောင်ပြန် မျှော်လင့်ချက်ကလေးများ ရှိနိုင်မလားဆိုတာကို ပြောပြပါကွယ်။

အဲဒီ ပျော်ရွှင်ဖွယ်အချိန်ကလေးမှာ ကိုမောင်လုံးက မဖြူလက်ကလေးကို ဆွဲယူပြီး၊ ပွေ့ဖက်အနမ်းတွေ ဝေနေကြပါတယ်။
အဲသလောက် ပျော်ရွှင်ခဲ့ရတာ တစ်ဘဝလုံးမှာ မရှိခဲ့ပါဘူး။ သူတို့နှစ်ယောက် အနမ်းပန်းတွေဝေနေတုန်းမှာပဲ ရယ်သံတချက် ကြားလိုက်ရတယ်။ မြစ်ဘက်ကို ကြည့်လိုက်လော့ ဘုရားရေ… သူတို့နဲ့ သိပ်မဝေးလှတဲ့နေရာ ရေထဲမှာ ကောင်လေးတစ်ယောက် မတ်တပ်ရပ်နေပါတယ်။ သူက မောင်လူအေးပါ။ မဖြူရဲ့ မောင် အငယ်ဆုံးလေး။ သူက မဖြူတို့နှစ်ယောက်ကို ညစ်ကျယ်ကျယ်အပြုံးနဲ့ ကြည့်ပြီးနေတာပါ။

- ဟဲ ဟဲ မွှေးမွှေးတွေ ပေးနေကြတာပေါ့လေ။ သိပ်ပျော်စရာ ကောင်းတယ်လား၊ ပြောတာတွေလည်း အကုန်ကြားတယ်၊ အားလုံးကို အမေ့ကို ပြန်ပြောမယ်။

- ငါက မင်းကို လူရိုးလူကောင်းလေးလို့ ထင်နေတာ။ သူများကို ချောင်းကြည့်တာ၊ ကိုယ့်ကို ပြောတာ မဟုတ်တာတွေကို ခိုးနားထောင်ပြီး ပြန်ပြောတာတွေက မကောင်းဘူးကွ။ မင်းကို လူကောင်းလေးလို့ထင်ထားတာ..
ကိုမောင်လုံးက စိတ်လှုပ်ရှားပြီး မျက်နှာနီကြီးနဲ့ ပြောလိုက်တယ်။

- ဒါဆို ပိုက်ဆံပေးလေ..ပြန်မတိုင်ဘူး။ မဟုတ်ရင်တော့ ပြန်ကိုတိုင်မှာ။

ကိုမောင်လုံးတစ်ယောက်လည်း အိတ်ကပ်ထဲက ပိုက်ဆံကို ထုတ်ပြီး မောင်လူအေးကိုပေးရရှာပါတယ်။ မောင်လူအေးက ပိုက်ဆံကို စွတ်ကနဲ့ယူ၊ မြစ်ထဲကို ဝုန်းကနဲ့ ခုန်၊ ရေကူးပြီး ထွက်သွားလေရဲ့။ မဖြူတို့ နှစ်ယောက်လည်း အဲဒီနေ့မှာ အနမ်းပန်းတွေ ထပ်မဝေနိုင်ရှာဘူးပေါ့။

နောက်နေ့ကျတော့ ကိုမောင်လုံးက မောင်လူအေးဖို့ မြို့ထဲကနေ ရောင်စုံခဲတံတွေ၊ ဘောလုံးတွေ ဝယ်လာပေးရသလို၊ အမကြီး မဖြူကလည်း သူ့ကျောင်းလွယ်အိပ်ကလေး မောင်လူအေးကို ပေးရတယ်။ နောက်ပိုင်းလည်း အဲဒီကလေးဆိုးကလေးကို လက်ဆောင်ကလေးတွေနဲ့
မကြာမကြာဖို့ရတယ်။ လူဆိုးကလေး မောင်လူအေးက ရမှန်းသိတော့ ပိုလိုချင်၊ ခဏခဏချောင်းလုပ်လာပါတယ်။ သူတို့နှစ်ယောက် ဘယ်နေရာသွားသွား အဲဒီကောင်က ရောက်နှင့်နေတတ်တယ်။ ဘယ်တော့မှ ကို လွတ်လွတ်လပ်လပ်နေရတယ် မရှိတော့ဘူး။ တနွေလုံးနောက်က လိုက်ချောင်းလိုက်၊ အမေ့ကို တိုင်ပြောမယ်ပြောလိုက်၊ လိုချင်တာတွေ တောင်းလိုက်လုပ်နေတော့တာပေါ့။ နောက်ဆုံး နာရီဝယ်ပေးဖို့တောင်းဆိုလို့ ချစ်လျှက်နဲ့ ကံဆိုးနေသူ နှစ်ယောက်မှာ ဝယ်ပေးရတာပေါ့။

တစ်ခါ ညနေစာစားနေတုန်း မောင်လူအေးက အကျယ်ကြီးထရီပြီး ကိုမောင်လုံးဘက်လှည့်ပြီး
- ဟဲ ဟဲ ပြောလိုက်ရမလား။ ဘယ်လိုလဲ..

ကိုမောင်လုံးခမျာ မျက်နာကြီး ရဲခနဲဖြစ်သွားသလို၊ မဖြူလည်း ရှက်လို့ ထမင်းစာပွဲကထပြီး အခန်းထဲ အမြန် ပြေးဝင်သွားလေရဲ့။

မဖြူတို့နှစ်ယောက်မှာ သြဂတ်(စ)လကုန်အထိ ကိုမောင်လုံးက မဖြူကို လက်ထပ်ခွင့် မတောင်းမခြင်း ဒီလိုအနေအထားကြီးနဲ့ နေကြရပါတယ်။ အပျော်ရွှင်ရဆုံးနေ့တစ်နေ့ရောက်လာပါပြီ။ မောင်လုံးက မဖြူ့မိဘတွေနဲ့ စကားပြောပြီး လက်ထပ်ဖို့ သဘောတူခွင့်ရတာနဲ့ မောင်လူအေးကို ရှာဖို့ ပန်းခြံထဲ ဆင်းပြေးသွားတယ်။ မောင်လူအေးကို တွေ့လည်းတွေ့ရော ကိုမောင်လုံး ပျော်လွန်းလို့ အသံကျယ်ကြီးနဲ့ အော်ပြီး မောင်လူအေးလေး နားရွက်ကို ဆွဲလာတယ်၊ မဖြူကလည်း အပျော်နဲ့ ပြေးလာ မောင်လူအေးလေးရဲ့ ကျန်တဲ့ နားတစ်ဖက်ကို ဆွဲလိုက်ပါတယ်။ ချစ်သူနှစ်ယောက်က ပျော်လွန်းလို့ မျက်နှာပေါ် ပီတိတွေ ဖြာနေသလို၊ မောင်လူအေးလေးခမျာ နာလွန်းလို အော်ငိုပြီး တောင်းပန်ရှာတယ်။
- အကို အမတို့ရယ်၊ နောက်နောင်ကျ မလုပ်တော့ပါဘူး၊ တောင်းပန်ပါတယ်။

မောင်လုံးနှင့် မဖြူ သည် တစ်ဦးကိုတစ်ဦး ချစ်ပြီးသည့်နောက်ပိုင်း မောင်လူအေးလေး နားရွက်ကို ဆွဲရသည့်နေ့လောက် ပျော်ရွှင်ရသောနေ့ မရှိပါဟု နောက်ပိုင်းတွင် ချစ်သူနှစ်ဦး ပြောဖြစ်ကြလေသည်။


နာမည်ရင်းများ

မောင်လုံး - အီဗန် အီဗန်နိုဗိ(ခ်ျ)
မဖြူ - အန်နာ ဆယ်မျိုနိုဗာ
မောင်လူအေး - ကိုးလျာ

Read more...

ပြုံးပျော်နိုင်ပါစေ။

>> Sunday, July 20, 2008


Youtube က ဖိုင်(၃)ခု ကို ဒီနေ့တင်လိုက်ပါတယ်။ ကျနော် အဲဒီဖိုင်တွေကို ကြည့်ဖူးတာ ကြာပါပြီ။ အဲဒါတွေကို ကြည့်ဖူးတဲ့ သူတွေလည်း ရှိမှာပါ။ မကြည့်ဖူးတဲ့ သူတွေလည်း ရှိမှာပါ။ ကြည်ပြီးသားလူတွေလည်း ထပ်ကြည့်ပြီး ပြုံးရယ်လိုက်ပါဦး။ မကြည့်ရသေးတဲ့သူတွေလည်း ကြည့်ပြီး ပြုံးလိုက်ပါဦး။ တရုတ်ကျောင်းသား (၂)ယောက်လို့ ထင်ပါတယ်။ သူတို့ရဲ့ အနုပညာကို မချီးကျူးဘဲ မနေနိုင်ပါဘူး။ သူတို့ရဲ့ ကလစ်တွေ ယူကျူ့မှာ အများကြီးရှိပါတယ်။ သဘောကျရင် ထပ်ရှာကြည့်လိုက်ပါဦး။ အခုဟာက ကျနော်သဘောကျတဲ့ အပိုင်းတွေပဲ တင်ထားတာပါ။








Read more...

Kust Sireni (နောက်ဆုံးပိုင်း)

>> Thursday, July 17, 2008


နှင်းပန်းခြုံ (နောက်ဆုံးပိုင်း)
အလက်ဇန်းဒါ ကူပရင်
နှင်းပန်းခြုံ - ၁
နှင်းပန်းခြုံ - ၂


အစဆုံး သူတို့နှစ်ယောက် အပေါင်ဆိုင်ကို သွားကြတယ်။ ဈေးဖြတ်တဲ့သူကလည်း လူ့ဒုက္ခတွေကြောင့်ဖြစ်နေတဲ့ မပြုံးမရွှင်မျက်နှာတွေကို မြင်ရတာရိုးနေပြီဆိုတော့ အဲဒါတွေကလည်း သူ့ကို သနားကြင်နာလာအောင် မစွမ်းဆောင်နိုင်ပါဘူး။ သူက ယူလာတဲ့ ပစ္စည်းတွေကို အသေအချာ အကြာကြီးကြည့်တယ်။ မလုံး ဒေါသတောင် စထွက်လာပြီ။ တကယ်ပါပဲ စိန်လက်စွပ်ကို အက်စစ်နဲ့တိုက်စားပြီး စစ်တယ်၊ ပြီးတော့ သုံးရူဘယ်(လ်)ပဲ ဈေးပေးတာကိုး။

- ဒါ စိန်အစစ်ရှင့်။ စိတ်လှုပ်ရှားပြီးပြောလိုက်တယ်။ - ဒါက (၃၇)ရူဘယ်(လ်)တန်ပါတယ်ရှင် ပိုက်ဆံလေးအဆင်ပြေတုန်းက ၀ယ်ထားတာပါ။
ဈေးဖြတ်တဲ့သူက ဘယ်လိုမှ မခံစားရဘူးဆိုတဲ့ ပုံစံနဲ့ မျက်လုံးလေးကို စင်းထားတယ်။



- အမကြီးရဲ့ ကျနော်တို့အတွက်ကျတော့ မထူးပါဘူးခင်ဗျ။ ကျနော့်တို့က ကျောက်ပစ္စည်းတွေကို လက်မခံပါဘူး။
သူက ချိန်ခွင်ပေါ်ကို နောက်ပစ္စည်းတခုတင်းရင်းနဲ့ပြောလိုက်တယ်။
- ကျနော်တို့က ရွှေသား၊ ငွေသားကိုပဲ တန်ဖိုးဖြတ်တာပါ။
ပြီး ဟောင်နွမ်းလိမ်ကောက်နေတဲ့ လက်ကောက်ကြီးကိုကျတော့ မလုံမမျှော်လင့်ထားတဲ့ ဈေးအများကြီးပေးပါလေရော။ အားလုံဒပေါင်းလိုက်တော့ (၂၃) ရူဘယ်(လ်)လောက်ရတော့ လိုအပ်တဲ့ငွေပမာဏထက်တောင် ပိုနေပါသေးတယ်။

ကိုဖြူတို့ဇနီးမောင်နှံ ဥယျာဉ်မှုးဆီကိုရောက်တော့ အဖြူရောင် ပီတာစဘတ်ညနေခင်းက ကောင်းကင်တခွင်ကို ဖြန့်ကြက်တာပြီး၊ လေထုထဲ အပြာရောင်နွားနို့တွေ ဖြန်းထားသလိုပေါ့။ ရွှေကိုင်းမျက်မှန်တပ်ထားတဲ့ အဖိုးကြီးအိုပေါက်စပုံစံနဲ့ ချက်လူမျိုး ဥယျာဉ်မှုးက သူ့မိသားစုနဲ့အတူ ညစာစားဖို့ ထိုင်တုန်းရှိပါသေးတယ်။ အတော့်ကို နောက်ကျရောက်လာပြီး၊ ညဖက်အလုပ်လုပ်ဖို့လာအပ်တာကို အံ့သြသွားပြီး၊ စိတ်ထဲကလည်း သူမကျေနပ်လှပါဘူး။ ဖြစ်နိုင်တာက.. တခုခုကို လိမ်ညာခိုင်းမှာကို သံသယရှိတာထင်ပါတယ်၊ မလုံးက ဘယ်လိုလုပ်ချင်တာပါပြောတာမျိုးကို ခပ်ရိုင်းရိုင်းနဲ့ တုန့်ပြန်ပါတယ်။
- တောင်းပန်ပါတယ်ဗျာ။ ညအချိန်ကြီးမှာ အလုပ်သမားတွေကို ဒီလောက်ဝေးတဲ့ဆီ သွားမခိုင်းနိုင်ပါဘူး။ မနက်ဖြန်မနက်ခင်းမှာ လုပ်လို့ ခင်ဗျားတို့ အဆင်ပြေရင်တော့ ကျနော်လုပ်ပေးနိုင်ပါတယ်။

အဲဒီတော့လည်း မလုံးက လုပ်စရာတခုကျန်တော့တာပေါ့။ ဥယျာဉ်မှုးကို ကံဆိုးမိုးမှောင်ကျခဲ့တဲ့ ဆေးစက်လေးရဲ့ သမိုင်းကြောင်းကို အကုန်ပြောရတော့တယ်။ အစပိုင်းတော့ ဥယျာဉ်မှုးက မယုံကြည်သလိုနဲ့၊ နောက်အသေအချာနားထောင်ပြီးမှ ခံစားလို့ရပြီး ပြုံးလာတော့တယ်။

- အင်းပေါ့ဗျာ၊ ဒီတော့လည်း ဘာလုပ်ရလဲ- မလုံးလည်း ပြောပြီးရော ဥယျာဉ်မှုးက သဘောတူလိုက်တယ်။ - ကိုင်းပြောဗျာ ဘယ်လိုပန်းဆို ပန်းခြုံစိုက်ဖို့ အဆင်ပြေမလဲ။

ဥယျာဉ်မှုးဆီမှာရှိတဲ့ ပန်းမျိုးတွေကလည်း တခုမှ လိုချင်တဲ့ပုံစံမှရှိပါဘူး။ နောက်ဆုံး လိုချင်ချင်၊ မလိုချင်ချင် နှင်းပန်းခြုံ စိုက်ဖို့ပဲ လက်ခံရတော့တာပေါ့။
ကိုဖြူက မလုံးကို အိမ်ပြန်နှင့်ဖို့ပြောတာ မရဘူး။ မြို့ပြင်ကို ကိုဖြူနဲ့အတူ လိုက်လာပြီး ပန်းခြုံ စိုက်မပြီးမချင်း ဟိုလိုလုပ်ပါ့လား၊ ဒီလိုလုပ်ပါ့လားနဲ့ အလုပ်သမားတွေကို သွားပြီး ရှုပ်နေတယ်။ နောက်ဆုံး ပန်းခြုံခြေရင်းကမြေကို အဲဒီနားတ၀ိုက်က ဘေးမြက်ခင်းပင်တွေခွဲမရအောင်ကို လုပ်ပေးမှာပါဆိုပြီး ပြောမှ သဘောကျပြီး အိမ်ပြန်သွားလေရဲ့။

နောက်နေ့ရောက်တော့ မလုံး အိမ်မှာ အငြိမ်ထိုင်မနေနိုင်ဘူး၊ ယောက်ကျားပြန်အလာကို လမ်းမပေါ်ထွက်ပြီး ပြေးကြိုလေရဲ့။ သူမက လမ်းမပေါ်မှာ သူ့ယောက်ကျား မြောက်ဆွမြောက်ဆွနဲ့ လာတာကို အဝေးကြီးကတည်းက မြင်ပြီး၊ ပန်းခြုံကိစ္စတော့ အောင်မြင်စွာ အဆုံးသတ်လိုက်ပြီဆိုတာကို သိပြီးသား။ တကယ့်ကိုပါပဲ ကိုဖြူကြီးလည်း ဖုန်တွေတလုံးလုံးနဲ့ ပင်ပန်းလွန်းလို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့တောင် အနိုင်နိုင်ဖြစ်နေတာ။ ဒါပေမယ့် အောင်မြင်မှုကြောင့်ရလာတဲ့ ၀မ်းသာမှုပိတိကတော့ မျက်နှာပေါ်မှာအထင်းသားကြီးပေါ့။

- သိပ်ကောင်း၊ သိပ်ပျော်စရာကွာ။
စိုးရိမ်နေတဲ့ မိန်းမမျက်နှာကိုမြင်လိုက်လို့ ခြေဆယ်လှမ်း အကွာလောက်ကတည်းက အော်ပြောလိုက်တယ်။
- မျက်လုံးထဲ ပုံဖော်ကြည့်ကွာ၊ တို့ ပန်းခြုံဆီကို မြင်းစီးပြီးသွားကြတယ်။ ပရော်ဖက်ဆာက ပန်းခြုံကို ငေးတယ်၊ သစ်ရွက်ကလေးတွေက ၀ါနေပြီး တချို့အရွက်က စုတ်တောင်နေတယ်။
- ဒါ ဘာသစ်ပင်အမျိုးအစားလဲ။ - ပရော်ဖက်ဆာက မေးတယ်။
- ငါကလည်း ပြန်ဖြေလိုက်တယ် - မသိပါဘူးခင်ဗျာ ဆရာကြီး။
- ဘူဇပတ်ပင်တွေလား မသိဘူး။
ငါကလည်း ပြန်ပြောလိုက်တယ်။
- ဘူဇပတ်ပင်ဖြစ်လောက်ပါတယ် ခင်ဗျ။
ပြီးတော့ ပရော်ဖက်ဆာက ငါ့ဖက်ကိုလှည့်လာပြီး လက်ကိုဆွဲနှုတ်ဆက်တယ်။
- အေး တောင်းပန်ပါတယ်ကွာ ဗိုလ်ကလေး။ ဒီပန်းခြုံကို မမှတ်မိဘူးဆိုတော့ ငါလည်း အဖိုးကြီးစဖြစ်နေပြီထင်တယ်။
- တကယ့်ကို သိပ်တော်ပြီး ဥာဏ်ထက်တဲ့ ပရော်ဖက်ဆာကြီးကွ။ ငါ သူ့ကို လိမ်ညာခဲ့ရတာ စိတ်မကောင်းပါဘူးကွာ။ တို့ကျောင်းမှာ အတော်ဆုံးပရော်ဖက်ဆာတွေထဲက တစ်ယောက်ကွ။ သူ့အသိဥာဏ်ကတော့ အံ့မခန်းပါပဲကွာ။ ဒေသမြေပုံတွေ အမှတ်ပေးတဲ့နေရာမှာတော့ မြန်လည်းမြန်၊တိလည်း အတော်တိကျတဲ့လူကြီးကွ၊ အံ့စရာလူကြီး။

မလုံးမှာတော့ သူပြောပြတာတွေကို အားမရနိုင်ပါဘူး။ သူ့ပရော်ဖက်ဆာနဲ့ ဘယ်လိုပြောခဲ့တယ်ဆိုတာတွေ အသေးစိတ်ကြားချင်လို့ ထပ်ခါထပ်ခါမေးရတယ်။ ပရော်ဖက်ဆာမျက်နှာက ဘယ်လိုပုံစံ၊ ငါတော့ အသက်ကြီးစပြုပါပြီဆိုတာကို ပရော်ဖက်ဆာက ဘယ်လိုအသံနဲ့ပြောတာ၊ ကိုဖြူဘယ်လိုခံစားရတယ်ဆိုတာတွေကို သူမကစိတ်ဝင်စားတာပါ။

သူတို့နှစ်ယောက်က အိမ်အပြန် လမ်းမပေါ်မှာ သူတို့နှစ်ယောက်ကလွဲပြီး ဘယ်သူမှ မရှိသလိုမျိုးနဲ့ တစ်ယောက်လက်တစ်ယောက်တွဲပြီး ပြုံးပျော်ပြီးပြန်လာကြတယ်။ လမ်းပေါ်ဖြတ်သွားဖြတ်လာတွေကလည်း ဒီစုံတွဲဘာဖြစ်ပါလိမ်းဆိုပြီး တအံ့တသြနဲ့ ရပ်ပြီးကြည့်ကြလေရဲ့။

ကိုဖြူတစ်ယောက် ဒီနေ့လောက် စားသောက်ကောင်းတာ တခါမှမရှိသေးဘူး။ စားသောက်ပြီးတော့ မလုံးက ကိုဖြူအခန်းထဲကို လက်ဖက်ရည်ခွက်ကလေး သယ်လာပေးတယ်။ လင်မယားနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး နှစ်ယောက်လုံး ရုတ်တရက် ပြုံးလိုက်ကြတယ်။

- ရှင်က ဘာကို ရီတာလဲ။ - မလုံးကမေးတယ်။

- မင်းကရော ဘာလို့ ရီတာလဲ။

- ရှင်အရင်ပြော ကျမနောက်ပြီးကျ ပြောမယ်။

- အော် ဘာရယ်မဟုတ်ပါဘူးကွာ။ နှင်းပန်းခြုံ သမိုင်းကြောင်းကို တွေးမိပြီး ရီမိတာပါ။ မင်းကရော..

- ကျမလည်း ဘာရယ် မဟုတ်ပါဘူးရှင်။ ဒီနှင်းပန်းခြုံပဲပေါ့။ အခုလေ အဲဒီနှင်းပန်းတွေက ကျမရဲ့ထာဝရ အကြိုက်ဆုံးပန်း ဖြစ်သွားပြီ။

(၁၈၉၄)

နာမည်ရင်းများ
ကိုဖြူ - Николай Евграфович Алмазов - နီကိုလိုင် ရယ်(ဗ)ဂရာဖိုဗိ(ခ်ျ) အာ(လ်)မာဇော့(ဗ်)
မလုံး - Верочка – (Вера) - ဗျယ်ရိုချကာ (ခေါ်) ဗျယ်ရာ

ပြီးပါပြီ။

Read more...

ဝါဆိုလပြည့်နေ့

>> Wednesday, July 16, 2008





၁၇. ၀၇. ၂၀၀၈ နေ့သည် ၀ါဆိုလပြည့်နေ့ဖြစ်ပါသည်။
ဝါဆိုလပြည့်နေသည် ဗုဒ္ဓဘာသာနွယ်ဝင် မြန်မာလူမျိုးတို့အတွက် နေ့ထူးနေ့မြတ် တစ်နေ့ဖြစ်သည်။
ဘုရားအလောင်းတော်မြတ် သန္ဓေယူသောနေ့၊ ဘုရားအလောင်းတော် တောထွက်တော်မူသည့်နေ့၊
ဓမ္မစကြာတရားဦး ဟောကြားတော်မူသည့်နေ့တို့မှာ ၀ါဆိုလပြည့်နေ့ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။
ထိုကြောင့် ရှေးမြန်မာကြီးတို့က သန္ဓေ တောထွက် ဓမ္မစက် ဟောမြွတ်ခါကို လ၀ါဆို။ ဟူ၍မှတ်တမ်း
တင်ခဲ့ကြခြင်းဖြစ်ပါသည်။ [ဆက်ဖတ်ရန်]


တရားဦး ဓမ္မစကြာ - နိဒါန်း

နိဒါန်း

“… ပညာတည်းဟူသော နားနှင့် ပြည့်စုံသော သူတို့သည် ယုံကြည်ခြင်း (သဒ္ဓါတရား)ကို စေလွှတ်ကြကုန်လော့။ ထိုသူတို့အတွက် နိဗ္ဗာန်တံခါးကို ဖွင့်အပ်ပြီ။” [ ၀ိနည်းမဟာဝါ-မဟာခန္ဓက၀ဂ်-ဗြဟ္မယာစက ကထာ]

ပစ္စေကဗုဒ္ဓဘုရားနှင့် သမ္မာသမ္ဗုဒ္ဓဘုရားတို့မှအပ တရားနာကြားရခြင်းမရှိပဲ အကျွတ်တရားရသည်ဟူ၍ မရှိချေ။ မှန်သောအမြင် (သမ္မာဒိဋ္ဌိ) ရရှိရန်အတွက် (၁) သစ္စာနှင့်လျော်သော (သစ္စာနုလောမိက) တရားကိုနာကြားခွင့်ရခြင်း၊ (၂) နှလုံးသွင်းမှန်ခြင်း (ယောနိသော မနသိကာရ) ဟူသောအကြောင်းတရားနှစ်ပါး လိုအပ်သည်။ [ဆက်ဖတ်ရန်]

.....
.....
.....
တရားဦး ဓမ္မစကြာ

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
[ဆက်ဖတ်ရန်]

Read more...

Kust Sireni - 2


နှင်းပန်းခြုံ (၂)
အလက်ဇန်းဒါ ကူပရင်


နှင်းပန်းခြုံ (၁) က ဒီမှာ

- ဘယ်လို ဆေးစက်လေးလဲ ကိုဖြူ။ - သူမက နောက်တခေါက်ထပ်မေးတယ်။
- ဟာ ကွာ ရိုးရိုးဆေးစက်လေးပါ အစိမ်းရောင်လေး။ မင်းနားလည်လား၊ မနေ့ညက ငါ သုံးနာရီအထိ မအိပ်ဘဲနဲ့ ပြီးအောင်လုပ်ရတာလေ။ ပုံကို လှလှပပဆွဲထားပြီးသား။ အခြားလူတွေက ပုံက အတော်လှတယ် သေသပ်တယ်လို့ပြောကြတာပဲ။ ညဥ့်နက်သည်အထိ ထိုင်ပြီးလုပ်ရတော့ ပင်ပန်းလာတာပေါ့၊ ပြီး လက်တွေလည်း တုန်ယင်လာတယ်။ အဲဒီအချိန်မှာ ဆေးစက်က ကျသွားတာ။ ဆေးသားထူထူ အရောင်လွင်လွင်နဲ့ အစက်ချမိတာပေါ့။ ဖျက်ရင်းဖျက်ရင်းနဲ့ ပိုပိုကြီးသွားတာ။ အဲဒါကြီးကို ဘာလုပ်ရမလဲဆိုတာ စဉ်းစားရင်နဲ့ အဲဒီနေရာမှာ သစ်တော့အုပ်ပုံဆွဲဖို့ ဆုံးဖြတ်လိုက်တာ။ အတော့်ကို ကောင်းကောင်းကန်းကန်းဆွဲထဲ့လိုက်တာများကွာ၊ အဲဒီနားမှာ ဆေးစက်ကျခဲ့တယ်ဆိုတာတောင် သိဖို့မလွယ်ဘူး။ ဒီနေ့ ပရော်ဖက်ဆာဆီကို ပြဖို့ယူသွားတယ်။ - အင်း စစ်ဗိုလ်လေး ဘယ်လိုလုပ်ပြီး ဒီနားချုံပုတ်ကြီးကက ပေါ်လာရတာလဲ။ - ငါ့အလုပ်က ဘယ်နားမှာ ဘာရှိတယ်ဆိုတာကို တိတိကျကျ ရှိတဲ့အတိုင်းတင်ပြရမှာမဟုတ်လားကွာ။ သူရယ်မလား မရယ်ဘူးလား မသိပါဘူးကွာ၊ သူက သိပ်တိကျတဲ့ ဂျာမန် ပညာတတ် လူကပ်ကြီး။ ငါက သူ့ကိုပြောတာပဲ - ဒီနေရာမှာ အဲဒီချုံပုတ် အသေအချာကို ပေါက်ပါတယ်ခင်ဗျာ။ သူကလည်း ပြန်ပြောတာပဲ - မဟုတ်သေးဘူး၊ ဒီနေရာကို ငါ့လက်ချောင်းလေးတွေကို သိသလိုသိနေတာ၊ ဒီချုံပုတ်တွေ ရှိကိုမရှိဘူး။- ပြောရင်ပြောရင်းနဲ့ ဆရာနဲ့ ငါ့ကြားမှာ စကားက အခြေအတင်ဖြစ်လာရော။- အခန်းထဲမှာက တခြားအရာရှိတွေလည်းရှိနေတာကိုး။ - ကဲ မင်းက အဲဒီနေရာမှာ ခြုံပင်ကြီးရှိနေတာဆိုတာ ဒီလောက်တောင် သေချာနေရင် မနက်ဖြန်ကျ မင်းနဲ့ငါ အဲဒီနေရာကို မြင်းစီးပြီး သွားကြတာပေါ့။ မင်းပဲ အလုပ်ကို ပေါ့ပေါ့ဆဆလုပ်သလား၊ အရှိအတိုင်းပဲ ပုံကိုဆွဲသလားဆိုတာ ငါ မင်းကို သက်သေပြရသေးတာပေါ့။


- သူကရော အဲဒီနေရာမှာ ခြုံပင်မပေါက်ဘူးဆိုတာ ဘာလို့ ဒီလောက်သေချာနေရတာလဲရှင့်။
- ဟ ဘုရားရေ ဘာ့ကြောင့်သိရတယ်။ မင်းကလည်း ကလေးကလားမေးခွန်းတွေလာမေးနေသေးတယ်။ အေး ဒီနေရာမှာ သူအလုပ်လုပ်နေတာ နှစ်ပေါင်း (၂၀) ရှိနေပြီ။ သူ့အိပ်ခန်းထက် ဒီနေရာတွေကို ပိုသိတယ်ကွ။ အလွန်ရစ်တဲ့ လူကပ်ကြီး၊ လောကမှာ အဲသလိုလူမျိုး သိပ်ရှားရတဲ့အထဲကွာ၊ လူက ဂျာမန်အပေါက်ဆိုးကြီး။ နောက်ဆုံးတော့ ငါလိမ်ထားတာပေါ်သွားပြီး၊ အဆူအကြိမ်းခံ - ပြီးတော့ မတွေးရဲစရာပါပဲကွာ။

စကားပြောနေတဲ့ အချိန်မှာ သူ သူ့ရှေ့မှာရှိတဲ့ ပြာခွက်ထဲက လောင်ပြီးသားမီးခြစ်ဆံတွေကို ကောက်ပြီ အပိုင်းပိုင်းလေးတွေချိုး၊ စကားတိတ်သွားတဲ့အခါကျတော့ စိတ်ဆိုးမာန်ဆိုးနဲ့ ချိုးထားတဲ့ အပိုင်းအစတွေကို ကြမ်းပြင်ပေါ်လွှင့်ပစ်နဲ့ ယောက်ကျားရင့်မာကြီးခမျာမှာ ငိုချင်နေတာ သိသာလွန်းလှတယ်။

လင်မယားနှစ်ယောက် အချိန်အကြာကြီး ဘာစကားမှ မပြောဘဲ ခပ်တွေတွေကြီးထိုင်နေကြတယ်။မလုံးက ရုတ်တရက် အားမာန်ပါပါနဲ့ ထိုင်ခုံကနေ ၀ုန်းကနဲထလိုက်တယ်။
- နားထောင်စမ်း ကိုမောင်ဖြူ၊ အခုပဲ သွားမှဖြစ်မယ်။ အ၀တ်မြန်မြန်သွားဝတ်ချည်။

ကိုမောင်ဖြူတယောက် သည်းမခံနိုင်လောက်တဲ့ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ချက်ကြောင့် ဆတ်ခနဲ့ ရှုံ့သွားသေးတယ်။
- အရူးစကားမပြောစမ်းပါနဲ့ မလုံးရယ်။ ငါက မှားပါတယ်ခင်ဗျာ၊ ခွင့်လွှတ်ပါဆိုပြီး သွားတောင်းပန်မယ်ထင်လို့လား။ အဲဒါမှ ၀န်ခံဂတိလက်မှတ်ပါ တခါတည်းတန်းထိုးနေရမယ်။ မမိုက်စမ်းပါနဲ့ဟ။

- ရှင်ကလည်း အဲသလိုလုပ်မှာမဟုတ်ပါဘူး။ - မလုံးက ခြေဆောင့်ပြီး ငြင်းလိုက်တယ်။ - ရှင့်ကို သွားပြီး အတောင်းပန်ခိုင်းနေတာ မဟုတ်ဘူးရှင့်။ အဲဒီနေရာမှာ သစ်ပင်ခြုံမရှိရင် အခုချက်ချင်းရှိအောင် သွားစိုက်ရမယ်လို့ပြောတာ။
- သစ်ပင်ခြုံ သွားစိုက်ရမယ် ဟုတ်လား။ - ကိုဖြူက တအံ့တသြကြည့်ရင်းနဲ့ မေးလိုက်တယ်။
- အင်းလေ စိုက်ရမှာပေါ့။ မဟုတ်မမှန်တာကို ပြောထားရင် မှန်အောင် ပြန်ပြင်ရမယ်လေ။ မြန်မြန်လုပ်စမ်း၊ ပေး ဦးထုပ်၊ အိတ်ရော၊ သွားသွား ထီးက ဒီမှာ မရှိဘူး ဘီရိုထဲသွားရှာပါဦး။

- ကိုဖြူက အက်ျီပဲရှာသလိုလို၊ ဦးထုပ်ပဲရှာသလိုလိုနဲ့ နားမထောင်သလိုလိုပုံ လုပ်နေတယ်။
မလုံးက တော့ အံ့ဆွဲတွေကို အမြန်ဆွဲလှပ်၊ ဗူးတွေ အိတ်တွေကိုဆွဲထုတ်၊ အထဲကပစ္စည်းတွေကို ကြမ်းပြင်ပေါ် အကုန်မှောက်ချပစ်တယ်။
- ဒီနားကပ်က ဘယ်လောက်မှ သူတို့ကပေးမှာ မဟုတ်ဘူး။ လက်စွပ်က တန်ဖိုးတော့ကြီးတယ်။ ပြန်ရွေးရမယ်။ ပြန်မရွေးနိုင်ရင်တော့ နှမျောစရာကြီးပေါ့။ လက်ကောက်ကို သူတို့က နည်းနည်းပဲ ဈေးပေးမှာ။ ဟောင်းလည်းဟောင်း လိမ်လဲနေတာကိုး။ ရှင့်ငွေရောင် စီးကရက်ဗူးက ဘယ်မလဲ ကိုဖြူ။

နောက်ငါးမိနစ်လောက်ကြာတော့ ရှိသမျှရတနာတွေကို လက်ဆွဲအိတ်ထဲ အကုန်ထည့်ပြီးပြီ။ မလုံးက အ၀တ်အစားကလည်း ၀တ်ပြီးသား အဆင်သင့်၊ ဘာပစ္စည်းများ အိမ်မှာကျန်ခဲ့သလဲဆိုတဲ့ အကြည့်နဲ့ ဘေးဘီကို တချက် ဝေး၀ိုင်ကြည့်လိုက်သေးတယ်။

- သွာစို့ - ပြတ်သားတဲ့လေသံနဲ့ သူမကပြောလိုက်တယ်။
- ဘယ်ကိုသွားမှာလဲဟ။ - ကိုဖြူက ကန့်လန့်လုပ်ချင်တဲ့ လေသံနဲ့ မေးလိုက်တယ်။ အခုပဲ မှောင်တော့မယ်။ ငါ့ပုံထဲကနေရာက ဒီကနေဆို အဝေးကြီးမှာ။
- ပြောမနေနဲ့ လာသွားမယ်။

နောက်ဆုံးတပိုင်းပဲ ကျန်တော့တယ်။

Read more...

Kust Sireni

>> Tuesday, July 15, 2008


ရုရှားစာရေးဆရာ အလက်ဇန်းဒါ ကူပရင်ကို သိတဲ့သူတွေလည်း သိကြမယ်၊ မသိတဲ့သူတွေလည်း မသိကြလောက်ဘူး။ ကျနော်လည်း အစကသိဘူး၊ အဲဒီဆရာရေးထားတာ တပုဒ်ဖတ်ဖူးတယ်ဆိုတာ နောက်မှသိတာ ။ ဘာသာပြန်ဆရာတော့ ကောင်းကောင်းမမှတ်မိတော့ဘူး။ ဆရာမောင်ထွန်းသူ ထင်တာပဲ။ စာအုပ်နာမည်က အိုလက်ဆီရာ ။ ဆရာ ကိုအန်အေ၊ ကိုပီဆာကျယ်ပေးလို့ ဖတ်ဖူးတာ။ စာအုပ်က မောင်ဖြူတို့ဆီမှာ ရောက်နေတာ။ အခုရှိသေးလားတောင် မသိတော့ဘူး။ ကိုအန်အေလေသံနဲ့ပြောရရင် ဒီစာရေးဆရာက မြန်မာကြိုက်ကွတဲ့။ ကဲ ကျနော်ဖတ်ဖူးတာ တစ်ခုကို ဘာသာပြန်ဦးမယ်။ အရမ်းအရှည်ကြီးတော့ မဟုတ်ဘူး။ ဒါပေမယ့် ဖြတ်ဖြတ်ပြီး ဘာသာပြန်မယ်။ တပိုင်းချင်းပဲတင်တော့မယ်။ အကုန်လုံးဘာသာပြန်ပြီးမှ အရှည်ကြီးတင်ရင် ဖတ်တဲ့သူတွေကလည်း ပျင်းတော့ မဖတ်ချင်ကြဘူး။ ပြီးတော့ ရုရှားနာမည်တွေက ရှုတ်လို့တဲ့။ ဟုတ်မှာပါ။ အခု ဘာသာပြန်မှာတော့ ရုရှားနာမည်တွေ အစား မြန်မာနာမည်တွေ ထည့်သုံးထားတယ်။ ရှည်ရှည်ဝေးဝေးလည်း မစဉ်းစားချင်တာနဲ့ ကိုယ်ဘာလုပ်လုပ် အထွန့်မတက်တဲ့ ကိုဖြူနဲ့ ကိုလုံးတို့ နာမည်တွေသုံးထားတယ်။ အခု အပုဒ်မှာတော့ ကိုဖြူက ယောက်ကျားလေးနေရာကပေါ့။ ကိုကြီးလုံးကိုတော့ လုံးရာကနေ ပြားပေးထားတယ်။ အဟီး။ နောက်တပုဒ်ပြန်လို့ရှိရင်ကျ နှစ်ယောက်ကို နေရာပြန်လွှဲပေးမှာပါ။ အခုဘာသာပြန်မှာက Куст сирени - မူရင်းကို ဒီမှာ ဖတ်နိုင်တယ်။ နောက်အပိုင်းတွေကို စိတ်မရှည်လို့ မစောင့်နိုင်ရင် သွားဖတ်နိုင်အောင်လို့ပါ။ сирень ဆိုတာက အင်္ဂလိပ်လိုဆို lilac တဲ့။ ဘလူးဖီးနစ်ရဲ့ ရုရှား-မြန်မာ အဘိဓာန်မှာ နှင်းပန်းပင် လို့ ဘာသာပြန်ထားတာတွေ့တယ်။ lilac ဆိုတာကို အင်္ဂလိပ်မြန်မာ အဘိဓာန်မှာကျတော့ ပန်းအိ တဲ့။ ထားတော့ နာမည်က အရေးမကြီးဘူး။ ပန်းကိုမျက်လုံးထဲမြင်အောင်ပြောရရင် သူက ချုံပုတ်ပင်မျိုးပါ။ ကဲနာမည်ကတော့ နှင်းပန်းခြုံ လို့ပဲတပ်လိုက်မယ်။


နှင်းပန်းခြုံ

ကိုကြီးဖြူတစ်ယောက် မိန်းမက တံခါးဖွင့်မပေးခြင်းကို တပင်တပန်း စောင့်လိုက်ရတာ၊ ကုတ်အက်ျီအရှည်ကိုလည်း မချွတ်၊ ဦးထုပ်ဆောင်းလျှက်သားကြီးနဲ့ သူ့အခန်းထဲ တန်းဝင်သွားပါရောလား။ စိတ်လိုက်မာန်ပါ နဲ့ အောက်နှုတ်ခမ်းကို သွားနဲ့ ကိုက်ထားပြီး၊ တွန့်ခေါက်နေတဲ့ မျက်ခုံးမွှေးတွေနဲ့ သူ့ယောက်ကျားရဲ့ မှုန်သုန်နေတဲ့မျက်နှာကို မြင်လိုက်ရတာနဲ့၊ မိန်းမလုပ်သူက အဲဒီခဏမှာပဲ ချက်ချင်း သဘောပေါက်လိုက်ပါပြီ၊ အလွန်အမင်း စိတ်ညစ်စရာ အကြီးကြီးဖြစ်လာခဲ့ပြီဆိုတာကိုပေါ့။ ပါးစပ်ပိတ်ပြီး သူခင်ပွန်းနောက်က အသာလိုက်သွားရတယ်။ အခန်းထဲမှာ ကိုဖြူတစ်ယောက် တစ်နေရာတည်းမှာ မလှုပ်မယှက်ရပ်၊ အကြာကြီး ဒေါင့်တစ်ဒေါင့်ကို ငေးနေပါရောလား။ ပြီးတော့ လက်ထဲက ရုံးအိတ်ကြီးက ကြမ်းပြင်ပေါ်လွတ်ကျသွားပြီး အဖုံးတွေပွင့်လှန်ထွက်နေတာပေါ့။ လူကြီးကတော့ ကုလားထိုင်ပေါ် အရုပ်ကြိုးပြတ် ပစ်ခတ်ထိုင်ချလိုက်ပါတယ်။ လက်ချောင်းတွေယှက်ထားပြီး ခပ်ကြမ်းကြမ်းနဲ့ လက်တွေအသံမြည်အောင်ချိုးနေပါလား။

ကိုဖြူဆိုတာက အသက်ငယ်ငယ်၊ ခပ်မွဲမွဲ စစ်တပ်အရာရှိတစ်ယောက်ပါ။ ဗိုလ်ချုပ်သင်တန်းကျောင်းမှာ လက်ချာတွေ သွားနားထောင်ပြီး အဲဒီကနေအခုပဲ ပြန်လာတာပေါ့။ ဒီနေ့ သူက ပရော်ဖက်ဆာကို နောက်ဆုံးနဲ့ အခက်ဆုံး လက်တွေ့အလုပ်တခုဖြစ်တဲ့၊ ဒေသမြေပုံတစ်ခု တင်ပြပြီး ပြန်လာတာပါ။ အခုအချိန်အထိကတော့ စာမေးပွဲတွေက ကံကောင်းစွာနဲ့ အောင်မြင်ခဲ့ပါတယ်။ မယ်မင်းကြီးမ-သူ့မိန်းမတစ်ယောက်ပဲ ဒီအလုပ်တွေ ဘယ်လောက်ခက်တယ်ဆိုတာကို နားလည်တာပါ။ ကျောင်းဝင်ခွင့်က စပြောရမယ်ဆိုရင် အစပိုင်းတုန်းကတော့ လုံးဝကို မဖြစ်နိုင်သလိုမျိုးကြီးရယ်။ (၂)နှစ်တော့ ခက်ခက်ခဲခဲကိုပဲ မအောင်မြင်ခဲ့ဘူး၊ တတိယနှစ်ရောက်မှ အတားအဆီးတွေအားလုံးက ကျော်လွှားနိုင်ခဲ့တာပါ။ မိန်းမသာမရှိရင်တော့ သူမှာ ဘာခွန်အားမှမရှိတော့ဘူးရယ်၊ အကုန်လုံး လက်နဲ့ပုတ်ချလိုက်သလို အားလုံးဆုံးရှုံးကုန်မှာပါ။

ဒါပေမယ့် သူ့မိန်းမ မလုံးက ယောက်ကျားကိုစိတ်ဓာတ်အကျမခံပါဘူး၊ ရင်ထဲမှာ သတ္တိတွေ အမြဲတမ်းရှိအောင် အားပေးနေတာပါ။ ကြည်လင်တဲ့မျက်နှာနဲ့၊ ဒီထက်မကပါဘူး ပြုံးရွှင်နေတဲ့ မျက်နှာနဲ့ကို ကျရှုံးမှုမှန်သမျှကို ရင်ဆိုင်တတ်နေပါပြီ။ ကိုယ့်အတွက်ကတော့ ဘာမှမသုံးဘဲချွေတာပြီး၊ ခေါင်းသုံးပြီး အလုပ်လုပ်ရတဲ့ ယောက်ကျားအတွက် အဖိုးနည်းပေမယ့် သက်တောင့်သက်သာဖြစ်စေမယ့် မရှိမဖြစ်လိုအပ်တာတွေကို သူမက ဖန်တီးပေးတာပါ။ သူလိုအပ်သလိုပါပဲ သူမကတော့ တခါတခါ သူရဲ့ စားရေးမဖြစ်လိုက်၊ ပုံဆွဲပေးသူဖြစ်လိုက်၊ စာဖတ်ပြရတဲ့သူဖြစ်လိုက်၊ မှတ်မိနေအောင်လို့ အခါခါရွတ်ဖတ်ပြတဲ့သူဖြစ်လိုက်၊ နောက်ဆုံး ဒိုင်ယာရီစာအုပ်ဖြစ်လိုက်ပေါ့။

ဘာသံမှမထွက်ပဲ ငါးမိနစ်လောက်ကြာတယ်၊ နှိုးစက်နာရီရဲ့ နာရီလက်တံ ထော့နဲ့ထော့နဲ့ ရွေ့လျားသံက နှောက်ယှက်နေတယ်။ ရင်းနှီးပြီးသားဆိုပေမယ့် စိတ်ညစ်စရာအသံပေါ့။ တစ်..တစ်..ဒစ်ဒစ် ဆိုသလိုပဲ၊ ပထမနှစ်သံက အရှင်းနဲ့၊ နောက်တတိယမြောက်အသံကျတော့ ခပ်အက်အက်။ ဦးထုပ်ရယ်၊ ကုတ်အက်ျီကို မချွတ်ဘဲ ထိုင်ချလိုက်တဲ့ ကိုဖြူက ဒီဘက်ကိုလှည့်လာတယ်။ မလုံးကလည်း သူနဲ့ ခြေနှစ်လှမ်းအကွာလောက်မှာ ထိထိရှရှခံစားရတယ်ဆိုတဲ့ မျက်နှာပေးလှလှလေးနဲ့ အသာလေးပါးစပ်ပိတ်ပြီး ရပ်နေရတာပေါ့။ နောက်ဆုံးတော့လည်း သတိထားပြီး သူမကပဲ စပြောရတော့တာပါပေါ့။ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတဲ့ လူနာအနီးက ကုတင်ကြီးကို ငေးပြီး စကားပြောတတ်တာ အမျိုးသမီးတွေပဲ မဟုတ်လား။

- ကိုဖြူ ရှင့်အလုပ်ကဘယ်လိုလဲ အဆင်ပြေခဲ့လား၊ အတော့်ကို ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တာလား။
သူက ပုခုံးတွန့်ပြပြီး ဘာမှလည်း ပြန်မဖြေပါဘူး။
-ကိုဖြူ ရှင့်ဆွဲထားတဲ့ပုံက အပယ်ခံလိုက်ရတာလား။ ပြောဦးလေ၊ ဘယ်လိုဖြစ်ခဲ့ဖြစ်ခဲ့ နှစ်ယောက် တိုင်ပင်ရမှာပေါ့။
ကိုဖြူ သူ့ဇနီးဖက်ကို အမြန်လှည့်လာပြီး၊ ရင်ထဲမျိုသိပ်လာရတဲ့ ဝေဒနာတွေကို ထုံးစံအတိုင်း ဒေါသသံကြီးနဲ့ ပူပူဆွေးဆွေးကြီး စပြောပါလေရော။

- အေးကွာ အေး အပယ်ခံရတယ်၊ မင်းဒီလောက်တောင် သိချင်နေတယ်ဆိုရင်။ မင်းတကယ့်ကို မမြင်ဘူးလား။ ချီးမှပဲ အမှိုက်ပဲ။ - ပုံတွေထည့်ထားတဲ့ ရုံအိတ်ကို ခြေနဲ့ ခပ်ကြမ်းကြမ်းကန်ရင် ပြောတယ်။ - သွား အဲဒီအမှိုက်တွေကို မီးဖိုထဲ သွားထည့်လိုက်ကွာ။ အလားကား ကျောင်း။ နောက်လဆို အပြစ်ဒဏ်အစွန်းအထင်းတွေနဲ့ တပ်ရင်းကို ပြန်ရတော့မယ်။ ဒီသောက်သုံးမကျတဲ့ အစက်ကလေးတစက်ကြောင့်ပေါ့ကွာ။

- ဘယ်လိုအစက်ကလေးတုန်း ကိုဖြူရဲ့။ ကျမဘာမှ နားမလည်ရပါလား။
သူမက ကုလားထိုင်လက်ရန်းလေးပေါ်ထိုင်ပြီး ကိုဖြူ့လည်ပင်းလေးကို ပွေ့ဖတ်ထားတယ်။ သူက မရုန်းဆန်ပါဘဲ၊ ကြေကြေကွဲကွဲကြီး ငေးလက်စ ထောင့်ကိုပဲ ဆက်ငေးနေလေရဲ့။

နောက်အပိုင်းတွေကိုမျှော်ပြီး ဖတ်ပါဦး။

Read more...

ကာလိုမန်ပန်းခြံ

>> Monday, July 14, 2008


ကာလိုမန်ပန်းခြံဆိုတာက ကျနော်တို့နေတဲ့ အဆောင်နားမှာပါပဲ။ လမ်းလျှောက်သွား နာရီဝက်ဆိုရောက်တာပါပဲ။ အဲဒီပန်းခြံကို မကြာခဏရောက်ဖြစ်ပါတယ်။ ပန်းခြံအကြောင်းတော့ အကျယ်မပြောတော့ပါဘူး။ ဒီမှာဖတ်ကြည့်လိုက်ရင်လည်း သိသွားမှာပါ။ မော်စကိုမြို့မှာ ဒီလို စိမ်းစိမ်းစိုစို သစ်တောအုပ်ကြီးနဲ့ အလွန်ကျယ်ဝန်းလှတဲ့ ပန်းခြံရှိနေတာ အံ့သြစရာပါပဲ။ အဲသလိုပန်းခြံတွေ အခြားနေရာတွေမှာလည်း ရှိသေးတယ်။ သစ်တောပန်းခြံတွေလို့ခေါ်တယ်ထင်တယ်။ မှတ်မိသေးတယ် သူငယ်ချင်းတစ်ယောက်က မော်စကိုကို စရောက်တော့ လေဆိပ်မှာ သွားကြိုတာ၊ သူလေယာဉ်ပေါ်ကကြည့်နေတာတဲ့ သစ်တောအုပ်တော့ မနည်းပဲတဲ့၊ လေဆိပ်နဲ့ မော်စကိုမြို့က အတော်ဝေးသလားတဲ့။ အတော်ကြီး ဝေးလှတာတော့လည်း မဟုတ်ပါဘူး။ အဲသလိုပဲ ဒီမှာက သစ်ပင်တွေရှိပဲနေတာလား၊ မခုတ်လို့ကျန်နေတာလား၊ ခုတ်မရလို့ကျန်နေတာလား မသိပါဘူး။ ကျနော် ဗော်လဂါမြစ်ဘေးက အနားယူအပန်းဖြေစခန်းကို သွားနေတုန်းကလည်း မနက်လင်းလာရင် တောထဲ ရောက်သွားတော့တာပဲ။ လျှောက်သွား ဟိုရှာ ဒီရှာ၊ ဟိုသွား ဒီသွားပေါ့။ မြစ်ဘေးမှာ လှေတွေလည်းရှိတော့ လှေတွေလည်း စီးလိုက်၊ ရေးကူးလိုက် တောထဲသွားလိုက်နေတာပေါ့။ ဗော်လဂါမြစ်ဘေးမှာ ဗော့ဒကာနဲ့ သိပ်ဇိမ်ကျတာ ပြောရင်း သူငယ်ချင်းတွေကိုတောင် လွမ်းလာပြီ။ ဗော်လဂါမြစ်ကမ်းဘေး စခန်းပုံတွေတော့ ဒီနေရာနဲ့ ဒီနေရာမှာသာကြည့်တော့ နက်ထဲရှာထားတာ။ အခုတော့ ကာလိုမန်ပန်းခြံက ဓာတ်ပုံတချို့ကြည့်ပါဦး။ အလှကြီးတွေတော့ ဟုတ်ပါဘူး။ အမှတ်တရပေါ့ စိမ်းစိမ်းလေးတွေမြင်ရလို့ မျက်စိအေးသွားလည်း နည်းတာမှတ်လို့နော။


ပန်းခြံက မော်စကိုမြစ်ဘေးမှာရှိတာ။ အဲသလို စိမ်းစိမ်းလေး၊ တောအုပ်ကလေးတွေနဲ့။



ဒီလိုလမ်းကလေးတွေ


ဒီအဆောက်အဦးကြီးကတော့ သမိုင်းဝင်ဆိုလားပဲ၊ မနှစ်တုန်းကတော့ ပြင်နေတာ၊ အခုတော့ သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းနေတယ်။



ဒါကတော့ ပန်းသီးပင်အုပ်တွေ။ အခုတော့ အသီးမရှိဘူး။ နောက်ကျရှိလာမယ်။ အဲဒီတော့လည်းသွားရသေးတာပေါ့၊ ပန်းသီးက အကောင်းစားမဟုတ်လို့လားဘာလာတော့ သိဘူး၊ သီးနေရင် ခူးစားချင်စားလို့ရတယ်။ ခူးပြီးသယ်သွားချင်ရင်လည်းရတယ်။


ဒီအသီးလေးနာမည်မေ့သွားပြီ၊ အဖွားကြီးတစ်ယောက်ကိုမေးတော့ ပြောပြတယ်၊ စားလို့ရတယ်ဆိုလို့ စားကြည့်တာ မဆိုးဘူး အရသာက။(((နောက်တိုး - အသီးနာမည်ကိုပြန်သတိရလို့ရေးလိုက်တာ - ရုရှားလို вишня - အင်္ဂလိပ်လို cherry တဲ့။ ချယ်ရီကို အဲသလိုဆိုတာကို သိဘူး။ ဒီမှာ နီနီအလုံးလေးတွေက ပေါသကိုး။ ကိုယ်က အ တော့ မခွဲ၊မခြား၊ မသိဘူးပေါ့။)))



ဒါတွေကတော့ နှင်းဆီတွေထင်တယ် သေချာသိဘူး။


ဒါက ဘာအဆောက်အဦးလဲတော့ သိဘူး၊ အကောင်နှစ်ကောင် ရှေ့မှာ ကားကားကြီးနဲ့။ တို့ဆီက ဘုရားတွေ့ရှေ့မှာကြနေတာပဲ။ သူများ ဓာတ်ပုံရိုက်တော့ ကိုယ်လည်းရိုက်တာပေါ့နော။


ဓာတ်ပုံတွေမှာ ဒိတ်ကတရက်လွဲနေတယ် ချောတီး။
Мы из будущего. - ပေါ့။
အဓိပ္ပါယ်က We are from the future.

Read more...

စာဖတ်ခြင်း

>> Sunday, July 13, 2008


ကျနော် ရုရှားစာတွေ ဘာသာမပြန်ဖြစ်တာကြာပြီဖြစ်လို့ အခု အန်တွန် ချက်ဟော(ဗ်) ရေးထားတဲ့ “စာဖတ်ခြင်း”ဆိုတဲ့ အတိုတစ်ပုဒ်ကို ဘာသာပြန်လိုက်ပါတယ်။ မူရင်းရုရှားလိုကတော့ ဒီမှာ ပါ။ ရုရှားလို စိတ်ဝင်စားတဲ့သူတွေ ဖတ်ရအောင်လို့ပါ။ အရင်ကတည်းကလည်း ချက်ဟော့(ဗ်)ရဲ့ ၀တ္ထုအတိုတွေကို ဘာသာပြန်ဖူးပါတယ်။ အရင်က ချက်ဟော့(ဗ်)ရဲ့ စာတွေကို ဘာသာပြန်ပြီးတင်ထားတဲ့ လင့်တွေကို ပြန်စုစည်းပေးပါဦးမယ်။

၁။ ကိုလူဝ နှင့် ကိုပိန်လှီ
၂။ ခွေးကလေးတစ်ကောင်နဲ့ အမျိုးသမီး (ကိုကြီးလုံး ဘာသာပြန်ထားတာပါ။)
၃။ အလောင်းအစား
၎။ ချက်ဟော့(ဗ်) ပြောခဲ့သော စကားအချို့
၅။ Anton Pavlovich Chekhov
၆။ Dushechaka - A. P. Chekhov
၇။ Examination - A. P. Chekhov
၈။ Poprygunya - A. P. Chekhov
၉။ Proposal - A. P. Chekhov
၁၀။ My "SHE" - A. P. Chekhov

အခုတစ်ပုဒ်ကတော့ ချက်ဟော့(ဗ်)ရေး၊ ဆရာမောင်ထင်ဘာသာပြန်ထားသော၊ ဧရာဝတီအင်တာနက်မဂ္ဂဇင်း၊ရသလွင်ပြင်မှ လူ့ပုတ်သင် ဖြစ်ပါတယ်။

ကျနော်ဘာသာပြန်ထားတာတွေက ထောင့်ထောင့်ကြီးတွေဖြစ်နေ၊ အဓိပ္ပါယ်မရောက်တာတွေရှိနေရင် ကျနော့်ဘာသာပြန် အားနည်းချက်ကြောင့်ပါ။ စာတွေ အားလုံးကတော့ ရုရှားဘာသာကနေပဲ ဘာသာပြန်တာပါ။ မူရင်းရုရှားလို ဖတ်ရတာ ပင်ပန်းပေမယ့် အရသာ ပိုရှိတယ်လို့လည်း ထင်မိပါတယ်။ ရုရှားစာတွေဖတ်ဖြစ်အောင် သင်လည်းပေး၊ ဘာသာပြန်ဖြစ်အောင် တွန်းအားလည်းပေးတဲ့ ရုရှားဘာသာသင်ဆရာမကြီး Елена Викторовна Соловьева ကိုလည်း ကျေးဇူးအများကြီးတင်မိပါတယ်။




စာဖတ်ခြင်း

တခါက ကျုပ်တို့ရဲ့ အလုပ်ရှင်ကြီး အီဗန် ပျယ်သရိုးဗစ်(ချ) စယ်မီပါလာတော့(ဗ်) သူရဲ့အခန်းထဲမှာ ကျုပ်တို့ ဇာတ်ရုံမန်နေဂျာ ဂါလာမီဒေါ့(ဗ်) နဲ့အတူထိုင်ပြီး ပြဇာတ်တွေအကြောင်း၊ မင်းသမီးတွေရဲ့အလှအကြောင်း ပြောနေကြလေရဲ့။
- ကျုပ်ကတော့ ခင်ဗျားနဲ့ သဘောမတူဘူးဗျ။ - အီဗန် ပျယ်သရိုးဗစ်(ချ)က စာရွက်စာတမ်းတွေကို လက်မှတ်ထိုးရင်း ပြောတယ်။ - ဆိုဖီယာ ယူရယ်ဗနာ က တောင့်တောင့်တင်းတင်းနဲ့၊ ပင်ကိုယ် အရည်အသွေးလည်းရှိ၊ ဟော သိပ်ချစ်စရာကောင်းပြီး ကြက်သရေအလွန်ရှိတဲ့ သူတစ်ယောက်ပါဗျာ။

အီဗန် ပျယ်သရိုးဗစ်(ချ) ဆက်ပြီးပြောချင်သော်လည်း ပီတိတွေအလွန်ဖြာနေတဲ့အတွက် စကားလုံးတစ်လုံးမှ ထွက်မလာနိုင်ပါဘဲ၊ သကာရည်များဖြန်းထားသကဲ့သို့ပင် မျက်နှာကြီးပေါ်တွင် ချိုကလီအပြုံးကြီးဝေနေလေရာ၊ မန်နေဂျာသည်လည်း သူ့မျက်နှာကို မြင်၍ ပါးစပ်အထဲတွင် ချိုတိုတိုအရသာကို ခံစားရသယောင်ရှိနေလေသည်။

- ကျုပ်ကတော့ သူမကို သဘောကျသဗျာ၊ အဲ အဲ အဲ သူမက တစ်ယောက်တည်းစကားပြောတွေ ဖတ်နေတယ်ဆိုရင် စိတ်လှုပ်ရှားသံတွေရော၊ သူမရင်တုန်ပန်းတုန်ဖြစ်နေပုံတွေကလေ အလင်းတွေများ ဖြာထွက်နေသလိုပဲ။ အဲဒီအချိန်ဆို သူမအတွက် ဘာတွေပဲ လုပ်ပေးရ ပေးရ ကျူပ်ကတော့ အဆင်သင့်ကိုဖြစ်နေတာဗျို့။

- လူကြီးမင်းခင်ဗျာ၊ ဒီသဘောတူစာချုပ်မှာ လက်မှတ်ထိုးပေးစေချင်ပါတယ်။
စယ်မီပါလာတော့(ဗ်) ပြုံနေတဲ့ မျက်နှာကြီးကို မော့လိုက်တော့ သူ့ရှေ့မှာ ]ရုံဝန်ထမ်း မျယ်(ရ်)ဂျာရက်(ဗ်) ကို တွေ့ရပါရောလား။ မျယ်(ရ်)ဂျာရက်(ဗ်)က သူ့ရှေ့မှာ မျက်လုံးကြီး ပြူးပြီး လက်မှတ်ထိုးဖို့ စာရွက်ကို ကမ်းပေးနေလေရဲ့။ စယ်မီပါလာတော့(ဗ်) က မချိပြုံးလေးနဲ့၊ စကားပြေက ကဗျာရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးနေရမှာ လာနှောက်ယှက်သလိုမျိုးနဲ့။

- အဲဒီအကြောင်းကို ပြီးရင်တော့ ပြောပြမယ်၊ - သူက ပြောတယ်။ - ဒီမှာမြင်လား ငါပြောနေတယ်။ ကြောက်စရာကောင်းလောက်အောင် ပြုစုပျိုးထောင်မခံခဲ့ရတဲ့ မိုက်မဲတဲ့လူတွေပါလား။ ဒီမှာ လူကြီးမင်း မျယ်(ရ်)ဂျာရက်(ဗ်)၊ ခင်ဗျားပြောခဲ့တယ် ကျုပ်တို့မှာ ဂိုဂိုပုံစံတွေ မရှိဘူးဆို၊ ရော့ ဒီမှာ။ ဘာပုံစံတွေလဲ။ ဒီမှာ အပေအရေတွေ တံတောင်တွေလည်း စုတ်ပြတ်လို့။ ဘယ်တော့မှလည်း ဘီးမဖီးဘူး။ ကြည့်ပါဦး ဘယ်လိုတွေ ရေးထားတယ်ဆိုတာ။ ဒီလက်ရေးနဲ့တော့ကွာ။ သဒ္ဒါမှားတွေ၊ အဓိပ္ပါယ်မရှိတွေ ရေးလိုက်တာ ဖိနပ်ချုပ်သမားကျလို့ ဒီမှာကြည့်စမ်း။

- ဟေ့ လူ - ဂါလာမီဒေါ့(ဗ်)က စာရွက်ကိုကြည့်ရင် တိုးတိုးညီးတယ်။ - သိပ်ဟုတ်တာပေါ့၊ လူကြီးမင်း မျယ်(ရ်)ဂျာရက်(ဗ်) စာဖတ်သိပ်နည်းပုံရတယ်။
- ဒီပုံအတိုင်းကတော့ မရဘူး မိတ်ဆွေ - အလုပ်ရှင်ကြီးက ဆက်ပြောတယ်။ - ခင်ဗျားအစား ကျနော် ရှက်လိုက်တာဗျာ။ ခင်ဗျာ စာလေး ဘာလေးတွေ မဖတ်ဘူးလား။

- စာဖတ်တယ်ဆိုတာ အဓိပ္ပါယ်အများကြီး ရှိတယ်ဗျ။- ဂါလာမီဒေါ့(ဗ်) က ဘာအကြောင်းပြချက်မှ မပြောဘဲ သက်ပြင်းကြီး ချရင်းနဲ့ ပြောတယ်။ - အများကြီးပဲ။ ခင်ဗျား စာဖတ်တယ်ဆိုရင် ခင်ဗျားအမြင်တွေ ချက်ချင်းပြောင်းသွားတာကို အမြန်သိလာလိမ့်မယ်။ စာအုပ်တွေကတော့ အဆင်ပြေတဲ့နေရာမှာ ရနိုင်ပါတယ်။ ဥပမာ ကျွန်တော့်ဆီကနေ ငှားပေါ့။ ၀မ်းမြောက်ဝမ်းသာ ငှားမယ်။ လိုချင်ရင် မနက်ဖြန်ယူလာပေးမယ်။
- အေး ကျေးဇူးတင်လိုက် မောင်ရင် - စယ်မီပါလာတော့(ဗ်) က ပြောတယ်။
မျယ်(ရ်)ဂျာရက်(ဗ်) လည်း အောင့်သီးအောင့်သက်နဲ့ ခါးကိုင်း အရိုအသေပေး၊ နှုတ်ခမ်းကို သွားနဲ့ကိုက်ပြီး ထွက်သွားလေရဲ့။

နောက်တရက်ကျတော့ ကျူပ်တို့ဆီကို ဂါလာမီဒေါ့(ဗ်) စာအုပ်တွေသယ်ပြီး ရောက်ချလာပါတယ်။ အဲဒီအချိန်ကတည်းက သမိုင်းကြောင်းက စတော့တာပဲ။ နောင်လာနောက်သားတွေကတော့ စယ်မီပါလာတော့(ဗ်)ကို သူခပ်ပေါ့ပေါ့တွေးပြီး လုပ်လိုက်တာအတွက် ဘယ်တော့မှ ခွင့်မလွှတ်ကြတော့ဘူး။ ဒီလိုလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ် လူငယ်လေးတစ်ယောက်က မှားတာဆိုရင်တော့ ခွင့်လွှတ်နိုင်လောက်ပေမယ့် အတွေ့အကြုံရင့် တကယ့်ဝါရင့် အဖိုးကြီးတစ်ယောက်ဆိုတော့ ဘယ်တော့မှ ခွင့်မလွှတ်နိုင်တာဖြစ်မယ်။ မန်နေဂျာရှိတုန်းပဲ မျယ်(ရ်)ဂျာရက်(ဗ်) ကို အခန်းထဲ အခေါ်လွှတ်လိုက်တယ်။

- ဟေ့ မောင်ရင် ဖတ်ဟေ့ - စယ်မီပါလာတော့(ဗ်)က စာအုပ်ကမ်းပေးရင်း ပြောပါတယ်။ သေသေချာချာဖတ်စမ်း။
မျယ်(ရ်)ဂျာရက်(ဗ်) လက်တုန်တုန်နဲ့ စာအုပ်ကို ယူပြီး အခန်းထဲကနေ ထွက်သွားတယ်။ ဖြူဖတ်ဖြူရော်ကြီးဖြစ်နေတာပေါ့။ သူ့မျက်လုံးစွေစောင်းကြီးတွေက ဟိုးပြေးဒီပြေးနဲ့ ဘေးပတ်ဝန်းကျင်မှာ အကူအညီရနိုင်စရာ တခုခုကို ရှာနေသလိုပဲ။ ကျုပ်တို့ကလည်း သူ့ဆီက စာအုပ်ကိုယူပြီး ဂရုတစိုက်ကြည့်လိုက်တော့ စာအုပ်နာမည်က “ မြို့စားကြီး မွန်တီကာလို”တဲ့။

- သူ့ဆန္ဒကို ဆန့်ကျင်ရအောင်လည်း မဖြစ်သေးဘူးကွ။ - ငွေစာရင်းစာရေးကြီး ပရိုဟော်(ရ်) စယ်မျိုနစ်(ခ်ျ) ဘူဒီ(လ်)ဒါ က သက်ပြင်းကြီးချပြီး ပြောရှာတယ်။ တနည်းနည်းနဲ့ ကြိုးစားပါ၊ အားစိုက်ပြီး တစ်နေ့ နည်းနည်းချင်းဖတ်ပေါ့၊ ဘုရားသခင်ကယ်မတဲ့အခါ သူမေ့သွားလိမ့်မယ်လေ။ အဲဒီတော့မှ စာအုပ်တွေကို လွှင့်ပစ်ပေါ့။ ကြောက်မနေနဲ့။ အရေးကြီးတာက အလေးအနက်မထားဖို့ပဲ။ ဖတ် ပြီးတော့ အဲဒီအာရုံသိပ်စိုက်ရတာကြီးကို စိတ်ထဲမှာ သိပ်လေးလေးနက်နက်မထားနဲ့။

မျယ်(ရ်)ဂျာရက်(ဗ်) စာအုပ်လေးကို အသာခေါက်ပြီး စာရေးဖို့ထိုင်တယ်။ ဒါပေမယ့် ဒီတကြိမ်လည်း စာမရေးနိုင်လိုက်ပါဘူး။ လက်တွေက တုန်လာပြီး မျက်စိတွေကလည်း ဟိုကြည့်ဒီကြည့်နဲ့ပါ၊ တလုံးက မျက်နှာကြက်ရောက်၊ တခြားတလုံးက မင်အိုးဆီရောက်လို့။ နောက်နေ့အလုပ်ကို လာတော့ ငိုထားတဲ့ မျက်လုံးကြီးတွေနဲ့လေ။

- လေးကြိမ်ရှိပြီ စလုပ်တာ - သူကပြောတယ်။ - ဘာမှလည်း နားမလည်ကြဘူး၊ ဘယ်လို့ နိုင်ငံခြားသားတွေလဲ။
နောက်ငါးရက်ခန့်ကြာသောအခါမှာ စားပွဲတွေနားက ဖြတ်လျှောက်သွားရင်း စယ်မီပါလာတော့(ဗ်)က မျယ်(ရ်)ဂျာရက်(ဗ်)ရှေ့မှာ ရပ်ပြီး မေးပါလေရော..
- ကဲ ခင်ဗျား ဘာစာအုပ်ဖတ်ပြီးပြီလဲ။
- ဖတ်ပါတယ်ခင်ဗျ လူကြီးမင်း။
- ဘာအကြောင်းများဖတ်ခဲ့တာလဲ မောင်ရင်။ လုပ်ပါဦး ပြောပြစမ်းပါ။

မျယ်(ရ်)ဂျာရက်(ဗ်) ခေါင်းလေးမော့လာပြီး နှုတ်ခမ်းပါးလေးလှုပ်ယုံလေသံလေးနဲ့ ပြောရှာတယ်။
- မေ့သွားပြီ လူကြီးမင်းခင်ဗျာ။ - သူနောက်တစ်မိနစ်လောက်ကြာမှပြောတယ်။
- သဘောက သေသေချာချာ စာမဖတ်ဘူးပေါ့။ အတော်ပြောရတာပဲ။ ဒီလို မရဘူးလေ။ အေး နောက်တစ်ခေါက်ထပ်ဖတ်။ အသေအချာကို သတိပေးတယ်။ ဖတ်စမ်းပါ။ အားလုံးဖတ်ရမယ်။ ကျုပ်ဆီမှာ စာအုပ်တွေရှိတယ်။ လာယူ ပြီး ဖတ်ကြ။ ပါရာမွန်တော့(ဗ်) လာခဲ့ပါ စာအုပ်လာယူ။ ပါ့(ဒ်)ဟော(ဒ်)ဆတ်(ဗ်) ရှေ့တိုးပြီး စာအုပ်ယူပါ လူကြီးမင်း။ စမီး(ရ်)နော့(ဗ်) လာပါ။ လူကြီးမင်းများအားလုံး စာအုပ်လာယူပါ တောင်းပန်ပါတယ်။

အားလုံးသောလူတွေလည်း သွားပြီး စာအုပ်ကိုယ်စီယူကြရပါတယ်။ ဘူဒီ(လ်)ဒါ တစ်ယောက်ပဲ စာအုပ်သွားမယူဘဲ ဆန့်ကျင်ရဲတယ်။ သူက လက်နဲ့ကာပြီး ခေါင်းတရမ်းရမ်းနဲ့ ပြောပါရောလား။
- လူကြီးမင်းခင်ဗျာ ကျနော့်ကိုတော့ ခွင့်လွှတ်ပါ။ ပင်စင်သာ အမြန်ပေးပါတော့။ ဒီလို ဝေဖန်ရေးစာပေတွေကနေပြီး ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတာကို ကျနော်နားလည်ပါတယ်။ ကျနော့်မြေးအကြီးလေး အဲဒီလိုတွေဖတ်ပြီး အမေအရင်းကို အရူးမလို့ခေါ်ပြီး မျက်လုံးကို နွားနို့နဲ့ ပက်ပါတယ်။
- ခင်ဗျားဘာမှ နားမလည်ပါပဲ။ - စယ်မီပါလာတော့(ဗ်)က အဖိုးကြီးရဲ့ မိုက်မဲမှုကို ခွင့်လွှတ်ရင်းနဲ့ ပြောတယ်။

စယ်မီပါလာတော့(ဗ်) မှားသွားပါတယ်။ အဖိုးကြီးက အားလုံးကို နားလည်ပါတယ်။ နောက်အပတ်လည်း ရောက်ရော အခုစာဖတ်ခြင်းရဲ့ အသီးအပွင့်တွေကို တွေ့ရမြင်ရပါလေရော။ “ထာဝရ ဂျူး” စာအုပ် ဒုတိယတွဲကိုဖတ်တဲ့ ပါ့(ဒ်)ဟော(ဒ်)ဆတ်(ဗ်)က ငွေစာရင်းစာရေးကြီး ဘူဒီ(လ်)ဒါ ကို ဂျူးဘာသာဝင်လို့ ပြောပါလေရော။ စမီး(ရ်)နော့(ဗ်)က အလုပ်ကို အမူးသမားပုံစံနဲ့ ပေါ်လာတတ်တယ်။ စာဖတ်ခြင်းက မျယ်(ရ်)ဂျာရက်(ဗ်)ကို လွှမ်းမိုးသလောက် အခြား ဘယ်သူ့ကိုမှ မလွှမ်းမိုးဘူး။ သူ ပိန်လှီလာပြီး အရက်သောက်စပြုလာတယ်။

“ပရိုဟော်(ရ်) စယ်မျိုနစ်(ခ်ျ)” - သူ ဘူဒီ(လ်)ဒါကို တောင်းပန်တယ်။ - ဘုရားသခင်ကို အမြဲဆုတောင်းရန် ပြုလုပ်ပေးပါ။ တောင်းပန်ပါတယ် သူတို့တွေအားလုံး ကျနော့်ကို ခွင့်လွှတ်ပေးပါ။ ကျနော် စာမဖတ်နိုင်ပါဘူး။ နေ့ရော ညပါ ဖတ်ပါတယ်။ မအိပ်၊ မစားပါ။ အသံထွက်ဖတ်တာကို ဇနီးက စိတ်ပျက်လာပါတယ်။ ဒူးထောက်တောင်းပန်ပါတယ်၊ ဘုရားသခင် သနားကြင်နာတော်မူပါ။

ဘူဒီ(လ်)ဒါလည်း စယ်မီပါလာတော့(ဗ်)ကို မကြာခဏ သွားတင်ပြပေမယ့် လက်ခါပြပြီး ဂါလာမီဒေါ့(ဗ်)နဲ့အတူ အခန်းထဲမှာ လမ်းလျှောက်ရင်း လျစ်လျှူရှုပြီး အားလုံးကို ပြစ်တင်ကြိမ်းမောင်းတာပါပဲ။ ဒီလိုနဲ့ နှစ်လလောက်ကြာတော့ အဲဒီသမိုင်းကြောင်းက ကြောက်လန့်စရာအဖြစ်နဲ့ အဆုံးသတ်သွားပါလေရော။

တစ်နေ့ မျယ်(ရ်)ဂျာရက်(ဗ်)က အလုပ်ကိုရောက်တော့ ထိုင်ခုံမှာထိုင်ရမယ့်အစား၊ လူအများအလည်သွားပြီး ဒူးထောက်ငိုယိုပြီး ပြောပါလေရော…
- ကျနော့်ကို စာရွက်အတုများပြုလုပ်မိသည့်အတွက် ခွင့်လွှတ်ကြပါ အော်သိုဒေါက် ဘာသာဝင်များခင်ဗျာ။

ပြီးတော့ ရုံးခန်းအတွင်းကိုဝင်ပြီး စယ်မီပါလာတော့(ဗ်)ရဲ့ရှေ့မှာ ဒူးထောက်ပြီး ပြောတယ်
- ကျနော့်ကို ခွင့်လွှတ်ပါခင်ဗျာ လူကြီးမင်း၊ မနေ့က ကျနော် သားငယ်ကို ရေတွင်းထဲ ပစ်ချမိပါတယ်။
ကြမ်းပြင်ကို နဖူးနဲ့တိုက်ပြီး ငိုပါလေရော..
ဘာအဓိပ္ပါယ်ပါလိမ့်။ - စယ်မီပါလာတော့(ဗ်) လည်း အံ့အားသင့်နေတယ်။
- ဒီလို သဘောရှိပါတယ် လူကြီးမင်းခင်ဗျာ၊ ဘူဒီ(လ်)ဒါက ရှေ့ကိုခြေတလှမ်းတိုးကာ မျက်လုံးတွေမှာ မျက်ရည်တွေ ၀ိုင်းပြီးပြောရှာပါတယ်။ သူ့အသိနဲ့ သူဆုံးဖြတ်သွားတာပါ။ သူကျိုးကြောင်းဆင်ခြင်တာမရှိတော့တာပါ။ အသင့်ရဲ့ စာပေအဖွဲ့အနွှဲ့တွေက သူ့ကိုဖျက်ဆီးလိုက်တာပါ။ ဘုရားသခင်က အားလုံးကို သိမြင်တော်မူပါတယ် လူကြီးမင်းခင်ဗျား။ အကယ်၍သင်ဟာ ကျနော့်၏ စကားများကို မနှစ်မြို့ပါက အလုပ်မှ နားခွင့်ပေးပါ။ ဒီအရွယ်ကြီးမှာ အခုလိုဖြစ်ပျက်နေတာတွေကို မြင်ရတာထက် ငတ်ပြီးသေတာက ကောင်းပါလိမ့်မယ်ဗျာ။

စယ်မီပါလာတော့(ဗ်)လည်း ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး အခန်းထဲမှာ ဟိုထောင့်ကနေ ဒီထောင့် လမ်းလျှောက်နေပါတော့တယ်။
- ဂါလာမီဒေါ့(ဗ်) ပြောတာတွေကို မလုပ်နဲ့တော့။ - သူ အသံခြောက်ကြီးနဲ့ ပြောလိုက်တယ်။ - စိတ်အေးအေးထားပါ လူကြီးမင်းခင်ဗျာ။ အခုကျနော် ကျနော့်အမှားကို မြင်ပါပြီ။ ကျေးဇူးတင်ပါတယ် အဖိုးကြီးခင်ဗျာ။

အဲဒီအချိန်ကစပြီး ကျုပ်တို့ဆီမှာ ဘာဆိုဘာမှ မရှိတော့ပါဘူး။ မျယ်(ရ်)ဂျာရက်(ဗ်)လည်း ပိုမိုကျန်းမာလာပေမယ့် လုံးဝကြီးတော့ မကောင်းသေးပါဘူး။ အခုအချိန်အထိ စာအုပ်ပုံစံကိုတွေ့ရင် တုန်ရင်လာပြီး မျက်စိက အခြားဖက်ကို လွှဲသွားပါတယ်။

Read more...

Prejudice

>> Thursday, July 10, 2008


ကျနော် prejudice ဆိုတာကို ပြောချင်နေတာက ကြာပါပြီ။ prejudice ကို ရုရှားလို предрассудок လို့ခေါ်ပါတယ်။ မြန်မာလိုဆို ဘယ်စကားလုံးရှိသလဲဆိုတာ ကျနော် မသိပါဘူး။ သိတဲ့သူတွေ ပြောပြပေါ့နော။ အင်္ဂလိပ်-မြန်မာ အဘိဓာန်ထဲမှာတော့ ရေရေရာရာ မသိဘဲ တင်ကူးရမ်းဆ၍ ဆုံးဖြတ်ခြင်း (သို့) အဂတိ လို့ရေးထားတယ်။ ထားတော့၊ ပြောပြလိုက်ရင် ကျနော်ပြောနေတာ ဘာလဲဆိုတာကို သိသွားမှာပါ။ ကျနော်တို့ မြန်မာတွေမှာ အလေ့ရှိတယ် မဟုတ်လား၊ ရွှေကျီးသာရင် ဧည့်လာတယ်ဆိုတာ။ (အဲဒါကြောင့်ပြောတာပေါ့ သာတဲ့ကျီးကို မနက်က လောက်လေးနဲ့ပစ်ပါဆိုတာ၊ ရှင်နားမထောင်တော့ အခု ဧည့်သည်ရောက်နေပြီ ဆိုပြီး ဧည့်ခန်းထဲမှာ ဧည့်သည်ကိုထား၊ မီးဖိုထဲမှာ မိန်းမက ယောက်ျားကို ဆူနေတဲ့ပုံ ကာတွန်းလေးကို မျက်စိထဲ ပြေးမြင်မိတယ်။) အဲသလိုပေါ့ အကြောင်းအရာ အခြေအမြစ်မရှိဘဲ စိတ်ထဲမှာ သာမန်အားဖြင့် လက်ခံထားတာလေးတွေကို ပြောတာပါ။ ဒီလို လက်ခံတယ်ဆိုတာတွေကလည်း အတွေ့အကြုံတွေအရ “ဒီလိုဆိုရင် ဒါမျိုးဖြစ်တတ်တယ်” ဆိုတာတွေက မှန်တာများလာတော့ စိတ်ထဲမှာ လက်ခံလာကြတာတွေ ဖြစ်မယ်။


ရုရှားဆိုတာ စက်မှုပညာဘက်မှာ ထွန်းကားတဲ့ နိုင်ငံမဟုတ်လား။ ဒီတော့ ကျနော် ရုရှားကိုရောက်လာတော့ အဲသလို (Prejudice)တင်ကြိုခန့်မှန်းနိမိတ်ကောက်တာတွေ ရုရှားမှာ မရှိဘူးပဲ ထင်တာပေါ့။ နောက်မှ စာတွေသင်ရင်း အဲတာတွေ ပြောလာတော့မှ သူတို့လည်း ရှိတာပါပဲလားဆိုပြီး သိလာတာပါ။ ရုရှားမှာ တစ်ယောက်ယောက်က လမ်းသွားရင်းနဲ့ လမ်းမှာ သူ့ရှေ့က ကြောင်နက်တစ်ကောင်ကများ ဖြတ်ပြေးသွားရင် အဲဒီလမ်းကို ဆက်မသွားဘူးတဲ့၊ နိမိတ်မကောင်းဘူးလို့ ယူဆတယ်။ တခြားတစ်ယောက်ယောက်က သူ့ရှေ့က အဲဒီလမ်းကို မသွားမခြင်းပေါ့။ တခြားတစ်ယောက်က သူ့ရှေ့က ဖြတ်သွားပြီးပြီဆိုရင်တော့ ဆက်သွားတယ်။ မြန်မာတွေမှာလည်း ကိုယ်သွားမယ့်လမ်းမှာ ဖွတ်ဖြတ်ပြေးသွားရင် သွားမယ့်လမ်း ဆက်မသွားချင်တာတွေ၊ လုပ်လက်စ အလုပ်ရပ်ပြစ်လိုက်တာတွေ ရှိတယ်မဟုတ်လား။

နောက်တခုရှိသေးတယ် ဒီရုရှားမှာပေါ့၊ အပြင်ကနေ အိမ်ကို ပြန်လာရင်၊ အိမ်ထဲ မ၀င်ခင်၊ တံခါးဝမှာ မတ်တပ်ရပ်၊ ခေါင်းလေးကို စောင်း (ဘယ်ဖက်လား၊ ညာဖက်လားတော့ သေချာ မမှတ်မိတော့ဘူး။ ဘယ်ဖက်ဖြစ်ဖို့များတယ်။) ပုခုံးပေါ်ကို တံသွေးနဲ့ထွေးသလို “ထွီ၊ ဖွတ်၊ ဖတ်” နဲ့ လုပ်လေ့ရှိသတဲ့။ လူတိုင်းတော့ လုပ်ချင်မှ လုပ်မှာပေါ့နော။ ဘာလို့ အဲသလို လုပ်လဲဆိုတော့ မကောင်းဆိုးဝါးတွေက အဲဒီပုခုံးဖက်ပါ ကပ်ပါလာတတ်လို့၊ သူတို့ကို နှင်ထုတ်တာတဲ့။ ကျနော်တို့ မြန်မာမှာ ရှိတယ် မဟုတ်လား၊ နေ၀င်မိုးချုပ်ချိန် ကလေးတွေ အပြင်ကနေ ဆော့ကစားပြန်လာရင် အိမ်ထဲ တန်းမ၀င်ရဘဲ၊ လူကြီးတွေက “ဟဲ့ ဟဲ့ ဖွ ဖီ” လုပ်ဦးဆိုလို့ ခြေခါခါ လက်ခါခါနဲ့ ဖွ ဖီ ဆိုပြီးလုပ်ရတယ်။ မကောင်းဆိုးဝါးတွေ ကပ်ပါလာမှာစိုးလို့တဲ့။ နောက်ပြီး ကလေးပေါက်စနဲ့ လူကြီးတစ်ယောက်က ညဖက်အပြင်ထွက်ရင် ကလေးလေးနဖူးကို လူကြီးခြေဖနောင့်က ဖုန်မှုန့်လေးကို ယူသုတ်ပေးတတ်ကြတယ်၊ အပ မမှီအောင်လို့တဲ့။

ကျနော်သိတဲ့ ရုရှား Prejudice နောက်တခုရှိသေးတယ်။ တစ်ယောက်ယောက်က ကိစ္စတခုခုနဲ့ အပြင်ကိုသွားရင်း လမ်းမှာ ရေဆိုင်ထမ်းလာတဲ့ သူနဲ့တွေ့တယ်ဆိုပါတော့။ ရေဆိုင်းထမ်းလာသူရဲ့ ရေပုံးထဲမှာ ရေမပါလာဘူးဆိုရင် ကိစ္စနဲ့ အပြင်သွားတဲ့သူရဲ့ ကိစ္စရည်ရွယ်ချက် မအောင်မြင်ဘူးတဲ့။ ရေ အပြည့်ပါလာတယ်ဆိုရင်တော့ ရည်ရွယ်ထားတဲ့ ကိစ္စအထမြောက်အောင်မြင်တယ်လို့ ယူဆပါတယ်။ မြန်မာမှာတော့ အဒေါ်ကြီးတစ်ယောက် ပြောပါတော့၊ ပိုက်ဆံအကြွေးသွားတောင်းမလို့ ထွက်အလာ၊ တစ်ယောက်ယောက်က “ဒေါ်ကြီး ဘယ်သွားမလို့လဲ” မေးရင် အမေးခံရတဲ့ ဒေါ်ကြီးက အကြွေးတောင်း ဆက်မထွက်တော့ဘူးဆိုတာတွေပေါ့။

မြန်မာမှာတောင် အထက်ပိုင်း၊ အလယ်ပိုင်း၊ အောက်ပိုင်း ဒေသတွေကွဲတော့၊ အရပ်ဒေသ တခုနဲ့ တခု လက်ခံကြတဲ့ တင်ကြိုခန့်မှန်း နိမိတ်ကောက်တာတွေ တူကြမှာ မဟုတ်ပါဘူး။ ကျနော်က အဲဒါတွေကို အသိနည်းပါတယ်။ မွေးလာတဲ့ သားဦးက စနေသားဆိုရင် “သားဦးစနေ မီးလိုမွှေ” ဆိုပြီး အဖေလုပ်သူက ဒါးကြီးထမ်းပြီး သားပေါ် ဖြတ်လျှောက်တာတွေ ရှိတယ်မဟုတ်လား။ ဒါတွေလည်း Prejudice တွေနေမှာပေါ့။ သောကြာသား စကားများတယ်တယ်၊ အင်္ဂါသားသမီး သိပ်ကောက်တတ်တယ်တို့။ စောစောက ပြောသလိုပါပဲ တနိုင်ငံနဲ့ တနိုင်ငံ၊ နိုင်ငံတခုထဲမှာကို တဒေသနဲ့ တဒေသ၊ Prejudice တူတာတွေ ရှိသလို၊ မတူတာတွေလည်း ရှိမှာပါ။ ဒီတော့ ဘလော့လာဖတ်သူ ဘော်ဘော်တွေကို ကိုယ့်ဒေသက Prejudice တွေ၊ သိထားတာလေးတွေကို comment ရေးလို့ဖြစ်ဖြစ်၊ post ရေးလိုပဲဖြစ်ဖြစ် ပြောပြရင် များများသိရတာပေါ့နော။ မျှော်နေမယ်ဗျာ။


Read more...

ပညာဒါန

>> Tuesday, July 8, 2008


မဇနိ
8 July 2008

ဒီကယူထားတာပါ။

အလှူအတန်း ရက်ရောကြတဲ့ ကျွန်မတို့ မြန်မာလူမျိုးတွေ၊ ပိုက်ဆံချမ်းသာတဲ့သူကလည်း များများလှူကြတယ်။ ပိုက်ဆံဆင်းရဲတဲ့လူကလည်း သူတတ်နိုင်တာလေးတွေ လှူဒါန်းကြတယ်ဆိုတာ ရှေးပဝေသဏီကတည်းက အစဉ်အဆက် ရှိခဲ့ကြတဲ့ မြတ်နိုးစရာ အမူအကျင့်လေးတွေပါ။ ဟိုးရှေးခေတ်တုန်းက ပုဂံပြည်မှာ မုဆိုးမတောင် ဘုရားတည်နိုင်ခဲ့လို့ ပုဂံပြည်နေရာအနှံ့ ဘုရားစေတီတွေ လက်ညှိုးထိုးမလွဲရှိနေခဲ့တာပါ။ ခေတ်ကာလပြောင်းလဲလာတော့ ပိုက်ဆံရှာရခက်လာကြပေမယ့် ကိုယ်တတ်နိုင်တာလေးတွေ တနိုင်တပိုင် လှူနေကြတာပါပဲ။ ငွေကြေးမတတ်နိုင်တဲ့သူက လုပ်အားအလှူတွေ ပါဝင်မယ်ဆိုလည်း အင်မတန်ကြည့်နူးစရာကောင်းပါတယ်။ နည်းတာများတာအဓိကမထားဘဲ စိတ်ထားတတ်မယ်ဆိုရင် မွန်မြတ်တဲ့ အလှူမြောက်မှာပါ။


ကျွန်မတို့အမေက ငယ်ငယ်ကပြောလေ့ရှိပါတယ်။ “ပညာရွှေအိုး လူမခိုး” တဲ့။ အမေတို့ပေးနိုင်တာ ပညာအမွေပဲ ရှိတာ၊ အဲဒီအမွေက ဘယ်လူဆိုးမှ ခိုးလို့မရဘူး။ အမေတို့ပေးတဲ့အမွေကို ငယ်ရွယ်တုန်းကြိုးစားသင်ယူပါ” လို့ ပြောပါတယ်။ စာတော်တဲ့သူတွေကို မြင်ရင်၊ ကြားရင် အမေက အားကျဂုဏ်ယူတတ်ပါတယ်။ သူတို့အရင်ဘ၀က ပညာပါရမီအားကောင်းခဲ့လို့ ခုဘ၀မှာ ကြိုးစားအားထုတ်တိုင်း အောင်မြင်နေတာ လို့လည်း အမေက ပြောဖူးပါတယ်။ ပညာပါရမီကောင်းအောင် အခုဘ၀မှာလည်း ကိုယ်တတ်နိုင်တာလေးတွေနဲ့ သူများကို ပါရမီဖြည့်နိုင်အောင် ကြိုးစားပါလို့လည်း အမေက မှာတတ်ပါတယ်။ ကျွန်မငယ်ငယ်က အဖေ့အလုပ်သမားတွေရဲ့ ကလေးတွေကို ခဲတံ၊ စာအုပ်လေးတွေ ပေးချင်တယ်။ ကျွန်မမှာ ရှိတဲ့ခဲတံလေးတွေ စုထားတယ်။ အလုပ်သမားတွေအိမ်လာတဲ့အခါ သူတို့ကလေးလေးတွေ ပါလာရင် ကျွန်မက သာသာလေး အနားကပ်သွားပြီး ခဲတံလေးတွေပေးတယ်။ “ဘယ်နှတန်းလဲ အတန်းထဲမှာ အဆင့်ဘယ်လောက်ရသလဲ” လို့ လူကြီးလုပ်ပြီး သွားသွားမေးတယ်။ တချို့ကလေးတွေက ကြောက်လို့ငိုတော့မှ “သူက စာအုပ်၊ ခဲတံလေးတွေပေးချင်လို့ နေမှာ” လို့ အဖေက ပြောပြရပါတယ်။

အောင်စာရင်းထွက်ပြီဆိုရင် ကျွန်မစာအုပ်လေးတွေကို ဆိုင်ရာအတန်းတက်မည့် ကလေးတွေအိမ်ကို အိမ်တိုင်ရာရောက် သွားပေးပါတယ်။ အိမ်နားက ဆွေမျိုးလိုခင်တဲ့အိမ်တအိမ်ဆိုရင် ကျွန်မငယ်ငယ်က သူတို့က ချမ်းသာပါတယ်။ အဲဒီအမက အိမ်ထောင်ကျကံမကောင်းတော့ ခုချိန်မှာ ကလေးတွေနဲ့ အတော်ကသီပါတယ်။ ကျွန်မလည်း အိမ်ပြန်ရင် ခဏနေရတာရယ်၊ သူတို့တွေ အိမ်ပြောင်းသွားတာရယ်နဲ့ မတွေ့တာကြာပြီး ပြန်တွေ့တဲ့အခါမှာ သူ့သားလေးက ၈ တန်းရောက်နေပြီ ပြောပါတယ်။ ကျောင်းစရိတ်လည်း မတတ်နိုင်လို့ ကျောင်းနှုတ်ရမလားဆိုပြီး ငိုရင်းပြောလာပါတယ်။ ကျွန်မနားလည်လိုက်မိတာက သူအတော်ကို အဆင်မပြေလွန်းလို့ လာပြောပြတယ် ဆိုတာကိုပါ။ ငယ်ငယ်က မပူမပင် နေခဲ့ရတဲ့အမတစ်ယောက်ကို စိတ်လည်း မကောင်းမိတာ အမှန်ပါ။ တဦးတည်းသောသမီး အဲဒီအမက ကျွန်မငယ်ငယ်က သူတို့လက်ပေါ်မှာ ခေါ်ထားတာများပါတယ်။ သူ့အမေက သိုးမွှေးဆွယ်တာ တထည်ကို ၄ ရက်လောက်နဲ့ ပြီးအောင် လက်မှုကျွမ်းကျင်သူဆိုတော့ ကျွန်မအတွက် ခြေအိတ်လေးတွေ၊ ဆွယ်တာလေးတွေ၊ ဦးထုပ်လေးတွေဆိုတာ အရောင်စုံထိုးပေးပါတယ်။ သနပ်ခါးခေါ်လိမ်းပေးပြီး စားစရာမျိုးစုံလည်း ကျွေးထားခဲ့တာပါ။ ကျွန်မလည်း စိတ်အတော်မကောင်းတာနဲ့ စာအုပ်၊ ဘောလ်ပင်နဲ့ ကျွန်မတတ်နိုင်တဲ့ မုန့်ဖိုးပေးလိုက်ပါတယ်။ ကလေးလေးက ၀မ်းသာပြီး အမကတော့ ငိုပါတယ်။ အခုချိန်မှာဆိုရင် ကျွန်မတို့ဆီမှာ အိမ်က မတတ်နိုင်လို့ ကျောင်းမနေရတဲ့ ကလေးတွေ ဘယ်လောက်များနေပြီလဲဆိုတာ ကျွန်မ မကြာခဏ အတွေးရောက်မိနေပါတယ်။ လက်တွေ့တော့ ဘာမှ ထိရောက်အောင် ကုသိုလ်မလုပ်နိုင်သေးပါဘူး။

ဒီအကြောင်းတွေတွေးမိရင် တခါက မမေ့နိုင်စရာအဖြစ်လေးတွေကို ပြန်သတိရမိပါတယ်။ မန္တလေး MTU ကျောင်းရှေ့ ရေနီမြောင်းဘေးကနေသွားလိုက်ရင် ဘုန်းကြီးကျောင်းတကျောင်းရှိပါတယ်။ ကျောင်းတက်လာတော့ အဖေတို့ ရပ်ဆွေရပ်မျိုးဖြစ်တဲ့ ဘုန်းဘုန်းဆီမှာ အဖေက ၀င်အပ်ပေးသွားတယ်။ နောက်ပိုင်းမှာ ပျင်းတဲ့အခါလည်း သူငယ်ချင်းတွေနဲ့ စက်ဘီးလျှောက်စီးရင်း မုန့်စားရတဲ့ ဘုန်းဘုန်းဆီ ရောက်ဖြစ်ပါတယ်။ တနေ့ မုံရွာသူ သူငယ်ချင်းနဲ့ အလည်ရောက်သွားတော့ ဦးဇင်းတပါးက ကလေးတွေကို စာသင်နေတာတွေ့ရပါတယ်။ ဘုန်းဘုန်းကို မေးကြည့်တော့ ကျောင်းမထားနိုင်တဲ့ ကလေးတွေကို စာသင်ပေးနေတာလို့ ပြောလာတယ်။ ဒါနဲ့ ကျွန်မတို့လည်း လာကူသင်ပေးမယ့်အကြောင်းပြောတော့ ဘုန်းဘုန်းက ၀မ်းသာအားရလက်ခံပါတယ်။ အဆောင်ကိုပြန်ရောက်တော့ ခင်မင်ရာ သူငယ်ချင်းတွေကို စုလိုက်တာ ၆ ယောက်လောက်က စိတ်ဝင်တစား ပညာဒါနလုပ်ချင်နေကြတယ်။ ကျွန်မတို့လည်း ကျောင်းက အတန်းတွေပြီးရင် ရေမိုးချိုးပြီးတာနဲ့ ညနေမှာ စာသွားသင်တယ်။ မနက်ခင်း ၇ နာရီနဲ့ ၉ နာရီကြားလည်း သင်ပေးတယ်။ ကျောင်းပိတ်ရက်ဆို တနေကုန်စာသင်ပေးကြတယ်။

ဒီကရတာပါ။
ကိုရင် ၂ ပါးက ၈ တန်းစာမေးပွဲဖြေချင်တယ်ဆိုလို့ သင်ပေးရပါတယ်။ ဘုန်းဘုန်းက ကောင်းနိုးရာရာ မုန့်တွေ ရေနွေးကြမ်းနဲ့ တည်ခင်းဧည့်ခံပါတယ်။ သူငယ်တန်းကနေ ၄ တန်းထိက ကလေးများပါတယ်။ ဘုန်းကြီးကျောင်းရဲ့ တလင်းပြင်မှာ ဖုန်တလူးလူးနဲ့ သင်ခဲ့ကြရပေမည့် မောတယ်မထင်မိပါဘူး။ တဖြည်းဖြည်းနဲ့ စိတ်ဝင်စားလာတဲ့ သူငယ်ချင်းတွေ များလာတဲ့အခါ အတန်းပေါင်းစုံ သင်နိုင်လာပါတယ်။ နောက်ပိုင်းမှာ ယောက်ျားလေးသူငယ်ချင်းတွေပါ ကူညီသင်ပေးခဲ့ကြတယ်။ သူငယ်ချင်းယောက်ျားလေးတယောက်ကို မှတ်မိပါသေးတယ်။ သူက စာသင်မယ်ဆိုပြီး လိုက်လာတဲ့ ပထမဆုံးနေ့မှာ စတစ်အကျီအဖြူကို မီးပူအကော့စားနဲ့ လိုက်လာပါတယ်။ သူစသင်တာ သူငယ်တန်းဆိုတော့ ကလေးက အယောက် ၂၀ လောက်ရှိမယ်။ ကလေးတွေက ဆရာက သန့်ပြန့်ချောမောနေတယ်လို့ ထင်မိတယ်နဲ့တူတယ် “ ချာကြီး၊ ချာကြီး“ ဆိုပြီး သူ့ကို ၀ိုင်းအုံကြည့်ပြီး ၀ိုင်းကြီးပတ်နေကြတယ်။ တအားအံ့သြလွန်းတဲ့ကလေးက သူ့အကျီကို ကိုင်ကြည့်ကြတော့ “ဟဲ့ ဟဲ့ အေး အေး“ဆိုပြီး ချာကြီးခမျာ သူ့အကျီကို ဖုန်တွေပေမှာကြောက်လို့ ဟိုရှောင် ဒီရှောင်လုပ်နေပါတယ်။ ကျွန်မလည်း ကလေးတွေကို ငြိမ်ငြိမ်ထိုင်ကြ စာသင်တော့မယ်ပြောမှ ချာကြီးသူငယ်ချင်း လွတ်ငြိမ်းသွားတော့တယ်။

ဒီကယူထားပါတယ်။
ကျွန်မတို့သူငယ်ချင်းတွေ များလာတဲ့အခါ ကျောင်းသားတွေလည်း အတော်စည်ကားလာပါတယ်။ ကျွန်မသင်ခဲ့ဖူးတဲ့ ကလေးတယောက်ကို သတိရမိတယ်။ ဒုတိယတန်းကိုသင်တော့ ကလေးတွေက ခဲဖျက်ပျောက်လို့၊ ခဲတံပျောက်လို့ဆိုတာ ခဏခဏလာတိုင်ပါတယ်။ သတိထားကြည့်မိတော့ အောင်စိုး ဆိုတဲ့ ကလေးကို တွေ့တယ်။ သူက တခြားကလေးတွေထက် အသက် ၂ နှစ်လောက်ကြီးနေတော့ ကလေးဗိုလ်လုပ်တယ်။ ကျွန်မစာသင်ရင်တောင် အတန်းနောက်ဆုံးခုံကနေ မျက်စောင်းစွေစွေကြည့်တယ်။ အစတော့ စိတ်ထဲ “ဘယ်လိုကလေးလဲ” လို့ ဘ၀င်မကျဖြစ်မိပါတယ်။ နောက် ကျောင်းချိန်လည်း နောက်ကျမှ ရောက်ရောက်လာတယ်။ သူ့ကိုမေးကြည့်တော့မှ အဖေ၊ အမေ မရှိဘဲ အဘွားနဲ့နေရတဲ့ကလေး။ စိုက်ပျိုးရေးသိပံ္ပကျောင်းနဲ့ ဘုန်းကြီးကျောင်းကြားက လယ်ကွက်ထဲမှာ တဲအိမ်လေးနဲ့ နေတယ်။ သူ့လယ်ကွက်ထဲက သရက်ပင်ကြီး ၂ ပင်က ရတဲ့ သရက်သီးတွေကောက်ပြီး ရွာလေးရဲ့အနောက်ဘက် လမ်းဆုံမှာ သွားရောင်းရတယ်။ အဲဒီပိုက်ဆံလေးရမှ ထမင်းစားရတယ်။ သူ့ထမင်းဘူးလေးမှာ ဆန်ကွဲထမင်းနဲ့ သရက်သီးမှည့်အမြဲပါတယ်။ သရက်သီးမှည့်က အလုံးလိုက်ထည့်လာတာပါ။ ထမင်းစားချိန်ဆို သူတယောက်ထဲ စားလေ့ရှိပါတယ်။ ဆီမပါတဲ့ထမင်းကို သရက်သီးအလုံးလိုက် ကိုက်ကိုက်ပြီး ရောစားရတယ်လို့ ဘုန်းဘုန်းကပြောပါတယ်။ ဒန်ထမင်းဘူးက ပေါက်နေလို့ ဟင်းရည်ထည့်လဲ ယိုကျမှာ အသေအချာပါပဲ။

သူငယ်ချင်းတွေ ပိုက်ဆံစုပြီး အဲဒီကလေးကို ထမင်းချိုင့်လေး ၀ယ်ပေးလိုက်တယ်။ တခြားကလေးတွေဆီက ခဲတံ၊ ခဲဖျက်ဘာလို့ယူလဲမေးတော့ “ငါ့မှာ မရှိလို့” လို့ ပြန်ပြောပါတယ်။ သူလိုတာလေးတွေ ၀ယ်ပေးပြီး၊ သူများဆီက မယူဖို့ ပြောရတယ်။ ငါလို့ မပြောဖို့ သင်ပေးရတယ်။ ၁ ပတ် ၁၀ ရက်လောက်နေတော့ ကလေးက အချိုးပြောင်းသွားတယ်။ သင်္ချာတွက်ခိုင်းရင် သူအရင်ဆုံးပြေးလာပြတယ်။ မျက်လုံးစွေပြီး ဂျစ်ကန်ကန်လည်း မကြည့်တော့ပါဘူး။ နောက်ပိုင်း ကျွန်မစက်ဘီးခြင်းထဲမှာ မုန်ညင်းရွက်၊ ရုံးပတီသီး၊ ကန်စွန်းရွက်စတာလေးတွေ ထည့်ထည့်ထားတာတွေ့ရတယ်။ ဘယ်သူပေးသလဲမေးရင် အဲဒီကလေးက ပုန်းနေပြီး တခြားကလေးက အောင်စိုးပေးတယ်ပြောပါတယ်။ သူပေးတာ မယူမှာကြောက်လို့ မပေးရဲတဲ့ ကလေးပါ။ တခြားသူငယ်ချင်းတွေလည်း သူ့ကို ၀ိုင်းပြုပြင်ပေးကြတော့ အတော်လိမ်မာတဲ့ကလေး ဖြစ်လာပါတယ်။ ကျွန်မတို့လည်း ၃ လလောက် သင်ပေးပြီး စာမေးပွဲရောက်လာတော့ သွားမသင်ပေးနိုင်တော့တဲ့အခါ စိုက်ပျိုးရေးသိပ္ပံကျောင်းက ကျောင်းသူကျောင်းသားတွေကို လခနဲ့ ဘုန်းဘုန်းက ငှားသင်ခိုင်းတယ်။ ကျွန်မတို့ အောင်စိုးလေးကို သူ့ဘ၀တည့်မတ်အောင် ကူညီးဖေးမခဲ့တာ ၃ လတာလေးပါ။ ကျွန်မတို့မရှိတော့တဲ့အခါ သူဘယ်လိုဆက်လျှောက်လဲဆိုတာ သိချင်မိပါတယ်။ လိမ်မာချင်သော်လည်း ဘ၀ပေးကြမ်းတမ်းပြီး အားကိုးရာမရှိတဲ့အခါမှာ ကြုံသလိုရင်ဆိုင်နေရတဲ့ ကလေးတွေဘ၀တွေဟာ သနားစရာကောင်းလှပါတယ်။

ဒီကယူထားတာပါ။
ကျောင်းထိုင်ဘုန်းဘုန်းကလည်း အတော်အံ့သြစရာကောင်းလှပါတယ်။ သူ့မှာ ဒကာ၊ ဒကာမတွေ ပေါလှတဲ့အတွက် အေးအေးဆေးဆေး တရားအားထုတ်နေရင် ရပါတယ်။ ဒါပေမယ့် ရွာထဲကို လှည့်လည်ပြီး ဘယ်ကလေး ကျောင်းမထားနိုင်သလဲ၊ ကျောင်းမနေနိုင်တဲ့ကလေး သူ့ဆီပို့လိုက်ဆိုပြီး အပင်ပန်းခံတယ်။ မြို့နယ်ရုံးတွေကို စာမေးပွဲဖြေခွင့်ရဖို့ အသိအမှတ်ပြုဖို့ အတန်တန်သွားခဲ့ရတယ်။ ထမင်းချိုင့်မပါတဲ့ကလေးကို ဆွမ်းကျန်တွေ ဝေငှကျွေးရတယ်။ ကလေးတို့တွေ ကျန်မာရွှင်လန်းစေချင်လို့ သူ့ဂျစ်ကားစုပ်ကြီးပေါ်ကို တပြုံတမခေါ်တင်ပြီး ရွာဘောလုံးကွင်းမှာ ဘောလုံးကန်ခိုင်းတယ်။ “ဟိုကောင်က ဘာလုပ်နေတာလဲ၊ ကန်ပါ့လားကွ”ဆိုပြီး ခရာကြီးမှုတ်၊ ဒိုင်လူကြီးလဲ လုပ်တဲ့အခါ လုပ်ပါသေးတယ်။ ပြီးရင် ကလေးတွေကို ကျောင်းကို ကားနဲ့ ပြန်လိုက်ပို့၊ တခေါက်နဲ့မနိုင်ရင် အခေါက်ခေါက်၊ အခါခါသယ်ပို့ပါတယ်။ အစစအရာရာ ဂရုဏာထားပြီး ကလေးတို့ကို မြေတောင်မြှောက်ပေးခဲ့တဲ့ ဘုန်းဘုန်းကြီးဟာ အခုဆိုရင် လှူမည့်သူတွေတဖွဲဖွဲနဲ့ ဘုန်းတန်ခိုး တက်နေတုန်းပါပဲ။

ဒီကယူလာတာ။
ကျွန်မတို့သင်ပေးခဲ့ဖူးတဲ့ ၈ တန်းကိုရင်လေးတွေက အခုတော့ ကြိမ်တုတ်ကိုင်နေတဲ့ ကလေးတွေထိန်းနေတဲ့ ဦးဇင်းတွေ ဖြစ်နေပါပြီ။ တလင်းပြင်မှာ စခဲ့တဲ့ ကျောင်းလေးကနေ ကျောင်းဆောင်တွေနဲ့ ဘုန်းတော်ကြီးသင်ကျောင်းဆိုပြီး ပညာဒါနမျိုးစေ့တွေ ချပေးနေပါပြီ။ သူငယ်တန်းမှ ၁၀ တန်းထိ သင်ကြားပေးနေပါတယ်လို့ ကြားရတဲ့အခါ အတိုင်းမသိ ၀မ်းသာမိပါတယ်။ ဖုန်းတွေ၊ ကားတွေ၊ ကျောင်းဆောင်တွေနဲ့ နာမည်ရ ဘုန်းတော်ကြီးသင်ပညာဒါနကျောင်းလေး ဖြစ်နေခဲ့ပြီ။ ကျွန်မဘ၀မှာ စာရွက်တွေပေါ် လက်မှတ်ထိုးခဲ့ရတဲ့အကြိမ်ပေါင်း များလှပေမယ့်၊ ၀ါကြင်ကြင်စာရွက်ပေါ်မှာ ဖုန်အလိမ်းလိမ်းကြားက လက်မှတ်လေးထိုးစဉ်ကလောက် ပီတိမရတော့ပါဘူး။ ကျွန်မတို့ ခဏတာသင်ပေးဖူးတဲ့ ကလေးတွေကရော MTU ဆီ အလည်သွားတဲ့အခါ ရေနီမြောင်းဘေးကနေ “ဆရာမ၊ ဒို့ ဆရာမ“ လို့ နှုတ်ဆက်လေအုံးမည်လား။ ကျွန်မတို့နဲ့ ဆုံဆည်းခဲ့ရတဲ့ အောင်စိုးလေးရော သမာအာဇီဝအလုပ်တွေကြိုးစာနေမည့် ကလေးကောင်းဖြစ်နေမည်လား ကျွန်မသိပ်သိချင်မိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တချိန်ချိန် ကျောင်းတော်ကြီးဆီ အလည်သွားတဲ့အခါ ကျောင်းတော်ကြီးရှေ့က တံတားလေးမှာ ကျွန်မ ခဏနားပြီး ဘယ်နေရာကများ “ဆရာမ“ခေါ်မည်လဲ နားစွင့်ကြည့်လိုက်အုံးမည်။ ရေနီမြောင်းပေါ်ဖြတ်တိုက်လာသည့် လေညင်းလေးတွေနဲ့အတူ ပျံ့လွင့်လာမည့် ကလေးတို့ စာအံသံတွေ ခိုးနားထောင်လိုက်အုံးမည်။ လူငယ်လေးတွေတွေ့သည့်အခါ စာသင်ပေးဖူးခဲ့တဲ့ ကလေးတို့ ငယ်ရုပ်လေးတွေပါလေမည်လား ဖမ်းကြည့်လိုက်အုံးမည်ဟု ကျွန်မစိတ်ထဲ အောက်မေ့မိပါတော့တယ်။

ကျွန်မနဲ့အတူ ပညာဒါန ၀ိုင်းဝန်းစာသင်ပေးခဲ့ကြတဲ့ သူငယ်ချင်းများကို ဒီပို့စ်လေးနဲ့ သတိတရ ဂုဏ်ယူလိုက်မိပါတယ်။ သူငယ်ချင်းတို့လဲ ထိုစဉ်ခဏတာကို လွမ်းဆွတ်ပီတိ ခံစားနိုင်ပါစေ။ နောက်နောင်မှာလဲ ပညာဒါန မျိုးစေ့ချနိုင်ပါစေ။ မျိုးစေ့ချခွင့်ရပါစေလို့ ကျွန်မမျှော်လင့်တမ်းတမိပါတယ်။

မဇနိ

Read more...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP