Showing posts with label ဝေမျှထားသောစာများ. Show all posts
Showing posts with label ဝေမျှထားသောစာများ. Show all posts

Mahatma Gandhi Quotes

>> Sunday, January 4, 2009


ဒီနေ့ ဇန်နဝါရီလ(၄)ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ဖြစ်ပါတယ်။ လွတ်လပ်ရေးနေ့မှာ အမှတ်တရလေးတခုခု ရေးချင်စိတ်ပေါ်လာပါတယ်။ ဒီတော့ မဟတ္တမ ဂန္ဒီရဲ့ အဆိုအမိန့်တချို့ကို ရှာဖွေဖတ်ပြီး ဘာသာပြန်ပါဦးမယ်။


Freedom is not worth having if it does not include the freedom to make mistakes.
မှားယွင်းမှုတွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးမထားသေးရင် အဲဒါက လွတ်လပ်တယ် မမည်သေးပါဘူး။

(လူဆိုတာက မှားတတ်တဲ့ အမျိုးပဲ မဟုတ်လား။ သူ့ရဲ့အတွေးအခေါ် အလုပ်အကိုင်တွေက လူအများနဲ့ ဆန့်ကျင်နေပါစေ၊ လူအများကို မထိခိုက်တဲ့ အပြုအမှုမျိုးဆိုရင် သူ့ရဲ့ လွတ်လပ်စွာ မှားပိုင်ခွင့်ကို မထိန်းချုပ်သင့်ပါဘူး။)

Live as if your were to die tomorrow. Learn as if you were to live forever.
သင် မနက်ဖြန်ပဲ သေတော့မလိုလို နေထိုင်ပါ။ ထာဝရပဲ အသက်ရှင်တော့မလိုလို သင်ယူပါ။


Honest disagreement is often a good sign of progress.
ရိုးရိုးသားသား သဘောထားကွဲလွဲခြင်းဟာ များသောအားဖြင့်တော့ တိုးတက်မှုအတွက် ကောင်းသော လက္ခဏာပါ။


Happiness is when what you think, what you say, and what you do are in harmony.
ပျော်ရွှင်မှုဆိုသည်မှာ သင်တွေးတာတွေ၊ သင်ပြောတာတာတွေ၊ သင်လုပ်ကိုင်တာတွေ သဟဇာတဖြစ်နေခြင်းပါ။


Always aim at complete harmony of thought and word and deed. Always aim at purifying your thoughts and everything will be well.
အတွေးအခေါ်၊ အပြောအဆို၊ အလုပ်အကိုင်များကို အလုံးစုံ သဟာဇာတဖြစ်အောင် အမြဲတမ်းအားထုတ်ပါ။ အတွေးတွေကို စင်ကြယ်အောင် အမြဲကြိုးစားပါ။ အရာရာဟာ ကောင်းမွန်လာပါလိမ့်မယ်။


The weak can never forgive. Forgiveness is the attribute of the strong.
စိတ်ဓာတ်ခပ်ပျော့ပျော့ ကောင်တွေက ဘယ်တော့မှ ခွင့်မလွှတ်တတ်။ ခွင့်လွှင့်ခြင်းဆိုသည်မှာ စိတ်ဓာတ်ခိုင်မာသူတွေရဲ့ ပင်ကိုယ်အရည်အချင်းပါ။


Whatever you do will be insignificant, but it is very important that you do it.
သင်လုပ်ကိုင်သမျှဟာ မထင်မရှား ဖြစ်ရင် ဖြစ်နေပါလိမ့်မယ်၊ ဒါပေမယ့် အဲဒီအရာကို သင်လုပ်တယ်ဆိုတာက အလွန် အရေးကြီးပါတယ်။


Read more...

ကြက်ဥပေါင်း

>> Sunday, December 21, 2008


မနေ့ညက ကိုဇနိပြောပြတာနဲ့ ဒီနေ့စမ်းချက်ကြည့်တာ။ သူငယ်ချင်းတွေ ကြက်ဥကို ပေါင်းကြတာ သိပေမယ့် လုပ်မစားဖြစ်ဘူး။ မကြိုက်မှာလဲ စိုးတာနဲ့ ကြက်ဥနှစ်လုံးပဲ လုပ်စမ်းကြည့်တယ်။ ကြက်ဥနှစ်လုံးကို ဆားနည်းနည်းထည့်ခေါက်။ စတီးဇလုံလေးထဲထည့်ပြီး အိုးခပ်ကြီးကြီးထဲမှာ ရေနွေးတည် ပေါင်းခံလိုက်တာပါ။ ခဏနေတော့ ကြက်ဥက ဖောင်းဖောင်းကြွကြွလေးနဲ့ တင်းသွားတယ်။ အဲဒါကို အတုံးလေးတွေလုပ်ထားပြီး ပုန်းရည်ကြီးမှုန့်နဲ့ ချက်လိုက်တာ။ ခရမ်းချဉ်သီးတလုံး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ ငါးပိအနည်းငယ်နဲ့ ဆီသတ်ပြီး ပုန်းရည်မှုန့်ထည့် ကြက်ဥတုံးလေးတွေပါ ထည့်လိုက်တယ်။ ရေစပ်စပ်လေးထည့်ပြီး ဆီကျန်တဲ့အခါ ဟင်းကျက်သွားပြီ။ စားလို့ကောင်းပါတယ်။ စိတ်ဝင်စားရင် ချက်ကြည့်မယ်လေ။





မဇနိ

Read more...

ဆရာ နန္ဒာစိုး (ဆင်ဖြူကျွန်း) ရဲ့ “ကျွန်တော်တို့နဲ့ ကြမ်းပိုးတကောင်”

>> Saturday, November 22, 2008


ဆရာ နန္ဒာစိုး (ဆင်ဖြူကျွန်း) ရဲ့ “ကျွန်တော်တို့နဲ့ ကြမ်းပိုးတကောင်” ဆိုတဲ့ ဝတ္ထုတိုကို ကျနော် ဧရာဝတီအင်တာနက် မဂ္ဂဇင်းရဲ့ စာမျက်နှာမှာ ဖတ်ခဲ့ရတာပါ။ ကျနော်အဲဒီဝတ္ထုတိုကို ဖတ်တုန်းက အူတက်အောင်၊ မျက်ရည်ထွက်အောင် ရီခဲ့ရပါတယ်။ ဒီဝတ္ထုတိုလေးကို ဝေမျှဖို့လည်း စဉ်းစားပြီးသားပါ။ ဒီစာရှိတဲ့ ဧရာဝတီက လင့်ကိုလည်း ကျနော်မှတ်ထားပေမယ့် အခုသွားတော့ ပြန်ရှာမရပါဘူး။ ကျနော် ပီဒီအက်ဖ်လေးလုပ်ပြီး သိမ်းထားတာ ရှိလို့ သူငယ်ချင်းတွေ ဖတ်ရအောင် ဝေမျှတာပါ။ အလုပ်တွေက ပင်ပန်းလို့ စိတ်တွေ ဖိစီးနေရင် ဒီဝတ္ထုတိုလေးကို ဖတ်ဖြစ်အောင် ဖတ်လိုက်ပါလို့ ပြောပါရစေ။ ဒီစာအုပ်ကို ဝေမျှဖို့ ဘယ်သူ့ဆီကိုမှ ခွင့်မတောင်းလိုက်ရပါဘူး။ စာရေးဆရာ ဆရာ နန္ဒာစိုး (ဆင်ဖြူကျွန်း)ရယ်၊ ဧရာဝတီအင်တာနက် မဂ္ဂဇင်းကို အထူးကျေးဇူးတင်ပါတယ်။


Nandasoe

Mediafire ကနေလည်း download လုပ်နိုင်ပါတယ်။ [87.2KB]

Read more...

အရှင်ဇနကာဘိဝံသရဲ့ အနာဂတ်သာသနာရေး

>> Tuesday, November 18, 2008



အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသရဲ့ အနာဂတ်သာသနာရေး စာအုပ်ကို ဝေမျှလိုက်ပါတယ်။
စာအုပ်ကို ပီဒီအက်ဖ် ပုံစံ ဘယ်သူ စလုပ်ထားမှန်းမသိပါဘူး။ စတင်လုပ်သူတွေရော အခြားပိုင်ရှင်တွေရော ခွင့်တောင်းပါတယ်။ သူငယ်ချင်းဖိုးသောကြာက ပေးလို့ ကျနော်ဆီရောက်လာတာပါ။ အခုမှ ကျနော်လည်း စဖတ်တုန်းရှိပါသေးတယ်။ သူငယ်ချင်းက ပြောတာက ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်လို့ ဆိုပါတယ်။ စာအုပ်ကို အပူတပြင်းလိုချင်နေသူတွေ၊ ညွှန်းရင်တော့ ဖတ်မယ်ဆိုသူတွေ ...ဘယ်လိုပဲနေနေပါ... စိတ်ဝင်စားသူတွေ ဖတ်နိုင်အောင် အဆင်သင့် ဒေါင်းလုပ်လုပ်နိုင်အောင် တင်ပေးလိုက်ပါတယ်။
ဒီမှာ [9.95 MB] ကလစ်ပြီး ဒေါင်းလုပ်လုပ်ပါ။

Read more...

ဗုဒ္ဓဘာသာရဟန်းတော်များနှင့် လူမှုရေးအကျိုးပြုလုပ်ငန်းများ

>> Sunday, October 19, 2008


Weekly Eleven News Journal - Vol: 4 No:1 Page :21 မှာ ဒေါက်တာအရှင်ဉာဏိဿရ ရဲ့ ဗုဒ္ဓဘာသာရဟန်းတော်များနှင့် လူမှုရေးအကျိုးပြုလုပ်ငန်းများ ကို မြန်မာကျူးပစ်မှာ မန်ဘာတဦးက ပြန်ကူးရေးပြထားတာကို ဖတ်ရပါတယ်။ သဘောကျလွန်းလို့ ဘော်ဘော်တို့ကို ပြန်လည်ဝေမျှတာလည်း ဖြစ်ပါတယ်။ အမှတ်တရ ဘလော့ဂ်ပေါ်မှာ သိမ်းထားတာလည်း ဖြစ်ပါတယ်။



ဗုဒ္ဓဘာသာရဟန်းတော်များနှင့် လူမှုရေးအကျိုးပြုလုပ်ငန်းများ
ဒေါက်တာအရှင်ဉာဏိဿရ

မြတ်ဗုဒ္ဓသည် ဘုရားဖြစ်ရန် စတင်ကျင့်သုံးစဉ်ကပင် ဗုဒ္ဓဖြစ်ရန် ဗောဓိဉာဏ်ကို ရရှိရန်သာ ရည်ရွယ်ခဲ့သည် မဟုတ်ပါ။ သတ္တလောက၏ အကျိုးစီးပွားကို ဆောင်ရွက်ရန်ဟူသော (လောကတ္ထစရိယ) ပထမဦးစားပေးဖြစ်ပါသည်။ ထို့ကြောင့် ဗုဒ္ဓ၏ တပည့်သားရဟန်းတော် တို့သည်လည်း မိမိ၏ ဗောဓိဉာဏ်ရခြင်းတည်းဟူသော အကျိုးစီးပွားနှင့် သတ္တလောက၏ အကျိုးစီးပွား များကို တစ်ပြိုင်နက်တည်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။

လူသားများသည် တစ်ယောက်တည်းတည်း နေလို့မဖြစ်နိုင်ပါ။ လူ့အဖွဲ့အစည်းနှင့် ဆက်ဆံ၍ နေကြရသည်သာ ဖြစ်ပါသည်။ တောရဆောက်တည်၍ ဧကစာရီကျင့်သော တောရပ်မှီ ရဟန်းသည်ပင် ဆွမ်းတစ်နပ်စာအတွက် ဆွမ်းခံရွာကိုမှီရပါသည်။ ထိုတောရ ရဟန်းသည်ပင် မိမိအား ဆွမ်းကျွေးသော ထိုတောရွာ၏ အကျိုးကျေးဇူးကို ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ ယနေ့ကမ္ဘာသည် အရာရာ လိုနေသည် ချည်းသာဖြစ်ပါသည်။ (ဦနောသဗ္ဗောလောကော) လိုနေသော လူ့လောက ကမ္ဘာကြီး အတွက် ဖြည့်စွက်ပေးရန်တာဝန်သည် လူသားတိုင်းမှာ ရှိပါသည်။ ရဟန်းတော်တို့သည် လူ့လောကကြီးထဲက ထွက်ခွာလာခဲ့သော လူသားတစ်ယောက်ပင် ဖြစ်လင့်ကစား လူ့လောကကြီးကို ကျေးဇူးပြုရမည်ဖြစ်ပါသည်။

ဤကမ္ဘာလုံးကြီးနှင့် တသီးတခြား လည်ပတ်၍နေသော နေနှင့် လတို့သည် ဤကမ္ဘာမြေပြင်ကို နွေးထွေးသော အရောင်ပေးခြင်း အေးမြသော အရောင်ပေးခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့ ကျွနိုပ်တို့ ရဟန်းတော်များသည် လူ့လောကကြီး၏ အပြင်ဘက်မှနေ၍ လူ့လောကကြီးကို နွေးထွေးစေဖို့ လူ့လောကကြီးကို အေးမြစေဖို့ အလင်းရစေဖို့ ကြိုးစားဆောင်ရွက်ရမည် ဖြစ်ပါသည်။ သို့မှသာ လူ့လောကကို ကျေးဇူးပြုသူအဖြစ် လူသားတို့၏ ကျေးဇူးရှင်အဖြစ် လူသားတို့၏ အသိ အမှတ်ပြုခြင်းကို ရရှိနိုင်ကြမည် ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် လူ့လောကကြီးကို နေလို လလို နွေးထွေးစေခြင်း အေးမြစေခြင်း၊ အလင်းရောင်ပေးခြင်းဖြင့် ကျေးဇူးပြု အထောက်အကူပြုနေကြသေးသမျှ ကာလပတ်လုံး လူ့လောကကြီး၏ ကျေးဇူးတင်ခြင်း ဟူသော တုံ့ပြန်မှုကို ရနေကြမည်ဖြစ်ပါသည်။ လူတို့က ရဟန်းတော်တို့ အပေါ် သာသာရေးရှုထောင့်ကချည်း မဟုတ်ဘဲ လူမှုရေးရှုထောင့်ကပါ ကြည့်၍ ကျေးဇူးတင်နေကြ ဝမ်းမြောက်နေကြသေးလျှင် ရဟန်းတော်တို့၏ သာသနာပြုလုပ်ငန်းများသည် ဘယ်သောအခါမျှ ကျဆုံးသွားဖွယ် အကြောင်းမရှိ အစဉ်သဖြင့် ဖြစ်ထွန်အောင်မြင် နေကြမည်သာ ဖြစ်ပါသည်။

သာသာရေးရှုထောင့်မှ ကြည့်၍ သာသာတရားကို ကျွန်ုပ်တို့ ကောင်းစွာမကျင့်သုံးနိုင်ကြဘူး ဆိုလျှင် လူမှုရေးရှုထောင့်မှကြည့်၍ လူသားအကျိုးပြုလုပ်ငန်းများကို ကျွန်ုပ်တို့ မဆောင်ရွက်နိုင်ကြဘူးဆိုလျှင် ကျွန်ုပ်တို့၏ သာသာနာပြုလုပ်ငန်းများသည် အထောက်အပံ့ကင်းမဲ့၍ မကြာမီ ကျဆုံးပျောက်ကွယ် သွားနိုင်ပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ရဟန်းတော်များသည် လူမှုရေးလုပ်ငန်းများကို သာသနာပြု လုပ်ငန်းများ နှင့် တွဲဖက်၍ လုပ်ဆောင်ရမည်သာ ဖြစ်ပါသည်။

သာသနာပြုလုပ်ငန်းနှင့် လူမှုရေးလုပ်ငန်းများကို နေနှင့်လ ကဲ့သို့ တွဲဖက်၍ ဆောင်ရွက်ရာ၌ သာသာရေး ခေါင်းဆောင်၊ လူမှုရေးခေါင်းဆောင်တို့မှာ အရည်အချင်းနှစ်ခုလိုအပ်ပါသည်။ ထိုအရည် အချင်းနှစ်ခုမှာ ကရုဏာနှင့် ပညာဖြစ်ပါသည်။ ထိုအရည်အချင်း နှစ်ပါး ဟန်ချက်ညီညီ ပြည့်စုံပါမှ ခေါင်းဆောင်တို့၏ အရည်အချင်းပြည့်စုံသည်ဟု ဆိုနိုင်ပါသည်။

ကရုဏာတရားပြည့်စုံလျှင် မေတ္တာတရား၊ ချစ်ခင်သနားခြင်း၊ ကြင်နာယုယခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ ရက်ရက်ရောရောပေးကမ်းခြင်း စသည့် ခေါင်းဆောင်တို့၏ အရည်အချင်းတို့သည် ကရုဏာထဲ၌ ပူးပေါင်းပါဝင်ကြပါသည်။ သနားခြင်း၊ ချစ်ခင်ခြင်း၊ ကြင်နာခြင်း၊ ယုယခြင်း၊ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ ရက်ရောခြင်းတို့သည် နုလုံးသား၏ အရည်အချင်း (qualities of the heart)တို့ဖြစ်ပါသည်။

အခြားတစ်ဖက်မှာ ကရုဏာနှင့် တွဲဖက်ရန် ပညာတည်းဟူသော အရည်အချင်း မရှိမဖြစ်လိုအပ် ပါသည်။ ပညာဆိုသည်ကား အကြောင်းအကျိုးကို စိစစ်ခြင်း (reasoning)၊ ဝေဖန်ဖြင်း (critique)၊ စုံစမ်းခြင်း (investigation)၊ စီမံကိန်းတစ်ခုကို လုပ်မည်ကြံလျှင် အချက်အလက်စုဆောင်းခြင်း(collection of information)၊ ပုံထုတ်ခြင်း (designing)၊ စီမံချက်ချခြင်း (planning)၊ ခန့်မှန်းတွက်ချက်ခြင်း (estimating and calculation)၊ တည်ဆောက်ခြင်း (construction)၊ လည်ပတ်ခြင်း (running)၊ လုပ်ငန်းအားလုံးကို အကျိုးသက်ရောက်မှု ရှိ မရှိ ပြန်လည်သုံးသပ်ခြင်း(evalution of result)၊ မိမိလုပ်ငန်းသည် အကျိုးသက်ရောက်မှုရှိလျှင် ဆက်လက်၍ ဆောင်ရွက်ခြင်း (continuation)၊ အကျိုးသက်ရောက်မှု မရှိလျှင် စီမံချက်အသစ် ပြုလုပ်ခြင်း(replaning)၊ လုပ်ငန်း အသစ်ပြုလုပ်ခြင်း (reconstruction) တို့သည် ပညာ (wisdom)၏ အလုပ်ကိစ္စများ ဖြစ်ပါသည်။

ထို့အပြင် ပညာပိုင်း၌ (Man power, Material power, Money power, Mind power)တို့ကို လုံလုံလောက်လောက် စုဆောင်းနိုင်ပါမှ သာသနရေးလုပ်ငန်း၊ လူမှုရေးလုပ်ငန်းတို့မှာ ထိရောက် အောင်မြင်မည် ဖြစ်ပါသည်။ သို့ဖြစ်ခြင်းကြောင့် ပညာဟူသည် စိတ်၏ အရည်အချင်း (quality of the mind) ကရုဏာဟူသည် နှလုံးသား၏ အရည်အချင်း (quality of the heart)တို့ဖြစ်ပါသည်။ ခေါင်းဆောင် တစ်ယောက်သည် မည်သည့်ခေါင်းဆောင်ဖြစ်စေ လူသားတို့၏ ဒုက္ခနှင့် အခက်အခဲတို့ကို သိမြင်ခံစားတတ်ရမည် ဖြစ်ပါသည်။ ထိုအခက်အခဲနှင့် ဒုက္ခတို့ကို ငါ ဘယ်လို ကူညီဖြေရှင်းပေးနိုင်မည်နည်းဟု နိုးကြားခံစားတတ်သော နှလုံးသားရှိရမည်။ ထို့နောက် အထက်တွင် ဖော်ပြခဲ့သော ပညာဖြင့် လူသားတို့ကို ကူညီစောင့်ရှောက်သော လုပ်ငန်းတို့ကို စတင်ဆောင်ရွက်ရမည် ဖြစ်ပါသည်။

ကရုဏာသာရှိ၍ ပညာမရှိခဲ့လျှင် ထိုသူသည် (good hearted fool) စိတ်နှလုံးကောင်းသော လူအ တစ်ယောက်ဖြစ်နေပေလိမ့်မည်။ တချို့ပုဂ္ဂိုလ်တို့မှာ ပညာကိုသာ ကြိုးစားသင်ကြပြီး မေတ္တာ၊ ကရုဏာ၊ ဘာဝနာလုပ်ငန်းတို့ကို မေ့လျော့နေတတ်ကြသည်။ ထိုသို့ဖြစ်လျှင် မေတ္တာ၊ ကရုဏာကင်းမဲ့သော ထိုပညာတတ်သည်(hard hearted wise man) စိတ်နှလုံးကြမ်းတမ်းသော ပညာတတ်ဖြစ်နေပေလိမ့်မည်။ သို့ဖြစ်ခြင်းကြောင့် ပြည့်စုံသော လူမှုရေးခေါင်းဆောင်၊ သာသာရေးခေါင်းဆောင်၊ နိုင်ငံရေး ခေါင်းဆောင် တစ်ယောက်ဖြစ်ဖို့ရန်မှာ ကရုဏာ ပညာတည်းဟူသော သူမြတ်တို့၏ အရည်အချင်း နှစ်ပါးကို ပွားများဖို့ အထူးလိုအပ်ကြောင်း ပြောကြားလိုပါသည်။

မြတ်ဗုဒ္ဓ၏ အဆုံးအမများသည် လူသားတို့၏ ဘဝပြဿနာကို ဖြေရှင်းရာ၌ တိကျမှန်ကန်သော အဖြေကို လူ့ဘဝနှင့် တစ်ထပ်တည်းဖြစ်အောင် ရှာဖွေဖော်ထုတ်နိုင်စွမ်းရှိသည်။ မြတ်ဗုဒ္ဓ၏ တရားတော်များသည် လူသားတို့၏ ဘဝနှင့် ခန္ဓာဖွဲ့စည်းတည်ဆောက်ပုံကို အရှိအတိုင်း အမှန်အတိုင်း ပီပီပြင်ပြင် ဖော်ပြသည်။ မြတ်ဗုဒ္ဓသည် လူသားတိုင်းကို ပွင့်လင်းသော စိတ်ဓာတ် လွတ်လပ်သော အတွေး ယုတ္တိရှိသော ကိုးကွယ်မှုတို့အတွက် မျက်စိဖွင့်ပေးတော်မူသည်။ ကမ္ဘာ့သာသာရေး သမိုင်း၌ ကျေးကျွန်စနစ်ကို ဖျက်သိမ်းဖို့ အမျိုးဇတ်သတ်မှတ်သည့် စနစ်ကို ဖျက်သိမ်းဖို့ စတင်အားထုတ်သူမှာ မြတ်ဗုဒ္ဓပင် ဖြစ်ပါသည်။ (ဝသလသုတ်၊ သောဏဒဏ္ဍသုတ်ကိုကြည့်)

လူများစွာတို့၏ ခြေဖဝါးအောက်၌ အနင်းခံထားရသော ပြည့်တန်ဆာအမ္ဗပါလီ၊ မစင်ကျုံးသမား သုနီတ တို့၏ ဘဝကို နှမတော်ဇနပဒကလျာဏီ၊ ညီတော်အာနန္ဒာတို့၏ ဘဝနှင့် တန်းတူ အဆင့်ရောက်အောင်မြှင့်တင်ပေးခဲ့သူမှာ မြတ်ဗုဒ္ဓပင်ဖြစ်ပါသည်။ လူသားစားဘီလူးကြီး အာဋ္ဌာဝက၊ လူသတ်သမား လူဆိုးကြီး အင်္ဂုလိမာလ စသောသူတို့ လျှောက်လှမ်းနေခဲ့သော ဆူးခင်းသည့် ဘဝခရီးလမ်းကြီးကို အဆုံးသတ်စေခဲ့သည်မှာလည်း မြတ်ဗုဒ္ဓပင်ဖြစ်ပါသည်။

သားသမီးများစွာတို့၏ စွန့်ပစ်ခြင်းကိုခံကြရသဖြင့် အသက်တစ်ချောင်း ရပ်တည်နိုင်ရေးအတွက် ပင်ပန်းနေကြကုန်သော ဘိုးအို ဘွားအို (ရာဓပုဏ္ဏား၊ ဗဟုဓီတရပုဏ္ဏား၊ ဗဟုပုတ္တိကသောဏာ) တို့၏ အားကိုးရာ မှီခိုရာသည် ဘိုးဘွားရိပ်သာမရှိသေးမီ ထိုခေတ်က ဗုဒ္ဓကျောင်းတော်များပင် ဖြစ်သည်။ သုသာန်မှာ လည်းကောင်း၊ လမ်းကြိုလမ်းကြားမှ လည်းကောင်း၊ မိမဲ့ ဖမဲ့ ကလေးငယ်များကို (သောပါက၊ သံကစ္စ၊ လောသက) ကောက်ယူမွေးမြူစောင့်ရှောက်ခဲ့ကြ သည်မှာလည်း မိဘမဲဂေဟာ မရှိသောခေတ်က မြတ်ဗုဒ္ဓ၏ ကျောင်းတော်များပင်ဖြစ်ပါသည်။

ကမ္ဘာ့ဘာသာရေးခေါင်းဆောင်တို့၏ သမိုင်း၌ ဂီလာနပြုစုစောင့်ရှောက်သည့် လုပ်ငန်းစတင် တည်ထောင်ဖန်ဆင်းသူမှာလည်း မြတ်ဗုဒ္ဓသည်သာ ရှေးသွားခေါင်းဆောင်ဖြစ်ခဲ့ပါသည်။ ထို့ကဲ့သို့သော လောကတ္ထစရိယ လုပ်ငန်းတို့ကို ဆောင်ရွက်ရာ၌ ကရုဏာ၊ မေတ္တာ၊ ခန္ဓီ၊ သီလတရား တို့သည် ပဓာနလိုအပ်သော နှလုံးသား၏ အရည်အချင်းများ ဖြစ်ကြပါသည်။

အခြားတစ်ဖက်၌လည်း မွန်မြတ်သော စိတ်ဓာတ်အတွက် ပညာ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ သစ္စာတရားတို့မှာ မရှိမဖြစ်သော အရည်အချင်းများ ဖြစ်ပါသည်။ ထို့ကြောင့် လောကတ္ထစရိယ၊ ပရဟိတ အလုပ်လုပ်ကြမည့် လူအပေါင်းတို့သည် ဗျဿန အမျိုးမျိုးကြောင့် ကိုယ်စိတ်နှစ်ပါး ဆင်းရဲ ကြကုန်သော လူအပေါင်းတို့အား "လ" ၏ အရောင်ကဲ့သို့ ကရုဏာဓာတ်ဖြင့် နှလုံးစိတ်ဝမ်း အေးချမ်းအောင် စောင့်ရှောက်ဖို့လိုပါသည်။ ပညာဓာတ်ဖြင့်လည်း နေမင်း၏ အရောင်ကဲ့သို့ လူ့လောကကြီးကို နွေးနွေးထွေးထွေး ပြုစုစောင့်ရှောက်ဖို့လိုပါသည်။

နိဂုံးချုပ်မှာ ယနေ့မျက်မှောက်ခေတ်၌ လူတစ်ယောက်ချင်းဘဝမှာပဲဖြစ်စေ၊ လူ့အဖွဲ့အစည်း၏ ဘဝမှာပဲ ဖြစ်စေ၊ လူမှုရေးလောကမှာဖြစ်စေ၊ နိုင်ငံရေးလောကမှာဖြစ်စေ တစ်ကိုယ်ကောင်းဆန်သော တပ်မက်မှုများ၊ ကောက်ကျစ်ယုတ်မာသော အတွေးအခေါ်များ မုန်းတီးမှုများ၊ ရန်ငြှိုးဖွဲ့တတ်သော အတွေးအခေါ်များ၊ ညှဉ်းပန်းနှိပ်စက်တတ်သော အတွေးအခေါ်များ ဖြစ်ပေါ်နေကြသည်မှာ ကရုဏာ ပညာ ကင်းမဲ့ခြင်း၏ အကျိုးကျေးဇူးဖြစ်ပါသည်။

သို့ဖြစ်ခြင်းကြောင့် လူမှုရေးနှင့် ဘာသာရေးကို ဆောင်ရွက်ကြမည့် ကျွန်ုပ်တို့၏ သာသာရေး ခေါင်းဆောင်များမှာ ကိုယ်ကျိုးစွန့်လွှတ်မှု (selfless renunciation) မိမိ၏ အကျိုးစီးပွား၌ သံယောဇဉ်ကင်းပြတ်မှု (selfless detachment) သတ္တဝါတို့ကို ချစ်ခင်မှု (loving kindness or non-hatred) မည်သူ့ကိုမျှ ရန်ငြိုးမဖွဲ့ခြင်း မည်သူ့ကိုမျှ မနှောက်ယှက်မနှိပ်စက်ခြင်း (non-violance) ဟူသော မွန်မြတ်သော အရည်အချင်းတို့နှင့် ပြည့်စုံမှသာလျှင် ကျွန်ုပ်တို့ သင်ကြားတတ်မြောက်ထား သော ပညာများသည် စစ်မှန်သောပညာ (true wisdom)ဖြစ်နိုင်ပါကြောင်းနှင့် ကရုဏာ ပညာ ဟူသော ဂုဏ်အရည်အချင်းနှင့် ပြည့်စုံမှသာ ကျွန်ုပ်တို့ သာသာရေး၊ နိုင်ငံရေး၊ လူမှုရေး ခေါင်းဆောင် တို့သည် True men သို့မဟုတ် True leaders များဖြစ်နိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။

သီတဂူစန်းလပမာ၊ ချမ်းမြသာယာရှိကြပါစေ။
ဒေါက်တာအရှင်ဉာဏိဿရ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊
စစ်ကိုင်းတောင်၊ စစ်ကိုင်း။
နေ့စွဲ - ၂၂ - ၈ - ၂ဝဝ၈

Read more...

အမီနာ

>> Wednesday, August 27, 2008


ဆရာသာဓုရေးတဲ့ "အမီနာ"ဆိုတဲ့ ဝတ္ထုတိုတပုဒ်ကို ဝေမျှလိုက်ပါတယ်။
သီဟရတနာ အုပ် ၁၀၀ ပြည့်အထူးထုတ် "၂၀ ရာစု မြန်မာဝတ္ထုတို ၁၀၀၊ စာရေးဆရာ ၁၀၀" ဆိုတဲ့ စာအုပ်ထဲကပါ။
ဆရာသာဓုကို ကျနော် ငယ်ငယ်ကလေးကတည်းက ရင်းနှီးပါတယ်။ ဆရာရေးတဲ့ "အတာ" ဆိုတဲ့ ဝတ္ထုစာအုပ်ကို စဖတ်ဖူးတာပါ။ ဦးသုမောင်ရေးတဲ့ မျိုးရိုးထဲမှ ဆိုးပေကြီးများထဲမှာ ဆရာသာဓုကို ပိုပြီးသိခဲ့ပါတယ်။
အခုဝတ္ထုတိုထဲမှာ ဆရာက လူ့သဘော၊ လူ့မနောတွေကို ပေါ်လွင်အောင် ရေးသားထားပါတယ်။ ကျနော် အကြိုက်ဆုံးထဲက တပုဒ်ပါ။
ဒီနေရာမှာ ဒေါင်းလုပ်လုပ်ယူပြီး ဖတ်နိုင်ပါတယ်။

Read more...

A. P. Chekhov by Mya Than Tint

>> Saturday, August 2, 2008


ကျနော် အန်တွန်ချက်ဟော့(ဗ်)ရဲ့ စာတွေကို ဘာသာပြန်သလို သူ့အကြောင်းအနည်းငယ်ကိုလည်း ရေးပါတယ်။ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ ကျနော်ဘာသာပြန်တဲ့စာပမာဏက နည်းနည်းလေးပါ။

ချက်ဟော့(ဗ်)အကြောင်းကို ပိုပြီးသိရအောင်လို့ ဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့ စာရေးခြင်းအတတ်ပညာ စာအုပ်ထဲက ချက်ဟော့(ဗ်)အကြောင်း ကို ဒီဘလော့ဂ်ကိုအလည်လာတဲ့ သူတွေဖတ်ရအောင် ဝေမျှလိုက်ပါတယ်။


Read this document on Scribd: Chekhov

Read more...

RUSSIAN PROVERBS

>> Monday, July 7, 2008


ရုရှားစကားပုံတွေ

စကားပုံဆိုတာဘာပါလဲ။ ကျနော် ၀ီကီမှာရှာဖတ်တော့ စကားပုံဆိုတာ ရိုးရှင်းတိကျပြီး လူသိများ၊ အသုံးများတဲ့ ဆိုရိုးစကားတွေပါပဲ။ သူတို့တွေက တကယ့်လူမှုနေ့စဉ်ဘ၀ကို အခြေခံပြီးထွက်ပေါ်လာတဲ့ အမှန်တရားတွေပေါ့။ ဥပစာတွေနဲ့ တင်စားသုံးနှုန်းကြပါတယ်။ ဘယ်လိုပြုမှုနေထိုင်ရမယ်ဆိုတာတွေပြောပြတဲ့ စကားပုံတွေကြတော့ နီတိတွေလို့ခေါ်ပါတယ်။ အခုကျနော် အင်တာနက်မှာ လျှောက်ရှာဖတ်တော့ ရုရှားစကားပုံတွေတွေ့ပါတယ်။ ကျတော်တို့ ဘာသာစကားသင်စဉ်တုန်းကလည်း ဆရာမတွေက ရုရှားစကားပုံတွေကို အဆင်သင့်သလို ပြောပြပါတယ်။ ဘယ်လူမျိုးတွေနဲ့ပဲဖြစ်စေ သူတို့နဲ့ စကားပြောတဲ့အခါ အလျင်းသင့်သလို သူတို့လူမျိုးတွေရဲ့ သင့်တော်တဲ့ စကားပုံတွေထည့်ပြောတတ်ရင် ကိုယ်က သူတို့ဘာသာစကားကို အတော်ရင်းနှီးကျွမ်းဝင်တယ်ဆိုတာကို ဖော်ပြရာရောက်ပါတယ်။

အခုကျနော် ရုရှားစကားပုံတချို့ကို ဘာသာပြန်ပြပါဦးမယ်။ အဓိပ္ပါယ်တွေ လွဲချော်စွာ ထွက်နေတယ်ဆိုရင် ကျနော့်ဘာသာပြန်အားနည်းချက်ဖြစ်ပါလိမ့်မယ်။



o Аппети́т прихо́дит во вре́мя еды́.
o Transliteration: Appetit prikhodit vo vremya yedy
o Translation: The appetite comes when eating
o English version: The appetite comes when eating
o ခံတွင်းတွေ့တယ်ဆိုတာ စားသောက်နေတုန်းဖြစ်တာပါ။

o Без кота́ мыша́м раздо́лье.
o Transliteration: Bez kota mysham razdol'ye.
o Translation: Without a cat mice have no restrictions.
o English version: When the cat is away, the mice will play.
o ကြောင်မရှိ ကြွက်ထ။

o Береги́ пла́тье сно́ву, а честь смо́лоду.
o Transliteration: Beregi plat'ye snovu, a chest' smolodu.
o Translation: Take care of clothes since [when they are] new, take care of [your] honor
since [you are] young.
o အင်္ကျီကို အသစ်ကတည်းက ဂရုစိုက်သလို ရိုးသားမှုကိုလည်း ငယ်စဉ်ကတည်းက ထိန်းသိမ်းပါ။

o Вре́мя — лу́чший до́ктор
o Transliteration: Vremya — luchshiy doktor.
o Translation: Time [makes the] best healer.
o English version: Time heals all wounds.
o Modern mockery: Время — лучший доктор, но ужасный косметолог. (Time is the best
healer, but a terrible cosmetologist.)
o အချိန်ဟာ အကောင်းဆုံ သမားတော်။

o Лу́чше по́здно, чем никогда́.
o Transliteration: Luchshe pozdno, chem nikogda.
o Translation: Better late than never.
o English version: Better late than never.
o နောက်ကျတယ်ဆိုတာ ဘယ်သောအခါမှထက်သာတယ်။

o Москва́ не сра́зу стро́илась.
o Transliteration: Moskva ne srazu stroilas'.
o Translation: Moscow wasn't biult at once.
o English version: Rome wasn't built in a day.
o မော်စကိုမြို့တော်ကို တရက်တည်းဖြင့်တည်ဆောက်ထားခြင်းမဟုတ်။

o На Бо́га наде́йся, а сам не плоша́й.
o Transliteration: Na boga nadeysya, a sam ne ploshay
o Translation: Hope for God, but do not be reliant.
o English version: Trust in God, but lock your car.
o ဘုရားသခင်ကိုဆုမတောင်းနဲ့၊ ကိုယ့်ကိုကို အမှားမလုပ်မိစေနဲ့။ (မိမိကိုယ်ကို စောင့်ရှောက်သူသာ၊ ဘုရားသခင်က စောင့်ရှောက်တယ်။)

o Не зна́я бро́ду, не су́йся в во́ду.
o Transliteration: Ne znaya brodu, ne suysya v vodu.
o Translation: Don't wade into a river without knowing a ford.
o Moral: Don't rush into something without throughly studying the matter first.
o English version: Wait for the cat to jump.
o ရေတိမ်မသိရာ မြစ်ထဲမဆင်းရ။

o Не име́й сто рубле́й, а име́й сто друзе́й.
o Transliteration: Ne imey sto rubley, a imey sto druzey.
o Translation: Don't have a hundred rubles, but have a hundred friends.
o ပိုက်ဆံတစ်ရာမရှိရင်နေပစေ၊ အပေါင်းအသင်းတစ်ရာ ရှိပါစေ။

o От ма́ленькой и́скры большо́й пожа́р быва́ет.
o Transliteration: Ot malen'koy iskry bol'shoy pozhar byvayet.
o Translation: A little spark may cause a big fire.
o အမှိုက်ကစ ပြဿဒ်မီးလောင်။

o Повторе́нье - мать уче́нья.
o Transliteration: Povtoren'ye — mat' uchen'ya.
o Translation: Repetition is a mother of learning.
o Moral: The more often you repeat your lesson, the more likely you are to memorize it.
o Mockery: Повторе́нье - мать пита́нья (Repetition is a mother of feeding).
o အခါခါလေ့ကျင့်ခြင်းဟာ သင်ယူခြင်းမှာ အခရာ။

o Пого́нишься за двумя́ за́йцами, ни одного́ не пойма́ешь.
o Transliteration: Pogonishsya za dvumya zaytsami, ni odnogo ne poymayesh.
o Translation: If you start chasing two hares, you [will] catch none.
o English version: If you run after two hares, you will catch neither., Grasp all, lose all.
o ယုန်နှစ်ကောင်နောက်လိုက်ရင် တစ်ကောင်တောင်မိမှာမဟုတ်။

o Пуста́я бо́чка гро́мче гремит.
o Transliteration: Pustaya bochka gromche gremit.
o Translation: An empty barrel rattles louder.
o Moral: Who does the least, brags the most.
o ဘာမှမရှိတဲ့စည်က အသံပိုထွက်တယ်။

o Пья́ный проспи́тся, дура́к — никогда́.
o Transliteration: P'yanyy prospitsya, durak — nikogda.
o Translation: The drunken will sleep it over, the fool - never.
o အမူးသမားက အိပ်လိမ့်မယ်၊ အရူးက ဘယ်တော့မှ မအိပ်။

o Рыба́к рыбака́ ви́дит издалека́.
o Transliteration: Rybak rybaka vidit izdaleka.
o Translation: A fisherman can tell another fisherman from afar.
o English version: Birds of a feather flock together.
o Mockery: Дурак дурака видит издалека. (A fool can tell another fool from afar.)
o တံငါးသမားက တံငါးသမားကိုအဝေးကမြင်တယ်။ (မြွေမြွေချင်း ခြေမြင်တယ်။)

o Семь раз отме́рь, оди́н отре́жь.
o Transliteration: Sem' raz otmer', odin otrezh.
o Translation: Measure seven times, cut once.
o English version: Measure twice, cut once.
o ခုနှစ်ကြိမ်တိုင်းပါ၊ တစ်ကြိမ်တည်းနဲ့ဖြတ်ပါ။

o Умный лю́бит учи́ться, а дура́к учи́ть.
o Transliteration: Umnyy lyubit uchit'sya, a durak uchit.
o Translation: Clever person likes to learn, and the fool - to teach.
o လူတော်တွေက သင်ယူချင်တယ်၊ လူမိုက်တွေက သင်ပေးချင်တယ်။

အခုကျနော်ဘာသာပြန်ထားသလိုပဲ ဘလော့ဂ်ဖတ်သူဘော်ဘော်တွေလည်း ကိုယ်ရောက်နေတဲ့ နိုင်ငံ၊ဒေသရဲ့စကားပုံတွေရှိရင်လည်း ဝေမျှစေချင်ပါတယ်။ အခု က ကျနော် ဖတ်ကြည့်ပြီး သဘောကျတာတွေကို ထုတ်နုတ်ဘာသာပြန်ထားတာပါ။ ကျနော်တွေ့တဲ့ စာအုပ်ကို ဒီမှာ ဒေါင်းလုပ်လုပ်ယူနိုင်ပါတယ်။

Read more...

ဟောလာပြီ ဟောပြန်သွားပြီ

>> Thursday, June 5, 2008


ဟောလာပြီ ဟောပြန်သွားပြီ
5 June 2008

ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ဘာသာပြန်ဝတ္ထုတိုလေးတစ်ပုဒ်ကို ပြန်ဝေမျှချင်တာပါ၊ အဲဒီဝတ္ထုတိုရဲ့ မူရင်းစာရေးဆရာကို သိဖို့ဝေးစွ၊ ဘာသာပြန်သူကိုတောင် မမှတ်မိပါဘူး။ မဂ္ဂဇင်းတစ်ခုထဲမှာ ဖတ်ဖူးတာပါ။ သုတပဒေသာ မဂ္ဂဇင်းထဲမှာ ဖတ်ဖူးတာလို့ ထင်ပါတယ်။ မှတ်မိသလောက်ပဲ ပြန်ပြောပြမှာပါ။


ဇာတ်လမ်းက စားသောက်ဆိုင်တစ်ခုထဲမှာ အလောင်းအစားဖြစ်သွားတာကို ရေးထားတာပါ။ စားသောက်ဆိုင်က ခရီးဝေးသွားလမ်းမကြီးရဲ့ဘေးမှာရှိတဲ့ ဆိုင်တစ်ခုပါ။ သဘောက ခရီးသွား လူစိမ်းသူစိမ်းတွေ ၀င်လေ့ထွက်လေ့ရှိတယ်ပေါ့။ တနေ့ အဲဒီဆိုင်ကို ခရီးသွားတစ်ယောက်ရောက်လာတယ်။ ဆိုင်ထဲက ထောင့်တစ်နေရာ စားပွဲမှာ ထိုင်ပြီး စားစရာ သောက်စရာတွေကို မှာယူစားတယ်ပေါ့ဗျာ။ ဆိုင်ရှင်လုပ်သူကလည်း အဲဒီအချိန် ဆိုင်မှာလူရှင်းတော့ ဧည့်သည်နဲ့ အလာပ သလာပ သွားပြီးစကားပြောတာပေါ့။

ဆိုင်ရဲ့နံရံတနေရာမှာ ချိန်သီးလွှဲ တိုင်ကပ်နာရီတစ်လုံးရှိတယ်ဗျ။ စကားတွေပြောရင်းနဲ့ ဆိုင်ရှင်က ပြောတယ် - သူက နာရီ ချိန်သီးကို စိုက်ကြည့်ပြီး ချိန်သီးက ဒီဘက်ကို လွှဲလာရင် ဟောလာပြီ၊ ပြီး ဟိုတစ်ဘက်ကို လွှဲသွားရင် ဟောသွားပြီ - အဲသလို အကြာကြီးပြောနိုင်သတဲ့။ ခရီးသွားကလည်း မဖြစ်နိုင်တာဗျာ၊ ချိန်သီးလေး လွှဲတာ တချက်ကလေးတောင် အပျက်မခံဘဲ ပြောနိုင်တယ်ဆိုတာတော့ ဟုတ်သေးပါဘူးပေါ့။ ဆိုင်ရှင်ကလည်း ဟုတ်ပါတယ်ဆိုဗျာ။ လောင်းမလားတဲ့။ ကဲဗျာ ဒါဆို လောင်းတဲ့။ အချိန်တော့ သတ်မှတ်မယ် နာရီဝက်လုပ်ဗျာ။ ဆိုင်ရှင် က နာရီဝက်မဟုတ်ဘူး တစ်နာရီဗျာ။ လောင်းကြေးကတော့ ကျနော်က တစ်နာရီပြည့်အောင် ဟောလာပြီ၊ ဟောပြန်သွားပြီလို့ မပြောနိုင်ရင် ခင်ဗျားစားထားတဲ့ အဖိုးအခတွေ မပေးနဲ့။ ပိုက်ဆံ ဒီလောက်ထပ်ပေးလိုက်ဦးမယ်။ ကျွန်တော်က တစ်နာရီ ပြည့်အောင် ပြောနိုင်ရင်တော့ ခင်ဗျားက လောင်ကြေး ပိုက်ဆံ ဘယ်လောက်ပေးပေါ့။ သဘောတူညီမှုရပြီး အလောင်းအစားပွဲ စပါတော့တယ်။

ဆိုင်ပိုင်ရှင်က မတ်တပ်ကြီးရပ်၊ တိုင်ကပ်နာရီက ချိန်သီးကို ကြည့်ပြီး စပါတော့တယ်။ ချိန်သီးလွှဲချက်နဲ့အညီ
- ဟောလာပြီ …ဟောပြန်သွားပြီ..
- ဟောလာပြီ …ဟောပြန်သွားပြီ..
- ဟောလာပြီ …ဟောပြန်သွားပြီ..
- ဟောလာပြီ …ဟောပြန်သွားပြီ..

နာရီဝက်လောက် ကြာတော့ ချွေးတွေ ဘာတွေ ထွက်လာတယ်၊ မောပန်းလာတယ်ပေါ့ဗျာ။ အာရုံစိုက်ရတာကိုး။ တချက်လေးတောင် လွတ်မသွားရအောင် နာရီချိန်သီးကို ကြည့်နေရတာ။ ပါစပ်ကလည်း နာရီချိန်သီး တချက်အလွှဲလေးတောင် အလွတ်မခံဘဲ ဟောလာပြီ …ဟောပြန်သွားပြီ…ကလည်း အော်ရသေးတာကို။ နိုင်ချင်ဇောလေးကပ်ထားတော့ အာခေါင်ခြောက်လာလည်း ရေသောက်မရပ်ရဲပါဘူး။

တစ်နာရီပြည့်ကာနီးကျတော့ သူ့မိန်းမ ဆိုင်ကို ရောက်လာပါရော။ သူ့ယောက်ျား ဘာလုပ်နေပါလိမ့်ပေါ့။ တစ်ယောက်တည်း မတ်တပ်ကြီး ရပ်၊ တိုင်ကပ်နာရီကို ကြည့် ဟောလာပြီ ဟောသွားပြီ တွေအော်နေတယ်။ ရူးများသွားသလားပေါ့။
လူကို သွားပုတ်ပြီး
- ရှင်ဘာလုပ်နေတာလဲ။
- ခွမ်း
(ဟောလာပြီ …ဟောပြန်သွားပြီ..အော်တာပျက်မှာ စိုးလို့ ဘေးနားစားပွဲပေါ်က ပန်ကန်တစ်ချပ်နဲ့ မိန်းမကို ပစ်ပေါက်လိုက်တာပါ။)
- ပြောလေ ဆိုးလေပါလား ရှင်ဘာလုပ်နေတာလဲ ပြောပါဆို။
- ခွမ်း ခွလွမ်း
(ပါးစပ်မှ မအားတာ၊ ဟောလာပြီ …ဟောပြန်သွားပြီ..ကို ရပ်ပြီး ပြန်လည်း မဖြေအားဘူးလေ။)

ငါ့ယောက်ျားတော့ ဘာဖြစ်နေပါလိမ့်ဆိုပြီး တမျိုးပြီး တမျိုးမေးလေ ယောက်ျားလုပ်သူကလည်း ဘေးနားရှိတာနဲ့ ထုလေ။ ရှိသမျှ ပန်းကန်တွေ၊ ကော်ဖီခွက်တွေလည်း ကုန်ပါပြီ။
တစ်နာရီပြည့်ကာနီး လေးငါးမိနစ်လောက်ပဲ ကျန်တော့တာဆိုတော့ အားတင်းရတော့တာပေါ့
- ဟောလာပြီ …ဟောပြန်သွားပြီ..
- ခွမ်း
- ဟောလာပြီ …ဟောပြန်သွားပြီ..
- ခွမ်း ခွလွမ်း
- ဟောလာပြီ …ဟောပြန်သွားပြီ..
- ခွမ်း
- ဟောလာပြီ …ဟောပြန်သွားပြီ..
- ခွမ်း ခွလွမ်း

တစ်နာရီလည်း ပြည့်ရော
- ဟောလာပြီ …ဟောပြန်သွားပြီ..တစ်နာရီပြည့်ပြီ၊ ကဲ ကျုပ်နိုင်ပြီ - တဲ့။

လှည့်ကြည့်လိုက်တော့ ခရီးသွားဧည့်သည်လည်း မရှိတော့ပါဘူး။ သူ ဟောလာပြီ …ဟောပြန်သွားပြီ..လုပ်နေတုန်း အသာလေး ထွက်သွားတာပေါ့။
ကိုယ့်အတ္တကို ရှေ့တန်းတင်၊ တခြားဆုံးရှုံးတာတွေကို ထည့်မတွက်ဘဲ နေရာတကာမှာ အနိုင်လိုချင်လို့ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့အရာတွေ လုပ်ရင်း၊ ကိုယ့်ဘက်က ဆုံးရှုံးသွားတာတွေကို မြင်လိုက်တိုင်း
- ဟောလာပြီ …ဟောပြန်သွားပြီ..
- ခွမ်း
- ဟောလာပြီ …ဟောပြန်သွားပြီ..
- ခွမ်း ခွလွမ်း
ဆိုတဲ့ အသံတွေပဲ နားထဲကြားနေပါတော့တယ်။

Read more...

အကြင်နာတွေနဲ့ဖေးကူပါ

>> Friday, May 30, 2008

လေဘေးဒုက္ခသည်များအတွက် အဆိုတော်ပေါင်းစုံသီဆိုထားတဲ့သီချင်းလေးတစ်ပုဒ် မျှဝေလိုက်ပါတယ်။ သီချင်းလဲတင်ပေးထားပါတယ်။ နားသောတဆင်ရင်း ဂရုဏာပွားနိုင်ကြပါစေ။

အကြင်နာတွေနဲ့ဖေးကူပါ
အဆိုတော်ပေါင်းစုံ
ပြဇာတ်တစ်ပုဒ်လို ခဏအချိန်လေးအတွင်းမှာ ငါတို့ရဲ့ဘ၀တွေ အဆုံးတိုင် ပျောက်ကွယ်ပြီလား
ကြိုးစားပြီး အိုဆောက်တည်ခဲ့သမျှဟာ အခုတော့ နံဘေးမှာ ဖိတ်စဉ်ကြွေကျ
ရေပြင်ကြီးရဲ့ ရက်စက်မှုမှာ အရာရာ အသစ်က စရမလား
ပိုင်ဆိုင်ခဲ့သမျှ ငါတို့ ဘ၀ဟာ မမြဲခြင်းတရားတဲ့လား
ဆုံးရှုံးခဲ့ပြီ လူ့အသက်ပေါင်းများစွာ မိသားစုများစွာ ကြိတ်ခါရှိုက်ငိုသံများ
နှလုံးသားထဲမှာ ပွင့်ဝေဆဲမေတ္တာ ပေးအပ်ဖို့ရာ လက်ခံမယ့်သူရှိမလား
အကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
အန္တရာယ်ရေပြင်ကျယ်ကြီးထဲမှာ အချစ်နဲ့ဘ၀တွေ အဆုံးတိုင်ပျက်စီးသွား
ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား
စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ
လက်တွဲအခုအချိန်မှာ လက်ကမ်းလို့ ကူပါ
အကြင်နာတွေနဲ့ ဖေးကူပါ
အမေပျောက်လို့လိုက်ရှာ ကလေးငယ်ပေါင်းများစွာ ငိုကြွေးလို့ဟစ်အော်
မိခင်ကြားနိုင်ပါ့မလား
အပြေးအလွှားလိုက်ရှာ အဖေ့ကိုလဲ မတွေ့ပါ ထွေးပိုက်ဖို့ရာ ဖခင်ကော ပြန်လာမလား
အကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
မာယာအပြည့်နဲ့ မုန်တိုင်းအောက်မှာ တွဲလက်ဖြုတ်ကာ အဝေးဆုံးဝေးခဲ့ရ
ငါ့ရဲ့နှုတ်ခမ်းတွေ ရမ်းရောင်ခြောက်ကပ်လာ အသက်ဆက်ခွင့်ကို ရနိုင်ပါ့မလား
အသက်ပျောက်ခဲ့ပြီ ငှက်ငယ်လေးများမှာ ရုပ်ဝတ္ထုတွေ မျောပါမြစ်ပြင်အနှံ့အပြားေ
ရပြင်ကြီးရဲ့ ရက်စက်မှုမှာ အရာရာအသစ်က စနိုင်မလား..
သန်းခေါင်ယံညရဲ့ ဆုတောင်းများစွာ ပြည့်ဝခွင့်ဟာ အားလုံးရဲ့ အဖြေလား
(အူး.. အားလုံးရဲ့အဖြေလား)
ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား
စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ
လက်တွဲအခုအချိန်မှာ လက်ကမ်းလို့ ကူပါ
အကြင်နာတွေနဲ့ ဖေးကူပါ
ဆုံးရှုံးခဲ့တဲ့ တို့ဘ၀တွေ အတူပြန်လည်တည်ဆောက်ကြမယ်
အနွေးထွေးဆုံးဒီအချစ်များနဲ့ အူး..
ရင်ဆိုင်ကြဖို့ လက်တွေ အတူ.. တွဲထား အိုး ဘ၀တွေ
တစ်ခေါက်ပြန်လှစေဖို့ အတူတူဖြစ်စေရမယ် တို့ရဲ့လက်များနဲ့ (လက်များနဲ့)
မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘ၀များစွာ ရှင်သန်ဖို့ အခွင့်တွေဟာ
ကူညီသူကို စောင့်စား
အချစ်.. ကမ်းမယ့်လက်များ ၀မ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ (အူးအချစ်နဲ့ဘ၀တွေ နာကြင်ခြင်း)
မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့ ဘ၀များစွာ ရှင်သန်ဖို့ အခွင့်တွေဟာကူညီသူကို စောင့်စားအချစ်.. ကမ်းမယ့် (တို့လက်များ) လက်များ ၀မ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲနာကြင်အဖေါ်မဲ့ ဘ၀တွေ

သီချင်းကို ကူးယူချင်သူများ ဒီနေရာမှာ ကူးယူနိုင်ပါတယ်ခင်ဗျာ။
သီချင်းရော၊စာသားပါပို့ပေးတဲ့ သူငယ်ချင်းကြီးနိုင်းနဒီကို ကျေးဇူးပါ။

Read more...

ကွန်နာဂစ်

>> Saturday, May 17, 2008


ကွန်နာဂစ်

ကျွန်မဘယ်လိုပင် မြန်မြန်အရောက်သွားဖို့ ကြိုးစားခဲ့ပေမဲ့ တကယ်တမ်း ကျွန်မရောက်ရှိသွားချိန်မှာတော့ လယ်စပ်ချောင်းစပ်နှင့် မြစ်ရိုးတစ်လျှောက်တွင် သနားစဖွယ်အသံလေးဖြင့် အော်မြည်နေသော ကွန်နာဂစ်ငှက်ကလေးများစွာကိုပဲ တွေ့မြင်ခွင့်ရခဲ့တော့သည်။ ကွန်နာဂစ်ငှက်ကလေးများမှာ အဖို၊ အမ၊ ငှက်ပေါက်စသည်ဖြင့် အရွယ်စုံပင်။ သားငယ်သမီးငယ်ရှာသူအသံကတစ်မျိုး၊ အဖေအမေပျောက်ရှာသူအသံကတစ်ဘာသာ၊ တပည့်ပျောက်ဆရာ့အသံကတစ်ဖုံပေမဲ့ အလုံးစုံသောအသံများ၏ တူညီသောကာရန်မှာ ကြေကွဲခြင်းသာဖြစ်နေ၏။ “မြစ်တစ်စင်းမှ၊ ချစ်ခြင်းအားဖြင့် ချောင်းကိုဆင့်ရာ.. “အစရှိသည့်မြစ်နှင့်ချောင်းတို့၏ လူသားများအပေါ် အကျိုးပြုပုံကိုဖွဲ့ထားသော ကျွန်မကဗျာတစ်ပုဒ်သည်လည်း ကွန်နာဂစ်ငှက်ကလေးများ၏ မျက်ရေဖြင့် ဆွေးမြည့်စုတ်ပြတ်သွားခဲ့ပြီ။



ကွန်ဂဒူး
မင်းသုဝဏ်

ချောင်းရေကလျှံ ကန်ရေကတိုး၊ ကြိုလာပါနဲ့ ရွှေရောင်ရစ်ကယ်၊ ရေနစ်မှာပါတဲ့စိုး။ ။
သားငယ်ကလေးကို ခါးထစ်ခွင်ချီ၍လည်းကောင်း၊ ကောက်စိုက်တံကို လက်တစ်ဖက်တွင် စွဲကိုင်၍လည်းကောင်း၊ ပီလမခေါ်သော ဂဒူးကြီးကို ဦးခေါင်းထက်တွင်အုပ်ဆောင်း၍လည်းကောင်း မွန်ကောက်စိုက်မလေးသည် သီချင်းကလေးတကြော်ကြော်နှင့် တော်ထနီးရွာကလေးမှထွက်လာသည်ကို မွန်လူမျိုးတို့ မတိမ်ကောသေးမီရှေးအခါက တွေ့ရပေသည်။ သီချင်းကလေးတအေးအေးနှင့်ပင်ဖြစ်သော်လည်း အဆိုပါမွန်မလေးသည် ပျော်ပါးရွှင်ပျနေသည်မဟုတ်၊ နှလုံးအတွင်း၌ တောက်လောင်လျက်ရှိသော ပရိဒေဝမီး၏ အေးယောင်ယောင်နှင့် ပူလောင်လှသောမီးလျှံသည် သီချင်းအဖြစ်နှင့်ထွက်ပေါ်လာခြင်းဖြစ်သည်။ အနောက်တောင် ဒီဆိုင်ကျွန်းညို့ကြီးမှ တမည်းမည်း တက်ရောက်ပွားများလာသော တိမ်တောင် တိမ်လိပ် မိုးသားမိုးသွေးတို့က လွမ်းဟောင်းတွင် လွမ်းသစ်ကို လောင်းလေသောကြောင့် ကွယ်လွန်သူယောက်ျားသည် အချစ်ဦးအား တမ်းတလျက် စိတ်ရူးပေါက်တိုင်း သီဆိုခြင်းဖြစ်၏။ မိုးသည်အလွမ်းဓာတ်ကို ပွားများစေတတ်၏။ ထို့ကြောင့်ပင်လျင် ရှေးစာဆိုကဝိကြီးများက မိုးရာသီရွာသွန်းသောမိုးကို “လွမ်းတုန်းရွာသောမိုး“ဟု ခေါ်ဝေါ်သမုတ်၍ အသိအမှတ်လုပ်ကြလေသည်။ စစ်ပွဲသဘင်စံရွှင်တော်မူခိုက် ခေတ္တမျှကွဲကွာနေသော တောင်ငူဘုရင်နတ်ရှင်နောင်ကို မြောက်သားတော် ရာဇဓာတုကလျာက “ညွှတ်ရုံးကြာတူ၊ ဖော်နည်းသူကို၊ သည်းအူပြတ်ခေါင်၊ ကြွေလွယ်အောင်လျင်၊ လေဆောင်ပြင်းထန် ကြောက်ဖွယ်လွန်စွ“ စသည်ဖြင့် ဖွဲ့နွဲ့လွမ်းဆွတ်ပါလျင် မပြန်သောခရီးကို တစ်ကိုယ်တည်းသွားရရှာသော ခင်ပွန်းသည်အား အဆိုပါမွန်မုဆိုးမလေးသည် မည်မျှလွမ်းဆွတ်တသမည်ကို မတွေးတတ်အောင်ရှိတော့သည်။ လွန်ခဲ့သောမိုးရာသီက ဤသို့မိုးညို့သောအခါတွင် ဤရွာထွက်ခရီး၌ မိမိတို့မောင်နှံစုံတို့သည် ပျော်ပျော်ပါးပါးခရီးသွားခဲ့ကြဖူး၏။ ထိုမျှမကသေး၊ ငယ်စဉ်တောင်ကျေးကလေးဘဝစဉ်ကလည်း ဤခရီးတွင် နှစ်ယောက်တွဲ၍ အကြိမ်ပေါင်းများစွာရွှင်နွှဲခဲ့ဖူးကြ၏။ ယခုအခါတွင်ကား သားငယ်နှင့်မိမိသာရှိ၏။ သားငယ်၏ဖခင်ကား ရွာပြင်ကထိန်ပင်အောက်တွင် တစ်ယောက်တည်းဆွေးမြည့်ရှာလေပြီ။ မြေသြဇာဖြစ်ရလေပြီ။ ထို့ကြောင့်ပင်လျင် အသည်းအူပြောင်းပြန်လန်လောက်အောင် လွမ်းဆွတ်ကြေကွဲရခြင်းဖြစ်၏။ မိခင်၏တေးသံဖြင့် ဘာမသိညာမသိမြူးထူးနေသော သားငယ်သည်ကား မိခင်၏ဆံပင်ကို ဆွဲလိုက်၊ တွတ်တီးတွတ်တာပြောလိုက်၊ ပြုံးလိုက်ရယ်လိုက်ရှိရှာ၏။ မိုးသာလျင် မွန်မလေး၏အလွမ်းကို ပွားများစေသည်မဟုတ်။ သားငယ်ကလေးသည်လည်း ပွားများစေသည်ဖြစ်သည်။ မိုးနှင့်သားငယ်သာမဟုတ်သေး။ ဤရပ်ဤရွာ ဤခရီး ဤလမ်း ဤလယ် ဤတောတို့သည် မိမိတို့၏ ရှေးဖြစ်ရှေးဟောင်းရာဇဝင်ကြောင်းကို ကွက်ကွက်ကွင်းကွင်း ဇာတ်ခင်း၍ပြလေသောကြောင့် အလွမ်းအားဆေးကြီးဖြစ်တော့သည်။ တဖြည်းဖြည်းနှင့်ပင် မွန်မလေး၏မျက်နှာသည် မိုးမင်းကို ဂုဏ်ပြိုင်၍ ညှိုးမှိန်လာလေ၏။ မိုးရွာလျင် ရွာချင်းယိုထွက်ပါအံ့ ဟူသော အဓိဋ္ဌာန်ကြီးဖြင့် အခါလင့်၍ ရှိသောမျက်ရည်တို့သည်ကား ပန်းပြေးပွဲတွင် တာစူနေသောသူတို့နှင့်သာ တူတော့၏။
ထိုသို့လွမ်းတစ်ခါဆွေးတစ်လှည့်နှင် တေးဖွဲ့၍့လာခဲ့ရာ မိမိတွက်တာဝေပုံချထားသောငန်းဦးသို့ ရောက်လာလေ၏။ ကူညီမည့်သူလည်းမရှိ၊ အားပေးမည့်သူလည်းမရှိ။ အားငယ်ဖွယ်ပင်ဖြစ်တော့၏။ အလုပ်တွင်စိတ်မပါတော့။ ကန်သင်းပေါ်တွင် ထိုင်၍ချောင်းပေါက်အောင် ငိုကြွေးချင်တော့၏။ တစ်မိုးလုံးပြည့်နေသောတိမ်တိုက်များ လွှင့်စဉ်ပျောက်ပျက်သွားအောင် ဟစ်အော်လိုက်ချင်တော့၏။ သို့ပါသော် လည်း သားငယ်နှင့် မိမိအတွက်ဝမ်းစာရေးက ရှိလေသေးသည်။ ပြည်တွင်းရေးထက်ဝမ်းရေးခက်၊ ဝမ်းရေးထက် လွမ်းရေးခက်ဟုဆိုသော်လည်း ဝမ်းရေးကို လုံးလုံးလျစ်လျူမရှု့နိုင်။ မိမိတစ်ကိုယ်အတွက် မထောင်းသာသော်လည်း ဖတဆိုးသားလေးအတွက် အရေးကြီးလေသည်။ လွမ်းဆွေးနေ၍ မည်သူကမျှ ကြင်နာမည်မဟုတ်။ ပြည့်စုံခြင်း သမတ္တိသာ အရသာကို ခံစားနေရသော လောကကြီးကား မိမိ၏ပရိဒေဝမီးကို နားလည်နိုင်မည် မဟုတ်ပေ။ အရိပ်အမြွက်မျှ သိဖို့ပင်လျင်ခဲယဉ်းလှ၏။ ဆင်းရဲသူ မုဆိုးမကလေးဖြစ်လေသောကြောင့် အထူးတလည် လျစ်လျူရှု့ကြမည်ဖြစ်၏။ ထို့ကြောင့် လမုပင်ကြီးတစ်ခု၏ အရိပ်အောက်မြေညီ၌ သားငယ်ကလေးကိုဂဒူးထဲတွင် သိပ်ထား၍ နောက်ဆံတငင်ငင်နှင့်ပင် လုပ်ငန်းသို့ ဝင်ရလေတော့၏။ လုပ်ငန်းသို့ဝင်ရသော်လည်း အလုပ်တွင်စိတ်မရှိ။ ကောက်စိုက်တံနှင့် ပျိုးပင်ကလေးတို့သည်လည်း မိမိတို့ဘာဝအလျောက် စိုက်သူကစိုက် ပေါက်သူကပေါက်လျက် အကွက်ကျကျ ဖြစ်နေကြကုန်၏။ မတည်သောစိတ်သည်ကား အရပ်ဆယ်မျက်နှာတွင် လွင့်ပါးလျက်ရှိ၏။ ဗျိုင်းဖြူကလေးများ ပျံသည်ကိုမြင်လျင် သူတို့နှင့်ရော၍ပျံ၏။ တိမ်တိုက်ကြီးများလွင့်နေသည်ကို မြင်လျင် သူတို့နှင့်ရော၍လွင့်၏။ လယ်ကတွတ်ပေါက်မှ တသွင်သွင်စီးကျနေသော ရေသံကိုကြားလျင် ယင်းတို့နှင့်ရော၍ ကြွေးကြော်သီဆို၏။ လောကဓာတ်တစ်ခုလုံးတွင် မည်သည့်အရာကိုမျှ အတည်တကျ သတိရသည်မရှိ။ သားငယ်ကလေးကိုပင်လည်း တစ်ချက်တစ်ချက် မေ့လျော့မိတော့၏။ ပရိဒေဝမီးကား ပူပြင်းလေစွတကား။ သို့ဖြင့် မွန်းတည့်ရာတွင်မှ မွန်းတိမ်း၊ မွန်းတိမ်းရာမှ နေစောင်းခဲ့၏။ အလုပ်ချိန်လည်းကုန်လေပြီ။ တစ်ကိုယ်လုံးလည်း အေးစက်တောင့်တင်း၍ မောပန်းနွမ်းလျလေပြီ။ သားငယ်ကိုပိုက်၍ အိမ်ပြန်ဖို့သာ ကျန်တော့သည်။ ကန်သင်းမျှမပေါ်နိုင်။ တက်ရေဖြင့်ဖွေးလျက် ပင်လယ်ပြင်နှင့်တူသောလယ်ကွင်းကို ဖြတ်ကျော်၍ သားငယ်ရှိရာသို့ မျှော်ကြည့်လေ၏။ မြေပြင်ကိုမမြင်ရ။ ရေပြင်ကိုသာမြင်ရလေတော့၏။ ထိုအခါမှမျက်လုံးမျက်ဆန်ပြူး၍ ပူပန်ခြင်းပြင်းစွာနှင့် ပြေးသွားရှာဖွေသော်လည်း မတွေ့ရတော့ချေ။ သားငယ်နှင့်တကွသော ဂဒူးကြီးသည်ကား တက်ရေတွင် မျောပါသွားရှာလေပြီ။ ကယ်ပါယူပါနှင့် တစာစာအော်သော်လည်း အနီးပတ်လည်တွင် လူမရှိ။ ဆူးခြုံထဲတွင် ရှိနိုးနိုး၊ ဓနုတောထဲတွင် မြင်ရနိုးနိုးနှင့် တောင်ပြေးကာ၊ မြောက်ကူးကာ ဒေါင်းတောက်အောင်ရှာသော်လည်း ဖတဆိုးလူမမည်လေးကို ဘယ်တွင်မျှမတွေ့ရတော့ချေ။ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာပြီတကား။

“အိုလူကလေးရဲ့၊ ရွှေသွေးရဲ့၊ မင်းဘယ်ကိုသွားလေပြီလဲ။ မင်းအဖေရေနံချောင်းကို မုန့်ပေါင်းသွားဝယ်တာ မစောင့်နိုင်လို့ လိုက်သွားပြီလားကွယ့်။ မပဋာရဲ့သားတွေလို ရေတွင်နစ်၍ဆုံးရှာပြီလား။ စွန်ချီ၍ပျောက်ရှာပြီလား။ ယောက်ျားသေစဉ်က ဖြေစရာသားကျန်သေး၏။ သားသေပြန်တော့မိခင်မှာ ဘယ်လိုခဲလို့ဖြေရပါ့မလဲ။ ရွာပြန်သွားလို့ ညည်းသားဘယ်မှလည်း မေးရင်မိခင်ဘယ်လိုပြောရမယ်။ မိတ္ထီလာကန်တော်အောက်က ဖားကောက်ခဲ့တဲ့လူတွေကိုမှ မစောင့်နိုင်တော့ဘူးလားကွယ်။ လူကလေးအိပ်ချိန်တန်လို့ ဗျိုင်းရှေ့ကပျံပါပြီ။ လူကလေးထွက်ခဲ့ပါတော့။ မြစ်ဧရာနဒီတွင်းမှာ ငါးကြင်းဖမ်းသွားရော့သလားကွယ်။”
မွန်မကလေးမှာ လင်သေရာတွင် သားဆုံးပြန်သဖြင့် အရူးလုံးလုံးဖြစ်ရလေတော့သည်။ “တစ်ပူပေါ်တစ်ပူထပ် မလပ်ကလေးရယ်တဲ့ ဘယ်ညာ“ဆိုသော ဘဝသို့ရောက်ရလေတော့၏။ ထမင်းမှန်း မသိဟင်းမှန်းမသိ၊ ရင်ဘတ်ကလေးထုကာ၊ နဖူးကလေးရိုက်ခါနှင့် ငိုကြွေးမြည်တမ်းလျက် ရေစုန်ရေဆန်လိုက်၍ သားပျောက်ကိုရှာ၏။ တွေ့သမျှ လှေသမားတို့ကိုလည်း “သားငယ်ကလေးတစ်ယောက် မျက်လုံးဝိုင်းကလေးနှင့် ဂဒူးကြီးစီးပြီးသွားတာ မတွေ့လိုက်ကြဘူးလားရှင့်။ တော်ထနီးရွာက သူ့မိခင်ကို ဘာလက်ဆောင်ပါးလိုက်သေးလဲရှင့်”စသည်ဖြင့် မေးမိမေးရာမေးလေတော့၏။ ညဉ့်မှန်မသိ၊ နေ့မှန်းမသိ တငိုငိုတယိုယိုနှင့် သားပျောက်ကိုရှာရင်း ပင်မြစ်ရိုးတွင် ရင်ကွဲ၍ သေပွဲသို့ဝင်ရှာလေတော့၏။ အလွမ်းဇာတ်သိမ်း၍ အပူဇာတ်ဆုံးလေတော့၏။

သို့သော် ထိုမွန်မကလေးသည် သားငယ်ကိုစွဲလန်းသောစိတ်နှင့် သေရှာလေသောကြောင့် နောင်ဘဝ၌ “ကွန်ဂဒူး“ငှက်ကလေးဖြစ်လာသည်ဟု လူကြီးသူမများက ပြောပြန်လေသည်။ သို့ဖြစ်လျင် အပူဇာတ်မဆုံးသေး။ အကြောင်းသော် နေညိုညိုညနေစောင်းအခါများ၌ မြစ်ရိုးတစ်လျှောက်တွင် သနားစဖွယ် အားငယ်သောအသံကလေးနှင့် အော်မြည်နေသော ကွန်ဂဒူးငှက်ကလေးကို ယနေ့ထက်တိုင်အောင် ကြားမြင်ရပါသေးသည်။ ပျောက်ဆုံးရှာသော သားငယ်လေးကို တွေ့ရနိုးမြင်ရနိုးနှင့် မြစ်ရိုးတစ်လျှောက်တွင် ရှာဖွေနေတုန်းပင် ဖြစ်လေရော့သလားမသိ။
(“ကွန်”ကား မွန်အခေါ်ဖြင့် “သားငယ်”ဟု ဆိုလို၏ ။“ဂဒူး”ကားဓနိအင်ဖက်၊ စလူရွက်တို့ဖြင့် ချုပ်စပ်ပြုလုပ်ထားသော ဆောင်းစရာပီလမဖြစ်လေသည်။)

Read more...

မင်းနှင့်ပြည်သူ

>> Thursday, May 15, 2008




ဒီpostလေးကို ကျွန်မချစ်မမ မသီတာဆီက ခွင့်ပြုချက်နဲ့ ကျွန်မတို့ဘလော့ကို လာလည်သူ တွေအတွက် ဝေမျှလိုက်ခြင်းပါ။ ဧရာနဲ့သီတာကတော့ သူတို့ချစ်တဲ့မြန်မာပြည်ကို သူတို့လို လိုက်ဖက်ညီတဲ့အတွဲလေး ရစေချင်နေကြပြီ။

မင်းနှင့်ပြည်သူ
ဧရာ (မန္တလေး)
ဤအ၀ိရောဓေန၊ တရားကိုမကျင့်ဆောင်၊ ပြည်သူတို့နှင့်ဆန့်ကျင်ဘက်ပြုလျှင် ပြည်သူတို့မုန်း၍အလိုရှိရာသခင်ရှာပြီးလျှင် မင်းကိုဖျက်ဆီးသည်။ မင်းအားကြီး၍ ပြည်သူတို့က မဖျက်ဆီးနိုင်လျှင်လည်း အခြားနိုင်ငံသို့သွား၍ ပြည်ပျက်သည်။ ဤကဲ့သို့ပြည်သူနှင့်ဆန့်ကျင်ဘက်ပြု၍ပျက်စီးသည်ကား မရေတွက်နိုင်။ ငါးရာငါးဆယ်ဇာတ်၊ ရာဇ၀င်တို့၌အများပင် ဖြစ်လေသည်။ မျက်မြင်ကိုယ်တွေ့ဖြစ်ရသည်လည်း များလှလေပြီ။

[ရာဇဓမ္မသင်္ဂဟကျမ်း - ယောမင်းကြီးဦးဘိုးလှိုင်]


ဘုရားအလောင်းတော် ဝေဿန္တရာမင်းသည် သဗ္ဗညုတဉာဏ်ကိုရည်သန်၍ ဒါနပါရမီကို ဖြည့်တင်းတော်မူခဲ့ရာ၊ ၀တ္ထုပစ္စည်းတို့ကို မဆိုထားလင့် မိမိနှလုံးသားကိုပင် အလှူခံယူသူရှိက လှူအံ့ဟုငယ်စဉ်ကပင်အဓိဋ္ဌာန်ထားခဲ့သည်။သို့အားလျော်စွာ အခါတစ်ပါးတွင်မိုးခေါင်ရေရှား၍ ဒုဗ္ဘိကန္တရကပ်ဆိုက်ရောက်နေသော ကလိင်္ဂတိုင်းအား များစွာသောကရုဏာသက်၍ ပစ္စယ ဆင်ဖြူတော်အား လှူဒါန်းခဲ့သည်။ ဤသည်ကို မိမိ၏ စေတုတ္တရာတိုင်းသာပြည်သူတို့က သဘောမကျ။ အမျက်ပြင်းစွာထွက်ကြ၍၊ ဝေဿန္တရာမင်းအား တိုင်းပြည်မှ နှင်ထုတ်ပါရန် ခမည်းတော် သိဉ္စည်းမင်းအား တောင်းဆိုကြ၏။ သက်ဦးဆံပိုင်မင်းဖြစ်သော သိဉ္စည်းမင်းက ဝေဿန္တရာသည်လည်း မိမိ၏သားဖြစ်၏။ စေတုတ္တရာတိုင်းသားတို့လည်း မိမိ၏သားသမီးများ ဖြစ်၏။ သားသမီးများ အချင်းများရာတွင် တစ်ယောက်နှင့်အများဖြစ်ပါက အများကို အနိုင်ပေးရမည်။ ထို့ကြောင့် မင်းကြီးသည် သားတော် ဝေဿန္တရာအား ချစ်လျက်နှင့် နိုင်ငံမှထွက်ခွာရန် အမိန့်ထုတ်ခဲ့သည်။
ပစ္စယဆင်ဖြူတော်သည် ဝေဿန္တရာမင်း၏ ဘုန်းကံကြောင့် ပေါ်သော ဆင်ဖြူတော်ဖြစ်သည်။ အလှူသည် ငတ်မွတ်ခေါင်းပါးဘေးဆိုက်နေသည့် လူအပေါင်းအားကယ်တင်လိုသော စေတနာ ဖြစ်သည်။ သဗ္ဗညုတဉာဏ်တော်ကို ရည်စူး၍ပြုသောမြတ်သောအမှုဖြစ်သည်။ မိမိ၏အမှုအပေါ်တွင် စိုးစိမျှ အပြစ်မြင်ဖွယ် မရှိသော်လည်း၊ ပြည်သူ၏ ဆန္ဒကိုလေးစားသောအားဖြင့် မင်းစည်းစိမ်ကိုစွန့်၍ ပြည်နှင်ဒဏ်ကို ကြည်ဖြူစွာ ခံယူခဲ့သည်။
မဟာသုတသောမဇာတ်တွင် ဘုရားအလောင်းတော် သုတသောမမင်း၏ ပညာသင်ဘက် ဗြဟ္မဒတ်မင်းသည် သားစားကြူးသူဖြစ်သည်။ စားတော်ဆက်သည် ‘ရသက’ ဖြစ်သည်။ ရသကသည် ပွဲတော်ဆက်တိုင်း အသားဟင်းကို ထည့်၍ ဆက်ရသည်။ အသားမရသော တစ်နေ့တွင် လူသားကိုချက်၍ ဆက်မိသည်မှစ၍ နောက်ဆုံးတွင် လူသားကို မစားရမနေနိုင်အောင် တပ်မက်သွားသော မင်းဖြစ်သည်။ ထို့ကြောင့်ပင် ပေါရိသာရ (လူသားစားသူ)ဟုအမည်ရသည်။ ရသကနှင့် ပေါင်းကာ ကောက်ကျစ်သောနည်းလမ်းများဖြင့် လူသားရအောင် ဖန်တီးကာ လူသားကို ပွဲတော်တည်သော မင်းဖြစ်သည်။ အကြောင်းစုံကို ပြည်သူတို့သိသောအခါ တိုင်းပြည်မှနှင်ထုတ်ခဲ့သည်။ လူကြမ်းပေါရိသာရမင်းသည် ပြည်သူ၏ ဆန္ဒကို မပယ်ရှားပဲ၊ မင်းအာဏာကို စွန့်ကာ ရသကကိုသာ ခေါ်၍ တိုင်းပြည်မှ ထွက်ခဲ့သည်။ “မရ, ရသက ချိုင်” ဟုဆိုစမှတ်ပြုရလောက်အောင် စားစရာလူသားရှားလာသောအခါ မိမိ၏ စားတော်ဆက်အဖော် ရသကကိုပင် သတ်၍ စားသော မင်းဖြစ်သည်။
နောင်တွင် မိမိဖမ်းမိထားသော သုတသောမမင်းနှင့် ‘သတာရဟ’ ဂါထာလေးဂါထာအား ဟောကြားပါက လိုရာဆုလေးဆုပြန်ပေးမည်ဟု ပေါရိသာရက ကတိစကားပြုသည်။ သုတသောမမင်းက ‘သတာရဟ’ ဂါထာလေးဂါထာ အား ဟောကြားကာ တောင်းဆု လေးဆု တောင်းသည်။ နောက်ဆုံး တောင်းဆုဖြစ်သော ‘လူသားမစားရန်’ အချက်ကို ပေါရိသာရက အလွယ်တကူလက်မခံလို။ ထိုအခါ သုတသောမမင်းက “ခန္ဓာကိုယ်နှင့် စည်းစိမ်ဥစ္စာယှဉ်လာ လျှင်ခန္ဓာကိုယ်အတွက် စည်းစိမ်ဥစ္စာကိုစွန့်ရသည်။ အသက်နှင့် ခန္ဓာကိုယ်ယှဉ်လာလျှင်အသက်အတွက် ခန္ဓာကိုယ်ကို စွန့်ရသည်။ အသက်နှင့် ကတိသစ္စာယှဉ်လာလျှင် ကတိသစ္စာအတွက် အသက်ကိုပင် စွန့်ရ၏” ဟုဟောရာ ပေါရိသာရက မိမိပေးထားသော ကတိကို မပယ်ဖျက်ပဲ မင်းအာဏာနှင့်ပင် လဲခဲ့သောလူသားစားခြင်းကို စွန့်ကာငါးပါးသီလမြဲသွားခဲ့သည်။ ထို့ကြောင့်ပင် ပေါရိသာရသည် ဂေါတမဘုရားလက်ထက်တော်၌် အင်္ဂုလိမာလမထေရ် အဖြစ် ကျွတ်တမ်းဝင်သွားခဲ့လေသည်။
နှလုံးသားနုသော ဝေဿန္တရာမင်းသည် မိမိကမှန်သည့်တိုင် ပြည်သူ့ဆန္ဒကို လေးစားသဖြင့် မင်းစည်းစိမ်ကိုကြည်ဖြူစွာစွန့်ခဲ့ဖူးသည်။ လူသားစားသော လူ့ဘီလူးလူကြမ်းကြီး ပေါရိသာရသည်လည်း ပြည်သူ့ဆန္ဒကိုမလွန်ဆန်ပဲ မင်းအာဏာကို စွန့်ခဲ့သောထုံးရှိ၏။ ပြည်သူကိုဆန့်ကျင်သောမင်းတို့သည် ပျက်စီးရသည်။ မင်းတို့အားကြီး၍ ပြည်သူကမတော်လှန်နိုင်လျှင်လည်း၊ အသိပညာရှိသောရဟန်းရှင်လူတို့ ပြည်ရွာကို စွန့်ခွာကာ တစ်ပါးသောတိုင်းပြည်သို့ ခိုလှုံကြ၍ တိုင်းပြည်ပျက်တတ်ကြောင်း ယောမင်းကြီးဦးဘိုးလှိုင်က သတိပေးခဲ့ဖူးသည်။
[မောင်ထင်၏ “ယောမင်းကြီးဦးဘိုးလှိုင်– အထ္ထုပ္ပတ္တိ နှင့် ရာဇဓမ္မသင်္ဂဟကျမ်း”၊ ဦးရွှေအောင်၏ “ဗုဒ္ဓ– လောကသားတို၏ အနှိုင်းမဲ့ကျေးဇူးရှင်– ကိုယ်တွေ့ဗုဒ္ဓ၀င်” တို့မှ ကောက်နှုတ်ဖော်ပြပါသည်။]
ဧရာ (မန္တလေး)

Read more...

ဘကြီးအောင်ညာတယ်

>> Sunday, May 4, 2008


စာရေးဆရာကြီးမင်းသုဝဏ်ရဲ့ ၁၉၃၂ခုနှစ်က တက္ကသိုလ်ကျောင်းတိုက်မဂ္ဂဇင်းမှာ ရေးသားခဲ့တဲ့ဝတ္တုပါ။ ခေတ်အလိုက် အင်မတန်လူကြိုက်များတဲ့ ဒီတ္တုလေးဟာခုထိလဲ တစ်ချို့ဘဝတွေနဲ့ထပ်တူနေဆဲမို့ ဝေမျှလိုက်ခြင်း ဖြစ်ပါတယ်။ စွဲလန်းခြင်းဟာလောင်မြိုက်စေတဲ့ မီးတစ်ပါးပါ။ ဆင်ခြင်သုံးသပ်တတ်မှု့ကို အရာရာတိုင်းအတွက် အချိန်ပေးနေပြန်တော့လဲ သံသယကြီးသူလို့ ထင်မြင်ယူဆကြပြန်ရော။ ဒီဝတ္တုလေးဖတ်ပြီးရင်(ဖတ်ပြီးသားသူတွေလည်းပြန်နွှေးပြီးရင်)………ဘယ်လိုခံယူချက်တွေနဲ့ ဘဝကိုရပ်တည်သည်ဖြစ်စေ မိမိကိုယ်ကိုရောသူတစ်ပါးကိုပါနာကျင်ခြင်း ကင်းတဲ့အတွေးအခေါ်၊ အပြုအမူ၊ အပြောအဆိုကိုတတ်နိုင်သမျှ မွေးမြူကျင့်သုံးခြင်းဖြင့် ဆရာကြီးမင်းသုဝဏ်ကို ဂါရဝပြုကြရအောင် လို့ပြောပါရစေ.......


ထိုနေရာတွင် ဒေါင်းလုပ်လုပ်၍ ဖတ်နိုင်ပါသည်။

Read more...

ကဗျာငတ်နေတဲ့ကျွန်တော့ကို ကဗျာတောထဲမှ သူငယ်ချင်းတစ်ယောက်က စွန့်ကျဲတာလေးတွေ ဝေမျှလိုက်တယ်။

>> Wednesday, April 30, 2008

တေးများ

မုန့်ဝေစားသလို ဝေစားဖို့

ဟောဒီမှာ ရော့၊

ငါတို့ စိတ်ပျက်လက်ပျက် သွေးပျက်ခဲ့ကြပုံ

ငါတို့ ရယ်ကျဲကျဲ သွားဖြဲခဲ့ကြပုံ။

စကားလုံးတွေ ကုန်ခဲ့တယ်

အဖြစ်အပျက်တွေ မထူးဆန်းဘူး

နေမပူဘူး

ညမမှောင်ဘူး၊

နွေတွေ မိုးတွေ ဆောင်းတွေ

တောင်တန်းတွေ

လောင်းကြေးတွေ

အငမ်းမရ ဖျားနာခြင်းတွေ။

နာရီများ စိတ်မချရ

သမိုင်းဟာ အမောအပန်းမရှိ။

ကမ္ဘာကြီးနဲ့ ငါတို့အကြား

ဒီထက် မတတ်နိုင်တော့ပြီလား။

လူတွေသေခဲ့

လူတွေရှင်ခဲ့။

ငါ့ရဲ့ ပက်လက်ကုလားထိုင်လဲ အိုမင်းခဲ့။

မနေ့ကများ

ခြားလဲခြားနားခဲ့

တူလဲတူခဲ့။

အရေးကြီးသော သံဝေဂများ

အရေးမကြီးသော အရေးကြီးမှုများ

‘သောမတ်မိုး’ လဲ ‘သောမတ်မိုး’ အလျောက်

‘ဂျူယုံဂျီး’ လဲ ‘ဂျူယုံဂျီး’ အလျောက်

ငါလဲ ငါ့အလျောက်

စဉ်းစားရကြပ်ခဲ့။

‘ငါမှားသလား’ ဆိုတော့လဲ

မမှားဘူး။

ဘယ်သူဟာ ဘယ်သူနဲ့တူလဲ

ဘယ်သူဟာ ဘယ်သူဖြစ်စေချင်တဲ့အတိုင်း

ဖြစ်လာရတာလဲတဲ့

ငါတို့ကကော ဘယ်သူဖြစ်စေချင်တဲ့အတိုင်း

ဖြစ်ရမှာလဲ။

တရားမဲ့သူအတွက်လဲ

တရားရှိခဲ့။

တရားရှိသူအတွက်လဲ

တရားရှိခဲ့။

တရားနဲ့မဖြေနိုင်သူကတော့

ဝဋ်ရှိသမျှပေါ့။

ငါရှုံးပါစေ

တရားက နို်င်ပါစေ။

သူငယ်ချင်း အဘိုးကြီးနှစ်ယောက်လို

တစ်ယောက်ကို တစ်ယောက် လက်ဖက်ရည်တိုက်ကြ။

ဒီစာရွက်ပေါ်က ငါ့ ‘ခြစ်ရာ’ များ

ခင်ဗျားအသံကိုလဲ ကိုယ်စားပြုနိုင်ပါစေသား။ ။


အောင်ချိမ့်

၁၉၉၈၊ဇွန်၊ရနံ့သစ်

English for All,1998,July, No.134


သတိရတယ်သူငယ်ချင်း

တစ်ပတ်မှာ

၃၆ နာရီလက်ဖက်ရည်ဆိုင်ထိုင်ခဲ့တယ်

တဖြည်းဖြည်းနဲ့

လက်ဖက်ရည်ဆိုင်က ထိုင်ခုံတွေလို

တို့ဘ၀တွေ ပုဝင်နေခဲ့။

ရန်ကုန်မြို့ကြီးကို

၃ နှစ်လောက် အကြောပေးလိုက်ဦးမယ်ဆိုတဲ့

ငါ့ရဲ့ သူငယ်ချင်းရေ

အခု မင်းဘယ်ရောက်နေသလဲ။

ဘယ်လိုမှ မေ့ပျောက်လို့ မရတဲ့နေ့တွေ

တစ်ဟုန်ထိုး မောင်းထွက်သွားတဲ့ ဘ၀တွေ။

လက်ဖက်ရည်ဆိုင် ထိုင်တာကို ကြည့်ပြီး အထင်မသေးနဲ့

လက်ဖက်ရည်ဆိုင် ထိုင်တာကို ကြည့်ပြီး ၀မ်းမနည်းနဲ့

လက်ဖက်ရည်ဆိုင် ထိုင်တာကိုလဲ ဂုဏ်မယူနဲ့။

၁၉၉၈ ဟာအပေါင်ဆုံးခဲ့ပါပြီ

တစ်ဘ၀ လုံးပုံအောခဲ့တဲ့ ကစားဝိုင်းက မသိမ်းသေးပါဘူး။


လှသန်း

ရနံ့သစ်၊မတ်လ၊၁၉၉၉

English for All, 1999,May, No.144



Read more...

At the Lake - Htin Lin

>> Wednesday, April 23, 2008


ဒီနေ့တော့ ဆရာထင်လင်းရေးတဲ့ “ကန်တော်သာမှာ” ဆိုတဲ့ ၀တ္ထုတိုတစ်ပုဒ်ကို စကန်ဖတ်ပြီးတင်လိုက်ပါတယ်။ ဆရာက အရေးအသားကောင်းလွန်းလို့ ရီလိုက်ရတာလည်း မောလို့၊ သူပုံဖော်သမျှ မျက်လုံးထဲကွက်ကွက်ကွင်းကွင်းတွေမြင်လို့ ဖြစ်ရပါတယ်။ အခြားလူတွေကိုလည်း ဖတ်စေချင်လို့၊ ရီရစေချင်လို့ ဝေမျှလိုက်တာပါ။

ပုံတွေကို ဒီတိုင်းတင်တာ သေးသွားလို့ ပီဒီအက်(ဖ်) ပြောင်းပြီး တင်ထားပါတယ်။ စာအုပ်ကို ဒီမှာ ဒေါင်းလုပ်လုပ်ပြီး ဖတ်ကြပါ။
ဖတ်ပြီးရင်လည်း ပြန်လာပြောပါဦး။ ခင်ဗျားသာ ကိုကြီးခန့်နေရာမှာဆို ဘယ်လို ဖြေရှင်းမလဲလို့။



Read more...

ကိုယ့်စိတ်ကိုယ်စစ်

>> Monday, March 24, 2008


ဝဉ္စနာတရား (၃၇)ပါး အကျဉ်းချုပ်ခေါင်းစဉ်
အရှင်ဆန္ဒာဓိက၊ ကိုယ့်စိတ်ကိုယ်စစ် စာအုပ်မှ


ကိုယ့်စိတ်ကို ကိုယ်က “စိတ်ကောင်း” ထင်နေပေမယ့် တကယ်တမ်းကျတော့ “စိတ်ဆိုး”ဖြစ်နေတာမျိုး လုံးဝမဖြစ်စေဖို့အတွက် စိတ်ကိုလှည့်ပတ်တတ်တဲ့ ၀ဉ္စနာတရားတွေကို သေသေချာချာ သိထားသင့်ပါတယ်။



(၁) ချစ်ခင်နှစ်သက်ခြင်း၊ တပ်မက်စွဲလမ်းခြင်းဆိုတဲ့ “ရာဂ”က မေတ္တာယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။ သံယောဇဉ်နဲ့ချစ်တာကို မေတ္တာနဲ့ချစ်တယ်လို့ထင်တာမျိုး၊ တဏှာနဲ့ပွတ်သပ်ပိုက်ထွေးတာကို မေတ္တာနဲ့ကြင်နာယုယတယ်လို့ ထင်တာမျိုးပေါ့။

(၂) စိတ်ပူခြင်း၊ စိုးရိမ်ခြင်း၊ ၀မ်းနည်းပူဆွေးခြင်းဆိုတဲ့ “သောက”က ကရုဏာယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ ကိုယ်ချစ်ရတဲ့သူတွေ ဆင်းရဲဒုက္ခရောက်နေတာကိုကြည့်ပြီး စိတ်မချမ်းမသာဖြစ်နေတာကို သနားတတ်တယ်၊ စာနာတတ်တယ်လို့ ထင်နေတာမျိုးပေါ့။

(၃) ပျော်ရွှင်မြူးထူးခြင်းဆိုတဲ့ “ပဟာသ”က မုဒိတာယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ သူတစ်ပါးရဲ့အောင်မြင်မှု တစ်ခုခုကို အကြောင်းပြုပြီး အူမြူးခုန်ပေါက်နေတာ၊ ရယ်မောအော်ဟစ်နေတာ၊ ပျော်ပွဲနွှဲပြီးကဲနေတာ၊ အပျော်ကြူးပြီး မူးနေတာကို သူတစ်ပါးရဲ့ အောင်မြင်မှုအတွက် နှစ်သက်ဝမ်းမြောက်တတ်တယ်၊ မုဒိတာပွားတတ်တယ်လို့ ထင်နေတာမျိုးပေါ့။

(၄) ကုသိုလ်အလုပ်အားထုတ်မှု မပြုတော့ခြင်းဆိုတဲ့ “နိက္ခိတ္တဓုရ”က ဥပေက္ခာယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါသည်။ ကုသိုလ်ကိစ္စကြောင့်ကြ မစိုက်ချင်တော့တာ။ တာဝန်ယူချင်စိတ် မရှိတော့တာကို “ကံအတိုင်းပဲ၊ မတတ်နိုင်ဘူး” လို့ ကံကိုလွှဲချပြီး အပျင်းထူနေတာမျိုးပေါ့။

(၅) စိတ်ပူလောင်ခြင်း၊ စိတ်ဆင်းရဲခြင်းဆိုတဲ့ “စိတ္တသန္တာပ”က သံဝေဂယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ ရတာမလို၊ လိုတာမရလို့၊ အလုပ်အကိုင် အဆင်မပြေလို့၊ စိတ်ညစ်စရာပြဿနာတွေနဲ့ ကြုံတွေ့ရလို့ စိတ်ပူလောင်နေတာ၊ စိတ်ဆင်းရဲနေတာ၊ လောကကြီး အပေါ် မကျေမနပ်ဖြစ်နေတာကို ဘ၀ကြီးကို ငြီးငွေ့နေပြီ၊ သံသရာကြီးကို ထိတ်လန့်နေပြီလို့ ထင်နေတာမျိုးပေါ့။

(၆) သူတစ်ပါးအပေါ် မယုံမကြည်ဖြစ်နေခြင်းတိုတဲ့ “အသဒ္ဓိယ”က ပညာလို့ခေါ်တဲ့ ၀ီမံသယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ ဟိုလူ့ကိုမယုံ၊ ဒီလူ့ကိုမယုံ၊ ဟိုဟာမယုံ၊ ဒီဟာမယုံနဲ့နေရာတကာ ယုံမှားသံသယဖြစ်နေတာ၊ သဒ္ဓါတရားခေါင်းပါးနေတာကိုပဲ စူးစမ်းဆင်ခြင်းတတ်တယ်၊ ဝေဖန်ပိုင်းခြားတတ်တယ်၊ ၀ိဘဇ္ဇဉာဏ်ရှိတယ်လို့ အသားလွတ် အထင်ကြီးနေတာမျိုးပေါ့။

(၇) ပုဂ္ဂိုလ်ရေး ဝေဖန်ပုတ်ခတ်ခြင်းဆိုတဲ့ “ပုဂ္ဂလဂရဟိတာ”က မကောင်းမှုကို ကဲ့ရဲ့ခြင်းဆိုတဲ့ “ပါပရဟိတာ”ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ ကောင်းစေချင်လို့ပြောတာပါ၊ သာသနာ့မျက်နှာကိုကြည့်ပြီး သာသနာစိတ်နဲ့ ရေးတာပါလို့ အသံကောင်းဟစ်နေပေမယ့် တကယ်တမ်းကျတော့ ဆရာကြီးလုပ်လိုစိတ်၊ မနာလိုစိတ်၊ နာကျည်းစိတ်တွေနဲ့ အပြစ်မရှိ အပြစ်ရှာပြီး ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာထိခိုက်အောင် ပြစ်တင်ဝေဖန် ကဲ့ရဲ့ရှုတ်ချ ပုတ်ခတ်စော်ကားတာမျိုးပေါ့။

(၈) စကားကြမ်း၊ စကားရိုင်း ပြောဆိုခြင်းဆိုတဲ့ “ဖရုသ၀ါစာ”က အပြစ်ကို နှိပ်ကွပ်ပြီး ဆုံးမခြင်းဆိုတဲ့ “နိဂ္ဂယှဝါဒိတာ” ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။ အပြစ်ရှိသူကို နှိမ်ချပြီး ရိုင်းရိုင်းစိုင်းစိုင်း ကြမ်းကြမ်းတမ်းတမ်းမာမာကြောကြော ပြောဆိုတာကိုပဲ ကောင်းစေချင်လို့ ဆုံးမတာ၊ မခံချင်စိတ်ဖြစ်အောင်လို့ နှိုးဆွတာလို့ လှည့်စားတာမျိုးပေါ့။

(၉) ဒကာဒကာမတွေအပေါ် အောက်ကျို့ပြောဆိုခြင်းဆိုတဲ့ “စာဋ္ဋုကမျတာ”က ချစ်ဖွယ်စကားပြောဆိုခြင်းဆိုတဲ့ “ပိယ၀ါဒိတာ”ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ လာဘ်လာဘကို ငဲ့ပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်နှိမ့်ချချနဲ့ ခယဆက်ဆံတာကိုပဲ ဒကာဒကာမတွေအပေါ် စကားပြောချိုသာတယ်၊ သဘောကောင်းတယ်လို့ ထင်နေတာမျိုးပေါ့။

(၁၀) မိမိပိုင်ပစ္စည်းဥစ္စာတွေကို သူတစ်ပါးနဲ့ ခွဲဝေမသုံးစွဲခြင်းဆိုတဲ့ “အသံဝိဘာဂသီလတာ”က အသက်မွေးစင်ကြည်ခြင်းဆိုတဲ့ “အာဇီဝပါရိသုဒ္ဓိ” ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ ကိုယ့်ပစ္စည်း သူများမပေးချင်လို့ နှမြောတွန့်တိုနေတာကိုပဲ သီလမစင်ကြယ်သူကို လှူရင် အဆိပ်ပင်ရေလောင်းရာရောက်မှာစိုးလို့လို့ အကြောင်းပြတာမျိုးပေါ့။

နောက်မှပဲ ကျန်တာတွေကို ဆက်ကူးရေးပါဦးမယ်။
သဘောကျလို့ မှတ်ထား၊ ဝေမျှတာပါ။

Read more...

အပြောအဟောကောင်း၍ ပီတာဇော်မြင့် သွားကျိုးခြင်း

>> Saturday, September 15, 2007

သိပ်မကြာသေး၊ ဟိုတလောလေးကပင် စာရေးဆရာတွေထဲမှာ ဘယ်သူတွေကဖြင့် အဟောအပြောကောင်းသည်၊ ဘယ်သူတွေကတော့ ဘာတွေပြောမှန်းမသိ၊ အဟောအပြောမကောင်းဘူးဆိုတဲ့ သဘောပေါ့။ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်က ဆောင်းပါးရေး ဝေဖန်လိုက်၍ အတော်ပူညံပူညံဖြစ်သွားကြောင်း သတိပြုမိလိုက်၏။ အမှန်စင်စစ်တော့ ဤမြေကမ္ဘာသည် အလွန်ပူညံပူညံဖြစ်နေသောနေရာ ဖြစ်သောကြောင့် ထိုကိစ္စအဖြစ်အပျက်သည် အဆန်းတကျယ်မဟုတ်လှ။ သို့သော် ပီတာဇော်မြင့်ကတော့ ပြုံးမိသည်။ ဘယ်သူတွေ အဟောအပြော ဘယ်လောက်ကောင်းကောင်း သူများတွေ အဟောအပြောကောင်းတယ်ဆိုသည်မှာ အလကား၊ ပီတာဇော်မြင့်သည် အဟောအပြော ရှာမှရှား။ သူ့ကို အဟောအပြောကောင်းသလားမမေးနှင့်၊ ပီတာဇော်မြင့် သံလျင်သင်္ဘောပေါ်မှာ ဆေးရောင်းသည်။ “ ပီတာသင်္ဘောကြီးစီးပြီး ခရီးသွားကြတဲ့ ခရီးသွားလုပ်သားပြည်သူအပေါင်းတို့ခင်ဗျာ…ကျွန်တော်ကို စကားအနည်းငယ် ပြောခွင့်ပြုပါ။ ”
တိုက်ပုံအကျီပန်းရောင် အတွင်းက ရှပ်အကျီက စတစ်ကော်လာခေါ် လည်ကတုံးအနက်ရောင် လုံချည်က တစ်ပေပတ်လည်ရှိသော စတုရန်းအကွက် အစင်းအစင်းများပါသည့် မဲနက်ရောင်နှင့် အစိမ်းရောင် အိန္ဒိယပလေကပ်အတု။ ဘယ်လိုမှ အချိုးမပြေသော အရောင်အသွေးတို့က စုံလင်ဆန်းကြယ်စွာ။ လူကလည်း အရပ်ပုပု၊ ၀၀၊ အသားမည်းမည်း၊ ဆံပင်ရှည်ရှည် လည်ကုတ်ထောက်၊ ငွေကိုင်းနှင့် မှန်အကြည် ပါဝါမပါသော မျက်မှန်က တတ်လိုက်သေးသည်။ သို့သော် ပီတာဇော်မြင့် အပြောကောင်း၏။ ဆေးရောင်းလာတာကြာပြီ။
“ကျွန်တော်ပြောလိုက်တဲ့စကားကြောင့် မိဘပြည်သူများ စိတ်ထဲမှာ အနည်းငယ် အနှောက်အယှက်ဖြစ်သွားမယ်ဆိုရင် ကျွန်တော့်ကို ခွင့်လွှတ်ကြပါ။ တကယ်တော့ မိဘပြည်သူများရဲ့ မေတ္တာရိပ်မှာ ခိုလှုံပြီး တ၀မ်းတခါးအတွက် မိမိဘ၀ကို ရိုးသားစွာ ကြိုးစားစွာ ထိန်းကြောင်းနေရတဲ့ စင်ကြယ်မွန်မြတ်တဲ့ အသက်မွေးမှုတခု အရင်းပြုပြီး လှုပ်ရှားနေရတဲ့သူဟာ…ဟော အခု မိဘပြည်သူများရဲ့ရှေ့မှောက်မှာ လာရောက်တင်ပြနေတဲ့ ကျွန်တော် မောင်ပီတာဇော်မြင့်ပါခင်ဗျား…ကောင်းပြီ မင်းဘာတွေတင်ပြမှာလည်း…ဒို့ကိုဘာတွေ လာတင်ပြမှာလဲ ဆိုတော့…ဖြတ်ခနဲ ဆွဲထုတ်လိုက်သည်။ ဘယ်လိုထုတ်လိုက်သည် မသိရ။ အလွန်လျှင်သည်။ သူ့လက်ချောင်းတွေကြားမှာ ပုလင်းငယ်သုံးလုံး၊ ဘယ်ဘက်လက်ချောင်းတွေကြားမှာ ပုလင်းငယ်သုံးလုံး ညှပ်၍ ညာဘက်လက်က ဖြန့်ကာ ၀ဲကာ နိမ့်ကာ မြင့်ကာ သီတာသင်္ဘောကြီးနောက်က တအုတ်ကြီးလိုက်လာသော ဇင်ယော်တွေ ပျံနေသလို… လက်တကားကား တ၀ဲဝဲလုပ်နေ၏။ “လူဆိုတာဟာ မိဘပြည်သူများသိကြတဲ့အတိုင်း သဗ္ဗေသတ္တာ အဟာရ ဒီတိကာ ဆိုတဲ့ ကျမ်းဂန်ပါဠိလာရှိသည်နှင့်အညီ အစာအဟာရကို မျှတစွာ စားသောက်မှီတင်းရတဲ့ သတ္တ၀ါမျိုး ဖြစ်ပါတယ်။ ကေသာ လောမာ နာဖာ ဒန္တာ တဇော နာရု မန်တန် ၀ဂ္ဂံ အစရှိတဲ့ သုံးဆယ့်နှစ်ကောထဿာတို့ဖြင့် ဖွဲ့စည်းအပ်တဲ့ သည်ရုပ်ခန္ဓာကိုယ်ကြီးကို နေ့စဉ်ဓူဝ အဟာရလို့ခေါ်တဲ့အစာ ကြွေးကြရပါတယ်။ ဘီစီခြောက်ရာစုနှစ်ခရစ်တော်မပေါ်မီ ဘဝေသနီ နှစ်ခြောက်ရာကျော်က ပေါ်ပေါက်ခဲ့တဲ့ ဒဿနိကပညာရှင်ကြီး ပလေတိုက ဆိုခဲ့ပါတယ်…ဆရာကြီး ပလေတိုက ဘာဆိုခဲ့သလဲ…လူ့ခန္ဓာကိုယ်ဟာ စက်ရုံကြီးတစ်ရုံနဲ့တူတယ်လို့ ဆရာကြီးပလေတိုက ဆိုခဲ့ပါတယ်။” ဘယ်လက်ထဲမှာရှိသော ပုလင်းငယ်သုံးလုံး ညာဘက်လက်သို့ လျှင်မြန်စွာ ပြောင်းလိုက်၏။ ပီတာဇော်မြင့် လက်အလွန် မြန်သည် (ခါးပိုက်နှိုက်လက်မျိုး)။
“အဲဒီတော့ စားလိုက်သမျှအစာတွေကို ခန္ဓာကိုယ်စက်ရုံကြီးတစ်နေရာ အစာအိမ်ဆိုတဲ့ ယန္တရားက ကြိတ်ဝါးချေဖျက်ပေးရပါတယ်။ သိပ္ပံပညာရှင်တို့ရဲ့ ဘိုးအေကြီးဖြစ်တဲ့ အိုင်းဇက်နယူတန်ရဲ့ တတိယသဘာဝ ဥပဒေသအရ အစာဆိုတာ စားပြီးရင် ချေဖျက်ရပါတယ်။ အစာမကြေရင် ဘာဖြစ်မလဲ…ဟောဒီ…” သူ့ပတ်ဝန်းကျင်မှာ ရုတ်ရုတ်သဲသဲပါပဲ။ သင်္ဘောပေါ်ကလူတွေပဲ သွားကြလာကြ ထိုင်ကြထကြ ရီကြမောကြ၊ ကလေးတွေကတော့ငိုကြ၊ တစ်ယောက်တစ်ပေါက် ကြွက်ကြွက်ညံ သင်္ဘောစက်သံနှင့်တကွ ရာထောင်မျှသောလူတွေအသံကို လွှမ်း၍ ပီတာဇော်မြင့် ဆက်လက်ဟောပြောနေ၏။ ပါဝါမပါ ဗလာရှိုး မျက်မှန်ကိုင်းကို မတင်လိုက်ပုံ၊ ခေါင်းကို ငဲ့လိုက်ပုံ၊ မျက်မှန်ကိုင်းကို ကျော်၍ မျက်လုံးပြူးကြည့်လိုက်ပုံ၊ ကိုယ်တစ်ခြမ်း လှည့်၍ ပေစောင်းစောင်းနေလိုက်ပုံတို့မှာ နှစ်ကာလအတော်ကြာ ကျင့်ယူထားသော အိုက်တင်များဖြစ်၏။ လေဆက်ရှည်ပြန်၏။ “ဟော … ဒီမန္တလေးနန်းတွင်းမူအတိုင်း ရှေးဆရာကြီးများရဲ့ သမ္မစင် လျို့ဝှက်များအရ မိဘပြည်သူများရဲ့ ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက ရှေးရှုဖြည့်ဆည်းပေးမဲ့ ဆရာပီတာဇော်မြင့် ဓာတုဗေဒ နည်းကျကျ ဖော်စပ်ထုတ်လုပ်လိုက်တဲ့ အစာကြေဆေးတော်ကြီး…အစာမကြေလို့ လေထိုးလေအောင့် လေပြည့်လေကယ် လေတစို့လေတပြည် လေတကူလေတကန့် လေတပြန်လေတစူး အထူးထူးအပြားပြားသော လေရောဂါများဟာ ဗေသစ္စဆေးခန်းမဟာမှာ တစ်ရာ့နဲ့မှကိုးမျိုး ရှိတယ်လို့ ဆရာအာလတ်ယက္ခရသေ့ကြီးက ရေးသားမိန့်ဆိုခဲ့ပါတယ်။ လေရောဂါမှန်သမျှ ဆလံသ ပြန်ရမယ်… ပျောက်သလားမမေးနှင့်… ကျွန်တော်ပီတာဇော်မြင့် ဟောဒီအစာကြေဆေးပုလင်းတွေမှာ လိပ်စာ နေရပ် တယ်လီဖုန်းနံပတ် အတိအကျ ဖော်ပြပါရှိပါတယ်။ အထူးသဖြင့်ကတော့…” ဘယ်ဘက်ပခုံးမှာ သိုင်းချိတ်ထားသော ယိုးဒယားလေကြောင်းလွယ်အိတ်ကို ညာပခုံးသို့ ပြောင်း၏။ လက်ကြားထဲက အစာကြေဆေး သုံးပုလင်းကို မြှောက်၍ ဝေ့၍ မျက်စိနောက်အောင် လုပ်နေသည်။
“ကြိုက်တဲ့အစာစား… ဟေ့မောင်ပီတာရဲ့ ငါ့မှာသွေးတိုးရောဂါရှိတယ်… မင်းကကြိုက်တဲ့အစာစား အစာရှောင်စရာမလိုဘူးပြောတာ ဘယ့်နှယ်လဲကွဲ့လို့မေးစရာရှိလာတယ်… ဦးဦး ဒေါ်ဒေါ် ကိုကို မမ ခုနှစ်ရက်သားသမီး လုပ်သားပြည်သူများ ကြိုက်ရာကို စားပါ…သမုဒ္ဒရာရေမျက်နှာထက် ခဏတက်သည့် ရေပွက်ပမာ တသက်တာ ဘ၀မှာ ကြိုက်တာစားပါ… ဘာစားမလဲ မမေးနဲ့… ၀က်သား၊ ကြက်သား၊ ဆိတ်သား၊ သိုးသား၊၀က်သားပေါင်း၊ ကြက်သားပေါင်း၊ဘဲသားပေါင်း… ဟော…ရေချိုရေငန် နှစ်နိုင်ငံမှာ ပြိုင်စံရှားတဲ့ က၀က်ကင်းငါးသလောက်အချိုပေါင်း အရိုးနုပေါင်း… ဘာစားမလဲ မမေးနဲ့… ဒံပေါက်ထမင်း၊ ထောပတ်ထမင်း၊ အုန်းထမင်း၊ အုန်နို့ခေါက်ဆွဲ… ကဲ တရုတ်အစားအစာ စားအုံးမလား… ကုန်းဘောင်ကြီးကြော်၊ ၀က်စတူးကြော်၊ တောက်တောက်ကြော်၊ ချိုချဉ်ကြော်၊ ပုဇွန်ချိုချဉ်၊ ငါးရှဥ့်အချိုချက်၊ ငါးရှဥ့်အစပ်ချက်၊ ငါးပဲငပိ၊ ဂဏန်းနဲ့ မှိုကြော်၊ ဂဏန်းငုံးဥကြော်၊ ပြည်ကြီးငါးဆုပ်၊ ကြက်သားသုပ်၊ ၀က်သားသုပ်… အဲ ဆန်းဆန်းပြားပြား ဖားသား၊ ကြွက်သား၊ ဂျီသား၊ ဆတ်သား၊ သိုးသား၊ ခိုသား၊ ငယ်ညို၊ ရေ၀မ်းဘဲ၊ ဆစ်ဆလီ၊ ဆနိုက်ကြော်၊ ဘဲကောင်လုံး ပေါင်းမလား ကင်မလား… ဘာစားစား စားချင်ရာစား ၀က်ကောင်လုံးကင်…” ခွပ်ကနဲအသံကြားရ၏။ ပီတာဇော်မြင့် လဲကျသွား၏။ မျက်မှန် လွင့်စင်သွားသည်။ လက်ထဲက အစာကြေဆေးပုလင်းသုံးလုံး သင်္ဘောကြမ်းပြင်ပေါ်ကြ၏။ နှစ်လုံးကွဲသည်။ တစ်လုံး ခုံတွေအောက် လိမ့်သွား၏။ ပီတာဇော်မြင့်ကို တစ်ယောက်ယောက်က လက်သီးနဲ့ ဆွဲထိုးလိုက်သည်။ ဘာမပြော ညာမပြော ပီတာဇော်မြင့် ရှေ့သွားနှစ်ခြောင်း ကျိုးသွား၏။ ဘယ်သူက ၀င်ပြီးလက်သံပြောင်လိုက်သည်မသိ။ ခွေခွေလေးလဲနေသော ပီတာဇော်မြင့်၏ဘေးမှာ မှန်တစ်ဖက်ကွဲသွားသည့် ငွေကိုင်းမျက်မှန်နှင့် ရှေ့သွားနှစ်ချောင်း… ထို့နောက် ရုတ်ရုတ်သဲသဲ…

ဇော်ဇော်အောင်


Read more...

ရပိုင်ခွင့်

>> Thursday, September 13, 2007

ရပိုင်ခွင့်
သုမောင်

ကျွန်တော်က 'ရွှေကြေးစည်' လက်ဖက်ရည်ဆိုင်မှာ တစ်နေ့ လေးကြိမ်ထိုင်ဖြစ်သည်။ ရွှေကြေးစည်က 'ကိုရူပ' ပိုင်သည်။ နံနက် အိပ်ရာက နိုးနိုးချင်း တစ်ကြိမ်ထိုင်သည်။ နံနက်စာ ထမင်းစားပြီးနောက် အချိုတည်းရန် တစ်ခါထိုင်သည်။ ဒါတွေက ပိုက်ဆံပေးပြီး သောက်ခြင်းဖြစ်သည်။ ညနေစောင်း သုံးနာရီလောက်မှာ ခြေဆန့်လက်ဆန့် သွားထိုင်ပြန်သည်။ ထိုတစ်ကြိမ်မှာတော့ အိမ်က ကော်ဖီမစ် သို့မဟုတ် တီးမစ်အထုပ် ယူသွားသည်။ ဒါက ပရိတ်သတ် လူငယ်အချို့၊ ဆွေမျိုးသားချင်း အချို့ လာရောက် ကန်တော့ထားသော အထုပ်တွေထဲမှ ဖြစ်သည်။ ပြီးတော့ ဆိုင်သောက်နှင့် အထုပ်ကို အလှည့်ပေးခြင်းဖြစ်သည်။ ဆိုင်သောက် ဆိုတာက မိမိ စိတ်ကြိုက် မှာလို့ရသည်။ ကျွန်တော်က အချိုပေါ့ပေါ့ ခါးခါး မှာနေကျဖြစ်သည်။ အထုပ်ကျတော့ စိတ်ကြိုက် ရွေးချယ်ခွင့်မရပေ။ သူ့အတိုင်း စီမံရာကိုသောက်ရသည်။ ကျွန်တော်သောက်သော၊ ကြိုက်သော 'ချိုပေါ့ကျ' သည် ကျန်းမာရေးအတွက် ကောင်းသလား၊ မကောင်းဘူးလား မသိပေ။ ထို့အတူ တီးမစ်၊ ကော်ဖီမစ်ကကော ကျန်းမာရေးအတွက် ကောင်းသလား၊ မကောင်းဘူးလား ကျွန်တော်မသိပေ။ ထို့ကြောင့် တစ်လှည့်စီ သောက်တာ အန္တရာယ်ကင်းသည်ဟု ထင်သည်။ သည်မျှ သောက်သုံးနေမှတော့ မကောင်းတတ်တာကို သိသဖြင့်လည်း ရသေ့စိတ်ဖြေ လုပ်တာဖြစ်ကောင်းဖြစ်ပါမည်။ ပြီးတော့ လက်ဖက်ရည်ဖိုးလည်း တွက်ခြေကိုက်သည်။ နောက်ပြီး အထုပ်ကိုယ်စီဖြင့် လာရောက်ကန်တော့ကြသော ဒါနရှင်များ အတွက်လည်း ပါရမီဖြည့်ရာ ရောက်သည်။
ထိုမျှနှင့် မပြီးချေ။ ကျွန်တော်သည် ညနေစောင်း ငါးနာရီခွဲ ခြောက်နာရီမှာ ရွှေကြေးစည်သို့ တစ်ခေါက် သွားပြန်ပါသည်။ ထိုတစ်ကြိမ်မှာတော့ ဆိုင်သောက်လည်း မဟုတ်၊ အိမ်က အထုပ်လည်း မဟုတ်တော့ပေ။


အိမ်သောက် အိမ်ဖျော်ဟု ခေါ်မလားမသိ။ ကျွန်တော့်တူ 'မောင်ရွှေမိုး' သောက်သော လက်ဖက်ရည်ကို မျှဝေသောက်သုံးခြင်း ဖြစ်သည်။ 'ရွှေမိုး'က ကိုရူပသား အလတ်ကောင် ဖြစ်သည်။ သူက အနုပညာ ၀ါသနာပါသည်။ သူဝါသနာပါတာကလည်း 'ဒါရိုက်တာ' နှင့် 'ကဗျာ' အလုပ် ဖြစ်သည်။ ညနေ ထိုအချိန် ကိုက်ပြီး ကျွန်တော် ရောက်သွားလျှင် သူ့အတွက် ဖန်မတ်ခွက်နှင့် အပြည့်လက်ဖက်ရည် ပျော်ပြီးသား တွေ့ရသည်။ သူ့ဆိုင်ထဲမှာပဲ သူ့စိတ်ကြိုက် ဖျော်ပေးထားခြင်းပင်။ ဒါကို ကျွန်တော်က တစ်ဝက် ယူပြီး သောက်ရင်း သူနှင့် ကဗျာအကြောင်း၊ ရုပ်ရှင်အကြောင်း စကားပြောသည်။ သူကလည်း ကျေနပ်သည်။ ကျွန်တော့်မှာလည်း လက်ဖက်ရည် တစ်ခွက်ဖိုး သက်သာသွားသည်။ သူ့လက်ဖက်ရည်က တော်တော်ကောင်းသည်။ 'ရှယ်'ကဲ့သို့လည်း ပျစ်ချွဲချွဲမနေ။ ကျွန်တော်သောက်သုံးသော 'ရိုးရိုး'ကဲ့သို့လည်း ကျဲတဲတဲ မနေ။ ဆိုကြပါစို့။ အိမ်သောက် အနေတော်ဖြစ်သည်။ နောင်သော်'ရွှေမိုး'သည် သူသောက်လက်စကို ခွဲပြီး မတိုက်တော့ဘဲ ကျွန်တော်ရောက်လျှင် နှစ်ခွက်အဖျော်ခိုင်းပြီး ကျွန်တော့်ကို တစ်ခွက် ဒါနပြုပါသည်။ လက်ဖက်ရည်တစ်ခွက်ဖိုး သက်သာသည်မှာ ပဓာနမဟုတ်ပေ။ တူတော်မောင်၏ စေတနာက အဓိက ကျသွားတော့သည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်၏ အတွင်းစိတ်မှာမူ လက်ဖက်ရည်တစ်ခွက်ဖိုး သက်သာသွားတာကို ကျေနပ်မိသည်တော့ အမှန်ပင်။
ကျွန်တော့်မှာ နောက်ထပ် အကျင့်တစ်ခု ရှိသေးပြန်သည်။ နံနက်စောစော လက်ဖက်ရည်သောက်ရင်း ဆေးပေါ့လိပ် ငါးဆယ်ဖိုးဝယ်သည်။ ထိုဆေးပေါ့လိပ်ငါးလိပ်က နေ့တစ်ဝက်ခံသည်။ ထို့ကြောင့် နေ့လယ်ပိုင်း နောက်တစ်ကြိမ် လက်ဖက်ရည်ဆိုင် ထိုင်သောအခါ နောက်ထပ် ငါးဆယ်ဖိုး ငါးလိပ်ဝယ်ပြန်သည်။ ဒါလည်း ပုံမှန် ဖြစ်သွားပါသည်။ ဆေးပေါ့လိပ် တစ်နေ့ နှစ်ကြိမ် ၀ယ်ဖြစ်သည် ဆိုပါစို့။ သို့သော် ညနေပိုင်း 'ရွှေမိုး' နှင့်အတူ သောက်သောအခါတွင် ဆေးလိပ် ထပ်မ၀ယ်ဖြစ်သော်လည်း သူ့ဆီက ဆေးပေါ့လိပ် တစ်လိပ်တော့ အပိုအလိုလို လှမ်းယူပြီးသား ဖြစ်သွားတော့၏။ ကြာသော် ထိုအကျင့်သည် သီလတစ်ပါးလို ဖြစ်ပြီး ပုံမှန် ယူယူသောက်နေမိတော့၏။ ထို့အတွက် ကုန်ကျငွေ တစ်ဆယ် သက်သာသွားတာကိုလည်း ကျေနပ်နေမိတော့သည်။ ထို့ကြောင့် ကျွန်တော်သည် ညနေစောင်းလျှင် 'ကိုရူပ'ဆိုင်မှ လက်ဖက်ရည်တစ်ခွက်နှင့် ဆေးပေါ့လိပ် တစ်လိပ် အလကား သောက်ဖြစ်နေပါတော့သည်။ သူရို့ဘက်က ဒါနမြောက်သလို ကျွန်တော့်ဘက်ကလည်း အလှူခံကောင်း တစ်ယောက် ဖြစ်သွားပါသည်။
ဤသို့ နေလာရင်းနှင့် တစ်နေ့တွင် မှတ်မှတ်ထင်ထင် တစ်ခုကြုံပါသည်။ သောက်စားနေစဉ်နှင့်တူပါသည်။ သတိရမိသေး၏။ ကျွန်တော် သောက်တော့လည်း အနီးအနားဆိုင်းလမ်းလျှောက်သွားပြီး မော့တာမို့ အပြန်တွင် ထို့ကဲ့သို့ပင် ကိုရူပဆိုင်မှာ ဒယိမ်းဒယိုင်ဖြစ်နေကျ။ ထို့ကြောင့် ထိုသူ့ကို မြင်သောအခါ ချက်ချင်း ဂရုစိုက်မိသွားခြင်းဖြစ်၏။ ဟုတ်လည်းဟုတ်ပါရဲ့။ အသားဖြူတာ ညိုတာသာ ကွာသည်။ ကျွန်တော်နှင့် အတော်ဆင်သည်။
နောက်မှ သိရတာက ထိုသူမှာ အမူးသမား မဟုတ်ပေ။ အရူးသမားသာ ခေါ်ရမလို ဖြစ်၏။ သူသည် စိတ်မနှံ့သူတစ်ယောက်ပါတဲ့။ ထို့ကြောင့် မရိတ်မသင် မချိုးမပိုး လျှောက်သွားနေဖြင်း ဖြစ်၏။ အမူးသမားကဲ့သို့ ယိုင်ထိုးနေရတာက ခြေထောက် မသန်သောကြောင့် ဖြစ်ကြောင်း သူ့ရော်ဘာဖိနပ်ကို ခြေခုံနှင့် သားရေကွင်း သိုင်းထားတာတွေ့မှ သိရပါသည်။
ထိုသို့ ဂရုစိုက်မိခါမှ ကျွန်တော့်မှာ မထိတ်သာ မလန့်သာ ဖြစ်ရတော့သည်။ အကြောင်းကား သူသည် စိတ်မနှံ့သောကြောင့် လက်ဖက်ရည်ဖိုးကို တသမတ်တည်း ပေးနေပါသည်။ ဈေးတက်တာတွေ လာတွေ သူမသိချေ...။ လက်ထဲ ပါလာသော ငါးဆယ်တန်ကို ကိုရူပအား လှမ်းပေးပြီး နီးရာ ခုံလွတ်တွင် ၀င်ထိုင်၏။ ရေနွေးကြမ်း တစ်ဝသောက်ပါသည်။ လက်ဖက်ရည်ကိုမူ ပါဆယ်ယူပါသည်။ သူက 'ချိုပေါ့ကျ'ဟု အော်တတ်သေးရာ ကျွန်တော့်မှာ ကျောတွန့်တွန့်သွားပါသည်။ ကိုရူပကလည်း သူ့ကျတော့ ကိုယ်တိုင် ထဖျော်ပေးပါသည်။ ဒါနမြောက်အောင် လုပ်ခြင်းဖြစ်ဟန်တူ၏။ ကျကျနနဖျော်၊ ပလတ်စတစ် လက်ဆွဲအိတ်နှင့် ထည့်ပေးပါသည်။ ထူခြားတာက ထိုပုဂ္ဂိုလ်သည် အပြန်တွင် လက်ဖက်ရည်အိတ်ကို တစ်ဖက်က ဆွဲရင်းအခြားဖက်ဖြင့် ဆေးလိပ်ဗန်းထဲမှ ဆေးပေါ့လိပ် တစ်လိပ်ကို ဆတ်ခနဲ အဆစ်ယူသွားခြင်း ဖြစ်၏။ ဟိုက်.....။ ကျွန်တောနှင့် အတော်တူနေပါပေါ့လား။
ရုပ်ရည်နှင့် ဟန်ပန်သာမက လက်ဖက်ရည်ဖိုး သက်သာခိုသည့်အပြင် ဆေးပေါ့လိပ် အဆစ်ယူသွားတာပါ သွားပြီး တူနေပါပေါ့လား။ ဒါသည် တစ်ခါတစ်ရံလားဆိုတော့ မဟုတ်ပေ။ ကျွန်တော် ညနေဆိုင် ရွှေမိုးထံ လက်ဖက်ရည် ကပ်သောက်တိုင်းကြုံရခြင်း ဖြစ်၏။ ထိုအခါ ကျွန်တော် နည်းနည်း ရှက်လာပါတော့သည်။ ထို့ကြောင့် အရှက်ပြေ သဘောမျိုး ကျွန်တော်က ပြောယူရ၏။ ကိုရူပ သမီးငယ် 'မျက်ခြယ်' ကိုပြောခြင်း ဖြစ်၏။
'သမီးလေး... ဘဘနဲ့ အဲဒီ အရူးကြီး တူနေပြီနော်'
ထိုအခါ ကလေးမက အားနာစွာ ပြုံးပြီး 'မနှိုင်းကောင်း နှိုင်းကောင်း ဘဘရယ်'ဟု ပြန်ပြောလေသည်။
မည်သို့ပင်ရှိစေ၊ အရပ်အမောင်းရော၊ ဟန်ပန်ရော၊ အကျင့်သီလပါ သွားတူနေပြီဟု ခံစားရသဖြင့် နောက်နောင်ရွှေမိုးထံမှ လက်ဖက်ရည် တစ်ဝက် ယူသောက်ရန် ဆင်ခြင်မှပဲဟု ဆုံးဖြစ်မိပါသေးသည်။ 'မိပါသေးသည်' ဟုပြောရတာက ခဏပဲ ဆုံးဖြတ်ပြီး နောက်ပိုင်းကျတော့ 'နေမြဲ' ဖြစ်သွားသောကြောင့်ပင်။ ကျွန်တော်သည် တစ်ရက် နှစ်ရက် စောင့်စည်းလိုက်သော်လည်း အချိန်တန်တော့ ကိုရွှေမိုးထံ လက်ဖက်ရည် အလကားသောက်ရန် ညနေတိုင်း ရောက်ရပြန်ပါရော။ ပြီးတော့ ဆေးပေါ့လိပ် အဆစ်တစ်လိပ် ယူသောက်မိပြန်ရော။ သည်လိုနှင့် ကျွန်တော်နှင့်ထိုပုဂ္ဂိုလ်သည် ညနေတိုင်းလိုလို ဆုံစည်းနေပါတော့သည်။
ဖြစ်ချင်တော့ တစ်နေ့တွင် ထိုလိုပဲ စိတ်မနှံ့သူတစ်ယောက် ရောက်ချလာပြန်ပါသည်။ သူကတော့ မိန်းမ ဖြစ်သည်။ ထုံးစံအတိုင်း အင်္ကျီထဘီ အစုတ်အပြတ်နှင့်ပင်။ သူကတော့ ၀င်လာတာနှင့် ရေနွေးကြမ်း ထိုင်သောက်တော့၏။ ထိုင်ခုံပုပေါ်မှာတော့ မထိုင်ပေ။ သမံတလင်းပေါ် ဆောင့်ညောင့်ထိုင်ပါသည်။ ကြည့်ရတာ သူလည်း အခမဲ့ ဖောက်သည်ပဲ ဖြစ်ပုံရပါသည်။ အကြောင်းမှ ကိုရူပက သူလာလျှင် လှမ်းပြီး နောက်ပြောင်၍ ကိုယ်တိုင်ထပြီး လက်ဖက်ရည်ဖျော်သောကြောင့် ဖြစ်၏။ သူ့အတွက်လည်း ပါဆယ် တစ်ထုပ်...။ အဲ... သူကလည်း အလာကြီးပင်။ 'ချိုပေါ့ကျနော်'တဲ့။ ကျွန်တော့်မှာ ကျောချမ်းရပြန်ပါပြီ။ ဘယ်နှယ့် အရူး နှစ်ယောက်လည်း 'ချိုပေါ့ကျ'၊ ကျွန်တော်လည်း 'ချိုပေါ့ကျ'။ တူပဲတူနိုင်လွန်း။ သို့သော် ကံကောင်းတာမှာ၊ သူကတော့ ဆေးပေါ့လိပ် ဆစ်လိပ် အဆစ်မဆွဲခြင်းဖြစ်၏။ သို့သော် 'မုန့်တစ်ခု' အဆစ်ရသည်။ သူက ယူတာမဟုတ်။ ကိုင်ကြည့်ရုံကြည့်တာ။ အထာပေါက်သော ကိုရူပက အီကြာကွေး၊ စမူဆာ စသော လက်ကျန်မုန့်တစ်ခုကို ပေးလိုက်သည်သာ။ နောင်သော် ညနေ ငါးနာရီခွဲ ခြောက်နာရီ ဆိုင်ပိတ်ချိန်နီးလာလျှင် ကျွန်တော်ရယ်၊ စိတ်မနှံ့သူ ထိုနှစ်ဦးရယ် မကြာခဏ ဆုံစည်းနေကြတော့၏။
မနေ့ကတော့ ထုံးစံအတိုင်း အရူးမရောက်လာသည်။ ကျုံ့ကျုံ့လေးထိုင်ရင်း 'ချိုပေါ့ကျနော်'ဟု လှမ်းမှာသည်။ ပြီးတော့မုန့်ပန်းကန်ထဲက မုန့်တွေကို တစ်ခုချင်း ရွေးကြည့်နေသည်။ ကိုရူပက ဒါကိုမြင်တော့ 'ယူမှာဖြင့် တစ်မျိုးယူ။ လျှောက်ကိုင်ကြည့်မနေနဲ့' ပြောတော့ ဆတ်ခနဲ တစ်လုံး ပြန်ပြောသည်။
'ဘာတာကိတ် မရှိဘူးလား'တဲ့။
ကျွန်တော်တို့ ပွဲကျသွားပါသည်။ ဆိုင်မှ သူငယ်လေးက...
'ဘာတာကိတ်တော့ မရှိဘူး။ ချီးကိတ်ပဲ ရှိတယ်' ဟုပြောရာ သူက မျက်စောင်းမထိုးပေ။ လေးလေးပင်ပင်ကြီးသက်ပြင်းချရင်း....
'ငါ့အတွက် အဟုတ်ပါဘူးဟယ်။ အိမ်က သားလေးအတွက်ပါ'ဟု ပြောရှာသည်...။ ကျွန်တော်တို့လည်း စိတ်မကောင်းဖြစ်သွားပါသည်။ အရူးပေမည့် သားသမီးဇွဲတော့ အကြီးသားဟု။ သြော်... မိဘမေတ္တာများ ပြောပါတယ်။ နောက်တော့ ကိုရူပ ကမ်းပေးသော လက်ဖက်ရည်ထုပ်ကလေး ဆွဲပြီး ဆိုင်ထဲမှ ထွက်သွားပါသည်။ 'မုန့်မယူတော့ဘူးလား'နောက်က လှမ်းမေးရာ လက်ခါပြပါသည်။ ကျွန်တော်လည်း ကိုင်းကိုင်းကိုင်းကိုင်း ထွက်သွားသော အရူးမ၏ ကျောပြင်ကို ငေးကြည့်နေပါသည်။ ဓာတ်တိုင်တစ်တိုင်လောက် အရောက်တွင် ဘာစိတ်ကူးပေါက်သည်မသိ။ တုန့်ခနဲ့ ပြန်လှည့်လာပါသည်။ မပြောမဆိုနှင့်ပင် အီကြာကွေး တစ်ချောင်း လှမ်းဆွဲလိုက်ပါသည်။ 'စောစောက ပေးတော့ မယူဘူး။ ဘာတာကိတ်လေး ဘာလေးနဲ့'ဟု ဆိုင်လုလင်က ပြောသောအခါ...
'ငါ့ကိုတာတော့ အဆုံးမခံနိုင်ဘူးဟေ့' ဟု ပက်ခနဲ ပြောပြီး ထွက်သွားပါတော့သည်။ ဒါလည်း ဟုတ်သားပဲ။ ဒါသည် သူ၏ ရပိုင်ခွင့်ကိုး...။
ထိုတွင်မှ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်လည်း ခံတွင်းချဉ်တင်တင် ရှိသည်မို့ ဆေးပေါ့လိပ် တစ်လိပ် လှမ်းနှိုက်မိပါသည်။ နောက်မှ ...'ဟာ.. ငါ့နှယ်... မဟုတ်သေးပါဘူး'ဟု တွေးမိပြီး ဆေးပေါ့လိပ်ကို ပြန်ထည့်ရင်း ပြုံးလိုက်ပါတော့သည်။ ။

Read more...

မပြောတတ်ဘူး ဟုတ်ချင်တော့လည်း ဟုတ်မယ်

>> Thursday, September 6, 2007

မပြောတတ်ဘူး ဟုတ်ချင်တော့လည်း ဟုတ်မယ်
မြင့်သန်း
စတိုင်သစ်၊ ဧပြီ၊ ၂၀၀၂။

ဘယ်လိုက ဘယ်လိုရယ်တော့ မသိဘူး။ သူကြီးတူ မောင်မူရယ်၊ တောင်ရွာက မောင်တာရယ်၊ ယုန်လိုက်သွားရာက ဖွတ်ကြီးတစ်ကောင်မိတာကစတယ်ပဲ ပြောရတော့မယ်။ ဒီဖက်မှာကတော့ ဖွတ်တို့၊ ပဒတ်တို့ရရင် "မီးဖုတ်၊ အရေဆုတ်၊ ကျုပ်တို့၊ အဟုတ်ဗျို့၊ တုတ်စို့" လို့တောင် ပြောကြတာမျိုးကိုး။ စပ်လို့ ပြောလိုက်ရဦးမယ်။ ဒါကို မြို့က ပြောင်းလာတဲ့ မူလတန်းကျောင်းအုပ်ဆရာ ကိုမြ၀င်းကများဆိုရင် သေသေချာချာ ရေးမှတ်တယ်။ ဒါတောက ဟိုက္ကူဆိုသလားပဲ။ ဒီက လူတွေကတော့ ဘယ်သိမှာတုန်း။ ဟိုက္ကူဆိုတာနဲ့ အနီးစပ်ဆုံးက တာလမ်းဟိုဘက်ခြမ်းမှာနေတဲ့ ဟုတ်ကြည်ဆိုတာပဲ သိတယ်။ ဟုတ်ကြည်က အရင်က လော်လီမောင်းတယ်။ ခုတော့ မြို့ဘက်ပြောင်းသွားပြီ။ ထားတော့၊ ဒီကိစ္စ။


သင်းတို့နှစ်ကောင် အပြောအရတော့၊ ဖွတ်ကြီးကို တစ်ကောင်ကောင်က ကိုက်ထားပုံရတယ်တဲ့။ နာနေသတဲ့။ ဒီတော့ သူတို့နှစ်ယောက်က မပစ်ရက်တော့ဘူး။ ဖွတ်ကြီးက သူတို့ကို အသနားခံသလိုမျိုးနဲ့ ကြည့်တယ်ဆိုပဲ။ ဒီတော့လည်း သူတို့နှစ်ယောက်က အသာဖမ်းလာပြီး မောင်တာက သူ့အိမ်နောက်ဘက်မှာ ထားတယ်။ ဒဏ်ရာတွေဘာတွေကို ဆနွင်းကလေးနဲ့ သွေးဆေးမှုန့်ကလေး ရောပြီး သိပ်ပေးရာက၊ ခုတော့ ဖွတ်ကြီးကြည့်ရတာ အတော်နေသာထိုင်သာ ရှိလာပုံရတယ်။ လူတွေကတော့ ဖွတ်နာကြီး၊ ဖွတ်နာကြီးလို့ ပြောကြတယ်။ သူကြီးတူ မောင်မူတို့၊ တောင်ရွာက မောင်တာတို့ရှေ့တော့ ဘယ်ခေါ်ရဲမှာတုန်း၊ နားရင်း ရိုက်သွားမှာ။
တချို့ လူကြီးတွေကတော့ အစက ရွာနာတယ်၊ ဘာဘာညာညာပြောကြတယ်။ ရှေ့တင် ပြောတာတော့ မဟုတ်ဘူး။ တစ်နေ့တော့ ဘယ်ကဘယ်လို ကြားသွားတယ် မသိဘူး။ စာသင်တိုက်က ဥပုသ်ဇရပ်မှာ လူကြီးတချို့ ထိုင်ပြီး စကားပြောနေကြတုန်း မောင်မူက ဇရပ်ဘေးလာပြီး၊ "ခင်ဗျားတို့တွေ၊ ဘုရားစကား၊ တရားစကားပြောကြဖို့ ကောင်းတဲ့ အရွယ်တွေ ရောက်နေကြပြီ။ တောပြောတောင်ပြောတွေ ပြောမနေကြနဲ့။ အလုပ်မရှိရင်၊ ငါဘယ်တော့များ သေပါ့မလဲသာ စဉ်းစားကြ။ ခင်ဗျားတို့က သေမယ်လို့ ထိုင်စောင့်နေကြတာ မဟုတ်လား"လို့ ပြောသွားတယ်။ အဲဒီကစလို့ လူကြီးတွေလည်း ဖွတ်ကြီးအကြောင်း သိပ်မပြောကြတော့ဘူး။ မောင်မူကို ကြောက်လို့ရယ်တော့ ဟုတ်ပုံမရဘူး၊ သူတို့ဖာသာ မောင်မူ့စကားကို ပြန်တွေးကြည့်တော့ ဟုတ်သားကလားလို့ မြင်လိုက်ကြလို့ပဲ ဖြစ်မယ်။
ရွာနာတယ်ဆိုတာကလည်း မဖြစ်လောက်ဘူး။ တောင်ရွာက မောင်တာက တောင်ရွာရဲ့ တောင်ဖျားမှာနေတာ။ တကယ်တော့ တောင်ရွာတစ်ခုလုံးကိုက သူတို့ ဘိုးဘွားလက်ထက်ကတည်းက မြေတွေ။ ဒီတစ်ကြောမှာ တောင်ရွာက အစစအရာရာ အတော်ကို အဆင်ပြေတဲ့ရွာ။ တစ်ရွာလုံးလည်း ဆွေတွေမျိုးတွေလိုချည်းမို့၊ မောင်တာကြီး အိမ်နောက်မှာ ဖွတ်ကြီးထားတာကို ဘယ်သူကမှ မပြောကြပါဘူး။ ဟိုနား၊ ဒီနားက တောပြောတောင်ပြော ပြောပေတဲ့၊ ဘယ်သူကမှ သူတို့နှစ်ယောက်ကို ကဏ္ဍကောစ မလုပ်ရဲကြဘူး။ သူတို့နဲ့လည်း မကင်းနိုင်ကြဘူးကိုး။ ဒိပြင် သင်းတို့က တူတယ်။ ဘာဖြစ်ဖြစ် မဟုတ်မခံကောင်မျိုးတွေ။ ဘယ်သူ့မှလည်း သိပ်ဂရုစိုက်တာမဟုတ်ဘူး။ တစ်ခါတစ်ခါ ကာလသားခေါင်း အချင်းချင်း ဂျင်ကလယ်ကိစ္စလောက်နဲ့ စကားအူပေါက်ပြောရင်း အချင်းများကြရင်၊ နှစ်ဖက်စလုံးခေါ်ပြီး ကြိမ်းပစ်တာ။ သင်းတို့ စိတ်တိုနေတာနဲ့များ တိုးရင်တော့ ထပြီး နားရင်းရိုက်တော့တာ။ ပြီးမှ သောင်းရင်တို့ တဲခေါ်ပြီး ထန်းရည်တိုက်ရင်း နှစ်ဘက်စလုံးကို သင့်မြတ်ဖို့ ပြောတတ်တယ်။
ဖွတ်ကြီးအကြောင်းဆက်ရရင်တော့ မောင်တာက ဖွတ်ကြီးကို နွားတဲဘေးမှာ ၀င်းတစ်ခုနဲ့ထားတာ။ အစကတော့ ဖွတ်ကြီးများ မြေတူးပြီးထွက်သွားမလားလို့ ပူကြတယ်။ ဖွတ်ကြီးက ဒဏ်ရာတွေဘာတွေ ကျက်သွားလို့ ပုံမှန်ဖြစ်သွားပေတဲ့ ထွက်ပြုပြေးမယ့်ပုံ မပေါ်ဘူး။ မောင်မူတို့ မောင်တာတို့ကလည်း အရပ်ထုံးစံအတိုင်း မီးဖုတ်၊ အရေဆုတ် လုပ်မယ့်ပုံမပေါ်ဘူး။ ဒါတင်ဘာဟုတ်သေးလဲ။ ခုဆို နွားစာကျွေးတဲ့ ပေါက်ချွန်းက နွားစာကျွေးပြီးတာနဲ့ ဖွတ်ကြီးကို အချိန်မှန် အစာကျွေးရသတဲ့။ ဖွတ်ကြီးကလည်း အခု၊ အချိန်မှန် အစာမျှော်ဆိုပဲ။ ဖွတ်ကြီးကို ဘာကျွေးမှန်းတော့မသိဘူး။ ဖွတ်ကြီးက တော်တော် အကောင်ကြီးလာတယ်။ တစ်နေ့တော့ ပေါက်ချွန်းက ဖွတ်ကြီးထားတဲ့ ၀င်းထဲ ကြက်တစ်ကောင် ချကြည့်တယ်တဲ့။ ဖွတ်ကြီးများ လိုက်မလားလို့။ ဒါပေတဲ့ ဖွတ်ကြီးက လှုပ်တောင်မလှုပ်ဘူးဆိုပဲ။ အဲဒါကို ပေါက်ချွန်းက သူ့ဆရာကို ပြောပြတော့ သူ့ဆရာ မောင်တာက "ဖွတ်ကြီးက မင့်လိုမဟုတ်ဘူး။ သူတော်ကောင်းကြီးကွ"လို့ ပြောသတဲ့။ ပြောတုန်းကတော့၊ ရီစရာ နောက်စရာ ဖြစ်မှာပါ။ ဒါပေတဲ့၊ ပေါက်ချွန်းဆီကနေ အရပ်ထဲရောက်တော့၊ ကားသွားပုံရတယ်။ ခုတော့ မောင်မူတို့၊ မောင်တာတို့ ဖွတ်ကြီးက ဖွတ်သူတော်ကောင်းလို့ ဖြစ်နေတယ်။
ပြောမယ်ဆိုရင်လည်း ပြောစရာဖြစ်လာတဲ့ အကြောင်းတွေက ပေါ်လာပြန်တယ်။ ဖွတ်ကြီး မောင်တာ့အိမ်ရောက်ပြီး နှစ်လလောက်အကြာမှာ မောင်မူနဲ့ မောင်တာက အောင်ဘာလေမှာ ငါးရာပေါက်တယ်။ ဖြစ်တာကဒီလို။ မြို့မှာ မြေခွန်သွားထမ်းပြီး ပြန်အလာ၊ တံတားထိပ်က ကားဆိပ်မှာ ကားစောင့်ရင်း မောင်မူတို့က အာ့စိန်ဆိုင်နောက်ဘက်မှာ၊ တစ်ပက်နှစ်ပက် ၀င်နှိပ်ကြသတဲ့။ အဲဒီမှာ ခွက်ပုန်းလာဆော်တဲ့ ဦးလေးဘတင်နဲ့ တွေတယ်ဆိုပဲ။ ဦးလေးဘတင်က ဘိုင်စကယ်နဲ့လှည့်ပြီး ထီလက်မှတ်ရောင်းတယ်။ ဦးလေးဘတင်က ဒီနှစ်ကောင်ကို ငါ့မှာ ထီလက်မှတ်တစ်စောင်ကျန်နေတယ်။ ငါဖြတ်ပိုင်းပြန်ပို့တော့မှာမို့ ပေးချင်သလောက်ပေးလို့ ပြောသတဲ့။ ဒီတော့ မောင်မူတို့နှစ်ယောက်သား အိပ်ထောင်ထဲမှာ ရှိသမျှ အကြွေတွေ ထုတ်ရေကြည့်တော့ နှစ်ကျပ်မတ်တင်းလား၊ တစ်ကျပ်ပြားရှစ်ဆယ်ဆိုလားပဲ ရှိသတဲ့။ ဦးလေးဘတင်က ရှိတာသာပေးကွာ။ ကျန်တာပေါက်မှ ပေးလို့တောင် ရယ်စရာပြောသေးဆိုပဲ။ ပြီးတော့ အတိတ်ရေးလကွာလို့ ပြောသတဲ့။
ဒီတော့ မောင်တာက အတိတ်အဖြစ်နဲ့ "ဖွတ်ကူသံ သောသောညံစေ"လို့ ရေးသတဲ့။ အဲဒီတုန်းကတောင် မောင်မူက "မင့်ဟာက ဘာတုန်း"လို့ မေးသေးတယ်ဆိုပဲ။ "မင်းမကြားဖူးဘူးလား၊ ဖွတ်ကူသံကြားရင် ကမ္ဘာရာဇ၀င်ကြီးဆိုလား၊ သမိုင်းကြီးဆိုလား ပြီးသွားတယ်လို့ဆိုတာ"လို့ မောင်တာက ဖြေတယ်။ မောင်မူကတော့ သိပ်မကျေနပ်ဘူး။ ဒီတော့ ခုလိုပြောပြန်တယ်။
"ဖွတ်က ကူရတယ်လို့ ငါမကြားဖူးပေါင်ကွာ။ ဂျိုးတို့ ဘာတို့သာ ကူတယ်ကြားဖူးတယ်။ မင်းဟာက မတော်မတဲ့။ မိုးကြိုးတွေ ဘာတွေ ပစ်နေပါဦးမယ်"
"ဟကောင်၊ မောင်မူ။ ဒွေးကြီးကျော်လင်းပြောတာ မင်းမကြားဖူးဘူးလား။ ဂျပန်ပြည်ကို အနုမြူဗုံးဆိုတာ မကြဲခင်က တောင်ပေါ်က ဖွတ်ကြီးတစ်ကောင် ကူသတဲ့။ နောက်တော့ ဂျပန်ပြည်ကြီးမှာ ဗုံးကျရော။ သမိုင်းဆိုတာကြီးတစ်ခုလည်း ရပ်သွားရောတဲ့။ ဂျပန်တွေ ဖွတ်ကူတဲ့တောင်ကိုတောင် ခုထိ အထိမ်းအမှတ် လုပ်ထားသေးဆိုပဲ။ သင်းတို့က တောင်ကို ယာမလို့ခေါ်တယ် ဆိုကလားပဲ။ ဒီတော့ အခုဆို ဖွတ်ကူယာမဆိုပြီး အဲဒီဟာကြီးက နာမည်ကြီးနေသတဲ့။ မင်းကတော့ ခက်တယ်။ ဘာမှ အကြားအမြင် မရှိတဲ့ကောင်"လို့ ပြောပြီး၊ မောင်တာက မောင်မူ့ကိုတောင် မာန်သေးတာ။ ဒီတော့ မောင်မူက
"မင်းဟာမင်း ဖွတ်ကူယာမဖြစ်ဖြစ်၊ သမိုင်းကြီးပဲ ပြီးသွား၊ ပြီးသွား၊ ငါ့သောက်လုပ်မဟုတ်ဘူး။ ထီပေါက်မယ် ဆိုလို့ကတော့ မင့်နှမ မြစိန် နာမည်ပဲရေးရေး၊ ပေါက်ရင်ပြီးတာပဲ"လို့ ပြန်ပြောတယ်။
သင်းတို့နှစ်ကောင် ထီပေါက်တဲ့ ဇာတ်လမ်းကတော့ အဲဒါပဲ။ အဲဒီလို ထီပေါက်သွားတော့ ဖွတ်ကြီးက သူတော်ကောင်းကြီးလို့ သတင်းဖြစ်နေရာက ဖွတ်ကြီးက လာဘ်သပ္ပကာ ရွှင်တယ်ဖြစ်ပြန်ကရော။ အဲဒီလို သတင်းဖြစ်နေတာကို ထောက်ခံဖို့အကြောင်းက ပေါ်လာပြန်သေးတယ်။ ဖြစ်ပုံက ဒီလို။ ဒီဘက်တစ်ကြောမှာ ဖဲရိုက်စားနေတဲ့ စံပဆိုတဲ့ အကောင်တစ်ကောင်ရှိတယ်။ သူက မြောက်ရွာက။ စံပက ဖဲရိုက်တယ်ဆိုတော့ ဖဲသမားလို့ နာမည်ပျက်နေပေတဲ့၊ ဖဲရိုက်တာကလွဲလို့ ဘာမှတော့ မတော်မတရား မလုပ်ရှာဘူး။ တစ်နေ့တော့ မောင်တာကြီးက ဖွတ်ကြီးကို အစာကျွေးနေတုန်း စံပရောက်လာပြီး မောင်တာ့ကို ပြောတယ်။ "အစ်ကိုရယ် ညောင်ကန်ဘက် အသုဘမှာ ဒီည ၀ိုင်းကောင်းမယ်ဆိုလို့ ကျွန်တော်သွားမယ်လို့။ အဲဒါ အစ်ကို့ဖွတ်ကြီးနဖူးကို ကျွန်တော့် ပိုက်ဆံတစ်ရွက်နဲ့ ပွတ်သွားပါရစေ။ ကက်ကင်းသဘောပေါ့ အစ်ကိုရယ်"လို့ ပြောသတဲ့။ ဒီတော့ မောင်တာက "ပွတ်ချင်ပွတ်လေကွာ။ မင်းဖာသာ ကက်ကင်းဓာတ်ယူတာ ငါမသိဘူး။ ရှုံးရင်တော့ ဖွတ်ကြီးကြောင့် မဟုတ်ဘူး။ နိုင်ရင်တော့ ငါ့ဖို့ တစ်လုံး"လို့ ရယ်ရင်းပြောတယ်။ ဒီတာ့ စံပက သူ့လက်ထဲက ပိုက်ဆံတစ်ထပ်နဲ့ ဖွတ်ကြီးနဖူးကို ပွတ်သွားသတဲ့။
လိုရင်းပြောရရင်တော့၊ နောက်တစ်နေ့ မွန်းမလွဲသေးခင်၊ စံပတစ်ယောက် မန္တလေးရမ်တစ်လုံးနဲ့ မောင်တာ့ဆီရောက်လာတယ်။ လက်ထိပ်လက်အောက် ရှောင်ရရုံ မဟုတ်ဘူး။ ၀ိုင်းလုံးကျွတ်အောင် နိုင်လာတာတဲ့။ ဒီတော့ မောင်တာ့ကို ရမ်တစ်လုံးပေးရင်း၊ အစ်ကိုတို့အားတဲ့နေ့ ကျွန်တော် တံတားထိပ်က အာ့စိန်ကြီးဆိုင်မှာ ကျွေးဦးမယ်လို့တောင် ပြောတယ်။ အဲဒီကတည်းကစပြီး ဖွတ်ကြီးက သမိုင်းသစ်တွေ တွင်စရာဖြစ်လာတယ်။ ဒိပြင် သူကြီးတူ မောင်မူနဲ့ တောင်ရွာက မောင်တာတို့ နှစ်ယောက်သားဟာ၊ နာမည်တစ်လုံးတိုးလာတယ်။ ဖွတ်ကြီးရဲ့ ဖက်စပ်ပိုင်ရှင်တွေ ဖြစ်လာကြတယ်။ ဖွတ်ကြီးလည်း ပိုပြီး ထင်ထင်ရှားရှားဖြစ်လာတယ်။ ရွာနီးချုပ်စပ်က လူတွေတောင် လမ်းကြုံတဲ့အခါ ၀င်ကြည့်ကြရတယ်။ တချို့က အသာထိကြည့် တို့ကြည့်ကြတယ်။ ကံကောင်းတယ်၊ လာဘ်သပ္ပကာရွှင်တယ်လို့ ဆိုကြတာကိုး။ ဘာပဲပြောပြော၊ အဲဒီတစ်ကြောက လူတွေမှာ "ဖွတ်"နဲ့ ပတ်သက်လို့ အမြင်အသိပြောင်းသွားတယ်။ ဖွတ်ဆိုတာ မွဲတတ်တယ်ဆိုတဲ့နေရာမှာ၊ ဖွတ်ဆိုတာ အကျိုးပေးတယ် ဖြစ်လာကြတယ်။ အရင်က ဖွတ်ကြီးမြင်ရင် မျက်စပ်အထက်အောက် ခြေမှုန့်သုတ်တတ်တဲ့ ဈေးသည်မတွေတောင်၊ ဈေးသွားဈေးပြန်ဝင်ပြီး ဖွတ်ကြီးကို ကြည့်ကြရတယ်။
တစ်နေ့တော့ ပြဿနာပေါ်လာတယ်။ မောင်မူတို့ ဘိုးအေကြီး ဘိုးအုန်းပွင့် အကြီးအကျယ် ဖျားပါလေရော။ ဘိုးအုန်းပွင့်က တောင်ရွာ၊ မြောက်ရွာတွေကို စတည်တဲ့သူတွေအထဲက မူလလက်ဟောင်းကြီး။ သူတစ်ယောက်ပဲ ကျန်တော့တာ။ ဘိုးအုန်းပွင့်က လာမယ့်ဝါဆိုမှာ ကိုးဆယ်ထဲ ၀င်တော့မှာ။ မာတော့ အတော်မာတယ်။ ဒါပေတဲ့ ရေချိုးမှားပြီး၊ အပူရှပ်ရာက ငမ်းဖမ်းသလိုလိုတွေတောင် ဖြစ်လာတယ်။ ရင်တွေဘာတွေကျပ်ပြီး အသက်ရှူမ၀ဘူး ဖြစ်လာတယ်။ တံတားထိပ် ကားဆိပ်ဆေးခန်းက ဆရာဝန်ကလေးတို့၊ သြဠာရိက ဆေးဆရာတွေကတော့ လူကြီးနာဆိုပြီး လက်လျှော့ကြပေတဲ့၊ ဓာတ်ဆရာ ဦးမှန်ကတော့ လက်မလျှော့ဘူး။ ဘူးသီးနဲ့ ဖွတ်သားဟင်းခါး သုံးရက်စားခိုင်းပြီး ရေနိုင်နိုင်ချိုးရင်၊ ၀ဋ်နာကံနာကလွဲရင် ပျောက်မှာပဲတဲ့။ ဒီတော့ တစ်ရပ်လုံးရဲ့ မျက်စေ့ထဲမှာ ဖွတ်ကြီးကိုပဲ မြင်လာကြတယ်။ မောင်မူနဲ့ မောင်တာလည်း ဘာပြောရမှန်း မသိတော့ဘူး။ ဒါပေတဲ့ ပြဿနာက ဘူးသီးပဲ။ ဓာတ်ဆရာဦးမှန် အလိုအရတော ဆွတ်သီးဖြစ်ရမယ်တဲ့။ ဘူးသီးခြောက်တို့ ဘာတို့မဟုတ်ဘူးတဲ့။ ခက်တာက ခုလိုရာသီမျိုးမှာ ဒီဘက်မှာ ဘူးသီးဘယ်မှာရမှာတုန်း။ အနီးစပ်ဆုံးက ကွင်းသာဆယ့်တစ်ရွာဘက်မှာ ရကောင်းရနိုင်တယ်လို့ ကိုဦးကြည်ပြောလို့ သိရတယ်။ အဲဒီကို ဒလပြင်း လူလွှတ်ပြီး အရှာခိုင်းရမှာပဲ။ ဒါတောင် အသွားအပြန် တစ်ညအိပ်တော့ ကြာဦးမယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ အဲဒီကို ကောင်ကလေးနှစ်ယောက် လွှတ်လိုက်တယ်။ ဒီမှာကတော့ မောင်မူနဲ့ မောင်တာ ခေါင်းချင်းရိုက်နေကြရတယ်။ မရိုက်လို့ကလည်း မဖြစ်ဘူး။ ဘိုးအုန်းပွင့်အတွက်ဆို ဖွတ်ကြီးကို ပေါ်သင့်ပေါ်ရတော့မယ့် အခြေအနေမျိုးရောက်နေပြီကိုး။ ဆွေတွေမျိုးတွေကလည်း ဖွတ်ကြီးကို မျက်စောင်းထိုးနေကြပြီကိုး။ နောက်ဆုံးတော့ သင်းတို့နှစ်ယောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကြရတယ်။ ဘူးသီးရ၊ မရ စောင့်ပြီး ဘူးသီးရခါမှ ဖွတ်ကြီးကို ပေါ်မယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ ဖြစ်ချင်တော့ ကောင်ကလေးတွေ ကွင်းသာဘက်ထွက်သွားတဲ့ ညနေမှာပဲ၊ ဘိုးအုန်းပွင့် အသက်ထွက်သွားရှာတယ်။ ဆွေတွေမျိုးတွေ ငိုယိုနေကြတုန်း မောင်မူနဲ့ မောင်တာတို ပြုံးနိုင်ကြတယ်။ ဖွတ်ကြီးကလည်း မောင်မူတို့ကို တွေ့တယ်ဆိုရင် ခေါင်းတတမော့မော့နဲ့ ကျေးဇူးတင်ပါသဗျာလို့များ ပြောနေသလိုလိုပဲလို့၊ ပေါက်ချွန်းပြောပြလို့ အရပ်ထဲမှာ ကြားကြရတယ်။ ကွင်းသာဘက်က ပြန်လာတဲ့ ကောင်ကလေးတွေ ယူလာတဲ့ ရှားရှားပါးပါး ဘူးသီးကိုတော့ မောင်တာကြီးတို့အိမ်က ကြက်တစ်ကောင်ကို စပါးလင်များများနဲ့ ကာလသားဟင်း ချက်စားလိုက်ကြတယ်။ စံပကလည်း နောက်ထပ် မန္တလေးရမ် တစ်လုံးယူလာပေးတယ်။
အရပ်ထဲမှာ တခြားလူတွေလို သိပ်အယူမသည်းတတ်တဲ့ ဒေါ်လေးမမြတင်ကတော့ ပြောတယ်။ ရွာထိပ်က လက်ပံပင်ကို ကပ်ကလူတွေ ကျကတည်းက ဘိုးအုန်းပွင့်မရတော့ဘူးဆိုတာ သိသတဲ့။ ပိုဆိုးတာက ဖွတ်ကြီးနဲ့သွားပြီး ကံချင်းပြိုင်တာပဲတဲ့။ ဖွတ်ကြီး ဇာတာစန်းထနေချိန်မှာ ဘိုးအုန်းပွင့်က ထိပ်တိုက်တိုးတော့၊ ကံနိမ့်တဲ့လူ ခံရတာပဲတဲ့။ ဘိုးအုန်းပွင့်ရယ် အသက် ကိုးဆယ်နားနီးနေတဲ့အကြောင်းတော့ မပြောဘူး။ ဒေါ်လေး မမြတင်ပြောတဲ့ အထဲက လက်ပံပင်ရယ်၊ ကပ်ကလူရယ်၊ ဘိုးအုန်းပွင့်ရယ်၊ ဖွတ်ကြီးရယ်။ အဲဒီကြားထဲမှာ ဘယ်လိုတွေ ဆက်စပ်နေတယ်ဆိုတာတော့ မသိဘူး။ ဒီတော့လည်း နားထောင်မိတဲ့ လူတွေအဖို့တော့ ဟုတ်ချင်တော့လည်း ဟုတ်မယ်လို့ပဲ တွေးကြည့်ရတော့တယ်။ ။

မြင့်သန်း

Read more...

ဝဋ်ရှိလို့ တော်ကြတာပါဗျာ

>> Monday, August 27, 2007


ဝဋ်ရှိလို့ တော်ကြတာပါဗျာ
မြင့်သန်း
စတိုင်သစ်၊ ဇူလိုင်၊ ၂၀၀၃။

ဦးမှန်က နာမည်တစ်လုံးနဲ့နေတာ။ ဓာတ်ဆရာဦးမှန်ဆိုတာကိုသာ ကြည့်။ ဒီတစ်ကြောမှာတော့ သူ့ကို ယုံကြတယ်။ ယုံဆို ဦးမှန်က မဟုတ်တာ မပြောဘူး။ စကားပြောရာမှာလည်း အပိုဆာဒါးနဲ့ မလိုတာများ မပါဘူး။ စမ်းတွင်းဘက်ဆီက သြဠာရိက ဆရာခဆိုရင် ဆေးဝါးတင်မကဘူး၊ စာတွေဘာတွေ အတော်ရတယ်။ ဒီတော့ ဆေးပေးဖို့ကို သူက အတော်ညွှန်းနေသေးတာ။ အညွှန်းကြားရတာနဲ့ကို လူနာက အဖျားပျောက်ချင်သလောက်တောင် ဖြစ်တတ်တယ်။ အဲဒီလိုပဲ အထက်ဘက်ဆီက မကြာမကြာလာတတ်တဲ့ အာယုဗေဒ ဦးဖိုးလှများဆိုရင်လည်း လူနာကို မကြည့်ခင် လေတစ်လုံး မိုးတစ်လုံး ပြောနေတာနဲ့ကို လူနာက သူငယ်အိမ်စိုက်သွားရော။ ဦးမှန်တို့က အဲဒီလိုမဟုတ်ဘူး။ ပြောတော့ပြောတယ်။ လေထွားတာ၊ လောကြွားတာမျိုးတွေ မဟုတ်ဘူး။ သူက စကားအခံကလေးနဲ့ ဆေးကုတာ။ "၀ဋ်နာ၊ ကံနာကလွဲလို့တော့ ဆရာ ဘာမှမကြောက်ဘူး။ သူများလို ဇာမချဲ့ဘူး။ ဦးမှန်ပြောတာ မမှန်လို့များတော့ အကြောက်အကန်မပြောဘူး။ ကိုယ့်အိမ်ကိုယ်ပဲ ပြန်မယ်"တဲ့။ အဲဒီအပြောကို ဘယ်သူက ဘယ်လို စလိုက်တယ်မသိဘူး။ "ဦးမှန် မမှန်၊ အိမ်ကိုပြန်"ရယ်လို့ ကလေးတွေ ပါးစပ်ထဲမှာ တစ်ဘောင်ပေါ်သလို ဖြစ်နေတယ်။

ခက်တာတစ်ခုက ၀ဋ်နာကံနာဆိုတဲ့ ကိစ္စပဲ။ ဘယ်လိုဟာမျိုးက ၀ဋ်နာကံနာပဲရယ်လို့တော့ လူတွေက သိချင်တာပေါ့။ စာသင်တိုက်ကြီးက တိုက်အုပ်ကတော့ ပြောတာပဲ။ ၀ဋ်နာကံနာဆိုတာက ကုလို့မရနိုင်တဲ့ရောဂါတဲ့။ ၀ဋ်ကြွေးရှိလို့ဖြစ်တာ။ ကံကြွေးရှိလို့ ဖြစ်တာတဲ့။ ဒီတော့ ဦးမှန်ကုလို့မရတဲ့လူမှန်သမျှ ၀ဋ်ကြွေးကံကြွေးရှိတဲ့ လူတွေချည်းလို့ပဲ ပြောရတော့မှာပဲ။ ဆယ်ပင်စုက မောင်အုန်းကိုပဲ ကြည့်တော့။ ထန်းတက်နေတာ အကောင်းသား။ အလကား လျှာရှည်ပြီး ဟိုဘက်ကမ်း လိုက်သွားတယ်။ သင်္ဘောကူလီသွားလုပ်သတဲ့။ အဲဒီက ဖျားနာပြီး ပြန်လာတယ်။ မကြာမကြာ မြစ်ထဲရေဆင်းချိုးရာက အပူရှပ်တယ်ဆိုပဲ။ ရွာပြန်ရောက်တော့ ဦးမှန်နဲ့ ကုတယ်။ မရပါဘူး။ သူနဲ့အတူ ဟိုဘက်ကမ်းသွားပြီး အလုပ်လုပ်တဲ့ သူငယ်တွေပြောတော့ ဒီကောင်က ဇကလေးရှိတယ်။ မိန်းမလိုက်စားတယ်တဲ့။ ရောဂါက အပူရှပ်တာမှမဟုတ်ဘဲ။ ကာလသားရောဂါ ဆိုသလားပဲ။ ဦးမှန်ကတော့ အပူရှပ်တာက ဓာတ်သဘောနဲ့ဆိုင်လေတော့ အုန်းစိမ်းရေကလေးတိုက်ပြီး နေမကျခင် ခေါင်းက ရေလောင်းချိုးခိုင်းနေတာ။ မောင်အုန်းခမျာမလဲ မသေခင် ချမ်းလွန်းလို့ ဆတ်ဆတ်ကို တုန်နေတာ။ နောက်ဆုံးတော့ မရပါဘူး။
ဦးမှန်ကြီး လက်လျှော့ရမလို ဖြစ်နေတုန်း မောင်အုန်းဇာတ်လမ်းကို လူကြီးတွေ သိသွားကြတယ်။ ကာလသားခေါင်း သောင်းစိန်က တိုက်အုပ်ကို လျှောက်လိုက်တယ်။ ဒီတော့ တိုက်အုပ်လည်း မနေသာဘူး။ ဦးမှန်ကို အကြောင်းစုံ ခေါ်ပြောပြရတယ်။ ဒီတော့ ဦးမှန်ကပြောသတဲ့ "တပည့်တော်လည်း အထင်သား"တဲ့၊ "ဒီကိစ္စက ၀ဋ်နာကံနာပဲ"တဲ့။ ဒီတော့ ဘုန်းကြီးလေးက "ခုခေတ်အပြောတော့ ကာလသားရောဂါပေါ့ဗျာ"လို့ မယုတ်မလွန်လေး ပြောတယ်။ ဒီတော့ ဦးမှန်ကပြောသတဲ့။ "အဲဒါကို တပည့်တော်ပြောတာပေါ့၊ တဏှာကြောင့်၊ ဥပါဒါန်ကြောင့်၊ အ၀ိဇ္ဇာကြောင့်ဖြစ်တာတွေဟာ ကိလေသာဝဋ်ပဲ မဟုတ်ပေဘူးလား ကိုယ်တော်။ ကိလေသာဝဋ်လည်း ၀ဋ်တစ်ပါးပဲဗျ"တဲ့။ ဒီတော့လည်း တိုက်အုပ်ဘုန်းကြီးကလေးက ဘာပြန်ပြောနိုင်တော့မှာတုန်း။ အသာခေါင်းညိတ်ရုံပဲ။ ဒါတောင် နောက်ဆုံးအနေနဲ့ ရသမျှ ဓာတ်နဲ့တွက်ချက်ပြီး ကိလေသာကို တန်ပြန်နိုင်အောင် စီးပစ်ရမယ်ဆိုပြီး ကာလီသီးထောင်းပြီး မောင်အုန်းပါးစပ်ထဲ အတင်းခွံ့ခိုင်းတာ။ မောင်အုန်းခမျာ သေသာသွားရော၊ ခေါင်းက ရေလောင်းလောင်းပြီး ချိုးပေးကြတာများလို့ ချမ်းကလည်းချမ်း၊ ကာလီသီးထောင်း ခွံ့တာ မြိုရလို့ ပါးစပ်ကလည်း စပ်လို့ ပြဲနေရှာတာ။ သေတော့ မျက်စိတောင် အတော်ပိတ်ယူကြရတယ် ပြောတယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ သေမှတော့ ၀ဋ်နာကံနာချည်းပဲလို့ ပြောကြရတော့တာပဲ။ ဒီကိစ္စနဲ့ ပတ်သက်လို့လည်း ဘယ်သူကမှ ဦးမှန်ကို အပြစ်မပြောကြပါဘူး။ သူလက်လွှတ်ရသမျှ ၀ဋ်နာကံနာလို့ သူက ပြောပြီးသားကိုး။ ဒါပေတဲ့ တောင်ရွာက ကာလသားခေါင်း သောင်းစိန်ကတော့ သိပ်ဘ၀င်မကျဘူး။ လမ်းမှာ ဦးမှန်နဲ့တိုးရင် တံတွေးကို ပစ်ခနဲထွေးပြီး၊ ဖွဟဲ့ လွဲပါစေ၊ ဖယ်ပါစေလို့ ဦးမှန်ကြားအောင် ပြောတယ်။ ဒိပြင် "ကျုပ်များ မပြောကောင်း မဆိုကောင်း၊ သေကောင်ပေါင်းလဲ ဖြစ်လို့များတော့ သင်္ချိုင်းကုန်းမှာသွားပြီး ပစ်သာထားလိုက်ကြ။ ဦးမှန်နဲ့တော့ မကုကြနဲ့"လို့ လူထူထူမှာ ဦးမှန်ကြားအောင်လည်း ပြောတတ်တယ်။ ဦးမှန်ကတော့လည်း သောင်းစိန်ကြားအောင် မကြားတကြားပြောတယ်။ "မင်းနဲ့ငါ တွေ့ကြရဦးမှာပါ"တဲ့။ သူတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်နဲ့ဆုံလို့ တခြားတစ်ယောက်အကြောင်း ပြောကြပြီဆိုရင်ဖြင့် သူကြီး ဦးကံရက "မင်းတို့နှစ်ယောက်မှာလည်း ဘယ်ဝဋ်နဲ့ ဒီမှာလာဆုံနေကြတယ် မသိဘူး"လို့ သူကိုယ်တိုင် ဘယ်တော့မှ ဖြေနိုင်မှာမဟုတ်တဲ့ မေးခွန်းကို အမြဲမေးလေ့ရှိတယ်။
ဖြစ်ချင်တော့ ရွာနှစ်ရွာကြားမှာနေတဲ့ စံထားသေတယ်။ စံထားညီ ငခွေးနဲ့ သောင်းစိန်က အတူကြီးကြတာ။ စံထားတို့အိမ်က သောင်းစိန်ရဲ့ စားအိမ်သောက်အိမ်။ ငခွေးက သောင်းစိန်ရဲ့ လက်ရုံး။ သောင်းစိန်က ကာလသားခေါင်း။ အရိုက်ကောင်းတယ်၊ လက်ယဉ်တယ်ဆိုပေတဲ့ တကယ်ရိုက်တာ ငခွေးကရိုက်တာ။ ငခွေးက မူးကွဲ၊ မတ်ကွဲလောက်တင် မဟုတ်ဘူး။ ဂျိုဇောင်း ဗွေပေါက်လို့ခေါ်တဲ့ ခေါင်းမကွဲဘဲ၊ ဘေးဘက်မှာ အဖုကြီး သီးထွက်လာရုံလောက် ရိုက်တာမျိုးလည်း ပိုင်တယ်။ ခေါင်းဘေးမှာ အသီးကြီးထွက်နေတော့ လူတိုင်းမြင်တယ်မဟုတ်လား။ ဒါမျိုးက လူရိုက်ခံရတယ်လို့ သိက္ခာကျရုံ ကျစေချင်လို့ ရိုက်တာမျိုး။ ကွဲစေချင်လို့ တုတ်နဲ့ရိုက်တာ မဟုတ်ဘူး။ ကြေးပြားစေ့တွေကို အတောင့်လိုက်ဖြစ်အောင် အိတ်ထဲထည့်ပြီး ချုပ်ထားတာနဲ့ ရိုက်ရတာ။ အသီးထွက်ရုံမကဘူး၊ ဂျိုဇောင်းမှာ ရိုက်ရာကျန်စေချင်ရင် ဂုန်နီကြမ်းစပတ်ပြီး ရိုက်ဆွဲရိုက်ရသတဲ့။ ဆာလာအိတ်စနဲ့ဆို မဖြစ်ဘူး။ နည်းနည်းနုတာကိုး။ ထားဦး။ ငခွေးရဲ့ ရိုက်နည်းတွေ။ သူ့အစ်ကို စံထားအကြောင်း ဆက်ရအောင်။ စံထားက ၀က်အမွေးကောင်းတယ်။ သားစပ်ကောင်းတယ်ပြောရမယ်။ ဒီတစ်ကြောမှာ နာမည်ရတယ်။ လိုချင်တဲ့လူတွေက မှာတောင်ထားရတယ်။ တံတားထိပ်ကားဆိပ်က အာ့စိန်ကြီးသူငယ်ချင်း အာ့ဖောင်ဆိုရင် ပိုက်ဆံတွေဘာတွေတောင် ကြိုပေးပြီး မှာတယ်လို့ကြားရတာပဲ။ ညီအစ်ကိုနှစ်ယောက် ၀က်မွေးကြတယ်ဆိုပေတဲ့၊ စံထားက အစကအဆုံးလုပ်တာပဲ။ သူများကို ခိုင်းလည်း စိတ်တိုင်းမကျတတ်တဲ့လူမျိုး။ ခိုင်းဖို့စေဖို့ ကောင်ကလေးတွေ ရှိပေတဲ့ သူ့ဘာသာလုပ်ရမှ ကျေနပ်တဲ့လူမျိုး။ ဟိုတစ်လောဆီကတော့ ၀က်ပေါက်ကလေးတွေ ထပ်ကျတော့ ခြံထောင့်နားက လူးကျင်းကို နည်းနည်းထပ်ချဲ့တယ်။ ကောင်ကလေးတွေ လုပ်ပြီးသားပဲ။ အဲဒါကို သူက မနေနိုင် မထိုင်နိုင်နဲ့ သွားပြီး နွံတွေကို နင်းကြည့်တာ၊ မြေကြီးထဲမြုပ်ပြီး သံချေးတွေဘာတွေ တက်နေတဲ့ သံကပေါ်ပြီး စံထားကို စူးပါလေရော။ စူးတော့လည်း သိပ်ဂရုမစိုက်ဘူး။ ထုံးစံအတိုင်း သေးနဲ့ပန်း၊ မြေကြီးနဲ့သိပ်။ ဒိထက်နည်းနည်း ပိုဆိုးလာတော့ နနွင်းမှုန့်သိပ်။ နောက်ဆုံးတော့ အနာရှိန်က မကျဘဲ ငန်းဖမ်းသလို ဖြစ်တာတော့၊ ဟိုလူဒီလူက ၀ိုင်းပြောကြတာနဲ့ ဦးမှန်ဆီရောက်သွားပါလေရော။ လိုရင်းပြောရရင်တော့ ဦးမှန်လည်း ဘာမှမတတ်နိုင်တဲ့ အခြေအနေဆိုတော့ စံထားသေပါလေရော။
စံထားသေတော့ သောင်းစိန်က ရွာမှာမရှိဘူး။ ဟိုဘက်ကမ်းမှာ။ သူ့ဆရာတိုက်အုပ်ဘုန်းကြီးနဲ့ သူကြီးဦးကံရကို ဟိုဘက်ကမ်းက ကိုယ်တော်တွေက တာဝတိံသာ ဘုရားပွဲကြီး လုပ်ဖို့ကိစ္စ အပင့်အဖိတ်ရှိလို့ သွားကြတော့ ဘုန်းကြီးလေးက သောင်းစိန်နဲ့ မောင်ဆင်ကို ခေါ်သွားတယ်။ ဘုန်းကြီးလေးနဲ့ သူကြီးပြန်လာတော့ သူတို့နှစ်ယောက်ပါမလာဘူး။ ဘုရားဝင်းထဲက ဇရပ်တစ်ဆောင်ပြင်ဖို့ နေရစ်ခဲ့ကြတာ။ တစ်ပတ်ဆယ်ရက်လောက်ကြာသွားတယ်။ သောင်းစိန်တို့ဒီဘက်ကမ်းပြန်ရောက်လို့ တံတားထိပ်ကားဆိပ်မှာတင် စံထားသတင်းကြားရတော့တာပဲ။ အာ့စိန်ကြီးကများဆို "ဒီကောင်၊ လူကောင်း။ ဒီကောင်၊ လူကောင်း"လို့ ပါးစပ်က တတွတ်တွတ်နဲ့ မျက်ရည်မကျရုံတင်ပဲ။ အာ့စိန်ကြီးဆိုင်လာတဲ့ ဆရာဝန်ကလေးကလည်း "ဒီကောင်မသေသင့်ဘဲ သေရတာ"လို့ ပြောလည်းပြောတော့ သောင်းစိန် ဒေါထပါလေရော။ ဘာလို့ မသေသင့်တယ်၊ ဘာ့ကြောင့် သေသွားရတယ်ဆိုတာ သူ့အတွက် အရေးမကြီးတော့။ အဓိကကတော့ ဦးမှန်ကြောင့်ပဲ။ ဦးမှန်ဆီရောက်မှ စံထား သေရတာကိုး။
သောင်းစိန်တို့ ရွာပြန်ရောက်တော့ အတော်ကလေး မိုးချုပ်နေကြပြီ။ မောင်ဆင်နဲ့ လမ်းခွဲကြမယ်လုပ်တော့ သောင်းစိန်က မောင်ဆင်ကို ပြောသတဲ့။ "ငါ ဦးမှန်ကို သွားသတ်ဦးမယ်"။ ဒီတော့ မောင်ဆင်က ရယ်စရာသဘောနဲ့ ပြန်ပြောတယ်။ "မင်းသတ်ပြီးရင်ပြော၊ ငါအခေါင်းစပ်ပေးမယ်"။ သူတို့နှစ်ယောက်စလုံးက တံတားထိပ် ကားဆိပ်မှာတင် အတော်သောက်ထားကြတော့ မောင်ဆင့်စိတ်ထဲမှာတော့ မူးလို့ပြောတာပဲလို့ထင်တာ။ သောင်းစိန်ကတော့ ဒီလိုမဟုတ်ဘူး။ ကပြင်ပြုတ်မှတော့ တိုင်ငုတ်ချည်း ချန်ထားလို့ မဖြစ်ဘူးဆိုတဲ့ သဘောပဲ။ ဒီတော့ အိမ်ပြန်ပြီး ကိုင်းခုတ်တဲ့ဓား သွားယူတယ်။ မီးတုတ်ယူတယ်။ မီးတုတ်ကို ရေနံနှစ်ရင်း ရေနံချေး အပိုနည်းနည်းကို ဟောလစ်ပုလင်းလွတ်လိုဟာမျိုးထဲ ထည့်တယ်။ ပြီးတော့ အာ့စိန်ကြီးဆိုင်က ၀ယ်လာတဲ့ အဖြူပုလင်းကို ခါးကြားမှာထိုးပြီး၊ ဦးမှန်အိမ်ဘက်ကို ထွက်သွားပါလေရော။ ဦးမှန်အိမ်က နောက်ဖေးတန်း အလယ်နားလောက်မှာဆိုတော့ ရွာလယ်လမ်းနဲ့ ဦးတိုက်ပဲ။ လှည်းဦးတိုက်၊ လှေဦးတိုက် ခိုက်တတ်တယ်ဆိုလို့ လူတော်တော်များများက မကြိုက်ပေမယ့် ဦးမှန်ကတော့ မမှုဘူး။ သူကဓာတ်ဆရာကိုး။ ဓာတ်ဆရာမှာ ပြဿနာမရှိဘူးဆိုပဲ။ ဦးမှန်တို့အိမ်က အိမ်ရှေ့တံခါးတောင် ပိတ်ထားပြီ။ အရပ်ထဲမှာလည်း အိမ်တော်တော်များများ မီးမှိတ်ထားကြပြီ။ သောင်းစိန်ကတော့ ဦးမှန်အိမ်ရှေ့ရောက်တာနဲ့ မီးတုတ်ကို မြေမှာစိုက်လိုက်ပြီး မြေစိုင်ခဲကောင်းကောင်းတစ်လုံးကို ကောက်ပြီး အိမ်ရှေ့တံခါးကို ပစ်လိုက်တော့တာပဲ။ ညဘက်မို့ တိတ်နေတော့ ဦးမှန်အိမ်ရှေ့တံခါးကို မှန်လိုက်တဲ့ မြေစိုင်ခဲသံကို တစ်ရပ်လုံးလိုလို ကြားလိုက်ကြရတယ်။ ပြီးတော့မှ သောင်းစိန်ရဲ့ မအေ၊ နှမ အစုံအလင်နဲ့ ဂုဏ်တင်ပြီး ဦးမှန်ကို ဆဲလိုက်သံ ဆက်တိုက်ကြားလိုက်ရတယ်။ အရပ်က သောင်းစိန့်အသံမှန်း ချက်ချင်းသိလိုက်ကြတယ်။ အိမ်တွေထဲက ပြူတစ်ပြူတစ်လုပ်နေကြပေတဲ့ ဘယ်သူမှ ထွက်မလာရဲဘူး။ ဦးမှန်တို့အိမ်ထဲမှာလည်း လုံးလုံးအမှောင်ချထားတယ်။ ဦးမှန်အိမ်ဝင်းအပြင်ဘက်က လှည်းလမ်းပေါ်မှာပဲ မီးတုတ်အရောင်အောက်မှာ သောင်းစိန်ကို ဓားတရမ်းရမ်းနဲ့ တွေ့နေရတယ်။ သင်းက လူပါး။ အိမ်ဝိုင်းထဲ မ၀င်ဘူး။ အပြင်ကနေသာ စိန်ခေါ်နေတာ။ "ကျုပ်နဲ့တွေ့ဦးမှာဆို ထွက်ခဲ့စမ်း"လို့ အော်ရင်း ဦးမှန်တို့ တစ်မျိုးလုံး ကုန်လောက်အောင် ဆဲနေတော့တာပဲ။
သိပ်မကြာလိုက်ဘူး။ သောင်းစိန်တစ်ယောက် ဦးမှန်အိမ်ရှေ့မှာ ရမ်းနေတဲ့သတင်း ဟိုဘက်ရွာ ဒီဘက်ရွာ ရောက်သွားတယ်။ သူ့အဖွဲ့သားတွေက ခပ်လှမ်းလှမ်းကနေ လာပြီး အော်ရင်းဖျောင်းဖျပေတဲ့ မရဘူး။ "ငါ့အနားလာတဲ့အကောင် ဦးမှန်နဲ့အတူတူ မသာဖြစ်သွားမယ်"လို့ အော်တော့ သောင်းစိန်အနား ဘယ်သူမှ မကပ်ဝံ့ဘူး။ စမ်းတွင်းက သူကြီး ဦးကံရတစ်ယောက် အိပ်မယ်လုပ်တုန်း ဆယ်အိမ်ခေါင်း ကိုဘရုန်းက သတင်းလာပေးတယ်။ ဦးကံရကြီးကတော့ "ဒီကောင် မူးလို့ပါကွာ၊ ဒီအတိုင်းထားလိုက်"လို့ပဲ ပြောတယ်။ ဒီတော့ ဆယ်အိမ်ခေါင်းကိုဘရုန်းလည်း အိမ်ပြန်ပြီး အိပ်နေလိုက်တော့တယ်။ အမှန်မှာတော့ ဦးကံရကြီးက ဦးမှန်ကို အရင်ကလိုမဟုတ်ဘူး။ သိပ်မညွတ်ဘူး။ သူ့ယောက်ခမကြီး သေကောင်ပေါင်းလဲဖြစ်နေတာ သွားရော့ဆိုတဲ့သဘောမျိုးနဲ့ ဦးမှန်လက်ထဲအပ်လိုက်တာ၊ ဦးမှန်ကောင်းမှု၊ ခုတော့ သူ့ယောက်ခမကြီး ထူထူထောင်ထောင် ဖြစ်လာရုံတင်မကဘူး၊ သူငယ်ပြန်ပြီး လမ်းပေါ်က မိန်းကလေးမှန်သမျှ လှမ်းလက်ပြနေတော့တာ။ ဒီတော့လည်း သူကြီးက ဘယ်ညွတ်ပါတော့မလဲ။ သောင်းစိန်ကိုနိုင်တဲ့ တောင်ရွာက မောင်တာတို့၊ သူကြီးတူမောင်မူတို့လည်း ဦးမှန်အိမ်နားရောက်လာကြတယ်။ လူလုံးမပြဘဲ၊ အသံမပေးဘဲ၊ မှောင်ရိပ်ထဲပဲနေတယ်။ တခြားလူဆိုရင်တော့ တစ်မျိုးဖြစ်ချင်ဖြစ်မှာ။ ဦးမှန်ကတော့ နဂိုထဲက သူတို့နဲ့ မျက်ကြောမတည့်ဘူး။ ဦးမှန်ကို နမုန်းခြံထုတ် လုပ်ပစ်လိုက်ချင်နေကြတာ ကြာပြီ။ ဒီတော့ မှောင်ရိပ်ထဲကနေရင်း ဗလာဆိုင်းနာသလို လုပ်နေကြတော့တယ်။ နောက်တစ်ချက်ကတော့ သောင်းစိန်ကိုယ်တိုင်ကလည်း သူတို့ခိုင်းသမျှ ဖင်ပေါ့ပေါ့နဲ့ လုပ်ပေးနေတဲ့ သူမျိုးကိုး။ သောင်းစိန်တပည့်တွေကတော့ မောင်မူတို့၊ မောင်တာတို့ ဘာလုပ်မယ်ဆိုတာပဲ စောင့်နေကြတယ်။ တစ်ရပ်လုံးတိတ်ပြီး သောင်းစိန်ရဲ့ ပုံမှန်ဆဲသံပဲ ကြားနေရတယ်။ အတော်ကြာတော့မှ မောင်မူနဲ့ မောင်တာ နှစ်ယောက်သားတိုင်ပင်ပြီး စာသင်တိုက်က တိုက်အုပ်ကို သွားလျှောက်ကြတယ်။ တိုက်အုပ်ကတော့ မေးသေးတယ်။ "ဒီကောင် ရမ်းနေတာ ဘယ်လောက်ကြာသွားပြီလဲ"တဲ့။ မောင်မူတို့က "တစ်နာရီသာသာလောက်တောင် ရှိရောပေါ့ဘုရား"လို့ ဖြေတော့၊ ဘုန်းကြီးလေးက "အေ၊ ဒီလောက်ဖြင့် တော်လောက်ပြီ"လို့ ပြောရင်း လှဲနေရာက ထလိုက်လာတယ်။ ဘာလို့ ဒီလောက်ဖြင့် တော်လောက်ပြီလို့ မိန့်တယ်ဆိုတာတော့ မောင်မူတို့က ပြန်မေးမကြည့်ကြဘူး။ သို့ပေသိ၊ သူတို့အချင်းချင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးကြတယ်။
ဦးမှန်တို့ အိမ်ရှေ့နား ဘုန်းကြီးလေးရောက်တာနဲ့ သောင်းစိန်တပည့်တစ်ယောက်က "ဘုန်းကြီး ကြွလာတယ်"လို့ လှမ်းပြီး အော်လိုက်တယ်။ သောင်းစိန်က "ဘယ်ကဘုန်းကြီးတုန်း"လို့ ပြန်မေးသေးတာ။ အောင်မင်္ဂလာကျောင်းဘက်က ကိုယ်တော်တွေဆို သူက မှုမှမမှုဘဲ။ ဒီတော့ သူ့တပည့်တစ်ယောက်က "ဗိုက်ဥာဏ်ရယ်ဗျ"လို့ လှမ်းဖြေလိုက်တယ်။ အဲဒီတုန်းမှာပဲ ဘုန်းကြီးလေးက လှမ်းအသံပေးလိုက်တယ်။ "ဟဲ့ကောင် သောင်းစိန် ..."။ ဒီတော့ သောင်းစိန်က အသံလာရာ မှောင်ရိပ်ထဲကို လှည့်ကြည့်လိုက်ရင်း လက်အုပ်ချီလိုက်တယ်။ ပြီးတော့ မြေကြီးပေါ်ဒူးထောက်ရင်း ၀တ်ချတယ်။ ဘုန်းကြီးလေးကတော့ မှောင်ရိပ်ထဲမှာတောင် ရပ်မနေဘူး။ သောင်းစိန်နားအထိ လျှောက်သွားတယ်။ ဘုန်းကြီးလေး နောက်နားက မောင်မူတို့၊ မောင်တာတို့လည်း ပါသွားတော့၊ သောင်းစိန်ရဲ့ တပည့်တွေလည်း မှောင်ရိပ်က ထွက်ပြီး သောင်းစိန်အနားဆီသွားကြတယ်။ သောင်းစိန်က မူးနေပေတဲ့ သူ့ဆရာကိုတော့ သိတယ်။ ဒီတော့ "တပည့်တော် ဒီကောင်ကြီးကို လုပ်ထည့်လိုက်ပြီးမှ လာမယ်ဘုရား"လို့ ဖြေသေးတယ်။ ဘုန်းကြီးလေးကတော့ "ဟကောင်၊ တော်ပြီ။ ငါ့ကျောင်းလိုက်ခဲ့ချေ"လို့ ပြောပြီး "မင်းလက်ထဲကဓား မောင်တာကြီးကို ပေးလိုက်။ မောင်မူ မီးတုတ်နဲ့ ရေနံပုလင်းယူစမ်း။ ဟိုကောင်တွေ သောင်းစိန်ကို တွဲစမ်း"ဆိုပြီး ညွှန်ကြားချက်တွေ ပေးနေတယ်။ ပြီးတော့မှ ငါ့နောက်လိုက်ခဲ့ကြလို့ ပြောပြီး သူကရှေ့ဆောင်ရင်း ကျောင်းဘက်ကို လာခဲ့ကြတယ်။
ကျောင်းနားနီးလို့ ရွာလယ်ရပ်က မမယ်ဆင့်ကြီး အိမ်နားရောက်တော့ ဘုန်းကြီးက ၀င်းမောင်ကို ရေတစ်ပုံးသွားကဲ့ခိုင်းပြီး သောင်းစိန်ခေါင်းက လောင်းချခိုင်းလိုက်တယ်။ သောင်းစိန်လည်း နည်းနည်း ထူထူထောင်ထောင် ဖြစ်လာတယ်။ အသံထွက်လာတယ်။ ဘုန်းကြီးနဲ့ မီးတုတ်ကိုင်ထားတဲ့ မောင်မူကြီးက ရှေ့နားဆီက လျှောက်နေကြတယ်။ စာသင်တိုက်ကြီးကို လှမ်းမြင်ရတော့ ဘုန်းကြီးလေးက ရပ်လိုက်ပြီး နောက်ကိုလှည့်ကြည့်လိုက်တယ်။ နောက်ကလိုက်လာတဲ့ သူတွေလည်း ရပ်သွားကြတယ်။ နောက်က လူအုပ်ကို ဦးဆောင်လာတဲ့ မောင်တာကြီးက "ဒီကောင့်ကို သူ့အိမ်ပဲ ခေါ်သွားလိုက်တော့မယ်ဘုရား"လို့ လျှောက်တယ်။ ဒီတော့ ဘုန်းကြီးလေးက "သေချာရဲ့လား"လို့ လှမ်းမေးတယ်။ ဘာမှန်းမသိပေတဲ့ မောင်တာကြီးက "သေချာပါသဘုရား"လို့ ဖြေတယ်။ ဒီတော့ ဘုန်းကြီးလေးက မောင်မူ့ကိုကြည့်ရင်း၊ "မင်းလည်း ပြန်ချေတော့။ ကျောင်းဝင်းထိပ်မှာ မီးရောင်မြင်တယ်။ ကိုရင်ကြီးစံမောင် ဖြစ်လိမ့်မယ်။ မနက်ကျ ဦးကံရများ ပေါက်ချလာပြီး ဘာဘာညာညာ ပြောရင် ငါ့ဆီလွှတ်လိုက်"လို့ မှာလိုက်တယ်။
မောင်မူတို့လူသိုက် ထွက်သွားကြဖို့ လုပ်နေတုန်း သောင်းစိန်အသံ ကြားလိုက်ရတယ်။ "ဘုန်းကြီး တပည့်တော် လျှောက်စမ်းပါရစေ"တဲ့။ ဘုန်းကြီးလေးက "ဆို"လို့ပဲ ပြန်ပြောတယ်။ ဒီတော့ သောင်းစိန်က လျှောက်တယ်။ "တပည့်တော် မခံနိုင်တာက အားတိုင်းယားတိုင်း ၀ဋ်နဲ့ကံကိုပဲ လှည့်ချနေတာဘုရား။ လူဆိုတာ ၀ဋ်ရှိလို့ ကံရှိလို့ပေါ့ဘုရား။ ၀ဋ်မရှိ၊ ကံမရှိတော့ရင် သိကြား၊ ဗြဟ္မာတောင် မဟုတ်ဘူး၊ နိဗ္ဗာန်ရောက်ကုန်ကြမှာ မဟုတ်လား"။ ဘုန်းကြီးလေးကတော့ ဘာမှ ပြန်မဖြေဘူး။ မီးတိုင်နဲ့လှမ်းနေတော့ မှောင်ရိပ်ထဲမှာ အသာပြုံးနေတယ်။ ဒီတော့ သောင်းစိန်အသံ ထပ်ကြားရပြန်တယ်။ "၀ဋ်ရှိလို့ ကံရှိလို့ လူဖြစ်တာပါ ဘုန်းကြီးရာ။ ကျုပ်ပြောတာ မဟုတ်လား"လို့ ထပ်မေးတယ်။ ဘုန်းကြီးလေးက မဖြေဘူး။ ဒါပေတဲ့ "ကိုင်း၊ သွားကြချေတော့။ ညဥ့်နက်လှပြီ။ သောင်းစိန် မင်းလည်း သွားအိပ်ချေတော့"လို့ လှမ်းပြောလိုက်တယ်။ ပြီးတော့မှ တောင်ဘက်ဆီထွက်သွားကြတဲ့ သူတို့လူသိုက်ရဲ့ ကျောဘက်ကို မှောင်ထဲမှာ အတော်ကြာအောင် ရပ်ကြည့်နေလိုက်မိတယ်။
ခပ်လှမ်းလှမ်းရောက်သွားကြတော့မှ ဘုန်းကြီးလေးက ကျောင်းဘက်ကို လှည့်ထွက်လာတယ်။ ၀ဋ်ရှိလို့ ကံရှိလို့ လူဖြစ်တာပါ ဘုန်းကြီးရာလို့ သောင်းစိန်စကားကို နားထဲမှာ ပြန်ပြီးကြားလိုက်မိတော့ ထပ်ပြီးပြုံးမိပြန်တယ်။ ဒီကောင်မူးနေပေတဲ့ အတော်သားလို့ စိတ်ထဲမှာ သူ့တပည့်ကို ချီးကျူးလိုက်မိတယ်။ ကျောင်းဘက်နား အတော်နီးလာတော့ သောင်းစိန့်စကားကို ထပ်ကြားလိုက်မိပြန်တယ်။ ဒီတော့လည်း ထပ်ပြီး ပြုံးမိပြန်တယ်။ ဒီတစ်ခါ ပြုံးမိတာကတော့ ဒီကောင်အတော်သားလို့ချည်း တွေးမိလို့မဟုတ်ဘူး။ ဒီကောင်က ငါ့တပည့်၊ ငါ့ကျောင်းထွက်ကိုးလို့ ဆက်တွေးမိလိုက်လို့ပဲ။ ဒီတော့လည်း အပြုံးက နည်းနည်း ရှည်သွားတယ်။ ။
မြင့်သန်း

Read more...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP