ငါရယ်၊ နင်ရယ်၊ သူရယ်၊ ပြီးတော့ တယ်လီဖုန်းလေးရယ်

>> Monday, January 28, 2008


ဒီဇာတ်လမ်းဖြစ်ပျက်လာပုံအားလုံးရဲ့ အရင်းခံရာကတော့ ရာဆင်ရဲ့ မင်္ဂလာပွဲကစတယ်လို့ပြောရမယ်ထင်တယ်။
- ငါတို့မှာအရင်ကတော့ အပေါင်းအဖော်ရယ်လို့ ငါးယောက်ပေါ့ကွာ - ဖီးရူးစ်က သူ့ရဲ့ဆုတောင်းစကားကိုဆက်တယ်။
- ငါရယ်၊ ကီးမား၊ မူရပ်၊ ရာဆင်နဲ့ ဆယ်မြူ။ ငါတို့သူငယ်ချင်းတွေ တကယ့်ကို ခံတပ်တစ်ခုလို စုစုစည်းစည်းနဲ့၊ ဖေးဖေးမမနေခဲ့ကြတယ်။ ကဲ အားလုံးပဲ ငါတို့ဇနီးတွေကို ချစ်နိုင်ကြပါစေကွာ။ - သူ့ဆုတောင်းစကားဆုံးတော့ အားလုံးက ဝိုင်းရီကြတယ်။

- ဒီနေ့တော့ ငါတို့ရဲ့ရောင်းရင်းကြီး ရာဆင်ကို လက်လွှတ်ရတော့မယ်ပေါ့ကွာ။ ရာဆင်နဲ့ဖာရီဒါရေ မင်းတို့နှစ်ယောက်လုံး ဘဝမှာ အောင်မြင်နိုင်ပါစေကွာ။ ခုဆက်ပြီးတော့ ငါ့ရဲ့နောက်တစ်ခွက်ကိုတော့ ငါတို့ငါးယောက်တည်းက နောက်ဆုံးကျန်နေတဲ့ လူပျိုကြီးဆယ်မြူအတွက် သောက်ချင်တယ်။ ငါတို့ရဲ့ အရွယ်ကောင်းဆဲလူပျိုကြီးအတွက်လဲ ဝိုင်းစဉ်းစားကြရအောင်လား။
အားလုံးက ကျွန်တော့်ဖက်လှည့်လာကြတယ်။
- ကဲဘယ်လိုလဲ ဆင်မြူ၊ ဘယ်တော့များမှ မင်းရဲ့မင်္ဂလာဆောင်မှာ ငါတို့သောက်ရမှာလဲကွ။
- လိုပါသေးတယ်ကွာ။
- ဟ ဘာကြောင့်လဲကွ။
- သူက သူနဲ့အသင့်တော်ဆုံး သတို့သမီးလောင်းကိုရှာမတွေ့သေးလို့နေမှာပေါ့ကွာ။ - ဖီးရူးစ်က ဝင်ထောက်တယ်။
- တကယ်ပဲလားကွာ၊ ဒါဆိုရင်လဲ ဆင်မြူရဲ့သတို့သမီးလောင်းကို ငါတို့ဝိုင်းရှာပေးလိုက်ကြမယ်လေ။
- ဟေးနေကြဦး၊ ငါစဉ်းစားမိတာတစ်ခုရှိတယ်၊ ဆင်မြူရဲ့သတို့သမီးကို ဖုန်းနံပါတ်တစ်ခုနဲ့ရှာကြမယ်။
- သိပ်ကောင်းတဲ့အကြံပဲ - ကျွန်တော်က ဝင်ထောက်ခံပေးလိုက်တယ်။
- ဒါဆိုရင်လဲ နံပါတ်ပြောကြလေကွာ။
- တစ်ယောက်ထဲကနေရွေးပေးတာမျိုးမဖြစ်အောင် ဖုန်းနံပါတ်ကို တစ်ယောက်တစ်လုံးဆီပြောကြမယ်ကွာ။
- သိပ်ကောင်းတာပေါ့ကွာ - ဖီးရူးစ်က သဘောတူလိုက်တယ် - နှစ်ကွာ။
ကျွန်တော်က နံပါတ်နှစ်ကိုနှိပ်လိုက်တယ်။
- ကိုး - ဖီးရူးစ်ရဲ့အမျိုးသမီးကအော်တယ်။
- သုံည - ကီးမားကသူ့နံပါတ်ကိုအော်ပြီးတဲ့နောက် သူ့မိန်းမဖက်လှည့်ပြီး
- ကဲ မင်းအလှည့်။
- အိုကေလေ၊ ကျွန်မကတော့ လေး။
- ငါး - မူရပ်ကအော်တယ်။
အားလုံးကဝိုင်းရီကြတယ်။ ကျွန်တော်လဲ ဖုန်းကို အသာပြန်ချထားလိုက်တယ်။
အဲဒီနောက်တော့ ကျွန်တော်တို့အားလုံးလဲ ကိုယ့်အိမ်ကို ကိုယ်စီကိုယ်ငှပြန်လာခဲ့ကြတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ ဘာကြောင့်ရယ်မသိ၊ အထီးကျန်နေသလိုခံစားနေရတယ်။ လူသွားလူလာရှင်းပြီး ခြောက်ကပ်နေတဲ့ လမ်းလေးမှာ ကျွန်တော်တစ်ယောက်တည်း အကြာကြီးလျှောက်သွားနေမိတယ်။ ဒီလိုလျှောက်သွားနေတုန်း ကျွန်တော့်ခေါင်းထဲမှာ စောစောက စကြနောက်ကြတုန်းက ဖုန်းနံပါတ်လေးက ပေါ်လာတယ်။ အနီးဆုံးမှာရှိတဲ့ ဖုန်းရုံလေးဆီသွားပြီး ၂-၉၀-၄၅ ဆိုတဲ့နံပါတ်လေးကို နှိပ်လိုက်တယ်။
ဖုန်းခေါ်နေတာကိုအကြာကြီးစောင့်ပြီးတဲ့နောက် ဖုန်းခွက်ဆီကနေ အမျိုးသမီးသံကြားလိုက်ရတယ်။
- နားထောင်နေပါတယ်။
- ဟဲလို မင်္ဂလာပါခင်ဗျာ။
- မင်္ဂလာပါရှင်.. ဘယ်သူပါလဲ။
- ကျွန်တော်ပါ.. မိတ်ဆက်ချင်လို့ပါ။
တစ်ဖက်က အသံကတည်တည်ငြိမ်ငြိမ်နဲ့
- မိတ်ဆက်ဖို့အတွက် အတော်နောက်ကျနေပြီလို့ရှင်မထင်ဘူးလား။
- နောက်မကျသေးပါဘူးဗျာ။ ကျွန်တော်ခုပဲ ကျွန်တော့်အချစ်ဆုံးသူငယ်ချင်းရဲ့မင်္ဂလာဆောင်ကပြန်လာတာပါ။ ကျွန်တော့်သူငယ်ချင်းတွေထဲက နောက်ဆုံးလူပျိုလက်ကျန်သူငယ်ချင်းတစ်ယောက်ပေါ့ဗျာ။ ကျွန်တော့်စိတ်ထဲမှာ သူ့အသုဘကိုလိုက်ပို့လိုက်ရတယ်လို့ ခံစားနေမိတယ်။
- ဟုတ်ပါပြီ၊ ဒါနဲ့ ကျွန်မဖုန်းနံပါတ်ကို ရှင်ဘယ်လိုလုပ်သိလဲ။
- သာမာန်ရိုးစင်းတဲ့ တိုက်ဆိုင်မှုတစ်ခုပါပဲဗျာ။ ကျွန်တော့်စိတ်ထဲမှာပေါ်လာတဲ့ ပထမဆုံးနံပါတ်ကို နှိပ်လိုက်တာပါပဲ။
- တော်တော်ကောင်းတဲ့အကြံပါပဲလား။
- ကျွန်တော်ခင်ဗျားနဲ့တွေ့လို့ရနိုင်ပမလားခင်ဗျာ။
- အဲဒီကိစ္စကတော့ ဘယ်လိုမှမဖြစ်နိုင်တာပဲ။ ခုကို အတော်နောက်ကျနေပြီလေရှင်။ ရှင်လုပ်ရမှာက အိမ်ကိုတန်းပြန်ပြီး အိပ်ရေးဝအောင်အိပ်လိုက်တော့။ နောက်နေ့အိပ်ရာကနိုးလာရင် အားလုံးအဆင်ပြေသွားလိမ့်မယ်။ ဟုတ်ပြီနော်.. နောက်မှတွေ့ကြသေးတာပေါ့။
- ဒါပေမယ့် ကျွန်တော်ကခင်ဗျားကိုတွေ့ချင်နေတယ်လေ။ အနည်းဆုံးတော့ ခင်ဗျားနဲ့စကားပြောချင်တယ်။
- ရှင် ကျွန်မဖုန်းနံပါတ်ကိုသိနေပြီပဲ၊ အကယ်၍ ရှင်စကားပြောချင်တယ်ဆိုရင်တော့ ကျွန်မဆီကို ဖုန်းဆက်နိုင်ပါတယ်။
- ခင်ဗျားတကယ်ပြောတာလား။
- တကယ်ပါ၊ ကဲ ကောင်းသောညပါရှင်။
- ကျွန်တော်ခင်ဗျားဆီကို နက်ဖြန်ဖုန်းဆက်မယ်နော်။
ဒီလုပ်ရပ်က အတော်ကြောင်ပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ အထီးကျန်နေတဲ့စိတ်မျိုးမရှိတော့ပဲ ကျွန်တော့်မှာ တစ်ယောက်ယောက်ရှိနေပြီဆိုတဲ့ နွေးထွေးတဲ့ခံစားချက်လေးတစ်ခု အစားထိုးဝင်ရောက်လာပါတော့တယ်။
- ဟယ်လို၊ မင်္ဂလာပါခင်ဗျာ၊ ကျွန်တော်ပါ။
- မင်္ဂလာပါရှင်၊ ခုပြောနေတာဘယ်သူပါလဲ။
- ခင်ဗျားမေ့သွားပြီလား၊ မှတ်မိပြီလား၊ ကျွန်တော်ခင်ဗျားဆီ ဖုန်းဆက်ဖူးတယ်လေ။ ဒီလိုအချိန်မှာပဲလေ။
- ရှင်ဖုန်းဆက်လိုက်တာကောင်းပါတယ်၊ ကျွန်မဒီနေ့ဝမ်းနည်းနေရတယ်။ ကျွန်မရဲ့ရေဒီယိုလေး ပျက်ဆီးသွားတယ်လေ။
- ခင်ဗျားက အမြဲနောက်ကျမှ အိပ်လေ့ရှိတယ်လား။
- ဟုတ်တယ်၊ ကျွန်မက ညနက်တဲ့အထိ ရေဒီယိုနားထောင်နေကြလေ။ ဒီနေ့တော့ ရေဒီယိုကလဲ ပျက်တော့ ဘာလုပ်လို့ဘာကိုင်ရမှန်းကို မသိတော့ပါဘူးရှင်။ ကျွန်မကို တစ်ခုခုပြောပါဦး။
အစပိုင်းမှာတော့ ဟိုရောက်ဒီရောက် ပြောရင်း၊ နောက်တော့ ကျွန်တော့်ဘဝရဲ့အဆင်မပြေမှုတွေ ဒုက္ခတွေကို ကျွန်တော်မသိတဲ့လူတစ်ယောက်ကို ပြောပြနေမိတော့တယ်။ ကျွန်တော့်အလုပ်မှာအဆင်မပြေတဲ့အကြောင်းတွေ၊ ကျွန်တော့်သူငယ်ချင်းနဲ့ စကားအပေါက်အလမ်းမတည့်တာတွေ၊ ကျွန်တော့်ဆရာကိုမကြိုက်တဲ့အကြောင်းတွေ စသဖြင့်ပေါ့။ နောက်တော့ ကျွန်တော်သတိပြန်ဝင်လာပြီး သူမကို အမြန်နှုတ်ဆက်လို့ ဖုန်းချလိုက်တယ်။
အိမ်ပြန်ရောက်တော့လဲ အကယ်၍များ တစ်စုံတစ်ယောက်ကို ဒီအကြောင်းတွေပြောပြမိရင် ယုံမှာမဟုတ်ဘူးဆိုတာ တွေးနေမိတယ်။ တကယ့်တကယ်မှာတော့ ကိုယ်လုံးဝမသိတဲ့လူတစ်ယောက်နဲ့ ကိုယ့်ရဲ့အတွင်းရေးတွေကို တစ်လုံးမကျန် ပြောပြဆွေးနွေးဖြစ်နေတာလေ။ သူမက တကယ်ပဲ ရေဒီယိုကို ညနက်တဲ့အထိနားထောင်လေ့ရှိပါတယ်။
ကျွန်တော်ညတိုင်းပဲ သူမဆီကို ဖုန်းဆက်ဖြစ်တယ်။ နောက်ကျမှဆက်တာကလဲ အစဉ်အလာတစ်ခုလိုဖြစ်လာခဲ့တယ်။ နောက်တော့ သူမနာမည်က “မယ်ဒီနာ” ဆိုတာရယ်၊ တစ်ယောက်တည်းနေတယ်၊ ပြီးတော့ သူမမှာ မီးခိုးရောင်မျက်လုံးတစ်စုံနဲ့ ဖိနပ်အရွယ်အစားက သုံးဆယ့်ငါးဆိုတာကို သိလာရတယ်။
- ဘယ်တော့ကျွန်တော်တို့တွေ့ကြမလဲဟင်။
- တွေ့ဖို့လိုလို့လားရှင် - သူမကပြောတယ် - ဒီတိုင်းလဲ ကျွန်မတို့အတွက်အဆင်ပြေနေတာပဲလေ။ ရှင်တော့မသိဘူး၊ ကျွန်မဘဝမှာတော့ ရှင့်ဆီကဖုန်းမြည်သံတွေက တကယ့်ကိုအရေးကြီးပါတယ်ရှင်။ လူတစ်ယောက်ရဲ့ဖုန်းကိုစောင့်နေရတဲ့ အချိန်တွေ၊ အဲဒီလူနဲ့ စကားပြောနေရတဲ့အချိန်တွေမှာ ကျွန်မအရမ်းကြည်နူးရပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီလူကို ကျွန်မလုံးဝမသိဘူး၊ တစ်ခါမှလဲမမြင်ဖူးဘူး၊ အဆုံးစွန် ဘယ်လိုပုံလဲဆိုတာကိုတောင် ကျွန်မစိတ်ကူးကြည့်လို့မရဘူး။ ရှင့်အလုပ်ကအကြောင်းတွေပဲ ပြောကြတာပိုကောင်းမယ်လေ။ အားလုံးအဆင်ပြေရဲ့လား။
- ကျွန်တော်အလုပ်ပြောင်းစာတင်ထားတယ်။
- ရှင်ကဘယ်ကိုပြောင်းမလို့လဲ။
- ခုထိတော့ မသိသေးပါဘူး။ ခင်ဗျားက ဘယ်လိုအကြံပေးချင်လို့လဲ။
သူမက ကျွန်တော့်အမေးကို ပြန်မဖြေပါဘူး။
ဒီလိုနဲ့ ကျွန်တော်တို့သူငယ်ချင်းတစ်စု နှစ်သစ်ကူးညမှာ ဖီးရူးစ်အိမ်မှာ ဆုံဖြစ်ကြပြန်ပါတယ်။ ညဆယ့်နှစ်နာရီထိုးတယ်ဆိုရင်ပဲ ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ကြ၊ နမ်းရှိုက်ကြတယ်။ အပြန်အလှန်ဆုတောင်းပေးကြတယ်။ ဖီးရူးစ်ကပြောတယ်၊ ဒီနှစ်ကတော့ ဆယ်မြူရဲ့ လက်ထပ်ပွဲကျင်းပမယ့်နှစ်ဖြစ်လိမ့်မယ်တဲ့။
ကျွန်တော်တစ်ယောက်တည်း ကော်ရစ်ဒါဖက် ထွက်လာခဲ့တယ်။ သူမဆီဖုန်းဆက်ပြီး ဖုန်းကိုင်ဖို့ အကြာကြီးစောင့်နေရတယ်။ ဒါပေမယ့် ပြန်ထူးသံမကြားရပါဘူး။ ကျွန်တော်ထပ်ခါတလဲလဲဆက်တယ်။ ညတစ်နာရီရောက်တော့ ထပ်ဆက်တယ်၊ သူမကို မော်စကိုစံတော်ချိန်နဲ့ နှစ်သစ်ဆုတောင်းပြောမယ်ဆိုပြီးတော့ပေါ့။ နောက်ထပ်တစ်နာရီကြာတော့ ပရပ်စံတော်ချိန်နဲ့ ဆုတောင်းဖို့ထပ်ဆက်တယ်။ နောက်ပြီးတော့ နောက်တစ်နာရီ… ဘယ်စံတော်ချိန်မှန်းတောင်မသိတော့ပါဘူး။ မနက်ခြောက်နာရီခွဲလောက် ကျွန်တော်လမ်းပေါ်ကနေဖုန်းဆက်တော့မှ သူမအသံကိုကြားလိုက်ရတယ်။
- အတ္တလန်တိတ်စံတော်ချိန်နဲ့ မင်းကိုနှုတ်ခွန်းဆက်သပါတယ်။ နှစ်သစ်မှာပျော်ရွှင်ပါစေ။
သူမကသိပ်နားလည်ပုံမပေါ်ပါဘူး။ ကျွန်တော်ကလဲ သူ့ကိုရှင်းပြမနေတော့ဘူး။
- အိုး ရှင်ကိုး။ ကျွန်မခုပဲ ပြန်ရောက်တာ။
- သိပါတယ်။ ကျွန်တော်ခင်ဗျားကို တစ်ညလုံးဖုန်းခေါ်နေတာ။
- ကျွန်မသူငယ်ချင်းဆီရောက်နေတာလေ။
- ဒါကသိပ်အရေးမကြီးပါဘူး - ကျွန်တော်ကပြောလိုက်တယ်။
- ခုလိုနှစ်သစ်ကူးမှာ ကျွန်တော်ခင်ဗျားကို အရေးအကြီးဆုံးတစ်ခုပြောချင်တယ်။ ကျွန်တော်ခင်ဗျားကို အရမ်းချစ်တယ်ဗျာ။
- ဟားဟား ဘုရားရေ - သူမကရီတယ်။ - နှစ်သစ်ကူး ပထမဆုံးအချိန်ရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ အံ့သြမှုပါလား။
- ကျွန်တော်သိပါတယ်၊ ဒါဟာသဘာဝမကျဘူး၊ မိုက်မဲမှုဆိုတာ။ ကျွန်တော်ခင်ဗျားကို တစ်ခါမှလဲမမြင်ဖူးဘူး၊ ဒါပေမယ့် ခင်ဗျားမရှိရင် ကျွန်တော့်ဘဝရပ်တည်နိုင်လိမ့်မယ်လို့ ကျွန်တော်မထင်ဘူး။
- ကျွန်မရဲ့ဖုန်းသာမရှိခဲ့ရင် - သူမကပြောတယ် - ဒီစကားလုံးတွေဟာ သာမာန်စိတ်လှုပ်ရှားမှုကလာတယ်ဆိုတာကို သိပါတယ်၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်လေ နားထောင်ရတာကိုတော့ ကျွန်မနှစ်သက်မိပါတယ်။
- ဘယ်တော့များမှ ကျွန်တော်ခင်ဗျားကို တွေ့ခွင့်ရနိုင်မှာလဲဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားပြောတာမှန်ပါတယ်။ ဒါဟာတကယ့်ကိုပြည်စုံတဲ့ ချစ်ခြင်းပုံစံတစ်ခုပါပဲ။ တယ်လီဖုန်းလိုင်းလေးကနေပေါ့၊ အရမ်းလှပတဲ့ ဆက်သွယ်မှုတစ်ခုပါပဲ။
- ဒါပေမယ့် တစ်ဖက်သတ်ဆက်သွယ်မှုတစ်ခုပါနော် - သူမကပြောတယ်။ - ကျွန်မဆိုလိုတာက ရှင်ကကျွန်မဆီကိုဖုန်းဆက်နိုင်တယ်လေ၊ ကျွန်မကတော့ မဆက်နိုင်ဘူးပေါ့။
- ခင်ဗျားဘယ်မှာနေတယ်ဆိုတာ ကျွန်တော့်ကိုပြောပြပါလား၊ ခုချက်ခြင်းရောက်အောင် ကျွန်တော်လာခဲ့မယ်လေ။
- တောင်းပန်ပါတယ်ရှင် - သူမကပြောတယ်၊ သူ့အသံတွေထဲမှာ စိုးရွံ့မှုတွေပါနေတယ်လို့ ကျွန်တော်ခံစားမိပါတယ်။ - ဒီလိုမျိုးတောင်းဆိုမှုတွေကို လူတော်တော်များများဆီက ကျွန်မကြားခဲ့ပြီးပါပြီ။ တကယ်လို့ ရှင်အဲလိုမျိုးတောင်းဆိုနေမယ်ဆိုရင်တော့ ကျွန်မတို့ရဲ့ဆက်ဆံရေးကို ကျွန်မဖြတ်တောက်ရလိမ့်မယ်။ - သူမက ခဏနားပြီးမှ ဆက်ပြောတယ်။ - ကျွန်မလဲရှင့်ကို အရမ်းတွယ်တာမိနေပါပြီ။ အဲဒီစကားလုံးကို ကျွန်မယောက်ျားသေပြီးတဲ့နောက်ပိုင်း ရှင့်ကိုအရင်ဆုံးပြောတာပါပဲ။
ဇန်နဝါရီလ သုံးရက်နေ့မှာတော့ ကျွန်တော့်အလုပ်သစ်ကို စဝင်တယ်။ ရုံးအဝင်ဝမှာ ရုံးဝန်ထမ်းတွေရဲ့လိပ်စာတွေ၊ ဖုန်းနံပါတ်တွေချိတ်ဆွဲထားတာကို သတိပြုမိလိုက်တယ်။ ကျွန်တော်လဲ အမှုမဲ့အမှတ်မဲ့ ဖုန်းနံပါတ်တွေကို မျက်စိကစားရင်း၊ တစ်နေရာကိုရောက်တော့ ကျွန်တော့်မျက်လုံးတွေရပ်သွားတယ်။ ကိုယ်နဲ့လုံးဝရင်းနှီးမှုမရှိတဲ့လူတွေကြားထဲမှာ ကိုယ့်မိတ်ဆွေတစ်ယောက်ကိုတွေ့လိုက်ရသလိုပဲ ကျွန်တော်အရမ်းအံ့သြသွားမိတယ်။
- ဒီတစ်ယောက်က ဘယ်သူလဲ - ကျွန်တော်က အတွင်းရေးမှူးမလေးကို မေးကြည့်လိုက်တယ်။
- သူက လက်နှိပ်စက်စာရေးမလေးပါ။
ကျွန်တော်က ပြူတင်းပေါက်ကနေ လှေကားပေါ်ကဆင်းလာတဲ့ လက်နှိပ်စက်စာရေးမလေးကို လှမ်းကြည့်နေမိတယ်။ သေချာတာပေါ့၊ သူမမှာ မီးခိုးရောင်မျက်ဝန်းတစ်စုံရှိတယ်လေ။ သူမရဲ့ ဒေါက်ဖိနပ်သံ တဒေါက်ဒေါက်ကိုနားစွင့်ရင်းက၊ အဲဒီဒေါက်ဖိနပ်ဆိုက်က သုံးဆယ့်ငါးဖြစ်ရမယ်ဆိုတာကို ကျွန်တော်တန်းသိလိုက်တယ်။
အဖြစ်အပျက်ကတော့ တကယ့်ကို ပုံပြင်ထဲကလိုပါပဲ။ ကံကြမ္မာက ကျွန်တော်တို့နှစ်ယောက်ကို အပြင်လောကရဲ့တစ်နေရာမှာ ဆုံပေးလိုက်တယ်လေ။ ဒီအကြောင်းတွေကို သူမကတော့ မသိသေးပါဘူး။
ညဖက်ရောက်တော့ သူမဆီကျွန်တော် ဖုန်းခေါ်ဖြစ်တယ်။
- မင်္ဂလာပါဗျာ - ကျွန်တော်ခင်ဗျားဆီကို လွန်ခဲ့တဲ့နှစ်နာရီတုန်းက ဖုန်းခေါ်သေးတယ်။
- ကျွန်မသူငယ်ချင်းတစ်ယောက်ဆီရောက်နေတာ။ ကျွန်မအလုပ်အရမ်းရှုပ်နေတယ်လေ၊ အဲဒါနဲ့သူ့ဆီမှာ သွားလုပ်နေတာ။
- ဘာတွေများ ဒီလောက်တောင်ရှုပ်နေရတာလဲဗျ။
- မပြောချင်တော့ပါဘူးရှင်၊ ရုံးကအလုပ်တွေက အိမ်အထိပါလာတယ်လေ။ ကျွန်မတို့ရုံးရဲ့ လူကြီးအသစ်က ခိုင်းလိုက်တာတွေပေါ့။ ဒီနေ့ ကျွန်မတိုဋ္ဌာနကို ဋ္ဌာနမှူးအသစ်ရောက်တယ်လေ။
- သူကဘယ်လိုလူမျိုးလဲဗျ။ - ကျွန်တော်က ရီချင်စိတ်ကို ထိမ်းချုပ်ရင်းမေးလိုက်တယ်။
- ဒီလိုပါပဲ၊ ကျွန်မတော့ သူ့ကိုမကြိုက်ပါဘူး။ ကြည့်ရတာ နောက်တိနောက်တောက်နဲ့ပါ။ ဒါပေမယ့် တစ်ကြိမ်ပဲတွေ့ရသေးတာဆိုတော့ ခန့်မှန်းဖို့ခက်ပါသေးတယ်။
ကျွန်တော်အရမ်းအံ့သြသွားမိတယ်။ အဲလိုမျိုးပြောဖြစ်လိမ့်မယ်လို့ ကျွန်တော့်ခေါင်းထဲမှာ တွေးထင်မထားမိဘူးလေ။
- ဘယ်လိုလဲ ရှင်ရောအဆင်ပြေရဲ့လား။ အလုပ်သစ်ကိုပြောင်းပြီးသွားပြီလား။
ကျွန်တော့်အတွေးထဲမှာတော့ သူမကို လှည့်စားဖို့စိတ်ကူးလုံးဝမရှိပါဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ အတွင်းဖက်မသိစိတ်ကနေ အတွေးတစ်ခုဝင်လာပြီး သူမကိုပြောလိုက်တယ်။
- မပြောင်းသေးပါဘူး၊ ခင်ဗျားသိလား ကျွန်တော်အရင်အလုပ်မှာပဲ ဆက်လုံးဖို့ဆုံးဖြတ်လိုက်တယ်။
မနက်ရောက်တော့ ကျွန်တော် ”မယ်ဒီနာ”ကိုတွေ့တယ်။ ကျွန်တော်က အရမ်းကိုဂရုတစိုက်နေတယ်၊ အရမ်းကိုသဘောကောင်းပြနေတယ်၊ ပြီးတော့ ကျွန်တော်အဲလိုပြောင်းလဲသွားတာ သူမသတိထားမိလားဆိုတာကို အရမ်းသိချင်နေမိတယ်။
အဲဒီအကြောင်းကိုသိဖို့ကတော့ ကျွန်တော်တို့ရဲ့ ဖုန်းထဲမှာတွေ့ကြတဲ့အချိန်လေးရောက်အောင် စောင့်ရမှာပေါ့လေ။
- ကျွန်မရှင့်ကိုပြောသားပဲ၊ လူတစ်ယောက်ကို တစ်ခါတွေ့ဖူးရုံနဲ့ ကောင်းမကောင်းဆုံးဖြတ်လို့မရဘူးဆိုတာလေ။ ကျွန်မတို့ဋ္ဌာနမှူးက အရမ်းကိုသဘောကောင်းပြီး၊ ခင်ဖို့ကောင်းမယ့်ပုံပါပဲ။
- ကျွန်တော်တောင် ခင်ဗျားကိုမနာလိုဖြစ်လာပြီနော် - ကျွန်တော်က စလိုက်တယ်။
ကစားကွက်ကတော့ အဲဒီလိုစခဲ့တာပေါ့။ ခုချိန်မှတော့ ကျွန်တော်ဘယ်လိုမှ မတတ်နိုင်တော့ဘူးလေ။ အခြေအနေတွေအားလုံးကို ကျွန်တော်ပဲဖန်တီးခဲ့တာမို့လား။
အလုပ်မှာတော့ ကျွန်တော်က ကျွန်တော်မဟုတ်တဲ့ တခြားသူတစ်ယောက်ပုံစံမျိုးဖြစ်အောင် ကြိုးစားနေတယ်။ သဘောကောင်းတယ်၊ ဒါပေမယ့် လွယ်လွယ်နဲ့မလိုက်လျောတတ်တဲ့ပုံစံမျိုးပေါ့။ သူမကလဲ ကျွန်တော်နဲ့ဖုန်းပြောတိုင်း ကျွန်တော့်အကြောင်းတွေကို ကျွန်တော်မျှော်လင့်ထားတဲ့ပုံစံအတိုင်း ပြန်ပြန်ပြောပြတယ်။ ကျွန်တော့်ရဲ့လှုပ်ရှားမှုတွေ၊ မျက်နှာအမူအရာတွေကအစပေါ့။
တကယ့်ကိုအံ့သြစရာကောင်းတဲ့အရာတစ်ခုပါပဲ။ စိတ်ခံစားမှုတွေကလဲရောထွေးနေလေရဲ့။ ”ဆယ်မြူရယ် ဟာလီလိုဗိခ်ျ” ဆိုတဲ့လူတစ်ယောက်အနေနဲ့ ကျွန်တော် ”မယ်ဒီနာ”ရဲ့ ညပိုင်းအချိန်တွေကို မနာလိုဖြစ်တယ်။ ညဖက်ဖုန်းပြောကြတဲ့အချိန်ရောက်ရင်တော့ အဆက်မပြတ်ပြောပြနေတဲ့ သူမရဲ့ ”ဆယ်မြူရယ်”ဆိုတဲ့ ရုံးကလူအကြောင်းတွေက ကျွန်တော်တဖြစ်လဲ ”ရူးစ်တမ်” ကို လာလာကလိတယ်။
- ”ခင်ဗျားနဲ့ကျွန်တော်နဲ့”ပြောနေကြတာတစ်မျိုးပဲ၊ ”နင်နဲ့ငါနဲ့”ပြောကြမယ်လေ - တစ်နေ့မှာ ကျွန်တော်ကပြောပြတယ်။ - ကျွန်တော်တို့တွေ ရင်းနှီးလာတာလဲ ကြာပြီမို့လား။
- အိုကေလေ၊ ဒါဆိုလဲ အဲလိုပဲပြောကြတာပေါ့။ - သူမက ချက်ခြင်းဆိုသလိုပဲ သဘောတူလိုက်တာ ဖုန်းထဲကနေ ကြားလိုက်ရတယ်။
- သိပ်ကောင်းတာပေါ့၊ ကောင်းသောညပါ။ - ကျွန်တော်က ကလေးငယ်တစ်ယောက်လို ပျော်ရွှင်စွာနဲ့ ဖုန်းချလိုက်တယ်။ ဒီလိုဆိုရင် ကျွန်တော်နဲ့သူနဲ့က ညပိုင်းဖုန်းပြောကြတဲ့အချိန်မှာတော့ ”နင် နဲ့ ငါ” ပေါ့။ ရုံးရောက်ရင်တော့ ကျွန်တော့်ကိုယ်ပွား ဟိုလူနဲ့ ”ခင်ဗျားနဲ့ ကျွန်တော်” ပေါ့။
ဒီလိုနဲ့ ”ငါ” ဆိုတဲ့ ကျွန်တော်က ”နင်” ဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ပတ်သက်လို့ ”သူ” ဆိုတဲ့ ကျွန်တော့်ကိုယ်ပွားကို မနာလိုဖြစ်နေမိတယ်။
- ငါ့အထင်တော့ နင်က ဟိုလူ့ကို သဘောကျနေပုံပဲ။
- နင်က ဘယ်ကနေဘယ်လိုသိနေရတာလဲ - သူမက ပါးနပ်စွာနဲ့ပြန်ပြောတယ်။ - သူက ငါ့ကိုသဘောကျဦးမှပါဟာ။
ကျွန်တော်က မနာလိုဖြစ်စွာနဲ့ ဖုန်းချပစ်လိုက်တယ်။ ရက်အတော်ကြာအောင်လဲ သူမဆီဖုန်းမဆက်ဘဲနေလိုက်တယ်။
ကျွန်တော့်ရဲ့သူမအပေါ်မနှစ်မြို့မှုကို သူမတစ်ယောက်တည်းသတိထားမိတာမဟုတ်ပါဘူး။ တစ်နေ့မှာ ကျွန်တော်နဲ့သူ ကော်ရစ်ဒါမှာလမ်းလျှောက်နေခိုက် ရုံးဝန်ထမ်းတစ်ယောက်ကရောက်လာပြီး
- သိပ်လဲ ကြိုးစားမနေနဲ့ဦးလေ - သူက ရီရီမောမောနဲ့နောက်တယ်၊ ပြီးတော့သူမမျက်လုံးတွေကို တည့်တည့်ကြည့်ရင်း - ကြိုးစားခဲ့ပါတယ်၊ ဒါပေမယ့် ဖြစ်မလာဘူးလေ။
ကျွန်တော်တို့ သုံးယောက်လုံး တစ်ပြိုင်တည်းရီလိုက်ကြတယ်။
နောက်နေ့မှာတော့ ကျွန်တော်တို့တွေ ရုပ်ရှင်သွားကြည့်ကြတယ်။ ရုပ်ရှင်က လေသူရဲတွေအကြောင်းပါ။ ”မယ်ဒီနာ”က ရုပ်ရှင်ကြည့်နေရင်းနဲ့ အရမ်းဝမ်နည်းလာတယ်။ ကျွန်တော်တို့ အပြန်မှာ ကားလမ်းဘေးက လမ်းလေးအတိုင်း လမ်းလျှောက်ပြန်ကြတော့ သူမက သူမယောက်ျားအကြောင်း ကျွန်တော့်ကို အားလုံးပြောပြတယ်။ သူမယောက်ျားကလဲ လေသူရဲတစ်ဦးပါ။ ကျွန်တော်တို့နှစ်ယောက် ညအမှောင်ကောင်းကင်ပေါ်က ဟိုဒီပြေးလွှားနေကြတဲ့ အစက်အပြောက်လေးတွေကို ငေးမောနေကြတယ်။
- သူ့ကိုအဲဒီမှာ မြှုပ်နှံထားတာပေါ့။ မုဆိုးမတွေအားလုံးကတော့ သုသာန်ကိုသွားကြတယ်။ ကျွန်မကတော့ ကောင်းကင်ပြင်ကြီးကိုပဲ မော့မော့ကြည့်ရတာပေါ့။
ကျွန်တော်က သူ့မျက်နှာပေါ်က မျက်ရည်တွေကို လက်နဲ့အသာသုတ်ပေးလိုက်တယ်၊ နောက်တော့ ရုတ်တရက် သူမကိုနမ်းဖို့ကြိုးစားလိုက်တယ်။
- မလုပ်ပါနဲ့၊ အဲလိုမလုပ်ပါနဲ့ - သူမကပြောတယ်၊ အဲလိုပြောရင်းကပဲ သူမရဲ့ငြင်းဆိုတဲ့အသံ တဖြည်းဖြည်းတိုးညှင်းပျောက်ကွယ်သွားတယ်ဆိုတာ ကျွန်တော်ခံစားလိုက်ရတယ်။
- ဟေး နားထောင်ပါဦး ငါ့ရဲ့အလိမ္မာတုန်းရယ်၊ ငါနင်နဲ့ အရေးကြီးတဲ့ကိစ္စတစ်ခု တိုင်ပင်စရာရှိတယ်။ တစ်ခုတော့ ကြိုးတောင်းပန်ထားမယ်နော်။ ငါစကားပြောလို့ပြီးတဲ့အထိ နင်စိတ်မဆိုးဘဲနဲ့ နားထောင်ပေးပါနော်။
သူမအဲဒီစကားကိုပြောလာဖို့ ကျွန်တော်စောင့်နေခဲ့တာ သုံးရက်တောင်ရှိနေပါပြီ။ ကျွန်တော်ခန့်မှန်းထားခဲ့တာလဲ သုံးရက်တောင်လွန်လာပြီလေ။ ဘာဖြစ်လို့များ ဒီအကြောင်းကိုပြောဖို့ သူမမေ့လျော့နေတာပါလိမ့်။
- ဟုတ်ပြီနော်၊ အေးဆေးနားထောင်နော်။
- ပြောမှာသာပြောပါ၊ ငါ့ကို စိတ်မရှည်အောင်လုပ်မနေပါနဲ့။
- အေးပါ။ လွန်ခဲ့တဲ့သုံးရက်က ဆယ်မြူက ငါ့ကိုလက်ထပ်ခွင့်တောင်းတယ်။ နင်ဘယ်လိုဖြစ်သွားတာလဲ။ အံ့သြမှုကြောင့်လဲကျမသွားပါဘူးနော်။
- ဟင့်အင်း - ကျွန်တော်ကပြန်ပြောလိုက်တယ်။ - နင်ကရော သူ့ကို ဘာပြန်ဖြေလိုက်လဲ။
- ခုထိတော့ ငါဘာမှပြန်မပြောရသေးဘူး။ နင်နဲ့အဲဒီအကြောင်းဆွေးနွေးချင်တာလေဟာ။
- ဘာမှပြန်ဖြေမနေနဲ့ - ကျွန်တော်ကပြောလိုက်တယ်။ အံ့သြဖို့အကောင်းဆုံးက အဲဒီစကားက ကျွန်တော့်စိတ်ထဲကလာတဲ့အတိုင်း ကျွန်တော်ပြောလိုက်တာပါ။ - နင်ဘယ်သူ့ကိုမှ လက်မထပ်ရဘူး၊ ဒါမှမဟုတ် နင်ငါ့ကိုပဲ လက်ထပ်ပါ။ ငါနင့်ကို အရမ်းချစ်တယ်။ တယ်လီဖုန်းထဲကနေ လက်ထပ်လို့ရရင် ဘယ်လောက်များကောင်းလိုက်လေမလဲနော်။
- ငါ့ကိုနင်နားလည်ပေးပါဟာ - သူမကလေးလေးနက်နက်နဲ့ စိတ်မကောင်းစွာနဲ့ပြန်ပြောတယ်။ - နင်တို့ယောက်ျားတွေက တစ်ယောက်တည်းနေရတဲ့ဘဝရဲ့အထီးကျန်မှုတွေကို မကြခဏဆိုသလိုပဲ ပြောကြတယ်။ တကယ်တမ်းတော့ အဲဒါကရီစရာကြီးပါ။ မိန်းကလေးတစ်ယောက်တည်းနေရတဲ့ အထီးကျန်တဲ့ဘဝကို နင်တို့တွေ ဘယ်တော့မှ စာနာနားလည်ပေးနိုင်မှာမဟုတ်ဘူး။ ညသန်းခေါင်ယံမှာလန့်နိုးလာပြီး၊ နင့်ရဲ့ပတ်ပတ်လည်မှာ နံရံတွေပဲရှိတယ်ဆိုတဲ့ဘဝကို နင်စဉ်းစားကြည့်စမ်းပါဟာ…ပြီးတော့လေ…
ကျွန်တော်ဘယ်လိုစကားမျိုးတွေနဲ့ သူမကိုပြန်ပြောရမှာလဲ။ သူမက တိတ်ဆိတ်သွားတယ်။ ပြီးတော့ကျွန်တော်နားလည်သွားပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်မှ၊ ရူးစ်တမ်ဆိုတဲ့ကျွန်တော်၊ ဒါမှမဟုတ် ဆယ်မြူဆိုတဲ့ကျွန်တော်၊ ဘယ်သူမှ သေဆုံးသွားပြီဖြစ်တဲ့ သူ့ယောက်ျားရဲ့ပြိုင်ဖက်ဖြစ်လာတော့မှာ မဟုတ်ဘူးဆိုတာကိုပေါ့။
ညနေပိုင်း အလုပ်ဆင်းတော့ ပထမဆုံးအနေနဲ့ ကျွန်တော့်ကို သူ့အိမ်ကို အလည်ခေါ်ပါတယ်။ ရေဒီယိုလေး၊ ထိုင်ရတာသက်တောင့်သက်သာရှိလှတဲ့ ကုလားထိုင်လေးရယ်၊ မီးအိမ်လေးရယ်၊ အရာအားလုံးက ကျွန်တော့်စိတ်ကူးထဲမှာ မြင်ယောင်ကြည့်ခဲ့ဖူးတဲ့ သူမရဲ့အခန်းလေးအတိုင်းပါပဲ။
ကျွန်တော်သူမကို နမ်းတဲ့အခါမှာတော့ အစပိုင်းမှာ နာကျင်စွာ၊ နောက်ပိုင်းမှာချိုမြိန်စွာ သူမနိုးထလာခဲ့ပြီဆိုတာကို ကျွန်တော်ခံစားမိလိုက်တယ်။ အဲဒီအချိန်မှာပဲ ရုတ်တရက်ဆိုသလို သူမကကျွန်တော့်ရင်ခွင်ထဲက ရုန်းထွက်ရင်း တစ်ခုခုကို အာရုံစိုက်နားထောင်နေတယ်။ ကျွန်တော်က လေယာဉ်ပျံသွားတဲ့အသံများကြားရလေမလားဆိုပြီး စောင့်နားထောင်နေပါသေးတယ်။ ဒါပေမယ့် ဘာလေယာဉ်မှာမရှိပါဘူး။
နောက်ဆုံးမှာတော့ ကျွန်တော်နားလည်သွားလိုက်ပါတယ်။ သူမက တယ်လီဖုန်းဆီကအသံကို နားစွင့်နေတာကိုး။ ဒီအချိန်က ”သူ” ဆိုတဲ့လူတစ်ယောက် ဖုန်းဆက်နေကျအချိန်လေ။
သူဆိုတာကလည်း ”ကျွန်တော်” ပါပဲ။
”သူ”ဆိုတဲ့လူတစ်ယောက် ”သူမ”ဆီကို ဘယ်သောအခါမှ ဖုန်းဆက်တော့မှာမဟုတ်တော့ဘူးဆိုတာ ကျွန်တော်သိနေပေမယ့် တစ်ခါတစ်ရံမှာတော့ တယ်လီဖုန်းလေးများအသံမြည်လာဦးမလားဆိုတာ သံသယဝင်နေမိပါသေးတယ်။ ကျွန်တော်ကိုယ်တိုင်လဲ အဲဒီအသံလေးကို မျှော်နေမိတယ်လေ။ ပြီးတော့ကျွန်တော့်စိတ်ထဲမှာလဲ တယ်လီဖုန်းလေးမြည်လာပါစေချင်နေမိပါတယ်။
တယ်လီဖုန်းလေးကတော့ ငြိမ်သက်လျက်…..။ ။
(အက်ဇ်ဘာဂျန်လူမျိုး စာရေးဆရာ ”အာနား”၏ ဝတ္ထုတိုလေးကို ဘာသာပြန်ပါသည်။)

Read more...

ကြားဖူးနားဝ ရီစရာများ(၆)

>> Sunday, January 27, 2008



သူငယ်ချင်းတယောက်ကပြောပြတာပါ။
သူတို့နယ်ဘက်မှာ ရွာတွေကနေ တောသူတောင်သားတွေက ဈေးဝယ်သွားရင်ပဲဖြစ်ဖြစ်၊ လယ်ယာထွက်ကုန်တွေသွားရောင်းတာပဲဖြစ်ဖြစ် မြို့ဘက်ကိုသွားတဲ့အခါမှာ လယ်ထွန်စက်ကို ထွေလာတပ်ပြီး မောင်းပြီးသွားကြပါတယ်။ မြို့ကို တစ်ပတ်မှ တခါလောက်သာ သွားတာပါ။ သွားရင်လည်း တရွာဝင်တရွက်ထွက်ပေါ့။ လမ်းကြုံတဲ့ရွာကလူတွေကလည်း ဒီထွေလာကိုစောင့်ပြီးစီးကြရတာပါ။ တရွာကလူနဲ့ တခြားရွာကလူတွေကလည်း ခင်မင်ရင်းနှီးနေကြတာပါ။ တနေ့မှာ မြို့ကထွေလာကြီး ပြန်အလာ၊ လမ်းဘေးက ယာခင်းမှာ တခြားရွာက လူရွယ်တယောက်က ပေါက်တူးပေါက်နေသပေါ့။ ထွေလာပေါ်က လူက သူ့ကို မြင်သွားတော့ကာ၊ ပြီး သူ့မှာလည်း ညီမအများကြီးရှိမှန်းလည်းသိ၊ ညီမတွေကိုစရင် စိတ်တိုမှန်းလည်းသိတော့
- “ယောက်ဖကြီး ပေါက်ထားဟေ့၊ ပေါက်ထားဟ” ဆိုပြီးအော်ပြီးစသွားတာပေါ့။
ဟိုလူရွယ်ကလည်း အရှိန်နဲ့သွားနေတဲ့ ထွေလာဆိုတော့ လိုက်လည်း မမှီနိုင်မှန်းသိလို့၊ ဒေါသထွက်လည်း ငြိမ်ခံနေရတာပေါ့။ သူအော်စပြီး ချက်ခြင်းပဲ ထွေလာကားဘီးက ဖောင်းဆိုပြီး အသံမြည်ပြီး ပေါက်ပါလေရော။ထွေလာလည်းရပ်သွားတော့တာပေါ့။ ထွေလာရပ်သွားတာကိုလည်းမြင်ရော၊ ဟို ကိုစိတ်တိုက ပေါက်တူးကို ဆွဲလာပြီး၊ ဒေါကြီးမောကြီးနဲ့ပြေးလာပါလေရော။
ရပ်နေတဲ့ထွေလာနားလည်း ရောက်တဲ့အခါ
- “ငါ့ကို ယောက်ဖလို့ အော်သွားတာဘယ်ကောင်လဲကွ၊ ဆင်းလာခဲ့စမ်း”
အဲသတော့ခါ အော်ပြီးစမိတဲ့သူက မနေသာ
- “ဟေ့ကောင် ငါ့ညီမ မင်းကိုပေးမှာပါကွ “
အဲသလို ကြောက်လန့်တကြီး ပြန်ပြောလိုက်တော့ ဒေါသထွက်နေတဲ့လူလည်း ကြောင်တောင်ကြီး ဖြစ်သွားပြီး လှည့်ပြန်သွားရတာပေါ့။

ခင်ဗျားတို့လည်း သူငယ်ချင်းတယောက်ယောက်ကို ယောက်ဖကြီးဆိုပြီး ခေါ်ပြီး စတတ်တိုင်း ကိုယ်ကပဲ အမြဲရတာမဟုတ်ဘဲ ပြန်လည်းပေးရတတ်တယ်ဆိုတာ သတိရကြပါ။



Read more...

Moscow

>> Friday, January 25, 2008

Read more...

ကြားဖူးနားဝ ရီစရာများ(၄)

>> Thursday, January 24, 2008

ကျွန်တော်တို့ ဘက်မှာ `တ` နဲ့` သ` မပီတဲ့ ရွာတစ်ရွာရှိတယ်။ အဲဒီရွာက လူတစ်ယောက်နဲ့ အသိမိတ်ဆွေဖြစ်တော့ သူ့ရဲ့အဖြစ်အပျက်ကို ပြောပြတယ်လေ။ ဒီလို… သူ့အမေက တစ်ခြားရွာမှာနေတဲ့ ဦးသောင်းတင်အိမ်ကို ပြောင်းဖူးမျိုးစေ့ သွားယူခိုင်းတယ်။ သူကအဲဒီရွာကို တစ်ခါမှမရောက်ဖူးဘူး။ ဘယ်နားမှာရှိတယ်…ဘယ်လိုသွားရတယ်ဆိုတာတော့ သိတာပေါ့။ အိမ်ကနေထွက်လာရင်း လမ်းမှာစဉ်းစားမိတာက ဦးသောင်းတင်အိမ်က ရွာရဲ့တောင်ဘက်ပိုင်းလား မြောက်ဘက်ပိုင်းလားဆိုတာ မမေးခဲ့မိဘူးလေ။ ဒီလိုနဲ့ ဦးသောင်းတင်နေတဲ့ ရွာကိုရောတော့…လမ်းမှာတွေ့တဲ့သူတိုင်းကို ဒီလိုမေးသတဲ့…´ဦးတောင်းသင် အိမ်က ဘယ်နားမှာလဲခင်ဗျာ´… သူ့အမေးကို ဘယ်သူမှမဖြေနိုင်ဘူး…ဘာလို့လဲဆိုတော့ အဲဒီရွာမှာ ဦးတောင်းသင် ဆိုတာ ရှိမှမရှိတာကိုး။ ဒါနဲ့ သူလဲ စိတ်ပျက်ပျက်နဲ့ ရွာလယ်က ဘုရားရှိခိုးကျောင်းမှာ ခဏအနားယူနေတာပေါ့။ အနီးအနားမှာ ကလေးတစ်သိုက်က ကစားနေကြတာပေါ့ဗျာ။ အဲဒီမှာ ကလေးတစ်ယောက် လေးနှစ်အရွယ်လောက်ရှိမယ်ထင်တယ်တဲ့… သူထိုင်နေတဲ့နေရာကိုရောက်လာပြီးး ´တူးတူး တားတားကို ကြက်တောင်ကွင်းပေးပါ`လို့ တောင်းတော့ သူ့လက်မှာရှိတဲ့ ကြက်ပေါင်ကွင်း ကိုပေးလိုက်တာပေါ့။ ဒါနဲ့ သူကလဲ အဲဒီကလေးကို `ဦးတောင်းသင် အိမ်ကို သိလား`လို့မေးတော့ ကလေးက `တိတယ်… ဦးတောင်းသင်က တားတား ဘဘ` ဆိုပြီးခေါ်သွားလို့ အဲဒီအိမ်ကို ရောက်ခဲ့ရတယ်တဲ့။
သူက တစ်ဆက်တည်းပြောသွားသေးတယ်… ဟေ့ကောင် ငါက သော်တလင်းလ ဒါမှမဟုတ် တသင်းကျွတ်ဆိုရင် မင်္ဂလာဆောင်မယ်တဲ့… အဲဒီအခါကျရင် သစ်ရွာလုံးကို ဗူးတီးနဲ့ဝက်တား ကျွေးမယ်ဆိုပဲ။

Read more...

Moscow Night 2

>> Wednesday, January 23, 2008

Read more...

Moscow Night

>> Tuesday, January 22, 2008

Read more...

အလွမ်းခါးခါး

ပြာကျနေတဲ့နှလုံးသားမို့
မီးရှို့ပစ်လို့လဲမရ
ဒဏ်ရာသစ်တွေကိုလည်း
ဒဏ်ရာအိုကမမှု့။
အဟောင်းတွေအသစ်ဖြစ်ဖို့
မလွယ်ရင်….
နှလုံးသားအသစ်နဲ့ဘ၀တစ်ခု
ကျွန်မဘယ်လိုအစပြုရပါ့
ကဲ…..ခုတော့
အယ်လ်ကိုဟော ပြုသမျှပဲ
နုရတော့မယ်။
ဂီတသံခပ်မြူးမြူး
ယစ်မူးသွားမိရဲ့
ကိုကို့အတွက်တစ်ခွက်
ကျွန်မအတွက်
တစ်ခွက်……………
ကိုကိုနဲ့ကျွန်မတွက်တစ်ခွက်
ကျွန်မနဲ့ကိုကိုတွက်တစ်ခွက်
(သိုင်းကွက်နင်းပြီးတော့
titanic ထဲကrose လို
ဖိနပ်ချွတ်ပြီး…က လိုက်သေးတယ်)
တစ်ခွက်ပြီးတစ်ခွက်
ခွက်ပေါင်းများစွာ
24 percent သာပါလို့ပေါ့လေ။
စိတ်ကူးနဲ့တောင်
တိုးဝင်ဖို့မရဲတဲ့
အဲဒီရင်ခွင်ကြီးကို
ပုလင်းခွံနဲ့ ပစ်ပေါက်
သင့်သလောက်ဒဏ်ရာတွေ
ရသွားပစေ…….။
လောကရယ်
လွယ်သင့်တာလွယ်
ခက်သင့်မှခက်ပေါ့
ဝိုင်အရက်ထက်ရှင်က
ယစ် ပြချင်သေးတာလား။
ဒီလိုနဲ့
နှလုံးသားအံဖတ်တွေက
ခန္ဖာကိုယ်ကိုဖုံးလွှမ်း
(လက်တစ်ဖက်ကတော့ လှမ်းပြီး)
နေတစ်ခြမ်း လတစ်ခြမ်းမှာ
အလွမ်းရင့်ရောင်ဆေးခြယ်…….။

မွန်းအိန်ဂျယ်လ်

Read more...

ကြားဖူးနားဝ ရီစရာများ(၃)

>> Monday, January 21, 2008

သူငယ်ချင်းတစ်ယောက်ကပြောဖူးတာပါ။ သူတို့ ရွာဘက်မှာ ဖြစ်ခဲ့တာလေ။ သူတို့ မူလတန်းကျောင်းမှာ ကျောင်းစောင့်တစ်ယောက်ခန့်ထားတယ်ပေါ့။ ကျောင်းစောင့်ဆိုပေမယ့် ညဘက် ကျောင်းမှာ စောင့်ရတာမဟုတ်ဘူး… ကျောင်းသူကျောင်းသားတွေ ဆရာ ဆရာမတွေ မလာခင် ကျောင်းမှာ သန့်ရှင်းရေးလုပ်ရတယ်။ သောက်ရေအိုးတွေ ရေဖြည့်ရတယ်။ ဆရာ ဆရာမ တွေက ခိုင်းတာတွေကိုလဲ လုပ်ပေးရတယ်။ တစ်နေ့တော့ ကျောင်းအုပ်ဆရာကြီးက အဲဒီလူကို တစ်ခြားကျောင်းတစ်ကျောင်းကို ကိစ္စတစ်ခုနဲ့ သွားခိုင်းတာပေါ့။ ဒီတစ်ခါတော့ အခါတိုင်းထက်ပိုမြန်အောင်လို့ ဆိုပြီး စက်ဘီးယူသွားလို့ ပြောလိုက်တာပေါ့။ အမောင်ကျောင်းစောင့်ကလဲ ဘာမှမပြောဘဲ စက်ဘီလေးယူပြီး ထွက်သွားတာပေါ့။ တစ်နာရီလောက်ကြာတော့ ဆရာကြီးက စဉ်းစားတယ်… အင်း ဒီကောင် ဒီတစ်ခေါက် သွားတာ ကြာပလား… စက်ဘီများ ဘီးပေါက်နေလို့လား… စသည်ဖြင့်ပေါ့… ခဏနေတော့ အမောင်ကျောင်းစောင့် ပြန်ရောက်လာပါရော။ အခါတိုင်းထက်လဲ မောပန်းနေတဲ့ ပုံစံနဲ့ပေါ့။ ဆရာကြီးရှေ့ရောက်တော့… ဆရာကြီးက
- မင်း ဒီတစ်ခေါက်သွားတာ ကြာလှကြီးလားကွ။ ခြေလျင်သွားတုန်းက ပိုမြန်သလိုပဲ။ အခု စက်ဘီးလဲ ယူသွားပါတယ်။
- ဟုတ်ကဲ့။
- ဘာလို့ ကြာနေတာလဲကွ။ ဘီးပေါက်နေလို့လား။


- မဟုတ်ဘူး ခင်ဗျ။
- အဲဒါဆို ဘာလို့လဲ။
- ကျွန်တော် စက်ဘီးမစီးတတ်ဘူးခင်ဗျ။ ဆရာကြီးက စက်ဘီးယူသွားဆိုလို့ ယူသွားတာ။ စက်ဘီးကို တွန်းနေရလို့ ပိုကြာသွားတာပါ ခင်ဗျ။ မောလိုက်တာ ဆရာကြီးရယ်။ နောက်တစ်ခါ စက်ဘီးယူမသွားတော့ဘူး။ ခြေလျင်ပဲ သွားတော့မယ်။

Read more...

ကြားဖူးနားဝ ရီစရာများ(၂)

>> Sunday, January 20, 2008



ငယ်ငယ်တုန်းက စာပေဟောပြောပွဲကိုသွားပြီးနားထောင်တယ်။ လာပြီဟောပြောတဲ့ စာရေးဆရာ၊ဆရာမတွေက ဘယ်သူတွေလည်းဆိုတာလည်း မမှတ်မိဘူး။ ဘာတွေဟောပြောသလဲဆိုတာလည်း ကောင်းကောင်းမမှတ်မိပါဘူး။ စာရေးဆရာမကြီးတစ်ယောက်က “အရူးပါး” အကြောင်းကို ဟောပြောသွားတာလေးကိုပဲ မှတ်မိနေတယ်။

စိတ်ကျန်းမာရေးဆေးရုံရှေ့က ကားမှတ်တိုင်မှာ အမျိုးသမီးတစ်ယောက်က နို့စို့အရွယ်ကလေးလေးကို ရင်ခွင်မှာပိုက်ပြီး လိုင်းကားကိုစောင့်နေတယ်။ အဲဒီအချိန်မှာ စိတ်ကျန်းမာရေးဆေးရုံထဲကနေ အမျိုးသားတစ်ယောက်ထွက်လာတယ်။ ၀တ်စားထားတာရော၊ ပုံပန်းသွင်ပြင်ကပါ ခပ်နွမ်းနွမ်းနဲ့ပါ။ ကားမှတ်တိုင်ကို ရောက်တော့ကာ ရီဝေေ၀မျက်လုံးတွေနဲ့ အမေ့ရင်ခွင်မှာပိုက်ထားတဲ့ ကလေးလေးကိုပဲ ကြည့်နေတော့တာ။ ကလေးအမေ အမျိုးသမီးကလည်း အော် သူ့ခမျာ… သားသမီးစိတ်နဲ့ စိတ်ကျန်းမာရေး မကောင်းဖြစ်နေပုံရတယ်လို့တွေးမိနေတာပေါ့။ ခဏနေတော့ အဲဒီလူက စမေးတယ်။
- ကလေးလေးက ယောက်ျားလေးလား၊ မိန်းကလေးလား။
- မိန်းကလေးပါရှင်။
- ချစ်စရာ ကောင်းလိုက်တာ။ ဘယ်နှလ ရပြီလဲ။
- ၆ လသမီးပါရှင်။
- ချစ်စရာ ကောင်းလိုက်တာဗျာ။
မျက်လုံးတွေကလည်း အရည်တွေလက်လာပြီး၊ မျက်နှာကြီးကလည်း ရွှင်လန်းလာတာပါပဲ။ အင်း ကလေးနဲ့သူ့ရောဂါတော့ ပတ်သတ်တာသေချာနေပြီ။
- တချက်လောက် နမ်းခွင့်ပေးပါလားခင်ဗျာ။
- နမ်းပါရှင်၊နမ်းပါ၊ နမ်းပါ၊ ရပါတယ်ရှင့်။
အဲသလိုလဲ ပြောလိုက်ရော နမ်းခွင့်တောင်းတဲ့ လူကြီးက ကလေးအမေ့ပါးကို ရွှတ်ခနဲမွှေးမွှေးပေးပြီးထွက်ပြေးသွားပါလေရော။

အရူးပါးတွေဘေးမှ ကင်းဝေးကြပါစေ။



Read more...

ကြားဖူးနားဝ ရီစရာများ(၁)

>> Saturday, January 19, 2008


အခုဟာသကတော့ ကြားဖူးနားဝရီစရာလေးပါ။
အကိုတစ်ယောက်ပြောပြလို့ ရီရလို့ချရေးလိုက်တာပါ။
နောင်လည်း သူငယ်ချင်းတွေက ပြောပြတာတွေရော၊ ဆရာဆရာမတွေက ပြောပြတာတွေရော၊ အမှတ်တရအဖြစ် ကြုံရင်ရေးဦးမှာပါ။

အိုးဖင်ကို ရေလေးသုတ်…

အကိုကြီးတစ်ယောက်က ပြောဖူးတာပါ။ သူတို့ကျောင်းပြီးတော့ အပြင်မှာနေပြီး အလုပ်လုပ်ကြတယ်။ သူငယ်ချင်းတယောက်က နယ်ကနေ သူတို့နဲ့ အတူလာနေသပေါ့ဗျာ။ တနေ့ အကိုကြီးက ဟေ့ သူငယ်ချင်း ထမင်းအိုးလေးတလုံးလောက်ချက်လိုက်စမ်းပါကွာ။ ငါမအားသေးလို့။ ထမင်းအိုးဖင်လေးကိုရေသုတ်ပြီးမှ ပေါင်းအိုးထဲ့ထည့်နော်လို့ ပြောလိုက်သတဲ့။ ဆန်ဆေးတာတွေလည်း အသံတွေကြားတယ်။ ပြီး ဘေးမှာချထားတဲ့ရေခွက်ထဲကရေကို လက်နဲ့ နှိုက်ပြီး ထမင်းပေါင်းအိုးဖင်ကိုသုတ်နေသတဲ့။
- "ဟေ့ သူငယ်ချင်း ထမင်းအိုးဖင်ကို ဘာလုပ်နေတာလဲဟ"
- "ဟ မင်းပဲ အိုးဖင်ကိုရေလေးသုတ်ပြီးမှချက်ဆိုလို့ရေသုတ်နေတာကွ"

ကျနော်တို့လည်း ဒီလောကကြီးမှာ ထမင်းပေါင်းအိုးဖင်ကို ဘယ်လောက်များ ရေတွေသုတ်မိနေပြီလဲ မသိပါဘူးနော်။

Read more...

မော်စကိုည

မော်စကိုတနေရာ၊ ည ၁၀ နာရီခန့်၊ ဇန်န၀ါရီ ၁၈၊၂၀၀၈။

Read more...

စစ်အေးတိုက်ပွဲ ဆင်နွှဲကာနေ…

>> Thursday, January 17, 2008


အစတုန်းကတော့ မပြောတော့ဘူးနေတာ။ သည်းခံနေတာ၊ 'အ'တယ်လို့ အထင်ခံရမှာစိုးလို့။ ဒီမှာလာပြောပြတာ။ လူမှုရေးလည်း နားမလည်ဘူး။ လေးခါတောင်ဗျာ။ လွန်လွန်းတယ်။ ဒီလို၊ သူငယ်ချင်းတယောက့်အကို မင်္ဂလာဆောင်မှာ ရိုက်ထားတဲ့ ဗွီဒီယိုအခွေရလို့ ကျနော်က ကြည့်နေတာ။ မင်္ဂလာဆောင်ကို အားကျသလိုလိုဖြစ်လိုက်၊ ပြီး ကိုယ့်မှာ ယူစရာမရှိလို့ အားငယ်သလိုလိုဖြစ်လိုက် ဖြစ်နေတာ၊ သူကငြိမ်ငြိမ်မကြည့်ဘူး။ ဗွီဒီယိုအခွေထဲက ဟိုရေခဲမုန့်လေးကွာ စားချင်လိုက်တာတဲ့။ မျက်စောင်းတချက်ထိုးကြည့်တယ် နားမလည်ဘူး။ ဟာ ခွံ့ကျွေးနေတယ်တဲ့။ ဆက်ပြောတယ်။ အဟမ်း၊အဟမ်းလို့လုပ်တာ မရဘူး။ ငါ့အလှည့်ကျတော့လည်း ခွံ့ကျွေးမှာတဲ့။ ခက်တော့တာပဲ။ ရည်းစားလေးတစ်ယောက်ရသွားတာနဲ့ ရူးကြောင်ကြောင်ကိုဖြစ်နေတာ။ ဟေ့ကောင် သိပ်မရူးနဲ့ကွာ၊ ငါ့လိုရည်းစားအများကြီးထားခဲ့ဖူးရင် မင်းဘယ်လိုနေမလဲ- လို့စိတ်ထဲကလှမ်းပြောလိုက်တယ်။ မရဘူး၊ တဟီးဟီးနဲ့ ။ မျက်လုံးကြီးကလည်း အရည်တွေရွှမ်းနေတာပဲ။ အရောင်တွေကို လက်နေတာ။ သဘောတွေကျ၊ ကြည့်ရင်းနဲ့ စိတ်ကူးတွေကို ပိုက်ဆံမပေးရတိုင်ယဉ်ပစ်လိုက်တာနေမှာပေါ့။ ဟန်းနီးမွန်းပါတစ်ခါတည်း ထွက်လိုက်သေးတယ်ထင်တယ်။ ကျုပ်ကလည်း ငွေဆောင်မှာ ဒီကောင် ရေကူးရင် ရေနစ်ပါစေဗျာ-လို့ သောက်မြင်ကပ်လို့ ဆုတောင်းလိုက်သေးတယ်။ ဒီကောင်ရေမကူးတတ်တာ ကျနော်သိတယ်။ ဟေ့ မင်္ဂလာဆောင်လာတဲ့သူတွေကလည်း အ၀တ်အစားအသစ်တွေဝတ်လာတာဆိုတော့ ထိုးထိုးထောင်ထောင်နဲ့ ကြည့်မကောင်းဘူးကွာ၊ ဆိုပြီး ပြောတာ အောက်သံ တချက်ပါတွဲထွက်လာတယ်။ အော် သတိလက်လွတ်ဖြစ်သွားတာနေမယ်ပေါ့။ မသိချင်ယောင်ဆောင်နေလိုက်တယ်။ သူက ဒီလောက်ကြီး လေဖောနေမှတော့ ကိုယ်လည်း လိုက်ဖောလိုက်ဦးမယ်ဆိုပြီး အေးကွာ ဆိုပြီး ပြောတာပေါ့။ ဟေ့ဟေ့ ဟိုမှာ ငါတို့ကောင်ကြီးဆိုပြီး နောက်တလုံကပ်ပါလာတယ်။ ဒီကောင်လွန်လွန်းပြီ။ သည်းမခံဘူးကွာ။ ငါ့အကြောင်းသိရမယ်ဆိုပြီး ရှာကြံစု၊ ကြိုးစားပြီးအောင့်ထားလိုက်တယ်။ ဒီတခါတော့ကိုယ်ကစပြီး- ဟာ ဟာ တို့ကောင်ကြီးကလည်းဝလို့၊ သူ့ကောင်မလေးကတော့ ပိုလှနေတယ်ကွလို့ ဦးအောင်ပြောပြီး စုထားတဲ့ တလုံးမသိမသာလွှတ်လိုက်တယ်။ အမယ် ကိုယ်တော့ချောက ဖော်လိုလိုက်တာများ မင်းကလည်း သူ့ကောင်မလေးက အရင်တုန်းကတည်းက အချောစားပါဟ ဆိုပြီး၊ မင်းလည်းဆော်တာပဲ အားမနာတော့ဘူးကွာ၊ ငါလည်း လွှတ်သကွာဆိုပြီးတော့များလား မသိဘူး၊ အောက်သံတချက်ပါအဖော်ထည့်ပေးလိုက်တယ်။ ကျနော်လည်း မနေနိုင်တော့ တံခါးလေးထဖွင့်၊ တီဗွီနဲ့ခပ်လှမ်းလှမ်းကကုလားထိုင်လေးပေါ်သွားထိုင်နေရတယ်။ ဒါကိုမရဘူး ခဏနေတော့ ဟေ့ မောင်ဖြူရ လာပါဟ၊ တစ်ယောက်တည်းကြည့်ရတာ ပျင်းလွန်းလို့ပါ လို့ခေါ်တော့ သွားထိုင်ပါတယ်။ အခွေပြီးကြည့်ပြီးတော့ တစ်နေ့နေ့တော့ ငါ့အလှည့်ပေါ့ကွာ၊ သူငယ်ချင်းတွေကို အကုန်စုံအောင်ဖိတ်ဦးမှာဆိုပြီ နှုတ်ဆက်ဘူလေးနဲထွက်သွားတယ်ဗျာ။
ဇာတ်လမ်းက ဒါပါပဲဗျာ။ သူလေးချက်ဆော်တာကို ကျနော်တချက်နဲ့ ပြန်သတိပေးတာ မသိသလိုလုပ်ပြီးနေလို့ ဒီကနေသတိပေးတာပါ။ မောင်လုံး မင်းကိုနောက်နေ့ကျ ငါလေးချက်ပြန်ဆော်မှာ။ အခုကုလားပဲတွေ ရေစိမ်ထားတယ်။ နောက်နေ့ မင်းတော့ နာပြီသာမှတ်။

Read more...

ဆံသဆိုင်

>> Tuesday, January 15, 2008


ကိုလူသွေးတစ်ယောက် ရူပါတင်ပို့ဆိုပြီး သမိုင်းလမ်းဆုံမှာရှိတဲ့ ဆံသဆိုင်ရှိရာကို ထွက်လာခဲ့တယ်။ ကိုလူသွေး အဲဒီဆံသဆိုင်ကိုသွားချင်နေတာကြာပီ။ ရောက်ဖူးတဲ့ သူငယ်ချင်းတွေက ကိုလူသွေးကို ဒီလိုပြောကြတာကိုး… အဲဒီဆိုင်က ခေတ်မီတယ်၊ ကိုယ်လိုချင်တဲ့ဆံပင်ပုံစံကိုပြောလိုက် စိတ်ရှည်ရှည်နဲ့ ညှပ်ပေးတယ်၊ တစ်ခါတစ်လေ ကောင်မလေးတွေက ဆံသပေးတယ် စသည်ဖြင့်စုံလို့ပေါ့ဗျာ။ မူလရည်ရွယ်ထားတာကတော့ ဆံပင်ညှပ်ယုံပါပဲ။ ဆံသဆိုင်ရောက်တော့ လက်သည်းခြေသည်းပါ ပြုပြင်ပေးတယ်ဆိုတော့ ကိုလူသွေး လက်ချောင်းခြေချောင်းလေတွေကို ကြည့်လိုက်တယ်။ ဟာ… လက်သည်းခြေသည်းတွေ ရှည်နေပါ့လား။ အင်း… တစ်ခါတည်း လက်သည်းခြေသည်းတွေပါ ပြုပြင်သွားမယ်လို့ စဉ်းစားမိတာပေါ့။ ကိုလူသွေးကို လူငယ်က ဆံသပေးတယ်။ ကောင်မလေးတစ်ယောက်က လက်သည်းခြေသည်း ပြုပြင်ပေးတယ်။ ဟဲဟဲ… ကိုလူသွေး ကောင်မလေးကို သဘောကျသွားတယ်။ ပြီးတော့ ကောင်မလေးကို တစ်နေရာရာမှာ ချိန်းပြီး စကားပြောဖို့ ဆုံးဖြတ်လိုက်တယ်။

ကိုလူသွေး။ ။ မိန်းကလေး ခင်ဗျားနာမည်လေးပြောပြလို့ရမလား။
မိန်းကလေး။ ။ ကျွန်မနာမည် မဏီစန္ဒာပါရှင်။
ကိုလူသွေး။ ။ အင်း ငါ့နာမည်… ကျန်စစ်သားလို့ပြောင်းရရင်ကောင်းမလား… စိတ်ထဲမှာ စဉ်းစားနေတာ… မဏီစန္ဒာ ဒီညအချိန်ရရင် ကျွန်တော် ညစာ ဖိတ်ကျွေးချင်လို့ပါ။ တစ်နေရာရာမှာပေါ့ဗျာ။
မိန်းကလေး။ ။ အို… ကျေးဇူးတင်ပါတယ်…. ဒါပေမယ့် ၀မ်းနည်းပါတယ်ရှင်… ကျွန်မ ရှင်နဲ့အတူ ညစာ မစားနိုင်ပါဘူး… ကျွန်မမှာ ချစ်သူရှိတယ်။ ကျွန်မချစ်သူ သိသွားရင် စိတ်ဆိုးမှာပေါ့ရှင်။
ကိုလူသွေး။ ။ ဟာ… ခင်ဗျား ကျွန်တော်နဲ့ ညစာ စားလို့ရပါတယ်… ပြဿနာမရှိပါဘူး… ခင်ဗျား ချစ်သူဆီကို ဖုန်းဆက်ပြောလိုက်ပေါ့ … ဒီည ကျွန်မ သူငယ်ချင်းကောင်မလေးတစ်ယောက်နဲ့ ညစာ အတူသွားစားမယ်လို့။
မိန်းကလေး။ ။ ကျွန်မချစ်သူဆိုတာက အခု ရှင့်ကို ဆံပင်သပေးနေတဲ့သူ။ သူ့ကို ရှင်ကိုယ်တိုင်ပဲ ပြောလိုက်ပေတော့။

Read more...

အတ္တ

>> Monday, January 14, 2008

မိုးမှာခရေ
ကြွေ… .
မေ့ခြေထောက်အောက်
မေမကောက်ချင်။
နွေမှာပိတောက်
သွေ့ခြောက်ခဏ
ပန်သမဆင်
မေမကြင်…. ။
ဆောင်းရောက်ခွာညို
ပြစ်မဆိုသာ… .
လှနှိုင်ပါရက်..မေနှစ်သက်လည်း
တစ်ပွင့်မက်သူ မေ့တွက်မူကား
ပွင့်ခိုင်ခွာညို မပန်လို။

မွန်းအိန်ဂျယ်လ်

Read more...

တိမ်ခိုးငယ်… ဝေ

ရှေးစာဆို ရှင်ငြိမ်းမယ် ရေးခဲ့တာကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ ကျွန်တော်ကတော့ ဒီစာသားကို သီချင်းအနေနဲ့စပြီး နားထောင်ဘူးတာပါ။ သုတရသ ပေးတဲ့ ဒီစာသားလေးတွေကို ဖတ်ကြည့်ကြပါအုံး။

တိမ်ခိုးငယ်… ဝေ

တိမ်ခိုးငယ်မှ ဝေေ၀
နှောပင်ကြီး နှောသီးကြွေ
လေပွေတိုက်လို့ (၀ဲတတ်တယ်)

ဥသျှစ်သီး မြေကြီးမှာမြှုပ်
ပြာဖုံးအုပ်လို့ မီးဖုတ်လိုက်လျှင်
သီးဖော်ရယ်မှ သီးဖက် အပင်ထက်မှာ
တက်တက်စင် မီးကင်သည့်နှယ် (ကွဲတတ်တယ်)

သနပ်ခါး ကျောက်ပြားပေါ်တွင်
သောက်ရေအေးနှင့် ရောသွေးလာလျှင်
နံ့သာပေါ် (ကျဲတတ်တယ်)


ပန်းနီနီ မပန်လေနှင့်
အမယ်မှာ နတ်ပန်းပွင့်တဲ့ အတင့်ငယ်မှ (ရဲချင်)
ပျော်လိုအားနဲ့ ခေါင်းဖျားတင် အရင်လူနဲ့
(လွဲတတ်တယ်)

Read more...

အတိတ်ကို တူးဆွကြည့်ခြင်း

>> Sunday, January 13, 2008

လူတွေက အတိတ်က အကြောင်းတွေကို ပြောဖြစ်ကြရင် ကိုယ့်ကိုကိုယ် နုပျိုလာသလိုခံစားလာရတတ်တယ် လို့ ကြားဖူးတယ်။ အတိတ်မှာက ပျော်စရာနေ့ရက်တွေရှိခဲ့သလို ၀မ်းနည်းစရာနေ့တွေလည်းရှိခဲ့ကြမှာပါပဲ။ ပျော်စရာ ၀မ်းနည်းစရာမဟုတ်ဘဲနဲ့ အမှတ်တရဖြစ်စေခဲ့တဲ့ နေ့ရက်တွေလည်းရှိမှာပေါ့ဗျာ။
ကျွန်တော် ရွာမှာတုန်းက ကျွန်တော်တို့အိမ်နဲ့ နှစ်အိမ်ကျော်က မိသားစုက ရွှေမန်းတင်မောင်ရဲ့ ဇာတ်ထုတ်ကို တစ်လကို တစ်ခါတော့ ဖွင့်နားထောင်ကြတယ်။ ဖွင့်လိုက်ရင်လည်း ခုနှစ်အိမ်ကြား ရှစ်အိမ်ကြားပေါ့ဗျာ။ အဲဒီတော့ ရွှေမန်းတင်မောင်ဆိုတဲ့ ဒီသီချင်းလေးကို အလွတ်ကိုရနေတော့တာ။
ဘာတဲ့ဗျာ…
“သောက်လိုက်ရင်ချို… မြိုလိုက်ရင်ခါး…
ပေးပါအုံးကွဲ့ တစ်ခွက်တစ်ဖလား…
တစ်ခွက်သောက်တော့ မူး…
နှစ်ခွက်သောက်တော့ မူး…
သုံးခွက်သောက်တော့ ရူး…
ထန်းပင်ကြရေ… ထန်းပင်ကြရေ…
ချိုသမျှမျှ…ခါးသလေလေ…
တို့ဘေဒိုဘေ… တို့ဘေဒိုဘေ…
ဘေဘေတပ်…ဘေးတပ်…”
ဘာလို့ဒီဇာတ်ထုတ်ကို ထပ်တလဲလဲနားထောင်တာပါလိမ့်လို့ မာတာမိခင်ကို စပ်စုကြည့်တော့ သူတို့အမျိုးထဲမှာ ထန်းရည်သောက်တဲ့သူရှိလို့တဲ့။ ထန်းရည်သောက်တာမကောင်းဘူးဆိုတာကို အဲဒီဇာတ်ထုတ်နဲ့ ပြောပြတာ။ သူတို့ကိုယ်တိုင်မပြောချင်လို့ဆိုပဲ။ တစ်ဆက်တည်း ကျွန်တော့်ကိုလည်း သေရည်သေရက်ကို မသောက်ဖို့ ဆုံးမလိုက်ပါရောဗျာ။ ဦးလေးတွေကို အဲဒီအကြောင်းပြောပြတော့ ဦးလေးကဘာပြောတယ်မှတ်လဲ။ သောက်တာသောက်ငါ့တူ အလွန်အကျွံတော့ မဖြစ်စေနဲ့တဲ့။ မူးရင်လည်း ရန်တွေဘာတွေ မဖြစ်နဲ့ပေါ့ကွာတဲ့။ ပြီးတော့ ဦးလေးက ဘာဆက်ပြောလဲဆိုတော့ “သေရည်သေရက် စီးပွားပျက်ကို တစ်စက်ကယ်မျှမသောက်ကြနဲ့ ရှင်တော်ဟောသည့် အဆိပ်ရည်” ဆိုပြီး ဆက်လက်ဆုံးမလိုက်ပါတယ်။
ကျွန်တော်တို့ ရွာမှာက အိမ်တစ်အိမ်ကမှာ စပါးသိမ်းရင် တစ်ခြားအိမ်တွေက ၀ိုင်းဝန်းကူညီလုပ်ကြတာလေ။ အဲဒီလိုကူလုပ်တဲ့သူတွေကို ဧည့်ခံကျွေးမွေးကြတာကတော့ ပုံစံအမျိုးမျိုးရှိတာပေါ့။ တစ်ချို့က ထန်းရည်နဲ့ဧည့်ခံတယ်။ တအားမူးအောင်တော့ မဟုတ်ဘူးပေါ့ဗျာ။ သူတို့တစ်တွေ နည်းနည်းမှန်လာပြီဆိုရင် ငယ်တုန်းကအကြောင်းတွေကို ဖော်ထုတ်ကြတော့တာ။ ကျွန်တော်မှတ်မိသလောက်တော့ သူတို့ပြောတဲ့အထဲမှာတော့ လူပျိုတုန်းက မိန်းမပိုးတဲ့အကြောင်းကတော့ အများဆုံးပြောကြတာပဲ။ ရီကြမောကြနဲ့ ပျော်စရာတော့ ကောင်းသားဗျ။
အဲဒီလိုနဲ့ ကျွန်တော်လည်း ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ဖို့ မန္တလေးရွှေမြို့တော်ကြီးကို သွားရတော့တာပဲ။ တက္တသိုလ်ဆိုတာ ဘယ်လိုပါလိမ့်လို့လဲ စိတ်ထဲမှာ တွေးမိတယ်။ မိဘ မောင်နှမတွေနဲ့ ခွဲပြီးသွားရမှာဆိုတော့လည်း စိတ်ထဲမှာတော့ တစ်မျိုးကြီးပေါ့ဗျာ။ ကျောင်းတော်ကြီးကိုရောက်တော့ ကျောင်းတော်ကြီးအ၀င်က တမာပင်တန်းကြီးကို မြင်ရတော့ ဟိုသီချင်းကိုသတိရမိတယ်…ဘာတဲ့ဗျာ…
“တစ်မာပွင့်ချိန်ဝယ် တစ်မာတန်းလေးက
ကမ်းလင့်လို့ ကြိုနှင့်ပါမေရယ်…”
အဲဒီလောက်ပဲ မှတ်မိတော့တယ်။ အဆိုတော်နာမည်ကတော့ ဗိုလ်ဟိန်းဆိုလာပဲဗျ။ မြန်မာဆိုင်ဝိုင်းလေးနဲ့ဆိုထားတာဆိုတော့ နားထောင်လို့တော့ကောင်းသား။ နောက်သီချင်းတစ်ပုဒ်ရှိသေးတယ်…
“တမာတောမှာပျော်တယ်ဆိုတဲ့ မောင်ရေမောင်ရေ…
အညာမြေကိုမေ့လို့လား…အညာသူလေးကိုမေ့လို့လား…
ကွဲကွဲပြားပြား ပြောပါမောင်ရေ…”
အညာမြေနဲ တစ်မာပင်ဆိုတာကလည်း ခွဲထားလို့မှ မရပဲကိုးဗျ။
ဒီလိုနဲ့ အဆောင်ရောက်တော့ အခန်းထဲကိုဝင်လိုက်တယ်ဆိုရင်ပဲ ပထမဆုံးမြင်လိုက်တဲ့ ပုဂ္ဂိုလ်ကြီးကတော့ မာနိ။ အောင်မယ် ကုတင်ပေါ်မှာ ဇိမ်ကျကျနဲ့ တုံးလုံးလှည်းရင်း စာအုပ်တစ်အုပ်ကို ဖတ်နေတာ။ ကျွန်တော်ဝင်လာတော့ တစ်ချက် ကျွန်တော့်ကိုကြည့်လိုက်တယ် မျက်မှန်ကြီးပင့်ပြီးတော့။ ပြီးတော့ ဖတ်လက်စစာအုပ်ကို ဆက်ဖတ်နေတယ်။ တစ်ပတ်လောက်ရှိတော့ ကျွန်တော်တို့ အပေါင်းအသင်းတွေဖြစ်သွားပါရော။ လက်ဖက်ရည်ဆိုင်ထိုင်လည်း အတူတူ၊ စာကြည့်တော့လည်း အတူတူ၊ ကောင်းမလေးတွေအဆောင်ရှေ့အားပြဲကြီးနဲ့ သွားအော်တော့လည်း အတူတူ၊ ဘောလုံးကန်တော့လည်း အတူတူပဲ။ မာနိကဘောလုံးကန်တာကောင်းတယ်။ သူ့က ညာနောက်ခံနေရာကို အပိုင်ယူထားတာ။ ကျွန်တော်ကတော့ နောက်တန်းအလယ်ကို ကစားတာပေါ့ဗျာ။ ဒီလိုနဲ့ တစ်တန်းပြီးတစ်တန်း တစ်နှစ်ပြီးတစ်နှစ် ကုန်လာတာ နောက်ဆုံးနှစ်ကို ရောက်လာပါရော။ နောက်ဆုံးနှစ်ရောက်ပြီဆိုတော့ ကိုယ့်ကိုကိုယ် လူကြီးလို့ကိုမသတ်မှတ်သေးဘူး။ ကျောင်းပိတ်ရက်တွေမှာတော့ ကျွန်တော်တို့ သူငယ်ချင်းတစ်စု ရန်ကင်းတောင်ပေါ်တက် ဘုရားဖူးတယ်ပေါ့ဗျာ။ အင်း….တစ်ခုကျန်နေခဲ့တယ်…ပြောဖို့မေ့သွားတာ။ ထန်းရည်အတူတူသောက်ဖြစ်တဲ့အကြောင်းလေးပေါ့ဗျာ။ အဲဒီတုန်းကတော့ မာနိနဲ့ နှစ်ယောက်သွားဖြစ်ကြတာ။ ထန်းရည်သွားသောက်မယ်လို့ သူငယ်ချင်းတွေကြားမှာ ပြောလေ့ပြောထ မရှိဘူး။ ဘယ်လိုပြောကြလဲ ဆိုတော့ ပတ္တမြားရိပ်သာ သွားကြမယ်ဟေ့။ အဲဒါဆိုရင် အချင်းချင်း သဘောပေါက်ကြတယ်။ တစ်နေ့မှာတော့ ကျွန်တော်က မာနိကို ရာသီဥတုကလည်းပူတယ်ကွာ။ တို့ ရိပ်သာကို ဒိုးကြရအောင်လို့ ပြောတော့ မာနိက ခေါင်ခါတယ်။ မလိုက်တော့ဘူးလားလို့မေးတော့ လိုက်မှာတဲ့။ အဲဒါနဲ့ပဲ ရေမိုးချိုး နေ့လယ်စာ စားသောက်ပြီ်း စက်ဘီးတစ်ယောက်တစ်စီးနဲ့ ရိပ်သာရှိရာကို ထွက်ခွာလာတော့တယ်။ ရန်ကင်းတောင်ခြေမရောက်ခင်မှာပဲ ပတ္တမြားရိပ်သာသို့ဆိုပြီး ဆိုင်းဘုတ်ကို တွေ့တော့တာပဲ။ အဲဒီဆိုင်းဘုတ်က မြားညွှန်တဲ့အတိုင်း လာလိုက်ကြတာ ရိပ်သာကို ရောက်တယ်ဆိုပါတော့ဗျာ။ အထဲမှာက ထန်းရွက်တဲလေတွေရှိတယ်။ တဲထဲမှာ လူတွေဝိုင်းဖွြဲ့ပီးထန်းရည်သောက်နေကြတာ။ တစ်ချို့ကတော့ ထန်းပင်အောက်မှာ။ ကျွန်တော်တို့နှစ်ယောက်
နေရာလွတ်တစ်နေရာကိုရွေးပြီး ထိုင်နေတုန်းပဲ ကောင်လေးတစ်ယောက် ရောက်လာပြီး အစ်ကိုတို့ ပင်ကျရည်သောက်မှာလား နှပ်ရည်သောက်မှာလားလို့မေးတော့ မာနိက ဘာလဲကွ နှပ်ရည်ဆိုတာ ရှင်းပြပါအုံးလို့ပြောတော့ ´နှပ်ရည်ဆိုတာ ပင်ကျရည်မဟုတ်တာ´ တဲ့။ အင်း…သူပြောမှပဲ ရှင်းသွားရော ဂျပန်ကြီးရေချိုးတဲ့အတိုင်း။ ကဲ ပင်ကျရည် တစ်မြူပေးကွာ။ အမြည်းဘာရလဲဆိုတော့ ကြွက်ကင်၊ ပြောင်းဖူးပြုတ်၊ လက်ဖက်သုပ်။ ကျွန်တော်က ကြွက်ကင်နဲ့ ပြောင်းဖူးပြုတ်မှာလိုက်ပါတယ်။ အနည်းငယ်ကြာတော့ ကျွန်တော်တို့ မှာထားတာတွေ ရောက်လာပါတော့တယ်။ တစ်ခါမှ မသောက်ဖူးတော့ ဘာနဲ့မြည်းရမှန်းမသိဘူး။ မာနိက ဘာမှမပြောဘူး။ ကျွန်တော့်ကို ကြည့်ပြီး ပြုံးပြုံးကြီးလုပ်နေတယ်။ မာနိက ကျွန်တော့်ကို မင်းကဒီနေ့ဘာလို့ထန်ရည်သောက်ချင်ရတာလဲ လို့မေးတော့… ကျွန်တော်လည်း ဘာပြန်ပြောရမှန်းမသိဘူး။ ပြီးတော့မှ ကျွန်တော်က နေကလည်းပူတယ်ကွာ…. ထန်းရည်က ကျန်းမာရေးနဲ့ ညီညွတ်တယ်… အလွန်အကျွံ အစွဲအလမ်းမဟုတ်ရင်ပေါ့ကွာ.. လို့ပြောလိုက်တာပေါ့။ မာနိက မင်းတို့ဆီမှာ ထန်းရည်ဘယ်နှစ်မျိုးရှိလဲတဲ့။ ဟာ… အင်း…ငါသိတာကတော့ ပင်ကျရည်တစ်မျိုးပဲသိတာ… ဟိုကောင်လေးပြောမှ နှပ်ရည်ဆိုတာကြားဖူးတာကွ… မင်းတို့ဘက်မှာရောဘယ်နှစ်မျိုးရှိတုန်းလို့မေးတော့… မသိဘူးတဲ့… ကဲ.. စဉ်းစားမနေနဲ့ ဆိုပြီး ထန်းပင်ရိပ်အောက်မှာ နှစ်ကောင်သား ထန်းရည်လေးသောက်လိုက် ပြောင်းဖူးပြုတ်လေးဝါးလိုက် ကြွက်ကင်လေးကိုက်လိုက်နဲ့ပေါ့။ အချိန်ကလည်း ညနေချိန်ဆိုတော့ သောက်လို့တော့ ကောင်းသားဗျ။ ကျွန်တော်တစ်ခွက် မာနိတစ်ခွက်နဲ့သောက်လာလိုက်တာ တစ်မြူကုန်သွားရော။ ဘာမှမဖြစ်သေးဘူး နှစ်ယောက်သား။ ခဏနားပြီး တုန်းလုံးပက်လက်လဲပြီး ကျွန်တော်က အခုနေများ ဒို့များ မိဘတွေမြင်လိုက်လို့ကတော့ ရင်ကြိုးပြီ… မိဘတွေကတော့ ထင်နေမှာ… ဒီအချိန်ဆို ငါ့သားလေး စာတွေကြိုးစားနေမှာလို့… အခုတော့ ထန်းရည်သောက်လိုက် အမြည်းဝါးလိုက်နဲ့ လောကကြီးကိုမေ့လို့ကွ… အဲဒီတော့ မာနိက ဘာပြောလည်းဆိုတော့ တစ်ခါတစ်လေပဲကွာတဲ့။ အမြဲတမ်းသောက်တာမှမဟုတ်ပဲဆိုပြီး နောက်တစ်မြူထပ်မှာလိုက်ပါရော။ ပင်ကျရည်က ချိုသားဗျ။ မသောက်ဘူးရင်သောက်ကြည့်။ ကုန်သွားပြန်ရော နောက်တစ်မြူ။ ဟာ…ဒီတစ်ခါတော့ နည်းနည်းမှန်လာသလိုပဲလို့ မာနိကိုပြောတော့ အေးကွမှန်လာတယ်။ ထန်းပင်တွေကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေပြေလေညင်းလေးတွေကို ရှူရှိုက်ရင်း နေ့လည်ကတည်းက စကားတပြောပြောနဲ့ သောက်လာလိုက်တာ ညနေစောင်းပါရောဗျာ။ မင်းမူးနေပြီ ငါမူးနေပြီနဲ့ အညင်းအခုံလုပ်ကြတာပေါ့။ အဲဒီတော့ ကျွန်တော်က လွယ်အိပ်ထဲမှာပါတဲ့ စာအုပ်ကို ထုတ်ပြီး ဖတ်ပြလိုက်တာ ကျွန်တောမမူးသေးဘူးဆိုတာသိအောင်လို့။ မာနိကတော့ ပြုံးပြုံးပဲ။ နောက်တစ်မြူရောက်လာတော့ ဆက်သောက်ကြပြန်ရော။ ဒီတစ်ခါတော့ အစတစ်ခွက်မှာတင် ကျွန်တော့်မှာ မူးပြီး အန်ပါလေရော။ မာနိက ကျွန်တော့်ကို နှိပ်ပေးတယ်။ စောစောက စားထားတာတွေ သောက်ထားတာတွေ အကုန်ကို အန်ပါလေရော။ အပေါ်ဆုံးမှာ ရေးခဲ့တဲ့သီချင်းကို ဆိုမိသလား မဆိုမိသလား မမှတ်မိတော့ဘူး။ မာနိပေါင်ပေါ် ခေါင်းအုံးရင်း ကျွန်တော်မှေးနေတာပေါ့။ မာနိလည်း တစ်ယောက်ထဲ ဆက်သောက်နေတာ။ မကြာပါဘူး ဒီကောင်ကြီးလည်း အန်တော့တာပဲ။ ဒီကောင်ကြီးအန်တော့ ကျွန်တော်က နှိပ်မပေးနိုင်တော့ဘူး။ ကျွန်တော့် ပတ်ဝန်းကျင်မှာရှိတဲ့ အရာအားလုံးကလည်း ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ဖြစ်နေပြီ။ ပြီးလည်းပြီးရော နှစ်ယောက်သား အိပ်ပျော်သွားကြရော။ ဘယ်လောက်ကြာကြာအိပ်ပျော်သွားလဲ မသိဘူး။ ကျွန်တော်တို့ အိပ်ရာကနိုးတော့ ခုနှစ်နာရီထိုးနေပြီ။ ဒါတောင် ထန်းတဲပိုင်ရှင်က လာနှိုးတာ။ ညီလေးတို့ ပြန်မှာလား။ ဆက်အိပ်မှာလားတဲ့။ မပြန်ဘူးဆိုရင် စက်ဘီးတွေ သော့ခတ်ပြီး သိမ်းထားလိုက်မယ်တဲ့။ အိပ်မယ်ဆိုရင်လည်း ထန်းလက်တဲလေးထဲ ပြောင်းအိပ်ကြကွာတဲ့။ မင်းတို့ ထန်းရည်သောက်လို့ မပြီးသေးဘူးထင်နေတာတဲ့။ အနားလာကြည့်မှ အိပ်ပျော်နေတာသိတယ်တဲ့။ အိပ်ရာကနိုးတော့ အမူးပြေနေပြီလေ။ ဟာမဖြစ်ဘူးဗျို့ပြန်မှဖြစ်မှာ အဆောင်မှာလူစစ်လို့ ကျုပ်တို့နှစ်ကောင်မရှိရင် မိဘတွေ မျက်ခုံးလှုပ်နေလိမ့်မယ်ဆိုပြီး အဆောင်ကိုပြန်လာခဲ့တော့တာပဲ။ ထမင်းစားဆောင်ကပိတ်ပြီဆိုတော့ ကန်တင်း ဂျပန်ကြီးဆိုင်မှာ ညစာစားလိုက်ရတော့တယ်။ ဆတ်သာချောက်ကို သံပုရာသီးလေးဆမ်း ထမင်းဆီဆန်းနဲ့ စားလိုက်တာ ထန်းရည်သောက်ပြီးစားရလို့လားမသိဘူး တော်တော်စားကောင်းတာပဲ။ မာနိကပြောသေးတယ် ငါတို့ မူးပြီးထန်းတဲမှာ အိပ်ပျော်တာကို ဘယ်သူ့မှမပြောနဲ့နော်တဲ့။ အင်းပါလို့ပြောလိုက်တယ်။ အခု လူစုံတုန်းမိုလို့ ဖွလိုက်တာ။မာနိ ကျွန်တော်ဒီလိုစာချိုးကြည့်တယ်ဗျ…


ရိပ်သာ ပတ္တမြား
တစ်ခေါက်တစ်ခါ အရောက်သွားတယ်
ထန်းရည်သောက်ဖို့ပါကွယ်
အစကတော့ တစ်ခွက်တစ်ဖလား
ဝင်ရောက်ခါ မော့လိုက်ကြတော့
သုံးမြူတောင် ကုန်လို့သွား…
မမူးဘူးဆိုပြီး နှစ်ယောက်သား
ဆက်ကာဆက်ကာသောက်လိုက်ကြတော့
ဥသြတွေ ဆွဲကုန်ရောဗျား…
တရေတမော အိပ်လိုက်မိတယ်
ထန်းပင်အောက်မှာကွယ်
တဲပိုင်ရှင်က နှိုးမှ အိပ်ရာကထ
အဆောင်ကို ပြန်ခဲ့တယ်ဗျ…
အဆောင်မရောက်ခင်
ကန်တင်းဝင် ထမင်းစားဖို့ပြင်
ဟင်းကဘာလဲ မမေးနဲ့
ဆတ်သားချောက်နဲ့ကွဲ့။
မောင်လုံး

Read more...

ကျိန်စာသင့်တဲ့ည

>> Saturday, January 12, 2008


ကျိန်စာသင့်တဲ့ည

ည... အာကာတခွင်
မှောင်ရိပ်တွေဆင်း
ဝန်းကျင်တိတ်ဆိတ်
ရင်ခုန်သံတိတ်ဆိတ်တဲ ည...
ည... အချစ်တွေပျက်သုန်း
အလွမ်းနဲ့ဆုံး
ကြေကွဲလှတဲ့ ည...
ည... တုန်ရီမတ်ကွဲ
ကွဲကြေနှုတ်ဆက်
ဝမ်းနည်လှိုက်ဖို
သောကတွေပို
မျက်ရည်စိုတဲ့ ည...
ည... မှတ်တိုင်လမ်းခွဲ
နေရာလေးမှာ
လက်ပြခွဲခွာ
ချစ်သူအဝေး ပြေးထွက်တဲ့
ည...မျက်ရည်တွေကြွေ
အလွမ်းတွေဝေ
ကျိန်စာသင့်တဲ့
ဒီညကို...
နတ်ဆိုးကျိန်စာ
အကြိမ်တစ်ရာထက်ကို
ကြောက်ရွံနေမိသူပါ...

မြူနှင်းသစ်

Read more...

အလုပ်အကိုင်

>> Friday, January 11, 2008


ယောင်္ကျားဖြစ်သူ မှာ မြို့ထဲကနေပြန်လာပြီး ၀မ်းသာအားရနဲ့ အိမ်ထဲကို ပြေးဝင်လာတယ်။ မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေတဲ့ ဇနီးဖြစ်သူကို ခေါ်လိုက်ပြီး…

ယောကျာင်္း။ ။ ငါ ဒီနေ့ တော်တော်ကောင်းတဲ့ အလုပ်သစ်တစ်ခုကို ရှာတွေ့ခဲ့တယ်။ အလုပ်က နံနက် ရှစ်နာရီကနေ ညနေ ငါးနာရီ အထိလုပ်ရမှာ။ နံနက်တစ်ကြိမ် ညနေတစ်ကြိမ် ကော်ဖီ တိုက်မယ်။ နေ့လယ်စာ စားချိန်ကို တစ်နာရီပေးထားတယ်။ လုပ်ခကလည်း တော်တောများများရမှာ။ ကျန်းမာရေး စောင့်ရှောက်မှုကလည်း အခမဲ့ကွ။ ပြီးတော့ အားလပ်ရက်ကို သုံးပတ်ပေးထားတယ်။ အဲဒီအလုပ်ကို လက်ခံသင့်တယ်မဟုတ်လား….မင်းဘယ်လိုထင်လဲ။

ဇနီး။ ။ အိုး… တော်တော်ကောင်းတဲ့အလုပ်ပါပဲ… လက်ခံသင့်တာပေါ့။ ရှင် ဒီလိုအလုပ်ကို ရှာတွေ့ခဲ့တာ ကျွန်မဖြင့် အရမ်းပျော်တာပဲ။

ယောင်္ကျား။ ။ ကောင်းပြီ…. မင်းလက်ခံတယ်ဆိုရင် မနက်ဖြန်ကစပြီး အလုပ်ဆင်းလို့ရပြီ။

Read more...

မေ့မပစ်ပါနဲ့


မေ့မပစ်ပါနဲ့

မေ့မပစ်ပါနဲ့
မတွေ့ဖြစ်တဲ့ရက်တွေတိုင်းမှာ
ငါ့ကိုသတိရနေပါနော်...
တကယ်တမ်းကျတော့
နင်နဲ့ငါရဲ့ ဇာတ်လမ်း
လွမ်းခန်းတွေ များတယ်နော်...
တခါတလေ လမ်းမှားနေပြီလား
စဉ်းစားရင်းနဲ့
နင့်ကိုတအား လွမ်းလာတယ်...
အဲဒီအကျည်းတန်အလွမ်းတွေကို
တပ်မက်နေခဲတာ
နှလုံးသားလဲ ပါးပါးလေးပဲကျန်တော့တယ်...
မငိုဘူး ဆိုပေမဲ့... ငါ...
မျက်ရည်ဝဲခဲ့ရတဲ့
အကြိမ်တွေ မနည်းပါဘူးလေ...
ဒါပေမဲ့...
နှလုံးသား ရပ်ဝန်းမှာတော့
မျက်ရည်မိုး က
စိုးရိမ်ရေမှတ်ထိအောင်ရွာတယ်…..

မြူနှင်းသစ်

Read more...

လူအေးနှင့်အရှုပ်တော်ပုံ


ပြောရဦးမယ်။ လူအေးတို့ ကျောင်းတော်သာကိုရောက်ခါစက တစ်ခန်းကိုရှစ်ယောက်ဟောတိုက်နေရတယ်။ သိတဲ့အတိုင်း နေပူ၊လေတိုက်၊မြွေပွေးကိုက် လို့တောင်စာဆိုရှိမှာတော့ ပူလိုက်တာလွန်ပါရော။ အဲဒီတော့ လူအေးတို့ ပြူတင်းတံခါးတွေ အကုန်ဖွင့်ထားတာပေါ့။ လေကလည်း ရူးနေအောင်ကိုတိုက်တာ။ ကျောင်းကိုစရောက်လို့ ၅ ရက်ပြည့်တဲ့နေမှာ လေတိုက်လွန်းလို့ လူအေးတို့ အခန်းတံခါးမှန်ကွဲပါလေရောဗျာ။ သူ့ဟာသူပါဗျာ တကယ်ပြောတာ။ အဲဒါကို စာရေးကြီးကရောက်လာပြီး လူအေးတို့ကိုဖြဲတော့တာပဲလေ။ ညနေရောက်တော့နောက်တစ်ခေါက်လာပြောတယ် မင်းတို့အားလုံးကို ပါချုပ်ကြီးအရမ်းစိတ်ဆိုးနေတယ်။ ကျောင်းပိုင်ပစ္စည်းကို ဖျက်ဆီးလို့တဲ့။ လေတိုက်လို့ကွဲတာပါဆိုတာကို မယုံဘူး။ မူးပြီးခွဲတာလို့ပဲစွပ်စွဲပြီး ၆/၁တွေရော ၇/၁ တွေရော စုံနေအောင်ပြောတယ်။ မနက်ဖြန်မနက် ပါချုပ်ကြီးရုံးခန်းကို မင်းတို့ရှစ်ယောက်လုံးတတ်ရမယ်တဲ့။ အဲ… လူအေးတော့သွားပြီ။ ဘယ့်နှယ်လုပ်ရမယ်မှန်းကိုမသိတော့တာ။ ကျောင်းကိုမသွားခင်တုန်းက အမေကသေချာမှာလိုက်တယ် “ငါ့သားရယ်… မင်းကျေးဇူးကြောင့်၊ ငါတို့မှာလည်း ကျောင်းအုပ်ကြီးတွေနဲ့ရင်းနှီးတာလည်း မနည်းတော့ဘူးတဲ့”။ နေရာတစ်ကာမပါ-ပါနဲ့။ လိမ္မာပါတော့သားရယ်။ ကိုယ့်ကိုကိုယ်ဂရုစိုက်ပါလို့မှာလိုက်တာ။ လူအေးတို့အခုကျောင်းရောက်လို့တစ်ပတ်မပြည့်သေးဘူး ပါချုပ်ကြီးရုံးကိုတတ်ရတော့မယ်။ မိဘခေါ်ဆိုရင်တော့။ အမေက ဘာပြောမယ်မသိ။ အဖေကတော့ “ငါထင်တော့ထင်သား၊ ဘယ်တော့လာရမလဲလို့စောင့်နေတာ၊ ခုဟာကစောတာကွာ” ဆိုတာမျိုးပြောဦးမယ်။ ဟင်! ဘယ်နှယ့်လုပ်ရပါ့။

နောက်နေ့မနက် စာရေးကြီးလာခေါ်လို့။ လူအေးတို့ စပ်ဖြီးစပ်ဖြီးနဲ့ ရုံးသွားတတ်တာပေါ့။ ဟိုရောက်တော့ ပါချုပ်ကြီးကမေးတယ် ဘာကိစ္စတုန်းတဲ့။ ဟောဗျာ သူ့ခမျာဘာမှမသိရှာသေးဘူး။ သူခေါ်တယ်ဆိုလို့လည်း လာရသေးတယ်။ အဲ! စာရေးကြီးက၀င်ပြောမလို့လုပ်တုန်း။ ပါချုပ်ကြီးဆီကို ဖုန်းလာပါလေရော။ လူကြီးတွေဆိုတော့ သိပ်အလုပ်ရှုပ်တာ ပြာပြာပြာပြာနဲ့ ခဏလေးကွာဆိုထွက်သွားတာ။ လူအေးတို့ ၈-ယောက်လည်း ရုံးခန်းထဲမှာ အူလည်လည်မတ်တပ်လေးတွေနဲ့ပေါ့။ မကြာပါဘူး စာရေးကြီးလည်း မင်းတို့အားလုံး ယောင်လို့တောင်ရုံးခန်းအပြင်ကို မထွက်နဲ့။ ငြိမ်ငြိမ်နေခဲ့ကြ ဆိုပြီး သူကလည်း ဘယ်ထွက်သွားတယ်မသိပါဘူး။ ရုံးအပြင်ထွက်တဲ့ကောင် ကျောင်းထုတ်မယ်ဆိုတော့ လူအေးတို့လည်း အပြင်ဘယ်ထွက်ရဲမလဲ။ ဟိုက်ရှားပါ ရုံးခန်းဆိုတော့ အဲယာကွန်းနဲ့လေ။ လူအေးလည်းရပ်ရတာ ညောင်းလာတော့ ထိုင်ခုံကိုဆွဲထိုင်လိုက်တယ်။ လူကြီးတွေမှ မရှိတာပဲလေနော။ ဇိမ်ကျလိုက်တာ။ ဖီးလ်ကလေးနဲ့ သီချင်းလေညဉ်းလိုက်တယ် “ဒီလိုနေ့မျိုး တစ်ရာမကလေတွေ့ပါရစေ”ဆိုတော့။ အယူသည်း စစ်ကိုင်းသားဘိုးတော်က ဘုရားစာရွတ်နေရာကနေထအော်တယ် “နိမိတ်မရှိ နမာမရှိကွာ”တဲ့။ အင်း လူအေးလည်း ငြိမ်ပြီးနှပ်နေတုန်း အသားမဲမဲအရပ်ရှည်ရှည်နဲ့ ကင်မရွန်းဆိုတဲ့ကောင်ကဂြိုလ်ထမွှေတယ်။ လူအေး ငါရေငတ်တယ်ကွာတဲ့။ ဘာခက်တာမှတ်လို့လဲ လူအေးဘေးမှာ ရေခဲသတ္တာကြီးရှိနေတာ့ ဖွင့်ကြည့်လိုက်တယ်။ အိုအေစစ်ရေသန့်ဗူးလေးတွေ့တာနဲ့ သူ့ကိုမပေးခင် အရင်ဦးအောင်သောက်၊ ပြီးမှပေးလိုက်တယ်။ အဲ့ဒီမှာ မုံရွာသား ဘစ်ရှော့ခ်ဆိုတဲ့ကောင်က ဖဲသမားမျက်စိနဲ့ “အံမယ် ရေခဲသေတ္တာအပေါ်မှာ ငါတို့ဆီကထွက်တဲ့ မြေပဲစားလှော်ထုပ်ကွ” ဆိုပြီး ထ ယူစားတယ်။ ဘယ်ရမယ် လူအေးလည်း အနားမှာရှိတဲ့ ပန်းကန်ပြားထဲ အများကြီးထည့်ပြီး စားနေလိုက်တယ်လေ။ သူများစားရင် စားပြီးသားပဲ။ မြေပဲဆားလှော်ဆိုတော့သိတဲ့အတိုင်း အခွံတွေက စားရတာအလွန်ရှုပ်တာကိုး။ မတ်တပ်ရပ်ပြီး ဘုရားစာရွတ်နေတဲ့ ဘိုးတော်နဲ့ ဗိုက်ကလေး ကတော့ မင်းတို့ ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့။ အဲဒီအချိန်မှာဗျာ အဆောင်ကနေထွက်လာကတည်းက စကားတခွန်းမှမပြောတဲ့ သပိတ်ကျင်းသားက ငေါင်တောင်တောင် အူကြောင်ကြောင်နဲ့ ဘာမပြောညာမပြော မတ်တတ်ပန်ကာကြီးကို လက်ဆော့ပြီး ခလုပ်သွားနှိုပ်ပါလေရော။ ဘာပြောကောင်းမလဲ? ဘာမှကိုပြောလို့မကောင်းတော့ဘူး။ ရုံးခန်းကြီးတစ်ခုလုံး မြေပဲစားလှော်အခွံတွေ ပလူပျံကုန်တာပေါ့။ သူ့ကြောင့်ငါ့ကြောင့် အပြန်အလှန်လက်ညှိုးတွေထိုးနေတုန်း ပါချုပ်ကြီးပြန်ရောက်လာတယ်။ ပါချုပ်ကြီးလည်းစိတ်တွေတိုပြီး ဟေ့ကောင်တွေမင်းတို့ဘာလုပ်တာတုန်း၊ သွားကြကွာ၊ ထွက်သွားကြစမ်းကွာဆိုပြီး၊ စာရေးမတစ်ယောက်ကို တံမြတ်စည်းလှဲဖို့လှမ်းခေါ်လိုက်တယ်။ လူအေးတို့လည်း အဲဒီလိုဆို စကားကို တအားနားထောင်တာ ချက်ချင်းကို ထထွက်ပြေးလာတာ။ လမ်းပေါ်ရောက်မှ သတိထားမတယ်။ အိုအေစစ်သောက်ရေသန့်ဗူးက လူအေးလက်ထဲမှာ အဆစ်ပါလာသေးတယ်။ အဲဒီလိုနဲ့ လူအေးတို့အခန်း မှန်ကွဲတဲ့ အရှုပ်တော်ပုံလေး ပြေလည်ခဲ့ရဘူးတယ်လေ။ ဘာပဲပြောပြော… အဲဒီခါကျတော့မှ ရေသန့်လေးသောက်ပြီး ရင်အေးတော့တယ်။ တော်တော်ကြာ အမေဆူတာခံနေရဦးမှာ။ ဟီးဟီး။

သူတော်ကောင်းလေး လူအေးတို့သာ အဲလိုပြေလည်တာ။ (မောင်ဖြူ၊ ဇနိ။ မောင်လုံး) တို့များ အုပ်ထိန်းသူတွေခေါ်ပြီး ပါချုပ်ကြီးရုံးမှာ ၀န်ခံကတိတွေထိုးခဲ့ရဖူးတယ်။ အခုသွားကြည့်ရင်တောင် အခုရှိသေးတဲ့ ရာဇ၀င်လူဆိုးကြီးတွေ။ သူတို့အရှုပ်တော်ပုံသိချင်ရင် သူတို့မေးကြည့်။ လူအေးကတော့ ကိုယ့်အရှုပ်တော်ပုံပဲကိုယ်ပြောတယ်။ သူများအကြောင်းလည်း မပြောတတ်ပါ။ စပ်မိစပ်ရာ ဘာညာကွိကွ။ အချွန်နဲ့မဟေ့ အချွန်နဲ့မ။ မောင်ဖြူညီမ ငါနဲ့ရ။ ဇနိညီမ ငါနဲ့ရ… ငါနဲ့ရဟေ့။… ငါနဲ့ရ။

Read more...

မဆိုင်တဲ့အပေါက်ကို ဂလိုင်နဲ့ခေါက်ခြင်း

>> Wednesday, January 9, 2008

ပြောရဦးမယ် မနက်စောစောဆို မျက်နှာမသစ်သွားမတိုက်ပဲ ကော်ဖီတစ်ခွက်ဖျော်၊ အွန်လိုင်းပေါ်တတ် ခြေဗလာနဲ့ blogတကာကို အလည်ထွက်တာ လူအေးရဲ့မနက်စာပဲ။ blogဆီပုံးတွေကို ဆီမဖြည့်တတ်တာကလည်း လူအေးက ခြေဗလာနဲ့လေ၊ သူများတွေလို ကားတွေဆိုင်ကယ်တွေနဲ့အလည် လာတာမဟုတ်တော့ ဆီလည်းမဖြည့်တော့ဘူးပေါ့။ မနက်တိုင်း အဲလိုလေးမှ အလည်မထွက်လိုက်ရရင် လူအေးတစ်နေ့လုံးကို မနေတတ်တော့ဘူး။ သွားနေကြအိမ်တွေသော့ပိတ်ထားရင်လည်း စိတ်ညစ်ညစ်နဲ့လှည့်ပြန်ပေါ့။ ဒီကြားထဲ အရမ်းလှတဲ့ လေးမရဲ့အိမ်များဆို ခဏခဏပြောင်းပြောင်းပြေးလွန်းလို့၊ လိပ်စာကိုသူများတွေမေးမေးပြီး လိုက်ငေးရတာအမော။ လောလောဆယ် သူက ဖီလင် ၂၈ ရေးနေတယ်တဲ့လေ။ ရေးမှာပေါ့ သူက လူအေးတို့ထက် (level) မြင့်တာကိုး။ သူမှာကောင်းကင်ကြီးနဲ့လေ။

လူအေးလည်း “လူအေးရဲ့ ကောင်းကင်လေးဆီကို ဆန့်တန်းထားတဲ့ မမှီနိုင်တဲ့ လူအေးရဲ့ကမ်းလက်တွေလည်း ဟိုးအရင်တုန်းကလို မြေမှုန်တွေစွန်းထင်းလျက်ပါပဲလေ” ဟာ ဘာမှလည်း ဆိုင်ဘူးနော်။ အဲဒီလိုမဆိုင်တာတွေပြောတတ်တာကိုက လူအေးရဲ့အကျင့်။

အခုလည်းမဆိုင်တာပြောဦးမယ်။ ဇနိကလေ ဘာလုပ်လုပ်ပေါ့ (အထူးသဖြင့် သူငယ်ချင်းတွေမွေးနေ့ ဆုတောင်းပြီဆိုရင်) ဇနိနှင့် ဇနိ၏သူမ လို့အမြဲရေးတာ။ လူအေးတို့လည်း ကြာတော့ (DJ) ၀င်တာပေါ့။

အဲဒီမှာမှစဉ်စားမိတာ။ လေးမကို လေးမရဲ့ကောင်းကင်ကြီးကမေးခဲ့တယ်။ ရှေ့ကလျှောက်မှာလား၊ နောက်ကလိုက်မှာလားဆိုတော့၊ လေးမကပြောလိုက်တယ် “ဘေးကလိုက်ရင် အိုကေလားဆိုပြီး” အဆင်ပြေသွားကြတယ်တဲ့လေ။

ဒါဆို ဇနိတို့ရော ဘယ်လိုလျှောက်မှာပါလိမ့်လို့တွေးမိတယ်။

ဒီနေရာမှာနဲနဲလောက်တော့ နားဆင်ပေးပါလို့ဆိုရမယ်။ ဇနိရဲ့အကျင့်လေးတစ်ခုပေါ့။ ဇနိဆိုတဲ့ကောင်ကလေ သူငယ်ချင်းတွေနဲ့များ လမ်းလျှောက်ပြီဆိုရင် ဘေးနားရှိနေတဲ့အကောင်ကို လှမ်းဆွဲပြီး ပုံခုံးပေါ်ကို သူ့လက်ကြီးပစ်တင်၊ သူ့အတ္ကဘောကိုယ် အကြီးကြီးကို ကူသယ်ခိုင်းတော့တာပဲ။ သယ်ရတဲ့အကောင်ကတော့ တစ်ကယ့်ကိုဝဋ်ကြွေးပဲ။ ယက်ကန်ယက်ကန်နဲ့သယ်ရတာ မစားသားဘူး။ ဖတ်ဖတ်ကိုမောနေတာပဲ။

အဲဒီလိုဆိုတော့ တကယ်လို့များ ဇနိရဲ့သူမကို ဇနိက “လေးမရဲ့ကောင်းကင်ကြီးက လေးမကိုမေးသလိုမျိုး” မေးလာခဲ့ရင် ဘယ်လိုဖြေရင် အကောင်းဆုံးဖြစ်မလဲလို့ လူအေးလည်း မဆိုင်တဲ့အပေါက်ကို ဂလိုင်နဲ့ခေါက်ပြီး တွေးကြည့်မိတာပေါ့။ ဇနိ၏သူမဆိုတာကလည်း လူအေးရဲ့သူငယ်ချင်းပဲလေ။ အဲဒီတော့ လူအေးက အကောင်းဆုံးအကြံပေးမယ်။

ဇနိဆိုတဲ့အကောင်ကလေ ရှေ့ကလျှောက်ရင်လည်း အီးပေါက်မယ့်ကောင်။
နောက်ကလိုက်ရင်လည်း ဖိနပ်ကို တတ်တတ်နင်းတဲ့ကောင်။
ဘေးကလိုက်မယ်ဆိုရင်လည်း သူအတ္တဘောကိုယ်ကြီးကို အသယ်ခိုင်းတဲ့အကောင်ဆိုတော့။
ဇနိရဲ့သူမရေ… ဇနိပုခုံးပေါ်ကနေသာ ထိုင်လိုက်တော့လို့ပဲ အကြံပေးပါရစေတော့။

Read more...

သူတို့ပြောစေချင်သော လူအေးအကြောင်း

လူအေး အကြောင်းလား။ မပြောချင်လို့မဟုတ်ပါဘူးဗျာ၊ လူအေးအကြောင်းကတော့ ပြောမဆုံးပေါင် တောသုံးတောင် ဆိုသလိုပဲ။ အဲဒါကြောင့်ပါ။ ဘယ်သူကပဲဖြစ်ဖြစ် လူအေးကိုလှမ်းခေါ်လိုက်တယ်ဆိုရင်၊၊ လူအေးက (roll call) ထူးသလိုထူးတတ်တဲ့ အကျင့်လေးတော့ရှိတယ်။ ဟဲ့ လူအေး…ဆိုရင်
ရှိ…။ လူပျို…။ ရုပ်ချော…။ သဘောကောင်း…။ ပညာတတ်…။ ဘွဲ့ရ…။ ဈေးနားနီးနီး တိုက်ကြီးကြီး…။ အဲဒီလိုတော့ထူးတတ်တယ်။ အဲဒါလူအေးရဲ့လောလောဆယ် ဂုဏ်ပုဒ်တွေပေါ့ဗျာ။ အတိတ်ကလူအေးနဲ့ ငနဲသုံး ကောင်ကိစ္စမှာ လူအေးက ကိုယ့်အကြောင်းကိုယ်ချန်ခဲ့တယ်ဆိုပြီး။ ကိုယ်တော်သုံးကောင် ရာဇသံပေးလာတယ်။ မင်းအကြောင်းမင်းရေးတဲ့ လိုတာရှိနေရင် သေဖို့သာပြင်ထားတဲ့။ အဲဒီတော့လည်း လူအေးလည်း နတ်သံနှောပြီး ပြောရတာပေါ့လေ။ ဒီလိုဗျ…

လူအေးတို့မြို့ငယ်လေးမှာ တစ်ယောက်ယောက်တက္ကသိုလ်သွားတတ်ရင် တစ်မျိုးလုံး၊ တစ်ဆွေလုံးက လက်ဆောင်တွေပေးတော့တာပဲ။ အစုံကိုပေးတာ။ ဘာတွေမှန်းမသိအောင်ကိုပေးတာ။ သူတို့ကတော့ တက္ကသိုလ်ဆိုရင် တစ်ခုတည်းရှိတယ်လိုပဲ ထင်တဲ့လူတွေကိုး။ တက္ကသိုလ်ပြီးရင် သူတို့အခေါ် “ကြီးကြီးမာစတာကြီး” ဖြစ်မှာဆိုတော့ ဖားတဲ့သဘောလည်း ပါတာပေါ့ (အဲဒါတွေထားပါတော့လေ။) ဒီလိုနဲ့ လူအေးလည်း တက္ကသိုလ်သွားရတော့မယ်ဆိုတော့ သူတို့ပေးသမျှလက်ဆောင်ကိုတွေကို မြွေရေခွံအိတ်ထဲအကုန်စုထည့်ပြီး ယူလာတာပေါ့။
အဲ တက္ကသိုလ်ရဲ့ ပထမဆုံးကျောင်းတက်ရမယ့်မနက်မှာ ဟိုငနဲသုံးကောင်ကို မတွေ့ဖူးခင်ပေါ့။ လူအေးလည်း ရေမိုးချိုး။ ပြီးတော့ အမေကြီးကိုယ်တိုင်ယက်ပေးလိုက်တဲ့ ဖျင်ကြမ်းအိကျီင်္ကိုဝတ်။ အဒေါ်လက်ဆောင်ပေးလိုက်တဲ့ တိုက်ဂါးပလေကပ်ပုဆိုးအသစ်ကို တံဆိပ်ခွါပြီး (ဘယ်လိုမှပြောင်အောင်ခွါလို့မရ) ရေမလျော်ပဲဂေါက်တောက်တောက်နဲ့ဝတ်။ ဆွေတော်မျိုးတော်တွေ လက်ဆောင်ပေးလိုက်တာတွေစုထည့်ထားတဲ့ မြွေရေခွံအိတ်ကိုဖွင့်တာပေါ့။ အိတ်ထဲက ပထမဆုံးထွက်လာတာက ခေါင်းလိမ်းဆီဗူး(အံမယ်မဆိုးဘူး ကိုယ့်ဟာကို တစ်ခါမှဝယ်မလိမ်းဖူးဘူးလေ)၊ စိန်တံဆိပ်အပ်ချည်လုံး (ဟမ် ဘာလုပ်ဖို့တုန်း)၊ အခိုးထုတ်စေး၊ မြင်းခေါင်းစွပ်ကျယ်၊ ဇီးဖြူသီးဆားရေစိမ်ပုလင်း။ ဆင်ြကယ်ဖိနပ် သည်းကြိုးးအနီရောင်၊ ငါးပိကျော်ဗူး၊ ဓာတ်လုံး၊ မန်ကြီးသီးအစေ့လှော်၊ နတ်မိမယ်သနပ်ခါးဗူး၊ ရှမ်းပျိုမေသွေးဆေး ဟာဘာတွေမှန်းကိုမသိဘူး တကယ့်ကို အစုံပဲ တိုလီမိုလီတွေအများကြီးပဲ။ လောလောဆယ် သုံးစားလို့ရတာကိုကြည့်လိုက်တော့ မန်ကြီးသီးအစေ့လှော်ထုပ်ကို ဖောက်ပြီး ၂ စေ့လောက်ပါးစပ်ထဲပစ်ထည့်ဝါး(တော်တော်မာတာပဲ)။ ပြီးတော့ လူအေးနဲ့မအပ်စပ်တဲ့ နတ်မိမယ်သနပ်ခါးဗူးကို ပြူတင်းဘောင်ပေါ်ပစ်တင်။ တစ်ခါမှမလိမ်းဘူးတဲ့ ခေါင်းလိမ်းဆီကို အများကြီးလိမ်း(မွှေးလွန်းလို့)၊ ကြည့်စရာမှန်မရှိလည်း ကိစ္စမရှိဘူး၊ ကိုယ့်ရုပ်ကိုသိပြီးသား၊ အားလုံးပြီးတော့… ရှစ်တန်းတက်တုန်းက အမေ၀ယ်ပေးထားတဲ့လွယ်အိတ်ကို ပိုက်ဆံမပေးရတိုင်းစပါယ်ရှယ်ထုံး (အဲဒီတုန်းက အထုံးတွေအဓိပ္ပါယ် လူအေးတကယ်မသိခဲ့ပါဘူးဗျာ)။ အဲ အစောကြီးကျောင်းမသွားချင်တော့ အဆောင်ဝမှာ မအူမလည်လုပ်နေတော့တာပေါ့လေ။ မန္တလေးဆိုတော့ နေကလည်းပူရော နင်းကန်လိမ်းထားတဲ့ခေါင်းလိမ်းဆီတွေ အရည်ပျော်ကုန်တော့တာပဲဗျို့။ ဇာတ်လမ်းက အဲဒီမှာစတာ။ လူအေးတို့များ tissue(တစ်ရှုး)လည်းမရှိ၊ လက်ကိုင်ပါဝါလည်းမရှိ။ ဘယ်ရမလဲ လွယ်အိတ်ကိုင်းနဲ့သုပ်ပစ်တာပေါ့။ ပြီးတော့တစ်ယောက်တည်း အူလည်လည်ဆိုတော့၊ ရေမလျော် တံဆိပ်မပြောင်သေးတဲ့ ပုဆိုးအသစ်အနားစတွေကို ဘာမှန်းမသိပဲ လက်နှစ်ဖက်နဲ့မထားပြီး မော့တော့တော့နဲ့ လေချွန်နေရင်း အဲဒီငနာသုံးကောင်ကို ပထမဆုံး တွေ့ဖူးခြင်းဖြစ်ပါကြောင်း။ ဒါပဲ အဲဒီလောက်ပြောပြပြီးရင် ကျေနပ်တော့။

ခေတ်ဆစ် အဓိပ္ပါယ်ဖွင့်ဆိုချက်များ။ ။
လွယ်အိတ်ကိုင်းကို ထုံးထားတဲ့အထုံးက ရင်ဘက်မှာရှိရင် - ရည်းစားလက်ရှိ
လွယ်အိတ်ကိုင်းကို ထုံးထားတဲ့အထုံးက ကျောဘက်မှာရှိရင် - ရည်းစားနဲ့ပျက်
လွယ်အိတ်ကိုင်းကို ထုံးထားတဲ့အထုံးက ပခုံးအပေါ်တည့်တည့်မှာရှိရင် - ရည်းစားလက်မဲ့ ရှာနေဆဲ

ဂုဏ်ပုဒ်များအားရှင်းလင်းချက်။ ။
ရှိ (မိန်းခလေးများ မြောင်းပေးပါက စီးရန်ရေအသင့် ရှိ)
လူပျို (အိုချင်တာကြာပြီ ဘယ်လိုမှ အခြေအနေမပေးလွန်းလို့ ကျောင်းတတ်စားနေရတာ ကြော်ငြာတဲ့သဘော)
ရုပ်ချော (အမေကပြောတာပဲ)
သဘောကောင်း (မိန်းခလေးသူငယ်ချင်းတွေ ခိုင်းစရာရှိရင် လူအေးကိုခေါ်တာ)
ပညာတတ် (စာမေးပွဲရာသီမှာ အဆောင်ကငပျင်းတွေ လူအေးကို စားရှင်းပြခိုင်းချင်ရင်ခေါ်တာ)
ဘွဲ့ရ (ကိုယ့်ကိုကိုယ် သတိပေးတာ။ လူအေးကတွေးလိုက်ရင် သူငယ်တန်းလေး repeater အတွေးပဲဖြစ်ဖြစ်နေလို့)
ဈေးနားနီးနီး တိုက်ကြီးကြီး (သမ၀ါယမဆိုင်ကြီးကိုပြောတာ အဟီး)

Read more...

သူတို့မပြောချင်သော သူတို့အကြောင်း

>> Tuesday, January 8, 2008

တစ်တက်စားလည်းကြက်သွန် နှစ်တက်စားလည်းကြက်သွန် မထူးတော့ဘူးထင်ပါရဲ့။ အဲဒီတော့ လူအေးလည်း မထူးဇာတ်ခင်းလိုက်ပါတော့မယ်လေ။ စာဖတ်တဲ့မိတ်ဆွေတွေလည်း ဒီblogက ငနာတွေအကြောင်း ကောင်းကောင်းသိချင်ရှာမယ်ထင်တာပဲ။ အဲဒီတော့ စာဖတ်ပရိတ်သက်အတွက် လူအေး အဆဲခံအဆိုခံပြီး ဒီအကြောင်းတွေကိုရေးလိုက်တော့မယ်။ ဒီသုံးကောင်ရဲ့ပုံစံကိုပေါ့။ အစချီရရင် လွန်လေပြီးသော ၁၀နှစ်ခန့်က လို့ဆိုရမယ်။

လူအေးတစ်ယောက် “နေပူ လေတိုက် မြွေပွေးကိုက်သည် လူမိုက်နေသည့် အမ်အိုင်တီ” ဆိုတဲ့ ကျောင်းရဲ့ ပထမဆုံးလက်ချာချိန်ကို သွားမလို့။ အဆောင်ပေါက်ဝမှာ မအူမလည်နဲ့ လူတွေကို အကဲခက်ကြည့်နေချိန်ပေါ့။

အခန်းတစ်ခန်းထဲကနေ လူတစ်ယောက်ထွက်လာတယ်…။ ဘုရားဘုရား နားထဲမှာ စည်တော်ကြီးတီးသံတွေဘာတွေတောင် ဆူညံသွားတယ်ထင်တယ်။ သူ့ပုံစံက အသားကဖြူဖြူ၊ အရပ်ကမြင့်မြင့်၊ ကော်တွေဂေါက်ဂေါက်ထနေတဲ့ စတစ်ကော်လံအကျီဖြူ ကိုဝတ်ထားတယ်၊ ပုဆိုးကအင်းပုဆိုးနဲ့ (လူးအေးတို့အရပ်မှာ သတို့သားဝတ်တဲ့ပုဆိုး)၊ မျက်နှာကလည်း ဖွေးဥလို့ ဂျုံမှုန့်တွေသုပ်လာသလိုလို၊ လွယ်အိပ်ကိုလည်း ဘေးတစောင်းလေးလွယ်လို့၊ ဘိုကေကိုပြောင်နေအာင်ဖြီး၊ အဲ…ညာဘက်လက်မှာ ဗေဒင်ဆရာတွေဆောင်းတဲ့ ထီးအနက်တစ်လက်ကိုလည်း ကိုင်ထားတယ်၊ လမ်းလျှောက်ပုံကတော့ ယောက်ျားတို့ အိနြေ္ဒ ရွှေပေးလို့မရဆိုတဲ့အတိုင်းပဲ…. ဟိုက်ရှားပါး တကယ့်ရှေးခေတ်က တက္ကသိုလ်ကျောင်းသားစတိုင်နဲ့။ သူ့ကိုငေးကြည့်နေတုန်း အနားကိုရောက်လာလို့ပြုံးပြလိုက်တယ်။ အံမယ် ကိုတယ်တော်ချောက နောက်ချေးကားနဲ့ လင့်ခရူစာ တိုက်မိမှာစိုးတဲ့ပုံစံမျိုးနဲ့ လူကို မသိချင်ယောင်တောင်ဆောင်သွားသေးတယ်….။ အဲဒါဘယ်သူလို့ထင်တုန်း… အဲဒီကောင်က ဒီblogက မောင်ဖြူ။

အဲ လူအေးလည်း အဲဒီကောင်ကို လိုက်ငေးကြည့်နေပြီးမှ အဆောင်ဘက်ကိုပြန်လှည့်ကြည့်လိုက်တော့ အနားမှာ နောက်တစ်ယောက်လမ်းလျောက်လာတာ သတိထားမိတယ်။ သူ့ပုံစံက ဆံပင်စုတ်ဖွား။ အင်္ကျီ င်္အနွမ်းကိုဝတ်ထားတယ်။ ဆေးပေါ့လိပ်တိုကို ဖင်ပြားသွားအောင်တောင် ကိုက်ခဲထားလေရဲ့။ ပုလင်းကွဲဖင်လောက်ထူတဲ့ လေးထောင့်မျက်မှန်ကို တပ်ထားပြီး၊ ၀တ်ထားတဲ့ ပုဆိုးအကွက်က တစ်ကွက်နဲ့ တစ်ကွက် ခြောက်လက်မလောက်ကျဲတယ်။ ပုဆိုးကိုမြင်ယုံနဲ့တင် ဆက်ဆံရေးကျဲမယ့်ကောင်ဆိုတာ သိသာတယ်။ မျက်နှာကလည်း သုန်မှုန်လို့။ တစ်လောကလုံးကို သူတင်ကျွေးထားရတဲ့ပုံစံနဲ့လေ။ အနားရောက်တော့ လူကိုမျက်မှောင်ကုတ်ကြည်သွားတယ်။ အောင်မလေးတော်သေးလို့ အမြင်မတော်ဘူးဆိုပြီး ဆွဲထိုးမသွားလို့။ ပုံစံကိုက လုပ်ချင်တာလုပ်တဲ့ ရုပ်ရှင်ထဲက စာရေးဆရာရုပ်နဲ့။ အဲဒါဘယ်သူထင်တုန်း… အဲဒီကောင်က ဒီblogကိုထောင်တဲ့ ဇနိဆိုတဲ့ကောင်။

လူအေးလည်း ရင်တစ်မမနဲ့ မမြင်ချင်ယောင်ဆောင် အပေါ်ကိုမော့ကြည့်ပြီးလေချွန်နေလိုက်တယ်။ ခဏနေ ရှေ့တည့်တည့်ပြန်ကြည့်မိတော့ ကမ္ဘာကြီးက (slow motion) နဲ့လည်နေသလိုလို ခံစားရတယ်။ ရုပ်ရှင်ထဲမှာဆို မင်းသားနဲ့ မင်းသမီးနဲ့ ပြန်တွေ့လို့ပြေးဖတ်တဲ့အခါမှာ ပြတဲ့ပုံစံအတိုင်းပဲ။ ငနဲတစ်ကောင်က အခန်းတံခါးပိတ်နေပုံလေ…မင်းတုန်းကိုဖြေးဖြေးလေးထိုး၊ သော့ကလေးကို အသာလေးသွင်းပြီး ညင်ညင်သာသာလေးခတ်။ ပြီးတော့ပုဆိုးလေးပြင်ဝတ်၊ ခေါင်းကိုငိုက်စိုက် ငိုက်စိုက်နဲ့ လမ်းလျောက်လာတယ်။ လူအေးလည်း အတန်းတတ်ဖို့ ၁၀ မိနစ်လောက်ပဲလိုတော့တာဆိုတော့ အဒီငနဲကောင်နဲ့ လမ်းအတူလျှောက်လာတယ်။ လူအေးကိုလည်း ဘေးမှာရှိတဲ့ပုံ သဘောမထားဘူးထင်ပါရဲ့။ လူအေးက လူမှုရေးဘာသာရပ်ကို ဂုဏ်ထူးထွက်ထားတဲ့ကောင်ဆိုတော့ စပြီး မေးခွန်းလေးနဲ့ အဲဒီကောင်ကို နုတ်ဆက်လိုက်တယ်။ “ငါတို့ ပထမဆုံးစာသင်ချိန်က ဘယ်အခန်းမှာလဲသိလား” လို့ သိသိကြီးနဲ့မေးလိုက်တယ်။ လူအေးကို ခပ်ဆွေးဆွေးလေးစောင်းကြည့်တယ်၊ ပြုံးလည်းမပြဘူး။ သူ့လမ်းသူဆက်လျောက်တယ်။ စာသင်ဆောင်နားရောက်တော့(မေးခွန်းမေးပြီးတာ ၁၀ မိနစ်လောက်ကြာမှ) “ဒီ T-2 အဆောင်မှာလေ” ဆိုတဲ့အဖြေရတယ်။ အောင်မလေးနော် လူအေးတို့ အပြတ်အသတ်ကိုစိတ်ညစ်သွားပါလေရော။ မေးတဲ့လူ ကိုယ့်မေးခွန်းကိုယ်မေ့သွားလောက်တော့မှ ပြန်အဖြေပေးတဲ့အကောင်။ အဲဒီကောင်ကို မောင်လုံးလို့ခေါ်တယ်။ ပရိတ်သတ်ကြီး ပျင်းတယ်ဆိုရင် ကျောက်ဆစ်ရုပ်နဲ့ စကားသွားပြော။ အဲဒီကောင်နဲ့ပြောလို့ကတော့ ပါစပ်သာအမြှုပ်ထွက်သွားမယ် ပြန်စကားတော်တော်နဲ့ မရဘူး။ လူကသာ(process) နှေးတာ (Parallel Computing)မှာတော့ အဲဒီကောင်ဆရာကြီးရယ်။ ဟိုတစ်နေ့ကတောင် သူများအတွက် ပရိုဂရမ်ရေးပေးနေတာတွေ့တယ်။

(မှတ်ချက်။ ။ ဒီpost တင်ပြီးကတည်းက တစ်ခြားကျောင်း အလည်သွားသည်။)

Read more...

ကျုပ်ရဲ့ဘဝ

>> Monday, January 7, 2008


ကျုပ်တစ်ကောင်တည်း တချောက်ချောက်နဲ့ လမ်းလျှောက်နေတာ။ ဗိုက်တင်းလို့လည်းပါတယ်၊ အညောင်လည်းပြေပေါ့ဆိုပြီး လမ်းလျှောက်တာ။ ဝေးဝေးလံလံလဲ ဟုတ်ပါဘူး။ ကျုပ်နေတဲ့ နားဝန်းကျင်ပါပဲ။ ဘေးဘီကိုလည်း လှည့်မကြည့်မိပါဘူး။ ဒီအချိန်က သူတို့တွေ ကျောင်းသွားကြတဲ့အချိန်ပါ။ ကျုပ်အလုပ်ကလည်း ဒီအချိန်ဆို အလုပ်မဖြစ်ပါဘူး။ အော် ဒီမှာနေလာတာပဲ အတော်ကြာပါပြီ။ မူရင်းဇာတိကတော့ အခုနေတဲ့ နေရာနဲ့ အတော်ဝေးကွာတဲ့ စတိုခန်းတခုမှာနေတာပါ။ စတိုခန်းထဲမှာ အိပ်ရာခင်းတွေ၊ စောင်တွေ၊ မျက်နှာသုတ်ပုဝါတွေထားတာ။ ပြောပါတော့ တက္ကသိုလ်အဆောင်ကို ကျုပ်နိုင်ငံလို့ပဲ။ ကျောင်းသားတွေရော၊ ကျောင်းသူတွေပါ အတူနေကြတဲ့အဆောင်တခုပါ။ စတိုခန်းထဲမှာ ၀ါရင့်ကြီးတစ်ယောက်ရှိတယ်။ စစ်ပြန်ကြီးပေါ့။ သူပဲ တော်တာလား၊ ကံကပဲဖေးမသလား မသိဘူး။ သူက ကျောင်းသူခန်းလဲရောက်ဖူးတယ်။ ကျောင်းသားအခန်းလဲ ရောက်ဖူးတယ်။ အခေါက်ခေါက်အခါခါ စတိုခန်းကို ပြန်ပြီး သူငယ်ချင်းတွေနဲ့တွေ့၊ အသက်ကြီးသူတွေကို ဂါရ၀ပြု။ နောက်ဆုံးတော့ သူလည်းအသက်ကြီးလာ။ သိပ်မသွက်လက်တော့ကာ သူ့အတွေ့အကြုံအရတတ်လာတဲ့ ပညာတွေကိုနောင်လာနောက်သားတွေကို ဖြန့်ဝေတော့တာပေါ့။ ပြီး သူပဲ ကျုပ်တို့ကို ဘယ်သူကဘယ်သွားပေါ့လေ၊ စီမံခန့်ခွဲတာ။


အဖေအမေကိုလည်းဝါးတားတားပဲမှတ်မိတော့တယ်။မွေးပြီး ကြာကြာတွေ့လိုက်ရတာမှ မဟုတ်တာ။ ညီအကိုအရင်းအချာတွေဆိုတာလည်း ဘယ်ဆီရောက်လို့၊ ဘာတွေဖြစ်နေကြပါလိမ့်။ မွေးတာကလည်း တစ်ပြုံကြီးဆိုတော့လေ။ သေတဲ့သူတွေလည်းသေကြရောပေါ့။ ကျုပ်တို့နိုင်ငံမှာက တစ်လကို အိပ်ရာခင်းတွေ၊ စောင်တွေ၊ ခေါင်းအုံးစွပ်တွေကို တလမှာတခါ လဲပေးတယ်ဗျ။ ကျောင်းသား၊ကျောင်းသူတွေကလည်း လဲကြပါတယ်။ ကျုပ်တို့မွေးလာပြီး အရွယ်လေးအတော်ရောက်တော့ စစ်ပြန်ကြီးက လက်ချာတွေစပေးတော့တာ။ လမ်း ဘယ်လိုလျှောက်ရမယ်။ အနံ့ဘယ်လိုခံရမယ်ဆိုတာ။ ပြီးရင် လူသံကြားရင် အလျင်အမြန်ဘယ်လို ပုန်းရတယ်၊ ဘာညာပေါ့။ ပြီးရင် ကျုပ်တို့ အပြီးပြန်လာမယ်ဆိုရင်ဖြစ်ဖြစ်၊ အလည်ပဲဖြစ်ဖြစ်ပေါ့ ပြန်လာမယ်ဆိုရင် စောင်ကြား၊ ခေါင်းအုံးစွပ်ကြားဘယ်လို ပုန်းရမယ်ပေါ့။ အသေအချာ သင်ပေးပါတယ်။

ကျုပ်တို့ဆရာကြီးက သင်တန်းဆင်းပွဲမှာ ပြောပါတယ်။ - ငါကတော့ မင်းတို့ကို ငါ့အတွေ့အကြုံတွေကို တခုမချန်သင်ပေးလိုက်ပါတယ်။ ဥာဏ်နဲ့သာယှဉ်ပြီးသာ အလုပ်လုပ်ကြပါ။ လောကကြီးက မာယာတွေများသလို၊ မင်းတို့လည်း ပညာသားပါပါနေကြပါ။ ဒါပေမယ့် တို့ဘ၀တွေက အစိုးမရဘူး။ ဘယ်လောက် သတိတွေနဲ့နေနေ၊ မမြင်ရတဲ့ အနီးကပ်ရန်သူတွေကြောင့် အချိန်မရွေးကျဆုံးသွားနိုင်တယ်။ ကျဆုံးသွားရင်လည်း ၀မ်းနည်းစရာမဟုတ်ပေဘူး။ တို့ဘ၀ကိုက ဒီလို ပြဌာန်းထားလို့ဖြစ်တယ်။ မင်းတို့ဟာ စားရလွန်းလို့လည်း အရမ်းဝမ်းမသာရဘူး။ မစားရမသောက်ရလို့လဲ ၀မ်းနည်းပြီး မကြေကွဲရဘူး။ - ရီရသေးတယ် တစ်ချို့တွေက ကိုယ့်ဝမ်းစာကိုယ်ရှာတဲ့အလုပ် စလုပ်ရတော့မယ်ဆိုတော့ မိန်းကလေးတွေနေတဲ့ အခန်းကိုချပေးပါဆိုပဲ။ ကျုပ်ကတော့ နေရာမရွေးပါဘူးဗျာ။

အခုနေတဲ့အခန်းကို ကျုပ်လိုက်လာတုန်းက ခေါင်းအုံးဖုံးကြားမှာနေပြီး ကပ်လိုက်လာတာ။ အဲဒီအခန်းက ကျောင်းသားက ခေါင်းအုံးဖုံးစွပ်တော့မယ်ဆိုတော့ ခေါင်းအုံးဖုံးစွပ်ကို ဟိုလှန်ဒီလှန်ကြည့်တော့ကာ ကျုပ်ပိန်လှီလှီကို တွေ့ပါလေရော။ ကျုပ်ကလည်း အဲဒီတုန်းက သင်တန်းဆင်းကာစ၊ စားရမယ့်အလုပ်ကို စရောက်စ၊ ဘာမှမစားရသေးတော့ ပိန်လိုက်တာလွန်ပါရော။ ကျုပ်ကို ဖမ်းပါလေရော။ ရင်တွေတုန်၊ ခေါင်းနားပန်းတွေကိုကြီးလို့။ ဆရာကြီးပြောတဲ့ သဗ္ဗေသတ္တာ၊ကံမ္မသကာ ဆိုတာဒါပဲပေါ့ တွေးနေရတာ။ မောင်ကျောင်းသားလက်ထဲမှာ အဖမ်းခံထားရတုန်းမှာ သစ္စာတွေဆိုပေါ့။ -ကျုပ် သူများအသွေးအသား မစားရသေးပါဘူးခင်ဗျာ။ နောက်တော့မှ စားမှာပါ။ ဒီမှန်သော သစ္စာစကားကြောင့် အသက်ဘေးမှ လွတ်ကင်းရပါစေ၏။- ကျုပ်သစ္စာဆိုတာကပဲ အစွမ်းထက်တာလား၊ ဟိုလူကြီးပဲ မေတ္တာဓာတ်များသလား မသိဘူး။ ကျုပ်ကို အမှိုက်ပုံနားချထားသွားပါလေရော။ ပျော်လိုက်ရတာဗျာ။ အသာလေးငြိမ်နေရတာပေါ့။ ပြီးမှ လွတ်ရာ၊ကင်းရာကို ပြေးရတာ။ ဒီလိုနဲ့ အသက်ဆက်ရှင်နေရတာ။

ကျောင်းသားတွေနေတဲ့ အခန်းမိုလို့လားသိဘူးဗျာ။ ရှုပ်ပွနေတာပဲ။ ကျုပ်လိုကောင်တောင် မျက်စိနောက်တယ်။ ညလည်း အိပ်တယ်မရှိဘူး။ နားကြပ်ကြီးတွေတပ်၊ ကွန်ပြူတာဆိုတာကြီးရှေ့မှာ တတွတ်တွတ်စကားတွေကပြော။ နားတွေကိုငြီးလို့။ အော် ကိုယ့်ကံကိုက မကောင်းတာကို၊ ဒီတော့လည်း သူတို့အိပ်အောင်စောင့်၊ ပြီးမှ နံရံကနေအသာလေးကပ်သွားရင်သွား၊ ပျင်းတဲ့အခါဆိုလည်း နံရံကိုပတ်လျှောက်မနေတော့ဘူး၊ ကျုပ်နေတဲ့ ဟိုးအပေါ်ကနေ ခုန်ချလိုက်တာပဲ။ လုပ်ရတဲ့အလုပ်က ဒီလို၊ ညသူတို့အိပ်ချိန်မှာ သူတို့ဆီကို အသာလေးကပ်၊ကျုပ်မှာပါတဲ့ ပြွန်လေးနဲ့ ဆေးရည်တွေ သူတို့အသားထဲ အသားလေးထိုးထည့်၊ ပြီးမှ ကိုယ်လိုချင်တာကိုစုပ်ထုတ်ယူရတာကိုး။ အဲ သူက ကျုပ်ဆေးထိုးထည့်တာကို သိလို့တော့ မဟုတ်ဘူး၊ သူဟာသူ ယောင်ယမ်းပြီး၊ လက်ရမ်း၊ခြေရမ်းလုပ်ရင် သတိဘယ်လောက်ရှိရှိ၊ ဆူနာမိနဲ့တွေ့သလိုခံသွားရမယ်ဗျ။ လှိုင်းပုတ်တာက တော်ဦးမယ်။ လက်ရမ်းတာမိရင် အသက်နဲ့ ခန္ဓာ အိုးစားကွဲတော့တာပဲ။ ကျုပ်ရှေ့တင် ကျဆုံးသွားတဲ့ ရဲဘော်တွေမနည်းတော့ဘူးလေ။

အခန်းထဲမှာပဲနေရတာကြာတော့လည်း ပျင်းလို့ တခြားအခန်းကိုသွားတာ၊ ဟိုမှာ ဘော်ဒါ အော်စကာတွေနဲ့တွေ့ပြီး၊ တညအိပ်လိုက်ပါလေရော။ မိန်းကလေးတွေနေတဲ့အခန်းတဲ့။ ကိုယ်ကလည်းအခုမှ မိန်းကလေးတွေနေတဲ့အခန်းကိုရောက်ဖူးတာလေ။ ဒါနဲ့ ညနေကျောင်းပြန်အလာကို စောင့်၊ လှလိုက်တဲ့ကောင်မလေးတွေ။ ဒါပေမယ့်ဗျာ အခန်းထဲရောက်တော့ အ၀တ်တွေ ချွတ်၊ အ၀တ်တန်းပေါ် ပစ်လိုက်တာ၊ မစ် တွမ်တီနိုင်းနဲ့ ထုနေသလားအောက်မေ့ရတယ်။ ကံသီပေလို့ မမှန်တာ။ ကိုင်း ဒီညတော့စားဖူးပြီပေါ့ဆိုပြီး ဆေးပြွန်လေးနဲ့ထိုး၊ စုပ် ၊ ထူးပါဘူး။ လူကလူပါပဲ။ ခေါင်းအုံးနားက ဖြတ်လျှောက်တော့ လိုအင်တွေမပြည့်လို့ အကြံဥာဏ်များနေသလား၊ ခေါင်းထဲမှာများ အတွက်အချက်ပက်စက်နေသလားမသိပါဘူး။ ပိုပူနေသလိုပဲ။ သူငယ်ချင်းအချို့တွေက ကျောင်းသူတွေအခန်းမှာနေရတာ ပိုကြိုက်သတဲ့။ ကျုပ်ကတော့ မ-စော်နံလို့နေနိုင်ပါဘူးဗျာ။ ကိုယ့်အကျင့်နဲ့ ကိုယ်ပေါ့လေ။

အဲ ကျောင်းသားတွေနဲ့နေလို့လဲ ကံဆိုးနေခိုက်ဆို သတိနဲ့သာနေပေတော့။ ဖမ်းပြီး ခုံပေါ်တင်၊ ခုံပေါ်မှာ အပြေးခိုင်း၊ ကျုပ်ကို ကားလုပ်ပြီး မောင်းတာတဲ့။ ကြောက်တော့ ပြေး၊ မောလို့ မနားနိုင်ဘူး။ လွတ်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပြေးရတာလေ။ ဒီလိုနဲ့ပဲ ကျဆုံးသွားတဲ့ ရဲဘော်တွေမနည်းပါဘူး။ သွေးစွန်းအနီကွက်ကွက်တွေတွေ့တိုင်း ကြေကွဲရပါတယ်။ ရင်ထဲကိန်းနေတဲ့ အမုန်းတရားလည်းပိုပြီး ကြီးထွားလာရပါတယ်။ လောကသဘာဝအရ ကိုယ့်အစာကိုယ်ရှာစာတာ၊ ဘာတွေကို အမြင်စောင်းတယ်မသိဘူး။ သူတို့အမျိုးတွေထဲက ခိုးဆိုးညစ်ငြမ်း၊ ကြမ်းတမ်းတဲ့လူတွေကို တပြားမှ မတန်အောင်တဲ့ဆိုတဲ့အဓိပ္ပါယ်နဲ့ ပေးလိုက်တဲ့ ဥပမာတွေ။ သူခိုးကြမ်းပိုးတဲ့။ ကျုပ်ရင်အနာဆုံးက အဲဒါပဲ။ ခွန်အားဗလကအစ၊ ဥာဏ်ပညာအဆုံးသူတို့နဲ့ယှဉ်မရတဲ့ ကျုပ်တို့ကိုပုတ်ခတ်တာလေ။ ကိုင်း သူခိုးကလူကိုပြန်ပြီးသူခိုးလို့ဟစ်နေတဲ့အချိန်မှာ ကြမ်းပိုးလဲ ကိုယ့်ကို သူခိုးလို့ဟစ်တာငြိမ်ခံ၊ သဘာဝပေးတာဝန်အရ ကိုယ့်အလုပ်ကိုယ်လုပ် သူများသွေးခိုးစုပ်နေရဦးမှာပဲလေ။

Read more...

ပြတ်ကြပြီဆိုရာဝယ်…

>> Saturday, January 5, 2008


ပေါင်းခဲ့သင်းခဲ့တာပဲ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီလေ။ မချစ်တာမှ မဟုတ်တာ။ သံယောဇဉ်ဆိုတာကလည်း ခိုင်မာနေပြီ။ ဘာနဲ့ဖြတ်ဖြတ် မပြတ်နိုင်တော့ဘူးလို့ကို ထင်ထားတာ။ ငယ်ငယ်တုန်းကတော့ ဒီလောက်မစွဲလမ်းခဲ့ပါဘူး။ တစ်နေ့ရှိလို့မှ တစ်ခါတွေ့မိချင်မှ တွေ့မိတာပါ။ တခါတခါ တပတ်လောက်နေမှ တစ်ခါလောက်ပဲ။ တွေ့လိုက်တိုင်း အသေချွဲ၊ နောက်ကွယ်ကြလည်း တစ်မျိုးပါပဲလို့ အပြောခံရလောက်အောင်လည်း တွေ့လိုက်မိတိုင်း ပွတ်သီးပွတ်သတ် သိပ်လုပ်တာမဟုတ်ပါဘူး။ တစ်ချက်၊ နှစ်ချက်လောက်လေး အသားနမ်းရှိုက်ဖြစ်ယုံပါ။


မှတ်မိပါသေးတယ်။ သူကိုစခင်တွယ်စ အချိန်ကို။ တကယ်က ကျွန်တော်က စခင်တွယ်တဲ့သူ မဟုတ်ရပါဘူး။ မြင်တွေ့နေတာတော့ ကလေးကတည်းက လူမှန်းသိတတ်စကတည်းကဆိုပါတော့။ သူငယ်ချင်းတစ်ယောက်နဲ့ စပြီး သူက ပတ်သတ်တာပါ။ သူငယ်ချင်းကိုတားတယ်။ အပေါင်းအသင်းမလုပ်နဲ့။ သူက မင်းဘ၀ကို ဖျတ်ဆီးမှာ။ မင်းသိသိကြီးနဲ့ ရှေ့ဆက်မတိုးပါနဲ့။ ပြောဆိုနေတုန်းဆို သူငယ်ချင်းက အသာလေးနားထောင်တယ်။ ဆက်ပြီး အပေါင်းအသင်းမလုပ်ဘူးလို့လည်း မပြောဘူး။ တားမြစ်နေတဲ့ စကားတွေက သူ့နားတစ်ဖက်က၀င်သွားပြီး၊ တခြားတဖက်ကနေ ထွက်သွားတယ်ထင်ပါတယ်။ ဒီလိုနဲ့ သူကမပြတ်။ နေ့တိုင်းနီးပါးတွေ့နေတဲ့ သူငယ်ချင်းဆိုတော့လည်း တွေ့တိုင်းဆုံးမ၊ ဆုံးမရင်းနဲ့ ကိုယ်ကိုဖျက်ဆီးမယ့်သူဆိုတာ သိသိကြီးနဲ့ ကျွန်တော်ကိုယ်တိုင်ကခင်တွယ်လာတာ။ စခင်တွယ်စကတော့ ရှက်ကိုးရှက်ကန်းဖြစ်တာပေါ့။ ကိုယ်ပဲ သူများကိုတားမြစ်ထားသေးတာ။ ကိုယ်ကကျတော့ ခင်တွယ်လာတာကိုး။

ဒီလိုပဲ အရွယ်ရောက်လာ၊ တက္ကသိုလ်တက်ကြတော့ ကျွန်တော်အတော်စွဲလမ်းနေပြီ။ ဒါပေမယ့် ကျွန်တော်က လျှို့ဝှက်တတ်တော့၊ ကျွန်တော် သူ့ကိုစွဲလမ်းနေတာ တက္ကသိုလ်မှ စခင်တဲ့သူငယ်ချင်းတွေမသိကြဘူး။ အရင်ကလိုတော့မဟုတ်ဘူး၊ နေ့တိုင်းနီးပါးကို သူနဲ့ပွတ်သီးပွတ်သတ်နေတာ။ အရင်ကထက်လည်း ပိုရင်းနှီးနေပြီဆိုတော့၊ သူ့အကြောင်းကိုလည်းကောင်းကောင်းသိနေတယ်။ ခက်တာက လူ့သဘာဝများလားတောင် မသိဘူး။ ဒုက္ခပေးမယ့်ဟာမှန်းသိသိကြီးနဲ့ကို မပြတ်မစဲနိုင်တာ။ ကဲကွာ ကျွန်တော်ချစ်မိ၊ အပြစ်ရှိသည်။ ဖြစ်သမျှဒဏ်၊အကုန်ခံမည်။ အဲသလိုကို ဆုံးဖြတ်ချက်တွေက ပြတ်သားတာ။
ညဖက်တွေမှာ ပျောက်ပျောက်သွားလို့ လိုက်ရှာရတာအမော။ သူငယ်ချင်းဆီမှာတွေ့လို့တွေ့ပေါ့လေ။ ဟိုလက်က ဒီလက်ပြောင်း။ သူ စိတ်ပျက်စကားမပြောရှာပါဘူး။ သည်းခံရှာပါတယ်။ တစ်ခါကတော့ စိတ်ဆိုးပြီး မခေါ်မပြောနေတာ တလလောက်ကြာတယ်။ နောက်တော့လည်း မနေနိုင်တော့ ပြန်တွဲ။

တကယ်တော့လည်း သူ့မှာ အပြစ်မရှိပါဘူး။ အန္တရာယ်ရှိတယ်လို့ သူက သတိစပေးပါတယ်တဲ့။ လူတွေက သူ့ကိုလာလာချစ်ကြတယ်တဲ့။ နောက်ဆုံးတော့လည်း သူ့ကိုစွန့်ခွာဖို့ကြိုးစားကြတယ်တဲ့။ ပေါင်းတာသင်းတာကြာလို့ သူက ဒုက္ခပေးတာများလာရင် သူ့ကိုရန်သူလိုကြည့်ကြတယ်တဲ့။ သူစိတ်နာတယ်တဲ့။ အရင်က မိုးလင်းတာနဲ့ မင်းမျက်နှာလေး မြင်လိုက်ရမှ၊ မင်းကိုနမ်းရှိုက်လိုက်ရမှ ငါ့ရဲ့နေ့သစ်တိုင်းက အဓိပ္ပါယ်ပိုရှိတာတဲ့။ လူတွေရယ် လာမပတ်သတ်ကြပါနဲ့တဲ့။ ဆင်ဆင်ခြင်ခြင်နေကြစမ်းပါတဲ့။

အခုတော့ ကျွန်တော် ချစ်သော်လည်း ပြတ်စဲဖို့ကြိုးစားတာအောင်မြင်ပါပြီ။ ချစ်ပေမယ့် ကျွန်တော့်ကို နောင်အခါ ဒုက္ခပေးမှာမိုလို့ ရက်ရက်စက်စက်ဖြတ်ထားခဲ့ပါပြီ။ ကျွန်တော့်ကို တွေ့ရင် စိတ်နာနေတဲ့မျက်နှာနဲ့ ကြည့်မယ့်သူ့ကို မတွေ့အောင် ရှောင်ပြီးနေပါတယ်။ မတော်လို့ သူ့ကိုတွေ့ခဲ့ရင်လည်း မသိခဲ့၊မရင်းနှီးခဲ့၊ မခင်တွယ်ခဲ့တဲ့ သူတစ်ယောက်ကို မတော်တဆတွေ့လိုက်သလိုပဲ ဖြတ်ခနဲသာတချက်လောက်ကြည့်ပြီး၊မျက်နှာလွှဲပြီးနေနိုင်ပါပြီ။ ရင်ထဲမှာတော့ ကျေကွဲနာကျင်ရပါတယ်။ ပြတ်ဆဲကြပြီဆိုမှတော့ သူ့အတွက်ဝယ်ထားတဲ့ မီးခြစ်လေးကလည်းမလိုတော့ မီးခြစ်ကလေးကိုလည်း လွှင့်ပစ်လိုက်ပါတော့တယ်။

Read more...

နှင်းမမုန်း

အသုံးမကျတဲ့ စုန်းမလေးရေ
မုန်းမရတဲ့ နင့်ရဲ့ပြုစားမှုတွေကြောင့်
ဖုံးမရတဲ့ ငါ့ရဲ့ရင်ခုန်သံတွေလည်း
တုံးအမူတွေနဲ့အတူ
ရုန်းကြွလို့ထူခဲ့ရပြီကွယ်။

ထူးထူးခြားခြား အရူးပါးမလေးရေ
ငါလည်း ဒိန်းတလိန်းနတ်ပူးရော
အပျိုတော်သံစဉ်ယိမ်းနဲ့
နင်က စိမ်းတိမ်းတိမ်းနေပြန်တယ်။

နင့်ကိုကြောက်လို့
ငါ့ရင်ခုန်သံတွေငါပြန်ကောက်
စောင်ခေါက်ထဲခေါင်းသွင်း
ချစ်ချင်းကိုကျိမ်ဆဲနေချိန်ဆို…
ငါ့Phoneဆီကို
“လာဦး” အစချီလို့မစ္စေ့ပို့
မခို့တယို့အသံလေးနဲ့
တုံး-အ-နှေး တဲ့ငါ့ကို
ပြုံးပြပြီးမေးလိုက်တာက
“ဇိမ်စကွဲးယားကျနေသလားအကို” တဲ့လေ။

အမြင်ကပ်ဖို့ကောင်းအောင်လှတဲ့
အဲဒီပြောင်စပ်စပ်မျက်နှာနဲ့
ငါ့ကို ရှောင်ပတ်ပြီးပြေးနေလိုက်ပုံများ
ညညဆို…
စောင်ကိုတောင် ယောင်ယောင်ပြီးဖတ်မိသေးတယ်။

လွမ်းအောင်ဖန်တတ်တဲ့
သန်းခေါင်ယံထက်က
ခိုခိုးခစ်ခစ်ရယ်သံလေးတွေကို
တိုးတိုးပြီးချစ်မိလာပြန်တော့
ဆိုးဆိုးညစ် မခိုးမခန့်မျက်နှာလေးကိုပေါ့
စိတ်ကူးနဲ့အကြိမ်ကြိမ် ♥♥♥♥♥♥♥♥♥♥….
ကဲ….မှတ်ကရောကွာ။

နောက်ဆုံးမတော့
ငါဆိုတဲ့ငတုံးလည်း
ဘူကုန်းတွေရဲ့အလယ်မှာ
လူတစ်လုံးသူတစ်လုံး
“နှင်းမမုန်း”လေးဖြစ်သွားပြီကွယ်။

Read more...

လွတ်လပ်ရေးနေ့

>> Friday, January 4, 2008

၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄) ရက် မှသည် ယနေ့ ၂၀၀၈ ဇန်န၀ါရီလ (၄) ရက် လွတ်လပ်ရေး ရခဲ့သည်မှာ နှစ်ပေါင်း (၆၀) ရှိခဲ့ပါပြီ။ လွတ်လပ်ရေးအတွက် အသက်သွေးချွေးများပေးဆပ်ခဲ့ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မြန်မာ၊ မွန်၊ ရခိုင်၊ ရှမ်း နှင့် တကွ အခြားတိုင်းရင်းသားများကို နှစ်(၆၀)ပြည့် လွတ်လပ်ရေးနေ့တွင် ကျွန်တော်တို့ အိုးဝေ တစ်ဖွဲ့သားလုံးက ဦးညွတ်အလေးပြုပါတယ်ခင်ဗျား။

Read more...

နှစ် သို့

>> Thursday, January 3, 2008



နှစ်…….ရေ
နင်ဟာအသစ်စက်စက်မို့
တို့တွေရဲ့မျှော်လင့်ချက်
နှစ်နဲ့သာဆိုင်တယ်။
နှစ်က
အဖြစ်အပျက် အမှန်ရှု့
သစ္စာတရား တစ်ခုပါ။
နှစ်ရဲ့မျက်နှာ
တို့အတွက်
လမင်းတစ်ရာ ဖြစ်ပါစေ။
နှစ်ရဲ့လက်တစ်ဖက်
တို့တွေကို ပွေ့ဖက်လို့
နှစ်ရဲ့လက်တစ်ဖက်ဟာ
ရက်စက်မှု့တွေကို
ညွှန်ပြ
နှစ်…...ရယ်
နင်ဟာအမှန်တရားပါနော်။
နှစ်ရဲ့
ခြေထောက်အောက်
အကြမ်းဖက်မှု့တွေရောက်
ဖောက်ပြန်ခဲ့တဲ့
လူ့သစ္စာ
နှစ် ခုံရုံးတင်ပေးပါ။
နှစ်ရယ်
တစ်ကယ်ဆို
တို့တွေကို လျစ်လျူရှု့
ဥပေက္ခာနင်ပြုတာ
ဆယ်စုနှစ် နှစ်ခုစာ…….။

မေအောင်

Read more...

လပတ်စာမေးပွဲ


ကျောင်းသာတစ်ယောက် လပတ်စာမေးပွဲမှာ သူ့ရဲ့ရမှတ်က သုညဖြစ်နေတယ်။ ဒါနဲ့ အတန်းပိုင်ဆရာမဆီကိုသွားပြီး သူ့ရဲ့ရမှတ်နဲ့ပတ်သက်ပြီး မေးတာပေါ့…
ကျောင်းသား။ ။ ဆရာမခင်ဗျား ကျွန်တော်ရဲ့အဖြေလွှာမှာ သုညပေးထားတာ ဘာလို့ပါလဲ။ ကျွန်တော့် အဖြေတွေအားလုံးမှာ အမှားတစ်ခုမှ မပါပါဘူး။
ဆရာမ။ ။ ဟုတ်တယ်…မင်းအဖြေတွေအားလုံးမှန်ပါတယ်….ဒါပေမယ့် မင်းက ကိုယ်တိုင်မဖြေပဲ မေရီဆီကနေ ကူးချထားတယ်ကွ။
ကျောင်းသား။ ။ အဲဒါ အမှန်ပါပဲ… ဆရာမ ဘယ်လိုသိတာလဲ။

ဆရာမ။ ။ အိုး….သိတာပေါ့ကွ… မင်းရဲ့အဖြေတွေနဲ့ မေရီရဲ့အဖြေတွေအားလုံးနီးပါးက အတူတူပဲလေ။ ဒါပေမယ် နံပါတ်ခုနှစ်က အဖြေပဲ မင်းတို့နှစ်ယောက်မတူကြတာ။ နံပါခုနှစ်ရဲ့အဖြေကို မေရီက…”ကျွန်မ မသိပါဘူး” လို့ဖြေထားတယ်။ မင်းကကြတော့ ”ကျွန်တော်လဲပဲ မသိပါဘူး” လို့ဖြေထားတယ်။


မောင်လုံး

Read more...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP