Showing posts with label ကိုယ်တိုင်ရေးစာတိုပေစများ. Show all posts
Showing posts with label ကိုယ်တိုင်ရေးစာတိုပေစများ. Show all posts

စဉ်းစားမိသမျှ..

>> Tuesday, January 6, 2009


ကျနော့်မာတာမိခင်ဆီကို ဖုံးဆက်တော့ မာတာမိခင်က ဒီဇင်ဘာ ၂၅ ရက်နေ့က ကျနော်တို့ကျောင်းရဲ့ ဆရာကန်တော့ပွဲ လုပ်ကြောင်း ပြောပြပါတယ်။ “သားရဲ့ အန်တီသောင်းက အခု ဇန်နဝါရီ ၆ ရက်ဆို ပင်စင်ယူပြီ”လို့ အမေကပြောပါတယ်။ ကျနော်မှာဖြင့် အန်တီသောင်းတို့ကို အသက်ကြီးလှသေးတယ် မထင်မိပါဘူး။ အမေနဲ့ လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမများကလည်း အမေနဲ့ ရွယ်တူတွေ များတာမိုလို့၊ ကျနော်နဲ့ အလွန်ပင် ခင်မင်လှတဲ့ ဆရာ၊ ဆရာမများလည်း ပင်စင်စားနေရပါပြီ။


အသက်ပြည့်ပင်စင်နဲ့ ပတ်သတ်ပြီးတော့ စဉ်းစားမိတာလေး ကျနော် ပြောချင်ပါသေးတယ်။ ကျနော့်အဖေနဲ့ အမေက အခြေခံပညာ ကျောင်းဆရာ၊ ဆရာမတွေဆိုတော့ ကျနော်နေရတဲ့ ဝန်းကျင်က ဆရာ၊ ဆရာမ ဝန်းကျင်ပါ။ ဆရာ၊ ဆရာမ မိသားစုများသည် များသောအားဖြင့်ကတော့ သာမန် စားနိုင်သောက်နိုင်တာရယ်၊ ဆင်းရဲတာရယ် များပါတယ်။ ချမ်းသာသော ဆရာ၊ ဆရာမ မိသားစုဆိုတာ မရှိသလောက် ရှားပါတယ်။ ဆရာ၊ ဆရာမတွေ မူရင်းလစာနဲ့ စားလို့ သောက်လို့ရသလား ဆိုတာတော့ အသေအချာမသိပေမယ့် ပင်စင်လစာဆိုတာက စားလောက် သောက်လောက်တဲ့ ပမာဏမဟုတ်ပါဘူး။ အဖေနဲ့ အမေက ပင်စင်စားတွေမို့ ကျနော်ကိုယ်တိုင် သိတာပါ။ တသက်လုံး လုပ်ကိုင်လာတဲ့ ပရော်ဖက်ရှင်နယ် အလုပ်တခုက ပင်စင်ယူပြီးသော ကျောင်းဆရာတစ်ယောက်ရဲ့ဘဝကို အသင့်အတင့်နေနိုင်အောင်တောင် အာမခံချက်မပေးနိုင်ပါဘူး။ ပင်စင်ယူပြီးတော့ ထီလှည့်ရောင်းနေတဲ့ ဆရာအိုတွေလည်း မြင်ဖူး၊ တွေ့ဖူးနေတာပါပဲ။ ကျနော်စဉ်းစားမိတာလေး ပြောချင်ပါတယ်။ အသက် ၆၀ ပြည့်သော်လည်း ဆရာလုပ်ချင်စိတ်ရှိသေးသော၊ လုပ်နိုင်ကိုင်နိုင်ကျန်းမာရေး ရှိသော ဆရာများကို ကျောင်းတွေမှာ ပြန်ပြီး အလုပ်ခန့်သင့်ပါတယ်။ အသက် ၆၀ ကျော်တဲ့အတွက် လစာက ပင်စင်လစာအပြင်၊ ၆၀ ကျော်နေသော်လည်း စာဆက်သင်သည့်အတွက် ပုံမှန်လစာရော ၂-ခုပေါင်းလခ ရသင့်ပါတယ်။ အသက် ၆၀ ပြည့်သွားပေမယ့် အရည်အချင်းရှိသော၊ လုပ်နိုင်ကိုင်နိုင်၊ လုပ်ချင်ကိုင်ချင်စိတ်ရှိသော ကျောင်းဆရာ၊ ဆရာမများကို ကျနော့်ဝန်းကျင်မှာ တွေ့နေရလို့ အဲသလို ပြောတာပါ။

ဆရာအလုပ်က စေတနာ၊ ဝါသနာ၊ အနစ်နာ ဆိုတဲ့ နာသုံးနာပြည့်စုံတယ်ဆိုတာမျိုးကို ကြားဖူးပါတယ်။ အလုပ်တခုလုပ်ကိုင်တဲ့ နေရာမှာ အဲဒီအလုပ်ကို ဝါသနာပါရင် အကောင်းဆုံးပါပဲ။ အဲဒီအလုပ်ကို စေတနာထားလုပ်တော့ အလုပ်က ကောင်းကောင်းမွန်မွန် ပြီးစီးမယ်ပေါ့။ ဟိုအရင် စစ်တွေဖြစ်နေတဲ့ကာလမှာ ကိုယ့်လူမျိုးတွေ ပညာမျက်စိဖွင့်ဖို့အတွက် အနစ်နာခံပြီး ဆရာအလုပ်လုပ်တာကို လက်ခံပါတယ်။ အခုခေတ်ကာလမှာ ကျောင်းဆရာအလုပ်လုပ်တာ ဘာကိုများ အနစ်နာခံရမှာလဲ။ သူလုပ်အားနဲ့ ထိုက်တန်တဲ့ လခတော့ ပေးရတော့မပေါ့။ ဆရာဆိုတာ ဓားသွေးကျောက်လိုပဲလို့ ဆိုတာလည်း ကြားဖူးပါတယ်။ တပည့်တပန်းတွေ အောင်မြင်ဖို့ရာအတွက် ဆရာက အတုံးခံတာမျိုး။ မဟုတ်လိုက်တာလေ။ ဆရာက ဘာကိစ္စ တုံးသွားရမှာလဲ၊ အတုံးခံရမှာလဲ။ ဘာကိစ္စ အနစ်နာခံရမှာလဲ၊ နစ်နာရမှာလဲ။ ကျောင်းသားတိုးတက်ဖို့အတွက် အသစ်အသစ်သော အသိပညာ၊ အတတ်ပညာတွေ၊ ဗဟုသုတတွေ ဖြန့်ဝေပေးဖို့ ဆရာတစ်ယောက်မှာလည်း အသစ်အသစ်သောအရာများကို လေ့လာဖို့ လုံလောက်တဲ့ အထောက်အပံ့ရှိနေရမှာပါ။ ခေတ်နဲ့အမှီသိဖို့ဆိုရင် ဆရာလုပ်သူတွေကို ခေတ်နဲ့အမှီဖြစ်စေတဲ့ အထောက်အပံ့တွေ ပေးနေရမှာပါ။ ဒါမှသာ ကျောင်းဆရာတွေသည်လည်း ခေတ်နဲ့အမှီလေ့လာနိုင်ပြီး တပည့်တပန်းများကို ခေတ်မှီတဲ့ပညာတွေ ဝေမျှပေးနိုင်မှာပေါ့။

ကျနော့်အဖေနဲ့ ဖုန်းပြောတော့ အဖေက “မနက်ဖြန် (၅၊ ဇန်နဝါရ၊ီ ၂၀၀၉)မှာ ရွာက အ.ထ.က ကျောင်း မိဘဆရာအသင်း အစည်းအဝေး၊ ဆုပေးပွဲမျိုးလုပ်မှာကို ဖိတ်ထားလို့ သွားရမယ်”တဲ့။ “သားရေ ရွာကျောင်းမှာ ပညာသင်ဆုပေးဖို့ ငွေပဒေသာပင် စိုက်ထားတာ သိန်း-၆၀ လောက်တော့ ရှိနေပြီ”။ “ ပဒေသာပင်ငွေကို အစိုးရဘဏ်မှာလည်း တချို့တဝက် အပ်ထားသလို၊ အပြင်ကလူတွေကိုလည်း အပြင်အတိုးနဲ့ ငွေချေးထားပါတယ်”တဲ့။ အစိုးရဘဏ်က အတိုးနှုန်းနည်းတော့ အပြင်မှာလည်း ချေးတဲ့သဘောနေမှာပေါ့။ အတိုးငွေတွေထဲကရတာတွေနဲ့ ထူးချွန်တဲ့ ကျောင်းသားတွေကို ဆုတွေပေးမယ်ပေါ့။ ဟုတ်ပါပြီ ဟုတ်ပါပြီ…. ထူးချွန်တဲ့ကျောင်းသားတွေ ဘယ်လောက်များများ ဆုငွေတွေရမှာပါလိမ့်။ အဲဒီဆုငွေတွေက သူတို့ တက္ကသိုလ်တက်ဖို့ရော အထောက်အပံ့ ဘယ်လောက်ဖြစ်မှာတုန်း။ အဲ ဆုရတဲ့ငွေတွေနဲ့ မလုံလောက်သေးရင် ပြည်တွင်းမှာ ဘယ်ပညာသင်ဆုတွေ လျှောက်လို့ရတုန်း။ အဲသလို မဟုတ်ရင်ရော ဘယ်အဖွဲ့အစည်းမှာ ကျောင်းတက်ဖို့ ငွေချေးလို့ရသလဲ။ ငွေချေးပြီးလို့ ကျောင်းတွေ တက်ပြီးလို့ ဘွဲ့တွေရတဲ့အခါမှာ ဘယ်လိုအလုပ်တွေ လုပ်ရမှာလဲ။ အဲဒီတော့ရော ချေးငှားထားတဲ့ ငွေတွေကရော ပြန်ဆပ်နိုင်တဲ့ ငွေပမာဏ ရမှာလား။ ကျနော် စဉ်စားကြည့်တော့ အင့် အင် ဘူး တွေပဲ ထွက်လာတယ်။

ကျနော်ပြောနေတာတွေက တကယ်တော့ လူအများ သိပြီးသားတွေပါလေ။ မနေနိုင်လွန်း လျှာယားလွန်းလို့ ပြောမိတာပါ။ နောက်ဆုံးတော့လည်း လူတိုင်းလူတိုင်း ကိုယ်တတ်နိုင်သလောက် ကိုယ့်ဝန်းကျင်၊ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုး တိုးတက်ရာ တိုးတက်ကြောင်း နည်းလမ်းတခုခုနဲ့ မမေ့မလျော့ ကူညီနေနိုင်ပါစေ။ မိမိကိုယ်တိုင်ကိုလည်း သတိပေးပါတယ်။

Read more...

ချစ်ချစ်အတွက်စလင်းဘက်

>> Thursday, January 1, 2009


အခုရက်ပိုင်း နေ့တိုင်းနီးပါး ဈေးဝယ်သွားတယ်။ ညရောက်ရင် ပင်ပမ်းလို့ အိပ်လို့နေပေါ့။ ခြေထောက်တွေလည်း ညောင်းလှပြီ။ မောတော့မောတယ်။ ဒါပေမယ့် မမောဘူး။ သိတယ်ဟုတ် ချစ်ချစ်အတွက် စလင်းဘက်သွားဝယ်နေလို့လေ။


ရာသီဥတုက အေးတော့ ဟီတာဖွင့်ရော။ ဟီတာသုံးတာများလို့ အခန်းထဲမှာ ပူခြောက်ကြီးဖြစ်နေပြန်တယ်။ လူက နေလို့ မကောင်းဘူး။ နှာခေါင်းတွေ စပ်လာတာနဲ့ အသက်ရှုမွန်းသလို ဖြစ်တာနဲ့။ အကြောင်းရင်းက အခန်းမှာ ရေငွေ့တွေခြောက်ခန်းကုန်တာ။ ဒါနဲ့ ကိုဇနိအကြံပေးတာက ရေဇလုံတခုတည်ထားဖို့။ ရေဖြန်းပေးဖို့။ ဒါလည်း သိပ်အဆင်မပြေလှဘူး။ နှုတ်ခမ်းတွေခြောက်၊ အသားတွေခြောက်တယ်လို့ အမတစ်ယောက်ကို ပြောပြမိမှ Humidifier သုံးကြည့်ပါလားတဲ့။ မမြင်ဖူးလို့ အင်တာနက်မှာရှာကြည့်တော့ ပုံလေးတွေတွေ့ရော။ ကဲဝယ်အုံးမှနဲ့ လျှောက်ရှာလိုက်တာ တွေ့ပါတယ်။ အရုပ်မျိုးစုံလေးတွေနဲ့ ချစ်စရာတောင်ကောင်းနေသေး။ တကယ်က ဆိုင်တွေမှာ တွေ့နေတာပါ။ အဲဒီပစ္စည်းမှန်း မသိဘူး။ ယန်း ၁၀၀၀ လည်း ဈေးလျှော့ထားတာနဲ့ အရွယ်ကြီးတာ ၀ယ်လာခဲ့တယ်။ ရေအပြည့်ဖြည့်ထားရင် (၁၀) နာရီလောက်ခံမယ်ထင်ပါတယ်။ အခုတော့ အခန်းမှာ နေရတာ အဆင်ပြေသွားပြီ။ အရုပ်လေးကလည်း ချစ်စရာလေး။ ဒါလေးဝယ်လိုက်တော့ ကိုဇနိလည်း နားပူသက်သာရော့မယ်။ မဟုတ်ရင် တချိန်လုံး ညည်းညူနေတာနဲ့။

ကိုဇနိအတွက်လည်း နှစ်သစ်လက်ဆောင်ပို့ပေးရအုံးမယ်။ သူ့ကို နာရီဆင်ပေးချင်တာ ကြာပေါ့။ နာရီကောင်တာနားသွားလိုက်ရင် သောင်းသုံးဆယ်ဝန်းကျင်တွေဆိုတော့ ကြောက်လို့မသွားရဲဘူး။ မသွားဖြစ်တာလည်း ကြာပေါ့။ အခုတော့ သူ့ကိုပေးချင်တာ သတိရတာနဲ့ မျက်စိမှိတ် ဝယ်လာခဲ့တယ်။ Seiko နာရီလေး။ တိုက်တေနီယမ်နဲ့လုပ်ထားတာ ခဲရောင်လေး။ သူကြိုက်မကြိုက်တော့မသိဘူး။ ကျွန်မတော့ ကြိုက်တယ်။ ဆိုင်ကကောင်လေး ပတ်ပြလိုက်တာလည်း လှပါ့။ ယောက်ျားလေးလက်ပတ်နာရီ မိန်းကလေးဝယ်လို့ သူတို့က မေးတောင်မမေးဘူး။ ပါကင်လှလှလေး လုပ်ပေးလိုက်တယ်။ ကိုယ့်အတွက်တော့ အတော်ပဲဖြစ်သွားရော။ နာရီက ဘာဒစ်စကောင့်မှ မရှိဘူး။ လက်ဆောင် စာအုပ်အသေးလေးတခုတော့ ပေးလိုက်တယ်။

သူ့အတွက်နောက်လက်ဆောင်က ကင်မရာ။ ဒါလည်း သူလိုချင်နေတာ သိနေတယ်။ ပိုက်ပိုက်နှမြောလို့ လိုချင်တယ်မပြောဘူး။ ဈေးလည်းမဆိုးပါဘူးဆိုပြီး ဝယ်လာလိုက်တာ။ Sony ကို ဝယ်မလို့လုပ်တော့ အင်္ဂလိပ်ဗားရှင်းက မရှိဘူးတဲ့။ ဒါနဲ့ Canon ကိုပဲ ယူလာလိုက်တယ်။ သူကတော့ လက်ဆော့စရာတခုရလို့ ပျော်နေမယ်ထင်ပါတယ်။ ဒါတွေက နှစ်သစ်အမှီတော့ မရောက်တော့ဘူး။ လလည်လောက်မှ ရောက်အောင်ပို့နိုင်တော့မယ်။ နှစ်သစ်အမှီပို့တဲ့ စားစရာပါဆယ်ကလည်း အမှီမရောက်သွားဘူး။ အခုထိလည်း မရသေးဘူးတဲ့။ အုအဲနိုကို ဈေးဝယ်သွားတဲ့နေ့ကလည်း တိုးလိုက်ရတဲ့လူတွေ။ လက်ကိုင်အိတ်တွေ ဒစ်စကောင့်ချတော့ လူတွေမှ တိုးလို့မပေါက်ဘူး။ ဒစ်စကောင့်ကလည်း ယန်း ၂၈၀၀၀ တန်တွေကို ရောင်းနေတာကိုး။ မိန်းမလက်ကိုင်အိတ်တွေကို ဝယ်ဖို့တိုးနေတာ ဂျပန်အဖိုးကြီးတွေ။ မိန်းမတွေ မတိုးနိုင်ဘူး။ အဲဒီကနေ တရုတ်ဆိုင်တွေဆီရောက်ဖို့ ခြေတလှမ်းချင်းရွေ့နေရတာနဲ့ ဘယ်မှကို မသွားနိုင်ဘူး။ ပဲမှုန့်အစိမ်း၊ စပါးလင်၊ နံနံပင်၊ ပုဇွန်ခြောက်နဲ့ လိုတာလေးတွေဝယ်ပြန်လာတော့ လူက အတော်ပင်ပမ်းနေပေါ့။ မုန့်ဟင်းခါးချက်မလို့ ချက်တဲ့ဆီကို မရောက်နိုင်သေးဘူး။

မဇနိ

Read more...

စိတ်ကူးယဉ်အိပ်မက်

>> Sunday, December 28, 2008



မောင်ကရာတွန် (မောင်အန်ကြီး) က စိတ်ကူးယဉ်အိပ်မက်ကို တက်ဂ်တော့ ရေးတာပေါ့။ မောင်ဇနိ၊ မယ်ဇနိတို့ စိတ်ကူးယဉ်သလားဆိုတော့ အလွန်ယဉ်တာပါ။ အခုနှစ်ပိုင်းတွေမှာ နှစ်ယောက်သား စိတ်ကူးယဉ်ဘုံထဲမှာ နေနေရတာလေ။ လက်တွေ့ဘဝက ခါးသီးမှုတွေကို စိတ်ကူးယဉ်အိပ်မက်တွေနဲ့ အချိုသပ်ရတာပေါ့။


စိတ်ကူးကတော့ ဟိုးအရင် ကလေးဘဝတုန်းကတည်းက ယဉ်ခဲ့တာပါပဲ။ အဲဒီတုန်းက ငါ အင်ဂျင်နီယာဖြစ်ခဲ့သော်၊ ငါ ဆရာဝန်ဖြစ်ခဲ့သော်၊ ငါ သူဌေးကြီးဖြစ်ခဲ့သော်… ဒီလိုတွေအများကြီးပါပဲ။ မြန်မာပြည်အနှံ့ ခရီးဆန့်ချင်ခဲ့သလို၊ ကမ္ဘာတလွှားလည်း အလည်သွားချင်တာပါပဲ။ ဒါတင်ပဲလားဆိုတော့လည်း မဟုတ်သေးဘူး။ ဘုရားဒကာ၊ ကျောင်းဒကာ၊ ပညာဒါနအလှူရှင်ကြီးလည်း ဖြစ်ချင်တာပါပဲ။

အဲ ခြံကျယ်ကြီးတစ်ခုတည်းမှာ မိသားစုဆွေမျိုးတွေ အတူစုနေတဲ့ အလွန်သာယာလှသော လူ့အသိုင်းအဝန်းလေးလည်း တည်ဆောက်ချင်တာပါပဲ။ ခြံကျယ်ကြီးထဲက အိမ်အကြီးကြီးထဲမှာ စာအုပ်တွေကို အစီအရီနဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ စာကြည့်တိုက်လေးလည်း ပါချင်လိုက်တာလို့လည်း စိတ်ကူးယဉ်တာပဲ။ စာကြည့်တိုက်ထဲမှာ သားလေးတွေ သမီးလေးတွေ ငယ်ငယ်တုန်းမှာ ဖတ်ဖို့ ကလေးစာပေတွေ၊ အရွယ်လိုက် ပြောင်းလဲဖတ်ဖို့ စာအုပ်တွေ အစုံရှိချင်တာပဲ။

ကိုယ့်အတွက်တင် စိတ်ကူးယဉ်တာ မဟုတ်ပါဘူး။ မြန်မာတနိုင်ငံလုံးစာလည်း စိတ်ကူးယဉ်တာပဲ။ ကိုယ်တိုင် ထပြီး မလုပ်နိုင်သေးတဲ့ ဘဝမှာ စိတ်ကူးယဉ်ရတာ သဘာဝပဲ မဟုတ်လား။ အားလုံးအတွက် အားလုံးအတွက် မျှော်လင့်ရတာတွေ၊ စိတ်ကူးယဉ်ရတာတွေ အများကြီးပဲ အများကြီးပဲ…

ညညအခါတွေမှာ အိပ်ခါနီးလို့ ဟိုတွေး ဒီတွေးစလုပ်လိုက်ရင် ဇာတ်လမ်းတွေဆင်ပြီး တညလုံး အိပ်မပျော်ခဲ့တာတွေလည်း ရှိခဲ့တာပဲ။ ကျနော်နဲ့ မယ်ဇနိ လောလောဆယ် စိတ်ကူးယဉ် ဖြစ်တဲ့အကြောင်းကို ပြောပြမယ်။

မင်္ဂလာဆောင်ရင် ဘယ်မှာဆောင်မယ်၊ ဘယ်လိုဝတ်မယ် ဆိုတာတွေပါသလို၊ မင်္ဂလာဆောင်ပြီးရင်လည်း ဘယ်တွေသွားမယ် ဆိုတာလည်း ပါတာပေါ့။ ပုဂံကိုသွားမယ်၊ ကျိုက်ထီးရိုးလည်း သွားမယ်၊ အဲ အင်းလေးလည်း သွားမယ်။ ဟန်းနီးမွန်းခရီးပေါ့။ ခရီးစဉ်တစ်လျောက်လုံး မယ်ဇနိက မယ်ဒယ်ဂဲလုပ်မယ်၊ ကျနော်က ဓာတ်ပုံရိုက်မယ်။ ကဲ မပိုင်လား။

အိမ်မှာ ဟင်းတွေ မျိုးစုံ ချက်စားမယ်။ အသုတ်စုံသုတ်ဖို့ လိုအပ်တာတွေ ပြင်ဆင်ထားမယ်။ စားစရာ သောက်စရာတွေ တမျိုးပြီး တမျိုးလုပ်စားမယ်။ ပြီးရင် ချိုင့်ကြီး ချိုင့်ငယ် အသွယ်သွယ်နဲ့ မိဘတွေအိမ်ကို လိုက်ပို့မယ်လေ။ အိမ်မှာ ဆွေတွေမျိုးတွေကို ဖိတ်ပြီး ကျွေးတဲ့အခါလည်း ကျွေးမှာပေါ့။ မချက်ချင်တဲ့အခါကျလည်း နှစ်ယောက်သား မဇနိဝယ်ပေးမယ် ပြောတဲ့ ဆိုင်ကယ် အကြီးကြီးနဲ့ ဆိုင်တွေမှာ မနက်စာ သွားစားမှာပေါ့။

ကလေးဆို ဘယ်နှယောက်ယူမယ်။ သားလေးက ဘယ်လို သမီးလေးက ဘယ်နှယ် စိတ်ကူးတွေယဉ်ရတာ၊ နှစ်ယောက်သား ပြောရတာ မောတယ်တောင် မရှိပါဘူး။ ကျနော်လူလည်လုပ်ပြီး စဉ်းစားထားတာရှိတယ်။ မဇနိက ၂ -ယောက်ပဲတဲ့။ ပထမဆုံးမွေးတဲ့အချိန်မှာ ၂-ယောက်အမွှာလေး မဖြစ်ပါစေနဲ့လို့ ကျနော်ဆုတောင်းထားတယ်။ စစမွေးခြင်း နှစ်ယောက်ဆို အဲဒီမှာတင် ပြီးသွားမယ်လေ။ ဒီတော့ ပထမဆုံးကတော့ တစ်ယောက်တည်း မွေးမယ်။ နောက်တစ်ကြိမ် မွေးမယ်ဆိုတော့မှ အမွှာမွေးလိုက်ရင် သုံးယောက်ရမှာ မဟုတ်လား။ သားလေး သမီးလေးက အစွဲမထားဘူး။ မွေးလာသမျှ အကုန်ချစ်မယ်။

စိတ်ကူးယဉ်တာတွေနဲ့တင် မရပ်ဘဲ လက်တွေ့ဘဝမှာလည်း အကောင်အထည်ဖော်ဖို့လည်း အခုလောလောဆယ်တော့ စိတ်ကူးယဉ်ရတာပါပဲ။ ကဲ ကဲ မောပေါ့ တော်သေးပြီ။ အဲသလိုတွေပါ ကရာတွန်ရယ်..


Read more...

ငယ်ငယ်တုန်းက..

>> Saturday, December 27, 2008


အခု ကျနော် သိပ်အေးလွန်းလှတဲ့ ဆောင်းရာသီမှာ နေနေရတယ်။ မဇနိလည်း ရေခြားမြေခြားမှာ ဟီတာလေးဖွင့်လို့။ အင်း မောင်တရွာ မယ်တမြို့တော့ နေလို့လည်း မဖြစ်နိုင်ပါပြီလို့ ကုန်းအော်လို့ကလည်း မဖြစ်။ ဘဝဇာတ်ဆရာအလိုကျ သူ့နေရာနဲ့သူ အသုံးတော် ခံနေရတာမဟုတ်လား။ ဒီလို ဆောင်းရာသီဆိုရင် ငယ်ငယ်တုန်းကရော ဘယ်လိုနေခဲ့ပါလိမ့်။


ငယ်ငယ်တုန်းကတော့ အခုလိုမဟုတ်ဘဲ၊ တက်တက်ကြွကြွရှိခဲ့တယ်။ ကျနော်တို့မြို့ရဲ့ ဆောင်းကလည်း သူ့အလိုက်၊ သူ့အထိုက်တော့ အေးတာပါပဲ။ မြန်မာပြည် အလယ်ပိုင်းဆိုတော့ ပူရင်လည်း အပူလွန်၊ အေးရင်လည်း အအေးလွန်ကဲသလားလို့။ ငယ်ငယ်တုန်းက ဒီလို ဆောင်းရာသီဆိုရင် သူငယ်ချင်းတစ်ယောက်နဲ့ အတူ မနက်စောစောတွေ အိပ်ယာက ထပြီး ပြေးကြတာ မှတ်မိနေတယ်။ သူငယ်ချင်းက လာလာပြီး ကျနော့်ကို နှိုးတာပါ။ သူလာပြီဆိုရင် နှစ်ယောက်သား ချမ်းချမ်းစီးစီး ဆောင်းတွင်းမှာ ပြေးကြတယ်။

ပြေးရတာမောလွန်းလို့ ချွေးတွေတောင်ထွက်ရပါတယ်။ ကျနော်က ဝတော့ သိပ်မပြေးနိုင်ဘူး။ ပြေးရင်းမောလို့ ထိုင်ရတာ တမျိုး၊ ခြေထောက်တွေ နာလို့ နားရတာ တမျိုးနဲ့ပေါ့။ သူငယ်ချင်းကတော့ ကျနော်က မောလို့ နားလည်း သူကတော့ မနားပါဘူး။ ကျနော်ထိုင်နားနေတဲ့ နေရာနားကို ပတ်ပြီး ပြေးကာ ကျနော်အမောပြောတာကို စောင့်ရတယ်။ ကျနော်တို့ မြို့ထိပ်မှာက ချောင်းတခုကို ကူးတဲ့ တံတားရှိတယ်။ ကျနော်တို့တွေ ပြေးရင် အဲဒီတံတားဘက်ကို ပြေးကြတယ်။ တံတားကြီးကျော်သွားပြီး အတန်ခပ်လှမ်းလှမ်းသွားလိုက်ရင် ဧရာဝတီမြစ်ဘေးမှာ အလွန်သပ္ပါယ်စွာတည်ရှိနေသော ရွှေမုဌောစေတီကိုရောက်ပါတယ်။ ကျနော်တို့လို ကလေးတွေကလည်း အဲဒီကို ရောက်အောင် ပြေးကြသလို၊ အသက်အရွယ် ခပ်ကြီးကြီး စုံတွဲတွေကလည်း အဲဒီဘက်ကို လမ်းလျှောက်ကြတယ်။ မနက်ခင်း ဘုရားဝတ်ပြုဖို့ပေါ့။ ဘုရားကိုဝင်ပြီး ဝတ်ပြုပြီးရင် ဘုရားဘေးက ဧရာဝတီမြစ်ကမ်းပါးမှာ ထိုင်ခုံတန်းတွေလုပ်ထားတော့ အဲဒီမှာထိုင်ပြီး မနက်ခင်းနေလုံးကြီး ထွက်လာတာကိုလည်း ကြည့်ရတာ အရသာသိပ်ရှိတယ်။ ရွှေမုဌောဘုရားကနေ အပြန် တံတားကြီးပေါ်မှာလည်း ဟိုငေး၊ ဒီငေးပေါ့။ အဖိုးကြီးတစ်ယောက်က ကျီးကန်းတွေကို မုန့်ပြားသလက်တွေ ကျွေးတာကိုလည်း မှတ်မိနေသေးတယ်။

မနက်ခင်းပြေးတုန်းကတည်း မြို့နားနီးစပ် ရွာတွေကနေ မြို့ဈေးမှာ ရောင်းဖို့ ကုန်စိမ်းသည်တွေ တောင်းကြီးတွေရွက်လို့တမျိုး၊ တချို့ကလည်း စက်ဘီးတွေနဲ့ သယ်လာတာမျိုးတွေ တွေ့ရတယ်။ ဆောင်းတွင်း မနက်စောစောဆိုပေမယ့် မြို့ကြီးက အိပ်စက်အနားယူနေတာချည်းဘဲ မဟုတ်ရပါဘူး။ မြို့ခံလူတွေ၊ မြို့နားအနီးကျေးရွာတွေက လူတွေရဲ့ လှုပ်ရှားတက်ကြွမှုတွေနဲ့ပါ မြို့ကြီးကို အလှချယ်ထားတာပါ။ ကျနော်တို့က မြို့အရှေ့ပိုင်းမှာ နေ့တဲ့သူတွေဆိုတော့ မြို့အရှေ့ဖက်မှာ တည်တဲ့ ဘုရားဖက်ကို အပြေး၊ လမ်းလျှောက် ထွက်ကြတာပေါ့။ မြို့အလယ်က လူတွေဆို မြို့လည်မှာတည်တဲ့ ရွှေကူဘုရားဆီကို သွားကြတယ်။ မြို့အနောက်ပိုင်းကလူတွေက မြို့အနောက်ပိုင်းမှာ တည်တဲ့ သီဟိုရ်ရှင်ဘုရားကြီးကို သွားကြတာပေါ့။

မြို့ထဲကို ပြန်ရောက်လာရင် မုန့်ဟင်းခါးဆိုင်ကို သွားတတ်တယ်။ မုန့်ဟင်းခါး ပူပူလေးကို စားကြတဲ့အခါ စားကြသလို၊ အိမ်မှာ အမေကြော်ပေးထားတဲ့ ထမင်းကြော်ပူပူလေးကို စားတဲ့အခါလည်း စားကြတယ်။ စကားစပ်မိလို့ပြောရရင် လျှပ်စစ်မီးပြတ်တဲ့အကြောင်းလည်း ပြောရဦးမယ်။ ဟိုးအရင်ကတည်းက သူကပြတ်တတ်တာမျိုးကိုး။ နှစ်တွေသာ ကိုးနှစ်၊ ဆယ်နှစ်ပြောင်းသွားပေမယ့် မီးပြတ်တာကတော့ အခုလည်း ဒီအတိုင်းပဲ။ ကျနော်တို့အိမ်က တအိမ်လုံးကျောင်းသွား၊ ရုံးသွားရတဲ့ သူတွေချည်းဆိုတော့ အမေက မနက်စာကို ပြင်ဆင်ရင်းနဲ့ နေ့လည်စာကိုတခါတည်း တန်းချက်ထားရတယ်။ လျှပ်စစ်မီးပြတ်တတ်တော့ အဖေက မီးသွေးဖို မွှေးပေးရတာမျိုးကို။

ကျနော်တို့ ညီအကိုတွေ ငယ်ငယ်ကတည်းက အိမ်မှာ ကိုယ့်တာဝန်နဲ့ ကိုယ် အိမ်အလုပ်တွေ လုပ်ရတယ်။ သောက်ရေအိုးဖြည့်ရတယ်၊ သောက်ရေခွက်တွေ၊ ရေနွေးပန်းကန်တွေ ဆေးရတယ်။ အိမ်ရှေ့မှာ တံမျက်စည်း ထွက်လှည်းရတယ်။ အမှိုက်ကားကလည်း လာခဲတာဆိုတော့၊ အမှိုက်ပစ်သွားရတယ်။ ငယ်ငယ်တုန်းက အဲသလိုကြီးပြင်းလာပေမယ့် ကျောင်းတွေပိတ်လို့ ပြန်လာရင် အိမ်မှာ ဘာမှ မလုပ်တော့ဘူး။ ဘော်ကျော့နေတယ်။ နေဖင်ထိုးအောင် အိပ်တယ်။ ဆရာကိုတာ့အမေက သူ့သား တက္ကသိုလ်ပြန်တွေကို ပြောတာ သတိရတယ်။ သားတွေကို တက္ကသိုလ်မပို့ချင်ဘူးတဲ့။ တက္ကသိုလ်သွားတက်တာ အကျင့်တွေ ပျက်ပျက်လာတတ်လို့ဆိုလားပဲ။

ငယ်ငယ်တုန်းက ကျောင်းမှာ သန့်ရှင်းရေးလုပ်ရတာတွေလည်း မှတ်မိနေသေးတယ်။ အတန်းတိုင်းက ကျောင်းသူ၊ ကျောင်းသားတွေအားလုံးကို သန့်ရှင်းရေးအဖွဲ့ ငါးဖွဲ့ခွဲထားတယ်။ သန့်ရှင်းရေး လရှည်ပြိုင်ပွဲပေါ့။ ကျောင်းတကျောင်းလုံးကို အမှိုက်လှည်းရတယ်၊ ရေဖြန်းတယ်။ အခန်းသန့်ရှင်းရေး၊ ဓမ္မာရုံမှာ ဘုရားပန်းကပ်၊ သန့်ရှင်းရေး အစုံလုပ်ရတယ်။ ပြီးတော့ နံရံကပ်စာစောင် ပြိုင်ပွဲတွေလည်း လုပ်တယ်။ ပန်းချီဆွဲပြိုင်ပွဲတွေလည်း လုပ်ပြီး နောက်ဆုံးနှစ်ကုန်ကာနီးတော့ ဘယ်အသင်းက ပထမရတယ်၊ ဘယ်က ဒုတိယပေါ့ ကြော်ငြာတယ်။ ကလေးတုန်းက ကိုယ့်အသင်းနိုင်ဖို့ အလွန်တက်ကြွတာလေ။

Assembly လုပ်ရင်လည်း ကျောင်း Assemblyကွင်းထဲမှာ ကိုယ့်အသင်းလိုက် ကိုယ် ကျောင်းသားတွေ ကြီးစဉ်ငယ်လိုက် စီရတယ်။ ဆရာဆရာမတွေက ကျောင်းသားတွေကို ထိန်းလို့ပေါ့။ ကျောင်းအုပ်ဆရာကြီးက ရှေ့ကနေဆုံးမစကားတွေ ပြောတယ်။ ကျနော်တက်ခဲ့တဲ့ အလယ်တန်းကျောင်းမှာ ကျောင်းအုပ်ကြီး နှစ်ယောက်နဲ့ ကြုံခဲ့ရတယ်။ ဆရာကြီး ဦးအောင်ကျော်ဇံနဲ့ ဦးသန်းထွန်း။ ဆရာကြီး ဦးအောင်ကျော်ဇံတာဝန်ကျတာက ကျနော် ၃ တန်းလောက်ကတည်းကနေ ၇-တန်းထိပါ။ ဆရာဦးသန်းထွန်းက ကျနော် ၈-တန်းရောက်မှ ဆရာကြီး ဦးအောင်ကျော်ဇံအနားယူမှ တာဝန်ကျတဲ့ဆရာပါ။

ဆရာကြီး ဦးအောင်ကျော်ဇံက Assemblyမှာ စကားပြောရင် ဖွဲ့ကာ၊ နွှဲ့ကာ ပြောတတ်ပေမယ့်၊ ဆရာကြီး ဦးသန်းထွန်းကတော့ လိုရင်းတိုရှင်း အချက်တွေပဲ ခပ်ပြတ်ပြတ်ပြောတယ်။ ဆရာကြီး ဦးအောင်ကျော်ဇံပြောခဲ့တာ တခုမှတ်မိသေးတယ်။ ကျောင်းသူကျောင်းသားတွေ သမီးရည်းစားထားတဲ့ ကိစ္စတွေကို ဆုံးမတာပါ။ မိန်းကလေးတွေက ယောက်ကျားလေးတွေကို အလွယ်တကူ ပြန်မကြိုက်လိုက်ဖို့တွေ ဆုံးမတာနေမယ်။ ဆရာကြီးဆုံးမတာတွေကိုတော့ အသေအချာ မမှတ်မိတော့ပေမယ့် ပုံပြင်ရဲ့ဇာတ်ကျောလေးတော့ မှတ်မိနေသေးလို့ စာရဲ့နောက်မှာ ဝေမျှလိုက်ဦးမယ်။

ဆရာကြီး ဦးအောင်ကျော်ဇံက ကျောင်းအုပ်လုပ်ရင်း သက်ပြည့်ပင်စင်ယူသွားတာပါ။ ငယ်ငယ်တုန်းကတည်းက အလွန်ကြောက်ခဲ့ရတာ အဲဒီဆရာကြီး တစ်ယောက်ပဲရှိတယ်။ သူက အင်္ဂလိပ်စာသင်တယ်။ စာတွေဆိုလည်း အတန်းရှေ့ ထွက်ဆိုခိုင်းတာပါ၊ သူ့မျက်နှာကတည်တာရယ်၊ ငယ်ကြောက်လည်း ဖြစ်နေတာရယ်နဲ့ပေါင်းပြီး ကြောက်လိုက်ရတာ။ စာမရတဲ့ အချို့သော မိန်းကလေးများဆို ရှန်းရှန်းတွေတောင် အော်တို ပူးပါတယ်။

ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်စဉ်းစားပြီး တောင်ရေးမြောက်ရေး လုပ်နေတာ စာတောင် အတော်ရှည်သွားပါပေါ့ပဲ။ အခုထိလည်း ကျောင်းတွေ တက်နေရတုန်းပါလား။ အခုတက်နေတဲ့ အတန်းထိ နှစ်တွေကို ပေါင်းကြည့်မယ်ဆိုရင် ဆယ်တန်းကို နှစ်ပြန်လောက်တက်တဲ့ နှစ်နဲ့ တူနေပြီ။ ဒါပေမယ့်လည်းလေ ငယ်တုန်းက အကြောင်းတွေက ပြန်တွေးလိုက်ရင် မနေ့တနေ့ကလိုပါပဲ။ ကဲကဲ ဒီနေ့တော့ ဒီလောက်ပါပဲ၊ ဆရာကြီးရဲ့ ပုံပြင်လေးကို ဖတ်ကြဦး။


ဆရာကြီးပြောသော ပုံပြင်

ပုံပြင်ဇာတ်လမ်းက ဒီလို။ ပုံပြင်ဆိုတော့ ဟိုရှေးရှေးတုန်းကနဲ့ စလိုက်မယ်။ ဟိုးရှေးရှေးတုန်းက ကောင်းမလေးတယောက်နဲ့ ကောင်လေးတယောက် ချစ်ကြိုက်ကြသတဲ့။ ကောင်လေးနဲ့ ကောင်မလေး ချစ်ကြရာ၊ ကောင်လေးက ခိုးရာခေါ်တော့ ကောင်မလေးက လိုက်သပေါ့။ အဲ ကောင်မလေးက ကောင်လေးရဲ့ စိတ်ကို စမ်းသပ်ချင်တော့ စားစရာ သောက်စရာတွေကို ဖွက်ပြီးယူလာသတဲ့။ တောကြီးထဲမှာ လမ်းလျှောက်လာရင်း နှစ်ယောက်သား တီတီတာတာ စကားတွေလည်း ဆိုသတဲ့။ မောင်ကြီးရယ် ဟိုပန်းလေးက လှလိုက်တာ ဘာပန်းလေးပါလိမ့် ဆိုရင် ကောင်လေးကလည်း ချစ်နှမရယ် အဲဒါ သစ်ခွလေ၊ လိုချင်ရင် မောင်ကြီး ခူးပေးရမှာပေါ့ ဆိုပြီး ခူးပေးရှာသတဲ့။ အတော် အတန် လမ်းလျှောက်ပြီးတော့ ကောင်မလေးက မောင်ကြီးရယ် အပေါ့အပါးသွားချင်လို့ဆိုပြီး လက်ညှိုးတစ်ချောင်းထောင်ပြီး ချုံထဲကို သွားသတဲ့။ ချုံထဲကျတော့ ဖွက်ယူလာတဲ့ စားစရာတွေစား၊ သောက်စရာတွေ သောက်ပြီး ခပ်တည်တည်လေး ပြန်ထွက်လာသတဲ့။ မောင်ကြီးခမျာတော့ မစားရ၊ မသောက်ရ ခရီးဆက်ရသတဲ့။ နေမြင့်လာလေ ရေဆာလာလေ၊ ခရီးပန်းလာတော့ မောင်ကြီးရဲ့ စကားလေသံတွေ ပြောင်းကုန်သတဲ့။ ဒီအပင်လေးက ဘာပင်လေးပါလိမ့် ဆိုတော့ ဒါလေးတောင် မင်းမသိဘူးလားကွာ၊ စိန်ပန်းပင်ကွ တဲ့။ မိန်းကလေးကတော့ မောတိုင်း ချုံတိုးတော့ လန်းလန်းဆန်းဆန်းကြီးပေါ့။ ခလေးမကလည်း စကားက တယ်များသကိုး၊ လမ်းတွေ့သမျှမေးတယ်။ ဒီလိုနဲ့ ခရီးဆက်လာတာ မောင်ကြီးရဲ့ ဒီငှက်လေးက ဘာငှက်လေးလေးဟင်ဆိုတော့ မောင်ကြီးရဲ့ သည်းခံနိုင်မှုက ကုန်သွားတာနဲ့ အကိုက်ဆိုတော့ -ီးငှက်ဗျာ၊ -ီးငှက်လို့ ဖြေလိုက်သတဲ့။ ဒီတော့ ကောင်မလေးက ခိုးရာမလိုက်ဘဲနဲ့ အပြီးရှောင်ပြေးတော့သတဲ့။ စာဖတ်သူတွေလည်း ဒီပုံပြင်ကနေ သင့်တော်သလို ပညာယူကြကုန်။


Read more...

ခရစ်စမတ်ည

>> Wednesday, December 24, 2008


ဒီနေ့ဈေးဝယ်သွားဖြစ်တော့ နေရာတိုင်းမှာ လူတွေက ပြည့်သိပ်နေတယ်။ ခရစ်စမတ်လက်ဆောင်တွေဝယ်ကြ၊ ကျောင်းလာတက်သူ၊ အလုပ်လာလုပ်နေသူတွေလည်း ကိုယ့်မိသားစုဆီပြန်ဖို့ လက်ဆောင်တွေဝယ်ကြနဲ့ လိုရာရောက်အောင် အတော်သည်းခံသွားရပါ့လား။ တခါတလေ အသက်ရှုတောင် မဝချင်သလို။ လိုချင်တာလေး အမြန်ဝယ်ပြီး ပြန်တာကောင်းမယ်။




ပြီးခဲ့တဲ့နှစ်က ခရစ်စမတ်နေ့က တနေ့လုံးလျှောက်လည်သလို ဖြစ်သွားတာ သတိရမိလို့။ ည(၁၂)ထိုးမှ အိမ်ပြန်ရောက်တယ်။ ဓါတ်ပုံတွေ ပြန်ကြည့်ရင်း ဒီနှစ်လည်း လျှောက်လည်ဖြစ်မလား၊ မလည်ဖြစ်မလား စဉ်းစားလိုက်တော့ လည်ရမှာ ပျင်းနေလို့။ မနှစ်ကလည်တာတော့ အစဆုံးနှစ်ဖြစ်လို့ ပျော်စရာပေါ့လေ။ ညနေ (၄)နာရီမှာ အဆောင်ကိုဖိတ်တဲ့ ညစာပါတီသွား၊ ပါတီမှာ တီးဝိုင်းနဲ့လည်း ဧည့်ခံတယ်။ စားစရာတွေကတော့ ဂျပန်စာတွေမို့လို့ မကြိုက်ဘူး။ ပြန်လာတော့ ည (၉) နာရီရှိနေပြီ။




မြန်မာအမတယောက်နဲ့ လျှောက်လည်ကြမယ် ပြောထားတော့ အမက အခန်းကို ရောက်နှင့်လို့။ နှစ်ယောက်သား ထွက်သွားကြတာ Landmark tower ဆီ။ အမက ဗိုက်ဆာတယ်ဆိုလို့ ဘာဂါဝယ်ပြီး Sakuragichou မြက်ခင်းပြင်မှာ ထိုင်စားရင်း လူတွေထိုင်ငေး၊ အေးလွန်းလို့ခဏနေတော့ Landmark tower အထဲကို ဝင်ခဲ့ကြတယ်။ ဒီတာဝါက ဂျပန်မှာ အမြင့်ဆုံး ၂၉၅.၈ မီတာမြင့်တယ်ဆိုပဲ။ သူ့ပတ်ဝန်းကျင်က ညအခါဆို သိပ်လှတယ်။ ယိုကိုဟားမားကမ်းခြေတလျှောက် ဆက်သွားရင် တလမ်းလုံး သာယာတဲ့ ရှုခင်းတွေ။ တာဝါအတွင်း shopping mall တွေအလယ်မှာ ခရစ်စမတ်သစ်ပင်လည်း နှစ်တိုင်းအလှဆင်တယ်။ နာရီဝက်ခြားတခါ တေးသံလေးတွေနဲ့ မီးလုံးအလှတွေ သစ်ပင်မှာ လုပ်ပြတယ်။
၂၀၀၇ တုန်းကပုံ...

၂၀၀၈ - ခုနှစ်အတွက် ပြင်ဆင်ထားတာ..


အဲဒီမှာ ခဏပဲနေပြီး ဓါတ်ပုံလျှောက်ရိုက်ရင်း Queen’s square tower ဘက်ကို နေရာပြောင်းကြတာပေါ့။ ဒီဘက်က သစ်ပင်က ပိုလှတယ်စိတ်ထင်လို့ တေးသံဖွင့်တာကို စောင့်ကြတာ။ နာရီဝက်ခြားတခါဆိုတော့ လူတွေ နေရာဦးပြီး စောင့်နေကြတာ။ ကျွန်မတို့လည်း နေရာယူရင်း ခရစ်စမတ်သစ်ပင်က သီချင်းဆိုတာတွေ နားထောင်ဖို့ စောင့်ခဲ့တော့ ည (၁ဝ) နာရီ ခွဲ လို့နေပြီ။ အေးအေးချမ်းချမ်းမှာ အပြင်ထွက် လျှောက်လည်ရတာ အရသာတော့အရှိသား။
၂၀၀၇


၂၀၀၈




၂၀၀၇ ခရစ္စမတ်ညက ရိုက်ထားတဲ့ ဗွီဒီယိုဖိုင်လေးတွေ..


တနေ့က ဂျပန်သူငယ်ချင်း ကိုယ့်ကို မေးလာတယ်။ ခရစ်စမတ်နဲ့ နယူးရီးယား ဘယ်သွားဖို့ အစီအစဉ်ရှိသလဲ တဲ့။ ဒါနဲ့ ကျွန်မလည်း မင်းရော ဘာလုပ်မယ်စိတ်ကူးလဲမေးလိုက်တယ်။ သူဖြေတဲ့အဖြေက ကျွန်မကို ငေးငိုင်သွားစေတာ အသေအချာပါပဲ။ သူတို့ငယ်ငယ် အထက်တန်းကျောင်းသူတုန်းကတော့ ခရစ်စမတ်ညတွေ နှစ်သစ်ညတွေ လျှောက်လည်ခဲ့ကြတယ်။ အခုတော့ ဘယ်မှ မလည်ဖြစ်တဲ့အကြောင်း။ မိသားစုဆုံပြီး စားကြသောက်ကြ အေးအေးဆေးဆေးနေကြမယ်ဆိုတဲ့အကြောင်း။ တခြားမြို့မှာ အိမ်ထောင်ကျနေတဲ့ သူ့အကို မိသားစုလည်း အိမ်ကို ပြန်လာမယ်ဆိုတဲ့အကြောင်း။ ဒီလို အိမ်သားတွေ စုဆုံကြတာ ပိုကောင်းတဲ့အစီအစဉ်လို့ ကျွန်မ လေးလေးနက်နက် ထောက်ခံမိတယ်။ ဒါဟာ တကယ်ကို ပျော်စရာကောင်းတဲ့ အခြေအနေဖန်တီးယူတာပဲ။ အိမ်တအိမ်ထဲမှာ ချစ်ခင်တဲ့မိသားစုတွေ တွေ့ဆုံခွင့်ရတာ အင်မတန် ကံကောင်းကြတာပေါ့။ မနှစ်က လျှောက်လည်ကြည့်တော့လည်း လူတွေ နေရာတိုင်း ပြည့်နေတာ တွေ့ရတယ်။ တခုသတိထားမိတာက အများအားဖြင့် နိုင်ငံခြားသားတွေ။ ကိုယ်စိတ်ထဲထင်မိတာ သူတို့လူမျိုးတွေလည်း အပြင်ထွက်လည်မယ်လို့။

အခုရက်ပိုင်းမှာကို ကျောင်းမှာ ကျောင်းသားတွေ သိပ်မရှိကြတော့ဘူး။ တခြားမြို့တွေက ကျောင်းလာတက်သူတွေ သူတို့မွေးရပ်အိမ်ကို ပြန်ကုန်ကြပြီ။ ဒီလိုညတွေဆို ဆိုင်တော်တော်များများလည်း ပိတ်ထားတာတွေ့ရတယ်။ မတိုင်ခင်ရက်တွေမှာ စားစရာတွေ သိပ်ဝယ်ကြတာ။ ဂျပန်အမျိုးသားနဲ့ အိမ်ထောင်ကျတဲ့ နိုင်ငံခြားသူ သူငယ်ချင်လည်း သူ့အမျိုးသားရဲ့အမေတွေရှိရာ မြို့ကို နှစ်စဉ် ခရစ်စမတ်ကနေ နယူးရီးယားထိ သွားနေကျဆိုပဲ။ အကိဟဘရလျှပ်စစ်ဆိုင်တွေမှာ ဈေးချတော့ အဲဒီညတွေ တိုးလို့မပေါက်ဘူး။ နိုင်ငံခြားသားများ ခြေချင်းလိမ်နေကြတာ။

ခရစ်စမတ်ဆိုတာ မန္တလေးအဆောင်ရောက်မှ ကြုံဖူးတာပါ။ မနက်ခင်း အိပ်ယာက နိုးလာရင် အခန်းတံခါးမှာ ချိုချဉ်လေးတွေ မုန့်လေးတွေ အရုပ်လေးတွေကို သူငယ်ချင်းတွေ လာချိတ်သွားကြတယ်။ ဆုတောင်းစာချိတ်သွားတာမျိုးဆို ဘာတွေပြောသွားလဲ မျက်လုံးကို ကမန်းကတန်းဖွင့်ရင်း ပျော်စရာနေ့လေးလို့ သတ်မှတ်ခဲ့ကြဖူးတယ်။ ခရစ်စယာန်သူငယ်ချင်းကို ကဒ်လက်ဆောင်လေးတွေပေး၊ သူတို့အခန်းမှာ တခန်းလုံး အရုပ်တွေ သူငယ်ချင်းတွေပေးတဲ့ လက်ဆောင်ကဒ်လေးတွေ ချိတ်ဆွဲထားလို့ ကဗျာဆန်ဆန်လှနေတယ်။ ကိုယ်လည်း ရောယောင်ပျော်ခဲ့တာပေါ့။ ညဘက်ရောက်ရင် တကျောင်းလုံး ခရစ်စယာန် ဆရာ၊ ဆရာမ၊ ကျောင်သား၊ ကျောင်းသူတွေနဲ့ ခင်မင်ရာ သူငယ်ချင်းများက ကျောင်းဝန်းထဲမှာ သီချင်းလှည့်ဆိုကြတယ်။ အဆောင်မှူးဆီသီချင်းလာဆိုရင်း အဆောင်ပေါ် ဝရံတာက ပြူတစ်ပြူတစ် သူငယ်ချင်းတွေဆီ မုန့်ထုပ်တွေ လှမ်းပစ်ပေးတယ်။ သူတို့အဖွဲ့လေးကို မှုံဝါးဝါးမြင်ရတဲ့အထိ ဝရံတာက လိုက်ငေးရတာ တမေ့တမော။ ကျောင်းတက်ရတဲ့မြို့က အိမ်နဲ့သိပ်မဝေးလှသလို ဝေးလှတယ်ဆိုရင်တောင် နိုင်ငံမခြားတော့ တကယ်က မဝေးပါဘူး။ အိမ်နဲ့ဝေးနေပေမယ့် ဘေးမှာ ကိုယ့်အတွက် နွေးထွေးတဲ့သူငယ်ချင်းတွေ၊ ဖေးမဖော်သူငယ်ချင်းတွေ၊ စိတ်ကောက်ဖက် သူငယ်ချင်းတွေနဲ့ အထီးကျန်ရမှန်း မသိပါဘူး။

ကျွန်မတို့ အညာဒေသမှာတော့ အင်္ဂလိပ်နှစ်သစ်ရယ်လို့ အထူးတလည် အစီအစဉ်တွေ သိပ်မရှိတတ်ဘူး။ ခရစ်စမတ်ညသီချင်းဆိုတာတွေကတော့ ရှိပါတယ်။ အခုနောက်ပိုင်းနှစ်တွေမှာ နှစ်သစ်ရယ်လို့ အသိအမှတ်လုပ်လာတာတွေ ရှိလာလို့ ပြောင်းလဲလာတယ်ဆိုရမယ်။ နယူးရီးယားနေ့ဆိုရင် ကိုဇနိက ဖုန်းဆက်တတ်တယ်။ အဆောင်မှာ ဖုန်းပြောသူတွေကလည်း တန်းစီနေတာ။ တခါတလေ အလှည့်မကျလို့ တညလုံး ဖုန်းခေါ်မရဘူး။ တချို့ညတွေတော့ ညအတော်နက်မှ ဖုန်းထပြောရတယ်။ ကျွန်မပြောနေကျစကားကတော့ နယူးရီးယားနေ့မှာ အဝတ်အစားသစ်လေးဝတ်နော်လို့။ သူဝတ်လား မဝတ်လားတော့ သေချာ ဘယ်သိမတုန်း။ ကိုယ်မှာချင်တာ မှာလိုက်ရရင် စိတ်ချမ်းသာလို့လေ။

ပျော်စရာတွေ ကြည့်စရာတွေ အသစ်အဆန်းတွေများတဲ့နေရာမှာ နေရပေမယ့် တကယ်တန်းတော့ အချိန်တန်ရင် အိမ်ကိုပဲ တမ်းတမိတယ်။ ခရစ်စမတ်သစ်ပင်တွေမရှိတဲ့ အညာက အမေ့ဆီမှာ ခရစ်စမတ်ညကို ကုန်ဆုံးချင်တယ်။ နှစ်သစ်တခုကို ကူးပြောင်းလို့ လူသစ်စိတ်သစ်နဲ့ တနှစ်လုံးစာ ခွန်အားတွေရဖို့ အမေ့ရင်ခွင်မှာ ခိုလှုံချင်တယ်။ သူများတွေ မိသားစုဆုံနေကြတဲ့အချိန်လေးမှာတော့ ခဏလောက်ဖြစ်ဖြစ် အိမ်ပြန်ရရင် ကောင်းမှာပဲ။ မဟုတ်ရင် နောက်ထပ် နှစ်တနှစ်လုံးကို ဘယ်လိုခွန်အားတွေနဲ့ ရင်ဆိုင်ဖြတ်သန်းရပါ့မလဲ။

သူငယ်ချင်း အပေါင်းအသင်းများ အားလုံး ခရစ္စမတ်မှာ ပျော်ရွှင်ကြပါစေ။


မဇနိ

Read more...

သူစိမ်းတို့ရဲ့အလယ်မှာ (၄)

>> Friday, December 19, 2008


သူစိမ်းတို့ရဲ့အလယ်မှာ (၁)
သူစိမ်းတို့ရဲ့အလယ်မှာ (၂)
သူစိမ်းတို့ရဲ့အလယ်မှာ (၃)

အောက်တိုဘာလဆီ ရောက်လာရင် ခရီးတခုထွက်ကြတယ်။ နှစ်တနှစ်မှာ စာသင်တန်းတွေကို ဧပြီတန်းရယ် အောက်တိုဘာတန်းရယ်ဆိုပြီး ခွဲထားတယ်။ ဒီနှစ်အောက်တိုဘာမှာ ခရီးမထွက်ဖြစ်လို့ နောက်လ ဇန်နဝါရီမှာ ဟော့ကိုင်းဒိုးကို သွားဖို့ စီစဉ်နေကြပြီ။ ဟော့ကိုင်းဒိုးသွားမယ်ဆိုတာနဲ့ ဦးထုပ်၊ လက်အိတ်၊ အနွေးဓါတ်ပေးမယ့် hot pad လေးတွေကအစ တဖြည်းဖြည်း စုဆောင်းနေရပြီ။


ကိုယ်က အအေးကြောက်တဲ့သူပေမယ့် ဌာနတခုလုံးသွားကြမယ်ဆိုတော့ လိုက်ဖြစ်အောင် ကြိုးစားလိုက်ရမယ်။ ဒါမှလည်း သူတို့နဲ့သွားတာ နေရာပိုစုံအောင်ရောက်ရတာကိုး။ ဒီနှစ်ခရီးစဉ်အတွက်သာ စီစဉ်နေရတာ။ အရင်နှစ်က ခရီးစဉ်တုန်းက ဘာမှ နားမလည်တော့ ဘာမှသိပ်မစီစဉ်တတ်ဘူး။ ဘယ်ဟိုတယ်ကိုတည်းမယ်။ ဘယ်တွေသွားမယ်ဆိုတာ မသိဘူးလေ။ သွားမည့်မနက်အစောထ၊ အဆောင်တူတူနေတဲ့ အီရန်ကောင်လေးနဲ့ တူတူသွားမယ်ပေါ့။ ကိုယ်က ချိန်းထားတဲ့ အချိန် အဆောင်ရှေ့ကို ရောက်ပေမယ့် သူက နောက်ကျမှ အပြေးအလွှားရောက်လာတယ်။ သူ့ကိုကြည့်လိုက်တော့ ကျောပိုးအိတ်လေးတလုံး။ အနွေးထည်ခပ်ပါးပါးနဲ့။ ကျွန်မကတော့ အိတ်တလုံးဆွဲလာရသေးတယ်။ မိန်းကလေးဆိုတော့ ယူချင်တာက အများသား။ ဒါတောင် ကိုဇနိက ကွန်ပြူတာယူခိုင်းတာ လေးမှာစိုးလို့ ထားခဲ့လို့။ ခရီးက နည်းနည်းကြာမယ်ဆိုတော့ သူက ရစ်နေတာပေါ့။ ကွန်ပြူတာပါ သယ်လို့ကတော့ ကျွန်မတယောက် ရှုပ်ရှက်ခပ်နေအုံးမယ်။

ရထားချိန်တွေ အင်တာနက်မှာကြည့်ထားတာ အကိုက်။ သူက ဆယ်မိနစ်လောက်နောက်ကျတာနဲ့ အကုန် ကမောက်ကမတွေ ဖြစ်သွားပြီ။ ဘူတာကို အမြန်သုတ်ခြေတင်ပေမယ့် မှန်းထားတဲ့ရထားက အပေါက်ပိတ်သွားပေါ့။ ကဲ ဘယ်တတ်နိုင်မလဲ နောက်တစင်းစောင့်ရုံရှိတာပေါ့။ ကျွန်မက သူ့ထက်စောရောက်တဲ့သူဆိုတော့ သူက ကိုယ့်ထက်ပိုဆိုးတယ်။ ဘယ်မှမသွားတတ်ဘူး။ Heneda လေဆိပ်ကိုသွားမည့် ရထား ပြောင်းစီးရင်း ဘုရားစာရွတ်ရသေးတယ်။ နောက်ကျနေတာ အသိသာကြီး။ ရာသီဥတုက အတန်အေးပေမယ့် နှစ်ယောက်စလုံး ချွေးတလုံးလုံးဖြစ်နေပြီ။ လမ်းမှာ ရထားပြောင်းစီးရမယ်လို့ အင်တာနက်မှာကြည့်ထားတာ စိတ်ကစွဲနေပြီး လမ်းဘူတာမှာ ဆင်းကြ၊ ပြောင်းကြမယ်ပေါ့။ ဒါပေသိ အချိန်လွဲချော်သွားတဲ့အတွက် ပြောင်းစရာမလိုတာကို နားက မကြားဘူး။ အောက်ဆင်းပြီး ရထားထွက်သွားမှ ဒီရထားက လေဆိပ်ထိရောက်တဲ့ရထားတဲ့။ ဘာမှ မတတ်နိုင်ဘူး။ နောက်တစီးစောင့်ကြပေအုံး။

တကယ့်တကယ် လေဆိပ်ရောက်တော့ ချိန်းတဲ့အချိန်ကို (၄၅)မိနစ်လောက် လွန်လို့နေပြီ။ ပြည်တွင်းခရီးစဉ်တော်တော်များများက ဒီလေဆိပ်ကို အသုံးပြုကြတာဆိုတော့ လူတိုင်းလူတိုင်း ပေါ့ပေါ့ပါးပါးပဲ။ (၄) ရက်ခရီးကို တချို့က ကျောပိုးအိတ်လေးနဲ့။ အဝင်မှာ အီရန်ကောင်လေးက တတွီတွီမြည်နေလို့ သူ့အိတ်ထဲရှာတော့ ဓားတွေ့ရော။ သူက အသားစားလို့မရလို့ ငါးသေတ္တာဖောက်စားရအောင် ဓားယူလာတာဆိုပဲ။ သူလည်း အသက်ငယ်သေးတော့ အတွေ့အကြုံက မရှိသေးဘူးနဲ့တူပါတယ်။ ဂျပန်လေးတွေကတော့ ပြုံးစိစိဖြစ်လို့။ နောက်ဆုံး ဓားကို လေဆိပ်မှာ ထားခဲ့ရတယ်။ အပြန်မှ ဝင်ယူရမယ်တဲ့။ ဒုတိယအကြိမ်လေယာဉ်စီးတာမို့လို့ ဒီတခါတော့ ဘေးဘီကိုကြည့် အေးအေးဆေးဆေး လိုက်နိုင်ခဲ့တယ်။ တနာရီလောက်ကြာတဲ့အခါ ကျွန်မတို့သွားချင်တဲ့ဆီ ရောက်ပြီတဲ့။ ဒီမှာ ကြည့်လို့မှ မဝသေးဘူး။ ပင်လယ်ကြားက ကျွန်းသေးသေးလေးတွေကို အပေါ်ကကြည့်ရတာ စိတ်လှုပ်ရှားစရာကောင်းနေတယ်။ အဝေးကဆိုတော့ ကျွန်မတို့နေတဲ့နေရာက မြေကွက်လပ် ပိစိလေးကိုး။

ကျူတာမလေးရယ် တခြားဌာနက ဂျပန်မလေးရယ် မိန်းကလေးသုံးယောက်ပါတယ်။ တခြားဂျပန်မလေးက အင်္ဂလိပ်လို ပြောတတ်တော့ အခု Takamatsu လေဆိပ်ကို ရောက်ပြီ။ အဲဒီမှာ Udon လို့ခေါ်တဲ့ ခေါက်ဆွဲဟာ နာမည်အကြီဆုံးဖြစ်တဲ့အကြောင်း သွားစားကြမယ်ဆိုတဲ့အကြောင်း လာပြောပြတယ်။ Udon က မြန်မာပြည်မှာတော့ နန်းကြီးဖတ်လိုမျိုးတွေနဲ့ စားရတဲ့ အစားအစာပါ။ သိပ်မကြိုက်ပေမယ့် အဲဒီမြို့မှာတော့ အတော်စားကောင်းခဲ့တာ။ လေဆိပ်ကထွက်တာနဲ့ ဆောက်လုပ်ရေးက အကြိုကားရောက်နေတယ်။ ကားနှစ်စင်းခွဲတက်ကြပြီး နာမည်ကြီး Udon ဆိုင်ကို အရင်မောင်းခဲ့ကြရော။ လမ်းတလျှောက်လည်း အဲဒီဆိုင်တွေကြီးပဲ။ ဂျပန်မှာတော့ ဒီဖက်က Udon က စားလို့အကောင်းဆုံးဆိုပဲ။ ကားပေါ်မှာလည်း လူတိုင်းပါးစပ်က Udon ကို ရွတ်ဖတ်နေကြတာနဲ့ ကျွန်မလည်း မျှော်မှန်စားချင်နေတာ။ တကယ်တော့ ဗိုက်လည်းဆာနေပြီကိုး။

ကားရပ်လိုက်တာနဲ့ သစ်လုံးအိမ်ပြားပြားလေးတွေ တွေ့လိုက်ရတယ်။ အဲဒီအိမ်တိုင်း လူတွေပြည်နေတာကိုး။ Udon စားနေကြသူတွေနဲ့ ဆိုင်တွေ။ အိမ်ပုလေးကို ဝင်လိုက်တာနဲ့ ပန်းကန်တချပ်၊ တူတစုံကို သူများယူသလို လိုက်ကောက်ကိုင်ရင်း ဆရာ့နောက်က ကပ်လိုက်ခဲ့တယ်။ ဆရာယူသလို Udon ထည့်၊ တန်ပူရာထဲက ပုဇွန်တန်ပူရာနှစ်ခုယူ၊ ဆရာထည့်တာတွေ အကုန်လိုက်ထည့်ပြီး လူတန်းကြီးနဲ့အတူ တရွေ့ရွေ့စီရင်း အထွက်မှာ ပိုက်ဆံရှင်းလိုက်တယ်။ နောက်တော့ ကိုယ့်ဟာကိုယ် အလျင်းသင့်သလို နေရာရှာ တချို့လည်း မတ်တတ်ရပ်၊ တချို့လည်း သစ်လုံးထိပ်မှာထိုင်ရင်း ပူပူလေးကို ရှလွတ်ရှလွတ်မြည်အောင် စားကြတာ။ ဆူညံပြီး အရသာကလည်း ကောင်းပါ့။ နာမည်ကြီးမယ်ဆို ကြီးလောက်ပါတယ်။ တိုကျို၊ ယိုကိုဟားမားကအရသာတွေနဲ့ ကွာသလိုး။ အစားကို ငမ်းနေတာနဲ့ ဓါတ်ပုံလည်း မရိုက်ခဲ့ရပါဘူး။ လာကြိုတဲ့သူတွေက ဆရာ့တပည့် တံတားအင်ဂျင်နီယာတွေ။ သူတို့လည်း တန်းစီ၊ ကိုယ့်ပိုက်ဆံကိုယ်ရှင်း။ ကိုယ်စားချင်သလောက်စား။ ဆရာလည်းတန်းတူ တန်းစီ။

ဗိုက်ဝတော့ တချီကားမောင်းပြီး ဆောက်လုပ်ရေးဌာနဆီ အရောက်လှမ်းကြပြန်ရော။ နာရီဝက်လောက်ကြာတာနဲ့ တံတားတိုင်လုံးတွေ စတွေ့နေရလို့ ကိုယ့်မှာ တအံ့တသြဖြစ်လို့။ သူတို့တွေလည်း မရောက်ဖူးကြပါတူး။ ဒီမြို့ကိုရောက်ဖူးရင်တောင် ဒီဆောက်လုပ်ရေးဆီက တာဝန်ရှိသူပဲ ဝင်ရတာဆိုတော့ အားလုံးအသစ်အဆန်းပေါ့။ Akashi Kaikyo တံတားက ကမ္ဘာ့အရှည်ဆုံး ကြိုးတံတား သူတို့ဆီမှာလည်း နာမည်ကြီးသကိုး။ တကယ့်တံတာကြီးကို မြင်ရတဲ့အခါ အဝင်က တိုင်တွေ ဘာမှမဟုတ်တော့သလိုပဲ။ ဦးထုပ်တွေ၊ လက်အိတ်တွေလဲလှယ်ပြီးတဲ့အခါ တံတားအပေါ်ပိုင်းထိတက်ကြတယ်။ စက်သီးနဲ့ဆွဲတဲ့ လှေကားထဲကို တခါလိုက်ရင် (၅)ယောက်စီလိုက်ရင်း လှေကားကြီးမြင့်တက်တော့ အူး အား အမလေး ဝိုး အစုံအော်ကြတာပေါ့။ လူမျိုးမတူတော့ သူလည်းအော်ချင်သလိုအော် ကိုယ်လည်း အော်ချင်သလိုအော်။ နောက်ဆုံးတော့ ထိပ်ကိုရောက်သွားတာပါပဲ။ Beam၊ Tower၊ Girder တွေကို တကယ့်လက်တွေ့မြင်ရတဲ့အခါ သူတို့နည်းပညာတွေကို မလေးစားဘဲ မနေနိုင်ဘူး။ ဒီတံတားကြီအကြောင်းကို ဒီမှာ ရေးဖူးလို့ ထပ်မပြောတော့ပါဘူးလေ။

အဲဒီကနေ ရထားစီးပြီး ညနေစောင်းမှာ Matsuyama မြို့ကို ရောက်သွားတယ်။ ရောက်တာနဲ့ HOTEL THE ELLCY ကို တန်းဝင်ရတယ်။ ဟိုတယ်ကိုရောက်တော့ ကိုယ့်အခန်းသော့ကိုယူ နောက်ထပ် နာရီဝက်ကြာရင် ဟိုတယ်ဧည့်ခန်းမှာ ပြန်ဆုံမယ်တဲ့။ ကိုယ့်အခန်းကိုသွား မျက်နှာသစ် အဝတ်အစားလဲပြီး ပြန်ဆင်းလာတော့ အားလုံးလူစုံနေပြီ။ ဟိုတယ်မှာပဲ ညစာစားကြရင်း အဖွင့်ပါတီကြရော။ အများအားဖြင့်က ငါးတွေဆိုတော့ ကျွန်မအတွက် ပုဇွန်မှာပေးကြရတယ်။ စားကြသောက်ကြနဲ့ (၉)နာရီမှာ လမ်းခွဲ အနားယူကြတယ်။ မနက်ခင်း တံတားနှစ်ခုဆီသွားမယ်လို့လည်း မှာလိုက်တယ်။ အခန်းပြန် ရေမိုးချိုးပြီး ဖုန်းကိုကြည့်လိုက်တော့ ဖုန်း ၁၅ ကောလ်ဝင်ထားတာနဲ့ ပျာယာပျာယာဖြစ်လို့သွားတယ်။ ရွှေစိတ်တော်များ ညိုသွားမလား စိတ်ပူရသေး။ အသင့်ယူလာတဲ့ဖုန်းကဒ်လေးကိုထုတ်၊ အချော့ဝင်တော့ တော်တော်နဲ့မပြေဘူး။ အတူတူစကားပြောနေကြတာ အခု သူတယောက်ထဲဆိုတော့ သူလည်း ပျင်းနေရှာရော့မယ်။ ဒါတွေသိလို့ ဖုန်းကဒ်တွေ အဆင်သင့်ယူလာတာ။ အဲဒီတလောက ဖုန်းဖိုးလည်း ကုန်ကြတာပေါ့။ အခန်းထဲမှာ အင်တာနက်ကြိုးကိုမြင်လို့ ကွန်ပြူတာလေးကို သတိတော့ အရသား။ ကဲ ရှိစေတော့လေ။ တတ်နိုင်ဘူး။

နောက်တနေ့မှာ ဟိုတယ်က ကား(၃)စီးငှားပြီး ဆရာ(၃)ယောက်က ဒရိုင်ဘာလုပ်ကြတယ်။ ကိုယ့်ဆရာကိုကြောက်လို့ သူနဲ့ဝေးတဲ့ကားမှာ သွားစီးတာ။ ကားပေါ်ရောက်တော့ စကားပြောကြရင်း ကစားကြမယ်ဖြစ်ရော။ မြန်မာပြည်မှာ အခုလို ကားစီးတာကြာမယ်ဆိုရင် ဘယ်လို ကစားသလဲတဲ့။ ခက် ခက်ချည်ရော။ မြန်မာပြည်မှာ လိုင်းကားတွေနဲ့ပဲ သွားဖူးတော့ လူတောင် ဆီးဖြူသီးအလှိမ့်ခံနေရပါတယ်ဆို ဘယ်လိုလုပ်ကစားမလဲ ဒါတွေပြောပြလည်း နားလည်းမည်မထင်တော့ စဉ်းစားစမ်း။ စဉ်းစားစမ်း။ ဦးနှောက်ကိုအလုပ်ပေးလိုက်ရင်း ငယ်ငယ်က ကစားတဲ့ ခေါင်းတို့တမ်းကစားနည်းကို သတိရသွားတယ်။ ဒါနဲ့ တယောက်တလှည့် ခေါင်းငုံ့ ခေါင်းတို့ကြတာ ခပ်တည်တည်နေတဲ့ ကျွန်မကို ဘယ်သူမှမထင်ဘူး။ တကယ်တမ်း ခေါင်းပုတ်အများဆုံးက မဇနိ။ ကားမောင်းနေတဲ့ဆရာလည်း ဝင်ပုတ်တယ်။ ဆရာများ ခေါင်းငုံအလှည့်ဆို ပုတ်ရမှာ အားနာမိသေး။ စိတ်ထဲမှာ ကန်တော့ကန်တော့နဲ့ ပုတ်လိုက်တာပဲ။ ငရဲကြီးချင်လည်း ကြီးခါမှကြီးရော။ ဒီကစားနည်းရိုးလာတော့ အသွင်အပြင်တွေပြောရင်း တရိစ္ဆာန်နာမည်တွေဖွက်ထမ်း ကစားကြပြန်တယ်။ နောက်ဆုံးတော့ သွားချင်တဲ့ တံတားကြီးဆီ ရောက်သွားရော။

အဲဒီတံတားကတော့ Tatara တံတား။ ကမ္ဘာ့အရှည်ဆုံး cable-stayed တံတား။ အဲဒီတံတားကြီးပေါ်ကို လမ်းလျှောက်ကြရင်း သူ့ကေဘယ်ကြိုးကြီးတွေ ကိုင်ကြည့်ရတာ ပျော်စရာ။ နောက်တံတားတစင်းလည်လိုက်တော့ တနေကုန်ပြန်ရော။ နောက်တနေ့က ရေပူစမ်းသွား လျှောက်လည် ညမှာ အထူးပါတီ တညလုံးလုပ်ကြတယ်။ ကျွန်မတော့ အိပ်ချင်လို့ ဆရာပြန်လိုက်ပို့တာနဲ့ (၁၂) လောက်ပြန်ရောက်တယ်။ တကယ်တော့ အိပ်ချင်တာထက် မျှော်နေရှာမည့် ကိုဇနိဆီ ပြန်လာတာပါ။ သူ့နဲ့စကားပြောရင်း အိပ်ပျော်သွားခဲ့သေး။ နောက်တနေ့မနက်မှာတော့ ကိုယ်သွားချင်ရာသွားပါ။ လေဆိပ်ကို ဘယ်ချိန်ပြန်လာတဲ့။ အသီးသီးထွက်သွားကြတာများ။ ကျွန်မဘယ်ဆီကိုသွားရမလဲ။ ဘယ်မလဲ မြေပုံ။ ဘယ်နားမှာ ဘာရှိလဲ မသိ။ ဒါတွေက အစကတည်းက ကိုယ်သွားမည့်နေရာမှာ ဘာတွေ နာမည်ကြီးသလဲ ကြိုရှာ၊ ပရင့်ထုတ်လာရမှာ။ နောင်တတွေ နောင်မှသိရ။ နောက်ဆုံးတော့ ဆရာတို့နဲ့ လိုက်သပေါ့ ဆရာတို့ဘီယာသောက်တော့ ပုဇွန်တန်ပူရာ၊ ရေပေါ်ဝဲတန်ပူရာတွေ ကျွန်မတယောက်ထဲ စားရရော။



အပြန်လမ်းမှာလည်း လေဆိပ်ကအထွက် ရထားမစီးတတ်သေးပါဘူး။ ဆရာနဲ့တူတူ ယိုကိုဟားမားဘူတာထိ လိုက်ပြန်ပြီးမှ အဆောင်ကိုရောက်တယ်။ ရောက်ရောက်ချင်းဘဲ ကွန်ပြူတာလေးဖွင့် အမေပြောတဲ့ အမောပြေလေးနဲ့ အလွမ်းသယ်ရင်း အောက်တိုဘာခရီး ပြီးဆုံးသွားတာပေါ့။ ဒီလိုနဲ့ နောက်တခါ ခရီးသွားရင် မြေပုံတွေ ထုတ်ယူသွားဖို့ ကွန်ပြူတာလေးယူသွားဖို့ စဉ်းစားရင်း နောင်ဇန်နဝါရီခရီးစဉ်ကို ရင်ခုန်နေမိတော့တယ်။

ဆက်ပါအုံးမည်။
မဇနိ

Read more...

သူစိမ်းတို့ရဲ့အလယ်မှာ (၃)

>> Sunday, December 14, 2008


သူစိမ်းတို့ရဲ့အလယ်မှာ (၁)
သူစိမ်းတို့ရဲ့အလယ်မှာ (၂)

ဘတ်စ်ကားစီးရင်း ရထားစီးရင်း သူစိမ်းတို့အလယ်မှာ မပျော်တာကို ပိုခံစားရသလိုပဲ။ ဟုတ်တယ်လေ ကားတစင်းလုံးမှာ ကိုယ်နဲ့သိတဲ့သူ တယောက်မှ မပါဘူး။ ပါးစပ်အညောင်းပြေ ရယ်ပြချင်လို့မှ ရယ်စရာလူမရှိဘူး။ ရထားစီးလည်း ဒီလိုပဲပေါ့။ ကိုယ့်တယောက်ထဲ အိပ်လိုက်တဲ့အခါလိုက်၊ ဖုန်းကလိတဲ့အခါ ကလိနဲ့ ဖြတ်သန်းရတာ ပျင်းစရာ။ သူစိမ်းအနံ့တွေကလည်း ဟိုမှာဒီမှာ ၀န်းကျင်တခုလုံးမှာ လှိုင်လှိုင်ထနေတာများ ဘယ်ဆီမှ ပြေးထွက် အနံ့အသက်ပြောင်းဖို့ မတတ်နိုင်ဘူးလေ။



ဂျပန်စာသင်စဉ်ကာလတွေက ပိုဆိုး။ မနက်အစော အတန်းတက်ရမယ်ဆိုတော့ သူများရုံးသွားချိန်။ ရထားတွေက ကြပ်လိုက်တာလွန်ရော။ ကျောပိုးအိတ် အကြီးကြီးနဲ့ ကျွန်မကို သူတို့ တွန်းလိုက်ရင် အသက်တောင် ဘယ်လိုရှုရမှန်းမသိ။ နောက်ပိုင်းမှ မနက် (၉) နာရီ မတိုင်ခင်ထိ မိန်းကလေးသီးသန့်တွဲ ရှိတယ်ဆိုတာ သိလာတယ်။ အဲဒီမှာပဲ ခြေတချောင်းချပြီး လိုက်ရလိုက်ရ တွယ်ကပ်လိုက်ဖြစ်တယ်။ မိန်းကလေးတွဲမို့လို့ ညှာတာလားတော့ မမေးပါနဲ့။ အထက်တန်းကျောင်းသူ ငယ်ငယ်လေးများနဲ့ ဝေးဝေးမှာ နေရပါတယ်။ သူတို့နားသွားလို့ မတော်တဆ တိုးမိလို့ကတော့ ရွှေမျက်စောင်းတော် ကော့ကော့များ ကျရောက်လာပေမည်။ ကလေးတွေဆိုတော့ တက်ကြွနေတဲ့အရွယ် မာနလေးတွေနဲ့ကိုး။ ကျွန်မစီးတဲ့ လမ်းမှာ အတက်တန်းကျောင်းလည်းရှိနေတော့ မနက်ခင်းတိုင်း ရထားထဲမှာ ဆူညံနေကြတာ။ သူတို့လေးတွေက စကားလည်း တအားများတယ်။ အဲဒီနေ့မျိုးဆို သူစိမ်းတို့အလယ်ကလည်း ဆူညံလိုက်တာလို့။ မနက် (၅:၃၀) ဆို အိပ်ယာထ။ ရေပူပူနဲ့ ရေချိုး၊ ဘယ်လိုမှ စားချင်စိတ်မရှိတဲ့ မနက်ခင်းစာကို မြိုချ။ ကမန်းကတန်း ရထားဘူတာကို ပြေးရတယ်။ မြေအောက်ရထားကို နာရီဝက်စီးပြီးရင် နောက်ထပ် နာရီဝက် လမ်းဆက်လျှောက်။ ကျောင်းကုန်းအတက်ကို တက်။ မောလိုက်တာ ဟော ဟဲ ဟော ဟဲ။

ကျွန်မတို့ ဂျပန်စာအတန်းတက်တဲ့အခါ စကော်လာရသူနဲ့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် လာတက်သူတွေဆိုပြီး ရှိပါတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်သမားတွေက ပိုက်ဆံလည်း သုံးနိုင်၊ အင်္ဂလိပ်စကားလည်း ကျွမ်းကျင်ဆိုတော့ သူတို့ကြည့်ရတာ ပေါ့ပေါ့ပါးပါးပဲ။ ကံကြမ္မာက သူတို့ကို မျက်နှာသာ ပိုပေးတယ်။ အင်္ဂလိပ်စာသင်ချင်သူတွေက သူတို့ကို လိုက်ရှာနေကြတာ။ တနာရီကို ယန်း (၄၀၀၀) အနည်းဆုံးရတယ်။ တရက်ကို (၃) နာရီလောက်သင်၊ တပတ်ကို (၄) ရက်လောက်များ သင်လိုက်လို့ကတော့ သုံးချင်ရာ သုံးလို့ရပြီ။ ဒါကြောင့် သူတို့မရောက်ဖူးတဲ့ ကလပ်လည်း ရှိမည်မထင်။ မိန်းကလေးတွေကလည်း အတန်းချိန်နားတုန်း ဆယ်မိနစ်လောက်ကို သူတို့နား လာဝိုင်းနေကြတာ။ ကျွန်မတို့အတန်းမှာ အမေရိကန်ကောင်လေးနှစ်ယောက်၊ ပြင်သစ်သူနှစ်ယောက်၊ Latviaက တယောက်နဲ့ Madagascar တယောက် အားလုံးပေါင်း ရှစ်ယောက်ပဲရှိတယ်။ တခါတလေလည်း ပန်းခြံတွေ သွားကစားရတယ်။ အခန်းထဲမှာ ဂိမ်းဆော့တာလည်းရှိရဲ့။ ဆရာမတွေကလည်း နေ့တိုင်း မုန့်ကျွေးတယ်။ မုန့်မျိုးစုံ မရိုးရအောင် သယ်လာပေးတယ်။ ဘာသာစကားသင်တဲ့ ဆရာမတွေမို့လို့လားမသိဘူး ကလေးတွေလို ဆက်ဆံတာပါ။ Madagascarသူ ကျွန်မဆီ အလည်လာတော့ သနပ်ခါးတွေ အားရပါးရ သွေးလိမ်းသွားတာ။ သူတို့ဆီမှာလည်း သနပ်ခါးလိမ်းကြတယ်တဲ့လေ။

ကျောင်းဝန်းနားနီးတဲ့ ဂျပန်အိမ်ကို အလည်သွားရတုန်းကဆို တန်ပူရာ (tempura) တွေ တ၀ကြီးစားရတာ မှတ်မိနေသေးတယ်။ အဲဒီအိမ်က ဂျပန်အဖွားကြီးက အင်္ဂလိပ်စကားပြောချင်လို့ ကျွန်မတို့အတန်းမှာ လာလာလည်တတ်တာပါ။ သူလာရင် တချိန်လုံး အလုပ်ရှုပ်ပြီသာမှတ်။ စကားတလုံးပြောတာနဲ့ electronic dictionary လေး အရင်နှိပ်ပြနေလို့ စောင့်နေရတာ။ အေးခဲနေတဲ့ အိုက်စခရင်တုံးတွေကို ဆီပူပူမှာထည့်ကြော်ရင်း ဆီပေါက်လို့ အသံစုံအော်ဟစ်ရင်း ရလာတဲ့ အိုက်စခရင်တန်ပူရာလည်း စားလို့အကောင်းသား။ ဘီယာ၊ ၀ိုင်တွေ တဖျောဖျောသောက်နေတဲ့ ဂျပန်ဆရာမလေးကိုလည်း အံ့သြတကြီး ကြည့်မိတာပေါ့။ အမြဲကျောင်းနောက်ကျတတ်တဲ့ အမေရိကန်ကောင်လေး ဖိလစ်ကတော့ နောက်ကျလည်း ခပ်တည်တည်ပဲ။ စာသင်ခုံတန်းတွေကိုတောင် ကျော်ခွဝင်လာတာများ ကျွန်မတို့ဆီနဲ့ လားလားမျှမတူ။ ဆရာမကလည်း မဆူတဲ့အပြင် ရယ်မောလို့။ သူတို့လေးတွေက အသက် (၂၂) ဆိုတော့ ကလေးတွေပေါ့။ မကြာခဏဆိုသလို သူတို့အမေပို့ပေးတဲ့ မုန့်တွေလည်း စားရလို့ သူတို့ဆီမှာလည်း ချစ်တတ်ပါလားနဲ့ တွေးမိသေးတယ်။ ကလေးတွေသာဆိုတာ အရပ်တွေက မနည်းမော့ကြည့်ရတာ။ စာသင်နေရင်းလည်း ဖုန်းတဂွမ်ဂွမ်မြည်ရင် လျှာလေးထုတ်ပြ ဖုန်းဆက်ချင်ဆက်နေတာ။ လွတ်လပ်ပွင့်လင်းပြီး ကိုယ်ကြိုက်တာ လုပ်ချင်ရာ လုပ်ရဲတဲ့ အကျင့်လေးတွေနဲ့ ကြီးပြင်းလာကြသူတွေကိုး။

ရထားပေါ်ရောက်လို့ ထီးကိုယ်စီကိုင်လာတာမြင်ရင် မိုးရွာမယ်သာမှတ်ပေတော့။ ကိုယ်က မိုးရွာမလားလို့ ထီးယူသွားရင် သူစိမ်းတွေအလည်မှာ ကိုယ်တယောက်ထဲ ထီးကြီးတလက်နဲ့ အူကြောင်ကြောင်။ သူတို့က မိုးလေ၀သကို သေချာအလေးထားကြည့်တာကိုး။ ကျွန်မက မသိဘူးလေ။ ထီးမပါလို့ ကိစ္စတော့မရှိ။ ဌာနမှာ ထီးတွေပုံလို့။ မိုးရာသီရောက်ခါနီးရင် ထီးအသစ်တွေတောင် လဲထည့်ထားပေးသေး။ လမ်းမှာမိုးရွာရင်တော့ ကိုယ့်ကံပေါ့။ ကျွန်မတို့ဆီမှာ မိန်းကလေးတွေ ခေါက်ထီးအလှလေးတွေ ကိုင်ချင်ကြပေမယ့် သူတို့တွေ ခေါက်ထီးသိပ်မသုံးပါဘူး။ ထီးအရိုးရှည်တွေကို ပုံစံအမျိုးမျိုးသုံးတာများပါတယ်။ ရာသီဥတုများ ပိုပြင်းလို့ ပိုခိုင်ခံ့တာ သုံးကြလေသလား မတွေးတတ်ပါဘူး။ သေချာတာကတော့ သူတို့တွေ ထီးတလက်ကို မြန်မာပိုက်ဆံ သိန်းချီတန်တာတွေလည်း သုံးကြတာပါ။ ရောက်စကလည်း ထီးဆိုင်မှာ လူတွေ အလုအယက်တိုးနေကြလို့ သွားကြည့်ပါတယ် ထီးတလက်ကို ယန်း (၂၃၀၀၀) မို့လို့ အလုအယက်ဝယ်နေကြတာတဲ့။ ထီးတွေကြည့်လိုက်တော့ ထီးကောက်ရှည်ကြီးတွေ။ ထီးဈေးကြီးတာတော့ မဟုတ်ပါဘူး။ ယန်းတစ်ရာတန်ထီးလည်း ရှိတာပါပဲ။

ဆောင်းဦးပေါက်ပြီး တဖြည်းဖြည်းဆောင်းဝင်လာတော့တာနဲ့ အအေးဓါတ်လည်း သိသာလာသလို အရွက်တွေအရောင်ပြောင်းတာကလည်း ကျောင်းဝန်းကြီးလှပနေတယ်။ ဘာသာစကား (၆)လ တက်ပြီးတော့ ကိုယ့်မေဂျာဆီဝင်ဖို့ ဝင်ခွင့်စာမေးပွဲ ဖြေရအုံးမယ်တဲ့။ အဲလိုကြားကတည်းက လူက ဖျားချင်သလိုလို။ ကျွန်မက ဂျပန်အစိုးရပေးတဲ့ စကော်လာနဲ့ လာတာဆိုတော့ မလာခင်ကတည်းက ဒီဘွဲ့အတွက်လို့ စာမေးပွဲဖြေပြီးသားပါ။ မြန်မာပြည် ဂျပန်သံရုံးမှာ ရေးဖြေ၊ နှုတ်ဖြေ အဆင့်ဆင့် ဖြေခဲ့ပြီးသား။ ဒါပေမယ့် သူ့ကျောင်းထုံးစံအတိုင်း ဖြေရမယ်ဆိုတော့လည်း ဖြေရုံပေါ့။ အရင်ရောက်နေတဲ့ အသိတွေက ဒီစကော်လာဆို ၀င်ခွင့်က အောင်ပြီးသား။ စိတ်မပူနဲ့လို့ ပြောရှာသား။ ကျောင်းသားဆိုတာလည်း စာမေးပွဲရှိရင် ဖြစ်တတ်တဲ့သဘောက လွန်ဆန်လို့မရဘူးလေ။ ဒါနဲ့ တလနီးပါး ဖုန်းလည်း မဆက်၊ သူများဆက်လည်း မကိုင်ဘူး။ အခန်းထဲကနေ ဘယ်မှလည်းမသွား။ ဆရာကလည်း စိတ်မပူနဲ့ဆိုပြီး စာအုပ်ထူထူတအုပ်ပေးတယ်။ ဒီထဲက မေးမယ်တဲ့။ တကယ်တော့ ဒီစာအုပ်က တံတားဆိုင်ရာ သီအိုရီတွေ အများကြီး။ ကျွန်မ ဘာမှ မသိ။ အားလုံးက အသစ်။

ဖြေရမယ့် မနက်မှာ အခန်းလိုက်ရှာတော့ တကျောင်းလုံး တိတ်ဆိတ်လို့။ ကျောင်းပိတ်ထားတာကိုး။ အခန်းတွေ့လို့ ၀င်လိုက်ရင် ဂျပန်လေးတွေ အယောက် (၂၀) လောက်က ကျွန်မကို ထူးဆန်းသတ္တ၀ါလို ၀ိုင်းကြည့်ကြတယ်။ နိုင်ငံခြားသားလည်း တယောက်မှမပါ။ မိန်းကလေးလည်း မပါ။ ငါ့နှယ်နော် ဟုတ်ရော ဟုတ်ရဲ့လားပေါ့။ ဟုတ်ပါတယ်။ မကြာခင်ပဲ ဆရာ(၅)ယောက် ၀င်လာပြီး ဘာတွေပြောတယ် မသိဘူး။ ပြောချင်ရာပြော ကိုယ်လည်း လုပ်ချင်ရာလုပ်နေလိုက်တယ်။ နောက်မှ ပါလာတဲ့ ဆရာတယောက်က ကျွန်မအတွက် အင်္ဂလိပ်လိုလေး ပြောပြလို့။ စဖြေလို့ရ၊ မရ သူများ ဘာလုပ်လဲ မသိမသာကြည့်နေရသေးတယ်။ မေးခွန်းကိုကြည့်လိုက်တော့ တခုထဲ။ structure တခု earthquake နဲ့ ပတ်သက်လို့ ဘယ်လိုတွေ ဖြစ်နိုင်လဲ၊ ဖြစ်လာတာတွေ ဘယ်လို ဖြေရှင်းမလဲ၊ ဥပမာတခုကို စဉ်းစားပြပါတဲ့လေ။ အဖြေလွှာက A4 လေးရွက်ပေးတယ်။ သိသမျှကို စီစဉ်ရေးလိုက်တော့ ပြီးသွားတယ်။ ဒီကြားထဲ အခန်းစောင့်ဆရာက ခဏခြင်း လာလာချောင်းကြည့်နေလို့။


မေဂျာအတွက်ရေးဖြေ (၂) နာရီပြီးတော့ အင်္ဂလိပ်စာက (၁) နာရီ။ နောက် မာစတာလုပ်ခဲ့တာကို presentation (၂၀) မိနစ် ဆက်လုပ်ရမယ်တဲ့။ နေ့လည်မှ ပြန်စမယ်ဆိုတော့ ပါလာတဲ့ မုန့်လေး ထုတ်စား၊ ကိုယ့်ဌာန၊ ကိုယ့်နေရာလေးမှာ သွားနားတော့လည်း ဘယ်သူမှ ကျောင်းမလာဘူး။ ဆရာ့အခန်းမှာလည်း သော့ပိတ်ရက်သား။ အယ် ဆရာက မလာတာလား ဂရုလည်းမစိုက်ဘူး လို့ တချက်တွေးမိလိုက်သေးတယ်။ presentation စချိန်နား နီးလာမှ ဆရာက ပျာယာပျာယာရောက်လာပြီး ကွန်ပြူတာပါသလား၊ စာရွက်တွေ ဝေဖို့ မိတ္တူ သူကူးပေးမယ်နဲ့ လုပ်ပါရော။ ကွန်ပြူတာမပါ၊ မိတ္တူအားလုံး အဆင်သင့်ဆိုတာပြောမှ သူ့ကွန်ပြူတာ ယူလာပေးတယ်။ သူ့အခန်းရောက်တော့ မုန့်လည်း ကျွေးလိုက်သေးတယ်။ presentation မှာ ဆရာအားလုံး (၁၅) ယောက်လောက် လာတယ်။

ကျွန်မတို့ civil ဌာနတခုအောက်မှာ bridge၊ transportation၊ building၊ wind၊ coastal နဲ့ အမျိုးမျိုး ထပ်ကွဲပြန်သေးတယ်။ စာမေးပွဲလုပ်တဲ့အခါ နှစ်စဉ် progress report ဖတ်တဲ့အခါတွေမှာ ဆိုင်ရာဆရာတွေ စုလိုက်တော့ (၁၅) ယောက်လောက် ဖြစ်သွားရော။ presentation ပြီးတော့ ဆရာက လက်ဆွဲနှုတ်ဆက်တယ်။ ဒါပေမယ့် နောက်တပ် နှုတ်ဖြေကျန်သေးတယ်ဆိုတဲ့ စကားက အားကုန်သွားရော။ နောက် နာရီဝက်အကြာမှာ အစောက ဆရာများအုပ်စု တယောက်တခွန်း မေးကြ၊ နှိပ်စက်ကြလေတာ ညနေ (၃) နာရီလောက်ရောက်ရော ဒူးတွေ မခိုင်တော့ဘူး။ မတိုင်ခင် တလအကြိုက စိတ်ပင်ပန်းတာတွေ တရက်လုံး နှိပ်စက်ထားတာ ခံထားရတွေနဲ့ ယိုင်နဲ့နေပြီ။ ခဏနေမှ ဆရာက သူ့အခန်းမှာ နောက် (၁) နာရီ စောင့်ပါတဲ့။ အဲဒီအချိန်တွေကတော့ ငရဲအတိ။ ဆရာလာတဲ့အခါ မင်းအောင်သွားပြီ၊ ကွန်ကရက်ကျူလေးရှင်း၊ ကျေးဇူးတင်တယ်လို့ သူလုပ်လာတော့ ဒုက္ခခပ်သိမ်း ခေတ္တငြိမ်းချမ်းသွားတာပေါ့။ အဲဒီနေ့က နေရာတိုင်းလှနေတယ်။ အိမ်အပြန်လမ်းက တိုနေတယ်လို့ ထင်ယောင်ထင်မှားတွေနဲ့။ ဒီလိုဝင်ခွင့်ဖြေပြီး အောင်စာရင်း ချက်ချင်းသိရတယ်ဆိုတာ ဆရာအပေါ် မူတည်မယ်ထင်ပါတယ်။ တချို့ကျောင်းတွေ ဖြေပြီး အချိန်တခု ထပ်စောင့်ရတယ်။ တကယ်လို့များ ၀င်ခွင့်မအောင်ရင် ပြည်တော်ပြန်ရမယ်။ ၀င်ခွင့်အောင်ရင် နောက်ထပ်အသင့်စောင့်နေတဲ့ တောင်တလုံးကို ဆက်တက်ရမယ်။ ဂျပန်အစိုးရ စကော်လာတိုင်း ၀င်ခွင့်အောင်တာတော့ မဟုတ်ပါဘူး။ အဆင်မပြေလို့ မအောင်မြင်တာတွေလည်း ရှိတယ်ပြောပါတယ်။

ညနေခင်းအပြန် ယိုကိုဟားမားကမ်းခြေကို တယောက်ထဲ လျှောက်သွား၊ မုန့်တွေစားချင်သလိုစားရင်း အဆက်အသွယ်ဖြတ်ထားသူများကို ဖုန်းဆက်ရင်း ညမိုးချုပ်မှ အဆောင်ပြန်ရောက်တယ်။ အဲဒီစာမေးပွဲကာလတွေဟာ မမေ့နိုင်စရာကောင်းသလို နောက်ထပ် မကြုံချင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မတော့ သူစိမ်းတွေအလယ်မှာ ဆက်နေရဖို့ အားမွေးရတော့မယ်။

ဆက်ပါအုံးမည်။
မဇနိ

Read more...

လူဘဝက သိပ်တိုတယ်…

>> Monday, December 8, 2008


အင်း တကယ်တော့ ဒီအကြောင်းလေးကို ရေးမလို့ဆိုတာက အရင်လကတည်းက ဆိုပါတော့။ အကြောင်းတွေများ တိုက်ဆိုင်တော့ ရေးချင်တာကို ချက်ချင်းရေးမရဘူး။ စာမေးပွဲတဖက်ဆိုတော့ မလှုပ်နိုင်ဘူး ဖြစ်နေတာ။ အခုတော့ အမှတ်တရလေး အဖြစ် ရေးလိုက်ပါတယ်။


ကျနော် စာကြည့်နေတုန်း အိမ်က တူလေးတစ်ယောက် အင်တာနက်ဆိုင်ကနေ အွန်လိုင်းတက်လာတယ်။ သူက အင်တာနက်ကို လာပြီး သုံးခဲတာမိုလို့ ဘာများအရေးကြီးတာပါလိမ့်ဆိုပြီး တွေးနေသေးတယ်။ အေး ငါလည်း စာမေးပွဲရှိလို့ စာကြည့်နေရတယ်လို့လည်း ပြောလိုက်တယ်။ ဒါပေမယ့် တခုခုတော့ တခုခုပဲဆိုပြီး စိတ်ကထင်လိုက်တော့ အိမ်က အဒေါ်နေကောင်းရဲ့လားလို့ မေးလိုက်တယ်။ ကောင်းပါတယ်တဲ့။ အော် ကောင်းပါတယ် ပြောလည်း စိတ်က မယုံပါဘူး။ သူအွန်လိုင်းကနေဆင်းသွားတော့ မန္တလေးက ညီအွန်လိုင်းတက်လာတယ်။ ကြီးကြီး အကြောင်းသိပြီးပြီလားတဲ့။ (အဒေါ်ကို ကြီးကြီးလို့ ကျနော်တို့ တူတွေက ခေါ်တာပါ။) မသိဘူး ပြောပါဦးဆိုတော့။ မနေ့က ဆုံးသွားပြီ ဖြစ်ကြောင်း လကွယ်နေ့ဖြစ်နေလို့ ဒီနေ့ပဲ အသုဘချတဲ့အကြောင်း ပြောပါတယ်။

မဖြစ်ဘူး အိမ်ကို ဖုန်းဆက်ဦးမှပဲဆိုပြီး အမေ့ဆီကို ဖုန်းဆက်တော့ သူက ပြောပါတယ်။ အသက်ကလည်း ၈၄ ပြည့်ဖို့ ၂ ရက်ပဲ လိုတော့တဲ့အကြောင်း အသေအချာပြုစုလိုက်ရကြောင်းတွေ၊ သရဏဂုံတင်ရတဲ့အကြောင်း၊ သူ့တူတွေလည်း အစုံအလင်ရောက်နေကြောင်း အကြောင်းစုံပြောပါတယ်။ အမေပြောတာကို နားထောင်ရင်နဲ့ ဝမ်းနည်းလာလို့ ဒီဖက်က မျက်ရည်တွေကျလာတယ်။ အမေကလည်း မျက်ရည်တွေကျလို့။ ချစ်ရခင်ရတဲ့သူ လူ့လောကက ထွက်ခွာသွားတာကိုး။

အမေမှာ မောင်နှမ ၇- ယောက်ရှိပါတယ်။ အခုတော့ ၃-ယောက်ပဲ ကျန်တော့တာပါ။ အခုဆုံးသွားတဲ့ အမကြီးက အကြီးဆုံးအပျိုကြီးပါ။ အမေက အငယ်ဆုံးဖြစ်ပြီး အမေလည်း အသက် ၆၃ ထဲရောက်နေပါပြီ။ သူတို့နှစ်ယောက်ရဲ့ အသက်က ၂၁ နှစ်လောက်ကွာတာကိုး။ ဒီတော့လည်း အမေနဲ့သူနဲ့က အမေနဲ့သမီးအရွယ်လို့ ပြောရမှာပါပဲ။ ငယ်စဉ်က အမကြီးက ညီမငယ်ကို ပြုစုစောင့်ရှောက်ခဲ့ရတယ်။ အခု အမကြီး အိုမင်းလာတော့ ညီမငယ်က စောင့်ရှောက်လိုက်ရတယ်။

ကျနော်တို့ မောင်နှမတတွေက ဒီအဒေါ်အကြီးဆုံးကို အလွန်ချစ်တာပါ။ သူက ရွာမှာနေတဲ့သူဆိုတော့ ကျနော်တို့တွေ မြို့ပေါ်က ကျောင်းပိတ်ချိန်ဆို အဒေါ့်ဆီကိုပဲ အပြေးအလွှားသွားခဲ့တာပါ။ ကျနော်တို့က အမေ့ဖက်က အဖိုးအဖွားကို မမှီလိုက်ရပါတယ်။ ဒီအဒေါ်ကြီးကပဲ အဖွားဖြစ်နေတော့တာပေါ့။ သူကလည်း တူတွေကို ချစ်လွန်းတော့ အလိုလိုက်ပါတယ်။ ကျနော်တို့ မောင်နှမတတွေ ညညအိပ်ရင် သူ့ဘေးမှာ နေရာလုရတာပါ။ သူကလည်း တူတွေကို အချစ်ပိုသလို တူတွေကလည်း အချစ်ပိုပါတယ်။

အဒေါ်အချစ်ပိုတာကို ပြောပြဦးမယ်။ အမေက သူ့မိသားစုမှာ အငယ်ဆုံးဖြစ်သလို၊ ကျနော် အဖေကလည်း သူ့မိသားစုမှာ အကြီးဆုံးသားပါ။ ဒီတော့ အဖေ့ရဲ့ အမေ နဲ့ အမေ့ရဲ့ အမ အကြီးဆုံးက သက်တူရွယ်တူတွေပါ။ အဖွားရွာက တစ်ရွာ၊ အဒေါ်ရွာက တစ်ရွာ။ အဖွားက မြေးတွေကို သူ့ရွာခေါ်မယ်ဆိုရင် အဒေါ်က စိတ်မချပါဘူး။ ဘယ်နှစ်ရက်ပဲနေခဲ့နော်၊ ကလေးတွေကို အပြန်ကျ လိုက်ပို့နော် နဲ့ မှာတတ်လွန်းလို့ အဖွားလုပ်သူကလည်း “မသန်းရင်ရယ် ကျုပ်ကလည်း သူတို့ အဖွားအရင်းပါတော်” နဲ့ ပြန်ပြောယူရတယ်။

ကျနော့် အဒေါ်အပျိုကြီးရဲ့ ဘဝ တစေ့တစောင်း နည်းနည်းလေး ပြောချင်ပါသေးတယ်။ သူ့အောက်က ကပ်ရပ် မောင်တစ်ယောက်က ကလေးတွေ ၈-ယောက် မွေးပြီးတော့ ဆုံးသွားတယ်။ ကလေးတွေ အမေလည်း ဆုံးသွားတော့ အဲဒီ ၈ ယောက်ကို သူပဲ ရှာဖွေကျွေးမွေးခဲ့တာပါ။ သူမှာလေ အိမ်ထောင်သာ မကျခဲ့ရပေမယ့် ကလေးအမေကြီးပါပဲ။ အကိုဝမ်းကွဲတွေ အမဝမ်းကွဲတွေကလည်း ကျနော်တို့အတွက်တော့ အရင်းတွေပါပဲ။ သူမှာ သူ့မောင်က မွေးတဲ့ကလေးတွေကိုစောင့်ရှောက်ရ၊ ညီမက မွေးတဲ့ ကျနော်တို့တွေကို ချစ်ရနဲ့ပါ။ လူတွေ တပြုံကြီးကို သူမှာ ဈေးရောင်းကျွေးတယ်၊ တောင်သူလုပ်ကျွေးတယ်။ ကျောင်းတွေထားပေးတယ်။ စဉ်းစားကြည့်မိတယ်။ သူ အလုပ်လုပ်နေတာတွေက သူ့အတွက်ဆိုတာ ဘာမှကို မရှိပါဘူး။ သူ့တူတွေအတွက် ညီမအတွက်၊ ညီမကလေးတွေ အတွက်။

အရင်ကတော့ သူကရွာမှာနေတယ်၊ မြို့ပေါ်လာပြီး ဈေးဝယ်တယ်၊ ရွာမှာ ပြန်ရောင်းတယ်။ တောင်သူ ကိစ္စတွေ ရောင်းစရာတွေကို မြို့ပေါ်လာရောင်းတယ်။ နောက် သူ အသက်ကြီးလာတော့ တောင်သူလည်း မလုပ်နိုင်ပါဘူး။ မြို့ပေါ်ပဲ ကျနော်တို့နဲ့ အတူနေတာပါ။ ရွာက အလုပ်တွေကို အငှားနဲ့လုပ်တာလုပ်၊ ရောင်းတန်တာရောင်းနဲ့ လုပ်ရပါတယ်။ ကျနော်တို့ တူတွေ တူမတွေကလည်း အရွယ်ရောက်လာတော့ သူ့နားလည်း ကပ်မနေအားတော့ပါဘူး။ ကျောင်းတွေ ပြေးတက်ကြ၊ အလုပ်တွေကိုယ်စိနဲ့ဆိုတော့ သူ့နားကို ပြေးချင်ပေမယ့် မပြေးနိုင်ပါဘူး။ အိမ်က အမေကပဲ သူ့ကို ပြုစုစောင့်ရှောက်ရတာပါ။ အခုတော့ အဒေါ်ကြီးလည်း ဆုံးပါးသွားပါပြီ။

တကယ်တော့လည်း ကျနော်တို့တွေက သေခြင်းတရားကို ကိုယ်နဲ့မဆိုင်သလို ခပ်ရှောင်ရှောင် လုပ်နေတာပါ။ အမေ့မောင်နှမတွေမှာ ၇-ယောက်ရှိတာ ၃-ယောက်ပဲကျန်ပါတော့တယ်။ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကပဲ တစ်ယောက်ဆုံးသွားတယ်၊ လွန်ခဲ့တဲ့ ၆- လလောက်ကပဲ တစ်ယောက်ဆုံးသွားတယ်။ အခု အဒေါ်ကြီးဆုံးပါးပြီ။ ကျန်တဲ့သူတွကလည်း ကျရွယ်တွေပါပဲ။ ပြောရရင်တော့ တဖြည်းဖြည်းနဲ့ ဆုံးပါးတော့မှာပါ။ ကိုယ့်အလှည့်ကို စောင့်နေရတာပါပဲ။ ကိုယ့်အလှည့်က ရောက်လာမှာပါပဲ။ ကဲ ဒီတော့ ကျနော်တို့တွေ သေမှာမကြောက်အောင် ပြင်ဆင်ထားသင့်ပါတယ်။ သေသွားရင်လည်း ဘဝကူးမှာ ကိုယ့်အတွက်တော့ တခုခုကျန်ခဲ့အောင် ပြင်ဆင်ပြုလုပ် ထားသင့်ပါတယ်။ ဒါတောင်အလှည့်ကျ သွားမှပါ။ ကြားထဲက (ကွေးသောလက် မဆန့်မှိ၊ ဆန့်သောလက်မကွေးမှီ) ရုတ်ချည်းဆိုရင် ပြင်ဆင်ချိန်တောင် ရလိုက်မှာမဟုတ်ပါဘူး။

အားလုံးပဲ သေခြင်းတရားကို နှလုံးသွင်းမိပြီး မသေခင်မှာ ကောင်းမှုကုသိုလ်တွေ ပြုလုပ်နိုင်ပါစေ။ တရားဓမ္မကို နှလုံးသွင်းပြီး လောဘ၊ ဒေါသ၊ မောဟတွေ နည်းအောင် ဆင်ခြင်နိုင်ကြပါစေ။

Read more...

ကြက်တောင်ပံ

>> Saturday, December 6, 2008


ညက သာမီးမေမိုးတို့ကို ကြက်တောင်ပံကြော်ကျွေးမယ်ပြောပြီး ကွန်ပြူတာက မြန်မာဖောင့်ရိုက်မရဖြစ်နေလို့ ကြာသွားတယ်။
ကြက်တောင်ပံကြော်ရယ် ချဉ်ပေါင်နဲ့မျှစ်ချက်ရယ် ငရုပ်သီးထောင်း၊ အမဲခြောက်ကင်ပြီး ထောင်းထားတာရယ်ကို တွဲစားလိုက်တယ်။
ကြိုက်ရင် အကုန်သာစားသွားပါကွယ် ကွယ် ကွယ်။







မဇနိ

Read more...

သူစိမ်းတို့ရဲ့အလယ်မှာ (၂)

>> Friday, December 5, 2008



သူစိမ်းတို့ရဲ့အလယ်မှာ (၁)


အချိန်ခပ်စောစောမှာပဲ အလင်းရောင်ကိုမြင်နေရတယ်။ ကျောင်းသွားရမယ်။ မမြင်ဖူးတဲ့ဆရာကို တွေ့ရမယ်ဆိုတဲ့ အသိက စိတ်လှုပ်ရှာစေတာလားမသိဘူး။ အစောကြီးအိပ်ယာက နိုးနေတယ်။ မျက်လုံးကိုဖွင့်လိုက်တော့ စကားပြောချင်နေတယ်။ ဘေးမှာ ဘယ်သူမှလည်း ရှိမနေဘူး။ အတန်ခပ်လှမ်းလှမ်းမှာလည်း ဘယ်သူမှမရှိ။ အရပ်မျက်နှာတိုင်း အုတ်နံရံနဲ့ တံခါးချပ်တွေပဲ မြင်နေရတယ်။ စိတ်ညစ်တာနဲ့ ဟိုဖက်လှည့် ဒီဖက်လှိမ့်နဲ့ အချိန်အတော်ကြာသွားမှန်း သတိမထားမိလိုက်ဘူး။ အိပ်ယာထ၊ ရေမိုးချိုးပြီး သတိရလိုက်တာက ထမင်း။



မြန်မာပြည်မှာကတည်းက ထမင်းမစားရရင် ဘယ်ကိုမှ ဘတ်စ်ကားစီးလို့မရတဲ့ အကျင့်က ပါလာတယ်။ ကိုဇနိအလည်လာချိန်က နှစ်ယောက်အတူ ဘုရားကို မနက်အစောသွားမယ်ဆိုရင် ကျွန်မကို လက်ဖက်ရည်ဆိုင် အရင် လိုက်ပို့ရတယ်။ ပဲထမင်းနဲ့ ကော်ပြန့်တလိပ်အနည်းဆုံး ကျွေးပြီးမှ ဘုရားသွားနိုင်တာပါ။ မဟုတ်လို့ကတော့ ကားမူးလို့ တနေကုန် နေမကောင်းပါဘူး။ သူများလို ကော်ဖီ၊ မုန့်နဲ့လည်း မစားတတ်။ အိမ်မှာနေရင် ဆမူဆာနဲ့ ထမင်းကြော် အမြဲလိုလို စားလိုက်ရမှ ကျေနပ်သူ။ ခက်တာက ထမင်းအိုးကို ဘယ်မှာ ဝယ်ရမှန်း မသိ။ ဘယ်အရပ်ကိုသွားရင် ဘာတွေ့မလဲဆိုတာ ဘယ်သူ့ကိုမေးရမလဲ။ ဒီလိုသာဆိုရင် ငါထမင်းမှ စားရပါ့မလားလို့ အတော် စိတ်မကောင်းဖြစ်သွားသေးတယ်။

အဆောင်မှာ တခြားကျောင်းသား ကျောင်းသူတွေ ရှိမှရှိကြရဲ့လားလို့ တွေးရလောက်အောင် တိတ်ဆိတ်လွန်းနေတယ်။ အခန်းအပြင်ကို ထွက်ကြည့်လိုက်တော့ လမ်းမပေါ်မှာ သုတ်ခြေတင်နေကြတဲ့ ကုတ်အကျီင်္နဲ့လူတွေ ပျာယာပျာယာတွေ့တယ်။ ငါ့လို အေးစက်စက်နဲ့ ဒီလို သုတ်ခြေတင်တဲ့လူတွေကြား ဖြစ်နိုင်ပါ့မလား။ မိသားစုလိုက်နေတဲ့သူတွေ ကလေးကျောင်းပို့ဖို့ လက်တဖက်က ကလေးကိုဆွဲ၊ တခြားလက်မှာ အမှိုက်ပစ်ဖို့ အမှိုက်ထုပ်ကိုဆွဲလို့ ခြေကုန်သုတ်နေကြပြန်ရော။ ကြည့်နေရင်း လမ်းမပေါ်မှာ ဂျပန်မလေး။ ဒူးလောက်ထိတဲ့ ကုတ်အရှည်အသားရောင်ကို ဝတ်ထားတယ်။ ဟုတ်ပါပီ။ ဒါကျူတာလေးပေါ့။ အဆောင်ပေါ်ကနေ လက်ပြဖို့ လက်မြှောက်မိတော့မလို့ အလုပ်မှာ သူက အဆောင်ဖက်မဝင်ဘဲ ဆက်သွားတယ်။ လမ်းတဝက်မှာတင် လက်တန်းလန်းဖြစ်ပြီး ဘယ်လိုပါလိမ့်။ နောက်မှ ရုပ်ချင်းဆင်တယ်ထင်မိတာ သိတော့တယ်။ မြန်မာအစ်ကိုကြီးတယောက်ကလည်း ပြောဖူးတယ်။ သူရောက်စက ဂျပန်မလေးတွေကို စက်ရုံတခုထဲကထွက်တဲ့ ပုံစံတူစက်ရုပ်တွေလို့ ထင်မိသတဲ့။ တကယ်လည်း ရောက်စက ဟိုလူ့လည်း ကိုယ်သိတဲ့ ကျူတာလေးထင်။ ဒီဂျပန်မလေးက ငါ့ကျူတာလေးလားပေါ့။ ကိုယ်သိတာကလည်း ဒီကျူတာတယောက်ပဲ သိသေးတာကိုး။

အတန်ကြာမှ အခန်းတံခါးဘဲလ်သံမြည်လာတော့ လန့်သွားမိသေးတယ်။ သူခေါ်ရာ ကျောင်းတော်ဆီကို ခြေလှမ်းစခဲ့တယ်ပေါ့။ မြန်မာပြည်ကချုပ်လာတဲ့ ကုတ်အပြည့်အစုံနဲ့ လိမ်းနေကျမဟုတ်တဲ့ မိတ်ကပ်လိမ်းထားလိုက်သေးတာ။ ဆရာ့အတွက်လက်ဆောက်အဖြစ် (၁၂) လက်မ အနံ၊ (၂၄)လက်မ အလျားရှိတဲ့ ကျောက်စိမ်းပန်းချီကားကို ဒရွတ်ဆွဲရင်း လူအရပ်တဝက်လောက်ရှည်တဲ့ ကျောပိုးအိတ်ကိုလွယ်ရင်း သူခေါ်ရာ တကောက်ကောက်လိုက်ခဲ့တော့တယ်။ ဒီလို ရထားစီး၊ ဒီလမ်းကိုမှတ်ထား၊ ဒီထွက်ပေါက်ကနေထွက်နဲ့ တလမ်းလုံး ခေါင်းမူးအောင် မှတ်ခိုင်းတာ။ နောက်နေ့တွေ လာတတ်အောင်လို့ဆိုတာနဲ့ မျက်ရည်က ဝဲချင်နေပြီ။ မြေအောက်ရထားနဲ့ (၂၄) မိနစ်စီးပြီးတဲ့အခါ မြေပေါ်ပြန်တက်ရတယ်။ ဒီဘူတာက မြေအောက်အနက်ဆုံးလို့ သူပြောသလို စက်လှေကားအကြာကြီး သုံးရတာပါ။ ဘယ်ဘက်ကပ်သွားရတယ်ဆိုတဲ့ သူတို့အလေ့က ကိုယ့်ဆီနဲ့ပြောင်းပြန်ဖြစ်နေတော့ သတိထားရသေး။ စက်လှေကားပေါ်ရပ်တော့လည်း ဘယ်ဘက်ကို ကပ်ရပ်ရတယ်။ ဒါမှ အမြန်သွားချင်တဲ့သူက ညာဘက်ကနေ လှေကားထစ်တွေ လိုက်တက်သွားကြမှာကိုး။ ကိုယ်က မသိတော့ ဘယ်လည်းမကပ် ညာလည်းမကပ် ခလယ်မှာ ကန့်လန့်ကြီး။ လက်ဆွဲအိတ်တခုနဲ့ တွန်းတိုက်တက်သွားတာ ခံလိုက်ရမှ သဘောပေါက်ရင်း ဘယ်ဘက်ကို အသာကပ် နေရာယူတတ်သွားတယ်။ အရေးထဲ ပန်းချီကားက ခြေထောက်ကို လာလာခိုက်မိသေး။

မနက်ခင်း ရုံးသွားချိန်ဖြစ်လို့ ရထားက လူကြပ်လိုက်တာ။ အမျိုးသားကြီးတွေကို ဟိုနားနည်းနည်းတိုးပေးပါလို့ ပြောရင်လည်း စိတ်ဆိုးတတ်တယ်တဲ့။ ကောင်မလေးတွေနားကပ်တော့လည်း မျက်ခုံးမွှေးဆွဲတံတွေနဲ့ ထိုးမိမှာစိုးလို့။ ဒီလောက်ကြပ်တဲ့ လူကြားထဲမှာကို မတ်တတ်ရပ်ရင်း အလှပြင်နေသူတွေရှိရဲ့။ နောက်ပိုင်းကျောင်းသွားရက်တွေဆို သူတို့ကို သတိထားကြည့်လို့ရပြီ။ အိမ်ကနေ မျက်နှာပြောင်နဲ့ထွက်လာ၊ ရထားပေါ်ရောက်ရင် အလှပြင်အိတ်ကိုထုတ်၊ အဆင့်ဆင့် လိမ်းလိုက်ခြယ်လိုက်တာ။ သူတို့ပညာနဲ့သူတို့ ကျွမ်းကျင်လွန်းလို့ ခဏချင်း ကော်ပတ်ရုပ်လေးလို လှသွားကြတယ်။ မျက်တောင်လေးတွေလည်း ကော့လိုက်သေး။ ဘေးဘီကို ဘယ်သူ့မှ ကြည့်မနေဘူး။ သူတို့လုပ်ချင်ရာ လုပ်နေကြပုံများ။ မျက်ခုံးမွှေးတံနဲ့ထိုးမှာကြောက်ရင် ဘေးကလူ ကြည့်သာရှောင်ပေတော့။ ထိုးလည်း မထိုးမိပါဘူး။ တခါတလေများ ဒေါက်အချွန်ပေါ်မတ်တတ်ရပ်လို့ အလှပြင်နေကြတာ အူယားစရာကောင်းလှပါဘိ။ တနေ့ကို ဘယ်နှစ်ကြိမ်မှန်းမသိအောင် အလှပြင်ကြတယ်။ သူတို့ မိတ်ကပ်ပစ္စည်းတွေက အိတ်ထဲမှာအပြည့်။ ဒါကြောင့်လည်း မှိုင်တွေနေတာမျိုး၊ စိတ်ညစ်နေတာမျိုး တွေ့ရခဲပြီး ချစ်စရာလေးတွေ ဖြစ်နေတာများလား။ ပေါင်လယ်စကဒ်တိုလေးတွေနဲ့ အထက်တန်းကျောင်းသူလေးတွေကိုငေးမောရင်း၊ ဒေါက်ဖိနပ်သံတွေကြား တိုးဝှေ့ရင်း၊ စက်ရုပ်လူသားတွေနဲ့ ဓါတ်လှေကားအတူစီးရင်း မနက်ခင်းများစွာကို ကျော်ဖြတ်ရအုံးမယ်။

ရထားကဒ်လို့ မဝယ်ရသေးတော့ တခါစီးလက်မှတ်ဝယ်ပေးတယ်။ ပြန်ထွက်မယ်လုပ်တော့ အဲဒီလက်မှတ်ပေါက်စကို ဘယ်ထားမိမှန်းမသိလို့ ရှာလိုက်ရတာ ခရီးဖင့်တာပေါ့။ ကျောင်းရောက်တော့ ကျောင်းဝန်းကြီးက အကျယ်ကြီး။ မြောက်ဖက်အပေါက်ကဝင်လာပြီး ကိုယ့်ဌာနက တောင်ဖျားမှာဖြစ်လို့ နောက်ထပ် (၁ဝ)မိနစ်လောက် ဆက်လျှောက်ရသေးတယ်။ မြန်မာပြည်ကဝယ်လာတဲ့ဖိနပ်က ခြေထောက်တွေနာနေပြီ။ ကျောင်းဝန်းထဲမှာ မြင်မြင်သမျှလူတွေ လွတ်လပ်နေကြတယ်။ ပျော်ပါးနေကြတယ်။ အားကစားလုပ်တဲ့သူကလုပ်လို့၊ ဂစ်တာတစ်လက်နဲ့တီး တယောက်ထဲ သီချင်းဆိုတဲ့သူက ဆိုလို့၊ ကိုယ်ကတော့ ဟိုငေး ဒီငေးပေါ့။ ဒီလိုနဲ့ ဌာနကိုရောက်တော့ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ကြတယ်။ မှတ်မှတ်ရရ ကျွန်မ ဘယ်သူပါဆိုတော့ ဆရာက မင်းကို သိတယ်လေ စောင့်နေတာပါလို့ပြောလို့ အရှက်ပြေရယ်ပြခဲ့ရသေးတယ်။ အားရှိစရာကောင်းလောက်အောင် တခန်းလုံးမှာ ကျောင်းသူတယေက်ပဲရှိသတဲ့။ ဆီးရီးယားသူ ကျောင်းသူတယောက်ဟာ နောင်တချိန်မှာ ကိုယ်မသိတာတွေကို ကူညီတဲ့သူဖြစ်လာခဲ့တယ်။ ဆံပင်ပျော့ပျော့ရှည်ရှည်နဲ့ ကျောင်းသားလေးတွေကို မြင်ရသလို ဆံပင်ထောင်ထားတဲ့ ဖြူဖြူနွဲ့နွဲ့လေးတွေ အတော်များတယ်။ မြန်မာပြည်မှာ မိန်းကလေးကိုင်တဲ့ လက်ကိုင်အိတ်တွေနဲ့ သူတို့ကျောင်းလာတက်ကြတာ။ ဒါပေမယ့် သူတို့အသက်လေးတွေ နှစ်ဆယ်ကျော်စတွေ။ ဆရာက အင်္ဂလိပ်လို နှုတ်ဆက်ပါဆိုတော့ အဝေးကို ပြေးကြရော။

ဘင်္ဂလားဒေ့ရှ်က အန်န်ဝါ၊ ဗီယက်နမ်က ကင်မ် တို့ဟာ ကိုယ့်ကို နေရာတွေပေး၊ မိတ်ဆက်စကားဆိုကြတော့ နွေးထွေးခဲ့ပါတယ်။ အဆောင်မှာ တယောက်ထဲအားငယ်နေတဲ့ကိုယ်ဟာ သူတို့နဲ့တွေ့လိုက်တဲ့အခါ ကိုယ့်မိတ်ဆွေရင်းတွေ တွေ့လိုက်သလို ပျော်ရွှင်သွားတယ်။ ဒါနဲ့ အန်န်ဝါက သူ့သူငယ်ချင်းတယောက် ထမင်းပေါင်းအိုး လာပို့ပေးလိမ့်မယ်၊ ကင်မ်ရဲ့ သူငယ်ချင်းကတော့ ကွန်ပြူတာ လာပေးလိမ့်မယ်ဆိုတဲ့ သတင်းစကားတွေရခဲ့တယ်။ ကျောင်းမှာ ကွန်ပြူတာတလုံးရယ် စားပွဲနှစ်လုံးရယ် စာအုပ်စင်လေးရယ်နဲ့အတူ ကိုယ့်အတွက် သီးသန့်နေရာလေးတခုပါ ပြင်ဆင်ပေးထားတာ။ ညနေအပြန်မှာ ရထားကဒ်ကို ကျောင်းသားဒစ်စကောင့်နဲ့ သွားဝယ်ပြီး အဆောင်ကို ပြန်လာခဲ့တော့တယ်။ ညနေလောက်ရောက်တော့ ကိုရွှေကုလားက ထမင်းပေါင်းအိုးလာပေးတယ်။ ကိုယ့်မှာတော့ ကျေးဇူးတွေတင်လိုက်ရတာ။ တကယ်ကြည့်လိုက်တော့ ထမင်းအိုးက အစုပ်ကြီး။ ညစ်ပတ်ပေတူးနေတာပဲ။ နောက်တယောက်လာပေးတဲ့ ကွန်ပြူတာက ဒက်စတော့ကြီး။ အတော့်ကိုနိမ့်နေတာဆိုတော့ မလိုချင်ပြန်ဘူး။ တကယ်က ဘယ်မှာ ဝယ်ရမှန်းမသိတာတွေရဲ့ အကျိုးဆက်ပေါ့။ သူတို့ကလည်း အမှိုက်ပစ်ရင် ပိုက်ဆံပေးရမှာစိုးလို့ ကိုယ့်ကို အကုန်လာပေးတာ။ နောက်မှ ကိုယ့်မှာ အဆောင်အမှိုက်ပုံဆီ ချီတက်ပြီး ထမင်းအိုးကို လွှင့်ပစ်ရတယ်။ ကွန်ပြူတာကတော့ သူများယူမယ်ဆိုလို့ ပြန်ပေးလိုက်ရလို့ တော်သေးတာပေါ့။

အိမ်နဲ့အဆက်အသွယ်မရတဲ့ ကျွန်မကို ဗီယက်နမ်တယောက်က ဖုန်းခေါ်ပေးတယ်။ သူ့အခန်းကနေ လာပြောဆိုလို့ လိုက်သွားပြီး ပြန်လာမှ ကြောက်သလိုလိုဖြစ်လိုက်သေး။ ဒီဒုက္ခတွေက ဝေးကွာစေဖို့ ညပိုင်းမှာ ဆီးရီးယားမလေးက ရောက်လာပြီး အဆောင်ပတ်ဝန်းကျင်ကို အကုန်လိုက်ပြပေးတယ်။ လျှပ်စစ်ဆိုင်တွေ့တာနဲ့ ထမင်းအိုးပါ ဝမ်းသာအားရ ဝယ်လိုက်ပြီး ချက်စရာ လိုမယ်ထင်တာအားလုံး ဝယ်ခဲ့နိုင်တော့တယ်။ အဲဒီညမှာတော့ ကျွန်မ မက်မောတဲ့ထမင်းကို စားခွင့်ရတော့တာပေါ့။ တကယ့်တကယ် ထမင်းရလာတဲ့အခါမှာ မစားနိုင်ပါဘူး။ အိမ်သားတွေနဲ့ ထမင်းအတူစားရင်စား မဟုတ်ရင် အဆောင်မှာ သူငယ်ချင်းတွေနဲ့အတူစားတဲ့ ကျွန်မဟာ တယောက်ထဲဆိုတဲ့အသိနဲ့တင် ထမင်းမစားနိုင်ဘူး။

နောက်နေ့တွေထိ နိုင်ငံအစုံက ကျောင်းတက်လာကြာသူတွေနဲ့ အဆောင်ကြီးစည်ကားနေတာ ငေးကြည့်မိတယ်။ အများအားဖြင့် အမေရိကန်တွေ လာလိုက်ရင် လူကောင်တွေကလည်းထွားလိုက်တာ။
ပြင်သစ်သူလေးတွေကတော့ ချောပေသား။ ပြင်သစ်ကလာတာလို့ပြောတဲ့ အသားမဲမဲ ကင်ညာသူတယောက်လည်း တွေ့ရသေးတယ်။ နောက်ပိုင်းမှာ မြန်မာအစားအစာဆို ဘာမဆို သိပ်ကြိုက်ဆိုတာ အဲဒီပြင်သစ်ကတာတဲ့ သူငယ်ချင်းပဲ။ လက်ဖက်တပန်းကန်နှပ်ထားတာကို တခါထဲ အကုန်စားသွားလို့ နေမကောင်းဖြစ်မှာ စိတ်ပူလိုက်ရတာလဲ သူ့အတွက်ပဲ။ သူတို့တွေက (၆)လ (၁)နှစ် ပရိုဂရမ်နဲ့လာကြသူတွေ များတော့ ပေါ့ပေါ့ပါးပါးပဲ။ ခရီးတွေအမြဲထွက်ကြတယ်။ ဘာမှ စိတ်ပူပန်စရာမရှိဘဲ ဂျပန်ကို အလည်လာကြတဲ့ သဘောပါ။ မြန်မာပြည်က အစ်မတယောက်ရောက်လာပြီး ပါလာတဲ့ ဒေါ်လာကို ယန်းလဲချင်တယ်ဆိုတော့ သူ့ဆီက လဲယူလိုက်ပါဆိုလို့ အဆင်ပြေခဲ့တယ်ပေါ့။ ညပိုင်းအဆောင်အောက်ထပ်ကိုရောက်တော့ ဧည့်ခန်းတခုလုံးမှာ ပန်းကန်တွေ၊ ပလပ်စတစ်ပစ္စည်းတွေ မီးဖိုချောင်အသုံးအဆောင်လိုတာတွေအားလုံး ကြိုက်တဲ့သူ လိုချင်သလောက်ယူပါလို့ စာကပ်ထားတာတွေ့လိုက်ရတယ်။ ကိုယ်အသုံးလိုမယ်ထင်တာတွေ ရွေးယူနေကြရင်း မိတ်ဆွေသူငယ်ချင်းဖြစ်သွားကြသေးတယ်။

သူစိမ်းတို့အလယ်မှာ အထုအထောင်းလေးတွေခံရင်း နောက်တနေ့ဆို အတန်းစတက်ရတော့မယ်။ ဘာသာစကားတန်းမှာ ဘယ်လိုတွေ သင်မလဲ၊ ဘယ်နိုင်ငံက သူငယ်ချင်းတွေနဲ့ အတူတက်ရမလဲဆိုတဲ့ အတွေ့အကြုံအသစ်တွေကို စောင့်မျှော်ရင်း တညတာ ကျော်ဖြတ်ဖို့ အားမွေးလိုက်တော့တယ်။

ဆက်ပါဦးမယ်။
မဇနိ

Read more...

10 Things I Hate About Myself

>> Wednesday, December 3, 2008



ကိုယ့်ကိုယ်ကို မုန်းတဲ့ အချက် ၁၀ ချက်တဲ့။ လင်းက တက်ဂ် လုပ်ထားတာ။ လူဆိုတာ ကိုယ့်ကိုယ်ကို သိပ်ချစ်တတ်တဲ့ အမျိုးဆိုတော့ ကိုယ့်ကိုယ်ကို မကြိုက်တဲ့ အချက်တွေက အတော် အရှာရခက်ပါတယ်။ မဇနိလေးနဲ့ ၂ ယောက်ပေါင်းပြီး ရေးလိုက်မယ်။ ပထမ ၅ ခုက ကျနော်၊ ဒုတိယ ၅ ခုက မဇနိ။


၁။ ဝလွန်းတာ။
(သူများတွေက ဝတာမကြိုက်ဘူးတဲ့။ သူတို့လို ဝတာကြီးကို မကြိုက်ဘဲ နေကြည့်တာ။ တကယ်က နေလို့မရပါဘူး။ ငယ်ငယ်ကတည်းက သူ့အရွယ်နဲ့သူ ဝတာလေ၊ ကြီးမှ လေထိုးလိုက်သလို ဝလာတာမှ မဟုတ်တာ။ အင်္ကျီများ ချွတ်ထားရင် သူငယ်ချင်းက ခေါ်တာကတော့ ပသေနဒီ တဲ့။ ထိုင်နေရင် ဗိုက်ကြီးပေါ်မှာ မြစ်ကြီးလို အသားခွက်လို့ အစင်းကြီးပေါ်နေပြီး ရေချိုးပြီးရင် ရေတွေ တင်နေတတ်လို့ ပသေနဒီ လို့ ခေါ်တာတဲ့။ ဖြေတွေးလေး တွေးထားတာ ရှိတယ်။ ဝတော့ ဖတ်ထားရတာပေါ့ ဆိုသလို မဇနိအတွက် တိုတိုရိုကြီးရတာပေါ့။ မကောင်းပေဘူးလား။)

၂။ ပေပေတေတေ အသက်ရှည်။
(သပ်သပ်ရပ်ရပ်နေတာကို မကြိုက်တာတော့ မဟုတ်ပါဘူး။ သပ်ရပ်အောင် လုပ်ရတာကို ပျင်းတာပါ။ ဒါကလည်း အမုန်းစားကြီးထဲ မပါဘူးရယ်၊ နောက်တော့လည်း မယ်မျှင်နဲ့တွေ့တော့ ဒါတွေက ကင်းရှင်းသွားမှာပါ။)

၃။ ရှစ်ခေါက်ချိုး မျက်နှာနဲ့ ကျနော်။
(မျက်နှာကို ရှစ်ခေါက်ရအောင် ကြည့်ကျက်သာ ချိုးလိုက်ကြပါနော်။ မျက်နှာမြင် ချစ်ခင်ပါစေ ဆိုတဲ့ အထဲမှာ ကျနော်က ပါမလာဘူး။ တွေ့တဲ့လူတိုင်းကို ပြုံးပြနေနိုင်ပြီး လူတိုင်းကလည်း သူ့ကို ခင်နေတဲ့သူတွေ တွေ့ဖူးပါတယ်။ အားကျမိပါတယ်။ ကိုယ့်ကိုယ်ကို ဖြေတွေးတွေးတော့ ဗိုလ်အောင်ဒင်ဇာတ်လမ်းထဲက ကိုသုခ ပြောသလိုပေါ့ - အမေမွေးကတည်း အဲဒီအတိုင်းပါဗျာ -ပေါ့။)

၎။ စကားမချိုခြင်း။
(အကြောင်းအရာတခုခုကို အခြေအတင်ပြောရင် ချိုချိုသာသာနဲ့ လိုချင်ရာကို ရောက်အောင် မပြောတတ်ပါဘူး။ ပြောနေရင်းနဲ့ ဒေါသတွေထွက်လာပြီးရင် စကားသံတွေက ဒေါသသံတွေနဲ့ လွှမ်းနေတတ်တယ်။ ကိုယ့်ကိုယ်ကို ဒီလို ဒုတ်ထိုးအိုးပေါက်နဲ့ စကားပြော မတတ်တာမှန်း သိပေမယ့် စိတ်ပြန်ဖြေလိုက်သေးတယ် မဟုတ်မခံ စိတ်ဓာတ်ဆိုပဲ။)

၅။ အအိပ်မက်ခြင်း။
(ဝခြင်းရဲ့ အဖော်ဟာ အိပ်စက်ခြင်းဖြစ်မယ်ထင်ပါရဲ့။ ဒီတော့လည်း အိပ်စက်ခြင်းကို ခုံမင်တွယ်တာ မက်မောတယ်ပေါ့လေ။ တခုခုကြောင့် အိပ်ရေးမပြည့်ရင် မနေတတ်လို့ ရအောင် ဖြစ်သလို ပြန်ပြီး အိပ်ရေးပြည့်အောင် အိပ်တတ်ပါတယ်။)
ဒီနားမှာ ကားပေါ်အိပ်ပျော်နေတဲ့အကြောင်း ရေးဖူးတယ်။

၆။ ဝလွန်းတာကို ကြိုက်မိတဲ့ မိမိကိုယ်တိုင်။
(ငယ်ငယ်တုန်းက မော်ဒယ်လို စတိုင်မိုက်မိုက်လေးတွေနဲ့ တွဲပစ်မယ်လို့ စိတ်မကူးခဲ့ပေမယ့်၊ ကြီးလာတော့ ဒီလိုဝတာကြီးရဲ့ စက်ကွင်းမိတာ ခံရလိမ့်မယ်လို့လည်း မထင်ခဲ့ပါဘူး။ စိတ်နာတယ် ဆိုချင်ပေမယ့် ကံက ပေးလာတဲ့ လက်ဆောင်လို့ပဲ စိတ်ထဲမှတ်ပါတယ်။)

၇။ ပေပေတေတေကို ကြိုက်မိခြင်း။
(ကျွန်မက တကယ်တော့ အသန့်အပြန့်ကို ကြိုက်တတ်တာပါ၊ ဒါပေမယ့် ဒီလို ပေတူးကြီးကို ငါနဲ့ကျမှ ပြင်ယူမယ်လို့ စိတ်ကူးခဲ့တာကိုက ကျွန်မ အမှားလား မသိ။)

၈။ ရှစ်ခေါက်ချိုးသူနဲ့ ကျွန်မ။
(တလောကလုံးကို သူ့လုပ်စာ ကျွေးထားရတယ်ထင်သလား မသိဆိုတဲ့ မျက်နှာနဲ့လူတွေကို သဘောမကျမိတာ အမှန်ပါ။ ဒါပေမယ့်လည်းလေ သူက ကျွန်မနဲ့တွေ့ရင် ပြုံးနေတတ်တာကိုး။)

၉။ စကားမချိုသူကို ချစ်မိလေခြင်း။
(အင်း တကယ်တော့လည်း စကားဆိုတာ ချိုချို မချိုချို၊ မှန်ဖို့ပဲ လိုတာ မဟုတ်လား။)

၁၀။ အအိပ်မက်သူကို ချစ်မိလေခြင်း။
(ကားပေါ်မှာ စကားပြောနေရင်း ခူးခလောလုပ်တာကို ဘေးနားမှာ တယောထိုးတယ်လို့ထင်မိတာ၊)

Read more...

လက်ဝတ်ရတနာ

>> Tuesday, December 2, 2008


မမဝါက ကိုယ်နှစ်သက်တဲ့ပစ္စည်းလေးတွေ ပြပါလို့ tag လာတော့ စဉ်းစားရတာ ခေါင်းခြောက်သွားတယ်။ ဘာပြောရပါ့။ ခင်လို့မင်လို့ပြောလာတာဆိုတော့ ရေးရမယ်လို့ ရှာကြံပြီး တင်လိုက်ပါတယ်။


မိန်းကလေးရယ်လို့ အဝတ်အစားလည်း မမြင်တတ်၊ မဝတ်တတ်။ အလှပြင်တတ်လားဆိုတော့လည်း ဘာမိတ်ကပ်မှမသိ။ နှုတ်ခမ်းနီလည်း မရှိ။ ခက်တော့နေပြီ။ ကိုယ့်ဟာကိုယ် မိန်းကလေးမပီသတာလားလို့ ပြန်တွေးယူရတော့မလို ဖြစ်နေပြီ။ ဒါဖြင့် ဖိနပ်ရော စိတ်ဝင်စားသလား။ စိတ်မဝင်စားလို့ နေမှာပေါ့။ ဖိနပ်ဆိုလို့ ဆောင်းတွင်းစီးနှစ်ရံ၊ နွေစီး နှစ်ရံ ဒါပဲရှိတယ်။ ဒေါက်မြင့်လာရင်လည်း မစီးရဲ၊ အရောင်တောက်လာရင် ရှောင်၊ အကြိုက်ကလည်းရှားတော့ ဖိနပ်ဆိုင်လိုက်လာရင် အမတွေက စိတ်ညစ်ရတယ်။ နောက်ဆုံး ဒါယူဆိုတဲ့အချိန်မှ ယူလိုက်တယ်။ မြန်မာပြည်မှာတော့ ဒေါက်ဖိနပ်လုံးဝ မရှိပါဘူး။ ကတ္တီပါအပါး၊ ပန်းသီးအပါးလေးတွေ စီးတာများပါတယ်။ နောက်လမှာ Hokkaido ကို သွားမလို့ နှင်းမချော်အောင် ဖိနပ်ဝယ်ရအုံးမယ်။ အဲဒီဖိနပ်လိုချင်လို့ ဆိုင်သွားတာ တနေ့ကပါဆို သုံးခေါက်မြောက်။ အခုထိမဝယ်ရသေးပါဘူး။ မမဝါဆီက သွားယူရမလားစဉ်းစားလိုက်တော့လည်း သူဖက်ရှင်ပျက်ကုန်မှာ အားနာတာနဲ့ မယူချင်ပြန်ဘူး။

ညကလည်း ကိုဇနိရေ ဘယ်လိုလုပ်မတုန်း၊ ဘာရေးရပါ့နဲ့တိုင်ပင်ကြည့်မိတယ်။ ခါတိုင်းလိုမဟုတ်ဘူး သူစာလုပ်နေတော့ ကိုယ့်ကို အကြံမပေးဘူး။ ခုတော့ သူအိပ်သွားပြီ။ အကြံလည်းပေါ်လာပြီ။ မိန်းကလေးတွေစိတ်ဝင်စားတတ်တဲ့ လက်ဝတ်ရတနာလေးတွေတော့ လိုချင်သား။ မက်မက်မောမောလည်း ဝတ်တတ်တယ်။ နားကပ်လည်း အမြဲပန်ချင်တယ်။ ငယ်ငယ်ကတည်းက ကော်လက်ကောက်တွေ အများကြီး တချွင်ချွင်ဖြစ်အောင် ဝတ်ချင်တာ။ အလှူ၊ မင်္ဂလာဆောင်ရှိရင် ရွှေအများကြီးဝတ်ချင်တယ်။ အိမ်နားက အမတွေ ပွဲလမ်းရှိတဲ့အခါ လက်ကောက်တွေ တတောင်ဆစ်ထိဝတ်တာကို အားကျတယ်။ အဖေကတော့ ငယ်ငယ်ကပြောတာပဲ သံကြိုးဆက်ကြီး မထနိုင်အောင်ဆင်မှာ လို့။ ခုထိ ဝယ်မပေးသေးပါဘူး။ အိမ်ပြန်ရောက်မှ လိုချင်တယ်ပြောရမယ်။ ကိုဇနိရေ စိန်နားကပ် အပွင့်သေးသေးလေး ပန်မှာနော်လို့ပြောရင် ဒါဆို အမေဆင်ထားတာနဲ့ လဲမှာလားလို့ မေးတယ်။ လဲမယ် ဝယ်ပေးပါလို့ ပြောထားတာ။ သူလည်း အဖေ့လိုပဲ ပါးစပ်နဲ့ဝယ်ပေးမှာ ထင်ပါတယ်။

ရွှေကိုမက်တာပဲရှိတာ ခဏခဏပျောက်တယ်။ မတည့်ဘူးလား မသိဘူး။ ငယ်ငယ်က အဒေါ်တွေရှိတဲ့ ရွာအလည်သွားတော့ ဆွဲကြိုးလေး ကျပျောက်တယ်။ တအိမ်သားလုံး မနေရဘူး။ ဆွဲကြိုးမတွေ့ရင် အဖေက ကျောင်းထားမှာမဟုတ်ပါဘူးလို့ ငိုနေခဲ့တာ။ အေး ငါတို့ပြန်ဝယ်ပေးမယ်လို့ အကိုတွေ ဝိုင်းချော့ရတယ်။ ခြေတံရှည်နွားစာတဲအောက်မှာ နွားတွေချည်ထားတာ။ ကလေးတသိုက် နွားစာတဲပေါ်ကစားကြရင်း အောက်ကို ပြုတ်ကျလို့ နွားချေးကျူံးတဲ့သူက ပြန်လာပေးတယ်။ မန္တလေးအဆောင်မှာလည်း နားကပ်ပျောက်တယ်။ လက်စွပ်ပျောက်တယ်။ နားကပ်တဖက်ကတော့ ရှာမတွေ့လို့ အသစ်ပြန်လုပ်လိုက်ရတယ်။ အခုတော့ နားကပ်လေးကလွဲရင် ဘာမှမရှိတော့ဘူး။ တချို့တော့လည်း နားပေါက်မဖောက်ကြဘူး။ မဇနိကိုတော့ တစ်လသမီးကတည်းက နားဖောက်ပေးခဲ့လို့ နားကပ်ပန်နေရတယ်။

အခုလောလောဆယ် ကိုဇနိဆင်ထားတဲ့ ပယင်းလည်ဆွဲကို အမြတ်တနိုး ဝတ်နေတယ်။ ပယင်းအရောင်ကို သဘောကျသလို ချစ်သူဆင်ထားတာမလို့ တန်ဖိုးထားတာလည်း ပါတယ်ပေါ့။ သူက ဒါမျိုးတွေ မဝယ်တတ်ဘဲ အမှတ်တရဝယ်လာတာကို ကျေးဇူးတင်ရအုံးမယ်။

ပယင်းဆွဲသီးလေးတော့ ကြိုးသေးသေးလေးနဲ့ ဆွဲတယ်။

သူငယ်ချင်းထိုင်ဝမ်ပြန်လက်ဆောင် လက်ဖြစ်လက်ကောက်လေးလည်း စိတ်ပါတဲ့အခါ ဝတ်တယ်။

မြန်မာပြည်ကပါလာတဲ့ ကျောက်စိမ်းလက်ပတ်လေးလည်း ၀တ်ဖြစ်တယ်ဆိုတော့ ချန်ထားခဲ့လို့ မဖြစ်ဘူး။


စိန်နားကပ်လေးပန်ချင်လို့ ကိုဇနိကို နောက်များတော့ ပိုက်ပိုက်စုခိုင်းရအုံးမယ်။

မဇနိ

Read more...

သူစိမ်းတို့ရဲ့အလယ်မှာ (၁)

>> Monday, December 1, 2008


ဆရာမ နုနုရည်(အင်းဝ) ရဲ့ “သူစိမ်းတွေကြားမှာ” ဆိုတဲ့ ပို့စ်ကို မာယာမဂ္ဂဇင်းမှာ ဖတ်ရတယ်။ ဒီခေါင်းစဉ်ကို မြင်တာနဲ့တင် လူက ငိုချင်သလိုလို ဝမ်းနည်းမိတယ်။ ဆရာမရေးထားတဲ့ အကြောင်းအရာတွေကလည်း အင်မတန် စိတ်ဝင်စားစရာကောင်းနေလို့ ဇာတ်သိမ်းပိုင်းထိ (၅) ပိုင်းလုံး စောင့်ဖတ်ဖြစ်ပါတယ်။ နိုင်ဝင်ဘာ (၃၀) ရက်နေ့က ဆရာမရဲ့ နောက်ဆုံးပို့စ်ကို ဖတ်လိုက်ရပြီး စာရေးသူဆရာမကတော့ ပြန်ရတော့မယ်ဆိုတဲ့ သတင်းစကားတွေနဲ့အတူ အပျော်တွေ ကျွန်မဆီကူးစက်လာပါတယ်။ တချိန်ထဲမှာပဲ ကျွန်မတော့ မပြန်နိုင်သေးဘဲ သူစိမ်းတွေအလယ်မှာ ကလယ်ကလယ် နေရအုံးမှာပါ့လားလို့ ဝမ်းနည်းမိသွားပါတယ်။ ဆရာမရဲ့ခေါင်းစဉ်လေးကို နှစ်သက်ခဲ့လို့ တိုင်းတပါးမှာနေရတဲ့ ကျွန်မရဲ့ခံစားမှု အတွေ့အကြုံလေးတွေကိုလည်း “သူစိမ်းတို့ရဲ့အလယ်မှာ” လို့ အမှတ်တရ ရေးလိုက်ပါတယ်။


ဧပြီလအစရဲ့ ရာသီဥတုအရ အအေးဓါတ်တော့ နည်းနည်းလျော့လာပြီး ရွက်သစ်လေးတွေနဲ့ လေတဖြူးဖြူး ဖြစ်နေပါတယ်။ ခန်းဆီးတဖက် လှစ်ကနဲဖြစ်အသွားမှာ အပြင်က လေအေးတချက် ဝင်လာတော့ စိမ့်သွားတယ်။ အကျီင်္ထူတာကို လိုချင်တာနဲ့ ခရီးဆောင်အိတ်ကို ဖွင့်ဖို့ ပြင်ဆင်ရတယ်။ တဆက်တည်း ရေသောက်ချင်လာတယ်။ ရေဗူးလည်းကုန်သွားပြီဆိုတော့ ဘယ်လိုလုပ်ရပါ့မလဲ။ ရေခဲသေတ္တာလည်း မတွေ့မိဘူး။ ဘယ်သူ့ကို ဘယ်မှာသွားမေးရမလဲ မသိတော့ အခန်းကို လေ့လာရတော့တယ်။ မီးဖိုခန်းရေပိုက်တခုရဲ့အထက်မှာ သောက်ရေအတွက် သုံးလို့ရတယ်လို့ စာတန်းလေးတွေ့တာနဲ့ အငမ်းမရ ရေသောက်ဖြစ်သွားတယ်။ အင်း ခုမှပဲ ဆန္ဒတခုပြည့်သွားသလို နေသာထိုင်သာရှိသွားတယ်။ ဆွယ်တာမထူမပါးတထည်ကို ထုတ်ဝတ်လိုက်ပြီး တခြားဘာမှမလုပ်ခင် အနားယူဖို့ ဆုံးဖြတ်လိုက်တော့တယ်။ အသင့်ပြင်ထားပေးတဲ့ ခုတင်ပေါ်လှဲလိုက်ရင်း ရင်ထဲမှာ ဘာကိုမှန်းမသိ ဝမ်းနည်းမိလို့ နံရံကို ကျောခိုင်းပြစ်လိုက်တယ်။

အိပ်မပျော်မယ့်အတူ အသိမိတ်ဆွေမရှိ ကိုယ်အကျွမ်းတဝင်ရှိတဲ့ နယ်မြေနဲ့ မိုင်ပေါင်းများစွာအဝေးကို ရောက်ရှိလာတဲ့ ခရီးစဉ်မှာ တွေ့ကြုံခဲ့ရတာတွေဆီ စိတ်က ပြန်စဉ်းစားမိသွားတယ်။ ထိုင်းနိုင်ငံလေဆိပ်ကနေ ညနေ (၆) နာရီမှာ စထွက်လာခဲ့တာ လေယာဉ်ပေါ်မှာ အိပ်လို့မပျော်ဘူး။ လေယာဉ်မယ်လေးကျွေးလာတဲ့ ငါးနဲ့အစားအစာတွေ မစားနိုင်လို့ ဆန်ပြုတ်ပူပူလေးကိုပဲ သောက်လိုက်တာ။ အတန်ကြာတော့ ရာသီဥတုက ပြောင်းလာပြီလို့ထင်တာနဲ့ လေယာဉ်မယ်ကမ်းလာတဲ့ တဘက်လေးကိုယူ ခြုံထားလိုက်တယ်။ အိပ်မပျော်လို့ အပြင်ကိုကြည့်တော့လည်း မည်းမှောင်နေလို့ ဘာမှမမြင်ရ။ ဒီချိန်ဆို အဖေတို့ အမေတို့ အိပ်ပျော်နေကြပြီလား။ သမီးကို စိတ်မချဖြစ်နေမလားတွေးလိုက်တော့ စိတ်မကောင်း။ မျက်ရည်တချက်ဝေ့လာလို့ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်တယ်။ လေဆိပ်မှာ အမေငိုလိမ့်မယ်လို့ထင်ထားတာ အဖေက မျက်ရည်တွေဝဲပြီး နှုတ်ခမ်းတွေတုန်နေလို့။ ဘာစကားမှမဆိုပေမယ့် အဖေရင်ထဲမချိဘူးဆိုတာ သိလိုက်တော့ ကဲ သမီးသွားတော့မယ် ကျန်းမာရေးဂရုစိုက်ကြနော် နောက်နေ့အိမ်ပြန်ရင် ကားအတက်အဆင်း ဂရုစိုက်ပါ လို့ မှာပြီး ကိုယ်အရင် ထွက်လာခဲ့တယ်။


အဖေ အမေတို့ စိတ်ချမ်းသာစေချင်လို့ အောင့်ထားတဲ့မျက်ရည် လေယာဉ်ပေါ်မှာ မရတော့ဘူး။ ဘေးခုံကိုကြည့်လိုက်တော့ အသက် (၅၀) ဝန်းကျင် ဂျပန်ဦးလေးကြီးတယောက်။ သူကလည်း ကိုယ့်ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေပြီ။ နောက်ဆုံးတော့ သူက မိတ်ဆက်စကားဆိုတယ်။ ကျောင်းလာတက်တာ ဘယ်နှစ်ထိနေရမှာဆိုတာတွေ ပြောပြလိုက်တော့ သူက အံ့သြလို့တဲ့။ တယောက်ထဲ သတ္တိရှိတယ်လို့ ဆိုမှ ငိုချင်ရဲ့လက်တို့ နောက်ထပ်မျက်ရည်တချို့။ သူ့လိပ်စာတွေပေးတော့ ဂျပန်ြပည်မြောက်ပိုင်း နှင်းတွေအများကြီးကျတဲ့ Hokkaido မြို့တဲ့။ သူကလည်း မြန်မာပြည်ကနေ အလည်ပြန်လာတာဆိုတော့ မြန်မာကို ခင်မင်ရှာတယ်။ သူနဲ့တော့ အင်္ဂလိပ်လို ပြောလို့အဆင်ပြေသား။ မှေးခနဲအိပ်ပျော်သလိုလိုဖြစ်ပြီး မျက်လုံးဖွင့်လိုက်တော့ နေလုံးကြီးကို တအံ့တသြတွေ့လိုက်ရတယ်။ ဘယ့်နှယ်ပါလိမ့် စောစောကမှ ညကြီးပါလို့လေ။ အချိန်တွေကွာတာကိုး။ နာရီတာလေဆိပ်ကိုရောက်တော့မှ သူစိမ်းတွေကြားကို ရောက်ပါပေါ့လားလို့ ရင်တထိတ်ထိတ်ဖြစ်မိတယ်။ ခရီဆောင်အိတ်ကိုယူ အပြင်ကိုထွက်လာတော့ လာကြိုနေတဲ့ သူတွေက ဂျပန်လို စပြောတယ်။ ပါလာတဲ့ နောက်ထပ်ကျောင်းသူတွေရောလို့ မေးတဲ့အခါ နောက်မှာပေါ့။ ဒီလိုနဲ့ သူတို့တင်ပေးလိုက်တဲ့ ဘတ်စ်ကားကို နောက်ထပ် (၁)နာရီခွဲ ဆက်စီးရင်း မမြင်ဖူးတဲ့ ဒေသစိမ်းတခုကို တိုးဝင်ခဲ့တယ်ဆိုပါတော့။ ကားပေါ်မှာစပြီး အရာအားလုံးဟာ ဂျပန်စကားတွေ ဖြစ်လာတော့တာ။ မြင်မြင်သမျှလူတွေဟာ ကိုယ့်ဆီကလူတွေနဲ့ ကွဲပြားလာတော့တာတွေ အသစ်အဆန်းကြားမှာ နေလာရတော့တယ်။


ဘတ်စ်ကားကဆင်းတာနဲ့ ဂျပန်မဝတုတ်လေးက မစ်စ်…..လား လို့ ကျွန်မနာမည်ကို သူမခေါ်တတ်ပါဘူး။ သူက ကျွန်မရဲ့ ကျူတာဖြစ်တဲ့အကြောင်း အခု ဆရာက လာကြိုဖို့တာဝန်ပေးလို့ လာတဲ့အကြောင်း အင်္ဂလိပ်လိုတဝက် ဂျပန်လိုတဝက်ပြောကြတယ်။ မြန်မာစားစရာတွေနဲ့ ပြည့်ကျပ်နေတဲ့ ကျွန်မရဲ့ ခရီးဆောင်အိတ်တွေကို သူက ကူမပေးတယ်။ လေးလွန်းတဲ့ ခရီးဆောင်အိတ်ကို သူ မလိုက်တာ ပေါ့ပေါ့လေးလိုပဲ။ နောက် သူနဲ့ခင်မှ ကရာတေး ခါးပတ်နက်ဆိုတာ သိလိုက်ရတာ။ နေရမည့်အဆောင်ကို တက္ကစီလေးနဲ့အတူလာ။ သူတို့ဆီက တက္ကစီကလည်း ဘယ်သွားချင်လို့ပါ ဘယ်လောက်လဲ ဟင် လို့ ဘာမှမေးစရာမလိုတော့ ကျွန်မမှာ အံ့တွေသြလို့။ မိနစ် (၂၀) လောက်ကြာတော့ အဆောင်ဆင်ဝင်ကို ရောက်သွားရော။ အဆောင်တာဝန်ခံတွေက အခန်းသော့၊ စာတိုက်ပုံးသော့နဲ့ အဆောင်တံခါးသော့ဆိုပြီး သော့ (၃) ချောင်း ပေးပါတယ်။ သော့တချောင်းကိုကြည့်လိုက်တော့ ကတ်ထူပြားတခုလိုလို။ ဘယ်လိုပါလိမ့် သော့လည်းပြောတယ်ပေါ့။ နောက်မှ အဆောင်တံခါးကို ဖွင့်ရတဲ့ သော့ဆိုတာ သိသွားတယ်။ သုံးထပ်ဆောင်တခုရဲ့ အပေါ်ဆုံးထပ်ကို တက်ပြီး ကျူတာလေးက တံခါးဖွင့်၊ အိပ်ယာ၊ ခေါင်းအုံးတွေ လာပြင်ဆင်ပေးသွားတယ်။ ငါတော့ နားလိုက်မယ်ဟဲ့နဲ့ စိတ်ကူးထားတာ ကျူတာလေးက မပြန်ဘူး။ သူ့ကို ပါလာတဲ့ မောင်းအပြည့် ကချင်လွယ်အိတ်၊ ကျောက်စိမ်းလည်ဆွဲနဲ့ ရွှေချည်ထိုးလက်ကိုင်အိတ်လေးတွေ ထုတ်ပေးတဲ့အခါ ဝိုး ဝိုး စကားသံ မပြတ် အံ့သြပျော်ရွှင်နေတယ်။ နိုင်ငံခြားနဲ့ ရင်းနှီးကျွမ်းဝင်ဖူးတာမရှိတဲ့ကျွန်မနဲ့ မြန်မာဆိုတာမသိတဲ့ ကျူတာမလေးတို့နှစ်ယောက် တောင်တလုံး မြောက်တလုံး ခင်မင်စကားဆိုမိကြတယ်။


သူ့ကို လက်ဆောင်တွေ ပေးပြီးတော့ သူကလည်း ခဲတံလုံးလို နှစ်လက်မလောက်အချောင်းလေး လက်ဆောင်ပေးလာတယ်။ ဘာလဲ လို့ ပြန်မေးတော့ ကျွန်မနာမည်နဲ့ အနီးစပ်ဆုံးတူတဲ့ သင်္ကေတနဲ့ တံဆိပ်တုံးလေးပါ။ သူပေးတဲ့လက်ဆောင်လေးကို ဒီနေ့အထိ သုံးနေရတာပေါ့။ ဘဏ်ကဒ်လုပ်တာတွေ အိမ်ငှားတာတွေ မဖြစ်မနေလိုတဲ့ လက်မှတ်ပါ တံဆိပ်တုံးလေး။ အပြန်အလှန် လက်ဆောင်ပေးပြီးတော့ လာ သွားကြစို့ တဲ့။ အယ် ဘယ်ကိုလဲ ဆိုတော့ City hall ကို အရင်သွားမယ်။ ပြီးရင် စာတိုက်သွားမယ်။ နောက်တော့ ဘဏ်ကို သွားကြစို့လို့ သူ့အချိန်ဇယား ထုတ်ပြလာတယ် နေရာတကာ အချိန်ဇယားနဲ့ လုပ်တတ်တဲ့ တိကျလေးစားတဲ့ သူတို့ အကျင့်လေးတွေ။ ဒါနဲ့ပဲ အကျီင်္လေးလဲ၊ လိုတာတွေယူပြီး သူ့နောက်ကို အပြေးလိုက်ခဲ့ရတာပေါ့။ မြန်မာပြည်က သူငယ်ချင်းတွေကြားမှ ခြေလှမ်းမြန်တဲ့ ကျွန်မ၊ ဂျပန်မလေးနောက်မှာ အပြေးတပိုင်း လိုက်လို့မမှီခဲ့ဘူး။ လက်ကိုင်အိတ်တလုံးကို လက်မှာချိတ်၊ ဒေါက်ဖိနပ်နဲ့ ဟန်မပျက်ဘဲ အပြေးသွားနိုင်တဲ့ သူမပါ။ အဲဒီနေ့ကစပြီး အင်္ဂလိပ်စကားသုံးခွင့် ပိတ်သွားခဲ့သလောက်နီးပါး ဖြစ်ခဲ့ရတယ်။ ဒါကြောင့် သူမလိုက်ကူမှ အဆင်ပြေတာ အသေအချာပါပဲ။

ခရီးတခုသွားရင် ရောက်တာနဲ့ နားနေချင်တဲ့ ကျွန်မစိတ်တွေ အဲဒီနေ့မှာ စပြင်ခဲ့ရတယ်။ မြေအောက်ရထားလေးစီးလိုက် လမ်းလျှောက်လိုက်၊ ဘတ်စ်ကားစီးလိုက် လမ်းလျှောက်လိုက်နဲ့ မရပ်မနား ဆက်တိုက်သွားတော့တာ။ တနေကုန်နဲ့ တညလုံးဗိုက်ဆာနေတဲ့ ကျွန်မကို သူမ တချက်မှ လှည့်မကြည့်ပါဘူး။ သူမ လည်း ရေတစက်မသောက်ခဲ့ဘူး။ အလုပ်အားလုံးပြီးမှ ဘာစားမလဲ စတင်မေးဖေါ်ရတာ။ ဒါနဲ့ ထမင်းလိပ်၊ အအေးဗူးဝယ်ပြီး ချယ်ရီတန်းလေးရှိတဲ့ သစ်သားတံတားလေးပေါ်မှာ စားကြတယ်။ ပတ်ဝန်းကျင်စိမ်းမှာ မြင်မြင်သမျှက အစိမ်းတွေပေါ့။ ထမင်းလိပ်ကို ဘယ်လိုအခွံနွှာရမလဲလို့ လိုက်အစရှာနေတာ ဘယ်လောက်ကြာသွားတယ်မသိ။ သူကူညီမှ နည်းလမ်းသိ။ ဗိုက်တင်းတော့ နှစ်ယောက်အတူ ဓါတ်ပုံရိုက်ရင်း ကျွန်မလို ပိန်ချင်တယ်တဲ့။ ပြီးတာနဲ့ အဆောင်ပြန်လာ၊ မီးခလုတ်၊ အဲယားကွန်း ဘယ်လိုဖွင့်ဆိုတာတွေ သင်ပေးပြီး မနက်ဖြန် ဆရာနဲ့တွေ့ဖို့ သူလာခေါ်မယ်ပြောသွားတယ်။ သူထွက်သွားတာနဲ့ ကျွန်မတယောက် အခန်းထဲမှာ မျက်စိသူငယ် နားသူငယ်ဖြစ်ကျန်ခဲ့တော့တာပေါ့။


ပထမဆုံး သတိရတာက ထမင်း။ ထမင်း ဘယ်လိုစားရပါ့။ ဘယ်ကနေ ရပါ့မလဲ မသိ။ စားစရာ ထမင်းမရှိအတူ ပါလာတဲ့ ပစ္စည်းတွေ နေသားတကျဖြစ်အောင် စီစဉ်လိုက်တယ်။ အဖေနဲ့ အမေ ဓါတ်ပုံလေးထုတ်၊ စားပွဲပေါ်တင်၊ ငိုင်၊ မှိုင်၊ ငေး သွားရော။ မဖြစ်သေးပါဘူးလို့ ပြန်တွေးပြီး ရေမိုးချိုးလိုက်တယ်။ ရေနွေးလေးနဲ့ချိုးလိုက်ရတော့ သဘောတော့အကျသား။ ကဲ ပါလာတဲ့ ပေါင်မုန့်လေးစား၊ ရေသောက်၊ ဘုရားရှိခိုးလိုက်တယ်။ လက်ထဲမှာ ဖုန်းလည်းမရှိ။ အင်တာနက်လည်းမရှိ။ ဘယ်သူ့ကို ဘယ်လိုဆက်သွယ်ရမလဲ မသိ။ မနက်ဖြန်ဝတ်မည့်အဝတ်အစားကို ပြင်ဆင်၊ အိပ်ယာပေါ်လှဲလိုက်တော့ အချိန်တွေ အားသွားပြီမဟုတ်လား။ စိတ်အားသွားရင် တောင်တွေး မြောက်တွေး ဇာတ်လမ်းစတော့တယ်။ ငါ ဘာဖြစ်လို့ ဒီကို လာမိပါလိမ့်၊ ဘာအတွက် ဘာလာလုပ်တာလဲ။ နောက် လာချင်အုံး ဟဲ့ နိုင်ငံခြား ဆိုတာတွေ တန်းစီပေါ်လာရော။

ဆက်ပါဦးမည်။
မဇနိ

Read more...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP