Showing posts with label စားစရာ၊ သောက်စရာများ. Show all posts
Showing posts with label စားစရာ၊ သောက်စရာများ. Show all posts

မုန့်ဟင်းခါးနဲ့ ဆလပ်ရွက်သုပ်

>> Saturday, January 3, 2009


တနေ့က အုအဲနိုမှာ စပါးလင်၊ နံနံပင်ဝယ်လာဖြစ်တယ်။ ဒါနဲ့ ဒီနေ့ မုန့်ဟင်းခါးချက်စားတယ်ပေါ့။ စုံစုံလင်လင်ထည့်ပြီး စိတ်ရှည်ရှည်ချက်လို့ ဒီတခါ မုန့်ဟင်းခါး တော်တော်စားကောင်းတယ်။ စပါးလင်ပါတော့ ပိုမွှေးတာလည်း ဖြစ်မယ်။ ပဲကြော်မရှိတော့ ကြက်သားကို ဂျုံမှုန့်နဲ့ကြော်ထားတာ ထည့်စားတယ်။ ဆလပ်ရွက်တွေရှိလို့ ခရမ်းချဉ်သီး၊ မြေပဲဆံ၊ ပဲမှုန့်လေးနဲ့ သုပ်လိုက်သေးတယ်။ အသုပ်လေးစားလိုက် မုန့်ဟင်းခါးလေးသောက်လိုက်ပေါ့။










မဇနိ

Read more...

မုန်လာဥအဖြူ

>> Monday, December 29, 2008


မုန်လာဥအဖြူဆိုရင် ကျွန်မကြိုက်တဲ့ အစားအစာထဲ မပါဘူး။ မန်ကျည်းမှည့်နဲ့ချဉ်ရည်ဟင်း ချက်ရင်တော့ စားတယ်။ ငါးခေါင်းချဉ်ရည်ဟင်းလိုမျိုးလည်း စားပါတယ်။ တနေ့ကတော့ မုန်လာဥအဖြူတလုံး ၀ယ်လာရင်း ဝီရှီမီကလို လုပ်စားကြည့်ဖို့ စိတ်ကူးလိုက်တယ်။ မုန်လာဥတွေက အကြီးအကြီးတွေဆိုတော့ တော်ရုံနဲ့မဝယ်ချင်ဘူး။ တယောက်ထဲစားတာ ကုန်မှ မကုန်တာလေ။ ဒါနဲ့ အစ်ကိုအန်ဒီတို့ ပြောပြထားတဲ့အတိုင်း မုန်လာချဉ် သိပ်လိုက်တယ်။ ပထမဆုံး မုန်လာဥကို အခွံနွှာ၊ ရေဆေးပြီး ပိုးတီမလှီးဘဲ အစိပ်သေးသေးရှည်ရှည်လေးတွေ လှီးထားတာ။ အဲဒီနေ့က မုန့်ဖတ်သုပ်စားတော့ ချဉ်မသိပ်ခင် အရင်စားချင်တာနဲ့ တချို့ကို ခွဲပြီး သံပုရာရည်၊ ရှာလကာရည်နဲ့နယ်ပြီး (၃)နာရီလောက် နှပ်ထားလိုက်တယ်။ ဒါကတော့ ချက်ချင်းစားချင်လွန်းလို့ အမြန်လုပ်ထားတာပါ။ ကျန်တာကိုမှ အချဉ်သိပ်မယ်ဆိုပြီး ပုလင်းသန့်သန့်ကို ရေဆေး၊ ရေပြောင်အောင်သုပ်ထားလိုက်တယ်။ မုန်လာဥလှီးထားတာတွေကို ဆားနဲ့နယ်ပြီး ပုလင်းထဲမှာ သိပ်၊ ရေကျက်အေးထဲမှာ ဆနွင်းလေးထည့်ဖျော်ထားတာကို လောင်းထည့်လိုက်တယ်။ မုန်လာဥအားလုံးမြုပ်သွာေးအာင် ရေထည့်ပေးလိုက်ပြီး ထမင်းပါထည့်လိုက်တယ်။ အဖုံးကိုလုံအောင်ပိတ်ထားရင်း (၅)ရက်မြောက်နေ့မှာ အချဉ်သုပ်စားလို့ ရနေပါပြီ။ မုန်လာချဉ်ကို ပုလင်းထဲက လိုသလောက်ယူ ရေဆေးပြီး နှမ်းထောင်း၊ မြေပဲဆံထောင်း၊ ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးစိမ်းလေးနဲ့သုပ်စားတာ မွှေးတဲ့အပြင် မုန်လာချဉ်ကို ကြိုက်သွားတယ်။ အခုဆို စားနေတာ ခဏခဏရှိပေမယ့် မကုန်သေးဘူး။ ရေခဲသေတ္တာထဲမှာ ထားလိုက်တော့ ကြာလာလို့ ပိုစားကောင်းနေတယ်။ အမလေး မုန်လာဥတလုံးကလည်း အမုန်းစားရပါ့လားနော်။







မဇနိ

Read more...

မုန့်တီသုပ်

>> Sunday, December 28, 2008


ကိုဇနိက တမ်းပလိတ်နဲ့ ဘန်နာ အသစ်ပြောင်းချင်တယ်တဲ့။ နှစ်သစ်အတွက် ဘလော့ဂ်ကို ပုံစံအသစ်ပြောင်းချင်ပုံရပါတယ်။ ဒါနဲ့ ချယ်ရီဓါတ်ပုံလေးပို့ပြီး ဒါလေးတင်ပါ့လားလို့ အကြံပေးကြည့်တာ။ သူလည်း ကြိုက်တယ်ဆိုတော အကြံပေးရတာ အထမြောက်သွားတယ်။ ဘန်နာအသစ်လေးအတွက် ဘာမုန့်ကျွေးရမလဲစဉ်းစားလိုက်ရင်း မုန့်တီသုပ် တင်လိုက်တော့မယ်နော်။ မုန့်တီသုပ်က နန်းကြီးနဲ့သုပ်ထားတာ။ ကြက်သားချက်ပြီး ပဲမှုန့်အကျက်၊ ငရုတ်ဆီ၊ ကြက်သွန်ဖြူဆီချက်၊ သံပုရာသီး၊ ကြက်သွန်ဖြူဆီချက်ရယ်နဲ့ သုပ်တာပါ။ ကြက်ရိုးဟင်းချိုလေးလည်း လုပ်ထားပြီး ငရုတ်ကောင်းထည့်သောက်ရင် နန်းကြီးသုပ်လေးနဲ့ လိုက်ဖက်ပါတယ်။ အချိုပွဲအနေနဲ့ ပေါင်မုန့်ပူတင်းလေးပါ ပေါင်းထားပေးတယ်။ ပေါင်မုန့်ကိုခြေပြီး ကြက်ဥနှစ်လုံး၊ နွားနို့၊ ထောပတ်နဲ့ ဆားအနည်းငယ်ထည့်ခေါက်ထားတယ်။ အိုးအကြီးထဲမှာ ရေနွေးတည်ပြီး စောစောက ခေါက်ထားတဲ့ စတီးဇလုံကို ထည့်၊ အဖုံးအုပ်ထားပြီး ရေနွေးငွေ့နဲ့ပေါင်းလိုက်တာပါ။ အသားတင်းလာရင် မီးပိတ် အအေးခံပြီး အတုံးလေးတွေလှီးစားလို့ရပြီပေါ့။






Read more...

ပဲထမင်း

>> Thursday, December 18, 2008


ပဲဆံတထုပ် ၀ယ်ထားပြီး ချက်မစားဖြစ်ဘူး။ တနေ့ကမှ ပစ္စည်းတွေရှင်းရင်းတွေ့တာနဲ့ ပဲထမင်းလေး ချက်အုံးမှလို့ အတွေးရသွားတာ။ ပဲဆံကို ရေသုံးထပ်လောက်ဆေးပြီး ဆန်ဆေးထားတဲ့အထဲ ရောထည့် ခါတိုင်းထမင်းချက်တာထက် ရေအနည်းငယ် ပိုထည့်လိုက်တယ်။ ပဲထမင်းပူပူလေးနဲ့စားဖို့ အမဲခြောက်တချောင်း ခဏရေစိမ်ပြီး ကြွပ်ကြွပ်လေးကြော်ထားတယ်။
ခရမ်းချဉ်သီးတွေ လောဘတကြီးဝယ်ထားတာနဲ့ ခရမ်းချဉ်သီး ငါးပိချက် ချက်လိုက်သေးတယ်။
တို့စရာကတော့ ရှိပြီးသား အသီးအရွက်လေးတွေ ရေဆေး ရေစစ်ထားလိုက်ရင် အဆင်ပြေသွားရော။






မဇနိ

Read more...

အသီးအရွက်ကြော်

>> Wednesday, December 17, 2008


တကယ်တော့ မုန်လာဥနီကြော်စားတာကို သိပ်မကြိုက်ပါဘူး။ သေချာဂရုတစိုက်ကြော်မှ တခါတလေ စားချင်တဲ့အခါ စားလိုက်တာ။ မနေ့က စိတ်ကူးပေါက်တာနဲ့ အသီးအရွက်ကြော်လေး လုပ်စားမယ်ဖြစ်သွားရော။ ပြောရင်းဆိုရင် အာလူးအခွံနွှာ ရေဆေး။ အတုံးခပ်လတ်လတ်တုံးထားလိုက်တယ်။ မုန်ညင်းဖြူထုပ်၊ မုန်လာဥနီ၊ ရုံးပတီသီးကို ရေဆေး၊ လှီးထားပြီး ပြုတ်ထားတဲ့ ကြက်သားကိုလည်း နွှာထားလိုက်ပါတယ်။ ခရမ်းချဉ်သီးကိုစိပ်ထား၊ ကြက်သွန်ဖြူကို ဓားပြားရိုက် ပြန်လှီး၊ ကြက်သွန်နီလည်း အစိပ်ခပ်ကြီးကြီးစိပ်ထားရင်း ငရုပ်သီးပါ ထက်ခြမ်းခွဲထားပါတယ်။






ဆီပူလာရင် ပထမဆုံး အာလူးကိုထည့်ကြော်ပါတယ်။ အာလူးက အတုံးခပ်ကြီးကြီးတမင်တုံးထားတာဆိုတော့ အကျက်ညီချင်လို့ အရင်ထည့်ကြော်တာပါ။ ခဏနေပြီးတဲ့အခါ ကြက်သားထည့်ပါတယ်။ ကြက်သွန်ဖြူ၊ နီ၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ ထည့်မွှေ၊ ငရုပ်သီးစိမ်းလည်း ထည့်လို့ရပါပြီ။ နောက်ဆုံးတော့ ရုံးပတီသီးနဲ့ မုန်ညင်းဖြူကိုထည့် ငံပြာရည်၊ ကြက်သားမှုန့်ထည့်ပြီး မွှေချချလိုက်ရင် ဓါတ်ပုံထဲကအတိုင်း အသီးအရွက်ကြော်က စားချင်စရာလေးဖြစ်သွားပါတယ်။



မဇနိ

Read more...

အကြော်

>> Saturday, December 13, 2008


ဒီနေ့ အထွေအထူးလုပ်စရာ မရှိလို့ ရှိတဲ့ အသီးအရွက်ကလေးတွေနဲ့ အပေါင်းကြော်ကြော်စားမယ်လို့ စိတ်ကူးလိုက်တယ်။ အရင်ဆုံး မန်းကျည်းမှည့်၊ ငရုတ်သီးစိမ်းကို နုတ်နုတ်လေးကိုက်၊ ကြက်သွန်ဖြူ ဓားပြားရိုက် နုတ်နုတ်စင်း၊ နံနံပင်ရယ်နဲ့ တို့စရာ အချဉ်လုပ်ထားလိုက်တယ်။ အာလူး၊ ရုံးပတီးသီး၊ မျစ်ငရုတ်သီးစိမ်းကို ရေဆေး၊ ရေစစ်ထားတယ်။ ပထမဆုံးက အာလူးကြော်မယ်ဆိုတော့ အာလူးကို အကြော်မှုန့်၊ ဆား၊ ဂျင်းထောင်းအနည်းငယ်နဲ့ ခပ်စေးစေး နယ်ပြီး ဆီပူမှာ ထည့်ကြော်ပါတယ်။ နောက် ရုံးပတီသီးကို လေးစိပ်စိပ်ပြီး စောစောကလို နယ်ပြီးကြော်။ မျှစ်၊ ငရုပ်သီးစိမ်းလည်း အစပ်ကြော်လိုက်တယ်။ အိမ်မှာဆို မြင်းခွာရွက်ကြော်၊ ဆူးပုတ်ရွက်ကြော်လည်း ကြိုက်တာပါ။ အခုတော့ မရှိလို့ ထည့်မကြော်ရဘူး။
ကြက်သားလည်း ကြော်လိုက်သေးတယ်။ ကြက်သားကို အတုံးသေးသေးလေးတွေလှီးထားပြီး ဆား၊ ဆနွင်းနယ်ထားလိုက်တယ်။
ဂျုံမှုန့်ကို ကြက်သွန်ဖြူ၊ ဂျင်းအနည်းငယ်ထည့်ပြီး ကြက်ဥဖေါက်ထည့် ဆားပါထည့် ခေါက်ထားပါတယ်။ ပြစ်နေရင် ရေကျက်အေး နည်းနည်းထည့်တယ်။
ဆီဆူအောင်တည်ထားရင်း ကြက်သားတုံးလေးတွေကို ဂျုံနယ်ထားတဲ့အထဲ နှစ်ပြီး ဆီဆူတဲ့အခါ ထည့်ကြော်တာပါ။ တဖက်က အရောင်ရဲလာရင် နောက်တဖက်လှန်ပြီး မီးအေးအေးနဲ့ကြော်လိုက်ရင် အဆင်ပြေသွားရော။







မဇနိ

Read more...

မုန်လာဥနီသုပ်

>> Friday, December 12, 2008


မုန်လာဥနီကို အခွံနွှာ၊ ရေဆေးပြီး ခြစ်လိုက်တယ်။
ကြက်သွန်ဖြူဆီချက်၊ မြေပဲဆံထောင်း၊ နှမ်းထောင်း၊ ပုဇွန်ခြောက်၊ ငံပြာရည်၊ မန်ကျည်းမှည့်၊ ငရုပ်သီးစိမ်းအားလုံးထည့်ပြီး မုန်လာဥနီသုပ်တာပါ။
မြန်မာပြည်တုန်းကတော့ သံပုရာသီးနဲ့ သုပ်တာ။ အခုသံပုရာသီးဈေးကြီးလာလို့ ချွေတာတဲ့အနေနဲ့ မန်ကျည်းမှည့်အနှစ်လုပ် သုပ်တော့လည်း စားကောင်းပါတယ်။
ဒီလိုအသုပ်လေးနဲ့ ကြက်ဥကြော်လောက်ဆိုရင် မဇနိက ထမင်းစားမြိန်ပေမယ့် ကိုဇနိဆို ပန်းကန်နဲ့ဇွန်းနဲ့ သေချာခေါက်မယ်ဆိုတာ သိပါ့။
ရေနွေးနဲ့ အပျင်းပြေစားလည်းကောင်းပါတယ်။
မုန်လာဥနီကို ကြော်စားရင် မကြိုက်တဲ့ ကျွန်မအတွက် ဒီလိုသုပ်စားရတာ ပိုအဆင်ပြေပါတယ်။





မဇနိ

Read more...

တူတူစားကြမယ်

>> Tuesday, December 9, 2008


အရင်တပတ်က ကျောင်းကို အသစ်ရောက်လာတဲ့ မြန်မာအကိုတွေနဲ့ ခင်မင်ရာ အမများကို အိမ်အလည်ဖိတ်ဖြစ်တယ်။ ကိုယ်က ကလေးလုပ်ပြီး ဟိုအိမ်လိုက်စား ဒီအိမ်လိုက်စားလုပ်နေတာ ကြာပေါ့။ တခါတလေ ထမင်းမစားချင်ဖြစ်နေရင် အမတွေဆီဖုန်းဆက်ပြီး ဘာဟင်းချက်လဲ မေးကြည့်လိုက်။ ဟင်းကြိုက်ရင် သွားစားလိုက်တာ။ ကျွန်မက ဟင်းဂျီးများတော့ သူတို့ခေါ်ကျွေးလည်း စားချင်တာမှ စားတာဆိုတာ သိနေကြတော့တာ။ ဒါနဲ့ ကျွန်မ စားချင်စိတ်ပေါက်လို့ကတော့ အချိန်မရွေး ကျွေးကြပါတယ်။ သူတို့က အမြတ်တနိုး ခေါ်ကျွေးလည်း မြန်မာစာမဟုတ်ရင် ဘာမှမစားချင်လို့ အားတောင်နာရတယ်။ အခုတော့ ကိုယ့်အိမ်ကို မရောက်ဖူးသူတွေလည်းရှိနေလို့ အတူတူစုပြီး အသုပ်စုံသုပ်စားလိုက်တယ်။ ထမင်းနဲ့ဟင်းလည်း ပါတယ်။ အားလုံးပေါင်း (၉)ယောက်တောင်ဆိုတော့ အတော်ပင်ပန်းသွားတာပေါ့။ အသားဟင်းတွေကို ညကတည်းက လုံးထားတာမျိုး၊ ဆီချက်ချက်ထားတာမျိုးလည်း လုပ်ရ။ မနက်လင်းကတည်းကလည်း ဇယ်ဆက်သလို လုပ်ရနဲ့ နောက်တနေ့ထိ လက်တွေနာနေသေးတယ်။ မြန်မာထမင်းနဲ့ ဟင်းဆိုတော့ အညှော်လည်း မိတာပေါ့။ သူတို့မလာခင် နာရီဝက်အလိုဆို အားလုံးအဆင်သင့်ဖြစ်ပြီးသားနေအောင် တယောက်ထဲ သိမ်းကျုံးလုပ်လိုက်တယ်။


အသုပ်ကိုလည်း ပန်းကန်အကြီးနဲ့ အပြီးနယ်ထားလိုက်တာ။ လာခါနီးနယ်ထားလိုက်တော့ ဧည့်သည်တွေရှေ့ မနယ်ရတော့ဘူး။
ပစ္စည်းတွေလည်း မရှုပ်တော့ဘူးပေါ့။
အတော်များများက အသုပ်စုံနဲ့တင် ဗိုက်ပြည့်ကုန်ကြတယ်တဲ့။
တို့ဟူးမမြင်ဖူးတာကြာလို့ဆိုပြီး တို့ဟူးဖတ်ကိုရွေးစားကြတဲ့ အမတွေလည်းရှိသေး။
ငါးပိချက်နဲ့အတို့လည်း တော်တော်စားကြတယ်။ အဲဒါတော့ နောက်နေ့မှ တင်တာပေါ့နော်။




အစုံသုပ်တို့ လက်ဖက်သုပ်တို့ဆိုတာ လူများများနဲ့စားမှ ပိုပျော်စရာကောင်းတာ။ ရှုးရှဲလေးဖြစ်ပြီး စားလို့အရသာပိုရှိသလိုမို့ အခုလည်း တူတူစားကြမယ်လေ။

မဇနိ

Read more...

ပန်ထွေဖျော်

>> Saturday, November 29, 2008


တနေ့က မနက်စာကို ဒီလိုလေး လုပ်စားကြည့်တယ်။ ထမင်းပူပူလေးနဲ့ ပန်ထွေဖျော်လိုက်ဖက်တယ်ဆိုပြီး စိတ်ကူးပေါက်လို့ အလွယ်လေး လုပ်စားတာပါ။



ခရမ်းချဉ်သီးကိုပြုတ် အခွံနွှာထားတယ်။ ပုဇွန်ခြောက်၊ ကြက်သွန်ဖြူ၊ မြေပဲဆံကိုထောင်းထည့်၊ ကြက်သွန်နီ၊ ငရုပ်သီးလှော်၊ နံနံပင်နဲ့ ဆီအနည်းငယ်ပါထည့်ပြီး ဇွန်းနဲ့ခေါက်လိုက်တဲ့ ပန်ထွေဖျော်ပါ။ ထမင်းပူပူလေးနဲ့တွဲစားရင် မနက်စာက စားလို့အဆင်ပြေသွားနိုင်ပါတယ်။ အိမ်မှာဆိုရင်တော့ ခရမ်းချဉ်သီးကို မီးဖုတ်တယ်။ အဲလိုကတော့ ပိုမွှေးတာပေါ့။ အဆောင်ရောက်ကတည်းက ခရမ်းချဉ်သီးကို ပြုတ်ပြီးတော့ပဲ ပန်ထွေဖျော်လုပ်တော့တယ်။ အဲဒီနေ့ဆို သူငယ်ချင်းတွေ ထမင်းစားလို့မြိန်တယ်လို့ ပြောကြတယ်။




တရက်ကတော့ ထမင်းကို ဒီလိုလေးချက်ပြီး ငါးခြောက်သေးသေးလေးကြော်နဲ့ စားဖြစ်တယ်။ ပန်ထွေဖျော်လေးပါ အဲဒီနေ့က အတူတူလုပ်စားရမှာ။ ဒီလိုထမင်းနဲ့လည်း ပန်ထွေဖျော်က စားကောင်းမယ်ထင်တယ်။ မနက်အစောစာလည်းဖြစ် ထမင်းက အရသာရှိပြီးသားဆိုတော့ အသားဟင်းမလိုဘူးထင်လို့ပါ။

မဇနိ

Read more...

Nabe

>> Tuesday, November 25, 2008


မနေ့က မြန်မာမိသားစုအိမ်မှာ နဘဲနဲ့ အကြော်မျိုးစုံ၊ ခေါက်ဆွဲကြော်နဲ့အတူ ဘီယာသောက်ကြတယ်။ မဇနိကတော့ နဘဲကြိုက်လို့ ဗိုက်တင်းအောင်စားခဲ့တယ်။ မဇနိကြိုက်တဲ့အစားက ရှားပါးတော့ နဘဲတွေတအားစားတဲ့ မဇနိကို သူတို့အံ့သြနေတယ်။ အစားဂျီးများတာ သူတို့တွေသိနေတာကိုး။ ဒါနဲ့ အပြန်မလေးခေါက်ဆွဲကြော်ထည့်ပေးလိုက်တဲ့အပြင် ဒီနေ့စားဖို့ နဘဲတခါချက် အစုံအလင်ထည့်ပေးလိုက်သေးတယ်။
မိဆိုးဟင်းအနှစ်၊ ကြက်သားမှုန့်၊ ကင်မ်ချီအနှစ်၊ အသီးအရွက်အစုံ ထုတ်ပိုးသယ်လာလို့ ခုပဲ ချက်လိုက်တယ်။
နဘဲက ပါတီတွေမှာလဲ ဂတ်စ်မီးဖိုတည်ပြီး အိုးကြီးထဲကနေ ပန်းကန်အသေးလေးတွေနဲ့ တပျော်တပါးစားကြရတယ်။
ဂျပန်ရိုးရာအရတော့ ချစ်ခင်မှုနဲ့ အိုးတလုံးထဲကနေ အတူတကွ ခပ်စားကြတယ်လို့လည်း ပြောပါတယ်။
အဓိက မိဆိုးဟင်းနှစ်ပါပဲ။
မဇနိက အသားမကြိုက်လို့ လုံးဝမထည့်ပါဘူး။
ငါးသေးသေးလေးတွေနဲ့ ငုံးဥပဲ ထည့်ပါတယ်။
ရာသီဥတုအေးရင် မီးဖိုပေါ်က ပူပူလေးခပ်စားရတာ မဇနိကတော့ ကြိုက်လှပါတယ်။
ဒီနေ့လည်း တကယ်က ပါတီပြန်လာလာချင်း ချက်လိုက်တာပါ။
ပါတီမှာ ဆုရှီအ၀စားပါတီဖြစ်ပေမယ့် ဘယ်လိုမှမကြိုက်တော့ သိပ်မစားခဲ့ပါဘူး။
ပိုက်ဆံကတော့ ယမ်း ၅၀၀၀ ပေးခဲ့ရပါတယ်။
ကိုယ်ကြိုက်တာ မစားရရင် ဗိုက်မပြည့်တဲ့အကျင့်အတိုင်း နဘဲချက်လိုက်တယ်။
မနက်ကချက်တဲ့ ဒန်ပေါက်လိုလို ပဲထမင်းလိုလိုကို နွှေးစားလိုက်ပါတယ်။
ထမင်းကြော်နဲ့လည်း တွဲစားလို့ကောင်းမယ်။
ထမင်းကို ကြက်သား၊ အသီးတချို့နဲ့ မနက်က ချက်ခဲ့တာပါ။
သူနဲ့ ဝေးကွာနေလို့ အားငယ်နေတဲ့ မဇနိကို ချစ်ခင်စွာလာရောက် အားပေးစကားပြောပေးကြတဲ့ အကို၊ အမ၊ မောင်လေး၊ ညီမလေး၊ မိတ်ဆွေ သူငယ်ချင်းများအားလုံးကို မဇနိကလည်း ချစ်ခင်စွာချက်ကျွေးလိုက်ပါတယ်။
ပျော်ရွှင်ကြပါစေ။









မဇနိ

Read more...

ရှောက်သီးသုပ်နဲ့ကြာဇံဟင်း

>> Sunday, November 16, 2008


မိုးတွေရွာနေတယ်။ ရာသီဥတုအေးလှတယ်။ မြန်မာအမတွေက အိမ်အသစ်ပြောင်းလို့ အိမ်သစ်တက်ပွဲလုပ်တယ်ဆိုပါတော့။ ဒါနဲ့ သူတို့လုပ်ကျွေးတဲ့ ရှောက်သီးသုပ်နဲ့ ကြာဇံဟင်းကို သွားစားတယ်။ နေ့လည်စာရော ညစာပါ စားလာခဲ့တာ။ ကြာဇံက နှစ်အိုးတောင်ချက်ထားတာဆိုတော့ အ၀စားခဲ့တယ်။ ပြန်ခါနီးလည်း ထပ်တီးလိုက်သေးတာ။ ကိုယ်က အငယ်ဆိုတော့ ဘာမှကူမလုပ်ရဘူး။ အစားပဲ စားရုံဆိုတော့ အရမ်းပျော်ပေါ့။ ရှောက်သီးသုပ်ကစပ် ကြာဇံဟင်းကပူ စပ်ပူ ပူစပ် ကောင်း၏။







မဇနိ

Read more...

ခေါက်ဆွဲပြုတ်

>> Friday, November 14, 2008


ခုရက်ပိုင်း အလုပ်တွေရှုပ် စိတ်တွေညစ် ညတွေ မအိပ်ရ၊ အိပ်မပျော်ဘူးပေါ့။ ဟင်းလည်းချက်မစားနိုင်။ ဒါနဲ့ပဲ ခေါက်ဆွဲနဲ့ အသီးအရွက်လေးတွေ ဖြစ်သလိုစားနေတာပါ။ ဒီနေ့တော့ ဟင်းချက်စားမယ်။ မစားရသေးဘူးပေါ့လေ။ ရာသီဥတုအေးနေတော့လည်း ခေါက်ဆွဲပူပူလေးက စားလို့ကောင်းပါတယ်။ ပဲငံပြာရည်နဲ့ ကိုယ်ဟာကိုယ်လုပ်တဲ့ ramen ခေါက်ဆွဲပေါ့။ နောက်တမျိုးကတော့ ခေါက်ဆွဲချက်လို့ ခေါ်ရမလား။ အသားနဲ့ အသီးအရွက်တွေနဲ့ ချက်စားလိုက်တာပါ။


ဒါက ဆိုင်မှာ စားဖြစ်တဲ့ ခေါက်ဆွဲ..


ဒါတွေကတော့ အိမ်မှာ လုပ်စားဖြစ်တဲ့ ခေါက်ဆွဲပြုတ်..



စားစရာလာမေးတဲ့ မေမိုးနဲ့တကွ အလည်လာသူတွေ အားလုံးပဲ ဓာတ်ပုံတွေကြည့်ပြီး အဝစားသွားကြပါ...
မဇနိ

Read more...

ပန်းဂေါ်ဖီ

>> Monday, November 10, 2008






ဒီနေ့ညနေ ကျောင်းပြန်လာတော့ ဗိုက်ဆာနေပြီ။ ထမင်းက မချက်ခဲ့မိ။ ဆန်ဆေးထမင်းလေးချက်ထားနှင့်ပြီး မြန်မြန်ကျက်မည့်ဟင်းကို စဉ်းစားလိုက်ရတယ်။ ပန်းဂေါ်ဖီရှိနေတာနဲ့ သူ့ကိုကြော်စားမယ်ပေါ့။ ကြက်ဥနဲ့ပန်းပွင့်ကြော်တာမျိုး မကြိုက်ဘူးဆိုတော့ ခရမ်းချဉ်သီးလေးနဲ့ ကြော်ချက်လေးလုပ်လိုက်တာပါ။ ပဲသီး၊ ငရုပ်သီး၊ ပန်းပွင့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူကို သင်ထား ရေဆေးထားပြီး ဆီမှာထည့်ကြော်တာပါပဲ။ အသားမထည့်တော့ ပုဇွန်ထည့်တယ်။ ရေစပ်စပ်လေးထည့်ပြီး ခဏပဲထားတာပါ။ ပန်းပွင့်ဆတ်တောက်တောက်လေးမှ အရသာရှိတာမို့ မြန်မြန်ချ၊ ပူပူလေးနဲ့ ထမင်းစားလိုက်တော့လည်း မဆိုးပါဘူး။
မဇနိ

Read more...

အသုပ်စုံ

>> Saturday, November 8, 2008


ဒီနေ့ပျင်းပျင်းရှိတာနဲ့ အခန်းထဲမှာ အသုပ်စုံရောင်းတမ်းကစားလိုက်တယ်။ လုပ်ရတာလည်း မြန်ပါတယ်။ ခေါက်ဆွဲ၊ မုန့်ဟင်းခါးဖတ်၊ ကြာဇံ၊ အာလူး ပြုတ်ပြီး ကြက်သွန်ဖြူဆီချက်၊ ငရုပ်သီးဆီချက်၊ ဂေါ်ဖီ၊ ကြက်သွန်ဖြူ၊ နံနံပင်၊ မန်ကျည်းမှည့်နဲ့ ချဉ်ငံစပ်သုပ်စားတာပါ။ ပထမတပွဲက ငရုပ်သီးမပါဆီဖြူနဲ့သုပ်တယ်။ ဗိုက်ဆာနေတော့ နောက်တပွဲလည်း ကုန်တာပဲ။ နောက်တပွဲကတော့ ကြက်သားလည်း ထည့်လိုက်သေးတယ်။ ငရုပ်သီးပိုစပ်တယ်။ ဟင်းချိုအတွက် ဂျင်း၊ ကြက်သွန်ဖြူ၊ ဂေါ်ဖီ၊ နံနံပင်နဲ့အတူ ပုဇွန်လေးငါးကောင်လောက် ပစ်ထည့်လိုက်တယ်။ ဒါနဲ့ ပဲမှုန့်ကို တို့ဟူးမဖြစ်ခင် ခပ်ပျော့ပျော့ဖြစ်အောင် လုပ်ထားတာလည်း ထည့်သုပ်ပါတယ်။










မဇနိ

Read more...

ယနေ့စားစရာ

>> Sunday, November 2, 2008


ဒီနေ့ ဘလော့ကြွလာ မိတ်သဟာ အပေါင်းကို မဇနိရဲ့ ထမင်းဟင်းတွေနဲ့ ဧည့်ခံပါတော့မယ်ဗျ။
ကျနော်ကတော့ ဒီဘလော့ဂ်ထမင်းဆိုင်က စားပွဲထိုး ကိုဇနိပါ။
ဒီဆိုင်မှာက မှာချင်ရာ မှာစားလို့ မရပါဘူး။
မဇနိရဲ့ ရင်တွင်းက ချင်ခြင်းဖြစ်လို့ စားချင်မှ ချက်တဲ့ ရင်းတွင်းဖြစ်ဟင်းတွေပဲ စားလို့ရတာပါ။
ကဲ စလိုက်ကြအောင်...
ဒီနေ့တင်မှာ ဘာဟင်းတွေပါလိမ့်...



ဒီနေ့ထမင်းဝိုင်းမှာကတော့
၁ ။ ထမင်းဖြူ
၂။ ခရမ်းကြွတ်သီး နဲ့ နံနံပင်
၃။ ဝက်သား၊ ဇီးဖြူသီးခြောက်၊ပုန်းရည်
၎။ ခရမ်းချဉ်သီးငပိချက်




ဒီလို ဟင်းလျာတွေက ကျနော် ရန်ကုန်ကို ပြန်တုန်းက မဇနိက နေ့တိုင်းလို ချက်ကျွေးခဲ့တာပါ။
အခုတော့လည်း သူသည်လည်း တစ်ယောက်တည်းစားလို့ ကျနော်သည်လည်း တစ်ယောက်တည်း ငေးလို့...
သနားစရာကောင်းလိုက်တာ...
ဒီမောင်နှံကို ခွဲထားတဲ့ ကံကြမ္မာရယ် ရက်စက်ပါပေ့...
(ကြုံတုန်းအလွမ်းသယ်နေတာ)


ကဲ ကဲ ကျနော်လေရှည်နေတာနဲ့ စာဖတ်သူတွေလည်း စားချင်တာ မစားရ ဖြစ်နေဦးမယ်...
ဓာတ်ပုံကိုသာ ကြည့်ပြီး တဝကြီးစားကြပေတော့ဗျာ..

ကိုဇနိ

Read more...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP