Showing posts with label ကိုယ်တိုင်ရေးကဗျာများ. Show all posts
Showing posts with label ကိုယ်တိုင်ရေးကဗျာများ. Show all posts

လွတ်ခွင့်ရည်သန်

>> Sunday, June 14, 2009

သံသရာနှောင်အတွင်းမှာလ၊
ဝပ်စင်းလို့လွမ်းစိတ်ကြွယ်၊
အားငယ်သမို့တရားတွယ်ကာ၊
ရုန်းဖယ်မယ်စိတ်ကူး။
သနစ်ထူးဖြစ်ထွေထွေကို၊
ဝဋ်တွေသာဖြေဖို့ရည်စူး။
နတ်လူသခင့်တရားရှင်တွင်၊
နေ့စဉ်ပင်မျှော်ဖူး၊
ဆွမ်းဦးနှင့်ရေချမ်းတင်၊
အေးစွဘ၀င်။
ဒုက္ခဘုံလောကီအကွေ့မှာတော့၊
ယောဂီဓလေ့ခုံမင်မည်၊
ကုသိုလ်တွေဖွေရှာပြုနေလျက်၊
ဘယ်ကံကွက်ကြေကွဲစေသည်၊
ဖြေမဆည်သေစေညွှန်းသည်သို့၊
ဘ၀င်ကျွမ်းနာကြွေ။
ပန်းဖွက်သူ့ဝင်္ကဘာဗွေနယ်၊
ရှောင်သွေဖယ်နေအုံးမည်ကွဲ့လေး။

ခိုင်ခင်အင်ကြင်း

Read more...

ဒီရေလှိုင်းပဲ့တင်သံ

မဟာ...
အော်...သမုဒ္ဒရာတို့၊
ခြားအောင်။
ဝေးကွာသွားတဲ့၊
ဘ၀။
ယိုးမယ်ဖွဲ့သမျှ၊
ကြမ္မာကို။
မျက်ရည်ခံထိုးရင်း၊
ချောက်ချား။
ဘ၀င်ကြွေအသဲ၊
နဲ့သာ။
ရင်စည်းရင်းဘဲခံ၊
လွမ်းတယ်။
ချစ်သူမောင်တပါး၊
နားထောင်။
လှိုင်းဂယက်တွေတောင်၊
ရှိုက်နေ။

ခိုင်ခင်အင်ကြင်း

Read more...

အချော့မတော်

>> Thursday, January 8, 2009



အားလုံးပဲ အဖွဲ့တော်သားတွေရော စာဖတ်သူတွေပါတောင်းပန်ပါတယ်။ ချစ်သူက အရမ်းစိတ်ဆိုးတယ် ခုချက်ချင်း ကဗျာတစ်ပုဒ်တင်ဆိုလို့ ကြိုးစားပြီး အမြန်ရေးလိုက်ရတာပါ။ အချော့ကလည်း မတော်တော့ အချော့မတော်လို့ နာမည်ပေးထားပါတယ်။

ချစ်သူလည်း စိတ်ပြေသွားပါတယ်။ နောက်ဆုံးတစ်ကြောင်းက တကယ်မပါဘူးနော်။ ရီစရာထည့်ထားတာပါ။ (ဖိုးသောက်)



အချော့မတော်

ချစ်ချစ်သောက်သောက် စိတ်တွေကောက်
အဝေးနေမောင်က သဘောမပေါက်
သဘောပေါက်ပြီးနောက် ချော့ဖို့ရောက်
အချိန်မမီတဲ့ ချော့ခြင်းနောက်
ချစ်နုတ်သီးလေး ကောက်..ကောက်… ကောက်..။

အွန်လိုင်းကပြော မောင့်သဘော
အလိုက်မသိမိတာ ခွင့်လွှတ်နော
ချစ်သူစိတ်သဘော ပြေဖို့စော
ချော့လိုက်ရတာ အမောတကော
မောင့်ရင်ခွင်မှာ မော..မော..မော..။

ယနေ့ယခု ကတိပြု
အတူနေတဲ့အခါ အလိုက်သိမှု
မောင်ကပြုစု ချစ်စိတ်မခု
သက်ဆုံးနေဖို့ အဓိဋ္ဌာန်ပြု။
(မောင့်ချော့သံက ညု..တု..တု..။)

Read more...

“ဒီဇင်ဘာ နေပါဦး... ”

>> Friday, December 26, 2008

သံသရာဟာစက်ဝိုင်းဆိုရင်
ပထမဆုံးနဲ့အနီးဆုံး ဟာ
နောက်ဆုံးပဲဖြစ်ရမယ်
အဲဒီလိုအယူအဆနဲ့
ဒီဇင်ဘာကတော့..
လှပနေမြဲပါ။
မဖြစ်တာတွေ
ပျက်တာတွေ
ရှုံးတာတွေ…..
ဆုံးတာတွေ…
တစ်နှစ်တာအတွက်
ဘယ်လိုပဲအပစ်ကျ
ဒီဇင်ဘာက
ခဝါချမြဲ..။
မသွားနဲ့ဆိုလည်း
ထားခဲ့မှာ…
ကျန်ရစ်ခဲ့သူတွေကို
ရဲရဲကြီးချန်ပစ်
မာန်အသစ်နဲ့….
တဝင့်ဝင့် ဒီဇင်ဘာရယ်။

Read more...

ကပါရစေ…

>> Wednesday, December 10, 2008


ဒီအရပ်နဲ့ ဒီဇာတ်မှာ
မင်းသားလုပ်ပါရစေ…

မဆိုတတ် မကတတ် အရပ်ပျက်
ဇာတ်သံထွက်တယ်ဆိုလို့
အသံပြဲနဲ့အော် တတ်တာတခုရယ်…

ဟန်ကိုယ့်ဖို့ ရင်ကိုကော့လို့
လက်ကလေး ရမ်းကာ ရမ်းကာ
ဟန်ပါပါနေတတ်တာရယ်…

ဇာတ်ထောက် အကူသမား
ရှားနေသလား…
လာထား ညီလေး
လက်တို့လှမ်းခေါ်
အဲဒီအရပ်မှာ အရမ်းပေါတယ်
မင်းတလှည့် ငါတလှည့်..
ဝေလေလေ… ဝေလေလေ…
ဝေလေလေ… ဝေလေလေ…
ဝေလေလေ… ဝေလေလေ…

ဒီဇာတ် မပျက်
ခံနိုင်ရိုးလား ပရိတ်သတ်ရယ်..
အဆို မရ
အငို မပိုင်
ဘယ်သူတွေ ကြာကြာထိုင်ကြည့်နိုင်မှာလဲ။

ဒါပေမယ့်လေ ကပါရစေ
ဝေလေလေ… ဝေလေလေ…
ဝေလေလေ… ဝေလေလေ…
ဝေလေလေ… ဝေလေလေ…


Read more...

ပဲ့ပဲ့

>> Friday, November 21, 2008


ညီလေး ပဲ့ပဲ့
အကိုကြီး ပဲ့ပဲ့
ဆရာကြီး ပဲ့ပဲ့
တပည့်ကြီး ပဲ့ပဲ့
အပဲ့ သံသရာ
အပဲ့ ဒီကမ္ဘာမှာ
အပဲ့များစွာ နေကြလေသတည်း။

ငါပဲ့နေလည်း
သူသိသားပဲ
သူပဲ့နေလည်း
ငါသိသားပဲ
သို့သော်ပေငြား
ငါပဲ့တာကို
သူမသိသလို
သူပဲ့တာကို
ငါမသိသလို
ဟန်ဆောင် ပဲ့ကြပါလေသည်။

ဤသို့ဖြင့်…
ပဲ့ခြင်းကမ္ဘာ
ပဲ့ဒေသမှာ
ပဲ့ခြင်းတေးသံ
ပဲ့ညံနေလျက်
ပဲ့ခြင်း ရွဲ့ခြင်း
ထုံထုံသင်း၍
နှစ်ပေါင်းများစွာ
အပဲ့သံသရာ
ပဲ့ကာ ပဲ့ကာ လည်တော့သည်။

Read more...

အဆုံးများစွာ ရဲ့ ရင်ခွင်

>> Thursday, November 20, 2008

ဒီရင်ခွင်ဟာ..
ကိုယ့်ဘဝရဲ့
ပထမဦးဆုံး ရင်ခွင်ဖြစ်သလို
ဘဝအဆုံးထိ
နောက်ဆုံးခိုလှုံသွားမဲ့
အတွယ်တာဆုံးရင်ခွင်..ဖြစ်တယ်။
ဒီရင်ခွင်မှာ
အမြတ်နိုးဆုံးတွေကို
အနွေးထွေးဆုံး မြှူပ်နှံ
ရင်ခုံသံတွေ အဆုံးမှာ
အမုန်းတွေလည်း
ပြိုလဲကျဆုံးသွားခဲ့။
ဒီရင်ခွင်မှာ
အဆိုးရွားဆုံး ..ဆိုတာတွေ
ကြုံတွေ့လာခဲ့ရင်
အရှုံးကျိန်စာသင့်သူလို့သာ
ကိုယ့်ကိုကိုယ်ယူဆ
မည်သူ့ကိုမှ
တုံ့မယူလို ပါ။
……
ဒီရင်ခွင်ကနေပဲ
မဂ်လမ်းဆုံးဆီကိုသွားဖို့
အဆုံးမရှိတဲ့
သံသရာမှာ
ခဏသာကျင်လည်မယ်လေ။

Read more...

နှုတ်ဆက်ချိန်

>> Friday, October 17, 2008

ဝါကျင့်ကျင့်အရွက်လေးတွေ
ညှာတံထက်ဆီတွဲခိုရင်း
သံယောဇဉ်မပြတ်နိုင်သေး
မြဲနိုင်သလောက်မြဲထားတယ်။

လေပြေတစ်ချက်အဝေ့မှာ
ညှာတံရွက်ကျောမျှင်လေးတွေပြတ်တောက်
သွေးတစ်ပေါက်ပေါက်ကျနိုင်မှန်းသိရက်
မခွဲနိုင်သေးတဲ့ဒီအနှောင်တွေက
ရွက်ဝါတွေမြေမှာခဖို့ကို
စိုးရွံ့နေမိကြတယ်လေ။

ဟူး……..
ရက်စက်လိုက်တာ လေပြေကြမ်းရယ်
ဆောင်းကုန်ကစခဲ့တဲ့
ရော်ရွက်ဝါနဲ့ ညှာတံလေးတို့ရဲ့ချစ်ခြင်း
မင်းမသိလေရော့သလား….
တကယ်ပဲ မင်းမသိလေရော့သလားကွာ။

ဖလပ်…ဖလပ်…
ကြွေသွားပြီ…
တကယ်ကြွေလွင့်သွားပြီ
ကြည့်စမ်းပါဦး၊ ကြည့်ကြစမ်းပါဦးဗျာ
မြေပြင်ထက်မှာ
ပက်လက်တစ်မျိုး၊ မှောက်ခုံတစ်ဖုံနဲ့
မြေခကြွေကျရတဲ့ ရွက်ဝါလေးတို့ရဲ့ဘဝ
ဆိုးရွားလှပါလားနော်။

အဝါရောင်အမှိုက်သိမ်းကားကြီးရဲ့
ကြမ်းရှရှလက်တံကြီးတွေက
ဝိညာဉ်မဲ့ ရော်ရွက်ဝါတွေကို
သိမ်းဆည်းသဂြိုင်္လ်လိုက်ကြပြီ။

နောက်ဘဝ…
ဟုတ်တယ် မြေဆီလွှာအဖြစ်နဲ့နောက်ဘဝမှာတော့
ရိုးတံလေးအသက်ဆက်ဖို့
ငါတို့သွေးသားတွေနဲ့ထပ်လောင်းပေါင်းသင်နေဦးမှာပါ။

Read more...

အော်ခေါ်တော့ သူရှိမနေဘူး

>> Friday, August 29, 2008



အော်ခေါ်တော့ သူရှိမနေဘူး

လွမ်းတမ်းတမ်းရှိတာနဲ့ အတိတ်ခလုတ်ကို အသာနှိပ်
အိပ်ယာပေါ်မှာ တိတ်တိတ်လေးလုပ်နေ
အတူသွား၊ အတူလာ
ငွေရောင်ပိတ်ကားပေါ်က အပြုံးပန်းနှစ်ပွင့်
အားပါး…"ဖတ်"
ခြင်ကိုက်လို့ရိုက်လိုက်တာ
ဇာတ်လမ်းကောင်းရင် သူလာလာနှောက်ယှက်တတ်တယ်။
ဘယ်သူ့မှကိုကြိုပြောမထားဘူး
ကိုယ်ဟာကို ရင်ဘတ်ကြီးကို မွမ်းမံ
တကယ်တမ်းတော့ ကြည့်လို့မလှဘူးရယ်၊
ဒါပေမယ့် မျက်စိမှိတ်လို့ စိတ်ကူးယဉ်လိုက်တာနဲ့
ရိုမီယို ဂျူးလိယက် သူတို့ထက်သာတယ်
ခွင့်ပြုပေးပါ၊
ဒီတခါတင်မဟုတ်ဘူးနော်
လိုသလိုထပ်မက်မှာ ဒီအလွမ်းဇာတ်က
ယောင်ယောင်ဖက်၊ အော်အော်ခေါ်
အရူးတစ်ယောက်လိုပါပဲနော်
ဒါပေမယ့်လေ ငါ့ဘေးမှာ သူရှိမနေ
သူနေတာက ငါ့အသည်းထဲ
ကဲ အော်ခေါ်တော့လည်း သူရှိမနေဘူးရယ်လို့ ပြောဦးမလား။


Read more...

မြင်ကွင်း

>> Wednesday, August 13, 2008

မြင်ကွင်း

အစအခြေ
မမျှနေတဲ့
ဘဝတွေထဲမှာ
လဲသူက လဲ
စွဲသူက စွဲ
သဲသူက သဲ လို့
ရဲသူကလဲ.. ရဲနေကြပြန်တယ် ။

ပန်းချီဆေးစက်တွေမှာ
အဘက်ညီအောင်
အဝါရင့်ထက်
အနီဆေးစက်တွေပက်တင်
ရက်စက်တယ်ထင်ရင်လဲ မမှု့။

ခဏလေးများစွာအတွက်
သူ့မူနဲ့သူ
စတေးလိုက်ကြသူတွေမှာ
တစ်ချို့က
ဂုဏ်သိက္ခာအတွက်
တစ်ချို့က
သစ္စာတရားအတွက်
တစ်ချို့က
အမျိုးအနွယ်အတွက်
မြင့်မြတ်မူ့သက်သက်နဲ့
ဘဝတွေကို သဂြိုလ်ပစ်ခဲ့ကြပြီး…..
တစ်ချို့ကျပြန်တော့
ငြူစူအတိ
အယူသာရှိပြီး
ကိုယ့်အတွက်ကိုယ်ကြည့်ရင်း
စာနာတတ်တဲ့ ကိုယ်ကျင့်တရားမြတ်ကို
နင်းသတ်ပစ်လိုက်ဖို့ပဲ……
ကြံစည်နေတတ်ကြတယ်။

Read more...

ဒိုင်ယာရီ၏အရောင်ပြယ်ဖြည့်စွက်ခွင့်

>> Thursday, July 24, 2008


သူငယ်ချင်း ကိုလူအေးက တဆင့်ပေးပို့လာတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာလေးကို ဖော်ပြလိုက်ပါတယ်။

ဒိုင်ယာရီ၏အရောင်ပြယ်ဖြည့်စွက်ခွင့်

ခံစားပေးခဲ့မိတာ ရင်နဲ့ မဆံ့အောင်ပဲ
ဆန္ဒတွေကိုထပ်တူချ..
ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်းတစ်စလို
အရိပ်တစ်ခုထက်ပိုအောင်ထည့်သွင်း
နောင်တစ်ချိန်အတွက် အစားထိုးဝင်လာမယ့်
အလွမ်းသီချင်းကို မေ့ပျောက်ခြင်းတွေနဲ့နင်းဖျောက်ချင်ခဲ့တာ
ကိုယ်နဲ့ပတ်သက်တဲ့အလွမ်း
မင်းအတွက်အလှမ်းဝေးလွန်းမှန်းသိပေမယ့်
နားလည်ရခြင်းဆိုတဲ့စည်းဘောင်ထဲမှာ
ကိုယ်ကိုယ်တိုင်က နှစ်ခြိုက်စွာနေရာယူထားခဲ့
မဖြည့်စွက်နိုင်တော့မယ့်ကွက်လပ်တွေအတွက်
မတောင်းပဲပေးထားခဲ့တဲ့စိတ္တှဇနာမ်တွေအတွက်
ကြေကွဲခြင်းသက်သက်ကျန်နေရစ်ပါစေ
သတင်းစကားတွေနားစွင့်ရင်း
အဝေးကချစ်ခြင်း
မျှော်လင့်ခြင်းမဲ့ကျေနပ်ချင်ခဲ့သူ


ကောက်ရိုးနွယ်


Read more...

အချစ်ဆုံးသို့...

>> Thursday, July 3, 2008

Read more...

သူဆိုသောမိန်းကလေး

>> Saturday, June 28, 2008

တိုးတိုးလေး…
ဒါပေမယ့် ဟိုး..အနက်ရှိုင်းဆုံးထိ
အဲဒါသူ့အသံလေးပေါ့။
ဖွဖွလေး…
ဒါပေမယ့် အထိရောက်ဆုံးကျူးကျော်မှု
အဲဒါသူ့အနမ်းလေးပေါ့။
အညင်သာဆုံး…
ဒါပေမယ့် အားလုံးကိုသိမ်းကျုံးယူငင်သွားတယ်
အဲဒါသူ့အထိအတွေ့လေးပေါ့။
အနူးညံ့ဆုံး…
ဒါပေမယ့်အရာအားလုံးထက်သာတယ်
အဲဒါသူ့စကားလုံးတွေပေါ့။
အမြတ်နိုးဆုံး
အားလုံးနဲ့မလဲနိုင်တယ်
အဲဒါ ကျွန်တော့်ရဲ့ “သူ”ဆိုသောမိန်းကလေး။ ။

Read more...

နတ်သမီးသို့တမ်းချင်း (သို့) မိုးရာသီအလွမ်း

>> Saturday, June 7, 2008

ကြယ်စင်ကိုစီးပြီး
နှုတ်မဆက်ပဲ
ကျွန်တော့ဘ၀ထဲက
အပြီးထွက်သွားတဲ့ နတ်သမီး…

မိုးရာသီနဲ့ ရင်းနှီးသလောက်
မိုချုန်းတာကို ကြောက်တတ်တဲ့
ကျွန်တော့်ဘ၀ရဲ့ နတ်သမီး…
တကယ်ကို မနီးတော့ဘူးပေါ့နော်။

မိုးချုန်းသံတွေကြားတိုင်း
ကျွန်တော် ပြုံး-ပြုံးနေပေမယ့်
စိတ်ကူးထဲမှာတော့
စံပါယ်တွေ တ၀ုန်းဝုန်းကြွေ…
ရင်ဘက်ထဲမှာလည်း နုံးလို့နေပါတယ်။

ဒီလောက်မှောင်တာ
ဘယ်အခါမှာမှ မရှိခဲ့ဘူးလို့
လျှပ်စီးတွေက သက်သေထူတယ်။


ဒီမယ် “ကံဇာတ်ဆရာ”
အဲဒီဇာတ်ထုတ်ကို ကျုပ်မကချင်ဘူး…။
ကျွန်တော့်ရင်ထဲမှာ
နတ်သမီးကဘယ်တော့မှ မသေဘူး။

တစ်ခုမပေးရင် တစ်ခုမရတာ
လူ့ဘ၀တဲ့လား
ရတယ်လေ ဒီလိုဆိုလည်း…
ကျွန်တော်ရယူခဲ့ သမျှအောင်မြင်မှု့တွေပြန်ပေးပြီး
နတ်သမီးရဲ့အနားမှာ တစ်ဖ၀ါးမခွါပဲပြန်နေမယ်။


ကံဇာတ်ဆရာက
ဆေးလိမ်ရောင်းတဲ့ မှော်ဆရာလိုပါပဲ
မထုံတတေးနဲ့။

စိတ်ပေါက်ပေါက်နဲ့ “တောက်”ခေါက်
အသုံးမ၀င်တော့တဲ့ အိပ်မက်တွေပြန်ကောက်ထည့်
နောက်ပြန်လှည့်မရတဲ့ဘ၀မှာ
ရပ်နေလို့လည်းမရခဲ့ဘူး။

ခြေလှမ်းကျဲကျဲနဲ့
တွေ့သမျှကို ကျိမ်ဆဲ…
စိတ်ရိုင်းတွေကြီးစိုး
စီးချင်းထိုးဖို့ နတ်သိကြားတွေကိုတောင်
စိန်ခေါ်မိခဲ့တယ်။


ခရီးပန်းလို့မှေးစက်
အိပ်မက်မှာ
နတ်သမီးလက်နဲ့ ဖန်ဆင်းပေးတဲ့
သံစဉ်တေးတွေ
အခုတော့
ကျွန်တော့ရင်ခွင်လေးထဲမှာ
အမြဲရှင်သန်လို့ နေပါတယ်…၊

ကြွေကာဝဲတတ်တဲ့ အနိစံ္စတွေကိုလက်ခံ
လောကဓံလို့လည်း ဖြေပါတယ်
ကံဇာတ်ဆရာကိုလည်း ကျေပါတယ်……။

Read more...

အိုးဝေရဲ့ ဆုတောင်း(၂)

>> Saturday, May 10, 2008


မုန်တိုင်းစဲတော့ထကြည့်မိတယ်……။
ပတ်ပတ်လည်မှာ အလောင်းတွေတန်းစီ
ငါရောက်နေတာ ငရဲပြည်များလား
ဂယောင်ချောက်ချားနဲ့အော်ဟစ်
ကျန်ရစ်သူတွေရဲ့ငိုသံတွေ
နားထဲမှာလျှံ ဘယ်လိုမှမခံစားနိုင်ပါဘူး။

မြေပြင်မှာလည်းသွေးတွေရဲ
ကောင်းကင်မှာလည်းမိုးတွေမည်းလို့
တို့အသည်းတွေလည်း
ဗြန်းဗြန်းကွဲလို့ကျန်ရစ်တယ်။

ကလေးလေးက အမေကိုလှုပ်ခါနှိုး
ကံဆိုးလှချည်လားကွယ်
အသက်သေနေတဲ့သူ့အမေ “မအိပ်နဲ့တော့လေတဲ့”
ငါဘယ်လိုဝင်ဖြေရမလဲ။

“အဘရေ အဘရေ” အော်ကာခေါ်နေပေမယ့်
အဘရဲ့ ရုပ်အလောင်းကို ရေစီးကြောင်းကသယ်
မြစ်လယ်မှာ တစ်ချက်ရပ်ပြီး
ရက်စက်တဲ့ကမ္ဘာကြီးကို အပြီးတိုင်နှုတ်ဆက်သွားတယ်။

ထမင်းနပ်မမှန်တာကို
အဖန်ဖန်ပြောတဲ့အမေ့သား
ခုတော့ဘယ်ရောက်သွားလဲတဲ့…
သားပျောက်ရှာနေတဲ့အမေကို
ရေအောက်ကနေ “အမေရေ၊ အမေရေ”လို့ခေါ်နေတယ်။
……..
……..
……..
ငိုသံတွေရဲ့အလယ်မှာ…
တကယ်ကိုနားမလည်နိုင်ပါဘူး..
ဘယ်အပစ်တွေကြောင့်များ
ဒီအဖြစ်တွေကိုရှောင်မသွားနိုင်ရတာလဲ?
တကယ်စစ်တဲ့ တရားခံတွေကတော့
အခုထိအလံမလဲဘူး အသံမစဲဘူး။
ကံကြမ္မာနလန်မထူတဲ့ ပြည်သူတွေပဲ မုန်းတိုင်းကမဲတယ်။

သမ္မာဒေ၀နတ်တွေ
ဘယ်မှာရောက်နေပါသလဲ…?
တို့များ ဘုရားသာသနာ
မြန်မာပြည်က အပြီးခွါသွားခဲ့ပြီလား?
ဒီလိုဆိုလည်း ပြည်သူတွေကိုပါ
တပါတည်းခေါ်သွားတော်မူပါ
ဘိုးတော်သိကြားမင်းဘုရား။

အဲ့လိုမှမဟုတ်ရင်…….
သူတော်စင်နတ်မင်းတွေ
နတ်ပြည်ကနေဆင်းကာလာပါတော့
ပြည်သူတွေခေါင်းမော့လို့
ကမ္ဘာအလယ်မှာ မြန်မာရယ်ဆိုပြီး
ရွှေထီးနဲ့ တင့်တယ်ပါရစေတော့ဘုရား။

ကိုလူအေး

Read more...

မဇနိသို့မွေးနေ့ဆုတောင်း

>> Monday, May 5, 2008


စိတ်ထားဖြူစင် အိနြေ္ဒရှင် ရွှေရုပ်သွင်ရှိ
မဇနိ၏ မွေးနေ့မင်္ဂလာ
နောင်နှစ်တစ်ရာ ကျင်းပနိုင်စေ
ဆုမွန်ချွေပြီး အောင်စည်တီး၍ ဆုတောင်းမည်။

နာဇီ ဖက်ဆစ် ကွန်မြူနစ် နှင့် မေတ္တာရှင်တို့
ဆုံဆည်းရာမြေ ထိုအိုးဝေသည်
မွေးနေ့အရှင် သခင်မအား
လေးလေးစားစား ဂုဏ်ပြုသည်။

သခင်မမွေးနေ့ ပျော်မွေ့ပါစေ
အသက်ရှည်ကြောင်း ဆုမွန်တောင်းကာ
တစ်သက်တာတွက် ကြင်ယာဖက်ဖြစ်
အချစ်ကြီးသူ “ဇနိ”လူကို ဆက်နှင်းသည်။

နောက်မွေးနေ့တွင် တူတွဲယှဉ်ကာ
ပျော်ရွှင်စွာနှင့် ဖယောင်းတိုင်မှုတ်
လက်ခုပ်တွေတီး ကိတ်မုန့်လှီးပြီး
ချစ်သဲညွန့်အား ကိတ်မုန့်ခွံ့၍ကျွေးနိုင်စေ။

Read more...

အိုးဝေရဲ့ဆုတောင်း

နှာကစ်တဲ့နာဂစ်
ဘာဖြစ်လို့လာရစ်တာလဲ
ဆဲဆိုဖို့မရဲပေမယ့်
မွဲတေတဲ့လူတွေကိုပဲ
နင်ကအသဲတွေခွဲတယ်။

ဟယ်…ကမ်းကုန်တဲ့မုန်တိုင်း
လမ်းကြုံလို့ဝင်ရိုင်းတာလား
အနေအထားကဗြောင်းဆန်
ကောင်းရန်ကမရှိ လူတွေလည်းငိုမိကြပြီ။

ရာသီတွေအလီလီပြောင်း
ခေတ်စနစ်တွေထောင်းလို့ ညက်ညက်ကျေ
ဒီကြားထဲနင်က၀င်မွှေတော့
သေပါလေရောကွယ်။

အနယ်နယ်အရပ်ရပ်မှာ
ဈေးနှုန်းတွေခုန်တက်
အရှင်လတ်လတ်ငရဲပြည်ပို့တော့
ဘယ်လိုလုပ်အသက်ဆက်မလဲ။

ဖရိုဖရဲနဲ့ ငိုပွဲတွေလည်း မစဲဘူး
မပဋာ တို့မြေလူး
နင်ကရူးအောင်ရက်စက်
တကယ်ပဲလုပ်ရက်တယ်။

အဝေးကတို့တစ်တွေ
ချစ်တဲ့မြန်မာပြည်မှာ
ကပ်ဆိုးတွေ မဆိုက်ပါစေနဲ့ရယ်လို့
အမျှဝေရင်းဆုတောင်း
ဒီအကြောင်းတွေ.....
သိကြားမင်းကြီးသိပါစေတော့ကွယ်။
ဘုရားဆင်းပြီးကြည့်ပါစေတော့ကွယ်......။

Read more...

လူအေးနှင့် “မသမာသူတစ်စု၏လုပ်ကြံမှု”

>> Sunday, May 4, 2008

ကျွန်တော်လူအေး လူချောလေးကို
ယုတ်ယုတ်မာမာ ငနာများသမုတ်တာ
လူအေး ပူဆွေး အရူးလေးတဲ့။

လားလားမဟုတ် အစုတ်ပလုပ်တို့
လူအေးအကြောင်း သိကောင်းစရာ
မှတ်ပါအသေချာ ရွှေပေပါတွင်
ထင်ထင်ရှားရှား တွေ့လတ္တံ့။

မောင်ငယ်ရွှေသွေး ထိုလူအေးသည်
တည်ကြည်ခန့်ညား ရိုးသားစိတ်နေ
အိနြေ္ဒကြီး ဆွေကြီးမျိုးကြီးဖြစ်တော့သည်။

စိတ်ဝယ်ညစ်ငြီး ကိုလုံးကြီးက
အလစ်ကိုချောင်း ချက်ကောင်းကိုတွယ်
ပို့စ်အဟောင်းတွေကြည့် သိနိုင်သည်။

ထိုနှယ်တစ်မူ ကိုမောင်ဖြူက
ငစနူတွေး လေပြေအေးနှင့်
ဖေးမသယောင် ဗြောင်မပြောပဲ
ကွယ်ကွယ်ဝှက်ဝှက် နှပ်တတ်သည်။

ဟိုကောင်ငတိ မောင်ဇနိက
ယောင်တိယောင်ချာ Gtalk မှာလည်း
အသိခေါက်ခက် အ၀င်နက်ပြီး
ဘလိုင်းကြီးခေါ် အော်အော်ပြီးတော့ဖြဲတတ်သည်။

အခိုင်းထူတဲ့ စစ်ကိုင်းသူလည်း
ကြင်သူမရှိ ငြူဆူမိပြီး
အပျိုကြီးဒေါသ အပစ်ပုံချ
ဒေါသူပုန်ထပြီး မဲတတ်သည်။

အစ်မမေအောင် ခပ်ကြောင်ကြောင်က
မကြခဏ အချွန်နဲ့မပြီး
ရန်ကြီးဖြစ်အောင် ဖွတတ်သည်။

ဆရာပီဆာ ဖိုးသောကြာနှင့်
ငြိမ်ချမ်းအေးဆေး ကိုငြိမ်းအေးတို့
အမှန်ကိုမြင် လူအေးကိုခင်တော့
ရွှင်ရွှင်ပြပြ ရှိကြသည်။

Read more...

သုံးရာသီ

>> Sunday, April 20, 2008


ရင်ခွင်ဗလာဟင်းမှာ
လာပွင့်တဲ့ပန်းတစ်ပွင့်
အနမ်းခံမသင့်ပဲ
လေအဝှေ့မှာ
ရင်နင့်စွာကြွေကျခဲ့ဖူးတယ်။

ကြင်သူသက်ထား
ခွဲရက်ကြာရှည်
ဝေးကာနေတော့
နမ်းခဲ့သမျှ
လွမ်းဒဏ်သင့်ကာ
ဟိုးဝေးရာဆီ ပြေးထွက်သွားခဲ့ဖူးတယ်။

ရောက်ခဲ့ပြန်ပေါ့
နွေဦးပေါက်ရာသီလေး
ရွက်စိမ်းနုနုအချစ်ဖူးလေးတွေနဲ့အတူ
နောက်ဆုံး…..
ဆောင်းနှင်းရွက်ကြွေ
နှုတ်ဆက်နှင်းစက်တွေနဲ့
ထားခဲ့လေဦးမလား။ ။

မောင်ဖြူ

Read more...

စပျစ်ချဉ်ဖီလင်

>> Friday, April 18, 2008


အလိုလိုကျွတ်မဲ့အတောင်ပံနဲ့
ပျော်ရင်းနောက်ဆုံးပျံ
မာယာပိုးဖလံက
မီးကိုအပစ်ပုံချ
လှည့်စားတဲ့ ညပါ။
နှလုံးသားကို
အဆုံးထားကာ
ချစ်ပါရစေ
ဆို...........
သူတစ်ယောက်ဟာလည်း
အပြုံးများနဲ့တစ်ဖက်မှာ
တစ်မျက်နှာ.....။
ညမွှေးပန်းကနေ့မှာပွင့်
ရဲရင့်ခြင်းကိုဆောင်တာ
ဒီအနီရောင်တွေလား
.......သွားစမ်းပါ
ရင်ကွဲပက်လက်က
စက်စက်ကျတဲ့ သွေးတွေ.....။
မေအောင်

Read more...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP