Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Jokes From RD

>> Saturday, September 13, 2008





ဒီလို လိုချင်ရင် ဒါမျိုး လုပ်ရတယ်

ရေပိုက်ပြင်သမားက ဆရာဝန်တစ်ယောက်အိမ်မှာ ရေပိုက်ကိုပြင်ပြီးတော့ ဒေါ်လာ ၁၀၀၀ ကျသင့်ကြောင်း တောင်းလိုက်ပါတယ်။
- "ခင်ဗျားအလုပ်က ကောင်းလိုက်တာဗျာ၊ ကျနော့်ဘဝမှာ ဆေးကုတာ အဲသလောက် တခါမှ မတောင်းဖူးသေးဘူး"
ရေပိုက်ပြင်သမားက ဆရာဝန်အား ပြန်ပြောလိုက်လေသည်။
- "ကျနော်ဆရာဝန်လုပ်တုန်းကလည်း အဲသလောက်တခါမှာ မတောင်းဖူးဘူးဗျ။"


စာနာစမ်းပါ

တိရိစ္ဆာန်ဥယျာဉ်တွင် လှောင်ချိုင့်တစ်ခု လွတ်နေသည်ကို တွေ့သောအခါ အလည်လာသူတစ်ယောက်က မေးလေသည်။
- "ဒီလှောင်ချိုင့်ထဲက မျောက်တွေအားလုံး ဘယ်ရောက်ကုန်တာလဲဗျ။"
- "မိတ်လိုက်တဲ့ ရာသီဆိုတော့ သူတို့တွေက အတွင်းဖက်ထဲ ရောက်နေကြတယ်။" ဟု အစောင့်မှ ပြန်ပြောလေသည်။
- "မြေပဲဆံပစ်ကျွေးလိုက်ရင် သူတို့ထွက်လာလောက်သလားဗျ။"
- "ခင်ဗျားဆိုရင်ရော ထွက်လာမှာမိုလို့လားဗျာ။"

ဒါလေးလောက်တော့ သိတာပေါ့

ကျမစာတိုက်အတွင်းသို့ ဝင်လိုက်သောအခါ စာပို့သမားအမျိုးသမီးက ကျမနားတွင်ပန်ထားသော နားကပ်ကို မြင်သောအခါ ပြောလေသည်။
- "ဒီနားကပ်က စိန်တွေက အစစ်တွေပဲ။"
- "ဟုတ်တယ် အစစ်တွေပေါ့။ ရှင်ဘယ်လိုလုပ်ပြီး စိန်အစစ်မှန်း သိပါလိမ့်။"
- " အင်း သိတာပေါ့ ဘယ်သူကမှ စိန်အတုဆိုရင် ဒီလောက်သေးသေးလေးကို မဝယ်ဘူးလေ။"

အံ့သြသွားစေရမယ်

ကျမခင်ပွန်း နိုင်ငံခြားတွင် နေစဉ် လေးနှစ်အရွယ် သမီးလေးက မောင်ငယ်လေးတစ်ယောက် လိုချင်ကြောင်း ပြောလေသည်။
- "ဟုတ်တယ် သမီး၊ ဒါပေမယ့် ဖေဖေပြန်လာမှ သမီးကို မွေးပေးမယ်နော်"
သို့သော်လည်း သမီးလေးတွင် ပိုကောင်းသော အကြံဉာဏ်ရှိနေလေသည်။
- " ဖေဖေပြန်လာရင် တခါတည်း အံ့သြသွားအောင် အခု မွေးထားမယ်လေ။"

Read more...

one million kiss

>> Monday, August 25, 2008

တနေ့သ၌ ကျွန်ုပ်တို့၏ ပွဲတိုင်းကျော်ဇာတ်လိုက်ကြီး ကိုဇနိနှင့်မဇနိတို့ online ပေါ်တွင် microphone နှင့်စကားပြောနေကြရာ….
မနိ။ ။ ကိုနိ ရှင် ကျွန်မကိုတကယ်ချစ်ရဲ့လား၊ ဟလိုကြားရဲ့လား။
ကိုနိ။ ။ အမ်၊ နိနိကလဲ တကယ်ချစ်တာပေါ့ကွာ။
မနိ။ ။ ဟုတ်လို့လား၊ ဟွန်း။ ကဲ ဒါဆိုပြောပါဦး ဘယ်လောက်ချစ်လဲ ကွန်မကို။
ကိုနိ။ ။ မိုးလောက်ကြီးဂျစ်၊ မြေလောက်ကြီးဂျစ်၊ ဂေါ်ဇီလာလောက်ကြီးဂျစ်၊ များကြီးများကြီးဂျစ်။
မနိ။ ။ ဟလို၊ ကိုနိကြားလား။ တဂျစ်ဂျစ်နဲ့ဘယ်လိုဖြစ်။ လိုင်းမကောင်းလို့လား။
ကိုနိ။ ။ ဟုတ်ဘူး၊ ဟုတ်ဘူး။ ဂျစ်တယ်လို့ပြောတာ။
မနိ။ ။ အော်၊ ဒါဆိုလဲပြီးရော ဟွန့်။ အနမ်းလေးတွေရောပေးချင်ရဲ့လား ပြောပါဦး။
ကိုနိ။ ။ ပေးချင်တာပေါ့၊ အရမ်းပေးချင်တယ်။
မနိ။ ။ ဒါဆို ဘယ်လောက်များများကြီး ပေးချင်လဲဟင်…။
ကိုနိ။ ။ one million လောက်ကြီးပေးချင်တာပေါ့ နိနိရယ်။
မနိ။ ။ ဒါဆို ခု phone ထဲကနေ မနားတမ်း one million kiss ပေး။
ကိုနိ။ ။ အမ်၊ ဒါ…ဒါကတော့။
မနိ။ ။ မဒါကတော့နဲ့။ ဟွန်း… ဒါတောင် :* ကို one million ရေးခိုင်းမလို့။ ရှင် copy and paste လုပ်ပြီး လူလယ်ကျမှာကျွန်မသိလို့။
နောက်ဆုံးကြားသိရသောသတင်းအတင်းများအရ၊ ကိုဇနိ၏ one million kiss mission ကြီး၊ မပြီးဆုံးသေးပဲ၊ ကစ်မြဲကစ်လျက်ရှိပါကြောင်း…

Read more...

လေထီးသမားလေးယောက်

>> Tuesday, July 8, 2008



လေယာဉ်မောင်းသမားတစ်ယောက်နဲ့ ခရီးသည်လေးယောက် လေယာဉ်တစ်စီးနဲ့ ခရီးထွက်ခဲ့ကြတယ်။ ခရီးသည်လေးယောက်က ဘယ်သူတွေလဲဆိုတော့ အမေရိကန် သမ္မတ၊ ယူနီဗာစတီက ပါမောက္ခ၊ အဖိုးအိုတစ်ယောက်နှင့် ကျောင်းသားတစ်ယောက်။ လေယာဉ်ပျံသန်းချိန် မိနစ်နှစ်ဆယ်ခန့်မှာပဲ ရုတ်တရက် လေယာဉ်က စက်ချို့ယွင်းသွားပါတယ်။ အဲဒီအခါမှာတော့…
လေယာဉ်မှူး။ ။ ၀မ်းနည်းပါတယ်ဗျာ။ ကျွန်တော်တို့ ငါးယောက်အတွက် လေးထီးက လေးခုပဲရှိတယ်။ ပြောရင်းဆိုရင်းပဲ လေယာဉ်မှူးက လေးထီးတစ်ခုကိုယူပြီး အလျှင်အမြန်ခုန်ထွက်သွားပါတယ်။
သမ္မတ။ ။ ကျုပ်က အမေရိကန်နိုင်ငံအတွက်သာမက ကမ္ဘာအတွက်ပါ အရေးကြီးဆုံးလူသားဗျ။ ကျုပ်အသက်ရှင်မှ ဖြစ်မယ်… ဒီတော့ ကျန်တဲ့ လေထီးထဲက တစ်ခုကိုယူပြီး ခုန်ဆင်းမယ်ဗျာ။
ပါမောက္ခ။ ။ ကျုပ်က အမေရိကန်မှာ ဥာဏ်ထက်မြက်ပြီး အတွေးအခေါ်ကောင်းဆုံဲး။ ကျုပ်အသက်ရှင်မှကိုဖြစ်မှာ။ ကဲ လေထီးတစ်ခုကို ယူပြီးဆင်းပြီဗျို့။
လေးထီး တစ်ခုပဲကျန်ပါတော့တယ်… အဲဒီအခါ…
အဖိုးအို။ ။ ကဲ မောင်ကျောင်းသား..လူကလေး..ငါက အသက်ကြီးပါပြီကွာ… ဘ၀ကိုလဲ ပျော်ပျော်ရွှုင်ရွှင်နဲ့ နေခဲ့ပြီးပြီ… သေမယ်ဆို အဖိုးက သေပျော်ပြီကွ။ ကဲ… ဒီကျန်တဲ့တစ်ခုကို ယူပြီး မင်းခုန်ဆင်းပေတော့။
ကျောင်းသား။ ။ ကောင်းပါပြီ အဖိုး။ ဒါပေမယ့် ကျွန်တော့ဆီမှာ လေထီးနှစ်ခု ကျန်နေသေးတယ်။
အဖိုးအို။ ။ ဟေ… မဖြစ်နိုင်ဘူး။ လေယာဉ်မှူးက ငါတို့ငါးယောက်အတွက် လေထီးလေးခုပဲပါတာလို့ ပြောတာ ငါကြားလိုက်တယ်။ အဖိုး နားမလေးသေးပါဘူးကွ။
ကျောင်းသား။ ။ အဖိုးပြောတာ မှန်ပါတယ်… ဒါပေမယ့် ကျွန်တော်တို့နိုင်ငံရဲ့ ဥာဏ်ပညာအထက်ဆုံး ပါမောက္ခကြီးက လေထီးကိုမယူပဲ ကျွန်တော့်ကျောပိုးအိပ်ကို ယူပြီး ခုန်ဆင်းသွားတယ်။

P.S. မရယ်ရလဲ ကိုယ့်ဘာသာ ကလိထိုးရယ်ပါဗျို့... :P

Read more...

ဖတ်ဖူးတဲ့ ဟာသလေးတွေ

>> Tuesday, July 1, 2008


အရင်တုန်းက ဖတ်ဖူးတဲ့ ဟာသလေးတွေပါ။ ဘယ်မှာ ဖတ်ဖူးတာလဲ မသိတော့ဘူး။ မှတ်မိနေလို့ ပြောပြပါဦးမယ်။ အလုပ်ထဲမှာ ပင်ပန်းနေတုန်း နည်းနည်း ပြုံးလိုက်ရရင်တောင် မဆိုးဘူးမဟုတ်လား။

ဦးအောင် ပြေးထားမှ...

သုဿန်ဝန်းတစ်ခုထဲမှာ လူနှစ်ယောက်က အုတ်ဂူတစ်လုံးပေါ်မှာ ထိုင်ပြီး တောထဲက ခူးလာခဲ့ကြတဲ့ သစ်သီးတွေကို ခွဲဝေယူနေကြသတဲ့။ သုဿန်ခြံစည်းရိုးက အပင်တွေနဲ့ဆိုတော့ အထဲက သူတို့နှစ်ယောက်ကို လမ်းသွားလမ်းလာတွေက မမြင်ရဘဲ သူတို့ အသံတွေပဲ ကြားရပါတယ်။
“ရော့ မင်းတစ်ခု ငါတစ်ခု”
“ရော့ မင်းတစ်ခု ငါတစ်ခု”
“ရော့ မင်းတစ်ခု ငါတစ်ခု”
......
......
အဲဒီအချိန်မှာ ကောင်လေးငယ်ငယ်လေးတစ်ယောက်က သုဿန်ခြံစည်းရိုးဘေးက လမ်းပေါ်ကနေ ဖြတ်အလျှောက် “ရော့ မင်းတစ်ခု ငါတစ်ခု” ဆိုတဲ့အသံတွေကြားတော့ သကြားမင်းနဲ့ယမမင်း လူ့ပြည်က လူတွေကို တစ်ယောက်တစ်ဝက်ခွဲယူနေပြီဆိုပြီး အတွေးပေါက်သွားတယ်။ မဖြစ်ဖူး အဖိုးကို သွားပြောမှပဲ ဆိုပြီး အိမ်ကို အပြေးပြန်တာပေါ့။ အိမ်ရောက်တော့ “အဖိုးရေ ..... အဲသလိုပဲဗျ” ဆိုပြီးပြောတာကို အဖိုးက “ငါ့မြေးရာ မဖြစ်နိုင်တာ၊ ကဲ လာ အဲဒီဆီကို အဖိုးလိုက်ခဲ့မယ်၊ သွားစို့” ဆိုပြီး မြေးလက်ကိုဆွဲပြီး အဲဒီ သုဿန်ဆီကို ထွက်လာခဲ့ကြတယ်။ အဲဒီအချိန်မှာ ဟိုမှာက သစ်သီးတွေခွဲနေတုန်း သစ်သီး အကြီးတလုံးရယ်၊ အငယ်တလုံးရယ်က သုဿန်ထဲကနေ လမ်းမဘက်ကို လိမ့်ပြီး ထွက်သွားတယ်။ တိုက်တိုက်ဆိုင်ဆိုင် မြေးအဖိုးနှစ်ယောက်လည်း အဲဒီနားရောက်ရော...အထဲက ပြောသံကြားလိုက်ရတယ်...
“အပြင်ဘက်လမ်းမပေါ်က အကြီးရယ်၊အငယ်ရယ်ကို ခွဲယူလိုက်ရင် မင်းနဲ့ငါ ညီပြီ”
အဲဒီအသံလည်းကြားရော အဖိုးက အော်ပြီး ထိပ်ဆုံးက ပြေးပါလေရော။
“ မြေးရေ မင်းပြောတာ ဟုတ်တယ်ဟ ပြေးထား”


အဟိ! ပြေးတော့

ကောင်လေးငယ်ငယ်လေးတစ်ယောက်က ခြံတံခါးဝတစ်ခုမှာ မမှီတမှီ ခုန်ခုန်ပြီးတော့ လူခေါ်ခေါင်းလောင်း ခလုတ်ကို နှိပ်နေသတဲ့။ မနှိပ်မိသေးဘူးပါဘူး။ ခုန်ဆွ ခုန်ဆွနဲ့ပေါ့။
အဲဒီအချိန်မှာ ဘုန်းကြီးတစ်ပါးက ကြွလာတာ၊ ကောင်လေး ခုန်ဆွခုန်ဆွလုပ်နေတဲ့နားရောက်တော့ အင်း ကူညီလိုက်ဦးမှပဲဆိုပြီး စိတ်ကူးရလို့ လူခေါ်ခေါင်းလောင်းလေးကို နှိပ်ပေးလိုက်တယ်။
ဘုန်းကြီးက ကောင်လေးကို “ဒကာလေး ဘာဆက်ကူညီရဦးမလဲ”ဆိုပြီး ကောင်လေးကို မေးလိုက်တယ်။
ကောင်လေးက “အဟိ! ပြေးတော့”ဆိုပြီး ထွက်ပြေးသွားပါလေရောတဲ့။

Read more...

စွမ်းလိုက်တဲ့ ယတြာ

>> Tuesday, June 17, 2008

Euro 2008 ဘောလုံးပွဲတွေ လာနေတော့ ငယ်ငယ်က အဖိုးပြောဖူးတာတစ်ခုကို ပြေးသတိရတယ်။ အဖိုးတို့ အုန်းတောဆိုတဲ့ ရွာလေးမှာ တာဝန်ကျနေတုန်းကပါ။ တစ်ခါတော့ အဲဒီရွာက သူကြီးနဲ့ တခြားရွာက (နတ်ခရိုင်လား မသိဘူး) သူကြီးတွေ့ကြတော့ နှစ်ရွာ ဘောလုံးကန်ဖို့ချိန်းကြရောတဲ့။ အဲဒါနဲ့ ရွာမှာ မောင်းထုပြီး အစည်းအဝေးခေါ်၊ ဘောလုံးကန်မယ်ဆိုတဲ့ အကြောင်းပြောတာပေါ့။

ရွာက ကာလသားတွေလဲ တက်တက်ကြွကြွ၊ ကန်မယ်ပေါ့။ ကျန်တဲ့ ကလေး၊ လူကြီး၊ မိန်းမ၊ ယောက်ျားတွေကလဲ ဘာမှန်း မသိရင်သာရှိမယ်။ သူများရွာနဲ့ ပြိုင်မယ်ဆိုတော့ ကိုယ့်ရွာဖက်ကနေ အပြတ်အသတ် အားပေးမယ်ပေါ့။ အားခဲထားကြတာလေ။ ဒီလိုနဲ့ ကန်မဲ့နေ့ကို ရောက်လာပါရောလား။ ကန်မဲ့သူတွေကလဲ ဟန်ရေး တပြပြပေါ့။ အဲဒီအချိန်မှာပဲ တစ်ယောက်က မေးပါတယ်။ တစ်ဖက် အသင်းနဲ့ ပြိုင်မှာဆိုတော့ ယတြာလေး ဘာလေး လုပ်မထားဘူးလားတဲ့။ အဲဒီကျမှ အကုန်လုံးက ဟုတ်သားပဲ၊ ကန်တဲ့လူ ဘယ်လောက်ကောင်းကောင်း ဒီလိုမျိုးလေးက ရှိဦးမှပေါ့။ ဘယ်သူကတော့ဖြင့် ဘယ်လိုကောင်းတာနဲ့ ဆူညံ ဆူညံဖြစ်လာကြပါရောလား။ နောက်ဆုံးတော့ မြောက်ကျောင်းက ဆရာတော်က ယတြာအရမ်းစွမ်းတယ်။ ဆရာတော်ဆီ သွားမယ်လို့ ဆုံးဖြတ်ချက်ကျသွားပါတော့တယ်။ ဒါနဲ့ သူကြီးလဲ ဘောလုံးပွဲထဲ မပါတဲ့ ကာလသား တချို့ကို ဘုန်းကြီးဆီသွားပြီး ယတြာတောင်းချေလို့ ခိုင်းပါတယ်။ သွက်သွက်သွား၊ သွက်သွက်ပြန်လို့လဲ မှာလိုက်ပါတယ်။ ဘောလုံးပွဲစဖို့က ဘယ်လောက်မှ မှ မလိုတော့ပဲ။ အဲဒါနဲ့ ကာလသား နှစ်ယောက်လဲ မြောက်ကျောင်းကို အပြေးအလွှားသွားကြတာပေါ့။

ဘုန်းဘုန်းဘုရား ဘုန်းဘုန်းဘုရား တပည့်တော်တို့ ယတြာလိုချင်လို့ မြန်မြန်တွက်ပေးပါဘုရား။

ဟဲ့ ဒကာတို့ရဲ့ မောကြီးပန်းကြီးနဲ့ ဘယ်လိုဖြစ်လာတာလဲ။ ဖြည်းဖြည်းပေါ့။ ရော့ ရော့ ရေနွေးကြမ်းသောက်၊ ထန်းညက်စား။ ဘာအတွက် ယတြာလိုချင်တာတုန်းလဲ ပြောဦးမှပေါ့။

ယတြာက ဘောလုံးပွဲ အတွက်ပါဘုရား။ ဖြည်းလို့ကတော့ မရဘူးဘုရား။ ဘောလုံးပွဲက စတော့မယ်ဘုရား။

အေး ဘောလုံးပွဲရှိတယ်လို့ ကျောင်းက ကျောင်းသားလေးတွေ ပြောနေသံတော့ ကြားသား။ ဒါပေမဲ့ ခက်တာက ဘုန်းကြီးက ဘောလုံးပွဲဆိုတာ ဘာမှန်း မသိဘူး။ ဘယ်လိုဆို နိုင်တာလဲသိမှ ယတြာက လုပ်လို့ရမှာါ့။ အဲဒီတော့ အဲဒါအရင်လျှောက်ကြဦးမှပေါ့။
အို ဘုန်းဘုန်းကလဲ ဘောလုံး ဂိုးထဲဝင်နိုင်တာပါပဲ ဘုရား။ မြန်မြန်လေးသာ လုပ်ပေးပါဘုရား။

တယ်လဲ အလျင်လိုသကိုး။ ကဲပါကွာ တွက်ပါပြီ။
(ကျောက်သင်ပုန်းနှင့် ကျောက်တံယူ။ တဂျောက်ဂျောက်နဲ့ စတွက်ပါတော့တယ်။)

ကဲရော့ရော့ ဒီမှာ ရေးထားတဲ့အတိုင်းသာလုပ်။ လုပ်ရတာက လွယ်ပါတယ်။

တင်ပါ့ ဘုရား။ တပည့်တော်တို့ကို ခွင့်ပြုပါဦး။ ဟိုမှာ စတောင် စနေပြီလား မသိဘူး ဘုရား။

မင်းတို့နှယ်ကွယ် ကြာကြာရန်ကော၊ ဒီမှာ ပွဲက စတောင် စနေပြီ။

သူကြီးနှယ် ဘုန်းဘုန်းက ဘောလုံးပွဲဆိုတာ ဘာမှန်းမသိလို့ ရှင်းပြနေရသေးတာဗျ။ အခုတော့ ရခဲ့ပြီ။

ကဲ ဟိုကောင်မလေးတွေ လာကြစမ်း။ ဒီမှာ ဘုန်းဘုန်းပေးတဲ့ ယတြာ လုပ်ရအောင်။

သူကြီး ယတြာလုပ်ပြီးပြီတော့။

အေး အေး အဲဒါဆိုလဲ နင်တို့လဲ လာအားပေးတော့။ အခုမှ ပွဲက ကြည့်ကောင်းမှာ။

ယတြာလုပ်ပြီးကတည်းက ဝင်လိုက်တဲ့ ဂိုးဆိုတာ ရေတောင် မရေနိုင်အောင်ပါပဲ။ ကွင်းလယ်က ကန်လဲ ဝင်၊ ကော်နာကန်လဲ ဂိုးပေါက်ထဲကို တန်းနေတာပဲ ပရိတ်သတ်ကြီးရေ။
အဲလို ဆိုတော့ ပရိတ်သတ်ကြီးက ထင်လိမ့်မယ်။ အုန်းတော ရွာသူကြီးတော့ မှိုရတဲ့ မျက်နှာကြီးနဲ့ နေမှာပဲလို့။ ဘယ်နှယ့် သူကြီးကို ကြည့်လိုက်တော့ ခရမ်းသီးပိန် နေလှန်းထားသလို ရှုံ့မဲ့နေပါကလား။ ဘယ်လိုဖြစ်ပါ့။

ကြည့်ရတာ ဂိုးတွေ သွင်းလွန်းအားကြီးလို့၊ နတ်ခရိုင် သူကြီးကို အားနာနေပြီထင်တယ်။

ဘယ်နှယ့် ကိုရင်ကလဲ သေချာလေးလဲ ကြည့်ပါဦး။ ဂိုးဝင်တာကတော့ ဟုတ်ပါတယ်။ ကိုယ့်ဂိုးဖက်ကို သွင်းခံနေရတာဗျ။

ဟုတ်ပါ့ဗျား။ ဘုန်းဘုန်းက ဘောလုံးဂိုးထဲဝင်နိုင်တာပဲဆိုတဲ့ စကားအတိုင်း ယတြာလုပ်ပေးလိုက်တာက သူ့ဂိုးဖက်ဝင်ဖို့ မဟုတ်ဘဲ ကိုယ့်ဂိုးဖက် ဝင်ဖို့ဖြစ်နေပါရောလား။
အဲလိုနဲ့ပဲ ယတြာကောင်းလွန်းအားကြီးလို့၊ အုန်းတောရွာလေးခမျာ ဂိုးအပြတ်အသတ်နဲ့ ရှုံးခဲ့ရပါရောလားဗျာ။

Read more...

အိုက်ဒီယာများ ပေါလွန်လွန်းလို့

>> Tuesday, June 10, 2008


အိုက်ဒီယာများ ပေါလွန်လွန်းလို့

ကျနော်တို့သူငယ်ချင်း ကိုလူအေးကြီး သူ့ဌာနမှာ ဆရာများစွာနဲ့ အလုပ်လုပ်နေရတော့ သူဒုက္ခရောက်တာကို ပြောပြတာကို ဝေမျှလိုက်ပါတယ်။

ဒီနေ့ ငါစာထိုင်လုပ်နေတုန်း အခန်းထဲကို တစ်ခြား Lab က ပရော်ဖက်ဆာတစ်ယောက်လာတော့.. ပရော်ဖက်ဆာဆရာမကြီးက ငါ့အကြောင်းသူ့ကို.. ဟာသလေးနဲ့ပြောပြတယ်....
ရုရှားခရီးသွားအဖွဲ့က မွန်ဂိုတွေဆီယောက်တော့ တည်းတဲ့အိမ်ကလူက ရုရှားတွေက ပညာတတ်တွေဆိုတော့ အကူအညီတောင်းတယ်။ ဒီလိုဗျာ.. ကျွန်တော့အိပ်ရှေ့က ရေအိုးအကြီးကြီးထဲမှာ အိမ်ကကြက်တွေ ကျကျသေလို့။ ဘယ်လုပ်ရင်ကောင်းမလဲဆိုတော့... ရုရှားတွေတိုင်ပင်ပြီး အိမ်ရှင်ကိုပြောသတဲ့။ အိုးအဖုံးကို သုံးနားညီတြိဂံပုံလုပ်ဖုံးပေါ့နော်။ အိမ်ရှင်ကလည်း လုပ်ပြီးဖုံးလိုက်တယ်။ မနက်လင်းတော့ ကြက်နှစ်ကောင်က အဲဒီထဲမှာ ဂန့်နေပြန်ရောတဲ့။
အဲဒါနဲ့ရုရှားတွေက တိုင်ပင်ပြီး အိုးအဖုံးကို စတုဂံပုံလုပ်ဖုံးလို့ပြောတော့ လုပ်ပြီးဖုံးလိုက်သတဲ့။ နောက်နေမနက်မှာ သုံးကောင်အထဲရောက်နေသတဲ့။
အဲဒါနဲ့ရုရှားတွေတိုင်ပင်ပြီး အိုးအဖုံးကို ဆဌဂံပုံလုပ်ဖုံးလို့ပြောလို့လုပ်ဖုံးလိုက်သတဲ့။ မနက်လင်းတော့ နောက်ဆုံးကျန်တဲ့နှစ်ကောင် အထဲမှာ ဂန့်နေပြန်ရောတဲ့။ အဲဒါနဲ့ အိမ်ရှင်ပြောသတဲ့ ကိုင်းကြက်တွေလည်းကုန်ပြီဗျာဆိုတော့။
ရုရှားတွေကပြန်ပြောသတဲ့... ဟာကွာ.. ဒို့မှာ အိုက်ဒီယာတွေအများကြီးကျန်သေးတယ်။ ကြက်တွေကကုန်ပြီလားတဲ့။

သူငယ်ချင်း ကိုလူအေးကြီးလည်း ဌာနက များစွာသော ပရော်ဖက်ဆာတွေရဲ့ အိုက်ဒီယာများစွာရဲ့ဒဏ်ကို ခံနိုင်ပါစေဗျာ။

Read more...

နင်အဓိကဗျာ..နင်အဓိက

>> Saturday, June 7, 2008


နင်အဓိကဗျာ..နင်အဓိက

ကျနော်ငယ်ငယ်တုန်းက ကြားဖူးတဲ့ဟာသလေးပါ။ ဒီနေ့ထူးထူးခြားခြား သတိရနေလို့ ဒီဘလော့(ဂ်)ကို အလည်လာသူတွေကို ဝေမျှချင်လို့ပါ။ အားရပါးရ ရီလိုက်ကြပါဦး။

မိသားစုတစ်စုရှိသတဲ့၊ အဖေရယ် အမေရယ် သားတွေရယ် သမီးငယ်လေးတစ်ယောက်ရယ်ပေါ့။ အငယ်ဆုံးသမီးလေးဆိုတော့ အားလုံးကလည်း ချစ်၊ အလိုလိုက်ထားတော့ အချွဲလေးဖြစ်နေတော့တာပေါ့။ နေရာတိုင်းမှာ ဦးစားပေးလည်း ခံရတယ်လေ။ တစ်နေ့မှာ မိသားစုတွေ စုံစုံလင်လင် ထမင်းစားဖို့ပြင်ဆင်ကြသတဲ့။ ထမင်းစား စားပွဲဝိုင်း အပုလေးမှာ ဖင်ထိုင်ခုံအပုလေးတွေနဲ့ ထိုင်စားကြတာပေါ့။ ထမင်းဝိုင်းကို အားလုံး ပြင်ဆင်ပြီးတဲ့အခါ ထမင်းစားမယ်ဆိုပြီး အားလုံးက ကိုယ့်နေရာ ကိုယ်ယူပြီး ထိုင်လိုက်ကြတာပေါ့။ အဲဒီအချိန်မှာ အဖေလုပ်သူက ဖြတ်ကနဲမြင်လိုက်တယ်။ သမီးလေးထိုင်တာ အဆင်မသင့်လို့ လုံခြည်အောက်စလွတ်နေသတဲ့။ အဖေလုပ်သူကလည်း ဒီတိုင်းကြီးတော့ မဖြစ်သေးပါဘူး။ တခုခုလုပ်ဦးမှ ဆိုပြီး ဘာလုပ်ရမလဲ အလျင်အမြန်စဉ်းစားလိုက်သတဲ့။
အဖေလုပ်သူက တစ်ခုစဉ်းစားပြီး စကားစလိုက်တယ်
- ကဲ တို့အားလုံး ထမင်းမစားခင် မတ်တပ်ရပ်လိုက်ကြရအောင်..
အမေရော သားတွေရောက အဖေဘာဖြစ်လို့လဲ လို့ မမေးပါဘူး၊ ဟုတ်ကဲ့ ဆိုပြီး ၀ုန်းဆို မတ်တပ်ရပ်လိုက်ကြတာပေါ့။
အဲ သမီးလေးကတော့ အချွဲလေး၊ အလိုလိုက်ကလည်းခံရနေကြဆိုတော့ မတ်တပ်မရပ်ဘဲ အဖေ့ကို မေးသတဲ့..
- ဖေဖေ တမီးရော ပါသလားဟင်..တဲ့
ဒီတော့ အဖေလုပ်သူက ဒေါနဲ့ မောနဲ့ပြောလိုက်သတဲ့
- နင် အဓိကဗျာ နင် အဓိက…တဲ့။

Read more...

ကြားဖူးနားဝ ရယ်စရာများ (၁၁)

>> Friday, May 30, 2008




ကိုမောင်ဖြူရယ်စရာပို့စ်တင်လိုက်မှ သတိရလို့ ကြားဖူးတာလေးတွေ ပြန်တင်ပေးလိုက်ပါတယ်။ တခါရယ်ဖူးပြီးသားဆိုရင်လည်း နောက်ထပ်ပြီး အိုးဝေစာမျက်နှာပေါ်မှာ ပျော်ပျော်ပါးပါး ရယ်သွားလိုက်အုံးနော်။

ဟာသ(၁) တခါက ဘုန်းဘုန်းတစ်ပါးဟာ ဆွမ်းခံရပ်ကြွလာတယ်။ အိမ်တအိမ်ရှေ့မှာ ရပ်တော်မူနေတာ အတော်ကြာတဲ့အထိ အိမ်ရှင်တွေက အလုပ်ရှုပ်နေတာနဲ့ သတိမပြုမိဘူး။ အဲတော့ ဘုန်းကြီးဆိုတော့လဲ ရောက်နေတာ ဘယ်လိုပြောရမလဲ မသိဘူပေါ့။ ဒါနဲ့ သီချင်းတပိုဒ် ကောက်ဆိုလိုက်ပါတယ်။ အိမ်ရှင်တွေ သတိပြုမိအောင် လုပ်လိုက်တာတဲ့။ ကဲ စဉ်းစားပြီး ဖြေကြပါအုံး။ ဘာသီချင်းလေးများ ဖြစ်မလဲ။
အဖြေလေးရောပေးလိုက်ပါတယ်ကွယ်။ “ခြေစုံကိုရပ်လို့ တွေဝေနေဆဲကွယ်၊ ဒီကစ ရှေ့ဆက်ဖို့ မနက်ဖြန်များစွာကျန်သေးတယ်…“တဲ့။

ဟာသ(၂) လူတယောက်က သူ့ မိန်မရဲ့ကလေးကို ပုခက်ထဲမှာ ချော့သိပ်နေတယ်၊ သူ့နဲ့ရတဲ့ကလေး မဟုတ်ပါဘူး။ အဲဒီလူက သီချင်းလေးနဲ့ ချော့သိပ်နေတယ်ဗျ။ ဘာသီချင်းလေးများလဲ စဉ်းစားကြည့်မယ်နော်။
“တို့သွေးလဲမဟုတ် တို့သားလဲမဟုတ်……“ဒီသီချင်းလေးနဲ့ ပုခက်လွှဲနေပါတယ်တဲ့နော်။

ဟာသ(၃) အတန်းထဲမှာ အဆင့်(၁) ရလာတဲ့ မောင်ရိုးကလေးက အိမ်ကို အပြေးလေးပြန်လာပြီး သူ့အမေကို ရီပို့ကဒ်ပြတယ်။
မောင်ရိုး။ ။“မေမေရေ သားသား အဆင့်(၁)ရတယ်ဗျ“
မောင်ရိုးအမေ။ ။“သားရယ် နောက်တခါ စာမေးပွဲဆို အဆင့်(၀)ရအောင် ကြိုးစားခဲ့နော်။ ဒါမှ အဆင့်(၁)ရှေ့ရောက်မှာသားရဲ့“ဟူသတည်း။

ဟာသ(၄) ရွာက ဘကြီးမောင် မြို့ကိုတက်မယ်ဆိုတော့ လူတိုင်းမှာချင်တာပေါ့။ ဒွေးလေးမြလည်း သူ့မြေး ဖိုးမောင်အတွက် ဒုတိယတန်းဖတ်စာအုပ် မှာလိုက်တယ်။ ကျောင်းပြန်ဖွင့်တော့မှာဆိုတော့ မြို့ကို သွားသူရှိတုန်းမှာရတာကိုး။ မြို့ရောက်တော့ စာအုပ်ဆိုင်မှာ ဘကြီးမောင် လိုက်ကြည့်တယ်။ ဖတ်စာအုပ်တွေက ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းဆိုပြီး သူ့အပုံနဲ့သူရှိနေတယ်။ ဘကြီးမောင် ရွေးဝယ်လိုက်တာကတော့ ပထမတန်းဖတ်စာအုပ်တဲ့။ ဈေးချင်းတူလို့ကတော့ ပထမတန်းစားပဲ သုံးမယ်ဆိုပြီး ၀ယ်ချလာပါတော့တယ်။

ဟာသ(၅) ငါးချဉ်သည် မိအေး ငါးချဉ်ရောင်းထွက်ရင်း စဉ်းစားမိလာတယ်။ သူများတွေ မြို့က တရားပွဲမှာ တရားနာနေတာ သီတင်းတပတ်ရှိတော့မယ်။ သူ့ကို တရားမနာဘူးလားလို့ လူတိုင်းကလဲ မေးနေကြပြီ။ ဒီနေ့တော့ နောက်ဆုံးနေ့ သွားနာလိုက်အုံးမယ်ဆိုပြီး မကုန်သေးတယ် ငါးချဉ်တောင်းလေးနဲ့ နောက်နားမှာ သွားဝင်ထိုင်နေလိုက်တယ်။ တနေကုန် ပင်ပန်းလာတော့ ခဏနေ အိပ်ပျော်သွားတော့တယ်။ အိပ်မက်ထဲမှာ သူ့ငါးချဉ်တွေပဲ မက်နေတော့တယ်။ ဒါနဲ့ နောက်ဆုံး ဘုန်းကြီးက ဆဒ္ဒန်ဆင်မင်းတရားကို နိဂုံးချုပ်ပြီး အမျှဝေတော့တယ်။ ကဲ ကဲ အမျှဝေကြစို့လို့ပြောတာနဲ့ ငါးချဉ်သည်မိအေးလဲ လန့်နိုးလာပြီး
“ဟောဒီက ကျွန်မ ငါးချဉ်လေးတွေ ၀ယ်ကြပါအုံးတော့“ ဆိုပြီး ထအော်တယ်။ လူအများလည်း အမျှမဝေနိုင်ဖြစ်ပြီး ပွဲကျသွားရတယ်။ ဒါနဲ့ မိအေးလဲ ရှက်ရှက်နဲ့ အိမ်ပြန်လာတော့ အိမ်က အမျိုးသားက
“ဟဲ့ မိန်းမရေ ဒီနေ့တရားကောင်းလား ဟေ့၊ ဘာအကြောင်းတွေများလဲကွ“ လို့ မေးလိုက်တယ်။ မိအေးပြန်ဖြေပုံကတော့ “ဆားတန်းကြီး ဆင်နင်းသွားတာ သနားစရာကောင်းလိုက်တာတော်“ တဲ့။ တကယ်တော့ တရားအဆုံးသတ်က ဆန္ဒန်ဆင်မင်း အစွယ်ဖြတ်ခံရတဲ့အကြောင်းနဲ့ တရားနာပြန်လာတဲ့လူတွေကလည်း လမ်းတလျှောက်မှာ ဆန္ဒန်ဆင်မင်းသနားစရာကောင်းကြောင်း မိအေးက အဖျားအနားကြားလာတာနဲ့ ရောချလိုက်တာဆိုပဲ။

မဇနိ

Read more...

ကျွန်တော်ဘွဲ့ရပါ

ကုန်ပဒေသာဆိုင်ကြီးတစ်ဆိုင်မှ ငှားရမ်းခြင်းခံရသော လူငယ်တစ်ဦးသည် အလုပ်စတင်ဝင်ရောက်ကြောင်းသတင်းပို့သည်။ မန်နေဂျာက လှိုက်လှဲပျူငှာစွာ ပြုံးပြလက်ဆွဲနှုတ်ဆက်ပြီး တံမြက်စည်းတစ်ချောင်းပေးသည်။
“မင်းရဲ့ ပထမဆုံးအလုပ်က ဆိုင်အနှံ့ တံမြက်စည်းလှည်းဖို့ပဲ”
“တံမြက်စည်းလှည်းရအောင် ကျွန်တော်က တက္ကသိုလ်ဘွဲ့ရပါ” ဟု လူငယ်က ဘုဆတ်ဆတ်ပြန်ပြောသည်။ ထိုအခါ မန်နေဂျာက
“သြော် ဝမ်းနည်းပါတယ်။ ကျွန်တော်မသိလို့ပါ။ ကျွန်တော့်ကို တံမြက်စည်းပေးပါ။ ဘယ်လိုလှည်းရမယ်ဆိုတာ ကျွန်တော်ပြပါ့မယ်” ဟု ပြောလေသည်။

Read more...

ကြားဖူးနားဝ ရီစရာများ(၁၀)

>> Thursday, May 8, 2008

ကျွန်တော်တို့ နိုင်ငံရဲ့ မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှူးဦးစီးဌာနရဲ့ တိကျမှန်ကန် မြန်မြန်ဆန်ဆန်နဲ့ အချိန်နဲ့ တပြေးညီ သတင်းပေးပုံလေးကို ဂုဏ်ပြုလို့ ဒီဟာသလေးကို ရေးလိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦး…
ပင်လယ်ပြင်သို့ ငါးဖမ်းထွက်မည့်သင်္ဘောမှ မိုးလေ၀သဌာနသို့ ရာသီဥတု အခြေအနေနှင့်ပတ်သက်ပြီး တယ်လီဖုန်းဖြင့် သတင်းမေးမြန်းစုံးစမ်းလေသည်။
ငါးဖမ်းသင်္ဘော။ ။ ဟဲလို…မိုးလေ၀သဌာနကပါလားခင်ဗျာ… ပင်လယ်ပြင်ရာသီဥတုအခြေအနေကို သိချင်လို့ပါ။
မိုးလေ၀သဌာန။ ။ ဟဲလို…ဟုတ်ပါတယ်…မိုးလေ၀သဌာနကပါ…ပင်လယ်ပြင်မှာ မုန်တိုင်းရှိပါတယ်…အခု ကျွန်တော်တို့ဌာနနဲ့ မိုင် ၅၀၀ အကွာ ဘင်္ဂလားပင်လယ်မှာပါ…နာဂစ်လို့ အမည်ခေါ်ပါတယ်…အခု မြောက်စူးစူးကို ရွှေ့လျားသွားနေပါတယ်။
ငါးဖမ်းသင်္ဘော။ ။ နောက်တစ်နေ့သော်…ဟဲလို…မိုးလေ၀သဌာနကပါလားခင်ဗျာ…မုန်တိုင်း ဖြစ်တဲ့နေရာနဲ့ ရွှေ့လျားရာလမ်းကြောင်းကို သိပါပြီ။ ဘယ်လောက် လေတိုက်နှုန်းရှိပါသလဲခင်ဗျာ။
မိုးလေ၀သဌာန။ ။ ဟုတ်ကဲ့…အခု မြောက်စူးစူးကနေပြီး အရှေ့မြောက်အရပ် မြစ်ဝကျွန်းပေါ်ကို ဦးတည်နေပါတယ်။ စိတ်မပူပါနဲ့ခင်ဗျာ… အားပျော့သွားပါပြီ…မိုးအနည်းငယ်ရွာလိမ့်မယ်။
ငါးဖမ်းသင်္ဘော။ ။နောက်တစ်နေ့…ဟဲလို…ဟဲလို… မိုးလေ၀သဌာနကပါလား… မုန်တိုင်းအခြေအနေ သိချင်လို့ပါ…. ဟဲလို…ဟာ…ဧရိယာပြင်ဘက်ရောက်နေပီထင်တယ်… ဘာမှလဲမကြားရတော့ဘူး…
မိုးလေ၀သဌာန။ ။ ဟုတ်ကဲ့ပါ…”ကျွန်တော်တို့ကိုယ်တိုင် လေဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေရပါတယ်ခင်ဗျာ”

Read more...

ဆုတံဆိပ်တွေကများ...

>> Thursday, March 6, 2008

ဆုတံဆိပ်တွေကများ...

သူငယ်ချင်းကပြောပြတာပါ ဒီဟာသလေးကို၊ သူလည်း ဘယ်စာအုပ်ထဲက ဖတ်မိတယ်ဆိုတာကိုမေ့နေပါပြီတဲ့။ သဘောကျလို့ ဒီမှာရေးမှတ်ထားပါဦးမယ်။

စစ်သားတစ်ယောက်က ရင်ဘတ်မှာ ဆုတံဆိပ်သုံးခု ချိတ်ထားတယ်။
တစ်ယောက်ကမေးပါတယ်။
- ဒီဆုတံဆိပ်တွေက ဘယ်လိုတွေကြောင့်ရထားတာလဲ။
စစ်သားလေးကလည်း အသေအချာ ရှင်းပြပါတယ်။
- ဒီပထမဦးဆုံးရခဲ့တဲ့ ဆုတံဆိပ်က ကျွန်တော်မှာ ဘာဆုတံဆိပ်မှ မရှိသေးလို့ ပေးတဲ့ဆုတံဆိပ်ပါ။
ဒီဒုတိယဆုတံဆိပ်ကကျတော့ ပထမဆုတံဆိပ်ရထားတဲ့သူကိုမှ ပေးတဲ့ဆုတံဆိပ်ပါ။
ဒီတတိယဆုတံဆိပ်ကကျတော့ ပထမနဲ့ဒုတိယဆုတံဆိပ်ရထားပြီးတဲ့သူကိုမှ ချီးမြှင့်တာမိုလို့ ရထားတာပါ။

****
ပျော်ရွှင်ပါစေ။

Read more...

ကြားဖူးနားဝ ရီစရာများ(၉)

>> Thursday, February 14, 2008

ဟိုတုန်းက တောရွာတစ်ရွာမှာ ချစ်သူစုံတွဲတစ်တွဲရှိတယ်။ တောသူတောင်သားတွေဆိုတော့ ရိုးတယ်အတယ်ပေါ့ဗျာ။ တစ်နေ့မှာတော့ ကောင်လေးက သူ့ချစ်သူကို သူ့အဘိုးပေးခဲ့တဲ့ သေတ္တာလေးကို ကောင်မလေးကို လက်ဆောင်ပေးတာပေါ့။ လက်ဆောင်ပေးတဲ့နေ့ကလဲ တိုက်တိုက်ဆိုင်ဆိုင်ဗျာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ဖြစ်နေတယ်။ အဲဒီနေ့ကို ဘာနေ့တွေ ညာနေ့တွေမှန်းသိလို့တော့မဟုတ်ဘူး။ ကောင်မလေးဆီက ချစ်တယ်လို့အဖြေရတဲ့နေ့…အဲဒါကြောင့်ပေးဖြစ်တာ။ ကောင်မလေးကလဲ ပျော်ပျော်ရွှင်ရွှင်နဲ့ လက်ခံလိုက်တာပေါ့။ အိမ်ကိုပြန်ရောက်တော့ ကောင်မလေးက ချစ်သူကောင်လေးကပေးလိုက်တဲ့ သေတ္တာလေးကို ဖွင့်ကြည့်တာပေါ့။ အဲဒီမှာ ပြဿနာကစတော့တာပဲ။ ဘာလို့လဲဆိုတော့ သေတ္တာထဲမှာ မှန်လေးတစ်ချပ်ပါလာတယ်လေ။ မှန်ဆိုတာကို မမြင်ဘူးတော့ ဟိုဘက်ကြည့် ဒီဘက်ကြည့်နဲ့ နောက်ဆုံး မှန်ထဲက အရိပ်ကို မြင်တယ်ဆိုပါတော့။ ကောင်မလေးက စိတ်ထဲမှာ ဒီလိုတွေးလိုက်မိတယ်…´လက်စပ်သတ်တော့ ငါ့ကိုချစ်ပါတယ်…ချစ်ပါတယ်နဲ့ ညာပြောနေတာကိုး…ဘယ်ကကောင်မလေးကို ဒီသေတ္တာထဲမှာ သိမ်းထားလဲမသိဘူး… နေနှင့်အုံး မနက်ဖြန်မှ တွေ့မယ်…´ဆိုပြီး စိတ်ဆိုးနေတာပေါ့။ နောက်နေ့ ချိန်းတွေ့နေကြ နေရာမှာ ကောင်လေးနဲ့ တွေ့တာပေါ့။ အဲဒီအခါကြတော့ ကောင်မလေးက ပေါက်ကွဲတော့တာပေါ့။
ကောင်မလေး။ ။ ဒီမှာ ရှင်ကောင်းမလေးပုံပါတဲ့ သေတ္တာကို ဘာလို့ကျွန်မကိုပေးရတာလဲ။
ကောင်လေး။ ။ ချစ်ရယ်…ဘယ်က ကောင်မလေးလဲ…ကို မင်းကလွဲလို့ ဘယ်သူ့ကိုမ မချစ်ဘူး။
ကောင်မလေး။ ။ ရှင်က ဗြောင်လိမ်ပဲ… ဟောဒီမှာကြည့်ဆိုပြီး မှန်ကို ကောင်လေးကို ပေးလိုက်တာပေါ့။

ကောင်လေး။ ။ ဟားဟား…မင်းကမှ ဗြောင်လိမ်ကွ…ဘယ်ကမှန်းမသိတဲ့ နောက်တစ်ကောင်ကို မင်း တွဲနေတာမဟုတ်လား။ ဟောဒီမှာ ငါမြင်နေရတယ်ကွ။
ကောင်မလေး။ ။ မဟုတ်ဘူး… ရှင်မဟုတ်တာတွေ မပြောနဲ့…ပေးစမ်းဆိုပြီး အဲဒီမှန်ကို ယူပြီးကြည့်တော့…ဟောဒီမှာ ရှင့်ရဲ့နောက်ကောင်မလေးပုံ။
အဲဒီလိုနဲ့ တစ်ယောက်တစ်လှည့် ငြင်းကြခုန်ကြရင်း ရွာက သူကြီးဆီကို ရောက်သွားကြတာပေါ့။ သူကြီးကရွာကလူမှုရေးပြဿနာတွေကို ဖြေရှင်းပေးနေကြပေါ့။
သူကြီး။ ။ မင်းတို့ဘာဖြစ်လာကြသလဲ။ ငါ့ကိုပြောပြစမ်း။
ကောင်မလေး။ ။ ဒီလိုပါ သူကြီး သူက ကျွန်မမသိအောင် နောက်ကောင်မလေးနဲ့ တွဲနေပါတယ်။
ကောင်လေး။ ။ မဟုတ်ရပါဘူး သကြီး…သူ တွဲနေတာပါ။
သူကြီး။ ။ အင်း….ပြဿနာကို ရှင်းရှင်းလင်းလင်းပြောစမ်း။
ကောင်မလေး။ ။ ကျွန်မပြောတာ မယုံရင် ဒါလေးကိုကြည့်လိုက်ပါ…အဲဒီထဲမှာ သူတွဲနေတဲ့ နောက်ကောင်မလေးကို တွေ့ရပါလိမ့်မယ်။
သူကြီးလဲ ကောင်မလေးပေးတဲ့ ပစ္စည်းကိုယူကြည့်လိုက်တာ့ … ဟေ ဘယ်ကလာ ဟုတ်ရမှာလဲကွ… ဒီကောင်တွဲနေတဲ့ နောက်ကောင်မလေးရဲ့ပုံမဟုတ်ဘူး… ငါ့မိန်းမရဲ့ လင်ငယ်ပုံပဲ…. တွေ့ကြသေးတာပေါ့…ဆိုပြီး သူ့မိန်းမကို ခေါ်လိုက်တယ်။
သူကြီး။ ။ ဒီမှာ မိန်းမ မင်းငါမသိအောင် နောက်လင်ငယ်နေတယ်။ ဟုတ်လား မဟုတ်ဘူးလား ပြော…ငါ့ကို မညာနဲ့။
မိန်းမ။ ။ ရှင် ရူးနေသလား။ တစ်နေ့တစ်နေ့ အိမ်ပြင်မထွက်ပဲ နေတဲ့ ကျွန်မက နောက်လင်ငယ်နေမလား။
သူကြီး။ ။ မင်းက ဗြောင်လိမ်တယ်ပေါ့… ရော့ဒီမှာကြည့် …ဆိုပြီး မှန်လေးကို မိန်းမကိုပေးလိုက်တယ်။
မိန်းမ။ ။ ဟင်း..ဟင်း…ရှင်က မှ ဗြောင်လိမ်တာ…ဟောဒီမှာ ရှင့်ရဲ့ နောက် မရင်ငယ်ပုံ…
အဲဒီလိုနဲ့ သူကြီးလဲ သူများပြဿနာရှင်းပေးရင်းနဲ့ပဲ ရှုပ်ကုန်တော့တာပေါ့။ ပုံပြင်တွေအထဲကအတိုင်းဆိုရင်တော့ ပညာရှိ ဇီးကွက်ဆီကိုပဲသွားမလား…ယုံပညာရှိ ဆီကိုပဲ သွားမလားပေါ့။ ဘယ်ဟုတ်မှာလဲ ဒီမှာတာ့ ရွာအမှု…ဘုန်းကြီးပတ်ပြီးပေါ့ဗျာ…
ဘုန်းကြီး။ ။ ဟေး…ဒကာ…ဒကာမတို့ ဘာတွေဖြစ်လာကြသလဲ။
မိန်းမ။ ။ မှန်ပါ့ဘုရား…ဟောဒီ ဒကာကြီး အသက်ကြီးမှာ နောက်တစ်ယောက်တွဲနေလို့ပါဘုရား။
ဘုန်းကြီး။ ။ ဟုတ်လား….ဒကာကြီး။
သူကြီး။ ။ မဟုတ်ရပါဘုရား…ဒကာမကြီး ပါဘုရား…အဲဒါ။
ဘုန်းကြီး။ ။ ဟို…ဒကာလေးနဲ့ ဒကာမလေးကရော ဘာကိစ္စတုန်းကွဲ့။
ကောင်မလေး။ ။ တပည့်တော်တို့ ပြဿနာကလဲ သူကြီးလင်မယားတို့လိုပါပဲဘုရား။
ဘုန်းကြီး။ ။ အင်း…လောကီရေးရာတွေက တယ်ရှုပ်တာကိုး…ကဲ ပြဿနာကို ဘယ်လိုသက်သေပြမှာလဲ။
သူကြီး။ ။ မှန်ပါ့…ဟောဒီပစ္စည်းလေးကို ကြည့်ပါဘုရား…အဲဒီအထဲမှာ ဒကာမကြီးရဲ့ နောက်တစ်ယောက်ကို တွေ့ရပါမယ်ဘုရား။
ဘုန်းကြီးလဲ သူကြီးပေးတဲ့ ပစ္စည်းလေးကို ယူပြီးကြည့်တာပေါ့။ ပြီးတော့ ဒီလိုမိန့်တောမူလိုက်ပါတယ်…
မဟုတ်ပါဘူး ဒကာာကြီး…ဒီမှာ ဒကာမကြီးရဲ့ နောက်တစ်ယောက်မဟုတ်ပါဘူး…ဟောဒီထဲမှာ က လွန်ခဲ့တဲ့ငါးနှစ်ခန့်က ပျံတောမူသွားတဲ့ ဘုန်းကြီးရဲ့ဆရာတော်ပုံ ပါကွဲ့ ဟူသတည်း။

Read more...

ကြားဖူးနားဝ ရီစရာများ(၇)

>> Wednesday, February 13, 2008

ကိုဇနိက ဖုန်းဟာသလေးရေးလိုက်တော့ ကျွန်တော်လဲ ကြာဖူးတဲ့ဟာသလေးပြောရအုန်းမယ်။ တစ်ချို့လဲ ကြားဖူးမယ်ထင်ပါတယ်။ ဒီလိုဗျ… အဘိုးအိုတစ်ယောက် သူ့သားနေထိုင်ရာ မြို့ကို အလည်အပတ်သွားတာပေါ့။ သူနဲ့အတူ မြေးတစ်ယောက်ကို အဖော်ခေါ်လာတာပေါ့။ ကားဂိတ်ကိုရောကတော့ သူ့သားကို လာကြိုဖို့ဆိုပြီး မြေးဖြစ်သူကို ဖုန်းဆက်ခိုင်းလိုက်တယ်။ ကောင်လေးကလဲ အဖိုးပေးတဲ့ ဖုန်းနံပါတအတိုင်း နီးစပ်ရာ ပီစီအိုမှာ ဖုန်းဆက်တာပေါ့။ သူဖုန်းကိုင်လိုက်ပြီးခဏ အကြာမှာ တစ်ဘက်က အမျိုးသမီးအသံကို ကြားရတော့…ကောင်လေးက…´ဟာ…ဖုန်းပိတ်မထားပါဘူး…အန်တီ ဦးလေးကိုပြောလိုက်ပါအုံး…ကာဂိတ်ကိုလာကြိုပို့…ဒီမှာဖိုးဖိုးစောင့်နေတယ်…ဒါပါပဲ´ ဆိုပြီး ကြသေလောက်ဖုန်းဖိုးပေးပြီး အဖိုးရှိရာကို ပြန်လာတာပေါ့။ အဖိုးက ´တွေ့ခဲ့လားကွ မင့်ဦးလေးနဲ့´…ကောင်လေးက `မတွေ့ဘူး ဦးလေးမိန်းမနေဲ့ပဲတွေ့တယ်…လာကြိုဖို့ ပြောထားခဲ့တယ်`… ဒီလိုနဲ့ နှစ်ယေက်သား စောင့်နေကြတာပေါ့။ တစ်နာရီလောက်ကြာတော့ မလာတာနဲ့ အငှားကားတစ်စီးငှားပြီး သွားကြတော့တယ်။ သားဖြစ်သူအိမ်ကို ရောက်တော့…
သား။ ။ ဟော … အဖေကြီး … လာမယ်ဆိုလဲ ကြိုပြောပါဗျာ…သားလာကြိုမှာပေါ့။
ဖိုးဖိုး။း အေးကွ…မင်းဆီကို ဖုန်းဆက်တယ်…မင်းရဲ့တူကို ဆက်ခိုင်းတာ…မင့်ဇနီးနဲ့တွေ့တယ်ပြောတယ်ကွ။
သား။ ။ ဟေး…ခင်…ခင်ဆီကို ကို့တူလေးဖုန်းဆက်တယ်ဆို…ဘာလို့မပြောတာလဲကွ။

ခင်။ ။ မဆက်ပါဘူးတော်…ကျွန်မ တစ်နေ့လုံးအိမ်မှာရှိပါတယ်…
အဲဒီလို ဦးလေးဇနီးကပြောလိုက်တော့ ကောင်လေးက ၀င်ပြောလိုက်တာကတော့…
ကောင်လေး။ ။ ဟာ…အန်တီကလဲ ကျွန်တော် ဖုန်းဆက်ပါတယ်…လာကြိုပို့လေ အန်တီကိုပြောတော့. အန်တီကပြန်ပြောသေးတယ်…ဘာတဲ့…လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်မှာ စက်ပိတ်ထား၍သော်လည်းကောင်း ဆက်သွယ်မှု ဧရိယာ ပြင်ပ၌ရောက်ရှိနေ၍သော်လည်းကောင်း ခေါ်ဆိုလို့မရပါ` ဆိုလားပဲ။

Read more...

ကြားဖူးနားဝ ရီစရာများ(၅)

>> Tuesday, February 12, 2008

ဟိုစဉ်အခါက ရှမ်းဘုန်းကြီးတစ်ပါး ကျေးတောရွာတစ်ရွာသို့ ကြွလာတဲ့အခါ ဒီရွာနေလူတွေ စကားပြောကြပုံကို သုံးနှုန်းကြပုံကို အသေအချာလေ့လာမိတယ်။ ဒီမှာဒကာကြီး ချောင်းရိုးရဲ့ဟိုဘက် ကမ်းစပ်ကသောင်ပြင် ဘယ့်နှယ်ခေါ်သလဲ ဒကာ။ မှန်ပါဘုရား….ချောင်းရိုးရဲ့ဟိုဘက် ကမ်းစပ်ကသောင်ပြင် လတာပြင်ခေါ်ပါ့ ဘုရား။ ဒီမယ် ဒကာ ချောင်းရိုးဟိုဘက်ကမ်းမှာ အပင်တွေ အများကြီးစုလို့ပေါက်နေ….ဘယ်လိုခေါ်လဲကွဲ့။ မှန်ပါ ဘုရား အဲဒါ လမုတောပါ…တကယ်ပဲ အများကြီးပေါက်လို့နေပါတယ် ဘုရား။ ထိုစဉ်အခါ ချောင်းရိုးမှာ ခွေးသေကောင် မျောလို့ပါလာတယ်။ ဟောဟို ခွေးသေကောင်ပေါ်က အသားစားတဲ့ငှက်ကြီး ဘယ့်နှယ်ခေါ်သလဲ ဒကာ။ မှန်ပါ့ဘုရား…ခွေးသေကောင်ပေါ်က အသားစားတဲ့ငှက်ကြီး လဒ ကြီးပါ ဘုရား။ ထိုအခါ ဘုန်းဘုန်းက ဒီလိုတွေးမိတယ် `ဒီရွာနေလူတွေ စကားပြောကြရင် `လ` ဆိုတဲ့ အက္ခရာရှေ့ထားကာ တကယ်ပဲ သုံးနှုန်းတတ်ကြတယ်`… ထိုစဉ်အခါ ဘုန်းဘုန်းမှာ ဆွမ်းစားချိန်နီလို့လာပီပေါ့။ ဆွမ်းစားချန်တန်တော့ ဘုန်းဘုန်းက ဒကာတွေကို ဒီလိုမိန့်လိုက်ပါတယ်….´ဒီမှာ လဒကာ လမွန်းတည့်တော့မယ် လကွာ… လဆွမ်းကပ်တော့လေ လကွာ…လဒကာကြီးရာ´

Read more...

ကြားဖူးနားဝ ရီစရာများ(၈)

>> Tuesday, February 5, 2008



ကြားဖူးတဲ့နောက်ဟာသတခုကိုပြောပြချင်ပါသေးတယ်။ ရွာတရွာက လူတတ်ကြီးလုပ်တဲ့ လူတစ်ယောက်က မြို့ကိုရောက်တော့၊ ဖုန်းဆက်သတဲ့။ လမ်းဘေးကပီစီအိုဖုန်းတွေဖြစ်မှာပေါ့။ ဖုန်းကဆက်တတ်တာလည်း ဟုတ်ဖူးရယ် မြင်ဖူး၊ကြားဖူးယုံပဲရှိတာ။ ဖုန်းကို စကားပြောခွက်နဲ့၊ နားထောင်တဲ့ခွက်ကို ပြောင်းပြန်ကြီးကိုင်ပြီး
- ဟ လို ဟ လို - ဆိုပြီးလုပ်နေသတဲ့။
ဘေးက ဖြတ်သွားတဲ့တစ်ယောက်ကလည်း မနေနိုင်တော့
- အကိုကြီး ပြောင်းပြန်ကြီးဖြစ်နေတယ်။
သူကလည်း ဘယ်ရမလဲ ချက်ဖြင်းပြန်ပြောလိုက်တာပေါ့။ ငါသိပါတယ်ကွဆိုပြီး ဖုန်းခွက်ကိုကိုင်ပြီး ပြောလိုက်တာက -
- လဟို လဟို -တဲ့။


Read more...

ကြားဖူးနားဝ ရီစရာများ(၆)

>> Sunday, January 27, 2008



သူငယ်ချင်းတယောက်ကပြောပြတာပါ။
သူတို့နယ်ဘက်မှာ ရွာတွေကနေ တောသူတောင်သားတွေက ဈေးဝယ်သွားရင်ပဲဖြစ်ဖြစ်၊ လယ်ယာထွက်ကုန်တွေသွားရောင်းတာပဲဖြစ်ဖြစ် မြို့ဘက်ကိုသွားတဲ့အခါမှာ လယ်ထွန်စက်ကို ထွေလာတပ်ပြီး မောင်းပြီးသွားကြပါတယ်။ မြို့ကို တစ်ပတ်မှ တခါလောက်သာ သွားတာပါ။ သွားရင်လည်း တရွာဝင်တရွက်ထွက်ပေါ့။ လမ်းကြုံတဲ့ရွာကလူတွေကလည်း ဒီထွေလာကိုစောင့်ပြီးစီးကြရတာပါ။ တရွာကလူနဲ့ တခြားရွာကလူတွေကလည်း ခင်မင်ရင်းနှီးနေကြတာပါ။ တနေ့မှာ မြို့ကထွေလာကြီး ပြန်အလာ၊ လမ်းဘေးက ယာခင်းမှာ တခြားရွာက လူရွယ်တယောက်က ပေါက်တူးပေါက်နေသပေါ့။ ထွေလာပေါ်က လူက သူ့ကို မြင်သွားတော့ကာ၊ ပြီး သူ့မှာလည်း ညီမအများကြီးရှိမှန်းလည်းသိ၊ ညီမတွေကိုစရင် စိတ်တိုမှန်းလည်းသိတော့
- “ယောက်ဖကြီး ပေါက်ထားဟေ့၊ ပေါက်ထားဟ” ဆိုပြီးအော်ပြီးစသွားတာပေါ့။
ဟိုလူရွယ်ကလည်း အရှိန်နဲ့သွားနေတဲ့ ထွေလာဆိုတော့ လိုက်လည်း မမှီနိုင်မှန်းသိလို့၊ ဒေါသထွက်လည်း ငြိမ်ခံနေရတာပေါ့။ သူအော်စပြီး ချက်ခြင်းပဲ ထွေလာကားဘီးက ဖောင်းဆိုပြီး အသံမြည်ပြီး ပေါက်ပါလေရော။ထွေလာလည်းရပ်သွားတော့တာပေါ့။ ထွေလာရပ်သွားတာကိုလည်းမြင်ရော၊ ဟို ကိုစိတ်တိုက ပေါက်တူးကို ဆွဲလာပြီး၊ ဒေါကြီးမောကြီးနဲ့ပြေးလာပါလေရော။
ရပ်နေတဲ့ထွေလာနားလည်း ရောက်တဲ့အခါ
- “ငါ့ကို ယောက်ဖလို့ အော်သွားတာဘယ်ကောင်လဲကွ၊ ဆင်းလာခဲ့စမ်း”
အဲသတော့ခါ အော်ပြီးစမိတဲ့သူက မနေသာ
- “ဟေ့ကောင် ငါ့ညီမ မင်းကိုပေးမှာပါကွ “
အဲသလို ကြောက်လန့်တကြီး ပြန်ပြောလိုက်တော့ ဒေါသထွက်နေတဲ့လူလည်း ကြောင်တောင်ကြီး ဖြစ်သွားပြီး လှည့်ပြန်သွားရတာပေါ့။

ခင်ဗျားတို့လည်း သူငယ်ချင်းတယောက်ယောက်ကို ယောက်ဖကြီးဆိုပြီး ခေါ်ပြီး စတတ်တိုင်း ကိုယ်ကပဲ အမြဲရတာမဟုတ်ဘဲ ပြန်လည်းပေးရတတ်တယ်ဆိုတာ သတိရကြပါ။



Read more...

ကြားဖူးနားဝ ရီစရာများ(၄)

>> Thursday, January 24, 2008

ကျွန်တော်တို့ ဘက်မှာ `တ` နဲ့` သ` မပီတဲ့ ရွာတစ်ရွာရှိတယ်။ အဲဒီရွာက လူတစ်ယောက်နဲ့ အသိမိတ်ဆွေဖြစ်တော့ သူ့ရဲ့အဖြစ်အပျက်ကို ပြောပြတယ်လေ။ ဒီလို… သူ့အမေက တစ်ခြားရွာမှာနေတဲ့ ဦးသောင်းတင်အိမ်ကို ပြောင်းဖူးမျိုးစေ့ သွားယူခိုင်းတယ်။ သူကအဲဒီရွာကို တစ်ခါမှမရောက်ဖူးဘူး။ ဘယ်နားမှာရှိတယ်…ဘယ်လိုသွားရတယ်ဆိုတာတော့ သိတာပေါ့။ အိမ်ကနေထွက်လာရင်း လမ်းမှာစဉ်းစားမိတာက ဦးသောင်းတင်အိမ်က ရွာရဲ့တောင်ဘက်ပိုင်းလား မြောက်ဘက်ပိုင်းလားဆိုတာ မမေးခဲ့မိဘူးလေ။ ဒီလိုနဲ့ ဦးသောင်းတင်နေတဲ့ ရွာကိုရောတော့…လမ်းမှာတွေ့တဲ့သူတိုင်းကို ဒီလိုမေးသတဲ့…´ဦးတောင်းသင် အိမ်က ဘယ်နားမှာလဲခင်ဗျာ´… သူ့အမေးကို ဘယ်သူမှမဖြေနိုင်ဘူး…ဘာလို့လဲဆိုတော့ အဲဒီရွာမှာ ဦးတောင်းသင် ဆိုတာ ရှိမှမရှိတာကိုး။ ဒါနဲ့ သူလဲ စိတ်ပျက်ပျက်နဲ့ ရွာလယ်က ဘုရားရှိခိုးကျောင်းမှာ ခဏအနားယူနေတာပေါ့။ အနီးအနားမှာ ကလေးတစ်သိုက်က ကစားနေကြတာပေါ့ဗျာ။ အဲဒီမှာ ကလေးတစ်ယောက် လေးနှစ်အရွယ်လောက်ရှိမယ်ထင်တယ်တဲ့… သူထိုင်နေတဲ့နေရာကိုရောက်လာပြီးး ´တူးတူး တားတားကို ကြက်တောင်ကွင်းပေးပါ`လို့ တောင်းတော့ သူ့လက်မှာရှိတဲ့ ကြက်ပေါင်ကွင်း ကိုပေးလိုက်တာပေါ့။ ဒါနဲ့ သူကလဲ အဲဒီကလေးကို `ဦးတောင်းသင် အိမ်ကို သိလား`လို့မေးတော့ ကလေးက `တိတယ်… ဦးတောင်းသင်က တားတား ဘဘ` ဆိုပြီးခေါ်သွားလို့ အဲဒီအိမ်ကို ရောက်ခဲ့ရတယ်တဲ့။
သူက တစ်ဆက်တည်းပြောသွားသေးတယ်… ဟေ့ကောင် ငါက သော်တလင်းလ ဒါမှမဟုတ် တသင်းကျွတ်ဆိုရင် မင်္ဂလာဆောင်မယ်တဲ့… အဲဒီအခါကျရင် သစ်ရွာလုံးကို ဗူးတီးနဲ့ဝက်တား ကျွေးမယ်ဆိုပဲ။

Read more...

ကြားဖူးနားဝ ရီစရာများ(၃)

>> Monday, January 21, 2008

သူငယ်ချင်းတစ်ယောက်ကပြောဖူးတာပါ။ သူတို့ ရွာဘက်မှာ ဖြစ်ခဲ့တာလေ။ သူတို့ မူလတန်းကျောင်းမှာ ကျောင်းစောင့်တစ်ယောက်ခန့်ထားတယ်ပေါ့။ ကျောင်းစောင့်ဆိုပေမယ့် ညဘက် ကျောင်းမှာ စောင့်ရတာမဟုတ်ဘူး… ကျောင်းသူကျောင်းသားတွေ ဆရာ ဆရာမတွေ မလာခင် ကျောင်းမှာ သန့်ရှင်းရေးလုပ်ရတယ်။ သောက်ရေအိုးတွေ ရေဖြည့်ရတယ်။ ဆရာ ဆရာမ တွေက ခိုင်းတာတွေကိုလဲ လုပ်ပေးရတယ်။ တစ်နေ့တော့ ကျောင်းအုပ်ဆရာကြီးက အဲဒီလူကို တစ်ခြားကျောင်းတစ်ကျောင်းကို ကိစ္စတစ်ခုနဲ့ သွားခိုင်းတာပေါ့။ ဒီတစ်ခါတော့ အခါတိုင်းထက်ပိုမြန်အောင်လို့ ဆိုပြီး စက်ဘီးယူသွားလို့ ပြောလိုက်တာပေါ့။ အမောင်ကျောင်းစောင့်ကလဲ ဘာမှမပြောဘဲ စက်ဘီလေးယူပြီး ထွက်သွားတာပေါ့။ တစ်နာရီလောက်ကြာတော့ ဆရာကြီးက စဉ်းစားတယ်… အင်း ဒီကောင် ဒီတစ်ခေါက် သွားတာ ကြာပလား… စက်ဘီများ ဘီးပေါက်နေလို့လား… စသည်ဖြင့်ပေါ့… ခဏနေတော့ အမောင်ကျောင်းစောင့် ပြန်ရောက်လာပါရော။ အခါတိုင်းထက်လဲ မောပန်းနေတဲ့ ပုံစံနဲ့ပေါ့။ ဆရာကြီးရှေ့ရောက်တော့… ဆရာကြီးက
- မင်း ဒီတစ်ခေါက်သွားတာ ကြာလှကြီးလားကွ။ ခြေလျင်သွားတုန်းက ပိုမြန်သလိုပဲ။ အခု စက်ဘီးလဲ ယူသွားပါတယ်။
- ဟုတ်ကဲ့။
- ဘာလို့ ကြာနေတာလဲကွ။ ဘီးပေါက်နေလို့လား။


- မဟုတ်ဘူး ခင်ဗျ။
- အဲဒါဆို ဘာလို့လဲ။
- ကျွန်တော် စက်ဘီးမစီးတတ်ဘူးခင်ဗျ။ ဆရာကြီးက စက်ဘီးယူသွားဆိုလို့ ယူသွားတာ။ စက်ဘီးကို တွန်းနေရလို့ ပိုကြာသွားတာပါ ခင်ဗျ။ မောလိုက်တာ ဆရာကြီးရယ်။ နောက်တစ်ခါ စက်ဘီးယူမသွားတော့ဘူး။ ခြေလျင်ပဲ သွားတော့မယ်။

Read more...

ကြားဖူးနားဝ ရီစရာများ(၂)

>> Sunday, January 20, 2008



ငယ်ငယ်တုန်းက စာပေဟောပြောပွဲကိုသွားပြီးနားထောင်တယ်။ လာပြီဟောပြောတဲ့ စာရေးဆရာ၊ဆရာမတွေက ဘယ်သူတွေလည်းဆိုတာလည်း မမှတ်မိဘူး။ ဘာတွေဟောပြောသလဲဆိုတာလည်း ကောင်းကောင်းမမှတ်မိပါဘူး။ စာရေးဆရာမကြီးတစ်ယောက်က “အရူးပါး” အကြောင်းကို ဟောပြောသွားတာလေးကိုပဲ မှတ်မိနေတယ်။

စိတ်ကျန်းမာရေးဆေးရုံရှေ့က ကားမှတ်တိုင်မှာ အမျိုးသမီးတစ်ယောက်က နို့စို့အရွယ်ကလေးလေးကို ရင်ခွင်မှာပိုက်ပြီး လိုင်းကားကိုစောင့်နေတယ်။ အဲဒီအချိန်မှာ စိတ်ကျန်းမာရေးဆေးရုံထဲကနေ အမျိုးသားတစ်ယောက်ထွက်လာတယ်။ ၀တ်စားထားတာရော၊ ပုံပန်းသွင်ပြင်ကပါ ခပ်နွမ်းနွမ်းနဲ့ပါ။ ကားမှတ်တိုင်ကို ရောက်တော့ကာ ရီဝေေ၀မျက်လုံးတွေနဲ့ အမေ့ရင်ခွင်မှာပိုက်ထားတဲ့ ကလေးလေးကိုပဲ ကြည့်နေတော့တာ။ ကလေးအမေ အမျိုးသမီးကလည်း အော် သူ့ခမျာ… သားသမီးစိတ်နဲ့ စိတ်ကျန်းမာရေး မကောင်းဖြစ်နေပုံရတယ်လို့တွေးမိနေတာပေါ့။ ခဏနေတော့ အဲဒီလူက စမေးတယ်။
- ကလေးလေးက ယောက်ျားလေးလား၊ မိန်းကလေးလား။
- မိန်းကလေးပါရှင်။
- ချစ်စရာ ကောင်းလိုက်တာ။ ဘယ်နှလ ရပြီလဲ။
- ၆ လသမီးပါရှင်။
- ချစ်စရာ ကောင်းလိုက်တာဗျာ။
မျက်လုံးတွေကလည်း အရည်တွေလက်လာပြီး၊ မျက်နှာကြီးကလည်း ရွှင်လန်းလာတာပါပဲ။ အင်း ကလေးနဲ့သူ့ရောဂါတော့ ပတ်သတ်တာသေချာနေပြီ။
- တချက်လောက် နမ်းခွင့်ပေးပါလားခင်ဗျာ။
- နမ်းပါရှင်၊နမ်းပါ၊ နမ်းပါ၊ ရပါတယ်ရှင့်။
အဲသလိုလဲ ပြောလိုက်ရော နမ်းခွင့်တောင်းတဲ့ လူကြီးက ကလေးအမေ့ပါးကို ရွှတ်ခနဲမွှေးမွှေးပေးပြီးထွက်ပြေးသွားပါလေရော။

အရူးပါးတွေဘေးမှ ကင်းဝေးကြပါစေ။



Read more...

ကြားဖူးနားဝ ရီစရာများ(၁)

>> Saturday, January 19, 2008


အခုဟာသကတော့ ကြားဖူးနားဝရီစရာလေးပါ။
အကိုတစ်ယောက်ပြောပြလို့ ရီရလို့ချရေးလိုက်တာပါ။
နောင်လည်း သူငယ်ချင်းတွေက ပြောပြတာတွေရော၊ ဆရာဆရာမတွေက ပြောပြတာတွေရော၊ အမှတ်တရအဖြစ် ကြုံရင်ရေးဦးမှာပါ။

အိုးဖင်ကို ရေလေးသုတ်…

အကိုကြီးတစ်ယောက်က ပြောဖူးတာပါ။ သူတို့ကျောင်းပြီးတော့ အပြင်မှာနေပြီး အလုပ်လုပ်ကြတယ်။ သူငယ်ချင်းတယောက်က နယ်ကနေ သူတို့နဲ့ အတူလာနေသပေါ့ဗျာ။ တနေ့ အကိုကြီးက ဟေ့ သူငယ်ချင်း ထမင်းအိုးလေးတလုံးလောက်ချက်လိုက်စမ်းပါကွာ။ ငါမအားသေးလို့။ ထမင်းအိုးဖင်လေးကိုရေသုတ်ပြီးမှ ပေါင်းအိုးထဲ့ထည့်နော်လို့ ပြောလိုက်သတဲ့။ ဆန်ဆေးတာတွေလည်း အသံတွေကြားတယ်။ ပြီး ဘေးမှာချထားတဲ့ရေခွက်ထဲကရေကို လက်နဲ့ နှိုက်ပြီး ထမင်းပေါင်းအိုးဖင်ကိုသုတ်နေသတဲ့။
- "ဟေ့ သူငယ်ချင်း ထမင်းအိုးဖင်ကို ဘာလုပ်နေတာလဲဟ"
- "ဟ မင်းပဲ အိုးဖင်ကိုရေလေးသုတ်ပြီးမှချက်ဆိုလို့ရေသုတ်နေတာကွ"

ကျနော်တို့လည်း ဒီလောကကြီးမှာ ထမင်းပေါင်းအိုးဖင်ကို ဘယ်လောက်များ ရေတွေသုတ်မိနေပြီလဲ မသိပါဘူးနော်။

Read more...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP