ကိုယ့်စိတ်ကိုယ်စစ်

>> Monday, March 24, 2008


ဝဉ္စနာတရား (၃၇)ပါး အကျဉ်းချုပ်ခေါင်းစဉ်
အရှင်ဆန္ဒာဓိက၊ ကိုယ့်စိတ်ကိုယ်စစ် စာအုပ်မှ


ကိုယ့်စိတ်ကို ကိုယ်က “စိတ်ကောင်း” ထင်နေပေမယ့် တကယ်တမ်းကျတော့ “စိတ်ဆိုး”ဖြစ်နေတာမျိုး လုံးဝမဖြစ်စေဖို့အတွက် စိတ်ကိုလှည့်ပတ်တတ်တဲ့ ၀ဉ္စနာတရားတွေကို သေသေချာချာ သိထားသင့်ပါတယ်။



(၁) ချစ်ခင်နှစ်သက်ခြင်း၊ တပ်မက်စွဲလမ်းခြင်းဆိုတဲ့ “ရာဂ”က မေတ္တာယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။ သံယောဇဉ်နဲ့ချစ်တာကို မေတ္တာနဲ့ချစ်တယ်လို့ထင်တာမျိုး၊ တဏှာနဲ့ပွတ်သပ်ပိုက်ထွေးတာကို မေတ္တာနဲ့ကြင်နာယုယတယ်လို့ ထင်တာမျိုးပေါ့။

(၂) စိတ်ပူခြင်း၊ စိုးရိမ်ခြင်း၊ ၀မ်းနည်းပူဆွေးခြင်းဆိုတဲ့ “သောက”က ကရုဏာယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ ကိုယ်ချစ်ရတဲ့သူတွေ ဆင်းရဲဒုက္ခရောက်နေတာကိုကြည့်ပြီး စိတ်မချမ်းမသာဖြစ်နေတာကို သနားတတ်တယ်၊ စာနာတတ်တယ်လို့ ထင်နေတာမျိုးပေါ့။

(၃) ပျော်ရွှင်မြူးထူးခြင်းဆိုတဲ့ “ပဟာသ”က မုဒိတာယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ သူတစ်ပါးရဲ့အောင်မြင်မှု တစ်ခုခုကို အကြောင်းပြုပြီး အူမြူးခုန်ပေါက်နေတာ၊ ရယ်မောအော်ဟစ်နေတာ၊ ပျော်ပွဲနွှဲပြီးကဲနေတာ၊ အပျော်ကြူးပြီး မူးနေတာကို သူတစ်ပါးရဲ့ အောင်မြင်မှုအတွက် နှစ်သက်ဝမ်းမြောက်တတ်တယ်၊ မုဒိတာပွားတတ်တယ်လို့ ထင်နေတာမျိုးပေါ့။

(၄) ကုသိုလ်အလုပ်အားထုတ်မှု မပြုတော့ခြင်းဆိုတဲ့ “နိက္ခိတ္တဓုရ”က ဥပေက္ခာယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါသည်။ ကုသိုလ်ကိစ္စကြောင့်ကြ မစိုက်ချင်တော့တာ။ တာဝန်ယူချင်စိတ် မရှိတော့တာကို “ကံအတိုင်းပဲ၊ မတတ်နိုင်ဘူး” လို့ ကံကိုလွှဲချပြီး အပျင်းထူနေတာမျိုးပေါ့။

(၅) စိတ်ပူလောင်ခြင်း၊ စိတ်ဆင်းရဲခြင်းဆိုတဲ့ “စိတ္တသန္တာပ”က သံဝေဂယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ ရတာမလို၊ လိုတာမရလို့၊ အလုပ်အကိုင် အဆင်မပြေလို့၊ စိတ်ညစ်စရာပြဿနာတွေနဲ့ ကြုံတွေ့ရလို့ စိတ်ပူလောင်နေတာ၊ စိတ်ဆင်းရဲနေတာ၊ လောကကြီး အပေါ် မကျေမနပ်ဖြစ်နေတာကို ဘ၀ကြီးကို ငြီးငွေ့နေပြီ၊ သံသရာကြီးကို ထိတ်လန့်နေပြီလို့ ထင်နေတာမျိုးပေါ့။

(၆) သူတစ်ပါးအပေါ် မယုံမကြည်ဖြစ်နေခြင်းတိုတဲ့ “အသဒ္ဓိယ”က ပညာလို့ခေါ်တဲ့ ၀ီမံသယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ ဟိုလူ့ကိုမယုံ၊ ဒီလူ့ကိုမယုံ၊ ဟိုဟာမယုံ၊ ဒီဟာမယုံနဲ့နေရာတကာ ယုံမှားသံသယဖြစ်နေတာ၊ သဒ္ဓါတရားခေါင်းပါးနေတာကိုပဲ စူးစမ်းဆင်ခြင်းတတ်တယ်၊ ဝေဖန်ပိုင်းခြားတတ်တယ်၊ ၀ိဘဇ္ဇဉာဏ်ရှိတယ်လို့ အသားလွတ် အထင်ကြီးနေတာမျိုးပေါ့။

(၇) ပုဂ္ဂိုလ်ရေး ဝေဖန်ပုတ်ခတ်ခြင်းဆိုတဲ့ “ပုဂ္ဂလဂရဟိတာ”က မကောင်းမှုကို ကဲ့ရဲ့ခြင်းဆိုတဲ့ “ပါပရဟိတာ”ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ ကောင်းစေချင်လို့ပြောတာပါ၊ သာသနာ့မျက်နှာကိုကြည့်ပြီး သာသနာစိတ်နဲ့ ရေးတာပါလို့ အသံကောင်းဟစ်နေပေမယ့် တကယ်တမ်းကျတော့ ဆရာကြီးလုပ်လိုစိတ်၊ မနာလိုစိတ်၊ နာကျည်းစိတ်တွေနဲ့ အပြစ်မရှိ အပြစ်ရှာပြီး ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာထိခိုက်အောင် ပြစ်တင်ဝေဖန် ကဲ့ရဲ့ရှုတ်ချ ပုတ်ခတ်စော်ကားတာမျိုးပေါ့။

(၈) စကားကြမ်း၊ စကားရိုင်း ပြောဆိုခြင်းဆိုတဲ့ “ဖရုသ၀ါစာ”က အပြစ်ကို နှိပ်ကွပ်ပြီး ဆုံးမခြင်းဆိုတဲ့ “နိဂ္ဂယှဝါဒိတာ” ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။ အပြစ်ရှိသူကို နှိမ်ချပြီး ရိုင်းရိုင်းစိုင်းစိုင်း ကြမ်းကြမ်းတမ်းတမ်းမာမာကြောကြော ပြောဆိုတာကိုပဲ ကောင်းစေချင်လို့ ဆုံးမတာ၊ မခံချင်စိတ်ဖြစ်အောင်လို့ နှိုးဆွတာလို့ လှည့်စားတာမျိုးပေါ့။

(၉) ဒကာဒကာမတွေအပေါ် အောက်ကျို့ပြောဆိုခြင်းဆိုတဲ့ “စာဋ္ဋုကမျတာ”က ချစ်ဖွယ်စကားပြောဆိုခြင်းဆိုတဲ့ “ပိယ၀ါဒိတာ”ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ လာဘ်လာဘကို ငဲ့ပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်နှိမ့်ချချနဲ့ ခယဆက်ဆံတာကိုပဲ ဒကာဒကာမတွေအပေါ် စကားပြောချိုသာတယ်၊ သဘောကောင်းတယ်လို့ ထင်နေတာမျိုးပေါ့။

(၁၀) မိမိပိုင်ပစ္စည်းဥစ္စာတွေကို သူတစ်ပါးနဲ့ ခွဲဝေမသုံးစွဲခြင်းဆိုတဲ့ “အသံဝိဘာဂသီလတာ”က အသက်မွေးစင်ကြည်ခြင်းဆိုတဲ့ “အာဇီဝပါရိသုဒ္ဓိ” ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ ကိုယ့်ပစ္စည်း သူများမပေးချင်လို့ နှမြောတွန့်တိုနေတာကိုပဲ သီလမစင်ကြယ်သူကို လှူရင် အဆိပ်ပင်ရေလောင်းရာရောက်မှာစိုးလို့လို့ အကြောင်းပြတာမျိုးပေါ့။

နောက်မှပဲ ကျန်တာတွေကို ဆက်ကူးရေးပါဦးမယ်။
သဘောကျလို့ မှတ်ထား၊ ဝေမျှတာပါ။

0 comments:

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP