လောင်းမယ်နော်……..

>> Monday, April 14, 2008


လောင်းမယ်နော်……..

မ၀ံ့မရဲပြောလာသော သူ့အသံသြရှရှကို ခေါင်းငုံ့နားထောင်ရင်း
“အင်း”ဟု မော့မကြည့်ဘဲ ဆိုလိုက်၏။
ဆံနွယ်တွေဆီမှ ကျလာသော အေးစိမ့်သည့် ရေစက်အချို့မှာ ရှက်စိတ်နှင့် ပူနွေးနေသော မျက်နှာပေါ်သို့…။
နှာခေါင်းကို လက်နှင့် ဖွဖွပိတ်ခါ အသက်ရှုရင်း သူရေလောင်းပြီးရင် ဘာပြောလာမလဲ…..ဘာပြန်ပြောရမလဲ။
ရင်ခုံသံ တဒိတ်ဒိတ်က နားဆီထိရိုက်ခတ်နေသည်။
“ကိုယ်…သိပ်ပျော်တယ်သိလား”
ဆံပင်အချို့ကို သပ်တင်ရင်းကြည့်လိုက်တော့ ရေခွက်ကိုပိုက်ရင်း သူကပြုံးတုံ့တုံ့နှင့် ငုံ့ကြည့်ကာ တိုးဖွဖွဆို၏။
သူ့အကြည့်ကို ကြာကြာရင်မဆိုင်ရဲစွာ လွှဲဖယ်ရင်း…ဟုတ်…လို့ပဲဆိုမိပြန်သည်။


နှစ်ဆန်းတစ်ရက်နေ့ မရောက်သေးပဲနဲ့ မမတိုးတို့ရေတွင်း ဘယ်သူလာဆည်သွားလည်း
“ရေတွေမရှိတော့ဘူးတော့”
နှင်းနှင်းအော်သံကို ကြားသည်နှင့် “သွားတော့မယ်..”ဟု နှုတ်ဆက်တော့ သူက
“ညကြ ဒွေးလေးတို့အိမ်ဘက် ခဏလာခဲ့ဦးနော်”ဟု တည်တည်ငြိမ်ငြိမ်ပြောရင်း နှင်းနှင်းတို့ရှိသော မာလကာပင်တန်းဆီသို့ အရင်သွားနှင့်သည်။
တစ်ကိုယ်လုံးစိုကပ်သွားသည့် အ၀တ်အစားတွေကို ဆွဲဆန့်ရင်း နှင်းနှင်းတို့ဆီ မသွားတော့ပဲ အိမ်ဘက်ဆီ ကို ပြန်လာခဲ့သည်။ နှင်းနှင်းတို့ စမှာကြောက်တာရော သူ့ကိုရှက်နေတာရော။
အဘသည် ရေနွေးကြမ်းအိုးတစ်လုံးနှင့်…။.ခါတိုင်းလိုပဲ အ၀တ်စုတ်တစ်ခုနှင့် စားပွဲကိုပြောင်လက်အောင် ပွတ်တိုက်နေသည်။
တန်းလျားဘောင်နားကပ်၍ “ဘ……” လို့ခေါ်လိုက်တော့အဘက “ဗျို”လို့ထူးရင်း
”ဘာလိုလိုနဲ့ ငါ့မြေးတောင်အရွယ်ရောက်လာပြီပေါ့ ဟုတ်လား”ဟု ပြုံးပြုံးကြီး ဆိုလေသည်။
သည်လို ဘကလျင်သည်။
“ဘ….အမေကြီးကို မပြောသေးနဲ့ဦးနော် သမီးကြောက်တယ်”
“ဟားဟား ငါ့မြေးကိုဆူရင် ဘက ဟေ့ မမြရွှေ ညည်းကို ကျုပ်ခေါင်းကနေ ရေဖြိုလောင်းတုန်းက ညည်းအသက် ငါ့ မြေးလောက်မရှိသေးဘူးလို့ တစ်ခွန်းပဲပြောလိုက်မယ်”
“သွား အ၀တ်အစားလဲချေ မကြောက်နဲ့ဘရှိတယ်”
ပြောရင်း ဘက တဟားဟားရယ်နေတာကိုတွေ့မှ ဘနှင့်အတူလိုက်ရယ်ရင်း အခန်းထဲကို ပြေးဝင်လာခဲ့သည်။
အရင်ဆုံး ရေစိုနေသည့်ခေါင်းကို တဘက်နှင့် ဖွဖွသုတ်ရင်း ဒီနေ့သင်္ကြန်အကြတ်နေ့မှာ ချစ်သူအဖြစ်စတင် တော်လိုက်တဲ့ သူ့မျက်နှာချိုချိုပြုံးကို မြင်ယောင်နေမိသည်။
(သင်္ကြန်အကြတ်နေ့တွင် ကိုယ်ပြန်လည်မေတ္တာမျှနိုင်သူကို ခေါင်းမှရေဖြိုလောင်းခွင့်ပြုချင်းဖြင့် အဖြေပေး တတ်သော အလေ့ရှိသည့် မေတို့ရွာက အပျိုမတွေကို အောက်မေ့ရင်း…..ကိုဇနိနှင့်မဇနိက သင်္ကြန်မှာချစ်သက်တမ်းခြောက်နှစ်ပြည့်တာဆိုတော့ အဲလိုများ အဖြေပေးရင်း ချစ်သူတွေ ဖြစ်သွားကြတာလားလို့တွေးကြည့်ရင်း……ဆောင်းကမကုန်သေးပဲ မိုးကသဲသဲမဲမဲရွာနေတော့ တုန်ချမ်းချမ်းတုန်ချမ်းနဲ့ သင်္ကြန်ကိုအလွမ်းသည် လိုက်ရပါသည်။)

မေအောင်

4 comments:

ဇနိ April 14, 2008 at 2:46 AM  

ကျနော်တို့နှစ်ယောက်က ရေမလောင်းခဲ့ကြဘူးဗျ။ အမှတ်တယရှိတာ ကျေးဇူးတင်ပါတယ် မမေအောင်။ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။

မောင်ဖြူ April 15, 2008 at 7:32 PM  

ရေမလောင်းပေမယ့်၊ ခွက်စောင်းတော့ခုတ်မှာပါ ကိုဇနိရယ်။ :P

Anonymous April 15, 2008 at 7:39 PM  

ရွှေမျက်စောင်းနဲ့အထိုးခံရတာပါကိုဖြူရယ်။

tmn April 19, 2008 at 1:08 PM  

ကိုဇနိက ရွှေမျက်စောင်းတဲ့... အဲဒါပြောတာပေါ့...ချစ်တော့လဲ မျက်စောင်းကနေ ရွှေမျက်စောင်းဖြစ်သွားတယ်နော...:P

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP