လက်ဆောင်
>> Saturday, October 18, 2008
တဦးတယောက်ဆီက လက်ဆောင်လေးတွေရလိုက်တိုင်း ပျော်ရွှင်တတ်ကြတယ်။ အထူးသဖြင့် ကျွန်မအတွက်တော့ နေမကောင်းဖြစ်နေတဲ့အချိန်၊ ဝမ်းနည်းစရာတွေ ကြုံတွေ့နေရတဲ့အချိန်၊ ထူးခြားတဲ့အချိန်တွေမှာ ရတဲ့ လက်ဆောင်ကို ပိုလို့ အမှတ်ရမိတယ်။ အဲဒီအချိန်မှာ လက်ဆောင်ရရင် သိပ်ပျော်ရွှင်သွားခဲ့တယ်။ တခဏတာ စိတ်အပြောင်းအလဲလေးတွေ ဖြစ်သွားတတ်တယ်။ စိတ်ပူပင်တာတွေ အနည်းနဲ့အများ လျော့သွားတတ်တာကို သတိထားမိပါတယ်။
သာမန်အချိန်ဆို ဒီလိုပဲ လုပ်စရာလုပ်၊ စားစရာချက်ပြုတ်နေတဲ့ ကျွန်မက နေမကောင်းဖြစ်ချိန်ဆိုရင်တော့ အတော်အားငယ်တတ်တာပါ။ ငယ်ငယ်က နေမကောင်းဖြစ်ရင် အိပ်ယာထဲကနေ အဖေနဲ့အမေကို တယောက်တလှည့် အော်ခေါ်နေခဲ့တာ။ အနားကို အမေတို့ရောက်လာတော့လည်း ဘာမှမဟုတ်ပြန်ပါဘူး။ အဲဒီအချိန်ဆို အဖေက ကျွန်မတို့အိမ်နားမှာ ကျွန်မကြိုက်တတ်တဲ့ ဆီချက်ခေါက်ဆွဲလေး ဝယ်လာပေးတယ်။ ဒါမျိုးဆို ကျွန်မက နေကောင်းသွားတာ။ ခေါက်ဆွဲဆိုလည်း အပြားအကြီး ဆီချက်ခေါက်ဆွဲသုပ်မှ ကြိုက်တာပါ။ ဘာအသားမှမပါလည်း ကြိုက်တာပဲ။ “အမေ သမီးနေမကောင်းဘူး” ဆိုရင် အဖေက သဘောပေါက်တယ်။ ခေါက်ဆွဲထုပ်လေးဆွဲလာတော့တာ။ အဆောင်မှာ နေခဲ့တုန်းကလည်း ခဏခဏဖျားတာ။ အနွေးထည်လေး အမြဲဝတ်နေရတော့ သူငယ်ချင်းတွေက မုန့်လေးနဲ့လာမေးမှ နေပြန်ကောင်းခဲ့တာ။
ရန်ကုန်မှာ ကျောင်းတက်တုန်းကလည်း အဖျားကြီးပြီး လူက အားနည်းနေတယ်။ တပတ်လောက် အိပ်ယာထဲမှာ ခွေနေပြီး စိတ်အားငယ်နေချိန်မှာ ဝမ်းကွဲအစ်ကိုက စလုံးကနေ လက်ဆောင်ပို့လိုက်တယ်။ သားရေလက်ပတ်နာရီကလေး။ အဲဒါလေးကြည့်ပြီး နေပြန်ကောင်းစပြုလာခဲ့တယ်။ ကျွန်မက လက်ဆောင်လေးတွေရရင် ပျော်သလို သူများကိုလည်း ပျော်စေချင်တော့ ဂရုတစိုက်ပေးတတ်ပါတယ်။ ကျွန်မကျောင်းပိတ်လို့ အိမ်ပြန်ရင် အိမ်သားတွေအတွက် လက်ဆောင်သယ်ရတာ မမောနိုင်ပါဘူး။ ကျွန်မတို့အညာက ငါးပိ၊ ငါးခြောက်ဆို အောက်ပြည်ကတဆင့်လာမှ ရတာဆိုတော့ ရန်ကုန်ကနေဝယ်ရင် လတ်လတ်ဆတ်ဆတ် ကောင်းတာတွေ ရတယ်။ ကျောင်းပိတ်ပြန်တော့မယ်ဆို အမေ့အတွက် ငါးပိမျိုးစုံ၊ ငါးခြောက်အမယ်စုံ ခြင်းအကြီးနဲ့ တနင့်တပိုးသယ်သွားတယ်။ ငါးပိရေကျိုကိုလည်း ပလပ်စတစ်ဘူးနဲ့ သယ်တာပေါ့။ ငါးပိရေကျိုကို အဖေက မက်မောမှန်းသိလို့ ပါအောင် သေချာ သယ်ရတယ်။ သိရိမင်္ဂလာဈေးကို မမောမပမ်းသွားဝယ်ရတယ်။ အိမ်ပြန်လို့ ကျွန်မလက်ဆောင်တွေ အမေကြိုက်တယ်ဆို ကျွန်မပျော်ခဲ့တာပါ။ ကျွန်မမောင်လေးတွေ ကျောင်းတက်ပြန်လာရင်တော့ အိမ်အတွက် ဘာမှ ပါမလာခဲ့ဘူး။ သယ်ရတာ ရှုပ်လို့တဲ့လေ။
သီတင်းကျွတ်လပြည့်ညကလည်း လက်ဆောင်လေးတွေရလို့ ပျော်နေခဲ့တာပါ။ အမတွေက ကျွန်မတို့နှစ်ယောက်စိတ်ကိုများ သိနေကြလေသလား မသိဘူး။ အဖိုးတန်လက်ဆောင်လေးတွေ လာပေးသွားကြတယ်။ ဒါနဲ့ပဲ ကိုဇနိနဲ့နှစ်ယေက်စိတ်ကူးယဉ်လိုက်တဲ့အခါ အတော်ပျော်စရာကောင်းတဲ့ သီတင်းကျွတ်လပြည့်ညလေးဖြစ်သွားခဲ့ပါတယ်။ အမနုစံက မုန့်ဖိုးယန်းတွေလာပေးသွားတယ်။ အမတန်ခူးက ကြိုက်သလောက်ဖြည့်သုံးဆိုပြီး ချက်လက်မှတ်ပေးသွားတယ်။ အမချိုသင်းပေးသွားတာက လေယာဉ်လက်မှတ်။ ဘယ်ရမလဲ နှစ်ယောက်သမား စိတ်ကူးတွေယဉ်လိုက်ကြပုံများ ပါးစပ်ကို မပိတ်နိုင်ဘူး တပြုံးပြုံးပေါ့။
မဇနိ။ ။ ကဲ ကိုဇနိရေ အမချိုသင်းက လေယာဉ်လက်မှတ်ပေးသွားတယ်။ ကိုဇနိ ဂျပန်လာမလား။ ဒါမှမဟုတ် မဇနိလာခဲ့ရမလား။
ကိုဇနိ။ ။ ဟေ ဘယ်မှာလဲကွ လေယာဉ်လက်မှတ် (မျှော်လင့်တောင့်တနေတဲ့ အလိုချင်ဆုံးလေးပါ)။
မဇနိ။ ။ သြော် ကွန်းမန့်ကိုသွားကြည့် ခုလေးတင်ပဲ အမချိုသင်းပေးသွားတာ။
ကိုဇနိ။ ။ ဟာ နိပ်သဟ ဒါကြောင့်ပြောတယ် အမတွေက ချစ်စရာကောင်းပါတယ်ဆို
မဇနိ။ ။ ကိုဇနိမပြောလည်း ဒို့က အမတွေကို ချစ်ပြီးသား။ ဒါနဲ့ ဘယ်သူက ဘယ်ကိုလာကြမလဲ စဉ်းစားစမ်းပါအုံး။
ကိုဇနိ။ ။ အေးကွာ ငါလည်း ဂျပန်ကိုလာချင်တယ်။ မင်းကိုလည်း ဒီမှာလျှောက်လိုက်ပို့ချင်တယ်။
မဇနိ။ ။ သိပြီ ကိုဇနိရ
ကိုဇနိ။ ။ ဘာသိတာလဲ ဟ
မဇနိ။ ။ ဒီမယ် အမချိုသင်းပေးသွားတဲ့ကွန်းမန့်မှာ ရုရှ-ဂျပန်လို့ ပါတာ။
ကိုဇနိ။ ။ ဒါဆိုရင်တော့ ကိုဇနိပဲ ဂျပန်လာတော့မယ်လေ ကောင်းဘူးလား။
မဇနိ။ ။ အင်း အင်း
ကိုဇနိ။ ။ အတော်ပဲ အမတန်ခူးက ချက်လက်မှတ်ပေးထားတာ မင်းအတွက်လက်ဆောင်လေးတွေ ဝယ်ဖို့ သုံးလိုက်မယ်နော်
မဇနိ။ ။ ဘယ်လောက်ဖြည့်ကြမလဲ ဟင်။ အမက ကြိုက်သလောက်ဖြည့်သုံးလို့ မှာသွားတာ။
ကိုဇနိ။ ။ ဒါတော့ ဒါပေါ့ကွာ။ မင်းအတွက် ပယင်းလည်ဆွဲ၊ ဆွဲသီး၊ နဲ့ ပယင်းလက်ဝတ်ရတနာ တဆင်စာရယ်။ မာသရိုရှကာအရုပ်လေးတွေရယ် ဝယ်လောက်ရုံဆို တော်လောက်ပါပြီကွာ။
မဇနိ။ ။ အယ် မာသရုရှကာလေးတွေကို မမနုစံရယ် ညီမမြရွက်ဝေရယ် မဝါဝါတို့မိသားစုအတွက်ရယ် မမေအောင်နဲ့ညီမအတွက်ပါ ဝယ်လာခဲ့အုံးနော်။
ကိုဇနိ။ ။ အေးပါ စိတ်ချလေ။ အိုဆာကာကို သွားလည်အုံးမယ်ဆိုတော့ မမနုစံအတွက်လည်း ပေးရမှာပေါ့။
မဇနိ။ ။ အယ် ကိုဇနိ
ကိုဇနိ။ ။ ဘာလဲ ဟ
မဇနိ။ ။ အတော်ပဲ သိလား
ကိုဇနိ။ ။ ဘာတော်တာလဲ ပြောစမ်းပါအုံး
မဇနိ။ ။ အမနုစံက ယန်းxxxxxxxxxxx ပေးသွားတယ်လေ။
ကိုဇနိ။ ။ အဲဒါ ဘာဖြစ်
မဇနိ။ ။ ဘာဖြစ်ရမလဲ ဒီရောက်ရင် အဲဒါတွေနဲ့လျှောက်လည်ကြမယ်လေ
ကိုဇနိ။ ။ အကြံပိုင်လှချည်လား။ အမတွေက ငါတို့အတွက် ပြည့်စုံအောင်လက်ဆောင်တွေ ပေးသွားကြတာကိုး။
မဇနိ။ ။ ဟုတ်ပါ့။ ပျော်စရာကောင်းလိုက်တာနော်။
ကိုဇနိ။ ။ ဒါတောင် မမခင်ဦးမေပေးတဲ့ မုန့်ဖိုးတွေ ရှိသေးတယ်။
မဇနိ။ ။ ကိုကြီး ဝီကလည်း လက်ဖွဲ့ချင်လှပြီပြောတယ်။
ကိုဇနိ။ ။ အားလုံးက ပွဲတောင်းနေပြီကွ။
မဇနိ။ ။ မောင်လေးတောင်ငူကလည်း လက်ဖွဲ့ချင်နေပြီတဲ့။
ကိုဇနိ။ ။ မောင်မျိုးက စုံတွဲတောင်လာကန်တော့သွားသေးတာနော်။
မဇနိ။ ။ သာမီးမေမိုးကလည်း လက်ဖွဲ့ချင်လို့ သူ့မောင်ကိုပူဆာနေတယ်ပြောတယ်။
ကိုဇနိ။ ။ အွန်လိုင်းမှာ မင်္ဂလာဆောင်ချင်လာပြီ။
မဇနိ။ ။ ဆောင်မလို့လား။
ကိုဇနိ။ ။ မဖြစ်သေးဘူး။ ဒါဆို သူတို့က အွန်လိုင်းက E Card လေးတွေပဲ လက်ဖွဲ့ကြမှာ။
မဇနိ။ ။ ဟုတ်တယ်နော်။ နောင်နှစ် သီတင်းကျွတ်ပေါ့ ကိုဇနိရယ်။
ကိုဇနိ။ ။ အေးပါကွယ်။
ဒီလိုနဲ့ လက်ဆောင်လေးတွေချစ်တဲ့ မဇနိတယောက် အမတွေပေးတဲ့ လက်ဆောင်တွေနဲ့ တညတာ ပျော်ရွှင်ခဲ့ရပါတော့တယ်။
မဇနိ
12 comments:
ကောင်းလိုက်တဲ့ လက်ဆောင်။ ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာရတာပေါ့ မမဇနိရယ်
အမြဲတမ်းပျော်ရွင်နိုင်ပါစေ။
ဟားဟား လေထဲမှာ ပျော်စရာစိတ်ကူးအိမ်လေးဆောက်နေတာ ကြည်နူးစရာလေးး) ဆုံတွဲမဟုတ်ပါဘူး ကိုနိ ကလည်း မဒမ်မျိုးကို ခုထိရှာမာတွေ့ သေးတော့ လမ်းထိပ် ကွမ်းယာဆိုင်က အသားဖြူဖြူ နဲ့  ကုလားမလေးကို ခဏခေါ်ခဲ့တာ ဘာရယ် ညာရယ်ဟုတ်ဘူးလေ ဘလော့ရေးနေပြီး ချစ်သူလေးတစ်ယောက်တောင်မရှိရင် ဘယ်အဆင်ပြေမတုန်း လူရှိန်အောင် ဒီလိုပဲ ကြည့်ကြပ်လုပ်ရတာ :P
ဖတ်ရတာ ပျော်စရာကြီးနော်..ကိုဇနိတို့ မဇနိတို့များ ရေးတတ်လိုက်တာ.. မဇနိ အမတို့ လက်ဆောင်တွေရလို့ နေကောင်းသွားပြီဆို ၀မ်းသာလှပါပြီ။ ကျန်းမာရေးကို ဂရုစိုက်နော်.. အိုဆာကာကို တကယ်လာလည်မယ်ဆိုရင်လည်း ကိုဇနိနဲ့ မဇနိအတွက် အမြဲ welcome ပါ။ အရုပ်လေးတွေလည်း ၀ယ်လာဖို့ မမေ့နဲ့နော်.. မျှော်နေမယ်.. :D
နောက်နှစ်သီတင်းကျွတ်ရောက်ရင် အမှန်အကန်လက်ဖွဲ့ခွင့် ရပါစေလို့ ဆုတောင်းပါတယ်.. :)
ညီမလေးက ရေးတတ်လိုက်တာ… ချစ်စရာလေး…ပေးတဲ့သူတွေစိတ်ကိုချမ်းသာသွားတာပဲ… ဘလော့ဂ်ပေါ်မှာလဲ မင်္ဂလာဆောင် အပြင်မှာလဲဆောင်… စင်္ကာပူကို ဟန်းနီးမွန်းလာခဲ့ပါ…နိနိချစ်တဲ့ပယင်းလေးတွေ လက်ဆောင်ပေးမယ်လေ… တကယ်ပြောတာပါ… on lineပေါ်က လက်ဆောင်မဟုတ်ပါဘူး… နိနိတကယ်ဝတ်လို့ ရမယ့် အစစ်လေးပါ… နောင်နှစ်မှာ ဖိတ်စာလိုချင်ပြီနော်…
နိနိရေ..
နေလို့ကောင်းသွားပြီလား
နိနိရေးထားတာ..ကြည်နှူးစရာလေး
အရာရာအဆင်ပြေပါစေ...
မတန်ခူးလည်း..ပေါက်ကိုမုန့်ဖိုးပေးတယ်..သိလား
ချက်မှာကြိုက်သလောက်ရေးပါတဲ့..အဟိ
စိတ်ကူးထဲမှာ လက်ဆောင်တွေ တပွေ့တပိုက်နဲ့ ဂျပန်ရောက်၊ ပြီးတော့ နှစ်ယောက်သား လျှောက်လည်နေကြလို့ ခုတလော တိတ်နေတာ ထင်ပါရဲ့။
လက်ဆောင်လေးတွေရလို့ နေကောင်းပျောက်သွားရင် ၀မ်းသာပါတယ် ညီမလေး နိနိရေ။
အမလဲ နေကောင်းပျောက်ခါစက သူငယ်ချင်းတွေက စိတ်ပြေလက်ပျောက် မုန့်လိုက်ကျွေးတယ်။ အမကလဲ စားပစ်လိုက်တာ တပန်းကန်ကြီး ကုန်ပါလေရော။ ဟဲ့ လူမမာက စားလှချည့်လား ဆိုတော့ အေး၊ နာလံထစ က ပိုစားတယ်လို့ ပြောလိုက်ရတယ် ။ :)
ဟုတ်တယ်နော်။ ဘယ်လို လက်ဆောင်မျိုးပဲ ရရ အရမ်းပျော်တာပဲ။ အထူးသဖြင့် Packing paper နဲ့ ထုပ်ထားတာဆို ပိုဆိုးသေး။ အထဲမှာ ဘာများလဲဆိုပြီး ဖွင့်ရတာကိုက အရသာ။
တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြစ်အောင်၊ နှစ်ယောက်လုံးအတွက်တစ်ခု မင်္ဂလာလက်ဖွဲ့ပဲ လက်ဆောင်အဖြစ်ပေးလိုက်တော့မယ်ဗျာ။ ဒါပဲနော် လက်ဆောင်လိုချင်ရင်တော့ မင်္ဂလာမြန်မြန်သာဆောင်ပေတော့။ :P
တစ်ယောက် နဲ့ တစ်ယောက် နားလည်မှုရှိတဲ့ ကိုနိ မနိ တို့ စာလေးတွေဖတ်ပြီး ကြည်နူးဝမ်းသာမိတယ် ၊၊ မမကွိ ပြောသလိုပါ ၊ချစ်ခင်လို့ပေးတဲ့လက်ဆောင် လေးတွေဟာ ခွန်အား ပီတိတွေကို မွေးဖွားစေပါတယ်၊၊
ကိုနိ မနိ တို့ အမြန်ဆုံး တူတူနေရပါစေဗျာ ၊၊ ကွိကွိ
ကိုကြီးဝီ
ကိုဇနိ မာသရိရှကာ အရုပ်လေးတွေ မမေ့ခဲ့နဲ့နော်။
စလုံးကိုလဲ လာလည်လေ ကိုဂျီးဂီ နဲ့ မမဂွိ က စရိတ်ခံမယ်တဲ့ သူတို့က သေငှေး :P သာမီးက သွားချင်တဲ့နေရာအားလုံးလိုက်ပို့မယ်နော် ဪ ကိုနိ အရုပ်ဝယ်လာအုန်းနော် :D
Post a Comment