အုန်းလက်မြင်းစီးခြင်း
>> Friday, October 3, 2008
နယ်ဖက် ရွာဖက်က ကလေးတွေ အုန်းလက်မြင်း စီးတာတွေ့ဖူးကြတယ် မဟုတ်လား။ မတွေ့ဖူးလည်း ပြောပြမယ်။ အုန်းလက်ဆိုမှတော့၊ အုန်းပင်ကရတာပေါ့နော။ အဲဒီအုန်းလက်ရဲ့ အလယ်အရိုးကနေ ဖြာထွက်နေတဲ့ အရွက်တွေကို သင်လိုက်တော့ အလယ်အူရိုးရှည်ကြီးရရော။ အဲဒီ အူရိုးအရှည်ကြီးရဲ့ ထိပ်တစ်ထွာသာသာလောက်ကို ဓါးနဲ့ ပြတ်သွားအောင်မဟုတ်ဘဲ၊ ချိုးချလို့ရယုံ ခုတ်လိုက်၊ ပြီး ချိုးချလိုက်တော့၊ မြင်းခေါင်းကြီးလို ဖြစ်သွားရော။ အုန်းလက်မြင်းကြီးကို စီးချင်ရင် အုန်းလက်ရှည်ကြီးကို ခြေနဲ့ခွလိုက်၊ အုန်းလက်မြင်းကို လက်က အမြဲကိုင်မထားချင်တော့ အုန်းလက်ရှည်ရဲ့ ထိပ်ပိုင်းနဲ့ နောက်ပိုင်းကို ကြိုးနဲ့ခပ်ရှည်ရှည်နဲ့ ချည်လိုက်တော့ ပုခုံးမှာသိုင်းစရာ ကြိုးရတာပေါ့။ အဲဒီ ကြိုးကို ပခုံးမှာ လွယ်တယ်။ တကယ့်မြင်းစီးနေသလို ဖြစ်အောင် မြင်းခေါင်းပုံစံဖြစ်အောင် ရှေ့နားက ခုတ်ထားတဲ့နေရာမှာ ဇက်ကြိုးစတိုင်ကြိုးတစ်ခု လုပ်ပြီးကိုင်ရတာပေါ့။
ကျနော်တို့ နယ်ဖက်က ကလေးတွေမှာ ကစားစရာဆိုပြီး ဘာထူးထူးဆန်းဆန်းမှ ရှိတာမှမဟုတ်တာ။ ခေတ်ပေါ်ပစ္စည်းတွေလည်း မဝယ်နိုင်တော့ မရှိဘူးလေ။ ဒါပေမယ့် ကလေးတိုင်းမှာ အုန်းလက်မြင်းတခုစီတော့ ရှိတာပဲ။ သူကကျတော့ အဆင့်မြင့်နည်းပညာလည်း မလိုဘူး။ အုန်းပင်အမြင့်ပေါ်က အုန်းလက်ကို ချိုင်ချထားလို့ မြင့်တာဆိုလို့ အဲဒီအမြင့်တခုပဲ ပြောစရာရှိတာ။ အိမ်က အဖေ စိတ်ရှည်ရင် ရှည်သလောက် အုန်းလက်မြင်းက လှတာကိုး။ အိမ်က အမေ ချက်တုန်းပြုတ်တုန်း တခုခုလိုလို့၊ ရွာလည်က ဈေးဆိုင်ကို "သား သွားစမ်း ဆီသွားဝယ်လိုက်စမ်း" လို့ အမေက ခိုင်းလိုက်ရင်၊ ကလေးကလည်း မြန်အောင်လို့ အုန်းလက်မြင်းကို ခွစီး၊ ဆီပုလင်းလေးကို ကိုင်ပြီး "ဟဲ့မြင်း" ဆိုပြီး ကိုယ့်ခြေထောက်ကို ကဆုန်ဆိုင်းရတော့တာပါပဲ။ မြင်းမြန်မြန်ပြေးစေချင်လေ၊ ကိုယ့်က အားကုန်ပြေးရတာပေါ့။
ရွာက ကလေးတွေက အုန်းလက်မြင်းစီးလည်း ပြိုင်ကြတယ်။ မြင်းကို လှအောင် ပန်းတွေဘာညာတွေလည်း အလှဆင်ကြတယ်။ ငါ့မြင်းကလှတယ်၊ သူ့မြင်းကလှတယ်နဲ့ ပြောရတာလည်း အမော။ ပြီးတော့ မြင်းစီးပြိုင်ရင် အနိုင်က ရချင်တာကိုး။ ငါ့မြင်းက အပြေးမြန်တယ်လို့ ပြောချင်တော့ မြင်းစီးပြိုင်ရင် အသာကုန်ပြေးရတာ။ အမြန်ပြေးတော့ လမ်းမှာ အဆင်မပြေရင်၊ တခုခုနဲ့တိုက်မိခိုက်မိရင် မှောက်ရက်ကလဲသေးတာကလား။ မှောက်ရက်လဲလို့ကတော့ မျက်နှာမှာ ပေါင်ဒါဖြူးထားသလား ထင်ရအောင်၊ ဖုန့်မုန့်တွေကတင်လို့။ မြေကြီးပေါ် မှောက်ရက်လဲတာ မွှေ့ယာပေါ်မှာ လဲကျတာမှ မဟုတ်တာ လူလည်း နာတာပေါ့။ မြင်းစီးနေတာ မျက်စိနောက်တဲ့ ခွေးက လိုက်ဆွဲလို့ ကုန်းရုန်းပြေးရတာကလည်း ရှိသေး။ ဒါပေမယ့် ပန်းတိုင်ကို အစောဆုံးရောက်လို့ ကိုယ့်မြင်းကနိုင်ရင် ပျော်နေတာပေါ့လေ။ ပြေးမှတော့ မောပေမယ့်၊ ပျော်နေတော့ မမောနိုင်ပါဘူး။ ကလေးတုန်းက အုန်းလက်မြင်း စီးရတာ "မောတော့ မောတာပေါ့ ဒါပေမယ့် မမောဘူး" - ဆိုတဲ့ သီချင်းအတိုင်းပါပဲ။
အပေါ်က စာတွေက ငယ်တုန်းက အုန်းလက်မြင်းစီးပြီး ကစားတာကို သတိရလို့ ရေးလိုက်တာပါ။ အသက်အရွယ်ရလာတော့ အုန်းလက်မြင်းတော့ မစီးတော့ဘူးပေါ့- လို့ ဆက်ရေးမလို့ တွေးနေမိသေးတယ်။ အမလေး ဘယ်ဟုတ်လဲ။ စီးလိုက်ကြတဲ့ အုန်းလက်မြင်းတွေ။ လူတစ်ယောက်ကို အုန်းလက်မြင်း တစီးလောက်ရှိတယ်။ အသက် ၃၀ ကျော် ၄၀ နားနီးတွေရော၊ အသက်၂၅ - ၃၀ တွေရော။ အဲ အသက် ၁၆- ၂၀ - ၂၅ တွေရော။ အသက်အရွယ်ပေါင်းစုံလေ။ ကိုယ်စီးတဲ့ မြင်းကို အလှတွေကလည်း ပြင်ကြသေးတာကလား။ အရောင်တွေချယ်တယ်။ ပန်းကုန်းတွေ ပန်ပေးတယ်။ အသံတွေထွက်အောင်လည်း လုပ်ကြတာပဲ။ နင့်မြင်းလေးက လှလိုက်တာဆို ပျော်နေတာ။ ကိုယ့်မြင်းလေးကလှတော့ လူတွေ ဝိုင်းအုံကြည့်နေရင် ပါးစပ်ကြီးတောင် မစေ့နိုင်ဘူး။ တဟီးဟီးနဲ့ ပျော်နေရတာလေ။
ကျနော်နဲ့ ဘော်ဒါတစု အခုလည်း အုန်းလက်မြင်းလေးကို စီးပြီး ရွာရိုးကိုးပေါက် လျောက်သွားနေတာပါပဲ။ အုန်းလက်မြင်း စီးသူအချင်းချင်း လမ်းမှာတွေ့ရင် နှုတ်ဆက်ကြ။ သူများမြင်းလေးလှရင် ဟယ် နင့်မြင်းလေးက လှလိုက်တာလို့ ပြောလိုက်။ ကိုယ့်မြင်းလေးကိုလည်း လှအောင် ပြင်လိုက်။ ကိုယ့်မြင်းလေးဆီကိုလည်း လူလာများအောင်၊ အမြဲတမ်း ပြင်ဆင်နေရတာပါပဲ။ "မောတော့ မောတာပေါ့၊ ဒါပေမယ့် မမောဘူး"ဆိုသလိုပဲ ကိုယ့်ဘလော့ဂ်မြင်းလေးကို ဘလော့ဂ်ရွာထဲမှာ မမောနိုင် မပန်းနိုင် အပေါင်းအသင်းတွေနဲ့အတူ ဆက်ပြီး စီးလိုက်ဦးမယ်ဗျာ။
12 comments:
ဟုတ်လား အဲ့လိုမြင်းရှိတယ်လား ကျနော်တော့ မစီးဖူးဘူးဗျ စဉ်းစားမိတာက အုန်းလက်မြင်းတော့မဟုတ်ဘူး ၀ါးကိုင်းမြင်းတော့ စီးဖူးတယ်း) အောက်ဆုံးစာပိုဒ်လေးကိုတော့ အရမ်းကြိုက်သွားပြီး ဘလော့တွေလိုက်လည်ရတာ မမောနိုင် မပမ်းနိုင် ခဏခဏ မိလည်း ဆူခံထိရင်ကြောက်တော့ ကြောက်တာပေါ့ ဒါပေမယ့် မကြောက်ဘူး ဟိဟိ လည်မှာပဲ မတားနဲ့  ဘလော့မြင်းလေးကို အခွင့်ရှိတိုင်းစီးချင်သား ဒါပေမယ့် အဲ့မြင်လေးက နားချင်ရင်ကော ခဏတော့ ပေးနားမှပေါ့နော့် :P
ရေးထားတာလေး ကောင်းတယ် ကိုနိရေ ၊၊အထူးသဖြင့် အဆုံးသတ်လေး နှိုင်းယှဉ်ထားတာကို သဘောကျတယ် ၊၊ ကိုနိကြီးလည်း အရေးတွေကောင်းတယ်ဗျာ ၊၊ မမနိ နီးပါးပဲ (ဟီး မမကွိ ကိုအမှတ်ပေးထားတယ်နော်)
ပျော်ရွင်ပါစေ..
ကိုကြီးဝီ
အရေးအသားတွေစိတ်ကူးတွေကတော့ အမြဲဆန်းသစ်နေ
တာပဲဗျိုးး။ ကျနော်လည်း ငယ်ငယ်ကတော့ စီးဖူးတယ်ဗျ။
အုန်းလက်မြင်းကိုပြောတာနော်။ :D
နောက်တော့ ကိုယ်ပဲပင်ပန်းမှန်းသိတော့ စီးတော့ဘူး၊
စက်ဘီး စီးတတ်အောင်သင်တာပေါ့။ အားပေးနေပါတယ်။
အခုတော့ ဘလော့မြင်ကြီး စီးနေတယ်။ ဒီကိုရောက်လာတာ
လည်း အဲဒီဘလော့မြင်းကြီးနဲ့ လာတာ ။ဟီးဟီး
ကိုနိ ဘလော့မြင်းကိုစီးရတာ ဘယ်လိုနေလဲဗျ... အဟဲ...ကိုနိတို့ဆီနဲ့ တော့မတူဘူး...မောင်လုံးတို့ဆီကြတော့ ထန်းပင်က ပေါသကိုးဗျ...အဲဒီတော့...ထန်းပလက်ပြားကို ကိုနိပြောသလို မြင်းပုံစံလုပ်ပြီး စီးကြတာ... မြင်းခေါင်းပိုင်းကို မျက်လုံးမျက်ခုံး နှာတံတွေပေါ်အောင် ဓားရာလေးပေးပြီး အိုးမဲခဲနဲ့ ခြယ်တာပေါ့ဗျာ...
ကိုနိ မနိတို့က မြင်းတစ်ကောင်ကို
၂ ယောက်င်္စီးကြတာပေါ့နော်...:)))))
ကိုယ်ပိုင်မြင်းမရှိပဲ သူများမြင်းတွေလှတာကိုပဲ လိုက်ကြည့်နေရတဲ့ ကျမတို့လို
ဘလော့ရီဒါကြီးများလည်း ရှိကြပါသေးတယ်...
ဗန္ဒူလ ဒါးကြီး ကိုရော မကိုင်ခဲ့ဘူးလား ပြောစမ်း…
အသက် က ဗလိုက်ချိုင့် (ဗ) ရောက်နေလဲ အုန်းလက် မြင်း စီးကြီး စီးနေ တုံ့း ပါဘဲ… ရှက်စရာ…. ဘယ်နဲ့လုပ့်ပါ့မလဲ :ခက်တယ် ခက် တယ်။
အမလဲ ဘလော့ဂ်မြင်းလေး စီးပြီး လည်နေတာ ယောင်းမ မြင်းစီးထွက်တယ်ဆိုလား ပြောလို့ ဖြေးဖြေးလေး စီးနေရတယ် အဟဲ..
ကိုဇနိမြင်းစီးတော်ပ။ ကျွန်တော်တို့တော့ မြင်းနှစ်မျိုးစီးတယ်။ အုန်းလက်မြင်းလဲစီးတယ်။ ပြီးတော့ ငှက်ပျောလက်မြင်းလဲစီးတယ်။ ငှက်ပျောလက်မြင်းက နတ်တွေဘာတွေတင်ရင်လုပ်ရတယ်။ နတ်တင်ပြီးရင် ကလေးတွေရရော။ သေချာလုပ်ထားတော့ မြင်းနဲ့တကယ်တူတယ်။ အုန်းလက်ကတော့ နွားလုပ်စီးတာများတယ်။ "အုန်းလက်နွားလေးစီးကြမယ်" ဆိုလား ဆရာမင်းသုဝဏ်ထင်တယ်၊ သူ့ကဗျာလေးတစ်ပုဒ်မှာတွေ့ဖူးတယ်။ ကိုဇနိမြင်းကလဲ ချွေးထွက်ရင် သွေးရောင်ပေါက်တဲ့ တကယ့် stallion မြင်းကောင်းတစ်လက်ပါပဲ။ ကိုဇနိကလဲ တကယ့် jockey ပါပဲ။ ဆက်ပြေးထား ကိုဇနိရေ။ ပြေး... ပြေး...။ ပြေးနိုင်မှ လွတ်မယ်။ အဲ ဟုတ်ပါဘူး ပြေးနိုင်မှ ဝေးဝေးရောက်မယ်။
မြင်းစီးရင်းအလည်ဝင်သွားတယ်။
အင်း.. မောတော့မောတာပေါ့၊ ဒါပေမဲ့ မမောဘူးဆိုတာတော့ အမှန်ဗျို့။ ကျုပ်တို့မြင်းလေးလည်း လာကြည့်ပါနော။
သုခမိန်(E-Journal)
ဖတ်ရင်းက ကိုဇနိအုန်းလက်မြင်းလေးစီးပြီး မဇနိက မြင်းပေါ်က လိုက်တာ မြင်ယောင်မိသေးတော့တယ်.. မဇနိရေ.. ပြုတ်ကျမယ်သတိထားနော် အဟီး.. :D
မနေ့ကမှ ဝမ်းကွဲအကိုနဲ့တွေ့ရင်း လမ်းမှာအုန်းလက်တစ်လက် ကျနေတာကြည့်ပြီး ငယ်ငယ်က သူကဆွဲပြီး သွန်းသွန်းတို့ညီအမတွေ တစ်လှည့်စီထိုင်စီးခဲ့ကြတဲ့ အကြောင်း ပြန်ပြောဖြစ်ကြတယ်။ ဟော..တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ဒီပို့စ်လေးဖတ်မိတော့ ကြည်ကြည်နူးနူးကို ငယ်ဘဝဆီ အောက်မေ့မိတယ်။
Post a Comment