တစ်ဝါကျွတ်ချိန်
>> Wednesday, October 22, 2008
ကရက်မက်ပန်းနံ့တို့ဖြင့် လွှမ်းခြုံထားသော မမနွဲ့၏ အပျိုခန်းမှာ မွှေးပျံ့လျက်။ စားပွဲတင်နာရီမှ နာရီစည်းချက်သံသည် မမနွဲ့၏အသံလို အနိမ့်အမြင့်မရှိပဲ တစ်ဖြောင့်တည်းကြားနေရ၏။ အချိန်ဆိုသည်မှာ မည်သူ့ကိုမျှ ငဲ့ကွက်ထည့်တွက်တတ်သူ မဟုတ်တာကို ကျွန်မက နားလည်သူမို့ စားပွဲတင်နာရီမှ ဓာတ်ခဲကို မမနွဲ့အလစ်တွင် ဖြုတ်ပစ်လိုက်သည်။
“ကုမ္မာရီရွယ်၊ အငယ်ကာလ၊မိဘစောင့်ရှောက် ရွယ်ရောက်အိမ်ရှင် ဖြစ်ခဲ့ကြင်သော် လင်လျင်မကင်း စောင့်ကြလျင်း၏။ အိုမင်းတုံငြား သားတို့စောင့်ကြ မိန်းမတို့ချည်း၊ကိုယ်ထီးဘယ်ခါ ၊မတည်ရာဘူး ”တဲ့ ၊မင်းလဲ အရွယ်ရောက်ပြီ၊ အချိန်သင့်ပြီ။ ကိုယ်တိုင် မရွေးချယ်နိုင်ဘူး ဆိုရင်တောင် မိဘသဘောကျသူကို လက်ခံလိုက်ပါတော့။ မင်းကို မင်းမိဘတွေက အိမ်ထောင်ပြုစေချင်ပြီ။ အဲဒါ မမကိုနားချပေးပါပြောလို့ ဒီနေ့ခေါ်ပြောရတာပဲ..”
“ရှင် ….”
မြခက်သည် မမနွဲ့ကို မျက်လုံးဝိုင်းကြီးနှင့် မော့ကြည့်ရင်း အံ့သြနေသည်။ အဖော်လိုက်လာသော ကျွန်မကတော့ မေမေပြောပြနှင့်ပြီး ဖြစ်၍ နားထောင် ကြည့်ရှု့နေယုံသာ။
“မြခက်မှာ ချစ်သူရီးစားရှိနေလား ။ မမကို ပွင့်ပွင့်လင်းလင်းပြောပြ။ မမအကောင်းဆုံးဖြစ်အောင် စဉ်းစားပေးမယ်။ဒီနှစ်အိမ်ထောင်ပြုဖို့ မြခက်ဆုံးဖြတ်ရတော့မှာ ။
မမနွဲ့အသံသည် ဂရုဏာလှိုင်းများ ရောစွက်တုန်ခါနေသည်ဟု ကျွန်မခံစားမိသည်။ မမနွဲ့သည် မြခက်ရောကျွန်မရော၏ ဒေါ်လေးတော်သူပင်။ မြခက်ကခေါင်းကို အောက်သို့ငုံ့သွားရာ သူဆံထုံးတွင် ပန်ထားသော ကရမက်ပန်းခက်ဖွေးဖွေးများကို တစ်ခက် နှစ်ခက် ကျွန်မရေကြည့်နေမိသည်။ မမနွဲ့ကတော့ သူ့ဆံပင်ရှည်ရှည်ကြီးကို ကပိုကရို နှစ်ပတ်လျှိုထုံးထားပြီး ပန်းပန်မထားပေ။
“ပြောလေ မင်းမှာ ရည်ရွယ်ထားသူရှိလားလို့..”
မမနွဲ့၏ ဒုတိယအကြိမ်အမေးတွင် မြခက်ခေါင်းသည် တဖြည်းဖြည်းမော့လာပြီး ကျွန်မကို လှမ်းကြည့်လေသည်။ သူ့မျက်လုံးရွဲရွဲကြီးတွင် မျက်ရေစတို့ ဝေ့ဝဲလျက် ။
“တာတာ ပြောပြမှာလား ကဲပြော”
ဟိုက်… မြခက်၏ ပြဿနာအိုးသည် ကျွန်မခေါင်းပေါ် ရောက်ရှိလာခဲ့ပြီ။
ကျွန်မက ကျွန်မကို အားကိုးပြီဆိုမှတော့ အရိုးကြေကြေ အရေခန်းခန်း ရှေ့ကမားမားမတ်မတ် လုပ်တတ်သည့် အကျင့်ရှိကြောင်း မြခက်က သိထားသည်ကိုး ။
ကျွန်မက ဘာဝင်ပြောရမလဲ စဉ်းစားရ၏။
“ဒီလိုပါ မမနွဲ့ ”
မမနွဲ့က လူပုံနွဲ့နွဲ့ဖြစ်သော်လည်း စကားပြောလျင် သွက်လက်သည်။ သူနှင့် စကားပြောလျင်လည်း ဆိုလိုရင်းကို မြန်မြန်ပြောမှ နှစ်သက်သည်မို့ ဒီလိုပါမမနွဲ့ဟု ပြောလိုက်ရသော်လည်း ကျွန်မဆက်ပြောရန် စကားမရှိသေး။လျှော်လာသောဆံပင် မခြောက်သေးသော်လည်း ခေါင်းက ခြောက်သွားလေပြီ။ သို့သော် ….ကျွန်မပဲလေ အင်းးး
“မမနွဲ့ကရော အိမ်ထောင်ပြုဦးမှာလား အင်းလေ .. မမနွဲ့လဲ ငယ်ငယ်လေး ရှိသေးတာပဲနော်။ ချစ်သူ မရှိရင်တော့ မြခက်လိုပဲ ဖေဖေတို့က မမနွဲ့ကို အိမ်ထောင် ချပေးကြတော့မှာ ထင်တယ်။ မြခက်နဲ့ မမနွဲ့တို့ ဘယ်လို ဆုံးဖြတ်ရင် ကောင်းမလဲလို့ ကျွန်မလဲ နားမလည်တော့ဘူး”
“ဟဲ့ မိတာတာ အစွယ်နဲ့ ငေါငေါပါလား ၊ ကျုပ်က ဒီအသက်အရွယ်နဲ့ အိမ်ထောင်ပြုစရာလား။ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်တဲ့ အရွယ်ကိုရောက်နေပြီ။ ညည်းတို့လို မနူးမနပ်အရွယ် မဟုတ်တော့ဘူးအေ့ ၊ကဲ မမကြီးပြောခိုင်းလို့ ငါပြောနေရတာ။ ငါလဲ သိပ်ပြောချင်တာမဟုတ်ဘူး။ ”
မမနွဲ့က ကျွန်မကို သိပ်စိတ်ဆိုးဟန် မပြ
“ဒါဆို မမနွဲ့မှာရော အရင်ကချစ်သူရှိခဲ့ဖူးလား၊ ချစ်သူဘဝ မရောက်တောင် တစ်ယောက်ယောက်ကိုများ ချစ်ခဲ့ဖူးသလား ဟင် ၊”
ပြောစရာမရှိသည့် အတူတူ ပြောချင်ရာကို ပြောချလိုက်တော့
“တော်တော့ တာတာ မမနွဲ့အရွယ်နဲ့ ဒီစကားတွေနဲ့ ပြောဖို့ မလိုက်ဖက်လှပါဘူး၊ သွား ခြံထဲမှာ ညီမနှစ်ယောက် အေးအေးဆေးဆေး စဉ်းစားတိုင်ပင်ကြ ၊ဒီညဒီမှာပဲ အိပ်လိုက်တော့၊ မမနွဲ့ သမီးတို့ကြိုက်တဲ့ ငါးချဉ်ကြော်မယ်၊ ပဲဆူးပုတ်ချက်မယ် ၊ကန်စွန်းရွက်ကြော်မယ်နော်၊ သမီးတို့ ဆုံးဖြတ်ချက်ချပြီးမှ မမနွဲ့ကိုပြောပြ ”
မမနွဲ့ ကပြောပြီးလျင် မီးဖိုချောင်ဆီသို့ ထွက်သွားလေတော့သည်။ မြခက်သည် ကျခါနီးမျက်ရည်ကို လက်နှင့် ဖွဖွသုတ်၏။
“ဟားဟား မမနွဲ့ ကတော့ နင်ငိုမှာကိုမကြည့်ရက်တာလား ၊ငါစကားပဲ ဟတ်ထိသွားလားမသိ လစ်ပီဆရာ၊ နင်လဲ ငိုမနေနဲ့ ရင်ထဲမှာရှိတာတွေ ငါ့ကိုပြောပြ လာခြံထဲသွားရအောင်။”
ပြောပြောဆိုဆို ကျွန်မခြံထဲဆင်းနှင့်သည်။ တုံ့နှေး တုံ့နှေးနှင့် မြခက်က နောက်မှ “ထားဝယ်မှိုင်းပင်တွေ နားက ခုံတန်းမှာ ထိုင်ရအောင်နော ”အော်ပြောသံကို ကြားရ၏။
ခြံထဲရှိ မမနွဲ့၏ နှင်းဆီပန်ရုံကြီးတွင် ပန်းသုံးပွင့်သည် အပင်၏ အမြင်ဆုံးကိုင်းတွင် ဆင့်စီလျက်ပွင့်နေ၏။ အပေါ်ဆုံးမှ ပန်းပွင့်ကတော့ ဒီနေ့မခူးလျင် ညနေနေညိုချိန်တွင် ငြိုးကြွေမည်မှာ သေချာလှပြီ။ ပန်းပွင့်ဘဝဟာ ပန်သူလက်မှာလဲ အချိန်တန်ရင်တော့ ငြိုးရမှာပဲ ….တကယ်တော့ပန်းပွင့်ဖြစ်ရတာကိုက ကံမကောင်းတာ၊ (ကျွန်မငယ်ငယ်က လူမဟုတ်ပဲ ပန်းလေးတစ်ပွင့် ဖြစ်ချင်ခဲ့ဖူးသေးသည်။) ….မြခက်ကတော့ ခုချိန်မှာ သူ့ချစ်သူ ကိုကိုလေးတို့ အိမ်က သစ်ချိုပင်ကြီးများ ဖြစ်ချင်နေမလား မသိဟု အတွေးက ရောက်လိုက်သေးသည် ဟ ဟ။…ဘာပဲဖြစ်ဖြစ် ကျွန်မတို့အမျိုးတစ်သိုက်၏ ယခုတလော အတွေးတွင် မြခက်ကတော့ ဇာတ်လိုက်ဖြစ်နေပေမည်။
8 comments:
မမေအောင်ကြီး ပေါ်တော်မူလာပြီ
း)
တချို့မိသားစုတွေကတော့ သမီးတွေကို ယောက်ျားပေးစားရတာကို အတော်သဘောကျသတဲ့ဗျ..
သားတွေကိုကျတော့ ပစ်ထားတတ်တယ်.. သားတွေကလည်း ကိုယ်တိုင်ကျ မစွံတော့ လူပျိုကြီး ဖြစ်ချင်ဖြစ်ပစေထားတတ်ကြတာ...
တကယ်တော့ ယောက်ျားလေးရော မိန်းကလေးပါ ဘေးမှား သူ့အခြမ်းလေးပါမှ လိုက်လျောညီထွေ တင့်တင့်တယ်တယ်ရှိမှာပေါ့နောဗျာ..
စကားမစပ်..
မမေအောင်ဂျီးရော... ဘယ်တော့လဲ...
း)
မမေအောင်ကတော့ လုပ်ပြီ..ဖတ်လို့ကောင်းနေတုန်း အစသို့ ရောက်သွားပြီ။ ဘယ်မတုန်း ဇာတ်သိမ်း။ ဇာတ်သိမ်းကို မြန်ုမြန်တင်ပါဦး။
နှင်းဆီပန်ရုံကြီးတွင် ပန်းသုံးပွင့်သည် အပင်၏ အမြင်ဆုံးကိုင်းတွင် ဆင့်စီလျက်ပွင့်နေ၏။ အပေါ်ဆုံးမှ ပန်းပွင့်ကတော့ ဒီနေ့မခူးလျင် ညနေနေညိုချိန်တွင် ငြိုးကြွေမည်မှာ သေချာလှပြီ။
ပေါက်တယ် ဗျ။ အဲဒါကို ။:P
ခင်မင်လျက်
မောင်ငယ်။
မေအောင် ပို့စ်ကို မည်သည့် comment မှ ပေးရန်မလို ဟိုသီချင်းလေးကိုပဲ စာသားပြောင်းဆိုလိုက်မယ် မိန်းမသားချင်းမို့ သိနားလည်..
မိန်းမသားချင်းမို့ သိနားလည်...
အထက်ပါ ကိုဇနိ ကိုသာ ရှေ့ဆောင်လမ်းပြပါမည်။
အိမ်ကို စာရေးလျှင် စာအဆုံး ဆိုင်းမထိုးမီ အထက်၌
သားလူပျိုကြီး
ကိုဇနိ
ဟူသော စာတန်းကို ထည့်ရေးဖြစ်အောင် ရေးပါလေ
--this is just a gentle reminder--
ဆက်ရန် ရှိသေးသည်။
ဆက်ဦးလေဗျာ။ သိပ်မကြာနဲ့နော့အမရေ
အချိန်ဆွဲနေရင် အပျိုကြီးဖြစ်...
း)
ဆက်ရန်ကို မျှော်နေပါတယ် မမမေအောင် :D
ကျွန်တော့်အတွေးမှာလည်း မြခက်က ခဏတော့ ဇာတ်လိုက်ဖြစ်သွားပါတယ်။
ကောင်းတဲ့ အရေးအသားပါပဲ။
သုခမိန်(E-Journal)
Post a Comment