တအူတုံဆင်း မောင်နှမရင်းတွေ
>> Tuesday, August 19, 2008
တစ်ဦးတည်းသော သားသမီတွေရဲ့ ခံစားချက်ကိုတော့ မခံစားဖူးလို့ နားမလည်မိဘူး။ မောင်နှမသားချင်း အရင်းအချာရှိတာကတော့ နွေးထွေးတယ်၊ ပျော်စရာကောင်းပါတယ်။ မနေ့က အစ်မတယောက်က သူ့သားလေးအတွက် အဖော်ရှိလာအောင် ကလေးယူမယ်လို့ ပြောလာပါတယ်။ သူက တစ်ဦးတည်းသောသမီးမိုလို့ အထီးကျန်ဆန်တာ ခံစားဖူးတယ်တဲ့။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ဘဝမှ အကောင်းတွေ၊ အဆိုးတွေကို မျှဝေခံစားပေးတာ ဒီမောင်နှမအရင်းတွေပဲလေ။ အနစ်နာခံကြေးဆို မောင်နှမအရင်းကမှ အနစ်နာခံပေးတာပါ။
ကျွန်မအတွက်တော့ မောင်လေးတွေက ခွန်အားတွေလည်း ပေးတယ်။ အကြင်နာနဲ့ နွေးထွေးမှုတွေလည်း ပေးတယ်။ ဒါတောင် ညီမလေးမရှိတော့ ညီမလေးလိုချင်မိသေးတယ်။ အစ်ကို၊ အစ်မတွေလည်း လိုချင်မိတယ်။ ချွဲချင်လို့လေ။ ကျွန်မက အိမ်မှာအကြီးဆုံးဆိုတော့ သံယောဇဉ်ကြီးတယ်။ တချို့တော့လည်း အကြီးဆုံးပေမယ့် ကျွန်မလောက် ပူပန်မှုတွေ မရှိပါဘူး။ ဘဝပေးလာတဲ့အခြေအနေ၊ ပင်ကိုယ်စိတ်တွေနဲ့ ဆိုင်တယ်ထင်ပါတယ်။ ခရီးဝေးသွားရမည့်နေရာမျိုးဆို ဘယ်မောင်လေးမှ စိတ်မချပါဘူး။ ကိုယ်တိုင်သာ သွားလိုက်ချင်တယ်။ ပင်ပန်းမည့်အလုပ်မျိုးဆိုလည်း ပေးမလုပ်ချင်ဘူး။ ကိုယ်ပဲ အပင်ပန်းခံချင်တယ်။ သူတို့က ငယ်လည်းငယ်၊ ယောက်ျားလေးလည်းဖြစ်တော့ ဘာလုပ်လုပ် စိတ်တိုင်းမကျတာလည်း ပါတယ်။ ကျွန်မဆို ဆယ်တန်းအောင်ပြီးကတည်းက အိမ်နဲ့ခွဲပြီး နေရာတော်တော်များများကို တယောက်ထဲသွားနေရတာပဲ။ အိမ်က စိတ်ပူလား၊ မပူလေလားတော့ မသိဘူးပေါ့။ သူတို့တွေ ရန်ကုန်သွားမယ်၊ မန္တလေးသွားမယ်ဆိုရင်တော့ စိတ်ကိုမချဘူး။ “ကားမူးနေမယ်“၊ “ဗိုက်ဆာနေရင် ဘာလေးဝယ်သွား“၊ “ဟိုရောက်ရင် မုန့်တွေဝယ်စား“၊ “လိုင်းကားစီးရင် သတိထားနော်“ ဒါတွေမှာမိတယ်။ သူတို့ကတော့ ကလေးတွေဆိုတော့ နားငြီးနေမလား မပြောတတ်ဘူး။ ကိုယ်ကတော့ ဘယ်လိုမှ စိတ်မချဖြစ်မိတယ်။ ညမှောင်လို့ တယောက်ယောက် အိမ်မှာလိုနေရင် ထမင်းမစားနိုင်ဘူး။ လူစုံမှ စားလို့ဝင်တယ်။ အိပ်လို့ပျော်တယ်။
မောင်လေးတွေကို ငယ်ငယ်က သနပ်ခါးလူးပေးတယ်။ ကစားလို့ သဲတွေပေလာရင် စိတ်ဆိုးခဲ့ရတယ်။ စာတတ်စေချင်လွန်းလို့ ငယ်ငယ်က သူတို့ကို စာကျက်ခိုင်းတယ်။ ကလေးဆိုတော့ ကစားချင်စိတ်ကများနေတာ။ ငေးချင်တယ်။ စာတပိုဒ်ကို ကြာကြာကျက်နေရင် မကြိုက်တော့ဘူး။ ဒီထက်ပိုစိတ်တိုလာရင် ခေါင်းခေါက်မိတာ။ ကလေးတွေငိုရင် အမေက “ငါ့သားတွေ စာမတတ်ချင်နေပါစေ သမီးသာတော်နေအောင် ကြိုးစာပါ ငါ့သားတွေကို ရိုက်ပြီးတော့ စာမသင်နဲ့ မကြိုက်ဘူး“ လို့ ကျွန်မကိုပဲ ဆူပါတယ်။ တကယ်တော့ စေတနာတွေ ထားတာပါ။ ဒါပေမယ့် အမေက မောင်နှမတွေ ချစ်ချစ်ခင်ခင်နေဖို့တော့ အမြဲပြောတတ်တယ်။ အခုမောင်လေးအလည်လာတော့လည်း အမေက “မမကို နေမကောင်းရင် နင်းပေးခဲ့၊ ထမင်းတွေကူချက်ခဲ့၊ မောင်နှမနှစ်ယေက် ပျော်ပျော်ရွှင်ရွှင်နေခဲ့“ လို့ မှာလိုက်ရှာတယ်။ ကျွန်မလည်း မောင်လေးနဲ့ အတူနေရတာ ပျော်မိပါတယ်။ အရင်က တယောက်ထဲနေတဲ့အိမ်လေးမှာ ထမင်းလည်း မစားနိုင်ပါဘူး။ အခုမောင်လေးရောက်လာတော့ သစ်သီးတွေခွဲပြီး “မမ ထမင်းစားပြီး ဒါလေးစားလိုက်“၊ “အသီးစားတာ ကောင်းတယ် စားနော်“၊ “မုန့်တခြမ်းလေး စားစမ်းပါအုံးဗျာ“၊ “ကျနော်နဲ့ တဝက်စီစားမယ်နော်“ ဆိုပြီး ကျွန်မကို အစားတွေ အတင်းလိုက်ကျွေးတယ်။ အစားနဲလို့ပိန်တာလို့လည်း သူကပြောရှာတယ်။
ကျွန်မက အကြီးဆိုတော့ အငယ်တွေကို ချစ်တာ၊ ငဲ့ညှာတာမထူးဆန်းပေမယ့် သူတို့ကလည်း ကျွန်မကို ဦးစားပေးတာတွေရှိပါတယ်။ ကျွန်မက မူလတန်းကျောင်းလေးမှာရောင်းတဲ့ “မုန့်လေပွေ“ ဆို သိပ်ကြိုက်တာ။ ခုကြီးလာတော့ ငါးမုန့်ကြော်ကြိုက်သလိုပဲ။ ရန်ကုန်မှာလည်း တခါတလေ အထမ်းကြီးနဲ့ မုန့်လေပွေသည် တွေ့ရင် လိုက်ဝယ်စားပါတယ်။ ခက်တာက အလယ်တန်းကျောင်းပြောင်းတော့ မုန့်လေပွေက အဲဒီမှာဝယ်မရပါဘူး။ “မောင်လေးရေ မုန့်လေပွေဝယ်လာပေးနော်“ လို့ မှာလိုက်ရင် ညနေကျောင်းပြန် လွယ်အိတ်လေးထဲ ပါလာတော့တာ။ မုန့်ဖိုး (၁) ကျပ်ရတဲ့ကျွန်မကို (၂၅) ပြားရတဲ့မောင်လေးက အမြဲဝယ်ကျွေးပါတယ်။ ညညဆိုရင် မောင်လေးအကြီးက ခရမ်းချဉ်သီးသုပ်၊ မြင်းခွာရွက်သုပ်ကို စိတ်ရှည်လက်ရှည် သုပ်ကျွေးဖူးတယ်။ အသုပ်မရှိတဲ့နေ့ဆို နေကြာစေ့၊ ချဉ်ပေါင်းထုပ်တွေ ဝယ်လာပြီး ကျွန်မကို ချဉ်ပေါင်းထုပ်ကျွေးတယ်။ သူတို့ညီအစ်ကိုက နေကြာစေ့စားကြပြီး “ဘယ်ဆရာမက ဘယ်လိုအသင်ကောင်းတယ်၊ ဘယ်အတန်းပိုင်နဲ့တွေ့လို့ မမကိုမေးလိုက်သေးတယ်၊ ကျူရှင်ဆရာက မမနဲ့ကျနော် ဘယ်သူက ပိုတော်သလဲ မေးလိုက်သေးတယ်“ ဆိုပြီး စကားတပြောပြောနဲ့ ဝိုင်းဖွဲ့ကြတယ်။ ညနက်ထိ စကားမပြတ်ရင် အမေက “ကလေးတွေ အိပ်ကျတော့“ လို့ဆိုပြီး မီးမှိတ်မှ အိပ်ယာဝင်ဖြစ်ကြတာ။ ဒါလဲ အိပ်ယာထဲမှာ ဆက်ပြောချင်ပြောနေကြတာ။ တခါတလေလည်း ကျွန်မ မပါဘဲ သူတို့ညီအစ်ကို ပြောနေကြတာ။ မှတ်မှတ်ရရ သူတို့ညီအစ်ကို ပြောနေကြတာ ကြားဖူးတာရှိပါတယ်။ ကျွန်မအိပ်ယာခေါင်းရင်းမှာ မီးမှောင်မှောင် နေကြာစေ့စားပြီး ကျောင်းက ဆရာ၊ ဆရာမတွေအကြောင်း စကားကောင်းနေကြတယ်။ နောက်ဆုံး ဆရာမတွေနာမည်ကို ဘယ်လိုတွေရွတ်နေကြပါလိမ့်လို့ နားစွင့်မိမှ သူတို့ရယ်စရာလုပ်နေကြတာ သိတော့တယ်။ ဆရာမနာမည်တွေကို ရယ်စရာလုပ်တဲ့ကျောင်းက အကြောင်းတွေ ပြန်ပြောနေကြတာပါ။ ဒေါ်ခင်တိုး ဆိုတဲ့ ဆရာမကို “ဟိုတိုး ဒီတိုး ဒေါ်ခင်တိုး“ ၊ ဒေါ်ငွေမြိုင်ကို “ဟိုယိုင် ဒီယိုင် ဒေါ်ငွေမြိုင်"၊ ဦးစိန်မောင်ကို “ဟိုရှောင် ဒီရှောင် ဦးစိန်မောင်“ လို့ ခေါ်ကြတဲ့အကြောင်း အကြီးမောင်လေးက အငယ်ကောင်ကို ပြောပြနေတာ။ အငယ်လေးက တခွိခွိနဲ့ သဘောတွေကျနေတော့ ကျွန်မလည်း အိပ်ယာထဲကနေ ခွိခွိဖြစ်တော့တာပါပဲ။
ကျွန်မတို့ငယ်ငယ်က အိမ်မလည်ရပါဘူး။ အမေက သူ့မျက်စိရှေ့မရှိရင် လိုက်ရှာခေါ်တော့တာပါ။ ဗွီဒီယိုရုံမှာသွားရင်လည်း မောင်နှမသုံးယောက် တူတူသွားကြည့်ရတာပါ။ ကျွန်မက (၅) ကျပ်၊ သူတို့နှစ်ယောက်က (၅) ကျပ်ဆိုတော့ အဖေက (၁ဝ) ပေးပေးနေရတယ်။ ခဏခဏဆိုရင် မလွှတ်ချင်ပါဘူး။ အကြီးကောင်လေးက စက်ဘီးသေးသေးလေးစီးရင်း ဘာဇာတ်ကားလဲ ကြည့်လာတယ်။ သူက ကျွန်မကို သတင်းပေးရင် ဘယ်လိုခွင့်တောင်းကြမလဲ မောင်နှမတတွေ ဇာတ်တိုက်ကြရတယ်။ အလှည့်ကျတာဝန် ယူကြတယ်။ ကျွန်မအလှည့်ဆိုရင် “အဖေ မောင်လေးက ရဲကိုကိုကား ဖိုက်တဲ့ကားမလို့ ကြည့်ချင်လို့တဲ့“ လို့ ပြောပေးရပါတယ်။ ဒါဆိုရင် ပိုက်ဆံ (၁ဝ) ရတော့ သုံးယောက်သမား ဦးထုပ်လေးတွေဆောင်းပြီး ဗွီဒီယိုရုံကို ပြေးတော့တာ။ ဗွီဒီယိုပြီးရင်လည်း အမေက အပေါက်ကလာစောင့်ခေါ်နေတော့ အိမ်လည်ရတော့ဘူး။ နောက်ရက်ကျ မောင်လေးအလှည့် “အဖေ မမက ထွန်းလုံရှိန်ကား ရာဇဝင်ကား ကြည့်ချင်နေတာတဲ့“ လို့ ပူဆာပြန်ရော အဖေလည်း ပိုက်ဆံပေးရပြန်ရော။ ဒီလိုနဲ့ အဖေ့ဆီ တယောက်တလှည့် ပိုက်ဆံတောင်းရတာလည်း ခုချိန်မှာပြန်တွေးကြည့်ရင် ပျော်စရာကောင်းနေပါတော့တယ်။
ကျွန်မတို့မောင်နှမတွေမှာ ချစ်စရာကောင်းတဲ့ အလေ့လေးတခုရှိတယ်။ တယောက်စာမေးပွဲဖြေသွားမယ်ဆို ကျန်တဲ့သူက ကွန်ပါဗူး၊ ခဲတံ၊ ပေတံ၊ ခဲဖျက် စုံအောင်ပြင်ပေးတယ်။ နာရီမမေ့အောင် သတိပေးတယ်။ အငယ်နှစ်ယောက်ကို ကျွန်မက စပြီး ပြင်ဆင်ပေးခဲ့တဲ့အကျင့်တခုက ကျွန်မကျောင်းတွေသွားတက်နေတော့ အကြီးကောင်လေးက အငယ်လေးကို ကွန်ပါဗူးပြင်ပေးတဲ့အလုပ် လုပ်ပေးနေပါတယ်တဲ့။ ပြန်သိရတော့ ဝမ်းသာမိပါတယ်။ အဲဒီကနေ တယောက်ခရီးထွက်မယ်ဆို တယောက်က ပစ္စည်းကူထည့်ပေးတဲ့ အကျင့်လေးတွေပါ ကူးလာကြတယ်။ ကျွန်မကျောင်းတက်ရာက အိမ်ပြန်မယ်ဆိုရင်လည်း မောင်လေးတွေအတွက် လက်ဆောင်တွေဝယ်ရတာ မောနေတာပါပဲ။ ကျွန်မနဲ့ အကြီးကောင် ကျောင်းသွားတက်နေလို့ ပိုက်ဆံလိုတယ်ဆိုလည်း အငယ်လေးက “ပို့ပေးလိုက်အဖေ“၊ “မမက စာမေးပွဲနား နီးနေရင် ပိုက်ဆံပိုပို့ထားလိုက်အဖေ“ လို့ ပြောပေးတယ်။ နောက်ပိုင်းအကြီးကောင်က ပိုက်ဆံလှမ်းတောင်းချင်ရင် အငယ်ဆီဖုန်းဆက်တော့တာ။ အဖေတို့ကို မပြောရဲတော့ အငယ်ကို လှမ်းပူဆာတယ်။ ခရီးထွက်ချင်လို့ ပိုက်ဆံပိုပို့ပေးဆိုရင် အငယ်က အဖေတို့ ပို့ချင်အောင် ပြောပေးပါတယ်။ ကျွန်မကို ချစ်ကြသလို ဆရာကြီးလုပ်ချင်တဲ့အစ်မကို အိမ်ပြန်လာရင် သူတို့စိတ်ကျဉ်းကြပ်ကြတယ်လို့ စနောက်လိုက်သေးတယ်။ ကျွန်မကျောင်းတက်ပြန်သွားတော့မယ်ဆိုရင် အငယ်လေးက စတတ်တယ် “ကိုကိုရေ မြန်မာပြည်လွတ်လပ်ရေးနေ့က ဘယ်နေ့လည်းသိလား“ “ဇန်နဝါရီ (၄) ရက်လေ“ “ အရင်က ဟုတ်တယ်ဗျ အခုတော့ ပြောင်းသွားပြီ မနက်ဖြန် မမကျောင်းသွားမည့်နေ့က လွတ်လပ်ရေးနေ့ဖြစ်သွားပြီ“ တဲ့။ မခံချင်အောင် စတာ။ ပြီးတော့ကျလည်း ကျွန်မလမ်းမှာစားဖို့ အချဉ်ထုပ်တွေ ဝယ်လာပေးတာလဲ သူတို့ပါပဲ။ မနက်ကားဂိတ်လိုက်ပို့ပြီး ပျင်းကျန်ခဲ့တာလဲ သူတို့ပါပဲ။ ကျွန်မကျောင်းပြန်ကားဂိတ်လာကြိုရင်လည်း သူတို့ပျော်နေကြတာပါ။ မန္တလေးကားတွေ ကျွန်မတို့မြို့လေးကို ညနေ (၇) နာရီရောက်မယ်ဆို ညနေ (၅) နာရီလောက်ကတည်းက ထမင်းစားကြ၊ လာကြိုဖို့ပြင်ကြတာလဲ သူတို့တွေပါပဲ။ အိမ်ပြန်ရောက်ရင် ကျွန်မစားဖို့ ကျွန်မကြိုက်တတ်တဲ့ တို့ဟူးသုပ်ချဉ်စပ်လေး ဝယ်ထားပေးတာလည်း သူတို့လေးတွေပါပဲ။
သိပ်ချစ်တဲ့ မောင်နှမတွေ မြင်ရရင်လည်း ကြည်နူးမိပါတယ်။ မမဂျစ်တူးရဲ့ ပို့စ်တွေမှာလည်း မောင်လေးကို ချစ်တဲ့မေတ္တာတွေ တွေ့ရတော့ ကြည်နူးမိတယ်။ အစ်ကိုအန်ဒီရဲ့ သမီးလေးက သူ့မောင် ပိစိကွေးလေးကို ချစ်နေတာလည်း သွားသွားချောင်းကြည့်ရတာ ပျော်စရာကောင်းလှပါတယ်။ ကျွန်မအတွက်တော့ ဘဝရဲ့ ကောင်းတာ၊ ဆိုးတာ၊ ကြည်နူးတာ၊ ဝမ်းနည်းတာတွေကို မျှဝေခံစားမည့်သူတွေက တအူတုံဆင်း မောင်နှမရင်းတွေပဲလို့ ယုံကြည်ခံစားမိပါတယ်။
မဇနိ
14 comments:
အိမ်က ဂျစ်မောင်လေးကို သတိရသွားပြီ။ ညီမက အလတ်ဆိုပေမယ့် အငယ်ဆိုတဲ့ ခံစားချက် မရခဲ့ဘူး။ မောင်လေးအပေါ်ဘဲ အမကြီး တစ်ယောက်လို နေခဲ့ရတာ။ အမအကြီးဆုံးက အလျှော့မပေးတတ်တော့ အမြဲအလျှော့ပေးတဲ့ ညီမကို မောင်လေးက ပိုကပ်တယ်။ အမနှစ်ယောက်လုံး တရပ်တကျေး ကျောင်းသွားတက်ရတာချင်အတူ ညီမစီဘဲ စာရေးတာ။ အဆောင်မှာ ငိုနေမှာစိုးလို့ အမြဲ နောက်ပြောင်တဲ့ စာတွေ ရေးတယ်။ ကာတွန်းလဲ ဆွဲတတ်တော့ သူ့အမကို ပုံ အမျိုးမျိုးဆွဲပြီးနောက်တယ်။ သူ့စာလာရင် ညီမအပြင် တစ်ဆောင်လုံးက ဖတ်ပြီးပျော်ကြတယ်။ မနိ မောင်လေးလိုတော့ ကူဖော်လောင်ဖက် မရပါဘူး။ ငယ်ငယ်ကတည်းက အဖေဆုံးသွားတော့ သူ့ကို အဒေါ်တွေ အမတွေက အလိုလိုက်ထားသလို ဖြစ်နေတာ။ ဆိုးတော့ မဆိုးဘူးဆိုပေမယ့် သူ့ကို ခုချိန်ထိ စိတ်ပူနေရတယ်။ ဘုန်းကြီးဝတ်သွားရင် ကောင်းမယ်လို့ စိတ်ကူးနေတာ။ (ကိုယ်ကျယူပြီးတော့လေ :P)
မောင်နှမတွေ များတာ ပျော်စရာကောင်းတာတော့ အမှန်ဘဲ။ ငယ်ငယ်က ရန်ဖြစ်လိုက် ပြန်ခေါ်လိုက်ပေမယ့် ကြီးလာတော့ ကိုယ့်မှာ ဒီမောင်နှမက လွဲပြီး ဆွေမျိုးရင်းတာ မရှိဘူးလေ။
အမျိုးထဲမှာ တဝမ်းကွဲ တဦးထဲသောသမီးတစ်ယောက်ရှိတယ်။ ခမျာ ခလေးတုန်းက ကစားချင်လွန်းလို့ တခြားကလေးတွေကို အမြဲအလျှော့ပေး ဆော့ရတယ်။ နောင်ကျရင် မနိနဲ့ ကိုနိလည်း ကလေးတွေမပျင်းရအောင် 頑張ってねぇ。。。。:D
အမလည်း အိမ်မှာ အလတ်ဆိုပေမယ့် အကြီးလိုဖြစ်နေတာ။ (ဟိုအပေါ်က ညီမလေးလည်း အလတ်ပဲလား.. :D) အမလည်း အကိုနဲ့မောင်ကို အခုထိ စိတ်ပူနေရတုန်းပဲ။ သူ့ဘာသာသူစိတ်ပူတာတော့ မတတ်နိုင်ဘူး ညီမရယ်။ သူတို့ကတော့ နင့်ဟာနင် အဆင်ပြေအောင်နေလို့ပြောပေမယ့် ကိုယ်က နဂိုကလည်း စိတ်ပူတတ်တာကိုး။ အမတို့မောင်နှမတွေကျတော့ ရန်ဖြစ်လေ့ဖြစ်ထမရှိဘူး။ အမ အကိုက ညီမဆိုတော့ အပြင်တွေ ဘာတွေ သွားရင် မခေါ်ချင်ဘူး။ မောင်လေးကတော့ သီးခံတတ်တယ်။ အမ ဘယ်သွားသွား သူလိုက်တယ်။ တစ်ယောက်နဲ့တစ်ယောက် ၂ နှစ်ကြီး ၂ နှစ်ငယ်သာဆိုတယ် ရွယ်တူ သူငယ်ချင်းလိုဖြစ်နေကြတာ။ မဇနိရဲ့ ပို့စ်လေးဖတ်ပြီး အကိုနဲ့ မောင်ကို ပိုသတိရမိတယ်။ ဒီညတော့ ဖုန်းဆက်လိုက်ဦးမယ်.. :(
ကျနော်လည်း မဇနိလို အစ်မ တွေ ရှိတယ်း) အငယ်တည်းက ခေါ်ကြတဲ့ အတိုင်း ခုချိန် ထိ ခလေး ခလေး လို့ လာလာခေါ်ကြလို့  အော်ထားရတယ် လူကြားထဲကျ ခလေးလာခေါ်နေကြရင် ဒီကောင် သူ့ ကိုသူတော်တော်ငယ်စေချင်လားမသိဘူးဆိုပြီး ဖြစ်မှာကြောက်လို့  ။ ဟုတ်တယ် အစ်မရေ့ တကယ်တော့ မောင်နှမဆိုတာ သိပ်ကိုနွေးထွေးတဲ့သူတွေပါပဲ တစ်ယောက် ၀မ်းနည်းရင် လိုက်ဝမ်းနည်း အပျော်ဆိုလည်း မျှဝေတက်ကြတယ် ။ တစ်ဦးတည်းသော သူတော့ မဖြစ်ချင်ပါဘူး သိပ်အထီးကျန်တယ်လို့ ထင်တယ် ဒါနဲ့  စကားမစပ် အငယ်ဆုံးတွေက အလိုလိုက်ခံရ အချစ်ခံရတာများတယ် ဟီးး အစ်ကိုကြီးက စိတ်တိုလို့ ထုတော့မယ်ဆို အစ်မဆီပြေး အစ်မက ခေါင်းခေါက်မယ်ဆို အစ်ကို့ ဆီပြေးနဲ့  သိပ်ပျော်ဖို့ ကောင်းတာ လွမ်းမိတယ် အဲ့တုန်းက အချိန်တွေကို .............
မဇနိရေ၊ မဇနိတို့မောင်နှမတွေသံယောဇဉ်အကြောင်းဖတ်ရတာ ကြည်နူးစရာကောင်းပါတယ်။ ကျွန်တော်တို့လဲ မောင်နှမလေးယောက်ဆိုတော့ မိသားစုတောင့်တယ်ပြောရမလားပဲ။ အစ်မတော့မရှိဘူး။ ကျန်တာအကုန်ရှိတယ်။ အစ်မတွေကတော့ မောင်တွေ။ ညီမတွေကို ပိုချစ်တတ်ကြတယ်ထင်တယ်။ ငယ်ငယ်ကတော့ အစ်မတစ်ယောက်လောက် လိုချင်ခဲ့သား။ အစ်ကိုကလဲတော်ပါတယ်။ စိတ်ကြီးတာကလွဲရင်ပေါ့။ မဇနိလဲ မဇနိမောင်လေးတွေနဲ့အတူ တစ်သက်လုံးချစ်နိုင်ပါစေဗျာ။
မဇနိ ဖတ်ကောင်းတယ်။ သံယောဇဉ်တွေကို ခံစားမိတယ်။ စိတ်မကောင်းတာကတော့ ကိုဇနိကို မျှဝေခံစားမဲ့သူလို့ မယုံကြည်တာပါပဲ။
(ဟဲဟဲ... နောက်တာပါ။)
ပျော်ရွှင်ပါစေဗျ။
စာရေးအရမ်းကောင်းတဲ့ မမနိ ရေ ၊၊ကြည်နူးစရာ ကောင်းပါတယ် ၊၊ မမနိရဲ့ မောင်လေးတွေဖြစ်ရတာလည်း ကံကောင်းပါတယ်၊၊ မမနိက အရမ်းနားလည်ဂရုစိုက်တတ်တာကိုး ၊၊ တော်ဒယ်ဗျာ ..တို့ရဲ့ မဇနိ ကြီးကွ၊၊
ကိုဇနိ ကြီးရေ ... ဘာမှမပူနဲ့နော်၊၊ မဇနိကြီးရှိတယ် ၊၊
သူရှိနေရင် ကျနော်က ဘာမှကို မပူတာ ကိုကြီးဝီ..
း)
ကို VBT ရေ...
ပြောတယ် မဇနိ ကို ..နာကကျတော့ မဝေမျှတာကြလို့ဆိုတော့...
ကာတီဂိုရီ-မတူဘူးတဲ့
ဟီးဟီး
မောင်မျိုးရေ - သူကလည်း မောင်လေးတွေကို ခလေးခလေးနဲ့ အားကြီးခေါ်တာ...ဟိုက အသက်တွေကနည်းတော့တာလည်း ဟုတ်ပဲနဲ့..ပြောမရဘူး...
အမကြီး နုစံ - ဖုန်းဖိုးကို မဇနိဆီတောင်းလိုက်..
မြရွက်ဝေရေ - သူလည်း မောင်လေးတွေကို ဘုန်းကြီးဝတ်စေချင်တာပါပဲ..
း)
မဇနိရေ ဒါလေးဖတ်ပြီး တကယ် ကြည်နူးမိတယ်း)
တို.ကတော.တို.မောင်လေးကို စိတ်ကုန်လို. မိန်းမယူသွားတော.ဝမ်းသာလိုက်တာ. ခိုးပြေးမယ် ဆိုလို.လမ်းစရိတ် ကိုးဆယ်တောင် ပေးလိုက်သေးတယ်။ တော်ရဲ.သားနဲ.စာမကျက်. ချက်ထိုး အိမ်မပြန်. ဘီယာသောက်. လဘက်ရည်ဆိုင်ထိုင်.
မောင်လေး ရှိဝူး ။ ညီမလေး တွေကြီးပဲ။ မမနိ စာလေးတွေဖတ်ရတာ ကြည်နူးစရာကောင်းတယ်
ကျနော်ကတော့ အကြီးဆုံးဗျ။ အငယ်တွေကို သတိရလိုက်တာဗျာ...။
ဟုတ်ကဲ့ မမဂျစ် ကျေးဇူးပါ
အစ်မကတော့ စံ ပဲနော် မမကေအိုအမ်
ညီမလေးတွေလည်း ချစ်စရာကောင်းတာပေါ့နော် မေမိုး
အညာသားလေးက သတိရတယ်ပေါ့
ဒါဆိုမုန့်တွေဝယ်ကျွေးလိုက် အိမ်ပြန်ရင် :P
ညီမမြရွက်ဝေ သူကျတော့ ငယ်ငယ်လေးနဲ့ အိမ်ထောင်ပြုပြီး မတရားဘူးနော်
မမနုစံ စိတ်ပူတာတော့ တားလို့ရဘူးနော်။ ဒါနဲ့ ဖုန်းဆက်ပြီးပြီလား :P
ဟိုပြေးကပ် ဒီပြေးကပ် ချွဲတဲ့ လူလည် ကြောင်လေးပေါ့ မောင်မျိုးက ခုလည်း ခလေးပဲ ခွိခွိ
ကိုမောင်ဖြူ့အစ်ကိုကြီးက စိတ်ကြီးပေမယ့် ချစ်စရာကောင်းတယ် ဟုတ်
ကိုတားမြစ်ထားသော နော် အချွန်နဲ့မ မနဲ့အုံး ဒီမှာ ရန်လုပ်နေတာဗျ
ကိုကြီး ၀ီ ရေ ကိုဇနိကိုကျတော့ ဂရုစိုက်တော့ ၀ူး
မဇနိတို့ မောင်နှမတွေ အကြောင်း ဖတ်ရတာ ကြည်နူးစရလေး… တို့ တွေနဲ့ တော့ ကွာပါ့… တို့ မောင်လေးနဲ့ တို့ က ရန်ဖြစ်ရင်း သတ်ရင်း ပုတ်ရင်း ချစ်ကြတာ… မဇနိမောင်လေးတွေက အရမ်းလိမ္မာပုံပဲ…ဒီခေတ်မှာ အဲလိုကလေးတွေ ရှားသွားပြီ… တို့ မောင်လေးကတော့ တကယ့် Heavy Rock… နီးတကျက်ကျက် ဝေးတသက်သက်… ဝေးနေတော့လဲ လွမ်းမိပြန်ရော…
မောင်နှမများတာ ကောင်းပါတယ်၊
အနည်းဆုံး ကလေး သုံးယောက်တော့ ယူရမယ်ဆိုတဲ့ အယူအဆတော့ ရှိပါတယ်။
နှစ်ယောက်က မိဘတွေ ကို အစားထိုးဖို့ နဲ့ ကျန်တစ်ယောက်က နိုင်ငံတော် အတွက်တဲ့။
ဟဲဟဲ ဒီအထဲ က မေမိုး ကို ပဲ ခင်လိုက်တော့မယ် :P
Post a Comment